အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း (၂၀၀) - ခုနစ်ချက်ပြတ် ခုနစ်လှည့် ခုနစ်ထွေဒဏ်ရာဓားသိုင်း (၂)
သူသည် နှစ်ပေါင်းများစွာ ဗုဒ္ဓတရားတော်များကို လေ့လာခဲ့သဖြင့် စိတ်နှလုံးမှာ ရေပြင်ကဲ့သို့ငြိမ်သက်နေပြီး ပြင်ပအရာများကြောင့် မလှုပ်ရှားတော့ဟု ထင်မှတ်ထားခဲ့သော်လည်း ချူချင်းက ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် ဤကဲ့သို့သော ကျင့်ကြံမှုမျိုးရှိနေသည်ကို မြင်တွေ့ရသောအခါ စိတ်ထဲတွင် ရည်မှန်းချက်အချို့မှာ အကြောင်းရင်းမရှိဘဲ နိုးထလာရချေပြီ။
ချူချင်း၏လက်ဖဝါးချက်မှာ ထိမှန်သွားသဖြင့် လျန့်ပေချန်း၏အော်ဟစ်သံမှာ သူ၏ရှေ့တည့်တည့်သို့ ဦးတည်လာ၏။
သို့သော်လည်း သူ၏ခန္ဓာကိုယ်တွင် မင်ယွိကျမ်းစာ၏အကာအကွယ် ရှိနေသဖြင့် ဤအသံမှာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း သူ၏စိတ်နှလုံးကို တုန်လှုပ်စေရန်မူ မလုံလောက်ချေ။
သူ၏လက်ဖဝါးအားမှာ ပိုမိုပြင်းထန်လာပြီး လက်တစ်ဖက်ဖြင့် လျန့်ပေချန်း၏ဦးခေါင်းကို ဖိနှိပ်ကာ ရှေ့သို့ ဆက်တိုက်တိုးဝင်သွားလေသည်။
လျန့်ပေချန်းမှာ အော်ဟစ်ရင်း နောက်ဆုတ်သွားရပြီး ကျရောက်သွားသော ခြေလှမ်းတိုင်း၌ မြေပြင်ပေါ်တွင် တွင်းနက်ကြီးများ ပေါက်ကွဲထွက်ပေါ်လာ၏။
ခြေလှမ်းများစွာ နောက်ဆုတ်သွားပြီးနောက် ချူချင်းက အတွင်းအားကို ရုတ်တရက် ထုတ်လွှတ်လိုက်လေသည်။
လျန့်ပေချန်း၏ခန္ဓာကိုယ်မှာ လေထဲသို့လွင့်စင်သွားပြီး ခန္ဓာကိုယ်မှာ နောက်သို့ကွေးညွတ်ကာ လေထဲတွင် တစ်ပတ်လည်ပြီးနောက် မြေပြင်ပေါ်သို့ ကျရောက်သွားချိန်တွင်မူ မှောက်လျက်သား ဖြစ်နေချေပြီ။
သူသည် ပါးစပ်ကိုဟလိုက်ပြီး ခန္ဓာကိုယ်ကိုအားတင်းကာ မတ်တပ်ရပ်လိုက်ရင်း သွေးတစ်ပြွတ်ကို ပြင်းထန်စွာ အန်ထုတ်လိုက်၏။
သူက ခေါင်းကိုပြန်မော့ကြည့်လိုက်ရာ မှုန်ဝါးနေသော မျက်ဝန်းတစ်စုံ၌ တဖြည်းဖြည်းနှင့် ကြည်လင်မှုများ ပြန်လည်ရောက်ရှိလာချေပြီ။
သူသည် လက်ကိုဆန့်ထုတ်ကာ မိမိ၏နဖူးကို ထိတွေ့ကြည့်လိုက်ပြီးနောက် ရုတ်တရက် စကားပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်..."
"တကယ်ပဲ သတိပြန်ရလာတာလား..."
ချူချင်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။
"အဲဒါက ဘာပစ္စည်းလဲ..."
လျန့်ပေချန်းက ချူချင်းကို တစ်ချက်ကြည့်လိုက်ပြီး စကားလုံးသုံးလုံးကို ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
"ယမမင်းအမိန့်တော်..."
"ယမမင်းအမိန့်တော်လား..."
ချူချင်းက မျက်မှောင်ကြုတ်လိုက်၏။
"ငါက ယမမင်းဝိညာဉ်နှုတ်စာလွှာအကြောင်း ကြားဖူးတယ်... အဲဒါက အလွန်ဆန်းကြယ်တဲ့ သိုင်းပညာတစ်ခုပဲ... ဒီယမအမိန့်တော်ကရော ဘယ်လိုမျိုးလဲ..."
"ယမမင်းဝိညာဉ်နှုတ်စာလွှာ... ယမမင်းက သန်းခေါင်ယံမှာ လူကိုသေစေချင်ရင် ဘယ်သူကများ မိုးလင်းတဲ့အထိ အသက်ရှင်အောင် ထားရဲပါ့မလဲ..."
"ဒီသိုင်းပညာက သိုင်းလောကမှာ ကောလာဟလအချို့ရှိပေမဲ့ မြင်ဖူးတဲ့သူကတော့ မရှိသလောက်ပဲ... ဟုတ်ပါတယ်... မြင်ဖူးတဲ့သူတွေအားလုံးလည်း သေဆုံးသွားကြပြီလေ..."
လျန့်ပေချန်းက သူ၏ဦးခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က လူတစ်ယောက်က ငါ့ကို လာရှာခဲ့တယ်..."
"အဲဒီတုန်းက... ငါက တောင်ပေါ်မှာ အေးအေးလူလူနေထိုင်နေပြီး လောကီရေးရာတွေကို စိတ်မဝင်စားဘဲ ဇနီးနဲ့ကလေးတွေကို အဖော်ပြုပြီး ဒီဘဝကိုဖြတ်သန်းချင်ခဲ့တာ..."
"အဲဒီလူက ငါ့ကို သူ့ဆီခိုလှုံပြီး အမိန့်နာခံဖို့ ပြောခဲ့တယ်... မဟုတ်ရင် ငါအရမ်းနောင်တရလိမ့်မယ်လို့ ပြောခဲ့တယ်..."
"ငါက ကိုယ့်ကိုယ်ကိုအထင်ကြီးပြီး လောကမှာ ဘယ်သူမှ ငါ့လက်ထဲက သုံးပေရှည်တဲ့ ရတနာဓားကို မနှိမ်နင်းနိုင်ဘူးလို့ ထင်ခဲ့တာက တကယ်ရယ်စရာကောင်းလှတယ်... ဒါပေမဲ့ မထင်မှတ်ဘဲ တိုက်ပွဲတစ်ခုအပြီးမှာ ငါ့ရဲ့ခန္ဓာကိုယ်ထဲကို ဒီယမမင်းအမိန့်တော် စိုက်ထူခြင်းခံလိုက်ရတယ်..."
"ယမမင်းမှာ အမိန့်ရှိရင် သရဲတစ္ဆေအားလုံးက နာခံရမယ်..."
"ဒီယမမင်းအမိန့်တော်က ငါ့ဦးနှောက်ထဲမှာ အမြစ်တွယ်နေသလိုပဲ... ငါ့ကို လွတ်မြောက်ခွင့်မပေးဘဲ ငါ့ရဲ့ခန္ဓာကိုယ်ကို တစ်ခါတစ်လေ အဲဒီလူက ထိန်းချုပ်ပြီး ငါ့ကိုယ်ငါ အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်လောက်တဲ့အထိ ဆိုးယုတ်တဲ့လုပ်ရပ်တွေကို လုပ်ခိုင်းခဲ့တယ်..."
"ငါ့ရဲ့တစ်သက်တာ ဂုဏ်သတင်းတွေ ပျက်စီးသွားရုံတင်မကဘူး... ငါ့ဇနီးနဲ့သားသမီးတွေလည်း... ငါ့လက်ချက်နဲ့ပဲ သေဆုံးသွားခဲ့ရတယ်..."
သူသည် မိမိ၏လက်နှစ်ဖက်ကို ငေးကြည့်လိုက်ရာ မျက်ဝန်းတစ်စုံ၌ မုန်းတီးမှုများ မရှိတော့သကဲ့သို့ နာကျင်မှုများလည်း မရှိတော့ချေ။
ဗလာနတ္ထိဖြစ်နေသော ခံစားချက်များသာ ရှိတော့၏။
ချူချင်းက တိတ်ဆိတ်စွာ နားထောင်နေစဉ် လျန််ပေချန်းက ဆက်လက်ပြောကြားလေသည်။
"သူက ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားပေမဲ့ သူလုပ်သမျှအရာအားလုံးကို ငါက ရှင်းရှင်းလင်းလင်းမြင်နေရတယ်... ဒါပေမဲ့ ငါ ဘာမှမပြောင်းလဲနိုင်ခဲ့ဘူး..."
"သူက ငါ့ကို လောကမှာ လူတိုင်းရွံရှာမုန်းတီးကြတဲ့ မိစ္ဆာတစ်ကောင်ဖြစ်အောင် လုပ်ခဲ့တယ်..."
"ငါ သေချင်ပေမဲ့ သေလို့မရခဲ့ဘူး..."
"သိုင်းလောကက မိတ်ဆွေတွေရဲ့လက်နဲ့ ငါ့ကိုသတ်ခိုင်းချင်ခဲ့ပေမဲ့ သတ်ခံရတော့မဲ့အချိန်တိုင်း အဲဒီလူရဲ့ထိန်းချုပ်မှုကို ခံရပြီး... ဖမ်းဆီးမှုတွေကို အကြိမ်ကြိမ်ရှောင်လွှဲနိုင်ခဲ့တယ်..."
"တဖြည်းဖြည်းနဲ့ ငါလည်း လုံးဝ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်..."
"ယမမင်းအမိန့်တော်ကို ဖယ်ရှားပြီးပြီလား..."
ချူချင်းက မေးလိုက်၏။
"ဖယ်ရှားပြီးပြီ..."
လျန့်ပေချန်းက ပြုံး၍ ပြောလိုက်လေသည်။
"မင်းဘာမေးချင်လဲဆိုတာ ငါသိပါတယ်... ယမမင်းအမိန့်တော်ကို ဖယ်ရှားလိုက်တာနဲ့ ငါ့အသက်ကလည်း လမ်းဆုံးသွားပြီ..."
"ယမမင်းရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတော့တဲ့အတွက် ငါ့ရဲ့ဝိညာဉ်ကလည်း သဘာဝအတိုင်း ပျက်ပြယ်သွားတော့မှာ..."
ချူချင်းက တိတ်ဆိတ်သွား၏။
ယမမင်းအမိန့်တော်ကို ဖျက်ဆီးရန်မှာ အမှန်တကယ်တွင် မခက်ခဲလှပေ။ သတ်ဖြတ်လိုသော စိတ်ဆန္ဒဖြင့် ထိုအသားစိုင်ကို တိုက်ခိုက်ရန်သာ လိုအပ်ပေသည်။
၎င်းကို လုံးဝခြေမှုန်းလိုက်လျှင် ယမမင်းအမိန့်တော်ကိုဖယ်ရှားနိုင်မည် ဖြစ်၏။
ချူချင်းသိရှိထားသည်မှာ နန်လင်ဒေသ၊ တောင်ဘက်နယ်မြေတစ်ခုလုံးတွင် ဤယမမင်းအမိန့်တော်ကို ဖယ်ရှားပေးနိုင်သောသူများ မရှိသည်တော့ မဟုတ်ချေ။
သို့သော်လည်း... သူတို့ထဲမှအချို့မှာ လျန့်ပေချန်းအပေါ် သတ်ဖြတ်လိုသော စိတ်ဆန္ဒမရှိကြဘဲ အချို့ကမူ သူ့ကို ဤကဲ့သို့ မသေစေလိုကြချေ။
အချို့ကမူ မည်သို့ပင် ရှာဖွေစေကာမူ လျန့်ပေချန်းကိုရှာမတွေ့ကြခြင်း ဖြစ်၏။
ဤကဲ့သို့သောအတွေးများကိုမူ ကာယကံရှင်များမှလွဲ၍ မည်သူမျှသိနိုင်မည် မဟုတ်သဖြင့် ယခုအချိန်တွင် ပြောဆိုနေခြင်းမှာလည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
ချူချင်းက တိတ်ဆိတ်စွာသာ နေလိုက်၏။
လျန့်ပေချန်းကမူ သူ၏ခြေလက်များကို ဆန့်ထုတ်လိုက်ပြီး ချူချင်းကို ကြည့်လိုက်လေသည်။
"လူငယ်လေး... မင်းရဲ့အကူအညီကြောင့် ငါ ဒီတစ်ခဏတာ ကြည်လင်မှုကိုရရှိခဲ့တာ..."
"ဒီကျေးဇူးတရားကို ငါပြန်ဆပ်ဖို့ နည်းလမ်းမရှိပါဘူး..."
စကားဆုံးသည်နှင့် သူသည် လက်ညှိုးကို ဓားအဖြစ်အသုံးပြုကာ အပေါ်သို့မြှောက်လိုက်၏။
ဝှစ်ခနဲမြည်သံနှင့်အတူ ဘေးမှကြည့်ရှုနေကြသော သိုင်းသမားများထဲမှ ဓားသမားတစ်ဦးမှာ မိမိ၏လက်ထဲရှိ ရတနာဓားမှာ ဓားအိမ်မှ အလိုအလျောက်ထွက်ပေါ်သွားပြီး ကြယ်ကြွေတစ်ပွင့်ကဲ့သို့ လျင်မြန်စွာ ပျံသန်းကာ မျက်စိတစ်မှိတ်အတွင်း လျန့်ပေချန်း၏လက်ထဲသို့ ရောက်ရှိသွားသည်ကို မြင်တွေ့လိုက်ရလေသည်။
လက်ထဲတွင် ဓားကိုကိုင်ဆောင်ထားသော လျန့်ပေချန်း၏အရှိန်အဝါမှာ ချက်ချင်းပင် ပြောင်းလဲသွား၏။
ထိုမရေမရာဖြစ်နေသော ခံစားချက်များမှာ ချက်ချင်းပင် ကွယ်ပျောက်သွားချေပြီ။
ခမ်းနားထည်ဝါလှသော အရှိန်အဝါများ ထွက်ပေါ်လာပြီး လျန့်ပေချန်းက ထိုဓားသမားကို ပြောလိုက်လေသည်။
"ဓားကို ခဏလောက် ငှားသုံးပါရစေ..."
ထိုဓားသမားက လက်နှစ်ဖက်ကို အလျင်အမြန် ဆုပ်ကိုင်ကာ အရိုအသေပေးလိုက်၏။
"ကျေးဇူးတင်ပါတယ်..."
ဤစကားမှာ အဓိပ္ပာယ်မရှိသကဲ့သို့ရှိသော်လည်း လျန့်ပေချန်းသည် အရူးသူတောင်းစားဟူသော အမည်ဖြင့် သိုင်းလောကတွင် နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် လူအများ၏ရွံရှာမုန်းတီးမှုကို ခံခဲ့ရသော်လည်း။
သူတို့ရွံရှာကြသည်မှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်က ထိုက်ဟန်၏နံပါတ်တစ်ဓားသမားကို မဟုတ်ချေ။
ဤသိုင်းလောကတွင် ဓားသိုင်းကို ကျင့်ကြံကြသူများထဲမှ လျန့်ပေချန်းဟူသောအမည်ကို ကြားဖူးကြသူ မည်မျှပင် များပြားလှသနည်း။
လွန်ခဲ့သောအနှစ်နှစ်ဆယ်က လျန့်ပေချန်းကဲ့သို့ တောက်ပချင်သောသူ မည်မျှများလိုက်သနည်း။
ယခုအခါ လျန့်ပေချန်းက မိမိ၏ဓားကို ငှားရမ်းအသုံးပြုသည်ကို မြင်တွေ့ရသဖြင့် ကြီးမားလှသောဂုဏ်ယူမှုကို ခံစားလိုက်ရခြင်း ဖြစ်၏။
ဤကျေးဇူးတင်စကားမှာ ဦးနှောက်ထဲတွင်မစဉ်းစားဘဲ တိုက်ရိုက်ထွက်ပေါ်လာခြင်းပင်။
လျန့်ပေချန်းက အနည်းငယ်ပြုံးလိုက်ပြီး ချူချင်းကို ကြည့်လိုက်လေသည်။
"အဆင်သင့် ဖြစ်ပြီလား..."
ချူချင်းက ဓားကိုမြှောက်လိုက်ပြီး ဓားဦးကို ရှေ့သို့ညွှန်ပြလိုက်၏။
"အဆင်သင့်ပဲ..."
ဤတိုက်ပွဲမှာ မပြီးဆုံးသေးဘဲ ယခုအချိန်တွင် ပြန်လည်စတင်လိုက်ချေပြီ။
လျန့်ပေချန်းက ဓားကို ရင်ဘတ်တွင်ထောင်မတ်ထားပြီး ဓားဦးကို ကောင်းကင်သို့ညွှန်ပြကာ ဘယ်ဘက်လက်ညှိုးနှင့် လက်ခလယ်တို့ကို ဓားကိုယ်ထည်ပေါ်တွင် ညင်သာစွာ ပွတ်သပ်လိုက်လေသည်။
သူ၏မျက်ဝန်းများ ထက်မြက်သွားပြီး ဝှစ်ခနဲမြည်သံ ထွက်ပေါ်လာ၏။
ဓားရည်ရွယ်ချက်များမှာ မမြင်ရသော လေဟာနယ်ထဲတွင် စီးဆင်းသွားပြီး ဤအခိုက်အတန့်၌ ကောင်းကင်နှင့်မြေကမ္ဘာအကြားတွင် ဓားတစ်စင်းတည်းသာ ရှိတော့သကဲ့သို့ ခံစားရလေသည်။
မျက်စိတစ်မှိတ်အတွင်း၌ ထက်မြက်သော အရှိန်အဝါမှာ ရှေ့တည့်တည့်သို့ ရောက်ရှိလာပြီး ဓားချက်တစ်ချက်တည်းဖြင့် ကောင်းကင်နှင့်မြေကြီးကို ခွဲထုတ်လိုက်သကဲ့သို့ပင်။
ချူချင်းက ဓားကိုမြှောက်လိုက်ရာ တစ်ခဏချင်းအတွင်း ဓားချင်းထိခတ်မိသံ ခုနစ်ကြိမ် ဆက်တိုက်ထွက်ပေါ်လာ၏။
"ကောင်းတယ်..."
လျန့်ပေချန်း၏မျက်ဝန်းတစ်စုံ၌ တောက်ပလင်းလက်သွားပြီး လွန်ခဲ့သောအနှစ်နှစ်ဆယ်က စိတ်အားထက်သန်မှုများ ပြန်လည်ရောက်ရှိလာသကဲ့သို့ပင် ရှိချေသည်။
သူသည် ဓားကိုဝှေ့ယမ်းရင်း ပြောလိုက်လေသည်။
"ဒီသိုင်းပညာက ငါက ထိုက်ဟန်ခုနစ်ထွေဓားသိုင်းကို အခြေခံပြီး ကိုယ်တိုင်ဖန်တီးထားတဲ့ ခုနစ်ချက်ပြတ် ခုနစ်လှည့် ခုနစ်ထွေဒဏ်ရာဓားသိုင်းပဲ..."
"ဒီဓားသိုင်းမှာ အတွင်းနဲ့အပြင်ဆိုပြီး ကွဲပြားမှုရှိတယ်... ခုနစ်ချက်ပြတ်က အပြင်ဘက်မှာ ရှိပြီး ခုနစ်ထွေဒဏ်ရာက အတွင်းပိုင်းမှာ ရှိတာ..."
"ခုနစ်လှည့်ကတော့ ဓားစွမ်းအင်တွေအကြားမှာ စီးဆင်းနေတာ..."
သူပြောသောဓားစွမ်းအင်မှာ တိုက်ပွဲအတွင်း ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်မဟုတ်ဘဲ ဓားသိုင်းနှင့်အတွင်းအား ဖြစ်၏။
ခုနစ်လှည့်နှင့် ပေါင်းစပ်ထားသည်မှာ ဓားသိုင်းနှင့် အတွင်းအားတို့၏ သက်ဆိုင်ရာပြောင်းလဲမှုများ ဖြစ်ပြီး ၎င်းတို့အကြား ချိတ်ဆက်မှုအဖြစ် လုပ်ဆောင်ပေးလေသည်။
ချူချင်းသည် မိစ္ဆာနှင်ဓားသိုင်းဖြင့် တန်ပြန်တိုက်ခိုက်လိုက်သော်လည်း ပြိုင်ဘက်၏ဓားချက်တိုင်းတွင် မတူညီသော စွမ်းအားခုနစ်မျိုး ပါဝင်နေသည်ကို ခံစားလိုက်ရ၏။
အချို့က လေးလံပြီး၊ အချို့က ပေါ့ပါးကာ၊ အချို့က လည်ပတ်နေပြီး၊ အချို့က လျင်မြန်ကာ၊ အချို့က ကွဲပြားပြီး၊ အချို့က ပေါင်းစပ်ကာ၊ အချို့က သာမန်ပင်ဖြစ်၏။
"ခုနစ်ချက်ပြတ်က ဓားအရှိန်အဝါဖြစ်ပြီး အပေါ်က ကြယ်တာရာခုနစ်ပွင့်နဲ့ကိုက်ညီသလို ထိုက်ဟန်ဓားခုနစ်လက်ရဲ့အခြေခံလည်း ဖြစ်တယ်..."
"ထျန်းရှူးက ရက်စက်သည်၊ ထျန်းရွှမ်းက လေးလံသည်၊ ထျန်းကျီးက ဖုံးကွယ်သည်၊ ထျန်းချွမ်က ယဉ်ကျေးသည်၊ ယွီဟန်က စိမ်းလန်းသည်၊ ခိုင်ယန်က ကြမ်းကြုတ်သည်၊ ယောင်ကွမ်းက အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ထိန်းချုပ်သည်..."
လင်ပေ့ချန်က ပြောရင်းနှင့် ခုနစ်အစွမ်းဓားအရှိန်အဝါများကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ပြသလိုက်လေသည်။
တစ်ခဏချင်းအတွင်း ကောင်းကင်အနှံ့ ဓားစွမ်းအင်များမှာ လှုပ်ရှားသွားပြီး ဤဓားစွမ်းအင်များမှာလည်း တစ်ခုနှင့်တစ်ခု မတူညီကြချေ။
သို့သော်လည်း ဓားအရှိန်အဝါခုနစ်မျိုးနှင့် စွမ်းအားခုနစ်မျိုးတို့ ပေါင်းစပ်ထားသော အပြောင်းအလဲများမှာ ရိုးရှင်းသောပေါင်းခြင်း သို့မဟုတ် မြှောက်ခြင်းဖြင့် ဖော်ပြနိုင်သည်ထက် များစွာပိုမိုဆန်းပြားလှပေသည်။
ဤဓားသိုင်းမှာ ဓားပညာ၏အဆုံးစွန်အထိ ရောက်ရှိသည်ဟု မပြောနိုင်သော်လည်း ခမ်းနားထည်ဝါလှပြီး ကောင်းကင်အနှံ့ ကြယ်တာရာများကို ထင်ဟပ်နေသော မြင့်မားလှသော တောင်တန်းကြီးတစ်ခုကဲ့သို့ရှိသဖြင့် လူကို အံ့အားသင့်စွာ မော့ကြည့်ရလောက်အောင် ဖြစ်စေ၏။
လောကတွင် ဤကဲ့သို့သော ဆန်းကြယ်လှသော သိုင်းပညာမျိုး အမှန်တကယ်ရှိနေပေသည်။
တိုက်ခိုက်မှု ပိုမိုပြင်းထန်လာလေ၊ လွန်ခဲ့သောအနှစ်နှစ်ဆယ်က လျန့်ပေချန်း မည်မျှအထိ စိတ်အားထက်သန်ခဲ့သည်ကို ချူချင်းပိုမိုသိရှိလာလေ ဖြစ်၏။
သူ၏မိစ္ဆာနှင်ဓားသိုင်းမှာ အခြေခံအဆင့်တွင်သာရှိနေသေးသဖြင့် ဤကဲ့သို့သော အလျင်စလိုတိုက်ခိုက်မှုအတွင်း တိုက်ကွက်များအရ သူသည် အားနည်းသည့် အနေအထားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
သို့သော်လည်း လျန့်ပေချန်းက တိုက်ကွက်များကို သင်ကြားပေးနေသကဲ့သို့ အပြောင်းအလဲများကို ချူချင်း၏ဓားအရှိန်အဝါထဲသို့ အတင်းအကျပ် ထည့်သွင်းပေးနေလေသည်။
ထို့ကြောင့် ချူချင်းသည် သူနှင့်ပိုမိုတိုက်ခိုက်လေ၊ ဓားသိုင်းကျွမ်းကျင်မှုမှာ ပိုမိုမြင့်မားလာလေ ဖြစ်၏။
တိုက်ပွဲ အထွတ်အထိပ်သို့ ရောက်ရှိလာချိန်တွင်မူ ချူချင်းသည် ဓားသိုင်းအပြောင်းအလဲများထဲတွင်သာ ပိတ်မိမနေတော့ဘဲ လက်သီးသိုင်းနှင့် လက်ဝါးသိုင်းများကိုပါ တစ်ခါတရံထုတ်သုံးကာ ဓားအရှိန်အဝါနှင့် ပေါင်းစပ်လိုက်ရာ ပြင်းထန်လှသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာလေသည်။
နှစ်ဦးလုံးတိုက်ခိုက်နေကြစဉ် ဓားအလင်းတန်းနှင့် ဓားစွမ်းအင်တို့မှာ အတူတောက်ပနေပြီး အရှိန်အဝါများမှာ အရပ်ရှစ်မျက်နှာလုံးသို့ ပျံ့နှံ့သွား၏။
လျန့်ပေချန်း၏မျက်ဝန်းတစ်စုံ၌ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ကောင်းတယ်... အားရစရာကောင်းလိုက်တာ…”