← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း (၁၉၄) - သိုင်းပြိုင်ပွဲ စတင်ခြင်း (၂)

ဝမ်ဖူစန်းက ပြုံးစိစိဖြင့် ပြောလိုက်၏။

"မင်းက တကယ့်ကို သွေးအေးရက်စက်တာပဲ ကောင်လေး... မင်းက အဲဒီမိန်းကလေးရဲ့ အသက်ကိုကယ်ခဲ့တယ်လို့ ငါကြားတယ်... မင်းမှာ စိတ်လှုပ်ရှားမှုလေးတောင် မရှိဘူးလား..."

"ကျုပ်ပြောပြီးပြီပဲ... ကျုပ်မှာ စေ့စပ်ထားသူရှိတယ်..."

ချူချင်းသည် ကျန်းဟူလောကမှ ရှေးလူကြီးများအားလုံး စိတ်ထားမစင်ကြယ်ကြဟု ခံစားလိုက်ရ၏။ သူတို့သည် လောကတွင် မည်သို့နာမည်ကျော်ကြားအောင် လုပ်ရမည်ကို မစဉ်းစားဘဲ အောင်သွယ်တော်လုပ်ပေးရန်သာ အမြဲကြံစည်နေကြပေသည်။

"မင်းပြောတဲ့အတိုင်း ဖြစ်ပါစေ..."

ဝမ်ဖူစန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

ချူချင်းက သူ့ကိုအာရုံမစိုက်တော့ဘဲ ဆက်ပြောလိုက်၏။

"နောက်ဆုံးကိစ္စတစ်ခု ရှိသေးတယ်... ဟိုတလောက နျဲ့ကျင့်ထိုင်ရဲ့နာမည်ကို သုံးပြီး ဝမ်ရိုကိုလုပ်ကြံဖို့ ကြိုးစားခဲ့တယ်... ဒါက နျဲ့ကျင့်ထိုင်က လူသတ်သမားတွေကိုပါ လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့တယ်..."

"သူတို့ စုံစမ်းစစ်ဆေးဖို့ လော့ချန်အိမ်တော်ကို ရောက်လာကြပြီး ကြိုးကိုင်သူက အခုလော့ချန်အိမ်တော်ထဲမှာပဲ ရှိနေတာကို တွေ့လိုက်ရတယ်..."

"ထျယ်ချူချင်ကလည်း မတော်တဆ ဒါကိုသိသွားပြီးမှ ကျုပ်လက်ထဲရောက်လာခဲ့တာ..."

"သူတို့က ဒီညရှုရှီအချိန်မှာ ပြန်တွေ့ဖို့ သဘောတူထားကြတယ်... ကျုပ်ကတော့ လူတွေကို ကင်းပုန်းချထားဖို့ စီစဉ်ထားတယ်... နောက်ဆုံးရောက်လာတဲ့သူက လူလား၊ သရဲလားဆိုတာကို ဖမ်းကြည့်ရတာပေါ့..."

ဝမ်ဖူစန်းသည် ဤအဖြစ်အပျက်ကို သိသော်လည်း နောက်ကွယ်မှ ရှုပ်ထွေးမှုများကိုမူ မသိခဲ့ပေ။

သူက အံ့အားသင့်စွာ ပြောလိုက်၏။

"မင်းက မနေ့ကမှရောက်တာ မဟုတ်ဘူးလား... ဘယ်လိုလုပ် ဒီလောက်အများကြီး သိနေရတာလဲ..."

"ခင်များရဲ့လော့ချန်အိမ်တော်တစ်ခုလုံးက အခုရှုပ်ပွနေတဲ့ပြာပုံကြီး ဖြစ်နေပြီ..."

ချူချင်းက မျက်လုံးလှန်ပြလိုက်ပြီး ဆက်ပြောလေသည်။

"မနေ့က ညတစ်ဝက်လောက်နဲ့တင် တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတာ... အလုပ်တွေအရမ်းများလွန်းလို့ ကျုပ်သေလုမတတ်ဖြစ်ခဲ့ရတယ်... ကဲ... အချိန်နီးပြီ... ကျုပ်ပြောခဲ့တာတွေကို မမေ့နဲ့ဦး..."

"စောင့်ကြည့်နေတဲ့သူတွေကို သတိပေးလိုက်ပါ... အဝေးကနေပဲ စောင့်ကြည့်ဖို့နဲ့ လုံအောင်ဖုံးထားကြဖို့ မမေ့ပါစေနဲ့... တစ်ခုခုမှားယွင်းနေတာနဲ့ ချက်ချင်းဆုတ်ခွာခိုင်းလိုက်..."

"ပြိုင်ဘက်က တကယ်ပဲ ကောင်းကင်မိစ္ဆာဂိုဏ်းဖြစ်နေရင် ထိပ်တိုက်ရင်ဆိုင်တာက သေလမ်းပဲရှိလိမ့်မယ်..."

ဝမ်ဖူစန်းက မသိစိတ်အရ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီးမှ သဘောပေါက်သွားလေသည်။

"ဟေ့ကောင်လေး... မင်းက ငါ့ကို မင်းရဲ့လက်အောက်ငယ်သားလို ခိုင်းနေတာလား..."

"ဒါပေမဲ့ အဲဒီသူတောင်းစားအိုကြီးပြောတာ တကယ်ဆိုရင် ငါ ဒီမှာ ဆက်ပြီး ဟန်ဆောင်နေစရာမလိုတော့ဘူး... ငါကိုယ်တိုင်သွားပြီး စောင့်ကြည့်လိုက်မယ်..."

"ဒီလူတွေက ငါ့မျက်စိအောက်မှာတင် ဒီလိုလုပ်နေကြတာ ဘာတွေများထူးချွန်နေလဲဆိုတာ ငါ တကယ်သိချင်မိတယ်..."

ချူချင်းက ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ ညည်းတွားလိုက်၏။

အကယ်၍ ကောင်းကင်မိစ္ဆာဂိုဏ်းက သူ၏မျက်စိအောက်တွင် လှုပ်ရှားနေသည်မှာ တစ်ရက်၊ နှစ်ရက်တည်း မဟုတ်ပေ။

ဤမျှကြာအောင် မရိပ်မိခဲ့ဘဲ သူတို့၏အပြုအမူကို မည်ကဲ့သို့ သွားအပြစ်တင်နိုင်ပါ့မည်နည်း။

ပြောစရာရှိသည်များကို ပြောပြီးနောက် ချူချင်းသည် ဝမ်ဖူစန်း၏အခန်းထဲမှ ထွက်လာခဲ့လေသည်။

သူထွက်လာသောအခါ ဝမ်ခယ်ရန်က ကျောက်ခုံပေါ်တွင် ထိုင်၍ငိုကြွေးနေသည်ကို မြင်လိုက်ရ၏။ စီယဲ့ကမူ သူမ၏နောက်ကွယ်တွင် သစ်သားတိုင်တစ်ခုကဲ့သို့ မလှုပ်မယှက်ရပ်နေချေသည်။

ဝမ်ဖူစန်းနှင့် သူ၏လူများ အဘယ်ကြောင့် အောင်သွယ်လုပ်ရသည်ကို နှစ်သက်ကြကြောင်း သူ ရုတ်တရက် နားလည်သွားရလေသည်။

သို့သော် သူသည် ထိုအကျင့်ဆိုးကို မယူလိုသဖြင့် ဝမ်ခယ်ရန်နားသို့သွားကာ စားပွဲကို ညင်သာစွာခေါက်လိုက်၏။

"သခင်မလေး... အချိန်ရောက်ပြီ... ကျုပ်တို့ သိုင်းပြိုင်ကွင်းဆီ သွားကြစို့..."

ဝမ်ခယ်ရန်က ချူချင်းကိုကြည့်လိုက်ပြီး တွန့်ဆုတ်နေကာ နောက်ဆုံးတွင် အသက်ကိုပြင်းပြင်းရှူလိုက်လေသည်။

"ကောင်းပြီ... ကျွန်မ ရှင်နဲ့ လိုက်ခဲ့မယ်..."

စီယဲ့က ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောနိုင်ခဲ့ပေ။ သူသည် ခေါင်းကို တိတ်တိတ်လေးလွှဲလိုက်ပြီး ကောင်းကင်ပြင်ကိုသာ ငေးကြည့်နေလေသည်။

ချူချင်းက သူ့ကိုမကြည့်လိုတော့ပေ။ တစ်ယောက်ယောက်ကိုမခွဲနိုင်လျှင် တိုက်ရိုက်ပြောလိုက်ပါတော့လား။ တစ်ခုခုကိုလိုချင်လျှင်လည်း တိုက်ပွဲဝင်လိုက်ပါတော့လား။

ယောက်ျားကြီးတန်မဲ့ မပြတ်မသားဖြင့် ဤနေရာတွင် အဘယ်ကြောင့် လွမ်းဆွတ်တမ်းတဟန်ဆောင်နေပါသနည်း။

သူသည် ဝမ်ခယ်ရန်ကိုခေါ်ဆောင်ကာ သိုင်းပြိုင်ကွင်းဆီသို့ ချက်ချင်းလျှောက်လှမ်းခဲ့လေသည်။

ဤနေရာမှ သိုင်းပြိုင်ကွင်းသို့ သိပ်မဝေးလှပေ။ ခြံနှစ်ဝင်းမျှသာ ကွာခြားပေသည်။

ပြိုင်ကွင်းနှင့် နီးကပ်လာလေ ဝမ်ခယ်ရန်၏ခြေလှမ်းများက ပို၍နှေးကွေးလာလေဖြစ်၏။

နောက်ဆုံးတွင် သူမသည် ထွက်ပြေးလိုစိတ်ပေါက်လာပုံရချေသည်။

ချူချင်းက ထိုမိန်းကလေးကိုကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်၏။

"မင်းနဲ့စီယဲ့က ဘာပတ်သက်မှုရှိလဲ..."

ဝမ်ခယ်ရန်၏လက်ချောင်းများ တုန်ယင်သွားပြီး မသိစိတ်အရ ခေါင်းခါလိုက်သော်လည်း နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်လေသည်။

"ကျွန်မ... ကျွန်မ သူ့ကို သဘောကျတယ်..."

"သူက သတ္တိမရှိဘူးမလား..."

"ဟုတ်တယ်..."

"မင်းဦးလေးက ဒီပြိုင်ပွဲကို စီစဉ်ပေးရတဲ့ အကြောင်းရင်းက လော့ချန်အိမ်တော်ရဲ့ ပြဿနာတွေကြောင့်တင် မဟုတ်ဘူး... စီယဲ့ကို ဖိအားပေးဖို့လည်းပါတယ်..."

"သူသာ မင်းကို လက်မလွှတ်နိုင်ရင် မင်းကို တခြားတစ်ယောက်နဲ့ လက်ထပ်ခွင့်ပေးနိုင်ပါ့မလား..."

"သူ မင်းအတွက် အသက်ကိုစွန့်စားရဲလားဆိုတာ မင်းမမြင်ချင်ဘူးလား..."

ဝမ်ခယ်ရန်အံ့အားသင့်သွားပြီး ချူချင်းက ဤသို့ပြောလိမ့်မည်ဟု မမျှော်လင့်ထားပေ။

သူမ နှုတ်ခမ်းကိုကိုက်လိုက်၏။

"ဒါပေမဲ့... သူသာ ဆန္ဒမရှိရင်ကော..."

"ဒါဆိုရင် မင်းနှလုံးသားကို မှားယွင်းတဲ့လူဆီ ဘာလို့ပေးအပ်နေဦးမှာလဲ..."

ဝမ်ခယ်ရန်ဆွံ့အသွားရလေသည်။ သူပြောသည်မှာ အဓိပ္ပာယ်ရှိသော်လည်း သူမ၏စိတ်ထဲတွင်မူ လက်မခံနိုင်သေးပေ။

"ကျွန်မ... ကျွန်မ မသိဘူး..."

"နောက်ဆုံးအချိန်အထိ ဘယ်သူမှ သေချာမပြောနိုင်ဘူး... စောင့်ကြည့်ရုံပေါ့..."

ချူချင်းက ပြုံး၍ပြောလိုက်၏။

"သွားကြစို့... စိတ်အေးအေးထား..."

ဝမ်ခယ်ရန်က ချူချင်းကိုကြည့်ပြီး ယဉ်ကျေးစွာ ဦးညွှတ်လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် သခင်လေး..."

စကားပြောနေစဉ်အတွင်း နှစ်ယောက်သား သိုင်းပြိုင်ကွင်းသို့ နောက်ဆုံးတွင် ရောက်ရှိသွားကြလေသည်။

ထိုနေရာသည် အတော်လေးကျယ်ဝန်းပြီး လော့ချန်အိမ်တော်မှတပည့်များနှင့် အစောင့်များဝန်းရံထားကာ သူတို့အလယ်တွင် သိုင်းပြိုင်ပွဲတွင်ပါဝင်ရန် လာရောက်ကြသော ကျန်းဟူလောကမှသိုင်းသမားများ ရှိနေကြ၏။

ချူချင်းနှင့်ဝမ်ခယ်ရန်တို့ ရောက်ရှိလာသည်နှင့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။

"သခင်လေးသုံးနဲ့ သခင်မလေးဝမ်ခယ်ရန်ရောက်ရှိလာပါပြီ..."

ထိုအသံထွက်ပေါ်လာသည်နှင့် ကွင်းထဲရှိလူတိုင်းက ချူချင်းနှင့်ဝမ်ခယ်ရန်တို့ရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြလေသည်။

လူအုပ်ကြီးအတွင်း တီးတိုးပြောဆိုသံများ ချက်ချင်းထွက်ပေါ်လာ၏။

"သခင်လေးသုံး... လော့ချန်အိမ်တော်မှာ နောက်ထပ်သခင်လေးသုံးတစ်ယောက် ရှိသေးတာလား..."

"မနေ့က တောင်ခြေမှာ ဓားရူးသခင်လေးသုံးပေါ်လာပြီး လုံယန်တောင်က လူဆိုးအတော်များများကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်ဆိုတာ သူလား..."

"ဓားရူးသခင်လေးသုံးက လော့ချန်အိမ်တော်နဲ့ ဒီလောက်အထိ ရင်းနှီးတာလား..."

"အဲဒါဝမ်ခယ်ရန်လား... တကယ့်ကို လှပပြီး သနားစရာကောင်းတဲ့ မိန်းကလေးပဲ..."

"ဒီမိန်းကလေးကို ငါယူရမယ်... မင်းတို့ မသေချင်ရင် စင်ပေါ်မတက်တာ အကောင်းဆုံးပဲ..."

ပြိုင်ကွင်းထဲရှိလူများသည် နောက်ခံအမျိုးမျိုးမှဖြစ်ကြသဖြင့် စကားသံများက အလွန်ဆူညံလှပေသည်။

ချူချင်းက မျက်မှောင်ကြုတ်လိုက်စဉ် မောင်းသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

ဝမ်ခိုင်ယွမ်က တုတ်ကိုကိုင်ဆောင်ကာ ဘေးရှိကြေးမောင်းကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်ခြင်း ဖြစ်လေသည်။

မောင်းသံက ပြိုင်ကွင်းထဲမှဆူညံသံများကို ဖုံးလွှမ်းသွားပြီးနောက် ချူချင်းက ရှေ့သို့တိုးလာခဲ့၏။

"အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောမနေကြနဲ့တော့... အရည်အချင်းရှိတဲ့သူတွေ စင်ပေါ်တက်ပြီး မင်းတို့ရဲ့စွမ်းရည်ကို ပြသနိုင်တယ်..."

"ဒါပေမဲ့ မှတ်ထားပါ... သာမန်တိုက်ခိုက်ကြဖို့ပဲ... အသက်ကို ခြိမ်းခြောက်ရင်တော့ ဒီစင်မြင့်ပေါ်မှာ ကိုယ့်အသက်ကို ထားခဲ့ရလိမ့်မယ်... ကျုပ်ကြိုသတိမပေးဘူးလို့ မစွပ်စွဲနဲ့..."

"သမက်ရွေးပွဲအတွက် သိုင်းပြိုင်ပွဲ အခုစတင်ပါပြီ..."

သူက လက်မောင်းကိုညွှန်ပြပြီး ပြောလိုက်၏။

"ဒုတိယသခင်မလေး... ထိုင်ပါဦး... ကြည့်ရုံပဲကြည့်နေလိုက်ပါ..."

စင်မြင့်ပေါ်တွင် စားပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်လုံးကို ဝမ်ခယ်ရန်အတွက်တစ်လုံး၊ ချူချင်းအတွက်တစ်လုံး ပြင်ဆင်ထားပေသည်။

ဝမ်ခယ်ရန်က ခေါင်းညိတ်ပြီး ထိုင်ရန်ပြင်လိုက်စဉ် ရုတ်တရက် လေခွင်းသံတစ်ခု ထွက်ပေါ်လာလေသည်။

ချူချင်းက တစ်စုံတစ်ယောက်က စတင်တိုက်ခိုက်ရန် ကြိုးစားသည်ဟု ထင်လိုက်သော်လည်း ထိုလူဆင်းသက်ပြီးနောက် ရုတ်တရက် ချူချင်းကိုလက်ညှိုးထိုးကာ ရယ်မော၍ဆူပူလိုက်၏။

"ဒီကောင်က ဘယ်ကလာတာလဲ... ဒီလောက်အထိ မောက်မာလှချည်လား..."

"လော့ချန်အိမ်တော်မှာ လူမရှိတော့ဘူးလား... ဒီလိုကြီးကျယ်ခမ်းနားတဲ့ပွဲကို လက်ခံကျင်းပဖို့ အမွေးမစုံသေးတဲ့ ကလေးတစ်ယောက်ကို ရှာတွေ့ထားတာကိုး..."

"လူပုံအလယ် အရှက်ကွဲမှာမကြောက်ဘူးလား..."

ချူချင်းသည် အသက်သုံးဆယ်ကျော်အရွယ်၊ အသားမည်းနက်ပြီး ဖျံလိုမျက်နှာရှိသော အမျိုးသားကို ကြည့်လိုက်လေသည်။

သူ့မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွား၏။

"ဝမ်ဖူစန်းက စည်းကမ်းတစ်ခုထပ်ထည့်သင့်တယ်... ရုပ်ဆိုးတဲ့လူတွေကို စင်မြင့်ပေါ် တက်ခွင့်မပြုဘူးဆိုတာမျိုးပေါ့..."

ဝမ်ခယ်ရန်နှင့် ရင်းနှီးမှုမရှိသော်လည်း ဤမျှနူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ယောက် ဤကဲ့သို့သောလူမျိုး၏ လက်ထဲသို့ရောက်ရှိသွားသည်ကိုမူ သူမကြည့်ရက်ပေ။

"မင်း ဘာတွေကပ်ပြောနေတာလဲ..."

ထိုအမျိုးသားသည် ချူချင်း၏စကားကို ရှင်းရှင်းလင်းလင်း မကြားရသော်လည်း သူ့မျက်လုံးများမှတစ်ဆင့် စကားကောင်းမဟုတ်ကြောင်း သိလိုက်သဖြင့် ဒေါသတကြီးမေးလိုက်၏။

"မင်း ငါ့ကို ဆဲနေတာလား... မင်းသေချင်နေတာပဲ..."

သူစကားပြောပြီးသည်နှင့် ရှေ့သို့တိုးလာကာ လက်ဖဝါးကိုဝှေ့ယမ်း၍ တိုက်ခိုက်လိုက်လေသည်။

ချူချင်းက သူ့ကိုမကြည့်ဘဲ လက်ဖဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ ဟိန်းဟောက်သံနှင့်အတူ နဂါးဟိန်းသံက ကွင်းတစ်ခုလုံးကို ချက်ချင်းပဲ့တင်ထပ်သွားစေသည်။

လက်ဖဝါးရိုက်ချက် သူ့ထံသို့မရောက်မီမှာပင် ထိုလူသည် လေပြင်းတစ်ချက်ကို ခံစားလိုက်ရပြီး လေပြင်းကြောင့် လွင့်စင်သွားရလေသည်။

လူအုပ်ကြီးသည် နဂါးဖြူပုံသဏ္ဍာန် ပုံရိပ်ယောင်တစ်ခုက ထိုလူကို ရှေ့သို့တွန်းပို့နေသည်ကို မှုန်ဝါးဝါးမြင်လိုက်ရ၏။

လူအုပ်ကြီးသည် မသိစိတ်အရ လမ်းဖယ်ပေးလိုက်ကြပြီး ထိုလူကို ပေပေါင်းများစွာ နောက်သို့လွင့်စင်သွားစေကာ နောက်ဆုံးတွင်မှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

All Chapters