← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း(၁၁၆)

မွေးနေ့ပွဲ ကျင်းပမည့်နေ့သို့ ရောက်ရှိလာသည်။

ယုံမြို့စားကြီး၏ အိမ်တော်က ပြင်ပဧည့်သည်များကို ဖိတ်ကြားထားခြင်း မရှိသော်လည်း အိမ်တော်အတွင်း၌ အလွန်ပင် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် ပြင်ဆင်နေခဲ့ကြသည်။

မုအိမ်တော်၏ ဒုတိယမြောက်နှင့် တတိယမြောက် ဆွေမျိုးစုများကလည်း အဘွားအိုအတွက် မွေးနေ့ဆုတောင်းစကားများ လာရောက်ပြောကြားရန် ဖိတ်စာများ ပေးပို့လာခဲ့ကြ၏။

အိမ်တော်အတွင်းရှိ လူတိုင်းမှာ အလွန်ပင် အလုပ်များနေခဲ့ကြသည်။

နီရဲနေသော မီးအိမ်ကြီးများကို နေရာအနှံ့အပြားတွင် ချိတ်ဆွဲထားကြပြီး စားဖိုဆောင်၌ ပို၍ အလုပ်များနေခဲ့ကာ စားသောက်ပွဲအတွက် ဟင်းလျာများကို သေသေချာချာ စိစစ်ပြင်ဆင်နေခဲ့ကြသည်။

ကုဟွားက သူမ လက်ဆောင်ကို ပြင်ဆင်လိုက်ပြီး ၎င်းကို ကြီးမားသော အနီရောင် ပိုးသေတ္တာအတွင်းသို့ ထည့်သွင်းလိုက်၏။

သူမ ပွဲတက်ရန်အတွက် အလွန်ပင် လိုက်ဖက်လှသော မက်မွန်နီရောင် ဝတ်စုံကိုလည်း လဲလှယ်ဝတ်ဆင်လိုက်သည်။

သူမ မှန်တင်ခုံရှေ့တွင် အလှပြင်နေစဉ် တုန်းမော့ အနက်ရောင် သေတ္တာရှည်လေးတစ်လုံးကို သယ်ဆောင်လျက် ဝင်ရောက်လာခဲ့၏။

သူက လိုက်ကာအပြင်ဘက်ရှိ တုန့်ဟွားကို စကားလုံးအချို့ တိုးညှင်းစွာ ပြောဆိုခဲ့ပြီးနောက် တုန့်ဟွားက ပျော်ရွှင်နေသော မျက်နှာလေးဖြင့် ထိုအနက်ရောင် သေတ္တာရှည်လေးကို သယ်ဆောင်လျက် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“မမလေး... ဒါက မြို့စားမင်းက မမလေးအတွက် ပေးလိုက်တဲ့ လက်ဆောင်ပါ”

ကုဟွား အနည်းငယ် ထူးဆန်းသကဲ့သို့ ခံစားလိုက်ရပြီး တုန့်ဟွားက ထိုအနက်ရောင် သေတ္တာရှည်လေးကို ဖွင့်လိုက်သည်ကို စောင့်ကြည့်နေမိ၏။

အတွင်း၌ ဖြူစင်လှသော ထပ်တရာပန်းပုံစံ ကျောက်စိမ်းဆံထိုးလေး တစ်ချောင်း လဲလျောင်းနေခဲ့သည်။

ကုဟွား ၎င်းကို လှမ်းယူလိုက်ပြီး တို့ထိကြည့်လိုက်ရာ နူးညံ့ပြီး နွေးထွေးလှသည်ကို ခံစားလိုက်ရ၏။

၎င်းက အမှန်တကယ်ပင် ရှားပါးသော ကျောက်စိမ်းနွေး ဖြစ်သည်။

ထပ်တရာပန်းလေးမှာ အသက်ဝင်စွာ ထုဆစ်ထား၏။

တုန့်ဟွား အံ့ဩတုန်လှုပ်စွာ ပြောလိုက်မိသည်။

“ဝါး... ဒါက ခရိုင်မင်းသမီးကျန်း ဖျက်ဆီးလိုက်တဲ့ဟာထက်တောင် ပိုပြီးတော့ လှသေးတယ်”

ကုဟွား၏ ရင်ထဲ၌ လှုပ်ခတ်သွား၏။

ထိုနေ့က သူက သူမအား မည်သည့်ပန်းကို နှစ်သက်သနည်းဟု မေးမြန်းခဲ့ခြင်းမှာ သူမအတွက် ကျောက်စိမ်းဆံထိုးတစ်ချောင်း ပေးချင်၍ ဖြစ်နေခဲ့သည်။

သို့သော် သူမအနေဖြင့် ဤမျှအထိ အဖိုးတန်သော လက်ဆောင်မျိုးကို လက်မခံရဲချေ။

“ပြန်ပေးလိုက်ပါ... ဒါက အရမ်းကို တန်ဖိုးကြီးလွန်းတယ်”

တုန့်ဟွား ကြောင်အမ်းသွားပြီး သေတ္တာလေးကို ကိုင်ထားကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။

ကုဟွားက သခင်မအိုကြီးအတွက် လက်ဆောင်ကို သယ်ဆောင်လျက် ထွက်ခွာရန် ပြင်ဆင်နေသည်ကို မြင်တွေ့ရချိန်တွင် သူမ အလျင်အမြန်ပင် သေတ္တာအဖုံးကို ပိတ်လိုက်ပြီး အပြင်သို့ အပြေးအလွှား ထွက်၍ တံခါးအပြင်ဘက်တွင် ရပ်နေသော တုန်းမော့၏ လက်ထဲသို့ ထိုသေတ္တာလေးကို အတင်းအကြပ် ပြန်ထည့်ပေးလိုက်၏။

တုန်းမော့ မမလေးဟွားထံမှ ကျေးဇူးတင်စကားများကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

“လက်မခံဘူး ဟုတ်လား”

တုန်းမော့ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့ရ၏။

‘သခင်ကြီးက ငါ့ကို တုတ်နဲ့တော့ မရိုက်လောက်ပါဘူးနော်’

မျှော်လင့်ထားသည့်အတိုင်းပင် မုကျွင်းယန်က ပြန်လည်ရောက်ရှိလာသော လက်ဆောင်ကို မြင်လိုက်ရချိန်တွင် မျက်နှာထားက ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရ၏။

ပိုင်ရိက သူမက်ို ဆံထိုးပေးခဲ့စဉ်၌ သူမက အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့ပြီး လူအများရှေ့၌ပင် ဆံထုံးထက်၌ ထိုးပေးစေခဲ့သည်။

‘ဒါပေမဲ့... အခု ငါ ပေးတော့မှ ဘာဖြစ်လို့ ပြန်ပေးရတာလဲ’

‘ဒါက အရမ်းကို သိသိသာသာ ခွဲခြားဆက်ဆံမှုကြီး မဟုတ်ဘူးလား’

တုန်းမော့ နောက်ဆုတ်လိုက်ပြီး တံခါးအပြင်ဘက်သို့ တိုးတိုးတိတ်တိတ် ပြန်လည်ထွက်ခွာသွားခဲ့၏။

ကုဟွား တံခါးအပြင်ဘက်သို့ ခြေလှမ်းလှမ်းလိုက်စဉ် ကျိုးကျစ်လန် လမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

သူမက လက်ဆောင်သေတ္တာကို တုန့်ဟွား၏ လက်ထဲသို့ အလျင်အမြန် လွှဲပြောင်းပေးလိုက်ပြီး ရှေ့သို့တိုးကာ သူမ၏ လက်မောင်းကို တွဲချိတ်ပြီး အတူတူ ထွက်ခွာလာခဲ့ကြ၏။

ကျိုးကျစ်လန်က ပြုံးလျက် ပြောလိုက်သည်။

“ဧည့်သည်တွေ မရောက်လာသေးခင်မှာ ငါတို့တွေ သခင်မအိုကြီးဆီကို အရင်သွားပြီး မွေးနေ့ဆုတောင်းစကား သွားပြောကြရအောင်။ စာအိတ်နီတွေလည်း ရဖို့ ရှိနေသေးတယ်နော်”

ကုဟွား အံ့ဩသွားခဲ့ရ၏။

“ဒါက မိသားစု ထမင်းဝိုင်းလေးပဲ မဟုတ်ဘူးလားဟင်... ဘာလို့ ဧည့်သည်တွေ ရှိနေရတာလဲ”

“ညီမလေး မသိသေးဘူးပဲ။ ငါတို့အနေနဲ့ အခြားသူတွေကို ဂရုစိုက်နေဖို့ မလိုဘူး။ ဒါပေမဲ့ မြို့စားမင်းကတော့ အရင်မြို့စားကြီးနဲ့ သွေးသားတော်စပ်တဲ့ ဒုတိယမြောက်နဲ့ တတိယမြောက် ဆွေမျိုးတွေကိုတော့ မျက်နှာသာ နည်းနည်းလောက် ပေးရဦးမယ်လေ။ ဘာပဲဖြစ်ဖြစ် အဲဒီဆွေမျိုးစုနှစ်ခုရဲ့ သခင်ကြီးတွေက သခင်မအိုကြီးကို သူတို့ရဲ့ တရားဝင်မိခင်အဖြစ် ခေါ်ဝေါ်နေကြရတာမို့လို့ပဲလေ”

“အာ... ဒါဆိုရင် မြို့စားမင်းမှာ အခြားဝမ်းကွဲ ညီအစ်ကိုတွေလည်း ရှိနေသေးတာပေါ့”

သူမ အမြဲတမ်း မုကျွင်းယန်ကို တစ်ဦးတည်းသော သားဟုသာ ထင်မြင်ယူဆထားခဲ့ခြင်း ဖြစ်သည်။

ကုဟွား၏ စူးစမ်းလိုသော မျက်နှာလေးကို မြင်တွေ့လိုက်ရချိန်တွင် ကျိုးကျစ်လန်က ဘာမျှဖုံးကွယ်မထားဘဲ မုအိမ်တော်၏ အခြေအနေများကို အကျဉ်းချုပ် ရှင်းပြလိုက်၏။

ထိုအခါမှသာ ကုဟွားက မုအိမ်တော်၏ ဒုတိယမြောက်နှင့် တတိယမြောက် ဆွေမျိုးစုများက အရင်မြို့စားကြီး၏ ကိုယ်လုပ်တော်များမှ မွေးဖွားလာခဲ့ကြသူများ ဖြစ်သည်ကို သိရှိလိုက်ရသည်။

ထိုဆွေမျိုးစုနှစ်ခုလုံးမှ မည်သူမျှ သိုင်းပညာတွင် မကျွမ်းကျင်ကြဘဲ သူတို့၏ မျိုးဆက်များကလည်း စာပေလေ့လာလိုက်စားသည့်ဘက်သို့သာ ကူးပြောင်းသွားခဲ့ကြသည်။

အရင်မြို့စားကြီး၏ ရာထူးကို မူလက မုကျွင်းယန်၏ အစ်ကိုကြီးက ဆက်ခံရမည် ဖြစ်သည်။

သို့သော် သူ၏ သွေးသားရင်းချာ ညီအစ်ကိုနှစ်ဦးနှင့် တူတော်မောင် အချို့မှာ စစ်ပွဲအတွင်း၌ အားလုံး ကျဆုံးသွားခဲ့ကြရသည်။

သူ့ အစ်ကိုကြီး၏ မြို့စားမင်းရာထူးကို ဆက်ခံပြီးနောက်တွင် သူက သခင်မအိုကြီးနှင့် တိုင်ပင်ဆွေးနွေးပြီး ထိုဆွေမျိုးစုနှစ်ခုကို အိမ်တော်ကြီးမှ သီးသန့် ခွဲထုတ်ပစ်လိုက်၏။

ထိုအကြောင်းကိစ္စရပ်များကြောင့် မြို့တော်အတွင်း၌ ကောလာဟလများ ပျံ့လွင့်လာခဲ့ရဖူးသည်။

လူတိုင်းက မုကျွင်းယန်သည် ရက်စက်ကြမ်းကြုတ်ပြီး ကျေးဇူးကန်းသူတစ်ဦး ဖြစ်သည်ဟု ပြောဆိုကြ၏။

သူက အောင်မြင်မှုများနှင့် ထင်ပေါ်ကျော်ကြားမှုများ ရရှိလာခဲ့ပြီးနောက်တွင် အရင်မြို့စားကြီး၏ အခြားသော သားများကို လျစ်လျူရှုလိုက်ပြီး ကိုယ်လုပ်တော်ဖွား ဦးလေးနှစ်ဦးနှင့် ဝမ်းကွဲညီအစ်ကိုများ အားလုံးကို မြို့စားအိမ်တော်မှ နှင်ထုတ်ပစ်ခဲ့သည်ဟု ဆိုကြသည်။

သို့သော် မည်သူမျှ မျှော်လင့်မထားခဲ့ကြသည်မှာ နှစ်နှစ်အတွင်း၌ပင် မုကျွင်းယန် လက်ထပ်ခဲ့သော ဇနီးသည်မှာလည်း ကွယ်လွန်သွားခဲ့ရပြီး ယနေ့တိုင်အောင် သူ့တွင် သားသမီးမျိုးဆက် မရှိသေးချေ။

မြို့တော်အတွင်း၌ မုကျွင်းယန်နှင့် ပတ်သက်သော ကောလာဟလများ ထပ်မံ၍ ပျံ့လွင့်လာခဲ့ပြန်သည်။

ကောင်းကင်ဘုံက သူ့ကို သားသမီးမျိုးဆက် မရှိစေရန်အတွက် အပြစ်ပေးနေခြင်း ဖြစ်သည်ဟု ဆိုကြပြန်၏။

ပထမဆုံး နှစ်နှစ်အတွင်းတွင် မုအိမ်တော်၏ ဆွေမျိုးစုနှစ်ခုလုံးသည် ယုံမြို့စားကြီး၏ အိမ်တော်နှင့် အဆက်အသွယ် အားလုံး ဖြတ်တောက်ထားခဲ့ကြသည်။

သို့သော် မြို့စားရာထူးကို ဆက်ခံပြီးနောက်တွင် မုကျွင်းယန် အရင်မြို့စားကြီးထက်ပင် ပိုမို၍သန်မာပြီး စွမ်းဆောင်ရည် ရှိကြောင်း သက်သေပြသနိုင်ခဲ့၏။

သူ စစ်ရေးကိစ္စရပ်များတွင် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး တောင်ဘက်နယ်စပ်မှ ရန်သူစစ်တပ်များကို အဆက်မပြတ် ဆုတ်ခွာသွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။

မုမိသားစုစစ်တပ်ကလည်း အလျင်အမြန် တိုးချဲ့လာနိုင်ခဲ့ပြီး သူ့အဆင့်အတန်းမှာ အရင်မြို့စားကြီး သက်ရှိထင်ရှား ရှိစဉ်ကထက်ပင် ပိုမို၍ မြင့်မားလာခဲ့ရ၏။

သူတို့၏ တရားဝင် ရာထူးအခြေအနေများမှာ သာမန်မျှသာ ဖြစ်နေသဖြင့် ထိုဆွေမျိုးစုနှစ်ခုလုံးမှာ ထပ်မံ၍ မရိုးမရွ ဖြစ်လာကြပြန်သည်။

သူတို့က ရံဖန်ရံခါတွင် သခင်မအိုကြီးထံသို့ လူလွှတ်ပြီး လာရောက်တွေ့ဆုံလေ့ရှိကြကာ ရင်းနှီးမှုများ ရရှိရန်အတွက် ကြိုးစားလာခဲ့ကြ၏။

သူမတို့ စကားပြောဆိုရင်းနှင့်ပင် မကြာမီအချိန်အတွင်း၌ ရှန်းရွေ့ဆောင်သို့ ရောက်ရှိလာကြသည်။

အဘွားအို ယနေ့တွင် စိတ်အခြေအနေ အလွန် ကောင်းမွန်နေခဲ့သည်။

သူမ၏ မျက်ဝန်းအစုံက တောက်ပနေခဲ့ပြီး စိတ်အာရုံများမှာလည်း အလွန်ပင် ကြည်လင်နေခဲ့၏။

သူမက ကုဟွားနှင့် အခြားသူများ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် လက်ကို အလျင်အမြန်ပင် ဝှေ့ယမ်းလိုက်သည်။

“ကောင်မလေးနှစ်ယောက်... မြန်မြန်လေး လာကြပါကွယ်”

ကုဟွားနှင့် ကျိုးကျစ်လန်တို့ ပြုံးလျက် တခမ်းတနား အလေးပြုလိုက်ကြပြီး အဘွားအိုကို တောင်ဘက်အရပ်ရှိ တောင်တန်းကြီးများကဲ့သို့ သက်ရှည်ကျန်းမာပါစေကြောင်းနှင့် အတိုင်းအဆမရှိသော ကံကောင်းခြင်းများနှင့် ပြည့်နှက်ပါစေကြောင်း ကျယ်လောင်စွာ ဆုတောင်းစကား ပြောကြားလိုက်ကြ၏။

အဘွားအို အလွန်ပင် ပျော်ရွှင်သွားခဲ့ရသဖြင့် ပါးစပ်ပင် မပိတ်နိုင် ဖြစ်နေသည်။

“ဒေါ်လေးရီ... စာအိတ်နီတွေ... ကလေးနှစ်ယောက်ကို စာအိတ်နီတွေ ပေးလိုက်ဦး”

ဒေါ်လေးရီ ပြုံးလျက်ပင် သူမတို့နှစ်ဦးကို စာအိတ်နီကြီး တစ်အိတ်စီ ပေးလိုက်ပြီး အလိုက်သိစွာ တွဲထူပေးလိုက်၏။

“မြန်မြန်သွားပြီး သခင်မကြီးနဲ့ စကားပြောလိုက်ကြဦးနော်။ သူ ခုနတည်းက သကြားလုံး စားချင်တယ်ဆိုပြီး ဂျီကျနေတာ”

အဘွားအို၏ မျက်ဝန်းလေးများက တောက်ပသွားခဲ့ရပြီး ဒေါ်လေးရီကို တစ်ချက် စိုက်ကြည့်လိုက်ကာ ရယ်မောလိုက်သည်။

“ဒီနေ့က ငါ့ရဲ့ မွေးနေ့လေ။ ငါက အကြီးဆုံးပဲ။ ငါ သကြားလုံး စားချင်တယ်။ ဘာဖြစ်လဲ”

“ကောင်းပါပြီရှင်... သခင်မကြီး သကြားလုံး စားပါနော်”

ကျိုးကျစ်လန် ပြုံးလိုက်ပြီး လက်ဖက်ရည်ခုံထက်ရှိ သကြားလုံးပန်းကန်ထဲမှ သကြားလုံးတစ်လုံးကို လှမ်းယူကာ အဘွားအို၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။

ကုဟွားက ဘေးနားတွင် မတ်တတ်ရပ်ပြီး အဆက်မပြတ် ပြုံးရယ်နေခဲ့မိသည်။

အဘွားအိုက ရုတ်တရက်ပင် ကုဟွား၏ လက်ကို လှမ်းဆွဲလိုက်ပြီး သူမ၏ အင်္ကျီလက်ကို အထက်သို့ ပင့်တင်လိုက်သည်။

သူမ၏ မျက်နှာထက်ရှိ အပြုံးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။

“ချွေးမလေး... လက်ကောက်က ဘယ်ရောက်သွားတာလဲ”

ကုဟွား ကြောင်အမ်းသွား၏။

ကျိုးကျစ်လန်ကလည်း နောက်ပြောင်သော အမူအရာဖြင့် ပြုံးလိုက်သည်။

“ဟုတ်ပါ့... လက်ကောက်က ဘယ်ရောက်သွားတာလဲ”

ကုဟွား၏ မျက်နှာလေးက ချက်ချင်းပင် နီမြန်းသွားသည်။

သူမ ဒေါ်လေးရီကို အကူအညီတောင်းခံသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်မိပြီး ကိစ္စများကို ကူညီဖြေရှင်းပေးရန် တောင်းဆိုနေခဲ့မိ၏။

“ဘာလက်ကောက်လဲ”

ကြည်လင်ပြတ်သားလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး မုကျွင်းယန် အပြာရင့်ရောင် စပါးအုန်းမြွေပုံစံ ဝတ်ရုံကြီးကို ဝတ်ဆင်လျက် အထဲသို့ လျှောက်လှမ်း ဝင်ရောက်လာ၏။

အဘွားအို ကလေးငယ်တစ်ဦးကဲ့သို့ ပြုမူလိုက်ပြီး နှုတ်ခမ်းကို ဆူလိုက်သည်။

“ငါ သူ့ကို ချွေးမအဖြစ် ပေးထားတဲ့ လက်ကောက်လေ... သူက ဝတ်မထားဘူး”

ကုဟွား အလွန်ပင် အိုးတိုးအမ်းတမ်း ဖြစ်သွားခဲ့ရသဖြင့် မုကျွင်းယန်ထံသို့ အကူအညီတောင်းခံသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်မိ၏။

သူက သူမကို တစ်ချက် စိုက်ကြည့်လိုက်သည်။

“အမ်း... သူက အမေ ချွေးမအဖြစ် ပေးခဲ့တဲ့ လက်ကောက်ကို တကယ်ပဲ မဝတ်ထားဘူးပဲ။ အရိုက်ခံရဖို့ တကယ်ကို ထိုက်တန်တယ်”

“မဟုတ်ဘူး... ဒါက မဖြစ်နိုင်ဘူး။ မင်း သူ့ကို မရိုက်ရဘူးနော်။ ဒီမိန်းမပျိုလေးက တအား နုနယ်လွန်းတာ...တကယ်လို့ မင်း သူ့ကို နာကျင်အောင် လုပ်လိုက်ရင် ငါ့မှာ ချွေးမလေး ရှိတော့မှာ မဟုတ်ဘူး”

အဘွားအို အလျင်အမြန်ပင် ကုဟွားကို သူမ၏ ဘေးနားသို့ ဆွဲခေါ်လိုက်ပြီး သားဖြစ်သူထံမှ ကာကွယ်စောင့်ရှောက်လိုသည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်၏။

မုကျွင်းယန် : “...”

‘အမေ... အမေ သရုပ်ဆောင်တာ များသွားပြီ’

“အမေ... သူက လက်ကောက်ကို ဝတ်လာဖို့ မေ့သွားတာ ဖြစ်မှာပါ။ ကျွန်တော့်မှာလည်း လက်ဆောင်တစ်ခု ရှိပါတယ်။ တကယ်လို့ သူက အဲဒါကို ဝတ်လိုက်မယ်ဆိုရင် လက်ကောက်နဲ့ အတူတူပါပဲ”

အဘွားအိုက အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရသဖြင့် ကုဟွားကို ရှေ့သို့ တွန်းပို့လိုက်၏။

“မြန်မြန်လေး ဝတ်ပြီး ဒီအဘွားကြီး မြင်ရအောင် ပြပါဦးကွယ်”

ကုဟွား ရှုပ်ထွေးသွားခဲ့ရ၏။

ရုတ်တရက်ပင် သူမက သူ့လက်ထဲ၌ ဘယ်ကနေ ရောက်ရှိလာမှန်းမသိသော အနက်ရောင် သေတ္တာလေးတစ်လုံး ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

သူ ၎င်းကို ဖွင့်လိုက်ပြီး ကျောက်စိမ်းဆံထိုးလေး တစ်ချောင်းကို ထုတ်ယူကာ ရှေ့သို့ လှောက်လှမ်းလာခဲ့ပြီး လူအများရှေ့၌ပင် သူမ ဆံပင်ထက်၌ ထိုးပေးလိုက်၏။

ကုဟွား တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

ယခုအချိန်တွင် ၎င်းကို ပြန်လည်ရုတ်သိမ်းရန် ခက်ခဲသွားခဲ့ရပြီ ဖြစ်သည်။

အဘွားအို ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်သည်။

“ငါ့ရဲ့ သားက နောက်ဆုံးတော့ စိတ်ကို ဖွင့်ပေးလိုက်ပြီပဲ”

ကုဟွား၏ နားရွက်လေးများ နီမြန်းသွား၏။

အခန်းတွင်းရှိ လူတိုင်းက သူမကို အပြုံးများဖြင့် စိုက်ကြည့်နေကြသဖြင့် သူမအနေဖြင့် သူမ၏ လက်များကို မည်သည့်နေရာ၌ ထားရမှန်းပင် မသိတော့ချေ။

မုကျွင်းယန်က သူမကို သတိပေးလိုက်သည်။

“မင်းမှာ အမေ့အတွက် မွေးနေ့လက်ဆောင် ရှိတယ် မဟုတ်ဘူးလား”

“အာ... ဟုတ်ပါတယ်”

ကုဟွား အလျင်အမြန်ပင် တုန့်ဟွားနှင့် တုန့်ချင်းတို့အား သေတ္တာကို ဖွင့်ရန် တောင်းဆိုလိုက်၏။

“ဝါး... အရမ်းလှတာပဲ”

အခန်းတွင်းရှိ လူတိုင်းက အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။

ကုဟွား ခေါင်းစည်းပဝါကို ထုတ်ယူလိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

“သခင်မကြီး... ဒါက ခေါင်းစည်းပဝါနဲ့ ညအိပ်ဝတ်စုံတစ်စုံပါရှင်။ သခင်မကြီး သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

“သဘောကျတယ်... သဘောကျတယ်”

All Chapters