← Chapters

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း ၁၉၃

Vol. 20 Ch. 193

အခန်း (၁၉၃) - သိုင်းပြိုင်ပွဲ စတင်ခြင်း (၁)

"ကောင်းကင်ရနံ့ခန္ဓာကိုယ်ဆိုတာ မျိုးဆက်တိုင်းမှာ ပေါ်တတ်တာ မဟုတ်ပါဘူး... ငါတို့ဘိုးဘေးရဲ့ သမီးကွယ်လွန်သွားပြီးတဲ့နောက် ရိုအာလေးဟာ ရာစုနှစ်ပေါင်းများစွာအတွင်း ဒီလိုထူးခြားတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာတဲ့ ဒုတိယမြောက်လူ ဖြစ်လာခဲ့တယ်..."

ဝမ်ဖူစန်းက စကားလုံးတစ်လုံးချင်းစီကို ဖြည်းညင်းစွာ ပြောဆိုနေလေသည်။

"အဲဒီတုန်းက ဘိုးဘေးရဲ့အတိတ်အကြောင်းကို ငါအများကြီး မသိခဲ့ရဘူး... လက်ရေးမှတ်စုတွေထဲက စာသားတွေကိုပဲ ‌ဖတ်ခဲ့ပြီး ရှေးလူကြီးတွေရဲ့စိတ်ကူးကို ခန့်မှန်းကြည့်နိုင်ခဲ့တာ... နောက်ဆုံးတော့လည်း အဲဒီလို နာကျင်စရာဝေဒနာမျိုးကို ကိုယ်တိုင် မကြုံတွေ့ခဲ့ရဖူးဘူးလေ..."

"နောက်ပိုင်းမှာ ဒီလိုမျိုးဆက်ခံသူ ထပ်မပေါ်လာတော့ ပုရိကောင်းကင်စာလိပ်ထဲက မြေကမ္ဘာစာလိပ်ကိုလည်းလိုက်ရှာဖို့ မလိုတော့ဘူး..."

"ဒီကြားထဲ ဘယ်သူကမှ ထျန်းကျီးတောင်ကြားကို မရှာကြတော့ဘူး..."

"ရိုအာလေး မွေးလာပြီးစမှာ ငါလည်း ဘာမှထူးခြားတာ မသတိထားမိခဲ့ဘူး..."

"ဒါပေမဲ့ သူမ အသက်ကြီးလာပြီး တဖြည်းဖြည်းနဲ့ ထူးဆန်းတဲ့စွမ်းရည်တွေကို ပြသလာတဲ့အခါမှသာ... ဒီကျိန်စာဆိုးက ငါ့သမီးအပေါ်ကျရောက်လာခဲ့ပြီဆိုတာ ငါသိလိုက်ရတော့တယ်..."

ဝမ်ဖူစန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်ပြောလေသည်။

"အဲဒီအချိန်တုန်းက ငါရှေးဟောင်းစာပေတွေကို လှန်‌လှောရှာဖွေခဲ့သလို ထျန်းကျီးတောင်ကြားရဲ့တည်နေရာကို ရှာတွေ့ဖို့မျှော်လင့်ချက်နဲ့ ကျန်းဟူလောကအနှံ့ကိုလည်း နယ်လှည့်ခဲ့ဖူးတယ်..."

"ဒါပေမဲ့... မတွေ့ခဲ့ဘူး..."

"ဘာသဲလွန်စမှကို မတွေ့ခဲ့ရတာ..."

"အဲဒီအချိန်တုန်းကပဲ ငါထိုက်ရိဂိုဏ်းက ချွေ့ဗျောက်အိုးနဲ့ ဆုံတွေ့ခဲ့ရတယ်..."

"ချွေ့ဗျောက်အိုး..."

ချူချင်းတစ်ယောက် တစ်ခဏမျှ ဆွံ့အသွားရလေသည်။

"အဲဒါက အမျက်မထွက် သံလက်သီး ချွေ့ပုနူကိုပြောတာ..."

ဝမ်ဖူစန်းက ထိုလူအကြောင်းကိုပြောဆိုရာတွင် မျက်နှာအမူအရာက အနည်းငယ်ထူးဆန်းသွားချေသည်။

"ထိုက်ရိဂိုဏ်းထဲမှာ ထူးဆန်းတဲ့လူတွေချည်းပဲရှိတာ... ချွေ့ပုနူကလည်း အဲဒီထဲကတစ်ယောက်ပေါ့..."

"သူက ပါရမီအရမ်းမြင့်ပြီး သဘောထားလည်း အရမ်းကြီးတယ်... ယဉ်ကျေးသိမ်မွေ့တဲ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီး စိတ်ထား အရမ်းကောင်းတယ်လို့ အမြဲပြောလေ့ရှိတယ်... ဒါကြောင့်လည်း သူ့ကိုယ်သူချွေ့ပုနူလို့ အမည်ပေးထားတာ..."

"ဒါပေမဲ့ တကယ်တမ်းကျတော့ သူ့စရိုက်က မီးတောက်လိုပဲ... တစ်ချက်ဆွလိုက်တာနဲ့ ချက်ချင်းပေါက်ကွဲတော့တာ..."

"ပြောရရင် မကောင်းမှုကို ရန်သူလိုမုန်းတီးပြီး လူဆိုးတွေကို နှိမ်နင်းတဲ့နေရာမှာလည်း အရမ်းကို ရက်စက်ကြမ်းကြုတ်တယ်..."

"သူ ကျန်းဟူလောကမှာ လှည့်လည်သွားလာနေတဲ့အချိန်တုန်းက လောကထဲကလူဆိုးတွေ သူ့နာမည်ကိုကြားရုံနဲ့တင် သွေးပျက်ခဲ့ကြရတယ်... တကယ်လို့ သူ့ဆီမှာ ပိတ်မိသွားပြီဆိုရင် သူ့ရဲ့လက်သီးချက်တွေအောက်မှာ အသေရိုက်သတ်ခံမဲ့အစား ကိုယ့်ကိုကိုယ်သတ်သေဖို့ပဲ ဆုတောင်းကြတော့တာ..."

"ငါတို့က ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်ခဲ့ကြပြီး သူ့ပါရမီကိုလည်း ငါ ကောင်းကောင်းသိတယ်... တကယ်လို့ ငါ့ကိုမေးမယ်ဆိုရင် ထိုက်ရိဂိုဏ်းမှာ နှစ်ပေါင်းများစွာအတွင်း ကောင်းကင်နဲ့မြေကမ္ဘာခြားနားမှုကို ဘယ်သူအပေါက်မြောက်ဆုံးလဲဆိုတာ ငါတွေးမိတဲ့ တစ်ဦးတည်းသောသူက သူပဲဖြစ်လိမ့်မယ်..."

"အရင်တုန်းကဘိုးဘေးကတော့ ထိုက်ရိဆရာသခင်ကြီးကြောင့် အသက်ရှည်ရှည်နေထိုင်နိုင်ခဲ့တယ်... အခု မြေကမ္ဘာစာလိပ်က ပျောက်နေပြီး အဲဒီအချိန်တုန်းက ငါလည်း ထျန်းကျီးတောင်ကြားကို ရှာမတွေ့ခဲ့တော့... တစ်နေ့နေ့မှာ ချွေ့ပုနူတစ်ယောက် ကောင်းကင်နဲ့မြေကမ္ဘာကို ဖြတ်ကျော်ပြီး မြေကမ္ဘာစာလိပ်ရဲ့နတ်သိုင်းကို ကိုယ်တိုင် နားလည်သဘောပေါက်လာလိမ့်မယ်လို့ပဲ ငါမျှော်လင့်နိုင်တော့တယ်..."

"ဒါကြောင့်လည်း ငါက စိတ်နာနာနဲ့ပဲ ရိုအာလေးကို ထိုက်ရိဂိုဏ်းဆီပို့လိုက်ရတာ..."

"ချွေ့ပုနူရဲ့သွန်သင်မှုအောက်မှာ သူမငယ်ငယ်ကတည်းက ပုရိကောင်းကင်စာလိပ်ကိုကျင့်ကြံခဲ့ပြီး ဒါကပဲ သူမကို နည်းနည်းလူသားဆန်စေလာတာ..."

"ကောင်းကင်ဘုံက ကရုဏာသက်ပြီး ချွေ့ဗျောက်အိုးကို ကောင်းကင်နဲ့မြေကမ္ဘာခြားနားမှုကို ဖြတ်ကျော်စေကာ ငါ့သမီးလေးကို ဒီအသက်ဘေးကနေ ကူညီကျော်လွှားပေးနိုင်ပါစေလို့လည်း ငါမျှော်လင့်မိတယ်..."

ဤမျှအထိပြောပြီးသွားသောအခါ အခန်းတွင်း၌ တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားပြန်လေသည်။

အချိန်အတော်ကြာပြီးနောက် ချူချင်းက ဖြည်းညင်းစွာပြောလိုက်၏။

"မြေကမ္ဘာစာလိပ်က ထျန်းကျီးတောင်ကြားမှာ ရှိမနေတော့ဘူးလို့ ကျုပ်ထင်တယ်..."

"ဘာ..."

ဤစကားကိုကြားလိုက်ရသောအခါ ဝမ်ဖူစန်း၏မျက်နှာအမူအရာက သိသိသာသာ ပျက်ယွင်းသွားချေသည်။

"မင်း ဘာလို့ အဲဒီလိုပြောရတာလဲ..."

ချူချင်းသည် မနေ့ညက သူတောင်းစားအိုကြီးနှင့် စကားပြောခဲ့သည်များကို နောက်ဆုံးတွင် ထုတ်ပြောလိုက်လေသည်။ အဓိကအားဖြင့် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ရည်ရွယ်ချက်ကို အလေးပေးပြောပြလိုက်ခြင်း ဖြစ်၏။

သို့သော် ထိုသူတောင်းစားအိုကြီးက သူ့အားအပ်နှံခဲ့သော တာဝန်အကြောင်းကိုမူ သူတစ်လုံးမျှ မဟခဲ့ပေ။

ဝမ်ဖူစန်းနားထောင်ပြီးနောက် မျက်နှာအမူအရာက ရှုပ်ထွေးသွားလေသည်။

"ကောင်းတယ်... တကယ့်ကို ကောင်းတယ်... ထျန်းကျီးရသေ့က တကယ့်ကိုတော်တာပဲ..."

"နှစ်တွေအကြာကြီးရှာခဲ့ရတာ… သူက ထျန်းကျီးတောင်ကြားကို ထျန်းရှင်းတောင်ခြေမှာပဲ ဝှက်ထားခဲ့တာကိုး..."

"ရာသီလေးပါးက ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ပြီး အပြောင်းအလဲတွေက လေဟာနယ်ချိုင့်ဝှမ်းကို သိမ်းဆည်းထားတယ်... လူတွေကို တကယ်မျက်စိလည်အောင် လုပ်ထားတာပဲ..."

"ကောင်းကင်မိစ္ဆာဂိုဏ်း..."

"မြေကမ္ဘာစာလိပ်က အခု ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့လက်ထဲမှာ ရှိနေတာပေါ့... ငါတို့ သူတို့ကိုရှာတွေ့ဖို့ပဲ လိုတယ်..."

သူက ပြောပြောဆိုဆိုဖြင့် ချက်ချင်းထရပ်ကာ သွားရောက်ရှာဖွေရန် ပြင်ဆင်လေသည်။

ချူချင်းက သူ့ကို လှမ်းဖိထားလိုက်၏။

"သခင်ဝမ်... စိတ်အေးအေးထားပါ..."

ဝမ်ဖူစန်းသည် ကျန်းဟူလောကထဲသို့ ဝင်ရောက်ကာစလူငယ်လေး မဟုတ်ပေ။ သို့သော် သမီးဖြစ်သူအပေါ် စိုးရိမ်စိတ်လွန်ကဲနေသဖြင့်သာ စိတ်လှုပ်ရှားသွားခြင်း ဖြစ်ချေသည်။

ချူချင်း၏ အစောပိုင်းခန့်မှန်းချက်များက သူ့အား မျှော်လင့်ချက်ကြီးတစ်ခု ပေးခဲ့ပေသည်။

အကယ်၍ နောက်ကွယ်ကလူဆီကနေ ထျန်းကျီးတောင်ကြားရဲ့တည်နေရာကို သိနိုင်မယ်ဆိုရင် မြေကမ္ဘာစာလိပ်ကိုရှာတွေ့ရန် အခွင့်အလမ်းပိုများလာလိမ့်မည် ဖြစ်၏။

ယခုမူ ထိုမျှော်လင့်ချက်က ပျက်ပြယ်သွားပြီး ဝမ်ရို၏အနာဂတ်ကို တွေးမိသောအခါ ကျန်းဟူလောကတွင် နာမည်ကျော်ကြားလှသော ပညာရှင်ကြီးဖြစ်သည့်တိုင် စိတ်အေးအေးထားနိုင်ရန် ခက်ခဲသွားရလေသည်။

ချူချင်း၏စကားကို ကြားပြီးနောက် သူသည် အသက်ကိုပြင်းပြင်းရှူကာ စိတ်ကိုပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ရ၏။

ထိုအခါမှ ချူချင်းက တိုးတိုးလေးပြောလိုက်သည်။

"အဲဒီ သူတောင်းစားအိုကြီးရဲ့သရုပ်မှန်ကို မသိရသေးဘူး... သူပြောတဲ့စကားတွေက တကယ်လား၊ လိမ်တာလားဆိုတာလည်း မသေချာသေးဘူး..."

"ကျုပ်ကြည့်ရသလောက်တော့ ထျန်းကျီးတောင်ကြားရဲ့တံခါးတွေက တင်းတင်းကျပ်ကျပ်ပိတ်ထားတာ... အထဲမှာ လူရှိမရှိဆိုတာလည်း မသေချာဘူး..."

"ဒီကိစ္စကို အရင်စုံစမ်းစစ်ဆေးကြည့်ဖို့ လိုလိမ့်မယ်..."

"မင်းပြောတာ မှန်တယ်..."

ဝမ်ဖူစန်းက ချက်ချင်းပင် ထောက်ခံလိုက်လေသည်။

"တကယ်လို့ အဲဒီသူတောင်းစားအိုကြီးက ငါတို့ကို မလှိမ့်တစ်ပတ်လုပ်ပြီး ထျန်းကျီးအမိန့်တော်ပြားနဲ့ အကျိုးအမြတ် ရှာချင်တာဆိုရင်... ငါ့အတွက်တော့ ဒါက ပိုကောင်းတဲ့သတင်းပဲ ဖြစ်လိမ့်မယ်..."

"အခု ငါတို့ ထျန်းကျီးတောင်ကြားရဲ့တည်နေရာကို သိပြီဆိုတော့ စုံစမ်းစစ်ဆေးမှုတွေ စတင်ဖို့ လိုအပ်နေပြီ..."

"ဒါပေမဲ့ ငါ့စိတ်တွေက အခု နည်းနည်းရှုပ်ထွေးနေလို့... မင်းရော ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မယ်လို့ထင်လဲ..."

"ဖြစ်နိုင်ခြေက နှစ်မျိုးပဲရှိပါတယ်..."

"ပထမတစ်ခုကတော့ ထျန်းကျီးတောင်ကြားထဲမှာ လော့ချန်အိမ်တော်တစ်ခုလုံးမှာ စုဝေးနေတဲ့လူအားလုံးကို ပစ်မှတ်ထားတဲ့ လျှို့ဝှက်အန္တရာယ်တစ်ခု ရှိနေတာပဲ..."

"အဲဒီလိုဆိုရင် ချိုင့်ဝှမ်းထဲကအခြေအနေနဲ့ သူတို့ ဘယ်လိုနည်းလမ်းတွေ ပြင်ဆင်ထားလဲဆိုတာကို အရင်စုံစမ်းရမယ်... မသေချာရင်တောင် အကြမ်းဖျင်းပြင်ဆင်ထားရမယ်..."

"ဒါကို ဖော်ထုတ်နိုင်ပြီဆိုရင် ဒီကျန်းဟူလောကသားတွေကို ထျန်းကျီးတောင်ကြားထဲ ဆွဲဆောင်ဖို့ ပါးနပ်တဲ့အစီအစဉ်တစ်ခုကို သုံးနိုင်တယ်..."

"ပထမဆုံး ထျန်းကျီးတောင်ကြားက လူသူကင်းမဲ့နေပြီဆိုတာ သူတို့ကိုအသိပေးပြီး ထျန်းကျီးအမိန့်တော်ပြားရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ်... ဒုတိယအနေနဲ့ ကျုပ်တို့ ခွန်အားစုဆောင်းပြီး ကောင်းကင်မိစ္ဆာဂိုဏ်းနဲ့ ယှဉ်ပြိုင်နိုင်လိမ့်မယ်..."

ချူချင်းက တစ်ခဏမျှရပ်တန့်လိုက်ပြီး ဆက်ပြောလေသည်။

"ဒုတိယဖြစ်နိုင်ခြေကတော့ ခင်များပြောသလိုပဲ အဲဒီသူတောင်းစားအိုကြီးက လိမ်နေတာပဲဖြစ်လိမ့်မယ်..."

"ကျုပ်တို့စုံစမ်းစစ်ဆေးတဲ့အခါ ချိုင့်ဝှမ်းထဲမှာ ပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုမရှိသရွေ့ အဲဒီသူတောင်းစားအိုကြီးပြောတာ မှန်လား၊ မှားလားဆိုတာ သိနိုင်လိမ့်မယ်..."

"ဒါပေမဲ့ ထျန်းကျီးတောင်ကြားရဲ့တံခါးတွေက တင်းတင်းကျပ်ကျပ်ပိတ်ထားတယ်လို့ မင်းပြောတယ်မလား..."

"စောင့်ကြည့်ဖို့ လူလွှတ်နိုင်တယ်... အဲဒါက တစ်ခုတည်းသောဝင်ပေါက်ဆိုရင် သူတို့ အထဲမှာ ထာဝရပိတ်မိနေပြီး ဘယ်တော့မှ ပြန်မထွက်လာနိုင်ဘူးလို့ ကျုပ်မယုံဘူး..."

"ကောင်းပြီ... ငါ ချက်ချင်းပဲ လူလွှတ်ပြီး စီစဉ်လိုက်မယ်..."

စကားအနည်းငယ်ပြောရုံမျှဖြင့် ဝမ်ဖူစန်းသည် ဆုံးဖြတ်ချက်ချလိုက်လေသည်။

သူသည် စီယဲ့ကိုခေါ်ရန် ပြင်လိုက်စဉ် ချူချင်းက ထပ်ပြောလိုက်၏။

"ဒါ့အပြင် သခင်ဝမ်ကို အကူအညီတောင်းစရာ နောက်ထပ်ကိစ္စနှစ်ခု ရှိသေးတယ်..."

"ပြောသာ ပြောစမ်းပါ..."

"ပထမကိစ္စကတော့ ရွှေရောင်ဓားနဲ့မြင်းဖြူ ချောင်ချိုးဖူဆီကို စာတစ်စောင်ပို့ပေးဖို့ပါ..."

ချူချင်းက ဆက်ပြောလေသည်။

"ဒီလူက လော့ချန်အိမ်တော်ရဲ့နယ်မြေထဲကနေ မထွက်သွားသေးလောက်ဘူး... သူဘယ်မှာရှိလဲဆိုတာကိုတော့ သူ့မြင်းကို ခြေရာခံပြီး ရှာရလိမ့်မယ်..."

"ပြီးတော့ အဲဒီမြင်းက တောင်ခြေမြို့ထဲက အရက်ဆိုင်နားမှာ ရှိနေလောက်တယ်... ဒါပေမဲ့ အခုအချိန်အထိ ရှိနေသေးလားတော့ မသိဘူး..."

"စာရော ဘယ်မှာလဲ..."

"မရေးရသေးဘူး..."

ဝမ်ဖူစန်းက လက်ညှိုးထိုးပြလိုက်၏။

"ဟိုဘက်မှာ စာရေးကိရိယာတွေရှိတယ်..."

"သခင်ဝမ် ခဏစောင့်ပါဦး..."

ချူချင်းကစာရေးရန် စာရေးကိရိယာများဆီသို့ လျှောက်သွားလေသည်။

ဝမ်ဖူစန်းသည် ကုတင်ပေါ်တွင်ထိုင်၍ စောင့်ဆိုင်းနေ၏။ တစ်ခဏအကြာတွင် ချူချင်းပြန်ရောက်လာပြီး လက်ထဲ၌ စာနှစ်စောင်ကိုင်ဆောင်ထားလေသည်။

"စာတစ်စောင်က ချောင်ချိုးဖူဆီပေးဖို့ဖြစ်ပြီး နောက်တစ်စောင်ကတော့ ထျယ်လင်ယွန်းဆီပေးဖို့ပါ..."

ချူချင်းက ထိုစာနှစ်စောင်ကို ဝမ်ဖူစန်းထံကမ်းပေးလိုက်၏။

"သခင်မလေးထျယ်က လော့ချန်အိမ်တော်မှာ နေထိုင်စားသောက်နေရတာဆိုတော့ ကုန်ကျစရိတ်တွေ ရှိရမယ်..."

"ဒုတိယစာကို ထျယ်လင်ယွန်းဆီပို့ပေးပြီး စစ်ကူပြင်ဆင်ပေးဖို့ ပြောလိုက်ပါ... မမျှော်လင့်ထားတဲ့ အခြေအနေတွေကြုံလာရင် ဒီလူတွေကို အရန်အင်အားအဖြစ် သုံးနိုင်လိမ့်မယ်..."

"လော့ချန်အိမ်တော်ရဲ့ ဒီမုန်တိုင်းငြိမ်သက်သွားတာနဲ့ ဒီလူတွေက သခင်မလေးထျယ်ကို ထျယ်ရွှဲ့ခန်းမဆောင်ဆီ ဘေးကင်းကင်းနဲ့ ပြန်လိုက်ပို့ပေးနိုင်လိမ့်မယ်..."

All Chapters