အခန်း ၅၅၉
Vol. 56 Ch. 559
အခန်း (၅၅၉)
“မင်း ဘယ်နေရာမှာ မှားသွားလဲဆိုတာ သိလား”
လန်ချင့်ချိုး သူမတပည့်ကို အလွန်လေးနက်သော အမူအရာဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။
ချင့်အာ ပြောသည်။ “ဒီတပည့်က မောက်မာပြီး အာဏာရှင်ဆန်ဆန် မပြုမူသင့်ခဲ့ပါဘူး”
“မဟုတ်ဘူး”
လန်ချင့်ချိုး စကားတစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်၏။ “သူတို့နာမည်တွေကို မသိဘဲ နှလုံးသားမဲ့နန်းတော်ကို ဝင်ဖို့ အလျင်စလို မဖိတ်ခေါ်သင့်ဘူး။ မှတ်ထားပါ။ ငါတို့ နှလုံးသားမဲ့နန်းတော်မှာ တပည့်တွေကို လက်ခံဖို့အတွက် သတ်မှတ်ချက်တစ်ခု ရှိတယ်”
၎င်းကိုကြားတော့ ချင့်အာ မှင်တက်သွားပြီး လေးစားစွာ ပြောလိုက်သည်။ “ဒီတပည့် ဆရာ့ရဲ့ သွန်သင်မှုတွေကို မှတ်သားထားပါ့မယ်။ ဆရာ အဆင်ပြေရဲ့လား”
လန်ချင့်ချိုး သူမလက်ကို ဝှေ့ယမ်းလိုက်၏။
“ငါ အဆင်ပြေတယ်။ ခုနက တိုက်ပွဲမှာ ခဏတာပေါ့ဆသွားလို့ ဒဏ်ရာရသွားတာ။ တရားခဏထိုင်လိုက်ရင် လုံလောက်တယ်။ ဒါပေမဲ့ ဝမ်တောက်ကျောင်းတော်က ကျင့်ကြံသူတွေနဲ့ ထပ်တွေ့ရင် အလျင်စလို မလုပ်နဲ့တော့”
“ဟုတ်ကဲ့ပါ”
နှလုံးသားမဲ့နန်းတော်မှ တပည့်များ လေးစားစွာ ဖြေကြားလိုက်ကြသည်။
သူတို့ ငတုံးများ မဟုတ်ကြပေ။ နျဲ့ရှို့ယွမ်၏ ခွန်အားကို မျက်မြင်တွေ့ပြီးနောက် သူ့ကို ဆက်လက် ရန်စနေခြင်းသည် ဒုက္ခသွားရှာနေခြင်းပင်။
ညတာသည် ငြိမ်သက်စွာ ကုန်လွန်သွားသည်။
အင်အားစုအသီးသီး သူတို့သက်ဆိုင်ရာ စခန်းများတွင် ညအချိန်ကို အေးချမ်းစွာ ကုန်ဆုံးခဲ့ကြ၏။
နောက်တစ်နေ့ မနက်စောစောတွင် ဝမ်တောက်ကျောင်းတော်မှ တပည့်များ ပိုင်ယုတောင်အတွင်းသို့ ပိုမို နက်ရှိုင်းစွာ တိုးဝင်သွားကြသည်။
ဝမ်ပေါင်လဲ့ နျဲ့ရှို့ယွမ်အနောက်မှ လိုက်သွားရင်း မေးမြန်းလိုက်၏။
“စီနီယာအစ်ကို ပိုင်ယုတောင်မှာ အပင်တွေ ရှိပေမဲ့ သားရဲတစ်ကောင်မှကို မတွေ့ရဘူး။ အရမ်း ထူးဆန်းမနေဘူးလား”
နျဲ့ရှို့ယွမ် ပြုံးကာ ရှင်းပြလိုက်သည်။ “တကယ်တော့ ရှင်းပြရ လွယ်ပါတယ်။ သားရဲတိုင်းမှာ ပြင်းထန်တဲ့ပိုင်နက်သတ်မှတ်ချက်ရှိကြတယ်။ ထောင်ထျဲ့က ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်ပေမဲ့ သူလည်း သားရဲအမျိုးနွယ်ပဲလေ။ သားရဲတွေကို ထားလိုက်ဦး။ ငါတို့ ကျင့်ကြံသူတွေတောင် ပိုင်ယုတောင်ပိတ်ရင် နှင်ထုတ်ခံရလိမ့်မယ်”
ဝမ်ပေါင်လဲ့ ခေါင်းအသာညိတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။ “ထောင်ထျဲ့အဆီအနှစ်သွေးက ဘယ်မှာ ရှိမလဲ”
နျဲ့ရှို့ယွမ် တိုးညှင်းစွာ ပြောလိုက်သည်။ “လောစရာမလိုဘူး။ သားရဲရဲ့ အဆီအနှစ်သွေးက ဒီတောင်ထဲမှာ ရှိရင် ငါတို့ သေချာပေါက် ရမှာပါ”
ဝမ်ပေါင်လဲ့ လက်သီးဆုပ်ကာ ပြောလိုက်၏။ “ဒါဆို စီနီယာအစ်ကို ကူညီပေးဖို့ ဒုက္ခပေးရတော့မယ်”
နျဲ့ရှို့ယွမ် : “ဒုက္ခမဟုတ်ပါဘူး”
နောက်ရက်အနည်းငယ်အတွင်း ထိုနှစ်ဦး ဝမ်တောက်ကျောင်းတော်မှ တပည့်များကို အဆက်မပြတ်စုစည်းကြသည်။
နောက်ဆုံးတွင် ခုနစ်ရက်အကြာ၌ ပိုင်ယုတောင်ထဲသို့ ဝင်ရောက်လာသော ဝမ်တောက်ကျောင်းတော်မှ တပည့်များ သူတို့ပတ်လည်တွင် စုရုံးမိသွားကြ၏။
နျဲ့ရှို့ယွမ် အကြီးအကဲဟွမ်ကို လူစာရင်း စစ်ဆေးခိုင်းလိုက်သည်။
မည်သူကမျှ သေဆုံးသွားခြင်း မရှိကြောင်း အတည်ပြုပြီးနောက် အုပ်စုကြီး ပိုင်ယုတောင်၏ ပင်မတောင်ထွတ်ဆီသို့ ဦးတည်သွားကြ၏။
ဝမ်တောက်ကျောင်းတော်တပည့်များ ပင်မတောင်ထွတ်သို့ နီးကပ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည်လည်း ပိုမို များပြားလာသည်။
လမ်းတစ်လျှောက်တွင် အခြားသော အင်အားစုများမှ ကျင့်ကြံသူများသည် ဝမ်တောက်ကျောင်းတော်အဖွဲ့ကို မြင်သောအခါ လမ်းဖယ်ပေးကြ၏။
ယင်းအတွက် နျဲ့ရှို့ယွမ်နှင့် အခြားသူများ ယဉ်ကျေးမနေခဲ့ချေ။
မည်သို့ပင်ဆိုစေ သူတို့ အခွင့်အရေးများရှာရန် ပိုင်ယုတောင်ထဲသို့ ဝင်ရောက်လာကြခြင်း ဖြစ်သဖြင့် သူတို့ မည်သူ့ကိုမျှ ယဉ်ကျေးနေမည် မဟုတ်ပေ။
ပိုင်ယုတောင်၏ ပင်မတောင်ထွတ်သည် တိမ်တိုက်များနှင့် မြူခိုးများဖြင့် ဝန်းရံထားပြီး ဝိညာဉ်စွမ်းအင်များ သိပ်သည်းနေ၏။
အဝေးမှ ကြည့်လျှင် ၎င်းက အင်မော်တယ်တောင်တစ်လုံးနှင့် တူညီနေသည်။
ပင်မတောင်ထွတ်သို့ ဝင်ရောက်ပြီးနောက် သိပ်သည်းလှသောဝိညာဉ်စွမ်းအင်များက လူအများကို နေရာတွင်ပင် ထိုင်ချ၍ ကျင့်ကြံလိုသည့်ဆန္ဒကို ဖြစ်ပေါ်စေ၏။
သို့သော် ဤကဲ့သို့ ပိုဖြစ်လေ ပင်မတောင်ထွတ်ပေါ်တွင် အမှန်တကယ် ဘာရှိသလဲဆိုတာ လူတိုင်း ပို၍ ကြည့်ချငိလာသည်။
လူတိုင်း ကျဉ်းမြောင်းသော တောင်လမ်းတစ်လျှောက် တက်သွားကြ၏။
သူတို့ တိမ်တိုက်များနှင့် မြူခိုးများကို ဖြတ်သန်းသွားပြီးနောက် ရွှေရောင်လွှမ်း၍ ခမ်းနားထည်ဝါသော နန်းတော်တစ်ခု သူတို့မျက်လုံးများရှေ့တွင် ပေါ်လာခဲ့သည်။
အဖြူရောင်ကျောက်စိမ်းတုံးများဖြင့် တည်ဆောက်ထားသော ကျောက်လှေကားတစ်ခုသည် နန်းတော်ဆီသို့ တိုက်ရိုက် ဦးတည်နေ၏။
တိမ်တိုက်များနှင့်မြူခိုးများ ဝန်းရံထားသဖြင့် ၎င်းက ကောင်းကင်ဘုံဆီသို့ ဦးတည်သော အဆုံးအစမရှိသည့် နိမိတ်မဲ့လှေကားတစ်ခုနှင့် တူပေသည်။
နျဲ့ရှို့ယွမ်နှင့်ဝမ်ပေါင်လဲ့တို့ တောင်ထွတ်သို့ လှမ်းကြည့်ရန် သူတို့နတ်ဘုရားအာရုံကို အလိုအလျောက် အသုံးပြုလိုက်ကြ၏။
သူတို့နတ်ဘုရားအာရုံသည် ကျောက်လှေကား၏ အပြင်ဘက်သို့ ရောက်သွားသည့်အခိုက်အတန့်တွင် ကြောက်မက်ဖွယ်စွမ်းအားတစ်ခု၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရကြောင်းကို အလျင်အမြန် တွေ့ရှိသွားကြသည်။
ဝမ်ပေါင်လဲ့ သက်ပြင်းချ၍ တီးတိုးရေရွတ်လိုက်၏။ “ဒီအင်မော်တယ်နန်းတော်မှာ ထူးဆန်းတဲ့ အရာတစ်ခုခု ရှိနေတယ်”
နျဲ့ရှို့ယွမ် ပြောလိုက်သည်။ “တာအိုစွမ်းအားကို ခံစားမိတယ်”
ဝမ်ပေါင်လဲ့ : “စီနီယာအစ်ကို ခင်ဗျား ဒီအင်မော်တယ်နန်းတော်က ရှေးဟောင်းသားရဲသူတော်စင်ရဲ့ ကျင့်ကြံတဲ့ရာ နေရာလို့ ပြောချင်တာလား”
“အမှန်ပဲ”
နျဲ့ရှို့ယွမ် ရှင်းပြလိုက်၏။ “သူတော်စင်တစ်ပါးပဲ ဒီလောက် ခမ်းနားတဲ့ ကောင်းကင်လှေကားကို ဖန်တီးဖို့ တာအိုအနှစ်သာရကို အသုံးပြုနိုင်တယ်။ ဒီလူက ငါတို့အတွက် ဘယ်လို စမ်းသပ်မှုမျိုး ချန်ထားခဲ့လဲဆိုတာ သွားကြည့်ကြတာပေါ့”
“ကောင်းပြီ”
ဤနေရာသို့ ရောက်ရှိလာသဖြင့် ဝမ်ပေါင်လဲ့ နောက်ဆုတ်မည် မဟုတ်ပေ။
ထိုနှစ်ဦး၏ ဦးဆောင်မှုအောက်တွင် ဝမ်တောက်ကျောင်းတော်တပည့်များ ကျောက်လှေကားများပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်သွားကြ၏။
လူတိုင်း ကျောက်လှေကားများပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ဖိအားတစ်ခု သူတို့ကို လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။
နျဲ့ရှို့ယွမ်နှင့်ဝမ်ပေါင်လဲ့တို့ အချင်းချင်းကြည့်ကာ ပြုံး၍ ပြောလိုက်ကြ၏။ “ဒါဆို ထောင်ထျဲ့က ဒီလိုကစားနည်းမျိုးကို သဘောကျတာပဲ”
သူတို့ ဤကဲ့သို့စမ်းသပ်မှုမျိုးကို ယခင်ကတည်းက မြင်တွေ့ခဲ့ဖူးသဖြင့် မအံ့ဩပေ။
အုပ်စုသည် ကျောက်လှေကားအပေါ်သို့ ပို၍ဝေးဝေး လျှောက်လာသည်နှင့် တဖြည်းဖြည်းဖိအားများ၏။
တစ်ချိန်တည်းမှာပင် အခြားမြင့်မြတ်နယ်မြေများမှ ကျင့်ကြံသူများသည်လည်း ကျောက်လှေကားများ၏ အောက်ခြေသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး သူတို့အားလုံး တောင်ပေါ်သို့ စတင် တက်လာကြသည်။
တစ်ရက်အကြာတွင်
ဝမ်တောက်ကျောင်းတော်အဖွဲ့တွင် နျဲ့ရှို့ယွမ်နှင့် ဝမ်ပေါင်လဲ့တို့သာ ကျန်ရစ်တော့သည်။
သူတို့ ကောင်းကင်လှေကား၏ ထက်ဝက်ကျော်ခန့်ကိုသာ ဖြတ်သန်းရသေး၏။
သူတို့အနောက်တွင် ရွှေပိုးဟပ်ဗုဒ္ဓ၊ မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသားနှင့် ဝမ်ချင်းသူတော်စင်မလေးတို့သည်လည်း သူတို့လူများကို ဦးဆောင်ကာ အမီလိုက်လာကြသည်။
သူတို့အပြင် အခြားသော မြင့်မြတ်နယ်မြေများမှ တပည့်များသည်လည်း အလျှိုလျှို အမီလိုက်လာကြ၏။
နျဲ့ရှို့ယွမ် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်ပေါင်လဲ့ကို ပြုံးကာ ပြောလိုက်သည်။ “ဂျူနီယာညီလေး ဒီနေ့လည်း မိုးချုပ်နေပြီ။ ငါတို့ ဒီလှေကားပေါ်မှာပဲ ဝိုင်သောက်ပြီး တစ်ခုခု စားကြရင် ဘယ်လိုလုပ်မလဲ”
သူ့အသံက မကျယ်သော်လည်း ၎င်းက သူတို့နောက်မှ လူများ ကြားနိုင်ရန် လုံလောက်အောင် ကျယ်လောင်နေ၏။
မျက်စိတစ်မှိတ်အတွင်း နျဲ့ရှို့ယွမ်နှင့် ဝမ်ပေါင်လဲ့တို့အပေါ်သို့ အကြည့်များ ကျဆင်းလာသည်။
လူအုပ်ကြီး၏ ထူးဆန်းသော အကြည့်များကို ခံစားရတော့ ဝမ်ပေါင်လဲ့ ပြုံးကာ ပြောလိုက်၏။ “ရတာပေါ့။ တစ်ခုခု စားပြီး ခဏလောက် နားကြတာပေါ့။ ပြီးမှ ဆက်သွားမယ်”
သူတို့ ပြောရင်း လမ်းဖယ်ပေးလိုက်ကာ ကျောက်လှေကားများပေါ်တွင် ထိုင်ချလိုက်ကြသည်။
တစ်ဦးက သိုလှောင်ကွင်းထဲမှ ဝိုင်ပုလင်းကို ထုတ်ယူလိုက်ပြီး အခြားတစ်ဦးက အရသာရှိသော အစားအစာများကို ထုတ်ယူလိုက်ကာ သူတို့အနောက်ရှိ လူများ၏ ထူးဆန်းသော အကြည့်များကို လုံးဝ လစ်လျူရှု၍ စတင် စားသောက်ကြ၏။
သိပ်မကြာခင် လူအုပ်ကြီးသည် မွှေးကြိုင်သောဝိုင်အနံ့နှင့် အရသာရှိသောအစားအစာများ၏အနံ့ကို ရှူရှိုက်မိသွားကြသည်။
ဂလု
သူတို့အနောက်က လူအားလုံးသည် အနည်းဆုံး နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ဟင်းရနံ့များကို ရှူရှိုက်မိချိန်တွင် တံတွေးများကို မြိုချလိုက်မိကြ၏။
မြောက်ပိုင်းချောက်နက်မြင့်မြတ်မင်းဆက်မှ နဂါးနက်စစ်တပ်၏စစ်သူကြီး အထင်အမြင်သေးစွာ ပြောလိုက်သည်။ “လူအထင်ကြီးအောင် လုပ်နေတာလား။ မင်းတို့ အပေါ်ကို မတက်နိုင်ရင်လည်း တည့်ပဲ ပြောလိုက်ပါလား။ ဘာလို့ ဂရုမစိုက်တဲ့ပုံစံမျိုး ဟန်ဆောင်နေရတာလဲ”
သို့သော် သူ့စကားများကို မည်သူမှ သဘောမတူပေ။
နျဲ့ရှို့ယွမ်၏ ခွန်အားကို သူတော်စင်တစ်ပိုင်းအဆင့်ကျွမ်းကျင်သူသုံးဦး အသိအမှတ်ပြုထား၏။
ထိုသုံးဦး ဤနေရာသို့ ရောက်ရှိလာချိန်တွင် မည်သည့် ဖိအားမျှ မခံစားခဲ့ရသဖြင့် နျဲ့ရှို့ယွမ်လည်း ချွင်းချက်မဟုတ်ပေ။
သို့သော် သူ့လုပ်ရပ်က လူတိုင်းကို အလွန်အမင်း ဇဝေဇဝါ ဖြစ်သွားစေ၏။
နျဲ့ရှို့ယွမ် နန်းတော်အတွင်းရှိ အခွင့်အရေးများကို စွန့်လွှတ်ရန် ရည်ရွယ်ထားသည်လော။
လူအုပ်ကြီး ထိုနှစ်ဦးကို အာရုံမစိုက်တော့ဘဲ ကျောက်လှေကားများပေါ်သို့ ဆက်တက်ကြ၏။
နှစ်နာရီကြာပြီးနောက်
နျဲ့ရှို့ယွမ်နှင့်ဝမ်ပေါင်လဲ့တို့ စားသောက်ဗိုက်ဝသွားပြီးနောက် ကျောက်လှေကားများပေါ်သို့ ဆက်တက်ကြ၏။
ခြေလှမ်း ဒါဇင်မျှ လျှောက်ပြီးနောက် ယခင်က သူတို့ကို လှောင်ပြောင်ခဲ့သော နဂါးနက်စစ်တပ်စစ်သူကြီးကို သူတို့ မြင်လိုက်ရသည်။
ဤအခိုက်အတန့်တွင် ထိုသူသည် ချွေးများဖြင့် စိုရွှဲနေပြီး သူ့ထံမှ မြင့်မြတ်အလင်းတန်းများထွက်ပေါ်နေသဖြင့် လှေကားပေါ်ရှိ ဖိအားကို ခုခံရန် သူ့မြင့်မြတ်ခန္ဓာကိုယ်ကို အသက်သွင်းထားဟန်ပင်။
သူတို့နှစ်ဦးလုံး စကားမပြောကြဘဲ အသာပြုံး၍ ရှေ့သို့ ဆက်သွားကြသည်။
ထိုသို့ လစ်လျူရှုထားမှုက နဂါးနက်စစ်သူကြီး၏ တည်ငြိမ်မှုကို ချက်ချင်း ပျက်စီးသွားစေ၏။
သူ ပါးစပ်ဟပြီး စကားတစ်ခွန်းမျှ မပြောရသေးခင် ခြေချော်သွားပြီး ဘုန်းခနဲ အသံနှင့်အတူ ကျောက်လှေကားများပေါ်မှ လိမ့်ကျသွားလေသည်။
၎င်းကိုမြင်တော့ နျဲ့ရှို့ယွမ်နှင့်ဝမ်ပေါင်လဲ့တို့ ပြုံးကာ ခေါင်းခါလိုက်ကြပြီး ရှေ့သို့ ဆက်သွားကြ၏။
မကြာမီမှာပင် မြောက်ပိုင်းချောက်နက်အိမ်ရှေ့မင်းသားနှင့် အခြားသူများ၏ပုံရိပ်များကို သူတို့ မြင်တွေ့လိုက်ရသည်။