← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း(၁၁၂)

ဒုတိယမောင်းချက်သံ ထွက်ပေါ်လာသည်။

ကုဟွား ထပ်မံ၍ အချိန်မဆွဲရဲတော့ချေ။

သူမ သက်ပြင်းတစ်ချက် ချလိုက်ပြီး အထည်လိပ်များကို သိမ်းဆည်းလိုက်သည်။

တုန့်ချင်းနှင့် တုန့်ဟွားတို့ သူမကို ရေချိုးသန့်စင်ပေးကြပြီး ဝတ်စုံအသစ်လဲလှယ်ရန် အလျင်အမြန် ဝိုင်းဝန်းကူညီပေးလိုက်ကြ၏။

“ငါတစ်ယောက်တည်း သွားလို့ရပါတယ်”

ကုဟွား တုန့်ဟွား၏ လက်ထဲမှ မီးအိမ်ကို လှမ်းယူရင်း ပြောလိုက်၏။

“လမ်းက နည်းနည်း မှောင်နေလို့ပါ”

တုန့်ချင်းက အလိုက်မသိသော တုန့်ဟွားကို အနောက်သို့ အသာအယာ ဆွဲလိုက်ရင်း ချိုသာစွာ ဆိုလိုက်၏။

“မမလေး... လမ်းမှာ သတိထားသွားပါ။ နောက်ဖေးခြံဝင်းထဲက လမ်းကြားလေးအတိုင်း သွားလိုက်ပါနော်”

“အမ်း”

ကုဟွားက ခေါင်းညိတ်ပြလိုက်ပြီး စိတ်ဓာတ်ကျနေသော အမူအရာဖြင့် ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်ခွာသွား၏။

တုန့်ဟွားက အသံကို နှိမ့်ကာ မေးမြန်းလိုက်၏။

“မမလေးနောက်ကို ဘာလို့ လိုက်မသွားခိုင်းတာလဲ။ အဲဒီလမ်းကြားလေးက အရမ်းမှောင်တာကို”

တုန့်ချင်းက သူမကို အကြည့်တစ်ချက် ပေးလိုက်သည်။

“အဲဒီလမ်းမှာ ချီယွီတို့အဖွဲ့က စောင့်ကြပ်နေကြတာလေ။ ဘယ်သူမှ လျှောက်မသွားရဲကြဘူး”

တုန့်ဟွား ခဏမျှ စဉ်းစားမရဖြစ်နေစဉ် တုန့်ချင်း၏ နဖူးတောက်ခြင်းကို ခံလိုက်ရ၏။

“နင်က ပုံမှန်ဆိုရင် တော်တော်လေး အလိုက်သိရဲ့သားနဲ့ ဒီကိစ္စကျမှ ဘာလို့ စဉ်းစားမရဖြစ်နေတာလဲ။ မမလေးက အရှက်အကြောက်ကြီးတာလေ။ နင် ခုနက သူ မျက်နှာပျက်နေတာကို မမြင်ဘူးလား”

တုန့်ဟွား မျက်နှာလေး ရှုံ့မဲ့သွားခဲ့ရကာ နဖူးကို အသာအယာ ပွတ်သပ်ပြီး မကျေမနပ် ဖြစ်နေမိ၏။

“ကျွန်မ တကယ်ပဲ စဉ်းစားလို့ မရတော့ဘူး။ မမလေးက သခင်ကြီးရဲ့ အမျိုးသမီးဖြစ်နေမှတော့ ဘာလို့ ဂုဏ်ပုဒ်တစ်ခုခု မပေးရတာလဲ။ ဒါမှ မမလေးဟွားအတွက်လည်း လူတောတိုးရတာ မျက်နှာပန်းလှမှာပေါ့”

တုန့်ချင်း ကုဟွား ခေါက်ထားခဲ့သော အထည်လိပ်များကို ပြန်ဖြန့်လိုက်ပြီး အပ်နှင့်အပ်ချည်ကို ကိုင်ကာ ညအိပ်ဝတ်စုံကို ဆက်ချုပ်နေသည်။

“နင်က သခင်ကြီး ဘယ်လိုလူမျိုးလဲဆိုတာ မသိလို့လား။ သူက အဲဒီ အထက်တန်းလွှာ မိန်းမပျိုလေးတွေကို တကယ်ပဲ အထင်သေးလို့ လက်မထပ်တာလို့ ထင်နေတာလား။ သခင်ကြီးက မိန်းကလေးတစ်ယောက်ကို သူ့ကြောင့်နဲ့ ဒုက္ခမရောက်စေချင်လို့သာ အိမ်ထောင်မပြုတာ”

တုန့်ဟွား သူမ၏ ဘေးနားတွင် လေးလံစွာ ထိုင်ချလိုက်ပြီး ဖောင်းအိနေသော ပါးပြင်လေးများကို ရှုံ့မဲ့ထားလိုက်၏။

“ဒါပေမဲ့ မမလေးဟွားက သခင်ကြီးရဲ့ အမျိုးသမီးဖြစ်နေပြီလေ။ အနာဂတ်မှာ သူ တခြားလူတစ်ယောက်ယောက်နဲ့ ဘယ်လိုလုပ် လက်ထပ်နိုင်တော့မှာလဲ”

တုန့်ချင်းက ခေါင်းလှည့်ကာ သူမကို စိုက်ကြည့်လိုက်သည်။

“ငါတို့ မမလေးဟွားက ဒီလောက်တောင် ကောင်းတာကို သခင်ကြီးက သူ့အတွက် တစ်ခုခု စဉ်းစားပေးထားမှာပေါ့။ တကယ်လို့ သခင်ကြီးသာ အရင်မြို့စားကြီးလိုမျိုး ဖြစ်သွားခဲ့ရင် အနာဂတ်မှာ မမလေးဟွား ဘယ်လိုလုပ်မလဲ”

တုန့်ဟွား ယခုမှ အခြေအနေကို သဘောပေါက်သွားခဲ့ရ၏။

သို့သော် လုံးဝဥဿုံ နားမလည်နိုင်သေးသဖြင့် သူမ ပါးစပ်ကိုသာ ပိတ်ထားလိုက်ပြီး ခေါင်းငုံ့လျက် တုန့်ချင်းကို ပန်းထိုးချည်မျှင်များသာ ကူညီရွေးချယ်ပေးနေခဲ့သည်။

ကွမ်းရှန်းဆောင်၏ အဓိက ခန်းမဆောင်အတွင်းရှိ စာရေးခုံထက်တွင် မီးအိမ်တစ်လုံး လင်းထိန်နေဆဲ ဖြစ်သည်။

ကုဟွား တံခါးအက်ကွဲကြောင်းမှတစ်ဆင့် အတွင်းသို့ ချောင်းမြောင်းကြည့်ရှုလိုက်သည်။

မှိန်ပျပျ မီးအလင်းရောင်အောက်တွင် မုကျွင်းယန်၏ ခန့်ညားတည်ကြည်သော မျက်နှာကို မြင်တွေ့လိုက်ရ၏။

သူက ယနေ့တွင် ပုံမှန်ဝတ်ဆင်လေ့ရှိသော အနက်ရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားခြင်းမရှိဘဲ အဖြူရောင်အတွင်းအင်္ကျီကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားခဲ့သည်။

လိမ္မော်ရောင် ဖယောင်းတိုင်မီးအလင်းက သူ့အရပ်ရှည်ရှည် ခန္ဓာကိုယ်ထက်သို့ ကျရောက်နေခဲ့ပြီး ပုံမှန်အချိန်များရှိ အေးစက်ပြီး ဖိအားပေးတတ်သော အရှိန်အဝါများ လွင့်ပြယ်နေကာ ပေါ့ပါးနေသည့် ခံစားချက်နှင့်အတူ လုံခြုံမှုအပြည့်အဝကို ပေးစွမ်းနေသကဲ့သို့ ရှိနေ၏။

ကုဟွား၏ စိုးရိမ်ထိတ်လန့်နေသော စိတ်အခြေအနေက ချက်ချင်းပင် အနည်းငယ် လျော့ပါးသွားခဲ့ရ၏။

သို့သော် သူမ သူ့မျက်နှာအမူအရာကို သဲသဲကွဲကွဲ မမြင်ရသဖြင့် ယနေ့ည၌ သူ့စိတ်အခြေအနေ မည်သို့ရှိသည်ကို မသိရချေ။

“အထဲကို မဝင်ဘဲနဲ့ ဘာလုပ်နေတာလဲ... အပြင်မှာ လေအေးတိုက်ခံနေရတာကို သဘောကျလို့လား”

အတွင်းဘက်မှ ထွက်ပေါ်လာသော နက်ရှိုင်းလှသည့် အသံကို ကြားလိုက်ရချိန်တွင် ကုဟွား ကြောင်အမ်းသွားခဲ့ရ၏။

‘တကယ့် ခွေးနှာခေါင်းပဲ’

သူမ အသံတစ်သံမျှပင် မထွက်ခဲ့ပေ။

‘သူက ငါ တံခါးဝ ရောက်နေတာကို ဘယ်လို သိသွားတာလဲ’

သူမက ယနေ့မွန်းလွဲပိုင်း၌ အလွန်ပင် စိတ်ရွှင်လန်းနေခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း မုကျွင်းယန်က သူမအပေါ် အလွန်ကောင်းမွန်ခဲ့သဖြင့် သခင်မအိုကြီး၏ မွေးနေ့တွင် လက်ဆောင်ပေးပြီး သူမ၏ မျက်နှာသာပေးမှုကို ရရှိသွားခဲ့မည်ဆိုလျှင် နောင်တွင် မုကျွင်းယန်နှင့် ဝေးဝေးနေနိုင်လိမ့်မည်ဟု တွေးထားခဲ့မိသည်။

သို့သော် ညချမ်းအချိန် ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ထိုလူသား၏ ရမ္မက်ဆန္ဒများ ပြန်လည်နိုးထလာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့မိချေ။

လွန်ခဲ့သည့် နှစ်ရက်အတွင်း၌ သူ့အပေါ် ထားရှိခဲ့ဖူးသော ကျေးဇူးတင်စိတ်များ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရ၏။

ကုဟွား ကိုယ့်ကိုယ်ကိုယ် စိတ်ကူးယဉ်ဆန်နေမိပြန်ပြီဟု စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။

ဤသည်က အပေးအယူသက်သက်မျှသာဖြစ်သည်။

‘ငါ ဘာတွေ မျှော်လင့်နေတာလဲ’

မုကျွင်းယန်ကဲ့သို့ အဆင့်အတန်းမျိုးနှင့် လူတစ်ယောက်က သူမကဲ့သို့ သနားစရာ သတ္တဝါလေးအပေါ် ကရုဏာသက်ပြီး စိတ်ရင်းမှန်ဖြင့် ကောင်းမွန်လိမ့်မည်ဟု အမှန်တကယ် ထင်မှတ်နေခဲ့မိသည်။

ကုဟွား မီးအိမ်ကို သယ်ဆောင်လျက် အတွင်းသို့ လှမ်းလာခဲ့ပြီး စာရေးခုံထက်၌ စာလိပ်များကို ဖတ်ရှုနေသော အမျိုးသားကို လှမ်းကြည့်လိုက်မိ၏။

အချိန်အတော်ကြာသည့်တိုင်အောင် မည်သည့်လှုပ်ရှားမှုမျှ မရှိသဖြင့် မုကျွင်းယန် နောက်ဆုံးတွင် မော့ကြည့်လိုက်သည်။

လိမ္မော်ရောင် မီးအလင်းရောင်အောက်တွင် ထိုနုနယ်လှပသော မျက်နှာလေးက ပိုမို နွေးထွေးနေခဲ့သည်။

သို့သော် ထိုမျက်နှာလေးထက်တွင် စိမ်းကားသော အမူအရာအချို့ ရှိနေခဲ့ပြီး သူမ ဤနေရာသို့ လာရောက်ရခြင်းမှာ သူ့အမိန့်ကြောင့်သာ ဖြစ်ကြောင်း ပြသနေသကဲ့သို့ ဖြစ်နေ၏။

သူ တည်ငြိမ်သော မျက်နှာထားဖြင့် မေးမြန်းလိုက်၏။

“အဲဒီမှာ ဘာရပ်လုပ်နေတာလဲ”

ကုဟွား ရင်ထဲ၌ တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

‘ငါက သူ့ဗိုက်ထဲက သန်ကောင်မှ မဟုတ်တာ အမိန့်မပေးရင် ဘာလုပ်ရမှန်း ဘယ်လိုလုပ် သိပါ့မလဲ’

သို့သော် သူမ ပြန်လည်ပြောဆိုခြင်း မပြုရဲချေ။

သူမ အလိုက်တသိဖြင့် အရိုအသေပြုလိုက်ပြီး ချိုသာသော အသံလေးဖြင့် ပြောလိုက်၏။

“မြို့စားမင်း... စာကြည့်ဆောင်မှာပဲ အိပ်မှာလားဟင်”

မုကျွင်းယန်၏ လက်ထဲမှ စုတ်တံလေးက တစ်ချက်မျှ တောင့်တင်းသွားပြီး သူမကို စိုက်ကြည့်လိုက်၏။

‘သူက ငါ ဒီနေရာသို့ လှမ်းခေါ်တာက အတူတူအိပ်ဖို့ သက်သက်လို့ပဲ ထင်နေတာလား’

‘သူ့စိတ်ထဲမှာ ငါ့ကို အဲဒီအရိုင်းအစိုင်းကောင်တွေနဲ့ အတူတူလို့ သတ်မှတ်ထားတာလား’

ယနေ့တွင် သူမ ပိုင်ရိထံမှ ငွေငါးသောင်းတန်လက်မှတ်ကို လှည့်စားယူခဲ့ပြီးနောက် ထိုငွေကို အသုံးပြုကာ မုအန်းကို လှည့်စားပြီး ကျင်းရှို့ဆောင်သို့ ပျော်ရွှင်စွာ ပြေးသွားစေခဲ့သည်။

‘ဒီလောက် ကြီးမားတဲ့ အကွက်ကြီး ဖန်တီးပြီး မုအန်း ထောင်ချောက်ထဲ ကျသွားဖို့ ကျင်းကြီးတစ်ခုကိုတောင် တူးပေးခဲ့သေးတယ်လေ’

‘သူ ငါ့ကို ရှင်းလင်းချက်တစ်ခု ပေးသင့်တာ မဟုတ်ဘူးလား’

ဤသည်က မြို့စားအိမ်တော် ဖြစ်ပြီး မိန်းမပျိုလေးက သူ့မျက်စိအောက်တွင်ပင် လူများကို လှည့်စားနေခဲ့ခြင်း ဖြစ်သည်။

‘ကြောင်ပေါက်လေးက သူ့ရဲ့ လက်သည်းချွန်ချွန်လေးတွေကို စထုတ်နေပြီပဲ’

သူ အစက သူမကို တဇွတ်ထိုး မလုပ်ဆောင်ရန် သတိပေးရန်အတွက် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

အမြတ်ခွန်ဌာနနှင့် စစ်ရေးဌာနတို့အကြားရှိ ရှုပ်ထွေးလှသော ကိစ္စရပ်များက သူမကဲ့သို့သော အတွေ့အကြုံမရှိသည့် မိန်းမပျိုလေးတစ်ဦး ဝင်ရောက်နှောင့်ယှက်နိုင်သော နေရာမျိုး မဟုတ်ချေ။

မုကျွင်းယန် သူမ နားလည်မှုလွဲနေမှန်း သိရှိသော်လည်း မရည်ရွယ်ဘဲ သူမ စကားနောက်သို့ လိုက်ပါလျက် တစ်ချက်မျှ ခေါင်းညိတ်ပြလိုက်၏။

“အမ်း”

ကုဟွား ရင်ထဲ၌ မကျေမနပ် ဖြစ်သွားသည်။

‘ကြည့်စမ်း... ယောကျ်ားတွေအကုန် အတူတူနဲ့အနူနူတွေချည်းပဲ’

‘ဒါပေမဲ့ ငါ့ကို ဘယ်သူက ဒီလမ်းကို ကိုယ့်သဘောနဲ့ကိုယ် လျှောက်ခိုင်းခဲ့လို့လဲ’

သူမက သူ့ကို စိတ်ကျေနပ်မှုရရှိစေရန် အကောင်းဆုံး လုပ်ဆောင်ပေးရမည်သာ ဖြစ်သည်။

အခြေအနေကို သဘောပေါက်သွားခဲ့ပြီးနောက် ကုဟွားက အမျိုးသားတစ်ယောက်ကို မြှူဆွယ်မည့် အမျိုးသမီးတစ်ဦး ရှိသင့်ရှိထိုက်သော အမူအရာကို ပြုလုပ်လိုက်ပြီး အနည်းငယ် ရှက်သွေးဖြာလျက် မေးမြန်းလိုက်၏။

“မြို့စားမင်း... ရေချိုးပြီးပြီလားဟင်”

အကယ်၍ သူ ရေမချိုးရသေးပါက သူမက တုန်းမော့ကို ခေါ်ယူကာ ရေချိုးရန် ပြင်ဆင်ခိုင်းရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ရှန်လီ ပေးထားသော စိတ်ငြိမ်ဆေးကို သူမ တိတ်တိတ်လေး သယ်ဆောင်လာခဲ့သည်။ သူ ရေချိုးနေစဉ်အတွင်း ၎င်းကို ထွန်းညှိရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ရေနွေးနွေးလေးထဲ၌ စိတ်အပန်းဖြေလျက် စိတ်ငြိမ်ဆေးရနံ့ကို ရှူရှိုက်မိပြီးနောက် သူမက သူ့ကို နှိပ်နယ်ပေးလိုက်မည်ဆိုလျှင် သူ ချက်ချင်းပင် အိပ်ပျော်သွားလိမ့်မည်ဟု သေချာပေါက် အာမခံနိုင်သည်။

ကုဟွား ရင်ထဲ၌ ပျော်ရွှင်စွာ တွေးတောနေစဉ်အတွင်း အက်ရှရှ အသံတစ်သံ ထွက်လာခဲ့၏။

“မင်းပဲ ဒီသခင်ကြီးကို ရေချိုးသန့်စင်ပေးပါ”

ကုဟွား နေရာ၌ပင် ကြောင်အမ်းသွား၏။

‘ဘာလို့ ဒီဦးလေးကြီးက ငါ တွေးထားတဲ့အတိုင်း လိုက်မလုပ်ရတာလဲ’

မုကျွင်းယန် သူမကို အေးဆေးစွာ စိုက်ကြည့်လိုက်သည်။

“ဘာလဲ... မလုပ်ချင်ဘူးလား”

‘ငါက ဘယ်လိုလုပ် မလုပ်ချင်ဘူးလို့ ပြောရဲမှာလဲလို့’

သူမ နုနယ်သော မျိုးစေ့လေးမျှသာ ရှိသေးပြီး သူက ကြီးမားလှသော မှီခိုရာကြီး ဖြစ်သည်။

‘တကယ်လို့ သူက ငါ့ကို ဓားတောင်ကိုတက်ခိုင်းပြီး မီးပင်လယ်ထဲ ဆင်းခိုင်းရင်တောင် ငါက သွားရမှာပဲ မဟုတ်ဘူးလား’

သူမက အိပ်ရာဝင်အစေခံမိန်းကလေးတစ်ဦး၏ ကျွမ်းကျင်လှသော ချိုသာသည့် အပြုံးလေးကို ဖန်တီးလိုက်သည်။

“မြို့စားမင်းကို ရေချိုးသန့်စင်ပေးရတာက ဒီကိုယ်လုပ်တော်အတွက် ဂုဏ်ယူစရာပါပဲ။ ဘယ်လိုလုပ် မလုပ်ချင်ဘဲ နေပါ့မလဲ”

All Chapters