← Chapters

အခန်း ၅၅၈

Vol. 56 Ch. 558

အခန်း ၅၅၈

Vol. 56 Ch. 558

အခန်း (၅၅၈)

ပိုင်ယုတောင်အထက်၌

ကြောက်မက်ဖွယ်ဓမ္မရုပ်တုနှစ်ခု အဝေးမှနေ၍ ထိပ်တိုက်ရင်ဆိုင်နေကြပြီး ကြောက်မက်ဖွယ်ဖိအားများသည် ပိုင်ယုတောင်ပေါ်ရှိ ကျင့်ကြံသူအားလုံး၏ အကြည့်များကို ဆွဲဆောင်သွားသည်။

“အရှင်မင်းသား ဝမ်ချင်းသူတော်စင်မလေးနဲ့ တိုက်ခိုက်နေတဲ့ မဟာပဏ္ဍိတက ဘယ်သူလဲ။ ဘာလို့ ဒီလူက ကျွန်တော်တို့ ရထားတဲ့အချက်အလက်တွေထဲမှာ မပါတာလဲ”

နဂါးနက်စစ်တပ်မှ စစ်သူကြီးတစ်ဦး ၎င်းကို မြင်တော့ သူ့အမူအရာ လေးနက်သွား၏။

မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသား တိုးညှင်းစွာ ပြောလိုက်သည်။ “အဲဒါ နျဲ့ရှို့ယွမ်ပဲ။ ဒီကောင်က ရှောင်ချန်းနဲ့ ချောင်ရို့ချန်တို့ထက် အားမနည်းဘူး။ ဒီတစ်ကြိမ် ပိုင်ယုတောင်ခရီးစဉ်က သိပ်ပြီး မပျင်းရတော့ဘူး”

မဟာမိုးကြိုးကျောင်းတော်စခန်းအတွင်း၌

ရွှေပိုးဟပ်ဗုဒ္ဓ ကောင်းကင်ယံတွင် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြသော ထိုနှစ်ဦးကို ကြည့်ကာ ရေရွတ်လိုက်သည်။ “အော်မီထောဖော ဒီတာအိုရောင်းရင်းနှစ်ယောက်က အရမ်း ဒေါသကြီးလွန်းတယ်။ သဘောထားကွဲလွဲမှုလေးတစ်ခုနဲ့ တိုက်ပွဲကြီးတစ်ခုကို စတင်လိုက်ကြတာပဲ”

သူ့ဘေးရှိ ဘုန်းကြီးများ ၎င်းကိုကြားတော့ သူ့ကို တားဆီးရန် အလျင်အမြန် စကားဆိုလိုက်ကြ၏။

“ဗုဒ္ဓသားတော် အရှင် ဝင်စွက်ဖက်ပြီး ဒီနှစ်ယောက်ကို ရပ်ခိုင်းမှာတော့ မဟုတ်ပါဘူးနော်”

၎င်းကို ကြားတော့ ပတ်ဝန်းကျင်ရှိ ဘုန်းကြီးများသည်လည်း ရွှေပိုးဟပ်ဗုဒ္ဓကို သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ဗုဒ္ဓသားတော်သည် ယခင်က ဤကဲ့သို့ကိစ္စမျိုးကို လုပ်ဖူးသည်။ သူသည် အခြားသူများကို ဓမ္မဖြင့် တရားချမည်ဟု ဟစ်ကြွေးသော်လည်း တကယ်တမ်းတွင် နှစ်ဖက်လုံးကို သူ့ထူးခြားသည့် ခွန်အားဖြင့် ဖိနှိပ်ကာ ဆက်မတိုက်ခိုက်နိုင်အောင် လုပ်ဆောင်၏။

ရွှေပိုးဟပ်ဗုဒ္ဓ ထိုဘုန်းကြီးကို ငတုံးတစ်ယောက်အလား ကြည့်လိုက်သည်။

“ငါ့လည်ပင်းမှာ ဗောဓိပင် ပေါက်နေတယ်လို့များ ထင်နေတာလား။ ဒီနှစ်ယောက်ရဲ့ ခွန်အားက ငါ့ထက် မနိမ့်ကျဘူး။ သွားဖြောင်းဖြရင် ကုသိုလ်ရမှာမဟုတ်တဲ့အပြင် အပြင်းအထန် အရိုက်ခံရလိမ့်မယ်”

“…”

ဘုန်းကြီးများ ဆွံ့အသွားကြ၏။ ဗုဒ္ဓသားတော်သည် ခွန်အားအပေါ် မူတည်၍ မည်သူ့ကို ဖျောင်းဖျရမည်အား ရွေးချယ်ခြင်း ဖြစ်ကြောင်း သဘောပေါက်သွားကြ၏။

သို့သော် ၎င်းကကောင်းမွန်ပေသည်။ မဟာမိုးကြိုးကျောင်းတော်သည် အခြားမြင့်မြတ်နယ်မြေနှစ်ခုကို ထိပ်တိုက်ရင်ဆိုင်ရမည်အား သူတို့ စိုးရိမ်ရန် မလိုအပ်တော့ချေ။

မဟာမိုးကြိုးကျောင်းတော်သည် မြင့်မြတ်နယ်မြေနှစ်ခုကို ကြောက်ရွံ့၍ မဟုတ်ပေ။ ပဋိပက္ခတစ်ခု စတင်ရန် မလိုအပ်သောကြောင့်ပေ။

“ဗုဒ္ဓသားတော် ဒီနှစ်ယောက်ထဲမှာ ဘယ်သူ နိုင်မယ်လို့ ထင်လဲ”

ထိုဘုန်းကြီး သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

ရွှေပိုးဟပ်ဗုဒ္ဓ :”ငါ ဘယ်လိုထင်လဲဆိုတာ အရေးမကြီးဘူး။ မင်း ဘယ်လိုထင်လဲ ဆိုတာကပဲ အရေးကြီးတာ”

ဘုန်းကြီး “...”

‘ဒီနေ့ ဗုဒ္ဓသားတော် ဘာဖြစ်နေတာလဲ’

သူ စိတ်ထဲမှ တွေးလိုက်မိ၏။

ကောင်းကင်ယံတွင်

ဆည်းဆာရောင်ခြည်လေး ကျဆင်းလာသည်။ ထိပ်တိုက်ရင်ဆိုင်နေသူနှစ်ဦး၏ အရှိန်အဝါများသည်လည်း အထွတ်အထိပ်သို့ ရောက်လာ၏။

ဆည်းဆာအလင်းတန်းသည် သူတို့ရှေ့တွင် တောက်ပသွားပြီး တောင်ကြီးများအလား တည်ငြိမ်နေသော ထိုနှစ်ဦးသည် တစ်ချိန်တည်းမှာပင် လှုပ်ရှားလိုက်ကြ၏။

“အထွတ်အထိပ်ခံစားချက်မေ့ပျောက်ခြင်း”

“လွတ်လပ်ခြင်း ဓားတစ်ချက်”

ဝမ်ချင်းသူတော်စင်မလေးနှင့် နျဲ့ရှို့ယွမ်တို့ တစ်ချိန်တည်းလိုလို တိုက်ခိုက်လိုက်ကြသည်။

ကောင်းကင်ယံတွင် ဓားစွမ်းအင်နှစ်ခု ဖြတ်သန်းသွားသည်ကို မြင်တွေ့နိုင်၏။

မျက်စိတစ်မှိတ်အတွင်း ပိုင်ယုတောင်သည် ကြောက်မက်ဖွယ်ဓားစွမ်းအင်နှစ်ခုဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။

ထိုနှစ်ဦးသည် မြေပြင်မှ ကွာဝေးသော အမြင့်တစ်နေရာသို့ ရောက်နေသော်လည်း ကြောက်မက်ဖွယ်ဓားစွမ်းအင်သည် သူတို့ခေါင်းပေါ်မှ ဖြတ်သန်းသွားစဉ် အကြောက်တရားသည် သူတို့ဝိညာဉ်များပင် တုန်ခါသွားစေ၏။

‘ကြောက်ဖို့ကောင်းလိုက်တာ’

မရေမတွက်နိုင်သောလူများ၏ စိတ်ထဲတွင် တူညီသော အတွေးတစ်ခု ဖြတ်ပြေးသွားသည်။

မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသားနှင့် ရွှေပိုးဟပ်ဗုဒ္ဓတို့ပင် ထိုဓားချက်နှစ်ချက်ကို မြင်တော့ သူတို့အမူအရာများ လေးနက်သွားကြ၏။

ထိုသူနှစ်ဦးသည် သူတို့ထက် အားမနည်းပေ။ ပိုင်ယုတောင်သည် ပို၍ စိတ်ဝင်စားစရာ ကောင်းလာ၏။

ဝုန်း

ဓားစွမ်းအင်စီးကြောင်းနှစ်ခု လေထဲတွင် တိုက်မိသွားပြီး ကောင်းကင်ကြီး ပြိုကျလာသည့်အလား နားကွဲမတတ် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။

၎င်းနှင့်အတူ မြေကမ္ဘာနှင့် တောတောင်များပါ တုန်ခါသွားခဲ့သည်။

အောက်မှ စောင့်ကြည့်နေသော ကျင့်ကြံသူလူအုပ်ကြီး သူတို့ကိုယ်သူတို့ ကာကွယ်ရန် ကာကွယ်ရေးရတနာများကို ထုတ်ယူလိုက်ကြ၏။

အချိန်အတော်ကြာပြီးနောက် ပိုင်ယုတောင်သည် အေးချမ်းမှုဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

လူတိုင်း သတိကြီးစွာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။

လရောင်သည် သူတို့အပေါ်သို့ ကျရောက်နေပြီး မျက်နှာများကို ထူးထူးခြားခြား ရှင်းလင်းသွားစေသည်။

ဖွီး

ဝမ်ချင်းသူတော်စင်မလေး ပထမဆုံး သွေးတစ်လုတ် အန်ထုတ်လိုက်၏။ သူမ ရင်ဘတ်ကို ဖိထားရင်း ပြောလိုက်သည်။

“ကျွန်မ ရှုံးသွားပြီ။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ရှင် ဒီလောက် ကြောက်စရာကောင်းလာလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ထားဘူး။ ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင်ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါတယ်”

နျဲ့ရှို့ယွမ် ဝိုင်တစ်ငုံသောက်ပြီး ပြုံးကာ ပြောလိုက်၏။ “နှလုံးသားမဲ့နန်းတော်က တာအိုရောင်းရင်း မင်းလည်း မဆိုးပါဘူး။ မင်းသာ တာအိုအနှစ်သာရကို ဒီထက် နည်းနည်းလောက် ပိုပြီး နားလည်ထားရင် ရလဒ်က မသေချာလောက်ဘူး”

၎င်းကိုမြင်တော့ လူတိုင်း ထိတ်လန့်သွားကြသည်။ ဦးထုပ်စိမ်းဘုရင် ဤမျှကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြချေ။

[T/N ဦးထုပ်စိမ်းဆိုတာ ဖောက်ပြန်ခံရတဲ့သူကို ပြောတာပါ]

ခုနလေးတင် ဦးထုပ်စိမ်းဟူသော စကားကို ပြောလိုက်ကြသည့် ကျင့်ကြံသူများ သူတို့ပုံရိပ်များကို တိတ်တဆိတ် ဖုံးကွယ်ကာ ထွက်ပြေးသွားကြသည်။

ဝမ်ချင်းသူတော်စင်မလေး အေးစက်သော မျက်နှာဖြင့် ပြောလိုက်၏။ “ဒီတစ်ကြိမ် ကျွန်မတို့ နှလုံးသားမဲ့နန်းတော်က ရှုံးနိမ့်ကြောင်း ဝန်ခံပါတယ်။ နောက်တစ်ကြိမ်ကျမှ အနိုင်ရကို ထပ်ဆုံးဖြတ်ကြတာပေါ့”

ထိုသို့ပြောပြီးနောက် သူမ လှည့်ထွက်ရန် ရည်ရွယ်လိုက်၏။ သူတို့သည် မျိုးဆက်တူကျင့်ကြံသူများဖြစ်သည့် အပြင် နီဗားနားရှင်သန်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးကို ရှုံးနိမ့်ခြင်းက သူမအတွက် ကြီးမားသော အရှက်ရမှုတစ်ခု ဖြစ်ပေသည်။

“ခဏလောက် စောင့်ဦး”

နျဲ့ရှို့ယွမ် သူမကို လှမ်းခေါ်လိုက်၏။

“ရှင့်မှာ တခြားကိစ္စ ရှိသေးလို့လား”

ဝမ်ချင်းသူတော်စင်မလေး သူမ လက်ထဲက ဓားကို အလိုအလို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ သူမ ဒဏ်ရာရထားသော်လည်း တိုက်ခိုက်ရန် ခွန်အား ရှိသေး၏။

“ငါတို့တိုက်ပွဲက ဂျူနီယာတွေကြောင့် ဖြစ်လာတာလေ။ အကယ်၍ ဒီနေ့ကိစ္စရဲ့ဇာစ်မြစ်ကို မရှာဘူးဆိုရင် ငါတို့ အလကားသက်သက် တိုက်ခိုက်ခဲ့သလို ဖြစ်မနေဘူးလား”

နျဲ့ရှို့ယွမ် အလျင်မလိုစွာ ပြောလိုက်သည်။

၎င်းကိုကြားတော့ ဝမ်ချင်းသူတော်စင်မလေး သူတို့နှစ်ဦး အကြောင်းရင်းကိုပင် မသိဘဲ အချိန်အကြာကြီး တိုက်ခိုက်ခဲ့ကြသည်ကို သတိရသွား၏။ ၎င်းက တကယ်ကို ရယ်စရာကောင်းလှသည်။

သူမ အစိမ်းရောင်ဝတ်မိန်းကလေးကို ကြည့်လိုက်၏။

“ချင့်အာ ထွက်လာပြီး ဘာဖြစ်ခဲ့လဲဆိုတာကို ရှင်းပြစမ်း”

နျဲ့ရှို့ယွမ်သည်လည်း ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။

ထိုအခါ ဝမ်ပေါင်လဲ့ နန်ကုန်းယွီကို ပြောလိုက်သည်။ “ချစ်ဇနီးလေး စောစောက ဘာဖြစ်ခဲ့လဲဆိုတာ ရှင်းပြပါဦး”

မူလက ထွက်ခွာချင်နေကြသော ပွဲကြည့်ပရိသတ်များသည် ၎င်းကိုမြင်တော့ ဇာတ်လမ်းတစ်ခုလုံးကို သိချင်စိတ် ပေါ်လာ၏။

သူမဆရာ၏ အကြည့်နှင့် ရင်ဆိုင်ရချိန်တွင် အစိမ်းရောင်ဝတ်မိန်းကလေးသည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ဤကိစ္စက သူမကြောင့်ဖြစ်ပြီး ၎င်းက သူမ ဆရာကို မျက်နှာပျက်စေခဲ့သည်။

သို့သော် ယခု သူမ ဘာကိုမျှ ဖုံးကွယ်မထားရဲတော့ဘဲ နှလုံးသားမဲ့နန်းတော်၏ ရှုထောင့်မှနေ၍ ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြ၏။

နန်ကုန်းယွီ ကိစ္စရပ်၏ အကြောင်းစုံကို ပြောလိုက်သည်။

နှစ်ဖက်စလုံး ပြောပြသော အကြောင်းအရာများတွင် ကွာခြားချက် မရှိသဖြင့် ဝမ်ချင်းသူတော်စင်မလေး၏ အေးစက်သော မျက်နှာသည် ပို၍ ပျက်သွား၏။

နျဲ့ရှို့ယွမ် ပြုံးကာ ပြောလိုက်သည်။

“သူတော်စင်မလေးလန် မင်းတို့နှလုံးသားမဲ့နန်းတော်က ငါတို့ဂျူနီယာညီမလေးကို ဂိုဏ်းထဲ လက်ခံချင်လောက်တဲ့အထိ တကယ်ကို လေလုံးကြီးတာပဲ။ ငါ့ဆရာက သူ့တပည့်တွေကို ဘယ်လို သင်ပေးရမလဲ မသိဘူးလို့ မင်း ထင်နေတာလား”

[T/N ဝမ်ချင်းဆိုတာ ဂုဏ်ပုဒ်ပါ။ ဝမ်းချင်းသူတော်စင်မလေး လန်ချင့်ချိုးပါ။ ဝမ်ချင်းဆိုတာ နှလုံးသားမဲ့လို့ အဓိပ္ပာယ်ရပါတယ်]

ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်း၏ အကြည့်များ ဝမ်ချင်းသူတော်စင်မလေးအပေါ်သို့ ကျရောက်သွားကြ၏။

သူမ နားထင်များကို ပွတ်သပ်ပြီး ပြောလိုက်သည်။ “ချင့်အာ တာအိုရောင်းရင်းနှစ်ယောက်ကို တောင်းပန်လိုက်”

နှလုံးသားမဲ့နန်းတော်မှ တပည့်တစ်ဦးသည် ထိပ်တန်း မဟာပဏ္ဍိတတစ်ပါး၏ တပည့်ကို သူတို့ဂိုဏ်းထဲဝင်ရန် တောင်းဆိုခြင်းကား တကယ်ကို သူတို့ဘက်မှ အလွန်ဖြစ်သည်။ တစ်ယောက်ယောက်ကို ခိုးယူချင်လျှင်တောင် သူတို့ဂိုဏ်းတူညီအစ်ကိုများရှေ့တွင် မလုပ်သင့်ပေ။

“ဟုတ်ကဲ့ပါ”

ချင့်အာ မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် နန်ကုန်းယွီနှင့်ဝမ်ယွီဖေးတို့ကို ဦးညွှတ်ပြီး လေးစားစွာ ပြောဆိုလိုက်သည်။ “တာအိုရောင်းရင်းတို့ ချင့်အာ အရင်ရိုင်းစိုင်းခဲ့ပါတယ်။ ရှင်တို့နှစ်ယောက် ကျွန်မကို ခွင့်လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”

“ဟွန့်”

အမျိုးသမီးနှစ်ဦး သူမကို နောက်ထပ် တစ်ချက်မျှပင် မကြည့်ဘဲ ပြန်တုံ့ပြန်လိုက်ကြ၏။

“သွားကြစို့”

ဝမ်ချင်းသူတော်စင်မလေး သူမလက်ကို ဝှေ့ယမ်းကာ ဂိုဏ်းတူတပည့်များကို ဦးဆောင်၍ ထွက်ခွာသွားသည်။

အခြားတစ်ဖက်တွင် ဝမ်တောက်ကျောင်းတော်မှ ကျင့်ကြံသူတို့ နျဲ့ရှို့ယွမ်ကို ဝန်းရံလိုက်ကြ၏။

ဝမ်ပေါင်လဲ့ စကားဆိုလိုက်သည်။

“စီနီယာအစ်ကို တိုက်ပွဲတစ်ပွဲတည်းနဲ့ နာမည်ကြီးသွားတဲ့အတွက် ဂုဏ်ပြုပါတယ်”

နျဲ့ရှို့ယွမ် ဝိုင်တစ်ငုံ သောက်လိုက်၏။

“မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာပဲ။ ဒီတစ်ကြိမ် ပိုင်ယုတောင်ခရီးစဉ်မှာ ကျွမ်းကျင်သူတွေ အများကြီးနဲ့ တိုက်ခိုက်ရဦးမယ်လို့ ခံစားမိနေတယ်။ ရွှေပိုးဟပ်ဗုဒ္ဓနဲ့ မြောက်ပိုင်းချောက်နက်ရဲ့ အိမ်ရှေ့မင်းသားထဲက ဘယ်သူ ပိုသန်မာလဲ ဆိုတာ သိချင်မိတယ်”

“စီနီယာအစ်ကို ခင်ဗျားတောင် မာနကြီးလာပြီပဲ”

ဝမ်ပေါင်လဲ့ မနေနိုင်ဘဲ နောက်ပြောင်လိုက်သည်။

နျဲ့ရှို့ယွမ် : “ကောင်စုတ်လေး လူကြီးတွေကို မလေးစား တော့ဘူးလား။ ဒီည မင်းကို မူးအောင် မတိုက်နိုင်ရင် ငါ နျဲ့ မဟုတ်ဘူး”

“ဘယ်သူက ဘယ်သူ့ကို ကြောက်လို့လဲ။ ဒီည မမူးမချင်း မပြန်ကြေးပဲ”

“မမူးမချင်း မပြန်ကြေး”

ဝမ်တောက်ကျောင်းတော်မှ တပည့်များ ပျော်ရွှင်နေကြစဉ် နှလုံးသားမဲ့နန်းတော်မှ အမျိုးသမီးကျင့်ကြံသူများမှာ မှောင်မိုက်မှုများဖြင့် ဖုံးလွှမ်းခံနေရပြီး လူတိုင်း၏ အကြည့်များသည် ချင့်အာအပေါ်သို့ ကျရောက်နေ၏။

၎င်းသည် ချင့်အာကို အလွန်အမင်း မသက်မသာဖြစ်စေသည်။ ဤထူးဆန်းသော အကြည့်များကို သည်းမခံနိုင်တော့သဖြင့် သူမ‌ ပြောလိုက်သည်။ “ဆရာ ဒီတပည့် မှားသွားပါတယ်”

All Chapters