← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း(၁၁၉)

သူ၏ မျက်နှာထက်တွင် ကုဟွားက ကျွန်တော်နဲ့ လိုက်ဖက်ညီပါတယ်ဟု တိုက်ရိုက် ရေးထားချင်လောက်အောင်ပင် ဖြစ်နေခဲ့ရသည်။

မုကျွင်းယန် စိတ်လှုပ်ရှားနေသော ထိုလူငယ်လေးကို တည်ငြိမ်စွာဖး တစ်ချက် စိုက်ကြည့်လိုက်သည်။

“အမ်း... မင်း သဘောကျနေတဲ့သူ ရှိနေပြီလား။ ဒုတိယဦးလေး မင်းအတွက် အောင်သွယ်တော် လုပ်ပေးရဦးမလား”

အဘွားအိုက မထိန်းနိုင်ဘဲ အလျင်အမြန်ပင် မျက်စောင်းတစ်ချက် ထိုးလိုက်မိ၏။

‘ငါ့ရဲ့ ဒီသား လူအိုကြီးက တကယ် သဝန်တိုနေတာပဲ’

ထိုစကားကို ကြားလိုက်ရချိန်တွင် မုဖုန်း၏ မျက်ဝန်းများက တောက်ပသွားသည်။

သူ့ရင်ထဲ၌ မီးတောက်တစ်ခု ထွက်ပေါ်လာတော့မည့်အလား သူ စိတ်လှုပ်ရှားစွာ လက်များကို ပွတ်သပ်လိုက်သည်။

“မရီးရဲ့ ဒုတိယ ညီမလေးဆို အဆင်ပြေနိုင်မလားလို့ သိချင်ပါတယ်”

မုကျွင်းယန်၏ ခြေလှမ်းများက တည်ငြိမ်နေခဲ့ပြီး လေသံကလည်း အေးဆေးနေခဲ့သည်။

“မင်း ဒီနေ့မှ သူ့ကို ပထမဆုံးအကြိမ် တွေ့ဖူးတာ မဟုတ်ဘူးလား”

ထိုလူငယ်လေးက သူ့ ဒုတိယဦးလေး၏ လေသံအတွင်းရှိ မကျေမနပ်ဖြစ်မှုများကို လုံးဝ သတိမထားမိဘဲ သူ့အတွေးအမြင်များကိုသာ စိတ်လှုပ်ရှားစွာ အဆက်မပြတ် ပြောဆိုနေခဲ့မိသည်။

သို့သော် မုကျွင်းယန် စည်းကမ်းချက်များအား အလွန် တန်ဖိုးထားသူဖြစ်သည်ကို သူ သိရှိထား၏။

သူ ကုဟွားအပေါ် မလျော်ကန်သော အတွေးများ ရှိနေသည်ဟု မုကျွင်းယန် သံသယဝင်သွားမည်ကို စိုးရိမ်သဖြင့် သူ့ပျော်ရွှင်မှုများကို အလျင်အမြန်ပင် ပြန်လည်ထိန်းချုပ်လိုက်၏။

သူက တိုးညှင်းသော လေသံဖြင့် ရှင်းပြလိုက်သည်။

“ဒါက သူနဲ့ တွေ့ဖူးတဲ့ ပထမဆုံး အကြိမ်ပါပဲ။ စောနကဆိုရင် ကျွန်တော် သူ့ကို စကားတစ်လုံးမှတောင် မပြောလိုက်ရပါဘူး။ ဒီတူလေး မြင်တွေ့လိုက်ရတာကတော့ သူ အလွန် လိမ္မာယဉ်ကျေးပြီး သူ့ရဲ့ မျက်ဝန်းလေးတွေကလည်း ဟိုဟိုဒီဒီ လုံးဝ လှည့်လည်ကြည့်ရှုခြင်း မရှိပါဘူး။ ဒါကြောင့်မို့လို့ပဲ ဒီတူလေးက မထိန်းနိုင်ဘဲ မရီးကို ဇွတ်တရွတ် မေးမြန်းလိုက်မိတာပါ။ ဒုတိယဦးလေးအနေနဲ့ ဒုတိယညီမလေးကို အပြစ်မတင်ပါနဲ့နော်”

ထိုလူငယ် အလွန်ပင် စိုးရိမ်ပူပန်နေခဲ့သဖြင့် မျက်နှာလေး နီမြန်းနေခဲ့ရပြီး သူ့မျက်ဝန်းလေးများက နောက်မှလိုက်ပါလာသော ကုဝမ်ရုဆီသို့သာ အဆက်မပြတ် ကြည့်ရှုနေခဲ့မိသည်။

ဒုတိယညီမလေးအပေါ် သူ ရိုင်းစိုင်းစွာ ပြုမူနေသည်ဟု သူမ ထင်မြင်ယူဆသွားမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

မုကျွင်းယန်၏ အတွင်းစိတ်၌ စောစောက မိန်းမပျိုလေး၏ နှင်းပမာ ဖြူစင်လှသော မျက်နှာလေးက ပြန်လည်ထွက်ပေါ်လာ၏။

သူမက သူ၏ မိခင်အိုကြီး ဘေးနား၌ လှပစွာ မတ်တတ်ရပ်နေခဲ့ပြီး ချိုသာစွာ စကားပြောဆိုကာ ရယ်မောနေခဲ့သည်။

သူမ အမှန်တကယ်ပင် ဆွဲဆောင်မှုရှိ၏။

လူတိုင်း သူမကို မြင်တွေ့လိုက်ရသည့် အကြိမ်တိုင်းတွင် သူတို့ရင်ထဲ၌ လှုပ်ခတ်သွားရခြင်းက မထူးဆန်းချေ။

ပိုင်ရိနှင့် မုဖုန်းတို့ မဆိုထားနှင့်။ သူကိုယ်တိုင်ပင်လျှင် ဤမျှလောက် နှစ်ပေါင်းများစွာအတွင်း သူ့ကိုယ်သူ ထိန်းသိမ်းလာခဲ့သော်လည်း သူ့ခုခံကာကွယ်မှုများက အလားတူပင် ပျက်စီးသွားခဲ့ရသည်။

၎င်းက ထိတွေ့လိုက်မိသည်နှင့်တစ်ပြိုင်နက် လွှတ်မပေးချင်တော့သည့် အရာမျိုး ဖြစ်သည်။

ထိုနေ့ညက သန်းခေါင်ယံအချိန် ရောက်ရှိနေခဲ့သော်လည်း သူက သူမကို လွှတ်မပေးချင်ခဲ့ချေ။

“ငါ ဘာလို့ သူ့ကို အပြစ်တင်ရမှာလဲ... သူက မျိုးဆက်သစ် လူငယ်တစ်ယောက်ပဲလေ။ သူက မြို့စားအိမ်တော်မှာ လာရောက်နေထိုင်နေတာ ဖြစ်တဲ့အတွက်ကြောင့် အိမ်ထောင်ဦးစီးတစ်ဦးအနေနဲ့ ငါကလည်း သဘာဝကျစွာပဲ နည်းနည်း ဂရုစိုက်ပေးရမှာပေါ့”

ထိုအခါမှသာ မုဖုန်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်၏။

သို့သော် မမျှော်လင့်ဘဲ မုကျွင်းယန်က နောက်ထပ် စကားတစ်ခွန်း ထပ်မံဖြည့်စွက်လိုက်ပြန်သည်။

“တကယ်လို့ မင်း သူ့ကို လက်ထပ်မယ်ဆိုရင် တရားဝင်ဇနီးအဖြစ်လား ဒါမှမဟုတ် ကိုယ်လုပ်တော်အဖြစ်လား”

မုဖုန်းက စဉ်းစားနေရန်ပင် မလိုအပ်ချေ။

“သေချာပေါက် တရားဝင် ဇနီးအဖြစ်ပေါ့”

“မင်း သူ့ကို တစ်ကြိမ်ပဲ မြင်ဖူးသေးတာကို သူက တရားဝင်ဇနီးတစ်ဦး ဖြစ်နိုင်တယ်လို့ ဆုံးဖြတ်လိုက်ပြီလား”

“တစ်ကြိမ်နဲ့တင် လုံလောက်ပါတယ်”

မုဖုန်းက ဗြောင်ကျကျပင် ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် အရှက်သည်းစွာ အလျင်အမြန် ထပ်မံဖြည့်စွက်လိုက်၏။

“ဒီတူလေးကလည်း လက်ထပ်ရမဲ့ အရွယ်ရောက်နေတဲ့ ဂုဏ်သရေရှိ မမလေးတချို့ကို မြင်ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလိုမျိုး ဟန်ဆောင်လွန်းတဲ့ အမျိုးသမီးတွေကို တကယ်ပဲ မနှစ်သက်ပါဘူး။

ဒုတိယညီမလေးကတော့ လှပတဲ့ ရုပ်ရည်ရှိပြီး ရိုးသားပါတယ်။ သူ့မှာ အဲဒီဂုဏ်သရေရှိ မမလေးတွေလိုမျိုး ဟန်ဆောင်တတ်တဲ့ အမူအရာတွေ လုံးဝ မရှိပါဘူး”

မုကျွင်းယန်၏ မျက်ဝန်းအစုံမှာ ပိုမို၍ အေးစက်သွားခဲ့ရ၏။

လူငယ်လေး ၎င်းကို လုံးဝ သတိမထားမိဘဲ ဆက်ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ မိခင်ကလည်း သူက ကိုယ်လုပ်တော်က မွေးဖွားလာခဲ့တာကို ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ အဖေနဲ့အမေ နှစ်ယောက်လုံးကလည်း ကိုယ်လုပ်တော်က မွေးလာခဲ့ကြတာပဲလေ။ ပြီးတော့ အခုလည်း အဆင်ပြေပြေနဲ့ နေထိုင်နေကြတာပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ ဒုတိယညီမလေးရဲ့ ခန္ဓာကိုယ်ကတော့ အနည်းငယ် နုနယ်ပြီး အားနည်းနေပုံရပါတယ်”

မုဖုန်း နှင်းပမာ ဖြူစင်လှသော အသားအရေနှင့် ကျောက်စိမ်းပမာ နုနယ်လှသော အရိုးအဆစ်များ ရှိသည့် ထိုမိန်းကလေးကို ပြန်လည်အမှတ်ရသွားခဲ့ခြင်း ဖြစ်သည်။

သူမ၏ မျက်နှာလေးက အနည်းငယ် ဖြူဖျော့နေခဲ့ပြီး အနည်းငယ် အားနည်းနေပုံရသည်။

သို့သော် သူ အလျင်အမြန်ပင် ပျော်ရွှင်စွာ ပြုံးလိုက်မိ၏။

“သူက အခုထိ ငယ်ပါသေးတယ်။ ကောင်းမွန်တဲ့ အာဟာရတွေနဲ့ သေသေချာချာ ပြုစုပျိုးထောင်ပေးလိုက်ရင် သေချာပေါက် မြန်မြန်ဆန်ဆန်ပဲ ကျန်းမာသန်စွမ်းလာမှာပါ”

မုကျွင်းယန် တိုးညှင်းစွာ ဆိုလိုက်သည်။

“သူက မင်းနဲ့ အသက် အတူတူလောက်ပဲ ရှိတာပါ”

မုဖုန်း၏ မျက်နှာလေး နီမြန်းသွား၏။

“ကျွန်တော်က အမျိုးသားတစ်ယောက်လေ။ ကျွန်တော်တို့က အသက်အရွယ် အတူတူလောက်ပဲ ရှိတယ်ဆိုပေမဲ့ ကျွန်တော်က မြင်းစီးတာနဲ့ မြားပစ်တာတွေကိုလည်း လေ့ကျင့်ထားတာကြောင့် ကျွန်တော်က တအားသန်မာပါတယ်”

‘သန်မာတယ် ဟုတ်လား’

မုကျွင်းယန်၏ စိတ်အစဉ်အတွင်း၌ ချက်ချင်းပင် ထိုနုနယ်ပြီး ကျိုးပဲ့လွယ်သော ခါးလေးကို ပြန်လည်တွေးတောမိသွားခဲ့ရ၏။

“ယန်အာ... မင်းရဲ့ အမေအိုကြီးကို နာအောင် အတင်း ညှစ်မိထားပြီ”

အဘွားအိုက သူ့ကို အပြစ်တင်သည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်၏။

မုကျွင်းယန်၏ နှုတ်ခမ်းထောင့်စွန်းများက တွန့်ကွေးသွားခဲ့ရပြီး သူက မသိစိတ်အရ ပြင်းထန်စွာ ဆုပ်ကိုင်ထားမိသော လက်ကို အလျင်အမြန်ပင် လွှတ်ပေးလိုက်သည်။

အခြားတစ်ဖက်၌ မုဖုန်းက ပိုမို၍ စိတ်လှုပ်ရှားလာခဲ့ရပြီး သူက ဒုတိယညီမလေးကို ယခုချက်ချင်းပင် လက်ထပ်နိုင်တော့မည့်အလား ခံစားနေရ၏။

သူ၏ မိခင်ကို အောင်သွယ်တော်အား တံခါးဝအထိ လွှတ်ခိုင်းရန် မည်သို့ အကြံပြုရမည်နှင့် မင်္ဂလာပွဲ ကိစ္စရပ်များကို မည်သို့ စီမံခန့်ခွဲရမည်ဟူသော အချက်များကိုပင် စတင်၍ စဉ်းစားနေခဲ့မိသည်။

ပျော်ရွှင်မှုများအတွင်း၌ နစ်မြုပ်နေသော ထိုလူငယ်လေးကို မုကျွင်းယန် ဘေးတိုက်တစ်ချက် စိုက်ကြည့်လိုက်မိပြီး မျက်ခုံးပင့်လိုက်မိ၏။

အကယ်၍ သူ မြင်မြင်ချင်း စွဲလန်းသွားကာ “ဒုတိယညီမလေး” ဟု အဆက်မပြတ် ခေါ်ဝေါ်နေသော အမျိုးသမီးက အိပ်ယာပေါ်တွင် မည်ကဲ့သို့သော ပုံသဏ္ဌာန်မျိုး ရှိသည်ကို သိရှိသွားခဲ့လျှင် သို့မဟုတ် သူမ၏ ပထမဆုံးသော အမျိုးသားမှာ မည်သူဖြစ်ကြောင်းကို သိရှိသွားခဲ့လျှင် သူ မည်ကဲ့သို့ ခံစားရမည်ကို မသိနိုင်ချေ။

လူငယ်လေးများက ကာမဂုဏ်၏ ဖျားယောင်းခြင်းကို ခံရလွယ်သည်။

တစ်ကြိမ်တည်း ဆုံတွေ့ရုံမျှဖြင့်ပင် သူ့အနေဖြင့် မျက်စိရှေ့မှောက်ရှိ မိန်းမပျိုလေး၏ မျက်နှာ အစစ်အမှန်ကို အားလုံး သိမြင်ပြီးပြီဟု မောက်မာစွာ တွေးတောနေခဲ့သည်။

‘ကလေးဆန်လိုက်တာ’

မုကျွင်းယန် ထိုလူငယ်လေးမှာ စိတ်လိုက်မာန်ပါ စွန့်စားချင်စိတ် ပြင်းပြနေခြင်းသာ ဖြစ်သည်ဟု တွေးတောမိသဖြင့် သူ့ကို သတိပေးသည့်အနေဖြင့် ပြောလိုက်သည်။

“ဆောင်းဦးရာသီ စာမေးပွဲကြီးက နီးနေပြီ။ မင်းကလည်း အရွယ်မရောက်သေဘူး။ အခုအချိန်မှာ စိတ်လေလို့မဖြစ်ဘူးနော်။ အိမ်ထောင်ရေးဆိုတာ မိဘတွေရဲ့ အမိန့်နဲ့ အောင်သွယ်တော်တွေရဲ့ စကားအပေါ်မှာပဲ မူတည်တာမို့လို့ မင်းကိုယ်တိုင် ဆုံးဖြတ်ချက်ချလို့ မရဘူး”

မုဖုန်း စိုးရိမ်ပူပန်သွား၏။

ကုဟွားကဲ့သို့သော မိန်းကလေးမျိုးကို မျက်စိကျနေကြမည့်သူများ သေချာပေါက် များပြားမည် ဖြစ်သည်။

မူလက သူမ၏ အိမ်တော်အတွင်း၌သာ နေခဲ့ရသော်လည်း ယခုအချိန်တွင် သူမ၏ အစ်မနှင့်အတူတူ မြို့စားအိမ်တော်တွင် လာရောက်နေထိုင်နေခဲ့ပြီ ဖြစ်သည်။

‘ဒါက ထူးချွန်တဲ့ လူငယ်လေးတွေနဲ့ ပိုပြီးဆုံတွေ့နိုင်မဲ့ အခွင့်အရေးတွေ ရလာစေဖို့အတွက်ပဲ မဟုတ်ဘူးလား’

သူ့အနေဖြင့် သူမနှင့် စောစောစီးစီး ဆုံတွေ့ခွင့်ရရှိခဲ့သဖြင့် သဘာဝကျစွာပင် သူမကို စောစောစီးစီး လက်ဦးမှု ရယူထားရမည် ဖြစ်သည်။

“ဒုတိယဦးလေး... စိတ်မပူပါနဲ့။ ကျွန်တော့်ရဲ့ အဖေနဲ့အမေက မိန်းကလေးတစ်ယောက်ရဲ့ နောက်ခံအကြောင်းအရာတွေကို သိပ်ပြီးတော့ ဂရုမစိုက်ကြပါဘူး။ သူ့ရဲ့ အကျင့်စာရိတ္တ ကောင်းမွန်နေသရွေ့ အဆင်ပြေတယ်လို့ပဲ ပြောကြပါတယ်။ တကယ်လို့ ဒုတိယဦးလေးသာ ကူညီပြီးတော့ ပြောပေးမယ်ဆိုရင် ဘာပြဿနာမှ ရှိလာတော့မှာ မဟုတ်ပါဘူး”

မုဖုန်း၏ လေသံအတွင်း၌ တောင်းပန်တိုးလျှိုးမှုများ ပြည့်နှက်နေခဲ့သည်။

မုကျွင်းယန် ရင်ထဲ၌ အကြောင်းပြချက်မရှိဘဲ စိတ်အနှောင့်အယှက် ဖြစ်လာခဲ့ရပြီး သူ့ကို ဆက်လက်၍ စကားမပြောချင်တော့ချေ။

“အမ်း...”

သူ စိတ်မပါလက်မပါဖြင့် ရေရွတ်လိုက်မိ၏။

ကိစ္စရပ်များကို အလွယ်တကူ သဘောတူလေ့မရှိသော ဒုတိယဦးလေးက အမှန်တကယ်ပင် သဘောတူလိုက်သည်ကို မြင်တွေ့ရချိန်၌ မုဖုန်းက အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရသဖြင့် ထခုန်မိလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

သူက အလျင်အမြန်ပင် အနားသို့ တိုးကပ်လိုက်ရင်း တိုးညင်းစွာဖြင့် ဆိုလိုက်၏။

“ဒီတူလေးက ဒုတိယဦးလေးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားတွေကို နောက်ဘဝအထိကို သေချာပေါက် ပြန်ဆပ်ပါ့မယ်။ ကျွန်တော့်ရဲ့ အဖေကလည်း ဒီနေ့ လာချင်ခဲ့ပေမဲ့ ဒုတိယဦးလေး စိတ်ဆိုးမှာကို စိုးရိမ်နေခဲ့တာပါ။ အချိန်နည်းနည်းလောက် ပေးပါဦးနော် ဒီတူလေးက အိမ်ရှင်အဖြစ် တာဝန်ယူပြီး ဒုတိယဦးလေးကို ဖိတ်ကြားပါရစေ။ ပြီးတော့ ကျွန်တော့်အဖေနဲ့လည်း ပြန်လည်သင့်မြတ်ပေးပါဦးနော်”

မုကျွင်းယန် သူ့ကို ဘေးတိုက်တစ်ချက် စိုက်ကြည့်လိုက်သည်။

“လူကြီးတွေရဲ့ ကိစ္စတွေမှာ လျှောက်ပြီးတော့ ဝင်မစွက်ဖက်စမ်းနဲ့”

မုဖုန်း ရယ်မောရင်း ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ... ဒီတူလေးက ဒုတိယဦးလေးရဲ့ စကားကို နားထောင်ပါ့မယ်”

သူက ဆူပူကြိမ်းမောင်းခြင်း ခံလိုက်ရသည့်တိုင် ရင်ထဲ၌ သက်တောင့်သက်သာ ဖြစ်နေခဲ့ရသည်။

သူက မကြာမီအချိန်အတွင်း၌ပင် ထိုအလှနတ်သမီးလေးကို ပိုင်ဆိုင်နိုင်တော့မည်ဟု ခံစားနေရသဖြင့် အလွန်ပင် ကြည်နူးပီတိဖြစ်နေခဲ့ရ၏။

လမ်းတစ်လျှောက်လုံး စကားသံများကို နားထောင်လာခဲ့သော အဘွားအိုက သူ၏ ရူးကြောင်ကြောင် သားဖြစ်သူကို ကြည့်ပြီး အသည်းယားနေခဲ့သည်။

အဘွားအိုကြီးက သူမ သားကို ကာကွယ်စောင့်ရှောက်ရန်အတွက်သာ အရူးအသွင် ဆောင်နေခဲ့ခြင်း ဖြစ်သည်။

သူမ သားက အဘယ်ကြောင့် ဒုတိယမြောက်နှင့် တတိယမြောက် ဆွေမျိုးစုများကို သီးသန့် ခွဲထုတ်ပစ်ခဲ့သည်ကိုလည်းကောင်း အဘယ်ကြောင့် လက်ထပ်ရန် ငြင်းဆန်နေခဲ့သည်ကိုလည်းကောင်း သူမ ကောင်းမွန်စွာ သိရှိထားသည်။

‘ဒါတွေအကုန်လုံးက နန်းတော်ထဲက လောဘဇောတက်ပြီး အတ္တကြီးလွန်းတဲ့ လူတွေကြောင့်ပဲ မဟုတ်ဘူးလား’

သို့သော် မိခင်တစ်ဦးအနေဖြင့် သူမ သားအတွက် ရင်မနာဘဲ မနေနိုင်ချေ။

လူတိုင်းက မိန်းမပျိုလေး ကုဟွား၏ ကောင်းမွန်လှသော အကျင့်စာရိတ္တကို မြင်တွေ့နိုင်ကြသည်။

အကယ်၍ သူမအနေဖြင့် အဆင့်အတန်း ဂုဏ်သရေမရှိသည်ကို ဂရုမစိုက်ဘဲ သူမ၏ သားဘေးနားတွင် လိုက်ပါနေထိုင်လိုပါက သူမအနေဖြင့် ထိုမိန်းမပျိုလေးကို မည်သည့် မကျေနပ်မှုမျိုးကိုမျှ ခံစားစေမည် မဟုတ်ချေ။

သို့သော် သူမက သားဖြစ်သူရင်ထဲရှိ ရှုပ်ထွေးလှသော ပဋိပက္ခများကိုလည်း နားလည်ထားသည်။

အဘွားအိုက မြေးချွေးမဖြစ်သူကို တိုးတိုးတိတ်တိတ် လှမ်း၍ အကဲခတ်လိုက်မိသည်။

အကယ်၍ ထိုမိန်းမပျိုလေး၌ ဤကဲ့သို့သော အစ်မတစ်ယောက်သာ ရှိမနေခဲ့ပါက ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရသည်မှာ ပိုမို၍ လွယ်ကူသွားနိုင်သည်။

မုကျွင်းယန် အဘွားအိုကို တိတ်ဆိတ်စွာ တွဲပေးထားခဲ့သည်။

သို့သော် သူ့ရင်ထဲ၌ အလွန်ပင် ရှုပ်ထွေးနေခဲ့၏။

မုဖုန်း ယနေ့မှ သူမကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပြီး စကားတစ်လုံးမျှပင် မပြောရသေးသော်လည်း သူမကို ရူးမတတ် လက်ထပ်ချင်နေခဲ့သည်။

ပိုင်ရိကလည်း အလားတူပင် ဖြစ်သည်။

သူတို့ ဆုံတွေ့ခဲ့ကြသည့် အကြိမ်အရေအတွက်မှာ မများပြားလှသော်လည်း သူက သူမအပေါ် အပြည့်အဝ ယုံကြည်ခဲ့ပြီး ငွေစက္ကူများနှင့် ခြံဝင်းတစ်ခုကိုပါ ပေးခဲ့သေးသည်။

ကုဟွားအနေဖြင့် သူတို့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျားယောင်းသွေးဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။

All Chapters