← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း (၁၉၉) - ခုနစ်ချက်ပြတ် ခုနစ်လှည့် ခုနစ်ထွေဒဏ်ရာဓားသိုင်း (၁)

လျန့်ပေချန်း၏မျက်လုံးတစ်စုံမှာ မှုန်ဝါးဝါးအလင်းရောင်များဖြင့်သာ ပြည့်နှက်နေ၏။

ပြင်ပလောကတွင် ကောလာဟလများ ပျံ့နှံ့နေသကဲ့သို့ပင် သူသည် တကယ်ကို စိတ်အာရုံများဆုံးရှုံးကာ ရူးသွပ်သွားခဲ့ချေပြီ။

သို့သော်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များကိုမူ သူ အာရုံခံနိုင်စွမ်းရှိနေဆဲပင်။ သူ၏အကြည့်များက အနည်းငယ် ရွေ့လျားသွားပြီး ချူချင်း၏ဓားထံသို့ ကျရောက်သွားလေသည်။

နောက်တစ်ခဏ၌ အေးစိမ့်ထက်မြက်သော အရှိန်အဝါတစ်ခုမှာ သူ၏ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။

၎င်းမှာ ဓားအိမ်မှ ဆွဲထုတ်လိုက်သော ရတနာဓားတစ်စင်းကဲ့သို့ ကောင်းကင်နှင့်မြေကမ္ဘာအကြားတွင် မားမားမတ်မတ် ရပ်တည်နေသကဲ့သို့ပင်။

"ထိုက်ဟန်ဓားရည်ရွယ်ချက်..."

လော့ချန်အိမ်တော်ရှေ့တွင် စုဝေးနေကြသော သိုင်းပညာရှင်အများအပြားမှာ ဤသိုင်းပညာ၏မူလအစကို ချက်ချင်းပင် မှတ်မိသွားကြလေသည်။

သူတို့အပြင်သို့ထွက်လာသည်မှာ နောက်ကျသဖြင့် လျန့်ပေချန်း၏တိုက်ခိုက်မှုကို မမြင်တွေ့ခဲ့ရချေ။ ထို့ကြောင့် ယခုအချိန်မှသာ တစ်စုံတစ်ယောက်က သူ၏ဝတ်စားဆင်ယင်မှုနှင့် ရုပ်ရည်ကို သတိပြုမိသွားပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်ကြခြင်း ဖြစ်၏။

"အရူးသူတောင်းစား လျန့်ပေချန်းပဲ..."

"သူက ဘာလို့ ဒီကိုရောက်နေရတာလဲ..."

"သူလည်း ထျန်းကျီးအမိန့်တော်ပြားအတွက် ရောက်လာတာလား..."

"ဒါပေမဲ့ သူက ရူးနေတာမဟုတ်ဘူးလား... အရူးက ဘယ်လိုလုပ် ဒီလိုရတနာမျိုးကို လိုချင်ရတာလဲ..."

"သခင်လေးသုံးက သူ့ရဲ့ပြိုင်ဘက် ဖြစ်နိုင်ပါ့မလား..."

"ပြောရခက်တယ်... ထိုက်ဟန်ရဲ့ နံပါတ်တစ်ဓားသမားဆိုတာ ဟိုးအရင်တုန်းက နန်လင်ဒေသတစ်ခုလုံးမှာ သူ့ကို ယုံကြည်စိတ်ချစွာ အနိုင်ယူနိုင်တဲ့သူ လက်တစ်ဆုပ်စာလောက်ပဲရှိတာ…”

“သူ့ရဲ့ခုနစ်ချက်ပြတ် ခုနစ်လှည့် ခုနစ်ထွေဒဏ်ရာဓားသိုင်းက ပထမတန်းစားအဆုံးစွန်ကျင့်စဉ်တစ်ခုပဲ... သခင်လေးသုံးရဲ့သိုင်းပညာက မြင့်မားပေမဲ့ သူ့ကိုယှဉ်ပြိုင်နိုင်တဲ့ အဆင့်အထိ မရောက်သေးဘူးလို့ ငါစိုးရိမ်မိတယ်..."

"အဲဒါက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က လျန့်ပေချန်းလေ... အခုတော့ သူနှစ်နှစ်ဆယ်တောင် အချိန်ဖြုန်းပြီးပြီဆိုတော့ အရင်လိုစွမ်းအားမျိုး ရှိချင်မှရှိတော့မှာ..."

ဆွေးနွေးပြောဆိုသံများမှာ တစ်သုတ်ပြီးတစ်သုတ် ထွက်ပေါ်လာ၏။

ချူချင်း၏ရှေ့တွင် ရပ်နေသော လျန်ပေချန်းမှာမူ လှုပ်ရှားလိုက်ချေပြီ။

သူသည် လက်ညှိုးကို ဓားအဖြစ်အသုံးပြုကာ ထက်မြက်သော အရှိန်အဝါတစ်ခုဖြင့် ချူချင်း၏ရှေ့သို့ လျှပ်တစ်ပြက်ချဉ်းကပ်လာလေသည်။

ဓားစွမ်းအင်မှာ ပျံသန်းနေသော နဂါးတစ်ကောင်ကဲ့သို့ စီးဆင်းနေပြီး ချူချင်း၏ရင်ဘတ်ဆီသို့ ဦးတည်နေပုံရသော်လည်း အမှန်တကယ်တွင်မူ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထား၏။

ချူချင်းက မျက်လုံးများကို မော့ကြည့်လိုက်ရာ မျက်ဝန်းတစ်စုံ၌ ထူးခြားသော အလင်းတန်းများ တောက်ပသွားပြီး ဓားသွားမှာလည်း တစ်ခဏချင်းအတွင်း ပြောင်းလဲမှုများစွာ ဖြစ်ပေါ်သွားချေသည်။

သူသည် စတင်လှုပ်ရှားလိုက်သည်နှင့် တိုက်ခိုက်လာသည်ကို တိုက်ခိုက်မှုဖြင့်သာ တုံ့ပြန်လိုက်၏။

လျှပ်တစ်ပြက်အတွင်း၌ လက်နက်ချင်းထိခတ်သံများမှာ နားထဲသို့ ဆက်တိုက်ဝင်ရောက်လာပြီး ပုံရိပ်နှစ်ခုမှာ မျက်စိတစ်မှိတ်အတွင်း ရှုပ်ထွေးစွာ ရောယှက်သွားကြလေသည်။

ဘေးမှကြည့်ရှုနေကြသူများမှာ မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေကြပြီး ဤလူနှစ်ဦး၏ဓားသိုင်းနှင့် ဓားရေးနည်းစနစ်များမှာ သာမန်လူနားမလည်နိုင်သော အဆင့်သို့ရောက်ရှိနေပြီဟု ခံစားနေကြရ၏။

လျန့်ပေချန်းသည် လွန်ခဲ့သောအနှစ်နှစ်ဆယ်အတွင်း သိုင်းပညာကိုစွန့်လွှတ်ထားခြင်း မရှိပုံရပေ။ သူသည် လက်ညှိုးကို ဓားအဖြစ်အသုံးပြုကာ အတွင်းအားဖြင့် ရန်သူကိုတိုက်ခိုက်နေပြီး ဓားအလင်းတန်းများမှာ သုံးပေရှည်သော ရတနာဓားတစ်စင်းထက်ပင် အားနည်းခြင်းမရှိချေ။

ဓားသိုင်းအပြောင်းအလဲများမှာ ရှုပ်ထွေးဆန်းပြားလှပြီး အခြေအနေတိုင်းကို လိုက်လျောညီထွေစွာ တုံ့ပြန်နိုင်စွမ်းရှိ၏။

ချူချင်းကိုပြန်ကြည့်လျှင်မူ သူ၏ဓားသိုင်းမှာ အရာအားလုံးကို ပေါင်းစပ်ထားပြီး ဖြောင့်မတ်ခြင်းနှင့် ဆန်းကြယ်ခြင်းတို့မှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပြုနေကြသည်။

ပင်မတိုက်ကွက်ကို တိုက်ခိုက်ပြီး ဘေးခွဲတိုက်ကွက်ကို ခုတ်ထစ်၏။

အပြောင်းအလဲများကို ထပ်မံပေါင်းထည့်ပြီး ပိုမိုထူးဆန်းသော တိုက်ကွက်များကို ထုတ်ဖော်ပြသလေသည်။

နှစ်ဦးလုံး၏နည်းဗျူဟာများမှာ အလွန်မြင့်မားလှသဖြင့် ဘေးမှကြည့်ရှုနေကြသူများမှာ မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေကြပြီး ၎င်းတို့၏ အပြန်အလှန်တုံ့ပြန်မှုတိုင်းကို ဦးနှောက်ထဲတွင် မှတ်သားထားကြ၏။

ဤကဲ့သို့သော ထိပ်တန်းပညာရှင်များ၏တိုက်ပွဲမှ မည်သည့်တိုက်ကွက်ကိုမဆို မိမိဘာသာ နားလည်သဘောပေါက်သွားလျှင်ပင် နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲကျင့်ကြံရသည်နှင့် မခြားပေ။

သို့သော်လည်း ကွင်းလယ်ရှိချူချင်းမှာမူ မျက်မှောင်ကြုတ်ထား၏။

လျန့်ပေချန်း၏သိုင်းပညာက မြင့်မားလွန်းသဖြင့် သူအနိုင်မယူနိုင်ခြင်းကြောင့် မဟုတ်ဘဲ လျန့်ပေချန်း၏အခြေအနေမှာ ထူးဆန်းလွန်းသည်ဟု ခံစားနေရသောကြောင့်ဖြစ်၏။

သူ၏ဓားသိုင်းမှာ မြင့်မားလှပြီး လှုပ်ရှားမှုတိုင်းမှာ ချောမွေ့နေသော်လည်း။

ဤရေစီးကြောင်းထဲတွင်မူ တစ်စုံတစ်ရာက ဖြတ်တောက်ထားသကဲ့သို့ ခံစားနေရပြီး ၎င်းမှာ ဖော်ပြရခက်ခဲသော အရာတစ်ခုပင်။

ချူချင်းက သူ့ရှေ့ကလူမှာ တကယ်တော့ ဤလူကိုယ်တိုင် မဟုတ်ဘဲ တစ်စုံတစ်ယောက်က သူ၏ခန္ဓာကိုယ်နှင့် သိုင်းပညာကိုအသုံးချကာ မိမိနှင့်တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ခံစားနေရ၏။

သို့သော်လည်း ကိုယ်ခံသိုင်းပညာအပေါ် နားလည်မှုမပြည့်စုံခြင်းကြောင့် မူလစွမ်းအားကို အပြည့်အဝထုတ်မသုံးနိုင်ခြင်း ဖြစ်ပေလိမ့်မည်။

လူသတ်သမားတစ်ဦးအနေဖြင့်မူ ချူချင်းက ဤကဲ့သို့သောအရာများကို အမှန်တကယ် ဂရုမစိုက်ချေ။

သို့သော်လည်း မကြာသေးမီက သူသည် ဓားသိုင်းကို အမြဲလေ့လာနေခဲ့ပြီး သိုင်းပညာ ပိုမိုတိုးတက်လာလေ၊ တိုက်ခိုက်နေစဉ်အတွင်း ပြိုင်ဘက်အတွက် ရှင်းမပြနိုင်လောက်အောင် ပိုမိုနှမြောမိလေ ဖြစ်၏။

ဤကဲ့သို့သော အတွေးမျိုးမှာ အတိတ်ကဆိုလျှင် ချူချင်းကိုယ်တိုင်ပင် ရယ်စရာကောင်းသည်ဟု ထင်မှတ်မိပေလိမ့်မည်။

လူသတ်သမားတစ်ယောက်က မိမိ၏ပစ်မှတ်အတွက် မည်သို့လျှင် နှမြောတသဖြစ်နိုင်ပါ့မည်နည်း။

သို့သော်လည်း ဤအတွေးမှာ စိတ်ထဲတွင်စွဲထင်နေပြီး လည်ချောင်းထဲတွင် ငါးရိုးတစ်ချောင်းစိုက်ဝင်နေသကဲ့သို့ ခံစားနေရသဖြင့် ထုတ်ဖော်ပစ်ရမည်သာ ဖြစ်၏။

တစ်ခဏအတွင်း၌ ချူချင်းက ဓားသွားကိုလှည့်လိုက်ရာ အေးစိမ့်သော အငွေ့အသက်များမှာ ဓားကိုယ်ထည်မှ ပျံ့လွင့်လာပြီး ဓားချက်မှာ ရှေ့သို့တိုးဝင်ကာ ဝှစ်ခနဲအသံနှင့်အတူ ကြီးမားလှသော ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

ဤဓားအလင်းတန်းမှာ မြေပြင်ကိုကပ်၍ စီးဆင်းသွားပြီး ဖြတ်သန်းသွားသော နေရာတိုင်း၌ ရေခဲနှင်းခဲများမှာ အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွား၏။

လျန့်ပေချန်း၏နဖူးပေါ်ရှိ အသားစိုင်မှာ ပိုမိုနီရဲလာပြီး အနီရောင်သွေးကြောမျှင်များမှာ ၎င်းမှတစ်ဆင့် ပျံ့နှံ့သွားကာ အာရုံငါးပါးကို ချိတ်ဆက်ထားလေသည်။ ၎င်းထဲတွင် သွေးများစီးဆင်းနေပြီး သွေးခုန်နှုန်းခုန်နေသကဲ့သို့ပင် ရှိသဖြင့် သူ၏အမူအရာမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းလာ၏။

ထပ်ဆင့်နေသော ဓားစွမ်းအင်များမှာ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်၌ လှည့်ပတ်နေ၏။

ဤဓားစွမ်းအင်များမှာ အရိပ်ပမာလိုက်ပါနေပြီး သူ လှုပ်ရှားသည်ဖြစ်စေ၊ ထိုင်သည်ဖြစ်စေ ဓားသိုင်းကို ထုတ်ဖော်နေသကဲ့သို့ပင်။

သူ၏ခန္ဓာကိုယ်မှာ ဧရာမဂျင်တစ်ခုကဲ့သို့ လည်ပတ်သွားပြီး ဓားစွမ်းအင်များမှာ စိတ်အလိုကျလှည့်ပတ်ကာ လက်ညှိုးထိပ်တွင် စုစည်းသွားလေသည်။

ထို့နောက် ဘုန်းခနဲမြည်သံတစ်ခု ထွက်ပေါ်လာ၏။

ဓားအလင်းတန်းနှင့် ဓားစွမ်းအင်တို့ ထိတွေ့မိသွားသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး၌ ကြယ်ကြွေများ ရေတံခွန်ကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာပြီး ဓားအလင်းတန်းများနှင့် ဓားစွမ်းအင်များမှာ ကောင်းကင်အနှံ့ နှင်းခဲများနှင့်အတူ လွင့်စင်သွားလေသည်။

လျန့်ပေချန်း၏အတွင်းအားမှာ ချူချင်းထက် အနည်းငယ်အားနည်းနေပြီး ယခုတိုက်ခိုက်ပြီးနောက်တွင် ပိုမိုအားနည်းသွားသဖြင့် ဤတိုက်ကွက်အပြောင်းအလဲ၌ သူ၏ခန္ဓာကိုယ်မှာ မထိန်းနိုင်ဘဲ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရ၏။

သူက ပြန်လည်စုစည်းရန် ပြင်ဆင်နေစဉ်မှာပင် မြူခိုးများကြားမှ ပုံရိပ်တစ်ခုမှာ လေထဲသို့ပျံသန်းလာပြီး လက်ဖဝါးတစ်ချက် လှန်လိုက်ရာ နဂါးဟိန်းသံမှာ တစ်ခဏချင်းအတွင်း ကောင်းကင်နှင့်မြေကမ္ဘာအကြား ပဲ့တင်ထပ်သွားချေပြီ။

နဂါးပျံသန်းခြင်း...

ချူချင်း၏ ယခုတစ်ကြိမ်တိုက်ခိုက်မှုမှာ ယခင်ကနှင့် မတူတော့ချေ။

အတွင်းအားလည်ပတ်မှုမှာ ပိုမိုပြင်းထန်လာပြီး လက်ဝါးချက်ထွက်ပေါ်လာသည်နှင့် အရပ်ရှစ်မျက်နှာလုံး၌ နဂါးဟိန်းသံများ ပြည့်နှက်သွားကာ ပြင်းထန်လှသော လက်ဖဝါးအားမှာ ကောင်းကင်မှဆင်းသက်လာသော နတ်နဂါးတစ်ကောင်ကဲ့သို့ တားဆီး၍မရနိုင်လောက်အောင် အဟုန်ပြင်းလှ၏။

လျန့်ပေချန်းသည် ယခုတစ်ကြိမ်တွင် ယခင်နည်းလမ်းဟောင်းကို မသုံးရဲတော့ဘဲ ရှောင်တိမ်းရန်ကြိုးစားလိုက်သော်လည်း နဂါးနှိမ်နင်းလက်ဝါးသိုင်း ဆယ့်ရှစ်ကွက်၏အပြောင်းအလဲမှာ မများသော်လည်း စွမ်းအားမှာမူ အလွန်တရာကြီးမားလှပေသည်။

မည်သို့ရှောင်တိမ်းရမည်ကို သိနေလျှင်ပင် လက်ဖဝါးအား၏ဆွဲငင်မှုကြောင့် ရှောင်တိမ်းရန် ခက်ခဲလှ၏။

ခြေလှမ်းများ နောက်ဆုတ်သွားသည်နှင့် အခြေအနေမကောင်းမှန်း သူသိလိုက်ရချေပြီ။

သို့သော်လည်း ပြန်လည်စုစည်းရန် ပြင်ဆင်လိုက်ချိန်တွင်မူ နောက်ကျသွားခဲ့ပြီဖြစ်၏။

ဘုန်းခနဲမြည်သံတစ်ခု ထွက်ပေါ်လာလေသည်။

ချူချင်း၏လက်ဖဝါးမှာ လျန့်ပေချန်း၏နဖူးပေါ်သို့ ကျရောက်သွားပြီး အသားစိုင်ကို တိုက်ရိုက်ထိမှန်သွား၏။

သူသည် ဤအသားစိုင်မှာ ထူးဆန်းလွန်းသည်ဟု အမြဲခံစားနေရပြီး လျန့်ပေချန်း၏စိတ်အာရုံမှာ ဤအသားစိုင်နှင့် ဆက်စပ်နေလိမ့်မည်ဟု သံသယဝင်ခဲ့ခြင်းဖြစ်၏။

တိုက်ပွဲမှာလည်း လုံလောက်အောင် မပြတ်သားသဖြင့် လက်ဖဝါးတစ်ချက်ဖြင့် ဤအသားစိုင်ကို ဖျက်ဆီးနိုင်မလားဟု စမ်းသပ်ကြည့်လိုက်ခြင်းပင်။

လျန့်ပေချန်းက စိတ်ပြန်လည်လာနိုင်ပြီး အကယ်၍ သူက မခံနိုင်ဘဲ သေဆုံးသွားလျှင်လည်း မိမိအနေဖြင့် တာဝန်ကို တိုက်ရိုက်ပြီးမြောက်နိုင်ပေသည်။

"အား..."

လျန့်ပေချန်းက ပြင်းထန်စွာ အော်ဟစ်လိုက်လေသည်။

သူ၏ စူးရှလှသော အော်ဟစ်သံမှာ အရပ်ရှစ်မျက်နှာလုံးသို့ ပျံ့နှံ့သွားပြီး ဤအသံထဲတွင် ပါဝင်သော ထူးဆန်းသော စွမ်းအားကြောင့် ကြားရသူတိုင်းမှာ ထိခိုက်ကုန်ကြ၏။

အချို့မှာ ဆက်တိုက်နောက်ဆုတ်သွားပြီး မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်နေကြကာ အချို့မှာမူ နာကျင်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်နေကြရသည်။

အချို့မှာမူ ခေါင်းကိုဆုပ်ကိုင်ကာ မြေပြင်ပေါ်တွင် လူးလှိမ့်နေကြချေပြီ။

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က လေထဲသို့ပျံသန်းလာပြီး အင်္ကျီလက်ကိုဝှေ့ယမ်းကာ လူတိုင်း၏ရှေ့တွင် ကာကွယ်ပေးလိုက်၏။

"အတွင်းအား အားနည်းတဲ့သူတွေ နောက်ဆုတ်ကြ... ဒီတိုက်ပွဲက မင်းတို့ ကြည့်နိုင်တဲ့တိုက်ပွဲ မဟုတ်ဘူး..."

ချက်ချင်းပင် အချို့ကလက်သီးဆုပ်ကာ နောက်ဆုတ်သွားကြပြီး အချို့ကမူ ခေါင်းပြူ၍ တိုက်ပွဲ၏ရလဒ်ကို ဆက်လက်ကြည့်ရှုလိုကြဆဲပင်။

ရှီမောက်နှင့်ရှီချောင်ဟွေ့ မောင်နှမနှစ်ဦးမှာမူ ဇောင်ဝန်ချွမ်း၏ဆွဲခေါ်မှုကြောင့် အဝေးဆုံးနေရာသို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။

တိုက်ခိုက်နေကြသော လူနှစ်ဦးမှာ သာမန်လူများမဟုတ်မှန်း သူကြိုတင်သိရှိထားသဖြင့် သာမန်လူနှစ်ဦးကို အနီးကပ်ကြည့်ရှုခိုင်းခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လူသတ်ခြင်းနှင့်မခြားပေ။

သို့သော်လည်း အဝေးမှကြည့်နေရလျှင်ပင် သူ၏စိတ်နှလုံးမှာ တုန်လှုပ်နေရဆဲပင်။

All Chapters