အခန်း ၅၅၂
Vol. 56 Ch. 552
အခန်း (၅၅၂)
“အရှင်မင် ကျဆုံးသွားပြီ”
“အရှင်မင် ကျဆုံးသွားပြီ”
“…”
မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်မှ တပည့်များ အရှင်မင် ကျဆုံးသွားသည်ကို မြင်တော့ မှင်တက်သွားကြပြီး ထိတ်လန့်တကြား အော်ဟစ်ကာ အချို့သည် ပျာပျာသလဲပင် ထွက်ပြေးသွားကြ၏။
နျဲ့ရှို့ယွမ်နှင့် အခြားသူများ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်မှ တပည့်များကို မတိုက်ခိုက်ကြချေ။သူတို့သည် မြင့်မြတ်နယ်မြေများ၏ တပည့်များဖြစ်ကြသဖြင့် အားနည်းသူများကို တိုက်ခိုက်ခြင်းက သူတို့ပုံစံမဟုတ်ပေ။
အကြီးအကဲဟွမ် ရှေ့သို့ အလျင်အမြန်လှမ်းလာပြီး နျဲ့ရှို့ယွမ်ကို လက်သီးဆုပ်ကာ ပြောလိုက်၏။
“ကူညီပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုနျဲ့”
နျဲ့ရှို့ယွမ် သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “အဘိုးကြီးဟွမ် မင်း ဘာလို့ ငါ့ကို ဒီလောက် ယဉ်ကျေးနေရတာလဲ။ ငါ့မှာ ဝိုင်ရှိတယ်။ အရင်ဆုံး သွားပြီး ဝိုင်သောက်ကြတာပေါ့”
၎င်းကို ကြားတော့ အကြီးအကဲဟွမ်၏ မျက်နှာတွင် ချက်ချင်းပင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာ၏။
သူ နျဲ့ရှို့ယွမ်နှင့် ဆယ်စုနှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်သွားပြီးနောက် သူ့ကို မိတ်ဆွေတစ်ဦးအဖြစ် မမှတ်ယူတော့ဘူးဟု ထင်နေခဲ့ခြင်း ဖြစ်ပေသည်။
သူ ယခင်အတိုင်း ရှိနေလိမ့်မည်ဟုတော့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။
“ကောင်းပြီ။ ဒီညတော့ မမူးရင် မပြန်ကြေးပဲ”
သူတို့ပြောရင်း ဝမ်တောက်ကျောင်းတော်မှ တပည့်များကို ဦးဆောင်ကာ လှည့်ထွက်သွားကြသည်။
သူတို့ အဝေးသို့ ရောက်သွားပြီးမှသာ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်မှ တပည့်များသည် ဤကိစ္စကို အိမ်ရှေ့မင်းသားထံသို့ သတင်းပို့ရန် ရည်ရွယ်လျက် တိုက်ပွဲမြေပြင်မှ ထွက်ခွာသွားကြ၏။
ဤနေရာတွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် ပိုင်ယုတောင်တစ်ဝိုက်သို့ အလျင်အမြန် ပြန့်နှံ့သွားသည်။
ကျင့်ကြံသူတစ်စု နျဲ့ရှို့ယွမ်အကြောင်းကို စတင် ဆွေးနွေးလာကြ၏။
မည်သို့ပင်ဆိုစေ နျဲ့ရှို့ယွမ်သည် လောကကြီးရှေ့တွင် သူ့ခွန်အားကို တစ်ခါမျှ ထုတ်မပြဖူးသလို ကျော်ကြားမှုလည်း မရှိချေ။
မကြာမီ သတင်းအချက်အလက်ပေါများသော ကျင့်ကြံသူအချို့ နျဲ့ရှို့ယွမ်၏ ဘဝဇာတ်ကြောင်းကို စုံစမ်းစစ်ဆေးကြ၏။
နျဲ့ရှို့ယွမ်သည် မဟာပဏ္ဍိတမိုးမြေ၏ မျက်နှာသာပေးခံရသော တပည့်များထဲမှ တစ်ဦးဖြစ်ကြောင်း သိလိုက်ရတော့ လူအများအပြား ဝမ်တောက်ကျောင်းတော်နှင့် မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်တို့ကြား ထိပ်တိုက်ရင်ဆိုင်မှုကို မျှော်လင့်စောင့်စားလာကြသည်။
မည်သို့ပင်ဆိုစေ လွန်ခဲ့သောနှစ်အနည်းငယ်က မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်သည် မဟာပဏ္ဍိတမိုးမြေ၏ လက်ချက်ဖြင့် ကြီးမားသော အရှုံးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရဖူး၏။
သူတို့ မဟာပဏ္ဍိတမိုးမြေကို ဆက်လက် ပစ်မှတ်မထားကြသော်လည်း ၎င်းက မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်သည် ဤအတိုင်း လွှတ်ထားလိုက်မည်ဟု အဓိပ္ပာယ်မရပေ။
တောင်ကုန်းလေးပေါ်တွင် မီးပုံများ လင်းလက်နေ၏။
ဝမ်တောက်ကျောင်းတော်တပည့်များ၏ ညစောင့်ကင်းလှည့်နေသော တပည့်များမှလွဲ၍ လူတိုင်း ဤနေရာတွင် စခန်းချထားကြသည်။
ကျန်ရှိနေသော တပည့်များကမူ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ စုရုံးကာ အေးအေးလူလူ စကားပြောနေကြ၏။
ပင်မတဲအတွင်း၌
နျဲ့ရှို့ယွမ် ပင်မနေရာတွင် ထိုင်နေပြီး လူတိုင်းနှင့်အတူ ပျော်ရွှင်စွာ ဝိုင်သောက်နေ၏။
ဝိုင်သုံးခွက် သောက်ပြီးနောက် နျဲ့ရှို့ယွမ် မေးမြန်းလိုက်သည်။
“အဘိုးကြီးဟွမ် မင်းနဲ့ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်က အရှင်မင်ဆိုတဲ့လူနဲ့ အရင်က ရန်ငြိုးတွေ ရှိခဲ့ဖူးလို့လား”
အကြီးအကဲဟွမ် ခေါင်းခါလိုက်၏။
“ဘာရန်ငြိုးမှ မရှိပါဘူး။ ဒီတစ်ကြိမ် သူတို့ ကျုပ်တို့ ဝမ်တောက်ကျောင်းတော်ကို သိသိသာသာကြီး ပစ်မှတ်ထားလာတာ။ ပြီးတော့ ဒီနေ့လည်း အဲဒီအဘိုးကြီးက အရင်ပြဿနာရှာတာ”
“ဪ”
၎င်းကို ကြားတော့ နျဲ့ရှို့ယွမ်၏ မူးဝေနေသော မျက်ဝန်းများထဲတွင် ထက်ရှသော အရောင်တစ်ချက် လင်းလက်သွားသည်။
သူ ငတုံးမဟုတ်သဖြင့် မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက် သူတို့ ဝမ်တောက်ကျောင်းတော်တပည့်များကို ပြဿနာရှာနေသည့် အကြောင်းရင်းအား ချက်ချင်းပင် နားလည်သွား၏။
သူတို့ ယခင်က မြောက်ပိုင်းချောက်နက်တွင် ဖြစ်ပွားခဲ့သော ကိစ္စအတွက် ကလဲ့စားချေချင်နေကြခြင်း ဖြစ်ပေလိမ့်မည်။
သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွား၏။ “ဒီတစ်ကြိမ် ပိုင်ယုတောင် ခရီးစဉ်က ငါတို့အတွက် အများကြီး ပျော်စရာကောင်းလာမဲ့ပုံပဲ”
အကြီးအကဲဟွမ် စကားဆိုလိုက်သည်။ “ဒါပေမဲ့ မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်ရဲ့ အိမ်ရှေ့မင်းသား ကိုယ်တိုင် ရောက်နေတာလေ။ သူကလည်း မဟာပဏ္ဍိတတစ်ပါးပဲ။ ကျုပ်တို့ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရင် အသာစီးရဖို့ မလွယ်လောက်ဘူး”
“မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်ရဲ့ အိမ်ရှေ့မင်းသားက မဟာပဏ္ဍိတ ဖြစ်နေတာဘယ်လောက်ကြာပြီလဲ”
နျဲ့ရှို့ယွမ် ဂရုမစိုက်ဟန်ဖြင့် မေးလိုက်၏။
“နှစ်တစ်ရာကျော် ရှိပြီ”
အကြီးအကဲဟွမ် ဆက်ပြောလိုက်သည်။
“အိမ်ရှေ့မင်းသားက မဟာပဏ္ဍိတတစ်ပါး ဖြစ်လာလို့ပဲ သူ့နေရာကို တရားဝင်ရလာခဲ့တာ”
“နှစ်တစ်ရာကျော် ဟုတ်လား”
နျဲ့ရှို့ယွမ်၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ “ဒါဆိုရင် သူ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ”
၎င်းကို ကြားတော့ အကြီးအကဲဟွမ်၏ မျက်နှာတွင် အံ့အားသင့်မှုနှင့် ထိတ်လန့်မှုများ ပေါ်လာပြီး သူ အလိုအလျောက် မေးမြန်းလိုက်သည်။
“စီနီယာအစ်ကိုနျဲ့ ခင်ဗျားလည်း တာအိုအနှစ်သာရကို နားလည်သဘောပေါက်သွားပြီလား”
“အမှန်ပဲ”
နျဲ့ရှို့ယွမ် ပြုံးကာ ပြောလိုက်၏။ “ငါနဲ့ မြောက်ပိုင်းချောက်နက် အိမ်ရှေ့မင်းသားကြားထဲမှာ ဘယ်သူက တာအိုအနှစ်သာရအပေါ် ပိုပြီး နားလည်ထားလဲဆိုတာကိုပဲ မသိတာ”
၎င်းအဖြေကို ကြားတော့ အကြီးအကဲဟွမ် ပင့်သက်ရှိုက်လိုက်မိပြီး သူ့မျက်လုံးများထဲတွင် အားကျမှုများဖြင့် ပြည့်နှက်သွားသည်။
အကယ်၍ သူသာ နှစ်အနည်းငယ်လောက် ပို၍ ငယ်ရွယ်ခဲ့ပါက သူသည်လည်း မဟာပဏ္ဍိတမိုးမြေ၏ တပည့်အဖြစ် ဝင်ရောက်ခဲ့မိပေလိမ့်မည်။
လူတိုင်း ဝိုင်သောက်ကာ ပျော်ရွှင်နေကြစဉ်၊
ပိုင်ယုတောင်၏ အရှေ့ဘက်ခြမ်း တောင်ကြားတစ်ခုအတွင်း၌
မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်၏ စစ်တပ်က တင်းကျပ်စွာ စခန်းချထားပြီး မည်သည့်ကျင့်ကြံသူကိုမျှ တောင်ကြားအနီးသို့ ချဉ်းကပ်ခွင့် မပြုထားချေ။
ပင်မတဲစခန်းအတွင်း၌ လှုပ်ရှားမှုတိုင်းတွင် ခမ်းနားထည်ဝါပြီး ချဉ်းကပ်ရခက်သော အရှိန်အဝါကို ထုတ်လွှတ်နေသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦး သူ့လက်အောက်ငယ်သားများ တင်ပြချက်ကို နားထောင်ရင်း သူ့အမူအရာက လေးနက်လာသည်။
“နျဲ့ရှို့ယွမ်”
ထိုသက်လတ်ပိုင်းအမျိုးသား တီးတိုးရေရွတ်လိုက်၏။
“ဒီကောင် နောက်ဆုံးတော့ လှုပ်ရှားလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူ ရှောင်ချန်းနဲ့ ချောင်ရို့ချန်တို့ထက် ပိုပြီး သန်မာမလားမသိဘူး”
ထိုသက်လတ်ပိုင်းအမျိုးသား၏ ဘေးတွင် ရပ်နေသော အဘိုးအိုတစ်ဦး စကားဆိုလာသည်။
“အရှင်မင်းသား နျဲ့ရှို့ယွမ်က သာမန် နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ။ အရှင်မင်းသား ကိုယ်တိုင် လှုပ်ရှားနေဖို့ မလိုပါဘူး။ အချိန်ကျလာရင် ဒီအဘိုးကြီးကပဲ သူ့ကို နှိမ်နင်းပေးပါ့မယ်”
“မိုက်မဲလိုက်တာ”
မြောက်ပိုင်းချောက်နက်၏ အိမ်ရှေ့မင်းသား တင်းမာစွာ ကြိမ်းမောင်းလိုက်၏။
“နျဲ့ရှို့ယွမ်က မဟာပဏ္ဍိတမိုးမြေရဲ့ တိုက်ရိုက်တပည့်တွေထဲက တစ်ဦးပဲ။ သူ လောကကြီးရှေ့မှာ တစ်ခါပဲ လှုပ်ရှားရသေးပေမဲ့ သူက မသန်မာဘူးလို့ ပြောမရဘူး။ သူ့ကို သေသေချာချာလေး လျှို့ဝှက်နေတယ် ပြောရမယ်”
“ဒီတစ်ကြိမ် ပိုင်ယုတောင်ခရီးစဉ်က အခွင့်အရေးတစ်ခုအတွက်တင် မဟုတ်လောက်ဘူး။ ပြီးတော့ သူ့ဆီမှာ မဟာပဏ္ဍိတမိုးမြေရဲ့ ရတနာလည်း ပါလာသေးတယ်။ မင်းရဲ့ မြင့်မြတ်ရတနာက မင်းကို ကာကွယ်ပေးနိုင်မယ်သေချာလို့လား”
၎င်းကို ကြားတော့ အဘိုးအို ချက်ချင်းပင် ဒူးထောက်ပြီး ပြောလိုက်သည်။ “ဒီအမတ်အို ဉာဏ်ထိုင်းသွားခဲ့ပါတယ်။ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ အရှင်မင်းသား ကျွန်တော်တို့ ဘယ်လို ပြင်ဆင်ရမလဲ”
မြောက်ပိုင်းချောက်နက်၏ အိမ်ရှေ့မင်းသား ပြုံးကာ ပြောလိုက်၏။
“စစ်မှန်တဲ့ စွမ်းအားရှေ့မှာတော့ အစီအစဉ်တွေနဲ့ လှည့်ကွက်တွေ အားလုံးက လွင့်မျောနေတဲ့ တိမ်တိုက်တွေလိုပဲ။ ငါတို့ ပိုင်ယုတောင်ထဲဝင်တာနဲ့ သူတို့နဲ့ သေချာပေါက် ဆုံလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါတို့ ရိုးရိုးသားသားပဲ ထိပ်တိုက်ရင်ဆိုင်ကြတာပေါ့”
၎င်းကို ကြားတော့ ထိုနေရာရှိ လူတိုင်း ထူးဆန်းသော အမူအရာများကို ပြသလာကြသည်။
မည်သူကမျှ ရှေ့သို့ထွက်၍ အကြံမပေးရဲကြသဖြင့် သူတို့အားလုံး ခေါင်းငုံ့ကာ စကားဆက်မပြောကြတော့ချေ။
အိမ်ရှေ့မင်းသားသည် အမှန်တကယ်ကို အလွန်ရှေးရိုးဆန်လွန်းပြီး အမြဲတမ်း စစ်အင်အားသုံးရန်သာ စဉ်းစားကာ နိုင်ငံရေး လှည့်ကွက်များကို လုံးဝ နားမလည်ချေ။
အကယ်၍ သူသာ လုံလောက်အောင် မသန်မာခဲ့ပါက အိမ်ရှေ့မင်းသား နေရာမှ ဖယ်ရှားခံရသည်မှာ ကြာလှပြီ ဖြစ်ပေလိမ့်မည်။
မည်သူမျှ စကားမပြောသည်ကို မြင်တော့ မြောက်ပိုင်းချောက်နက်၏ အိမ်ရှေ့မင်းသား သူ့စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။
‘မြေခွေးအိုကြီးတွေ မင်းတို့ ဒီအိမ်ရှေ့မင်းသားကို တကယ်ပဲ ဦးနှောက်မပါတဲ့လူလို့ ထင်နေတာလား။ ဒါတွေအားလုံးက မင်းတို့ကို ပြဖို့ ဟန်ဆောင်နေတာ သက်သက်ပဲ’
သူ စိတ်ထဲတွင် ထိုသို့ တွေးလိုက်သော်လည်း အပြင်ပန်းတွင်မူ ပြောလိုက်၏။
“မင်းတို့အားလုံး မကန့်ကွက်ကြမှတော့ ဒီကိစ္စကို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်။ အင်မော်တယ်တောင် မပွင့်ခင်အထိ ဝမ်တောက်ကျောင်းတော်ကို ဘယ်သူမှ ထပ်ပြီး ပြဿနာ မရှာစေနဲ့”
“နားလည်ပါပြီ”
လူတိုင်း တညီတညွတ်တည်း ပြန်ဖြေကြားလိုက်ကြသည်။
နောက်ရက်များတွင် အင်အားစုနှစ်ခုကြား၌ မည်သည့် ပွတ်တိုက်မှုမျှ မဖြစ်ပွားသဖြင့် အင်အားစုငယ်အချို့ကို အထူးတလည် အံ့အားသင့်သွားစေ၏။
မည်သို့ပင်ဆိုစေ သူတို့အမြင်တွင် မြင့်မြတ်နယ်မြေများသည် သူတို့ဂုဏ်သိက္ခာကို အလွန်အမင်း ဂရုစိုက်ကြသည်။
ယခု မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက် ဤမျှ ကြီးမားသော အရှုံးနှင့် ရင်ဆိုင်ခဲ့ရသော်လည်း သူတို့လျစ်လျူရှုထားမှုသည် ပုံမှန် မဟုတ်လွန်းပေ။
ထို့ကြောင့် လူအများအပြား ၎င်းသည် မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်က စွမ်းအားများကို စုဆောင်းနေခြင်း ဖြစ်နိုင်သည်ဟု တိတ်တဆိတ် ထင်ကြေးပေးကြသည်။
အချိန် ကုန်လွန်သွားသည်နှင့်အမျှ မြင့်မြတ်နယ်မြေများသည်လည်း တရုံးရုံး ရောက်ရှိလာကြပြီး ပိုင်ယုတောင်ပတ်လည်တွင် စခန်းများချကာ တောင်ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
ဝမ်ပေါင်လဲ့နှင့် အခြားသူများ ပိုင်ယုတောင်အပြင်ဘက်သို့ ရောက်ရှိပြီး လဝက်အကြာတွင် ပိုင်ယုတောင်သည် နောက်ဆုံး၌ အပြည့်အဝ ပွင့်လာခဲ့သည်။
ယနေ့ နံနက်စောစောတွင် နေမင်းကြီး ထွက်ပေါ်လာခဲ့၏။
နေရောင်ခြည် တစ်ချက် ပိုင်ယုတောင်အပေါ်သို့ ကျရောက်သွားပြီး ရုတ်တရက် ပိုင်ယုတောင်ကို ဖုံးလွှမ်းထားသော အလင်းတန်းသည် ခရမ်းရွှေရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
စူးရှသောအင်မော်တယ်အလင်းတန်းသည် ချက်ချင်းပင် တောက်ပလာကာ ကောင်းကင်ယံသို့ ပျံတက်သွားသောကြောင့် နေရောင်ခြည်ကိုပင် လွှမ်းမိုးသွားပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်တစ်ခုလုံးကို ခရမ်းရွှေရောင် ဆေးချယ်လိုက်၏။
လီတစ်သောင်း ပတ်လည်အတွင်းရှိ ကျင့်ကြံသူ အားလုံး ထိုကောင်းကင်ထူးခြားဖြစ်စဉ်ကို မျက်မြင်တွေ့လိုက်ကြရသည်။
လူအုပ်ကြီးထဲမှ အတွေ့အကြုံများပြီး အသိပညာ ကြွယ်ဝသူအချို့ အံ့အားသင့်စွာ အော်ဟစ်လိုက်ကြ၏။
“ပိုင်ယုတောင် ပွင့်ပြီ”
“ပိုင်ယုတောင် ပွင့်ပြီ”
“…”