← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း(၁၂၀)

‘ဒါ ငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျားယောင်းသွေးဆောင်ခဲ့သလိုမျိုးလား’

ကုဟွား ပိုင်ရိ၌ သူမကို အပြင်မယားအဖြစ် ထားရှိရန် ရည်ရွယ်ချက် မရှိသည်ကို သိရှိထားပြီး ပိုင်ရိ၌ ကြောက်မက်ဖွယ်ကောင်းသော တရားဝင် ဇနီးသည်တစ်ဦး ရှိနေသည်ကိုလည်း သိရှိထားသည်။

‘တကယ်လို့ ဒီရူးကြောင်ကြောင် ကောင်လေး မုဖုန်းက သူ့က်ို တရားဝင်ဇနီးအနေနဲ့ လက်ထပ်ချင်နေတာကို သိသွားခဲ့ရင် ရင်ခုန် စိတ်လှုပ်ရှားသွားလောက်မလား’

ထိုကောင်လေးက ငယ်ရွယ်တက်ကြွသော အရွယ်ဖြစ်ပြီး ထိုမိန်းမပျိုလေးနှင့်လည်း အသက်အရွယ် အတူတူလောက်ပင် ဖြစ်သည်။

သူ့ကိုယ်သူ ပြန်လည်သုံးသပ်ကြည့်ရလျှင် သူက အသက်ကြီးရင့်နေခဲ့ပြီ ဖြစ်ရုံသာမက သူ့စိတ်သဘောထားကလည်း အိုမင်းရင့်ရော်နေခဲ့ပြီ ဖြစ်သည်။

သူက ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် စစ်မြေပြင်၌ စစ်တပ်ကို အမိန့်ပေးစေခိုင်းခဲ့ဖူးသော်လည်း ပထမဆုံးအကြိမ်အဖြစ် စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင် ပင်ပန်းနွမ်းနယ်နေရသည်ဟု သူခံစားလိုက်ရ၏။

သူ့ဘေးနားရှိ လူငယ်လေးက သူ၏ အနာဂတ် အစီအစဉ်များကို စိတ်လှုပ်ရှားစွာ တတွတ်တွတ် ပြောဆိုနေသည်ကို ကြားရချိန်၌ သူ ရုတ်တရက်ပင် တွေးတောမိလိုက်သည်။

‘တကယ်လို့ ကုဟွားသာ ဒီလို လူငယ်လေးတစ်ယောက်ရဲ့ တရားဝင် ဇနီးအဖြစ် လက်ထပ်နိုင်ခဲ့မယ်ဆိုရင် အဲဒါက ပိုကောင်းတာပဲ မဟုတ်ဘူးလား’

အနောက်မှ လိုက်ပါလာခဲ့သော ကုဝမ်ရုက ထိုစကားဝိုင်းတစ်ခုလုံးကို ကြားလိုက်ရသဖြင့် သူမ၏ မှေးမှိန်နေသော မျက်ဝန်းအစုံတွင် အကြောင်းပြချက်မရှိဘဲ အတွေးအချို့နှင့် ပြည့်နှက်သွားခဲ့ရ၏။

ဤမြေခွေးမလေး ကုဟွားကို မြို့စားအိမ်တော်အတွင်း၌ ဆက်လက်ထားရှိနေခြင်းက အမှန်တကယ်ပင် ဘေးဒုက္ခတစ်ခု ဖြစ်သည်။

လူတိုင်း ကိုယ်စီကိုယ်ငှ အတွေးများစွာ ရှိနေခဲ့ကြသည်။

သူတို့ သတိမထားမိခင်၌ပင် အရှေ့ခြံဝင်းရှိ ရွှမ်းယွင်ခန်းမဆောင်သို့ ရောက်ရှိလာခဲ့ကြ၏။

ဒေါင်းတစ်ကောင်ကဲ့သို့ ဝတ်စားဆင်ယင်ထားသော ကျန်းရော့ရှီးက မုကျွင်းယန် အဘွားအိုကို တွဲလျက် အထဲသို့ လျှောက်လှမ်းဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရ၏။

သူမက အဘွားအိုကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး သူ့ထံသို့သာ စိတ်အားထက်သန်စွာဖြင့် တိုက်ရိုက် တိုးကပ်သွားခဲ့ပြီး နူးညံ့ပျော့ပြောင်းကာ ချိုသာသောအသံလေးဖြင့် ပြောလိုက်သည်။

“ခဲအို... ကျွန်မက အမြဲတမ်း ခဲအိုဆီကို လာရောက်တွေ့ဆုံချင်နေခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်ကမှ မိခင်ဘက်က အဘွားဖြစ်သူ (မယ်တော်ကြီး) က နန်းတော်ထဲကို လှမ်းခေါ်ပြီး အတူတူ အဖော်ပြုပေးဖို့ ပြောနေခဲ့တာကြောင့် အပြင်ကို ထွက်လာဖို့ အချိန်မရှိခဲ့ရတာပါ”

မုကျွင်းယန်၏ မျက်နှာထားက ချက်ချင်းပင် တည်တံ့သွား၏။

သူတို့၏ အနောက်တွင် ဝင်ရောက်လာကြသော မုစစ်လန် နှင့် မုလျိုလန်တို့လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ကြရသည်။

အဆင့်အတန်းနှင့် ဂုဏ်သရေကို ထည့်မတွက်သည့်တိုင် သူမက မွေးနေ့ဆုတောင်းစကား ပြောကြားရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး မျိုးဆက်သစ် လူငယ်တစ်ယောက်လည်း ဖြစ်နေသည်။

‘သူက အဘွားကို အရင်ဦးဆုံး လာရောက်ဂါရဝပြုသင့်တာ မဟုတ်ဘူးလား’

မုကျွင်းယန်၏ တည်ငြိမ်ပြီး မှုန်မှိုင်းနေသော အကြည့်များ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရချိန်၌ ကျန်းရော့ရှီး၏ တိုးကပ်လာသော ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားခဲ့ရပြီး ထိုအခါမှသာ သူမ သတိပြန်ဝင်လာ၏။

သူမက အဘွားအိုထံသို့ အလျင်အမြန်ပင် ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ရော့ရှီးက သခင်မကြီးကို နှုတ်ဆက်ပါတယ်ရှင်။ ရော့ရှီး သခင်မကြီးအတွက် မွေးနေ့ဆုတောင်းစကား ပြောကြားဖို့အတွက် ထိပ်တန်းအရည်အသွေးရှိတဲ့ ကျောက်စိမ်းကွမ်ရင်ရုပ်တုကို သီးသန့် ရွေးချယ်လာခဲ့ပါတယ်။ ပြီးတော့ အဘွားကလည်း ကျွန်မကို သခင်မကြီးအတွက် မွေးနေ့လက်ဆောင်တစ်ခု အတူတူ ယူလာပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်”

သူမ အနောက်ရှိ အစေခံနှစ်ဦးက ကြီးမားလှသော ပိုးထည်သေတ္တာကြီးတစ်လုံးကို သယ်ဆောင်လျက် ရှေ့သို့ တိုးကပ်လာခဲ့ကြပြီး ၎င်းကို ဖွင့်လှစ်လိုက်သည်။

လူတစ်ဝက်ခန့် မြင့်မားလှသော ဖြူစင်လှသည့် ကျောက်စိမ်းကွမ်ရင်မယ်တော်ရုပ်တုကို သေသေချာချာ ပင့်တင်လိုက်ကြ၏။

အခြားသော အစေခံမိန်းကလေးတစ်ဦးကလည်း ပိုးထည်သေတ္တာလေးတစ်လုံးကို ကိုင်ဆောင်ထားခဲ့သည်။

၎င်းကို ဖွင့်လှစ်လိုက်သောအခါ နှစ်ပေါင်းရာချီ သက်တမ်းရှိသော ဂျင်ဆင်းမြစ်တစ်ခုကို တွေ့ရှိလိုက်ရ၏။

မယ်တော်ကြီးထံမှ ပေးအပ်သော လက်ဆောင်တစ်ခုအနေဖြင့် ဤသည်က အမှန်တကယ်ပင် အထင်ကြီးစရာ မကောင်းလှချေ။

မုကျွင်းယန်က ၎င်းကို ဂရုမစိုက်ချေ။ သူမ ပေးပို့သည်ဖြစ်စေ၊ မပေးပို့သည်ဖြစ်စေ အတူတူပင် ဖြစ်သည်။

မုစစ်လန် (မုယုံ) ၏ မျက်ဝန်းအစုံက လှုပ်ခတ်သွားခဲ့ရ၏။

ဤနေရာသို့ မလာခင်အချိန်၌ သူ့အဖေဖြစ်သူက သူ့ကို အခြားမည်သူများ မွေးနေ့ဆုတောင်းစကား လာရောက်ပြောကြားသည်ကို သေသေချာချာ စောင့်ကြည့်ထားရန် အမိန့်ပေးခဲ့သည်။

အကြောင်းမှာ ၎င်းက တော်ဝင်မိသားစုနှင့် အခြား မျိုးရိုးမြင့် မိသားစုများ၏ ယုံမြို့စားကြီးအပေါ် ထားရှိသော သဘောထားများကို ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။

အဘွားအိုက မယ်တော်ကြီး၏ လက်ဆောင်ကို မြင်တွေ့ပုံမရချေ။

သူမက ကျောက်စိမ်း ကွမ်ရင်မယ်တော် ရုပ်တုကြီးကို လက်ညှိုးထိုးပြလိုက်ပြီး ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်၏။

“ဝါး... ကွမ်ရင်မယ်တော်ပဲ။ ကွမ်ရင်မယ်တော်က ကလေးငယ် ပေးသနားတာလေ။ ငါ့ရဲ့ သားက သားတစ်ယောက် ရနိုင်တော့မှာလား။ ငါ မြေးတစ်ယောက် ရရတော့မှာလားဟင်”

ကျန်းရော့ရှီး ရှက်ရွံ့စွာ မျက်နှာလေး နီမြန်းသွားခဲ့ရ၏။

သူမက အဘွားအို၏ အခြားတစ်ဖက်ဆီသို့ လျှောက်လှမ်းသွားခဲ့ပြီး သူမ လက်မောင်းကို လှမ်း၍ ဆုပ်ကိုင်ရန် လက်ကို ဆန့်တန်းလိုက်သည်။

သူမက ပြောလိုက်သည်။

“တကယ်လို့ သခင်မကြီးက မြေးတစ်ယောက် ရချင်တယ်ဆိုရင် သခင်မကြီးရဲ့ ဆန္ဒက မကြာမီအချိန်အတွင်းမှာ သေချာပေါက် ပြည့်ဝလာမှာပါရှင်”

သို့သော် သူမ၏ လက်က အဘွားအို၏ အင်္ကျီလက်မောင်းကိုပင် မထိရသေးခင်၌ အဘွားအိုက ရုတ်တရက် ခန္ဓာကိုယ်ကို စောင်းလိုက်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

သူမ၏ လှုပ်ရှားနေသော လက်များကလည်း သူမနှင့်အတူ သဘာဝကျစွာပင် ဝေ့ယမ်းသွားခဲ့ရသည်။

ဖြောင်း...

ပြတ်သားလှသော ပါးရိုက်သံတစ်ချက်က ကျန်းရော့ရှီး၏ မျက်နှာထက်သို့ တိုက်ရိုက် ကျရောက်သွားခဲ့ရ၏။

လူတိုင်း ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။

အခန်းတစ်ခုလုံး တစ်ခဏမျှ လုံးဝ တိတ်ဆိတ်သွားခဲ့ရ၏။

“သခင်... သခင်မကြီး... ဘာဖြစ်လို့ ကျွန်မကို ရိုက်ရတာလဲ”

သူမ၏ အလှပဆုံး ပြင်ဆင်ခြယ်သထားသော မျက်နှာလေးကို အုပ်ကိုင်ထားပြီး ကျန်းရော့ရှီးက အရှက်ရရုံမျှမက ဒေါသလည်း ထွက်သွားခဲ့ရသည်။

သို့သော် သူမအနေဖြင့် ဒေါသတကြီး ပြန်လည်မတုံ့ပြန်ရဲချေ။

“ငါ့ရဲ့ နတ်သမီးလေး ဘယ်ရောက်သွားတာလဲ။ သူ့ကို မြန်မြန်လေး လာပြီးတော့ ဆုတောင်းခိုင်းလိုက်စမ်းပါ။ ဒါမှ သူ မကြာခင်မှာ ကလေးလေး ရနိုင်မှာ”

အဘွားအိုက သူမ လူတစ်ဦးအား ရိုက်နှက်လိုက်သည်ကို သတိမထားမိသည်အလား ပြုမူလိုက်ပြီး မုကျွင်းယန်ကို ဆွဲခေါ်လျက် လူတစ်ဦးကို ရှာဖွေရန်အတွက် ပတ်ချာလည် လှည့်လည်နေခဲ့၏။

မုကျွင်းယန်၏ အစက အေးစက်လှသော မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရပြီး သူက အဘွားအိုနှင့်အတူ လိုက်ပါ၍ သရုပ်ဆောင်ပေးလိုက်သည်။

“အမေ... သေသေချာချာ သွား...ဖြည်းဖြည်းလုပ်ပါ။ အမေ ဘယ်သူ့ကို ရှာနေတာလဲ”

ကလေးငယ်တစ်ဦး ဂျီကျနေသည့်အလား အဘွားအိုက ခြေထောက်များကို ဆောင့်ချလိုက်ပြီး အော်ဟစ်လိုက်သည်။

“နတ်သမီးလေးကို မြန်မြန်လေး လာပြီးတော့ ဆုတောင်းခိုင်းလိုက်စမ်းပါဦး။မဟုတ်ရင် အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး”

အခန်းတွင်းရှိ မည်သူမျှ အရိုက်ခံလိုက်ရသော ခရိုင်မင်းသမီးကို ဂရုမစိုက်ကြချေ။

အတွင်းရေး ကိစ္စရပ်များကို သိရှိထားကြသူများက သူမ ပြောဆိုနေသည်မှာ ကုဟွား ဖြစ်ကြောင်း သိရှိထားကြသည်။

ကိစ္စရပ်များကို မသိရှိထားကြသူများက ဤနတ်သမီးလေးမှာ မည်သူမည်ဝါဖြစ်ကြောင်း စူးစမ်းလိုစိတ်များ ပြင်းပြနေခဲ့ကြ၏။

ကျန်းရော့ရှီး၏ မျက်နှာက ဒေါသကြောင့် နီမြန်းနေခဲ့ရသော်လည်း သူမ ရင်ထဲရှိ စူးစမ်းလိုစိတ်နှင့် သဝန်တိုမှုများကို မဖုံးကွယ်နိုင် ဖြစ်နေခဲ့ရသည်။

သူ၏ ဒေါသများကို အောင့်အည်း သည်းခံလိုက်ပြီး မေးမြန်းလိုက်၏။

“ခဲအို... သခင်မကြီး ပြောနေတဲ့ နတ်သမီးလေးက ဘယ်သူလဲဟင်”

မုကျွင်းယန်က သူမကို တစ်ချက် စိုက်ကြည့်လိုက်သည်။

“ဒါက မုအန်းဇနီးရဲ့ ညီမလေး ဖြစ်မယ်ထင်တယ်။ သူက မကြာသေးခင်ကမှ အမေ့ကို မကြာခဏ လာရောက်အဖော်ပြုပေးနေတာမို့လို့လေ”

ကုဝမ်ရု ကြောင်အမ်းသွား၏။

‘ကုဟွားက အဘွားအိုကြီးကို မကြာခဏ အဖော်ပြုပေးနေတာ ဟုတ်လား’

‘သူက တကယ်ပဲ ယုံမြို့စားအိမ်တော်ရဲ့ တရားဝင် သခင်မကြီး ဖြစ်ချင်နေတာလား’

ကျန်းရော့ရှီး၏ မျက်လုံးများ ဝိုင်းစက်သွားခဲ့ရ၏။

“အဲဒီ မြေခွေးမပဲလား”

မုကျွင်းယန်၏ မျက်နှာထားက ချက်ချင်းပင် တည်တင်းသွားခဲ့ရပြန်သည်။

“စကားပြောတာကို ဆင်ခြင်ပါ”

ကျန်းရော့ရှီး ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် ဒေါသအလွန်ထွက်သွားခဲ့ရသည်။

ထိုမြေခွေးမက သူမ၏ ခဲအိုကို အမှန်တကယ် ဖျားယောင်းသွေးဆောင်ထားခဲ့ခြင်း ဖြစ်သည်။

“ခဲအို... သူက မုအန်းရဲ့ ခယ်မလေ။ ခဲအိုက ဘယ်လိုလုပ်ပြီး သူ့ကို သဘောကျ...”

“ခရိုင်မင်းသမီး... စကားပြောတာကို ဆင်ခြင်ပါ”

မုကျွင်းယန်၏ ရက်စက်ကြမ်းကြုတ်လှသော အသံက အကြောင်းပြချက်မရှိဘဲ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။

“ကျွန်မ... ကျွန်မက ခဲအိုရဲ့ ကောင်းကျိုးအတွက် ပြောတာပါ...”

သူမ တိုးညင်းစွာ ရေရွတ်လိုက်မိ၏။

မုဖုန်းက ဒုတိယဦးလေးကို ရှုပ်ထွေးလှသော အကြည့်များဖြင့် လှမ်းကြည့်လိုက်မိသည်။

‘ဖြူစင်ရိုးသားလှတဲ့ ဒုတိယညီမလေးက ဘယ်လိုလုပ်ပြီး ဒုတိယဦးလေးနဲ့ ပတ်သက်မှု ရှိနေရတာလဲ’

‘ဒါက မဖြစ်နိုင်ဘူးမလား’

…

ကျိုးကျစ်လန် မွေးနေ့စားသောက်ပွဲနှင့် ပတ်သက်သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စားဖိုဆောင်ဆီသို့ ဦးတည်သွားခဲ့သည်။

ကုဟွား သူမ၏ အဆောင်အတွင်းသို့ ပြန်လည်ရောက်ရှိလာရုံမျှသာ ရှိသေးပြီး ထိုင်ခုံပင် မနွေးသေးခင်၌ပင် အစေခံမိန်းကလေးတစ်ဦးက လာခေါ်ခဲ့သည်။

သခင်ကြီးက သူမကို ဧည့်သည်များနှင့် တွေ့ဆုံရန်အတွက် သေသေချာချာ ကျော့ရှင်းထည်ဝါစွာ ဝတ်စားပြင်ဆင်လာရန် အမိန့်ပေးလိုက်သည်ဟု ဆိုလာခဲ့၏။

ကုဟွား ကြောင်အမ်းသွားသည်။

‘ငါ့ကို ကျန်းရော့ရှီးနဲ့ တွေ့ဆုံဖို့အတွက် သေသေချာချာ ဝတ်စားပြင်ဆင်ဖို့ တောင်းဆိုတာ ဟုတ်လား’

‘ဒါ ဘာအဓိပ္ပာယ်လဲ’

ဤသည်က သခင်ကြီး၏ အမိန့်ဖြစ်ကြောင်း ကြားရချိန်တွင် တုန့်ဟွားနှင့် တုန့်ချင်းတို့ကလည်း အလျင်အမြန်ပင် အလုပ်ရှုပ်သွားကြရ၏။

ကုဟွား အရှေ့ဆောင်အတွင်း၌ မည်သည့်ကိစ္စရပ်များ ဖြစ်ပွားခဲ့သည်ကို မသိရှိသော်လည်း ထိုအမျိုးသား၏ အသုံးချခံ ကိရိယာတစ်ခုအနေဖြင့် သူမ၌ ငြင်းဆန်ရန် အကြောင်းပြချက် မရှိချေ။

သူမ အစေခံမိန်းကလေးနှစ်ဦး၏ ပြင်ဆင်ပေးမှုများကို လိမ္မာယဉ်ကျေးစွာ ခံယူလိုက်၏။

သူမ၌ မူလကတည်းက လက်ရာမြောက်သော မိတ်ကပ်ပြင်ဆင်မှု ရှိနေခဲ့ပြီးဖြစ်သဖြင့် သူမအနေဖြင့် ပိုမို၍ ဂုဏ်သရေရှိပြီး ထည်ဝါသော ဝတ်စုံတစ်ခုကိုသာ လဲလှယ်ဝတ်ဆင်ရန် လိုအပ်ပြီး အဖိုးတန် လက်ဝတ်ရတနာအချို့နှင့် နားကပ်များကို လဲလှယ်လိုက်ရုံမျှသာ ဖြစ်သည်။

၁၅မိနစ်ခန့် အလုပ်ရှုပ်သွားခဲ့ပြီးနောက်တွင် သူမက အပြင်သို့ ထွက်ခွာလာခဲ့၏။

…

အခန်းတွင်းရှိ လူအများစုမှာ ကိုယ်စီကိုယ်ငှ ကွဲပြားလှသော မျက်နှာထားများ ရှိနေခဲ့ကြပြီး အဘွားအို ပြောဆိုနေသော နတ်သမီးလေး ရောက်ရှိလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြသည်။

မုဖုန်း၏ မျက်နှာထားက သိပ်မကောင်းလှဘဲ တံခါးဝဆီသို့သာ စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေမိ၏။

ကုဝမ်ရုကလည်း အန္တရာယ်တစ်ခုကို ရိပ်မိလိုက်သည်။

သူမ ကုဟွားအနေဖြင့် မုကျွင်းယန်၏ ကုတင်ထက်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဟု ခန့်မှန်းထားခဲ့သည်။

သို့သော် သူမ မမျှော်လင့်ထားခဲ့မိသည်မှာ သူမက မုကျွင်းယန်၏ မျက်နှာသာပေးမှုနှင့် ကာကွယ်စောင့်ရှောက်မှုများကို နေရာတိုင်း၌ ရရှိနေခဲ့ရုံမျှမက အဘွားအို၏ စိတ်ကိုပါ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဘွားအိုက သူမ မြင်တွေ့ရသော အမျိုးသမီးတိုင်းကို ပါးရိုက်လေ့ရှိသည်။

သူမလည်း ပါးရိုက်ခံရဖူးပြီး ခရိုင်မင်းသမီးလည်း ပါးရိုက်ခံလိုက်ရပြီ ဖြစ်သည်။

သို့သော် သူမက ကုဟွားအပေါ် ဆက်ဆံပုံမှာ လုံးဝ ကွဲပြားနေခဲ့သည်။

အထူးသဖြင့် မုအန်းပင် ဖြစ်သည်။ သူက အဖေဖြစ်သူ ထိုအမျိုးသမီးနှင့် အတူတူ အိပ်ခဲ့ဖူးသည်ကို ကောင်းမွန်စွာ သိရှိထားသည့်တိုင် ကုဟွားအပေါ် ထားရှိသော သူ၏ လောဘဇောများကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိချေ။

သူမ ရင်ထဲ၌ ဒေါသများဖြင့် ပြည့်နှက်နေခဲ့ရသဖြင့် တံခါးဝဆီသို့ ဒေါသတကြီးဖြင့် စိုက်ကြည့်နေခဲ့မိ၏။

လူတိုင်း၏ စိတ်များအတွင်း အတွေးများ ဗရမ်းဗတာ ဖြစ်နေကြစဉ်၌ပင် ပန်းပုလက်ရာများဖြင့် ထုဆစ်ထားသော သစ်သားပြတင်းပေါက် အပြင်ဘက်ဆီမှ လူရိပ်သုံးခုက ဖြည်းညင်းစွာ ဖြတ်သန်း လျှောက်လှမ်းလာခဲ့ကြ၏။

All Chapters