← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း(၁၁၁)

ကုဟွား မတ်တတ်ရပ်လိုက်ပြီး လှပတင့်တယ်နေစေရန်အတွက် ကြီးကျယ်ခမ်းနားသော ဝတ်စုံများကို ရှာဖွေပြင်ဆင်နေသည့် ကုဝမ်ရုကို တစ်ချက်ကြည့်ကာ အေးဆေးစွာ ဆိုလိုက်၏။

“အစ်မ... ညီမ ပြန်နှင့်ပါတော့မယ်”

ကုဝမ်ရု ကန့်ကွက်လာခြင်းမရှိဘဲ မုအန်းကို စောင့်ဆိုင်းရန်အတွက် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခြယ်သခြင်းဖြင့်သာ အလုပ်ရှုပ်နေခဲ့သည်။

ကုဟွား ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကာ ရှေ့မှ အေးဆေးစွာ လျှောက်နေသော ကျင်းခွေ့ကို အမီလိုက်ခဲ့၏။

သူတို့နှစ်ဦးလုံး နားလည်မှုရှိစွာ ခြေလှမ်းများကို ပိုမိုမြန်ဆန်စေလျက် ကျင်းရှို့ဆောင်မှ ထွက်လာခဲ့ကြသည်။

အတော်လှမ်းလှမ်းသို့ ရောက်ရှိသွားခဲ့ပြီး ဘေးပတ်ဝန်းကျင်၌ လူသူမရှိကြောင်း သေချာမှသာ ကုဟွားက သူမအမေအတွက် ဆေးဝါးများနှင့် နေထိုင်စားသောက်စရိတ်များ စီစဉ်ပေးခဲ့သည့်အကြောင်းကို တိုးညှင်းစွာ ပြောပြလိုက်သည်။

ကိုယ်လုပ်တော်ပိုင်၏ ခြိမ်းခြောက်မှုများကို အနာဂတ်တွင် ပူပန်နေရန် မလိုတော့ကြောင်းပါ ပြောလိုက်၏။

“ဒုတိယမမလေး...”

ကျင်းခွေ့က အလွန်အမင်း ဝမ်းနည်းကြည်နူးသွားခဲ့ရပြီး ငိုကြွေးချင်မိသော်လည်း မငိုရဲချေ။

သူမ လက်ကိုင်ပဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ပါးစပ်ကို ပိတ်ကာ ရှိုက်သံများကို အတင်းအကြပ် မြိုသိပ်ထားလိုက်ရ၏။

ကုဟွား သူမ၏ လက်မောင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

“ကျေးဇူးတင်စကား ပြောဖို့မလိုပါဘူး။ နင်လည်း ငါ့ကို ကူညီပေးခဲ့ပြီးပြီပဲလေ”

ကျင်းခွေ့ ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။

အတိတ်တုန်းက သူမ၏ သူရဲဘောကြောင်ခဲ့မှုများအတွက် အမှန်ပင် နောင်တရမိသည်။

ဒုတိယမမလေး အနိုင်ကျင့်ခံနေရသည်ကို စောင့်ကြည့်နေခဲ့ရုံသာ ရှိခဲ့ပြီး မကူညီရဲခဲ့ချေ။

“ခဏနေရင် နင် သခင်လေးကို ကိုယ်တိုင်သွားရှာဖို့ မလိုဘူး။ ဒီငွေလက်မှတ်ကို ပီယွီကနေတစ်ဆင့် သခင်လေး အရေးပေါ်သုံးစွဲဖို့အတွက်ပါဆိုပြီး ပေးခိုင်းလိုက်။ ပြီးတော့ သခင်မလေးက သခင်လေး ငွေအများကြီး ရှာနိုင်မဲ့ကိစ္စ အကြီးကြီးတစ်ခု ရှိနေလို့ ကျင်းရှို့ဆောင်ကို လာရောက်ပြီး လူချင်းတွေ့ စကားပြောဖို့ ဖိတ်ခေါ်နေပါတယ်လို့ ပြောလိုက်။ ပီယွီက သခင်လေးအတွက် အကျိုးရှိမဲ့ ကိစ္စဆိုရင် သေချာပေါက် သစ္စာရှိရှိနဲ့ သွားသတင်းပို့ပေးလိမ့်မယ်”

ကုဟွား ကျင်းခွေ့ မုအန်းကို တွေ့ရှိချိန်တွင် ထိတ်လန့်တုန်လှုပ်မိပြီး စကားများ မှားယွင်းပြောဆိုမိမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။

ပီယွီက မုအန်းအပေါ် အလွန်သစ္စာရှိသူ ဖြစ်သဖြင့် သူ့အတွက် ကောင်းမွန်သော အရာမှန်သမျှကို သေချာပေါက် တိတိကျကျ သတင်းပို့ပေးလိမ့်မည် ဖြစ်သည်။

ကုဟွား ပြောဆိုလိုက်သည့် စကားလုံးတိုင်းကို ကျင်းခွေ့က သူမ၏ စိတ်ထဲ၌ တိုးတိုးတိတ်တိတ် လိုက်လံရေရွတ်နေခဲ့ပြီး စကားလုံးတိုင်းကို အလွတ်ရအောင် ကြိုးစားမှတ်သားနေခဲ့၏။

သူမက မုသားစကား ပြောဆိုခြင်း၌ မကျွမ်းကျင်သဖြင့် ပုံမှန်အားဖြင့် စကားသိပ်မပြောတတ်ချေ။

ဤကဲ့သို့ ရှည်လျားလှသော စကားများကို ကြားလိုက်ရချိန်တွင် သူမ စိုးရိမ်စိတ်များကြောင့် လက်များပင် တုန်ယင်နေခဲ့ရသည်။

ကျင်းခွေ့က အဘယ်ကြောင့် ပိယွီက သစ္စာရှိရှိ သတင်းပို့ပေးလိမ့်မည်ကို မသိသော်လည်း ကုဟွားကို အကြွင်းမဲ့ ယုံကြည်သည်။

ကျင်းခွေ့ အဝေးသို့ လျှောက်သွားသည်ကို စောင့်ကြည့်ပြီး ကုဟွား၏ မျက်နှာလေးထက်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့၏။

သူမက တုန့်ဟွားနှင့် တုန့်ချင်းတို့ကို မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။

“မမကျိုးကို သွားရှာကြစို့”

“ဒီလောက်အစောကြီး ပြန်ရောက်လာတာလား”

ကျိုးကျစ်လန် ပေသီးခုံကို သုံး၍ စာရင်းတွက်ချက်နေခြင်း ဖြစ်သည်။

သူမ ပြုံးလျက် မော့ကြည့်လိုက်သည်။

သူမ၏ အကြည့်များက ကုဟွား၏ အနည်းငယ် ရောင်ကိုင်းနေသော ပါးပြင်ထက်သို့ ကျရောက်သွားချိန်၌ ရုတ်တရက်ပင် မတ်တတ်ထရပ်လိုက်၏။

သူမ အလျင်အမြန်ပင် ရှေ့သို့လှမ်းလိုက်ပြီး ကုဟွား၏ မျက်နှာကို လက်ဖြင့် အသာအယာ ဆုပ်ကိုင်လိုက်ကာ မျက်နှာထားက အေးစက်သွားခဲ့ရ၏။

“နင့်ကို ဘယ်သူ ရိုက်လိုက်တာလဲ”

ကုဟွားက သူမ ဤမျှအထိ ချက်ချင်း သတိပြုမိလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။

“မဟုတ်... မဟုတ်ပါဘူး...”

ကျိုးကျစ်လန်က ခေါင်းကို လှည့်၍ တုန့်ဟွားကိုကြည့်ကာ ပြင်းထန်စွာ အော်ဟစ်လိုက်၏။

“ပြောစမ်း... သူ့ကို ဘယ်သူ ရိုက်လိုက်တာလဲ။ ငါ နင်တို့ကို ညီမလေးဟွားကို သေချာစောင့်ရှောက်ဖို့ မှာထားတယ်မလား။ နင်တို့ ဘယ်လို စောင့်ရှောက်လိုက်တာလဲ”

ထိတ်လန့်သွားခဲ့ရသဖြင့် တုန့်ဟွား၏ ခြေထောက်များ ပျော့ခွေသွားခဲ့ရပြီး ဝုန်းခနဲ ဒူးထောက်လိုက်မိ၏။

“တုန့်ဟွား သေသင့်ပါတယ်။ မမလေးဟွားက ဒီအစေခံတွေကို ကာကွယ်ပေးရင်းနဲ့ ခရိုင်မင်းသမီးကျန်းဆီက အရိုက်ခံလိုက်ရတာပါ”

တုန့်ချင်းကလည်း အလျင်အမြန်ပင် ဒူးထောက်လိုက်သည်။

“အားလုံးက ဒီအစေခံတွေ အသုံးမကျလို့ပါ”

ကျိုးကျစ်လန် အိမ်တော်အတွင်း၌ ရာထူးအဆင့်အတန်း မြင့်မားသူဖြစ်ပြီး ပုံမှန်အားဖြင့် ကိစ္စရပ်များကို ပြတ်ပြတ်သားသားနှင့် စီမံတတ်သူ ဖြစ်သဖြင့် အစေခံများအားလုံးက သူမကို အနည်းငယ် ကြောက်ရွံ့ကြသည်။

ကုဟွား အလျင်အမြန်ပင် သူမ၏ မျက်နှာကို ပြန်လည်ရုန်းထွက်လိုက်ပြီး ရှေ့သို့တိုးကာ တုန့်ဟွားနှင့် တုန့်ချင်းတို့ကို ဆွဲထူလိုက်၏။

“ခရိုင်မင်းသမီးကျန်းက ညီမကြောင့်နဲ့ လက်ပါလာတာဖြစ်လို့ သူတို့ကို အပြစ်တင်လို့ မရပါဘူး”

တုန့်ဟွား မျက်ဝန်းအစုံ နီမြန်းလျက် သူမကို စိုက်ကြည့်နေမိ၏။

ဤမျှအထိ နုနယ်သော မမလေးဟွားက သူမကဲ့သို့ အစေခံတစ်ယောက်ကို အမှန်တကယ်ပင် ကာကွယ်ပေးခဲ့သည်။

‘အခုကစပြီး မမလေးဟွားက ငါ့ရဲ့ သခင်အစစ်အမှန်ပဲ’

“ကျန်းရော့ရှီးလား”

ကျိုးကျစ်လန် နှာခေါင်းရှုံ့လိုက်သည်။

“စိတ်မပူပါနဲ့... ငါ နင့်အတွက် သူ့ကို ပြန်ပြီးတော့ ရိုက်ပေးမယ်”

ကုဟွား သူမ၏ လက်မောင်းကို ဖက်တွယ်လိုက်ပြီး ချွဲနွဲ့စွာ ပြောလိုက်၏။

“မမက အကောင်းဆုံးပဲ။ ပြီးခဲ့တာတွေကို ထားလိုက်ပါတော့။ ညီမလေး မမကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ”

ကျိုးကျစ်လန်က သူမ၏ နူးညံချိုသာလှသော အသံလေးကြောင့် ကြက်သီးများပင် ထသွားပြီး သူမကို မျက်စောင်းထိုးလိုက်မိ၏။

“ပြောစရာရှိတာကို တည့်တည့်ပြောစမ်းပါ။ ဒီလို အမူအရာမျိုးကို သခင်ကြီးကိုပဲပြ”

ကုဟွား မျက်နှာလေး နီမြန်းသွားပြီး လက်ကို ချက်ချင်းလွှတ်လိုက်ကာ မတ်မတ်ရပ်ပြီး ရိုးသားစွာ ပြောလိုက်၏။

“ညီမက သခင်မအိုကြီးအတွက် မွေးနေ့လက်ဆောင်အဖြစ် ခေါင်းစည်းပဝါလေးတစ်ခု ပန်းထိုးပေးချင်လို့ပါ။ ပြီးတော့ အိပ်စက်တဲ့အခါ ဝတ်ဆင်ဖို့ ဝတ်စုံတစ်စုံလည်း ချုပ်ပေးချင်ပါတယ်။ ဒါပေမဲ့ ညီမဆီမှာ ငွေမရှိလို့ အိမ်တော်က အထည်အလိပ်တွေကို အသုံးပြုလို့ ရမလားလို့ မမကို ခွင့်တောင်းချင်တာပါ”

စကားဆုံးသွားချိန်တွင် ကုဟွား၏ နားရွက်လေးများ အလွန်ပင် နီမြန်းနေခဲ့သည်။

ကျိုးကျစ်လန် ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။

“အကောင်းဆုံး အထည်တွေနဲ့ ပန်းထိုးချည်မျှင်တွေကို လိုချင်ရင်လည်း တည့်တည့်ပြောလိုက်ရုံပဲလေ ဘာလို့ ဒီလောက်အထိ ရှက်နေရတာလဲ”

ကုဟွားက ချက်ချင်းပင် သူမ ရှက်ရွံ့နေသော အမူအရာများကို ဖျောက်လိုက်ပြီး မျက်ဝန်းလေးများက လခြမ်းကွေးလေးအလား ပြုံးရွှင်သွားခဲ့ရ၏။

“အမ်း”

ကျိုးကျစ်လန် လက်ပိုက်လိုက်ပြီး သူမကို စောင်းငဲ့ကြည့်လိုက်သည်။

“မမလည်း ဝတ်စုံတစ်စုံ လိုချင်တယ်နော်”

“အမ်...ဟမ်... ညီမလေးလည်း မမအတွက် ချုပ်ပေးဖို့ စဉ်းစားထားပြီးသားပါ”

ကုဟွားက မြှောက်ပင့်သော အမူအရာလေးဖြင့် ဆိုလိုက်၏။

ကျိုးကျစ်လန်က ကုဟွား၏ လက်မောင်းကို လှမ်းကိုင်ကာ တွဲချိတ်လိုက်သည်။

“ဒါမှ ငါ့ညီမလေးပေါ့။ အရင်ဆုံး နင့်မျက်နှာကို ရေခဲဝတ်အရင်ကပ်ရအောင်။ ပြီးမှ ဂိုဒေါင်ထဲသွားပြီး အထည်သွားရွေးကြတာပေါ့။ သခင်မအိုကြီးရဲ့ လက်ဆောင်ကို ဦးစားပေးလုပ်ပါ။ ငါ့အတွက်က မလောပါဘူး”

ကုဟွား ရင်ထဲ၌ နွေးထွေးမှုများ ပြည့်နှက်သွား၏။

…

ကုဟွား သူမ၏ ရှေ့မှောက်ရှိ ငွေချည်မျှင်များဖြင့် စီခြယ်ထားသော ကြက်သွေးရောင် တိမ်တိုက်ပိုးထည်ကို ဝမ်းမြောက်စွာ စိုက်ကြည့်နေမိ၏။

တိမ်တိုက်ပိုးထည် တစ်လက်မသည် ရွှေတစ်လက်မနှင့် တန်ဖိုးတူညီသည်ဟု ကောလာဟလများ ရှိသည်။

၎င်း၏ အရောင်အသွေးက တောက်ပလွန်းပြီး ကောင်းကင်ထက်မှ တိမ်တိုက်များအလား လှပသည်။

အစစ်အမှန်ကို မြင်တွေ့လိုက်ရချိန်တွင် အမှန်ပင် ခမ်းနားထည်ဝါလှသည်။

ခိုသွေးကျောက်များဖြင့် ပြုလုပ်ထားသော သလဲသီးပန်းပွင့်ဖတ်လေးများနှင့်သာ တွဲဖက်လိုက်မည်ဆိုလျှင် တုနှိုင်းမရဘဲ အလွန်အမင်း တန်ဖိုးကြီးမားလှသော အသွင်သဏ္ဌာန် ဖြစ်လာပေလိမ့်မည်။

သူမ ထိပ်တန်းအရည်အသွေးရှိ အဖြူရောင် ပိုးသားအထည်တစ်လိပ်နှင့် ရေကန်စိမ်းရောင် ပိုးသားအထည်တစ်လိပ်ကိုလည်း ရွေးချယ်ခဲ့သည်။

နူးညံ့ချောမွေ့လှသဖြင့် ညအိပ်ရာတွင် ဝတ်ဆင်မည့် ဝတ်စုံများ ချုပ်လုပ်ရန် အသင့်တော်ဆုံး ဖြစ်၏။

အဖြူရောင်ကို သခင်မအိုကြီးအတွက် ရည်ရွယ်ထားပြီး ရေကန်စိမ်းရောင်ကို မမကျိုးအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

“မမလေး... အချိန်က နှစ်ရက်ပဲ ကျန်တော့တာလေ။ အချိန်မီပါ့မလားဟင်”

တုန့်ဟွား အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်၏။

“ကိစ္စမရှိပါဘူး။ ငါ့ရဲ့ အပ်ချုပ်လက်ရာက အဆင်ပြေပါတယ်။ ပြီးတော့ တိမ်တိုက်ပိုးထည်က အစတည်းက ခမ်းနားထည်ဝါပြီးသားမို့လို့ အရမ်း ရှုပ်ထွေးတဲ့ ပုံစံတွေကို ပန်းထိုးနေဖို့ မလိုဘူး။ ငါက သလဲသီးပန်းရဲ့ အရွက်လေးတွေကိုပဲ ပန်းထိုးဖို့ စဉ်းစားထားတာ”

ကုဟွား ယုံကြည်မှုရှိရှိဖြင့် ပြုံးကာ ပြောလိုက်၏။

တုန့်ချင်း ပန်းထိုးခုံလေးတစ်ခုကို ဆွဲယူလျက် ကုဟွား၏ ခြေထောက်နား၌ ထိုင်လိုက်သည်။

“ဒီအစေခံလည်း ကူညီပေးပါ့မယ်။ ဒီအစေခံရဲ့ အပ်ချုပ်လက်ရာကလည်း အသင့်အတင့်တော့ ရှိပါတယ်”

“တုန့်ချင်းရဲ့ အပ်ချုပ်လက်ရာက တအားကောင်းတာပါ”

တုန့်ဟွား ပြုံးလိုက်သည်။

“ဒါဆိုရင် ဒီအစေခံက မမလေးအတွက် နေ့လယ်စာ သွားယူလိုက်ပါဦးမယ်”

ကုဟွားနှင့် တုန့်ချင်းတို့ နေ့လယ်စာ စားပြီးနောက် အိမ်တော်အတွင်း၌ မီးအိမ်များ လင်းထိန်လာသည့်တိုင်အောင် အလုပ်ရှုပ်နေခဲ့ကြ၏။

တုန့်ဟွား အခန်းတွင်းရှိ ဖယောင်းတိုင်များကို မီးညှိပေးလိုက်သည်။

ကုဟွားက မော့ကြည့်လိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် ပြင်ပသို့ လှမ်းကြည့်လိုက်မိ၏။

အစေခံမိန်းကလေးတစ်စုက ပြုံးရွှင်စွာ တိုးတိုးတိတ်တိတ် စကားဆိုနေကြပြီး ဖယောင်းတိုင်များကို သယ်ဆောင်လျက် စင်္ကြံလမ်းများတစ်လျှောက် မီးအိမ်များကို တစ်လုံးပြီးတစ်လုံး လိုက်လံထွန်းညှိနေကြ၏။

နွေးထွေးလှသော မီးအလင်းရောင်များက မီးအိမ်စက္ကူများမှတစ်ဆင့် ဖြာထွက်နေခဲ့ပြီး ဘဝ၏ အလှတရားများကို ခံစားမိစေသည်။

ကုဟွား ပြုံးလိုက်ပြီး ခေါင်းကို ပြန်ငုံ့၍ သူမ လက်ထဲရှိ ခေါင်းစည်းပဝါလေးကို ဆက်လက်ပန်းထိုးနေခဲ့ပြီး ပြီးစီးလုနီးပါးပင် ဖြစ်နေတော့၏။

တုန့်ဟွားက ညစာကို သယ်ဆောင်လာပြီး အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သော်လည်း သူမ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။

“မမလေး... သခင်ကြီး ပြန်ရောက်လာပါပြီ။ တံခါးဝမှာ တုန်းမော့နဲ့ ဆုံခဲ့လို့ သူပြောလိုက်တာက သခင်ကြီးက မမလေးကို ဟိုင်အချိန် (ည ၉ နာရီမှ ၁၀ နာရီအတွင်း) မှာ စာကြည့်ဆောင်ဆီ လာခဲ့ဖို့ အမိန့်ပေးထားပါတယ်တဲ့”

ကုဟွား၏ လက်များ တောင့်တင်းသွားခဲ့ရပြီး တိုးညှင်းစွာဖြင့် အော်လိုက်မိ၏။

“အာ့...”

ပန်းထိုးအပ်က သူမ လက်ညှိုးကို စူးဝင်သွားခဲ့သဖြင့် သွေးစက်လေးတစ်စက် စိမ့်ထွက်လာခဲ့ရသည်။

စိတ်ပျက်လက်ပျက်ဖြင့် ကုဟွား လက်ညှိုးကို ပါးစပ်ထဲသို့ ထည့်လိုက်မိ၏။

သူမ အစက ယနေ့ညတွင် ညအိပ်ဝတ်စုံ၏ လက်ကောက်ဝတ်နှင့် ကော်လာထက်ရှိ ပန်းပွင့်များကို ပြီးစီးအောင် ပန်းထိုးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့မှသာ မနက်ဖြန်တွင် ၎င်းတို့ကို အတူတူ ချုပ်လုပ်ပြီး အပြီးသတ်နိုင်မည်ဖြစ်၏။

‘သူက ဒီညလည်း ငါနဲ့ ထပ်ပြီးတော့ အတူတူအိပ်ဖို့ ဆန္ဒရှိနေပြန်တာလား’

တုန့်ဟွားနှင့် တုန့်ချင်းတို့ကလည်း စကားများများ မပြောရဲကြဘဲ တိုးတိုးတိတ်တိတ်ပင် ညစာကို ပြင်ဆင်ပေးလိုက်ကြ၏။

All Chapters