အခန်း ၁၉၅
Vol. 20 Ch. 195
အခန်း (၁၉၅) - တိုက်ဆိုင်သောဆုံတွေ့မှု (၁)
ချူချင်း၏ ဤလက်ဝါးရိုက်ချက်မှာ အမှန်ပင် ပရိသတ်အားလုံးကို မှင်တက်မိသွားစေလေသည်။
တစ်ကွင်းလုံး ရုတ်ချည်းတိတ်ဆိတ်သွားပြီး ဝမ်ခိုင်ယွမ်၏ကြေးမောင်းသံမှာပင် ယခုကဲ့သို့ အပ်ကျသံပင် ကြားရလောက်သည့် တိတ်ဆိတ်မှုမျိုးကို မယှဉ်နိုင်ချေ။
ချူချင်းကို ပြန်လည်ကြည့်ရှုမိကြသောအခါ ထိုလူများအားလုံး၏ ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ စိုးမိုးသွားကြတော့သည်။
လူအုပ်ကြီးထဲတွင် ရှိနေကြသော ပျန်းချန်၊ မော့တူရှင်းနှင့် ဟွာကျင်နျန်းတို့သုံးဦးမှာလည်း အံ့အားသင့်စွာဖြင့် အချင်းချင်း ကြည့်မိလိုက်ကြလေသည်။
"သူ... သူက ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ လက်ဝါးသိုင်းပညာကို တတ်မြောက်ထားရတာလဲ..."
ဟွာကျင်နျန်းက အေးစိမ့်သောလေထုကို တုန်တုန်ရီရီ ရှူသွင်းလိုက်မိသည်။
ပျန်းချန်က သူ့ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။
"သခင်လေးသုံးက အစွမ်းအစတွေကို ဖုံးကွယ်ထားတာ... သူ့ရဲ့ပညာရပ်တွေက အများကြီး ရှိသေးတယ်..."
ဤစကားမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ယခုအချိန်အထိ ချူချင်းသည် သခင်လေးသုံးအဖြစ် လူအများရှေ့တွင် ပေါ်ထွက်လာချိန်၌ ဓားသိုင်း၊ လက်ဝါးသိုင်းနှင့် လက်သီးသိုင်းတို့ကိုသာ ပြသခဲ့ဖူးသေးသည်။
သို့သော် ကွယ်ရာတွင်မူ ညဧကရာဇ်သဏ္ဌာန်ဖြင့် ပျံလွှားဓားမြှောင်နှင့် ဓားသိုင်းပညာရပ်များကိုလည်း ပိုင်ဆိုင်ထားသေးသည်။
ဤလူမှာ အမှန်တကယ်ပင် ဘက်စုံတော်သော ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။
ဤလောကတွင် ဤကဲ့သို့သောလူမျိုး မည်သို့လျှင် ရှိနိုင်ပါအံ့နည်း။
"ဟွန်း..."
မော့တူရှင်းက ဘေးမှနေ၍ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း သူ၏ပါးစပ်မှ အသေးအဖွဲပညာရပ်များဟူသော စကားလုံးထွက်မလာမီမှာပင် ပျန်းချန်အကဲခတ်မိကာ သူ၏ပါးစပ်ကို လျင်မြန်စွာ လှမ်းအုပ်လိုက်လေသည်။
ထိုသုံးဦး၏ဘေးတွင် ရှီမောက်လည်း လိုက်ပါလာခဲ့သည်။
သူသည် မျက်လုံးပြူးကြီးဖြင့် လက်ရှိမြင်ကွင်းကို ငေးကြည့်နေမိသည်။
အထူးသဖြင့် ချူချင်း၏လက်ဝါးတစ်ချက်ကြောင့် တစ်ကွင်းလုံးတိတ်ဆိတ်သွားသည်ကို မြင်လိုက်ရချိန် ဖြစ်သည်။
ထိုအခါမှသာ ဤလူများအားလုံး အဘယ်ကြောင့် ဒုက္ခခံကာ သိုင်းပညာကို ခက်ခက်ခဲခဲသင်ယူချင်ကြသည်ကို သူရုတ်တရက် နားလည်သွားတော့သည်။
အကယ်၍ တစ်နေ့နေ့တွင် မိမိသည်လည်း ယခုကဲ့သို့ လူပေါင်းများစွာ၏ရှေ့မှောက်၌ လက်ကွက်တစ်ကွက်ထုတ်ဖော်လိုက်ရုံဖြင့် လူတိုင်းက မိမိကိုရိုသေကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်ရှုလာကြမည်ဆိုပါက မည်မျှပင် စိတ်လှုပ်ရှားစရာကောင်းလိုက်မည်နည်း။
သို့သော် ဤအတွေးကို သူစိတ်ကူးယဉ်ရုံသာ တတ်နိုင်ပေသည်။ သို့သော် ချူချင်း၏စွမ်းဆောင်ရည်ကို မြင်လိုက်ရပြီးနောက် သူ၏ညီမလေးကို ပြန်ပေးဆွဲသွားသော ထိုအရူးသူတောင်းစားသည်ပင် ချူချင်း၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်ဟု သူရုတ်တရက် ခံစားလိုက်ရသည်။
ချူချင်း၏လက်ဝါးရိုက်ချက်ကြောင့် လွင့်ထွက်သွားသော ထိုလူမှာမူ သေဆုံးသွားခြင်းမရှိပေ။
ချူချင်းက အားကိုထိန်းထားခဲ့သဖြင့် ပြင်းထန်လှသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ အသက်အန္တရာယ်မရှိချေ။
သို့သော်ငြား ထိုလူမှာ ဤလက်ဝါးချက်ကြောင့် အသက်ရှူကျပ်သွားကာ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီးနောက် ချက်ချင်းပင် သတိလစ်မေ့မြောသွားတော့သည်။
ထို့နောက် လော့ချန်အိမ်တော်မှတပည့်နှစ်ဦးက သူ့ကိုလာရောက်ပွေ့ချီကာ ခေါ်ဆောင်သွားကြလေသည်။
"ဧည့်သည်အပေါင်းတို့..."
ချူချင်း၏အသံမှာ ထိုနေရာရှိလူတိုင်း၏ နားထဲသို့ ပဲ့တင်ထပ်ကာ ဝင်ရောက်သွားတော့သည်။
ယခင်ကကဲ့သို့ အေးဆေးတည်ငြိမ်စွာ ပြောဆိုခြင်းမျိုးမဟုတ်ဘဲ ယခုတစ်ကြိမ်တွင်မူ သူ၏အတွင်းအားဖြင့် လူတိုင်း၏နားစည်ထဲသို့ အတင်းအကျပ်ထိုးသွင်းလိုက်ခြင်း ဖြစ်ပေသည်။
လူတိုင်းက ချူချင်းကို အလိုလိုလှမ်းကြည့်လိုက်ကြရာ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
"လက်ထပ်ပွဲအတွက် သိုင်းပြိုင်ပွဲကို အခုပဲ စတင်လိုက်ပြီ..."
ထိုသို့ပြောပြီးသည်နှင့် သူက အခြားအရာများကို ဂရုမစိုက်တော့ဘဲ ကုလားထိုင်ဆီသို့ လျှောက်သွားကာ ထိုင်လိုက်လေသည်။
သို့သော် သူက လက်ဝါးတစ်ချက်ဖြင့် အစွမ်းပြထားခဲ့သဖြင့် ယခုအခါ သိုင်းပြိုင်ပွဲစတင်ပြီဖြစ်ကြောင်း သိကြသော်လည်း မည်သူမျှ စင်မြင့်ပေါ်သို့ မတက်ရဲကြချေ။
ဝမ်ခယ်ရန်မှာမူ ဤအခြေအနေကို အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်နေမိသည်။ မည်သူမျှ စင်ပေါ်မတက်ပါက မည်သူမျှ အနိုင်ရလိမ့်မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် သူမလည်း အိမ်ထောင်ပြုစရာမလိုတော့ချေ။
သူမ၏စိတ်ခံစားချက်မှာ ချက်ချင်းပင် ကြည်လင်တောက်ပသွားတော့သည်။
ထိုစဉ် အသံတစ်သံက လှမ်းမေးလိုက်သည်။
"သခင်လေးသုံးကို မေးပါရစေ... ဒီနေ့ သိုင်းပြိုင်ပွဲမှာ သခင်လေးကိုယ်တိုင် စင်ပေါ်တက်ပြီး ယှဉ်ပြိုင်မှာလား..."
ဤမေးခွန်းမှာ ထိုနေရာရှိလူအများစု၏ ရင်ထဲမှ စိုးရိမ်မှုကိုမေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။
သိုင်းလောကတွင် စာပေ၌ ပထမဟူ၍ မရှိသော်လည်း သိုင်းပညာတွင်မူ ဒုတိယဟူ၍ မရှိချေ။ သို့သော် ချူချင်း၏လက်ဝါးရိုက်ချက် အရှိန်အဝါအရ ထိုနေရာရှိလူအများစုမှာ သူ့ကို အနိုင်ယူနိုင်လိမ့်မည်ဟု မပြောရဲကြချေ။
အကယ်၍ သူသာ ပါဝင်ယှဉ်ပြိုင်မည်ဆိုပါက မိမိတို့မှာ အဘယ်ကြောင့် စင်ပေါ်တက်၍ အရှက်ကွဲခံရပါအံ့နည်း။
ချူချင်းက သူတို့၏ဆိုလိုရင်းကို နားလည်လိုက်သဖြင့် ချက်ချင်းပင် တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီနေ့ ကျုပ်က ဒီပွဲရဲ့စည်းကမ်းကို ထိန်းသိမ်းပေးဖို့ပဲ လာတာပါ... စင်ပေါ်တက်ပြီး ယှဉ်ပြိုင်မှာမဟုတ်ပါဘူး... အားလုံး စိတ်ချလက်ချယှဉ်ပြိုင်နိုင်ကြပါတယ်..."
လူတိုင်းလည်း စိတ်အေးသွားကြပြီး ချက်ချင်းပင် တစ်ဦးက စင်မြင့်ပေါ်သို့ ခုန်တက်သွားတော့သည်။ မိတ်ဆက်ပြီးနောက် ချက်ချင်းပင် အခြားတစ်ဦးကတက်ရောက်ကာ ယှဉ်ပြိုင်ကြလေသည်။
ချူချင်းက ဘေးတွင်ထိုင်ကာ တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။ ယခင်က ကျင်းပခဲ့သော ကမ္ဘာ့အဆင့် ပထမပြိုင်ပွဲတွင်လည်း သူပါဝင်ခဲ့ဖူးပေသည်။
လူပေါင်းများစွာ၏တိုက်ခိုက်မှုများကို မြင်တွေ့ခဲ့ရသဖြင့် သူ၏အမြင်များမှာလည်း များစွာကျယ်ပြန့်ခဲ့ရသည်။
သို့သော် ဤကဲ့သို့သောပြိုင်ပွဲတိုင်းတွင် အားနည်းသူများမှ အားကောင်းသူများဆီသို့ တဖြည်းဖြည်းကူးပြောင်းသွားလေ့ရှိသဖြင့် အစပိုင်းတွင်မူ ကြည့်ကောင်းလေ့မရှိဘဲ ရိုးရှင်းစွာပြောရလျှင် အားနည်းသူအချင်းချင်း ရန်ဖြစ်နေကြသကဲ့သို့သာ ဖြစ်ပေသည်။
ထို့နောက်မှသာ အခြေအနေများက တဖြည်းဖြည်းပြောင်းလဲလာပြီး သိုင်းပညာရှင်များ စတင်ပေါ်ထွက်လာကြတော့သည်။
သို့သော် ဤပြိုင်ပွဲတစ်ခုလုံးကို စောင့်ကြည့်ပြီးနောက် ချူချင်းမှာ မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။
ဤသိုင်းပြိုင်ပွဲသို့ တက်ရောက်လာကြသူများမှာ အမှန်တကယ်ပင် အသက်အရွယ်မျိုးစုံ ရှိကြပေသည်။
လူငယ်များလည်း ရှိသကဲ့သို့ လူအိုများလည်း ရှိကြသည်။
အသက်ကိုမေးမြန်းသောအခါ မိမိကိုယ်ကို အမှန်တကယ်တွင် ဆယ့်ရှစ်နှစ်သာရှိသေးပြီး ရုပ်ရည်ကသာ အိုစာနေခြင်းဖြစ်သည်ဟု ပြောကြလေသည်။
အချို့ကမူ မိမိတို့တွင် အိမ်ထောင်မရှိသေးသဖြင့် အဘယ်ကြောင့် လက်ထပ်ခွင့်မတောင်းနိုင်ရပါအံ့နည်းဟု ရဲရဲဝံ့ဝံ့ပြောဆိုကြသည်။
အချို့လူများမှာမူ အသက်ကြီးရုံသာမက ဇနီးမယားများနှင့် မောင်းမမိဿံများပင် ရှိနေကြသေးသည်။
အခြားသူများက သံသယဖြင့် မေးမြန်းကြသောအခါ ထိုလူက ယောက်ျားကောင်းတစ်ဦးအတွက် ဇနီးသုံးဦးနှင့် မောင်းမလေးဦးရှိခြင်းမှာ သဘာဝကျလှပြီး အကယ်၍ ဝမ်ခယ်ရန်က မနှစ်သက်ပါက ထိုသူများအားလုံးကို နှင်ထုတ်ကာ ဝမ်ခယ်ရန်တစ်ဦးတည်းကိုသာ အလိုလိုက်ထားမည်ဟု ပြန်လည်ဖြေကြားလေသည်။
ဤကဲ့သို့သော ထူးဆန်းသည့်လူမျိုးစုံမှာ နေရာအနှံ့တွင် ရှိနေကြသည်။
၎င်းကိုကြည့်ရင်း ချူချင်းမှာ ရယ်ရခက်၊ ငိုရခက်ဖြစ်နေရပြီး ဝမ်ခယ်ရန်၏စိတ်ခံစားချက်မှာလည်း တစ်ဖန်ညှိုးငယ်သွားရပြန်သည်။
ဤသို့ဖြင့် သိုင်းပြိုင်ပွဲကြီးမှာ အရှိန်အဟုန်ပြင်းစွာ ကျင်းပနေစဉ်အတွင်း ရှဝမ်ရွှမ်းမှာမူ ပျင်းရိငြီးငွေ့စွာဖြင့် ထျန်းရှင်းတောင်ခြေရှိ မြို့နယ်လေးထဲတွင် လျှောက်လှမ်းနေမိသည်။
ထျန်းဝူမြို့ထဲတွင် သူမက ချူချင်းအား ချန်စစ်ဟိုင်ကိုသတ်ရန် အပ်နှံခဲ့ပြီးနောက်တွင် အရာအားလုံး တည်ငြိမ်အေးဆေးနေသည်။
သူမ၏မိသားစုအတွက် ကလဲ့စားချေမှုမှာ လုံးဝပြီးဆုံးသွားခဲ့ပြီ ဖြစ်ပေသည်။
သူမသည် တည်းခိုခန်းတွင် ရက်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့သော်လည်း ညဧကရာဇ်က သူမကိုလာရောက်မရှာဖွေသဖြင့် ထိုလူက သူမကို ကတိဖျက်သွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထို့နောက်မှသာ သူမသည် တည်းခိုခန်းမှထွက်ခွာလာခဲ့သော်လည်း ဘာလုပ်ရမှန်းမသိဖြစ်နေမိသည်။
အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာတိုင်အောင် သူမသည် အမုန်းတရားများကိုသာ အမှီပြုရှင်သန်ခဲ့ရပြီး ယခုအခါ ကလဲ့စားချေနိုင်ခဲ့ပြီဖြစ်သော်ငြား ရင်ထဲတွင် ဟာလာဟင်းလင်းဖြစ်သွားကာ ပုံမှန်ဘဝသို့ ပြန်လည်ဝင်ရောက်ရန် ခက်ခဲနေသောကြောင့် ဖြစ်ပေသည်။
သူမသည် ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေရင်း လော့ချန်အိမ်တော်၏ ထျန်းကျီးအမိန့်တော်ပြားကိစ္စနှင့် ပတ်သက်သောသတင်းများကို ကြားသိရသဖြင့် လာရောက်ကြည့်ရှုရန် စိတ်ကူးမိခြင်း ဖြစ်ပေသည်။
သို့သော် ရောက်ရှိလာသောအခါတွင်မူ လော့ချန်အိမ်တော်က သိုင်းပြိုင်ပွဲကျင်းပနေခြင်း ဖြစ်နေသည်။
သူမအနေဖြင့် အမျိုးသမီးတစ်ဦးအတွက် ဤပြိုင်ပွဲတွင်ပါဝင်ရန်မှာ မသင့်တော်ချေ။
အနိုင်ရရှိနိုင်ခြင်းရှိမရှိကို ထားလိုက်ဦးတော့။ အကယ်၍ ထိုသိုင်းပညာရှင်များအားလုံး သုံးရက်တိုင်တိုင် ဝမ်းလျှောနေကြသဖြင့် စင်ပေါ်တွင် ခြေမခိုင်၊ လက်မခိုင်ဖြစ်နေကာ သူမက မတော်တဆအနိုင်ရသွားခဲ့လျှင်ပင် အမျိုးသမီးတစ်ဦးဖြစ်သော သူမက ဝမ်ခယ်ရန်ကို လက်ထပ်ယူနိုင်ပါအံ့နည်း။
အထူးသဖြင့် မနေ့က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကြောင့် သူမသည် ဤပြဿနာများရှိရာနေရာတွင် ဆက်လက်မနေလိုတော့ချေ။
သို့သော် ထွက်ခွာသွားမည်ဆိုပါကလည်း မည်သည့်နေရာသို့သွားရမည်ကို မသိချေ။
ထို့ကြောင့် သူမသည် ဤမြို့နယ်လေးတွင် ရက်အနည်းငယ်ခန့်တည်းခိုကာ ရှေ့ဆက်ရမည့်လမ်းကို စဉ်းစားရန် ဆုံးဖြတ်လိုက်တော့သည်။
ယခုအခါ လမ်းမပေါ်တွင်လျှောက်လှမ်းရင်း အလျင်စလိုသွားလာနေကြသော လူထုကိုကြည့်ကာ သူမ၏ရင်ထဲတွင် ထူးဆန်းသော မနာလိုမှုတစ်ခု ဖြစ်ပေါ်လာမိသည်။
ထိုလူများမှာ မည်သည့်အတွက်ကြောင့် အလုပ်ရှုပ်နေကြသည်ကို သူမကမူ မသိချေ။ မိသားစုအတွက် ကလဲ့စားချေပြီးနောက်တွင်မူ ဘဝ၏ရည်ရွယ်ချက် ပျောက်ဆုံးသွားခဲ့ရပေသည်။
သူမကိုသူမ စိတ်မကောင်းဖြစ်နေစဉ်အတွင်း ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"မလုပ်ပါနဲ့... ကျွန်မကို လွှတ်ပေးပါ..."
ရှဝမ်ရွှမ်း ချက်ချင်းပင်သတိကပ်သွားပြီး မော့ကြည့်လိုက်ရာ ညစ်ပတ်ပေရေနေသော မိန်းကလေးတစ်ဦးကို ဝိုင်းရံထားကြသော သူတောင်းစားအချို့ကို မြင်လိုက်ရသည်။
အချို့က သူမကို အပေါ်အောက်ကြည့်ရှုနေကြပြီး အချို့ကမူ သူမ၏ဆံပင်ကိုဆွဲရန် လက်လှမ်းနေကြသည်။
ထိုမိန်းကလေးက ရှောင်တိမ်းရန် အတတ်နိုင်ဆုံးကြိုးစားနေသော်လည်း မတော်တဆ သူတောင်းစားတစ်ဦး၏ကိုယ်ပေါ်သို့ တိုးမိသွားရာ ထိုသူတောင်းစားက ကျယ်လောင်စွာရယ်မောကာ မိန်းကလေးကို တစ်ဖက်သို့တွန်းပို့လိုက်လေသည်။
ထို့နောက် ရိုင်းစိုင်းသော စကားလုံးများ ဆက်တိုက်ထွက်ပေါ်လာတော့သည်။
ရှဝမ်ရွှမ်းမှာ အမျိုးသမီးတစ်ဦးဖြစ်သဖြင့် ဤကဲ့သို့သောမြင်ကွင်းကို မည်သို့လျှင် သည်းခံနိုင်ပါအံ့နည်း။ သူမ ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်းထွက်သွားတော့သည်။
သူမသည် ခြေလှမ်းအနည်းငယ်ဖြင့် အနီးသို့ရောက်ရှိသွားပြီး ဓားကို ဓားအိမ်မှမဆွဲထုတ်ဘဲ ဓားအိမ်ဖြင့်သာ ပင့်တင်လိုက်ရာ ထိုမိန်းကလေး၏တင်ပါးကိုကိုင်ရန် လက်လှမ်းနေသော သူတောင်းစားတစ်ဦးမှာ ချက်ချင်းပင် လွင့်ထွက်သွားတော့သည်။