← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အပိုင်း (၁)

​နေဝင်ရိုးရီအချိန်သို့ ရောက်သောအခါ လျူယွမ်သည် အလုပ်သိမ်းခဲ့ပြီး လင်အန်းမြို့၏ စည်ကားလှသော လမ်းဟောင်းကြီးများအတိုင်း လျှောက်လှမ်းလာခဲ့သည်။ ထို့နောက် သူ၏ဇနီးသည် အကြိုက်ဆုံးဖြစ်သော အအေးခံခေါက်ဆွဲနှင့် တိုဖူးနုအချိုပွဲတို့ကို ဝယ်ယူခဲ့လိုက်သည်။

​ အိမ်သို့ပြန်ရောက်၍ ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အိမ်နီးနားချင်းများ၏ နှုတ်ဆက်စကားဆိုသံများက သူ့ထံသို့ ဆီးကြိုပျံ့လွင့်လာခဲ့တော့သည်။

​ “ယွမ်အာ... မင်းနဲ့ ချင်းရွှယ် လက်ထပ်ထားတာ သုံးနှစ်တောင် ရှိပြီပဲ၊ ဘာလို့ အခုထိ ကလေးသတင်း မကြားရသေးတာလဲ”

​ “ငါကတော့ မင်းတို့ ကလေးကို နှစ်သစ်ကူးမုန့်ဖိုးပေးဖို့ စောင့်နေတာ။ မင်းတို့သာ မြန်မြန်ကလေးမယူရင် ငါတော့ မြေကြီးထဲ အရင်ဝင်သွားတော့မှာပဲ”

​ “မင်းရဲ့ ငယ်သူငယ်ချင်းကိုပဲ ကြည့်ဦးလေ၊ သူဆို အခု တတိယမြောက်ကလေးတောင် ရနေပြီ”

​ ခြံဝင်းအတွင်းရှိ လောကတ်ပင်အိုကြီးအောက်တွင် ထိုင်နေကြသော၊ အနည်းငယ် နွမ်းနယ်နေပုံရသည့် အဝတ်အစားများနှင့် အဖိုးအိုနှင့် အဖွားအိုတစ်စုက လျူယွမ်ကို စူးစမ်းသောမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

​ ဒီကောင်လေးမှာ တစ်ခုခု ချို့ယွင်းချက် ရှိနေတာများလား။

​ ထိုစကားများကို ကြားရသော်လည်း လျူယွမ် စိတ်မဆိုးမိပေ။ သူတို့အားလုံးက သူ့ကို ငယ်စဉ်ကတည်းက ကြည့်ရှုစောင့်ရှောက်လာခဲ့ကြသည့် လူကြီးသူမများ ဖြစ်ကြပြီး ငယ်စဉ်ကလည်း နှစ်သစ်ကူးမုန့်ဖိုးများစွာ ပေးခဲ့ဖူးသူများ ဖြစ်ကြသည်။

​ သူလက်ထပ်သည့်နှစ်ကဆိုလျှင် တစ်ယောက်ချင်းစီက သူ့ကို ဂဏန်းငါးလုံးရှိသော မင်္ဂလာလက်ဖွဲ့ငွေများ ပေးခဲ့ကြသေးသည်။

​ သူတို့၏ အငြိမ်းစားပင်စင်ပိုက်ဆံများမှာ မည်မျှပင်များပြားလှသနည်းဆိုလျှင် မည်သို့သုံးစွဲရမှန်းပင် မသိလောက်အောင် ဖြစ်ချေတော့သည်။

​ “ဒုတိယအဘိုးချင်... အဘိုးကလည်း ဘာတွေပြောနေတာလဲ” လျူယွမ်က ပြုံးရွှင်စွာဖြင့် လျှောက်သွားပြီး ဆေးလိပ်တစ်လိပ် ကမ်းပေးလိုက်ရင်း - “အဘိုးက အသက်ရာကျော်နေတဲ့ သိုင်းပညာရှင်ကြီးပဲဥစ္စာ။ အခုထိလည်း သန်တုန်းမြန်းတုန်းပဲကို။ အဘိုးအတွက် အသက်တစ်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်လောက် ရှာပေးရမလား၊ ဒါဆို အဘိုးပဲ နောက်ထပ် ကလေးတစ်ယောက် ထပ်မွေးလိုက်လေ”

​ “သွားစမ်း... ကောင်စုတ်လေး” အဘိုးအိုချင်က ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာကြီးနီရဲသွားကာ ရယ်မောရင်း လက်ခါပြလိုက်သည်။ သူ အမှန်တကယ်ပင် ရှက်ရမ်းရမ်းနေသည်မှာ သိသာလှပေသည်။

​ ဤဂြိုဟ်မှာ သူ ယခင်က ရှိခဲ့ဖူးသည့် ကမ္ဘာနှင့် မတူပေ။ ဤနေရာတွင် သိုင်းပညာကျင့်ကြံနိုင်သည်၊ အင်မော်တယ်ကျင့်စဉ် ကျင့်နိုင်သည်၊ နတ်ဘုရားဖြစ်နိုင်သလို မိစ္ဆာအသွင်ပင် ပြောင်းလဲသွားနိုင်ချေရှိသည်။

​ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ကမ္ဘာမြေသည် အခြားသောကမ္ဘာများနှင့် နယ်ပယ်ကျော်ဝင်ပေါက်တစ်ခုကို တည်ဆောက်မိခဲ့သောကြောင့်ပင် ဖြစ်၏။

​ ၎င်းက သိုင်းပညာရပ်များ ထွန်းကားလာခြင်းနှင့် ဝိညာဥ်စွမ်းအင်များ ပြန်လည်နိုးထလာခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။

​ လျူယွမ်ကိုယ်တိုင်ကလည်း သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏အဆင့်က မမြင့်မားလှသော်လည်း လူဝင်မှုကြီးကြပ်ရေးဗျူရိုတွင် သာမန်မျှသာဖြစ်ပြီး မထင်မရှားသော ဌာနခွဲမှူးရာထူးလေးတစ်ခုကိုတော့ ရရှိထားခဲ့သည်။

​ သူသည် တစ်နေ့ကုန် ရုံးခန်းထဲတွင် ထိုင်ကာ ရေနွေးကြမ်းသောက်ရင်း အလုပ်မရှိ အလုပ်ရှာလုပ်နေတတ်ပြီး တစ်ခါတရံမှသာ ရေမီတာစစ်ဆေးရန် အိမ်တိုင်ရာရောက် သွားတတ်သည့် ပုံမှန် ၉ နာရီ - ၅ နာရီ ရုံးသမားတစ်ဦး ဖြစ်သည်။

​ သို့သော်လည်း ဤအလုပ်က တချို့အချိန်များတွင် အလွန်အမင်း အန္တရာယ်ကြီးမားတတ်ပြန်သည်။

​ ဥပမာအားဖြင့် လွန်ခဲ့သော သုံးနှစ်ခန့်က မိစ္ဆာဧကရာဇ်တစ်ကောင် တိတ်တဆိတ် ကျူးကျော်ဝင်ရောက်လာခဲ့ပြီး လင်အန်းမြို့တစ်ခုလုံးကို အမြစ်ပြတ် သတ်ဖြတ်လုနီးပါး ဖြစ်ခဲ့ဖူးသည်။

​ လျူယွမ်သည်လည်း ထိုကပ်ဘေးအတွင်း၌ အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် သူ ကမ္ဘာကူးပြောင်းလာစဉ်က ပါရှိလာသော [အကျပ်အတည်းကြားမှ ရှင်သန်ခြင်း] ဟူသည့် လျှို့ဝှက်စွမ်းရည်ကြောင့် ထိုကပ်ဘေးကို ကျော်လွှားခဲ့လေသည်။

​ ထို ‘ရှင်သန်ခြင်း’ ဆိုသည့် စကားလုံးက အမှန်တကယ်ပင် နတ်ဖက်သကဲ့သို့ စွမ်းလှပေသည်။

​ သူ မည်မျှပင် ကြီးမားသော ဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါစေ၊ အမြဲတမ်း မျှော်လင့်ချက်အလင်းရောင် အလင်းတစ်စကို ရှာဖွေတွေ့ရှိနိုင်ပြီး ကံကောင်းခြင်းများက အမြဲတမ်း သူ့ထံသို့ ရောက်ရှိလာတတ်သည်။

​ လွန်ခဲ့သော သုံးနှစ်က တစ်ညသော အချိန်တွင် လျူယွမ်သည် အံ့ဩဖွယ်ကောင်းလောက်အောင် အသက်ရှင်ကျန်ရစ်ခဲ့ပြီး လမ်းပေါ်၌ ဒဏ်ရာရနေသော ပြည်သူတစ်ဦးကို ကယ်တင်ခဲ့သည်... ထိုသူမှာ သူ၏ဇနီးသည် စုချင်းရွှယ်ပင် ဖြစ်ချေသည်။

​ ပြည်သူကို အလုပ်အကျွေးပြုခြင်းက မိမိတို့ လုပ်ဆောင်သင့်သည့်အရာ မဟုတ်ပါလား။

​ သူသည် အိုးအိမ်မဲ့ဖြစ်နေသော စုချင်းရွှယ်ကို ခေါ်ယူစောင့်ရှောက်ခဲ့သည်။

​ အတူနေထိုင်ကြသည့် အချိန်အတွင်း နှစ်ဦးသား သံယောဇဉ်တွယ်ခဲ့ကြပြီး သဘာဝကျကျပင် အိမ်ထောင်ရေးဘဝထဲသို့ ဝင်ရောက်ခဲ့ကြသည်။

​ သို့သော်လည်း မင်္ဂလာဆောင်လက်မှတ် လျှောက်ထားသည့်အခါ၌ လျူယွမ်သည် စုချင်းရွှယ်၏ မည်သည့်ကိုယ်ရေးအချက်အလက်ကိုမျှ သန်းခေါင်စာရင်းစနစ်အတွင်း၌ ရှာမတွေ့ခဲ့ပေ။

​ ထိုအချိန်မှသာ သူ၏လှပသောဇနီးသည်က ကမ္ဘာမြေမှ မဟုတ်ဘဲ အခြားဂြိုဟ်တစ်ခုမှ တိတ်တဆိတ် ခိုးဝင်လာသူတစ်ဦး ဖြစ်ကြောင်း ရိပ်မိသွားတော့သည်။

​ တာဝန်နှင့် အချစ်ကြားတွင် ရွေးချယ်ရမည့်အခါ၌ လျူယွမ်သည် ဒုတိယအချက်ကိုသာ ရွေးချယ်ခဲ့သည်။

​ သူသည် လူဝင်မှုကြီးကြပ်ရေးရုံးရှိ သူ၏ အကန့်အသတ်ရှိနေသော အရှိန်အဝါလေးကို အသုံးပြု၍ စုချင်းရွှယ်အတွက် တရားဝင် သတ်မှတ်ချက် အထောက်အထားများကို ပြုလုပ်ပေးခဲ့ပြီး နှစ်ဦးသား အဆင်ပြေချောမွေ့စွာ လက်ထပ်နိုင်ခဲ့ကြသည်။

​ လျူယွမ်က ထိုအချိန်မှစ၍ အရာအားလုံး အဆင်ပြေသွားပြီဟု ထင်ခဲ့သော်လည်း ပြဿနာအသစ်တစ်ခု ပေါ်ပေါက်လာခဲ့ပြန်သည်။

​ လက်ထပ်ပြီးနောက် လျူယွမ်သည် နေ့တိုင်းပင် ချွေးတလုံးလုံးဖြင့် အားသွန်ခွန်စိုက် ကြိုးစားခဲ့သော်လည်း သူ၏ဇနီးသည် ဗိုက်မှာမူ ကိုယ်ဝန်ရှိမည့် အရိပ်အယောင် လုံးဝ ပြသမလာခဲ့ပေ။

​ သူသည် စိတ်ထဲတွင် ရေရွတ်မိသည်... ပြဿနာက ဘယ်နေရာမှာ ရှိနေလို့လဲ။

​ သူက သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု ကောင်းမွန်သလို ဆေးစစ်ချက်များအရ မျိုးဗီဇ‌တွေရဲ့ သက်ဝင်မှုနှုန်းကလည်း ထိတ်လန့်စရာကောင်းလောက်အောင် မြင့်မားနေသည်မို့ သူ့ဘက်က ပြဿနာဖြစ်နိုင်ခြေကတော့ အလွန်နည်းပါးလှသည်။

​ သို့သော်လည်း လျူယွမ်သည် ဤကိစ္စနှင့် ပတ်သက်၍ ဇနီးဖြစ်သူကို တစ်ခါမျှ မမေးမြန်းခဲ့ဖူးဘဲ မသိချင်ယောင်ဆောင်၍သာ နေခဲ့သည်။ လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိတတ်သည် မဟုတ်ပါလား။

​ ထို့အပြင် သူသည် ကလေးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အမှန်တကယ်ပင် ဂရုမစိုက်လှပေ။

​ ကလေးမရခြင်းက ပျော်ရွှင်မှုကို နှစ်ဆတိုးစေသည် မဟုတ်ပါလား။

​ ချောက်...

​ လျူယွမ် တံခါးကို တွန်းဖွင့်လိုက်သည်နှင့် မွှေးပျံ့လှသော ဟင်းနံ့များက သူ့ထံသို့ လှိုင်ကနဲ လွင့်ပျံလာခဲ့သည်။

​ “မောင်... ပြန်လာပြီလား။ အာဘွားပေးပါဦး….”

​ ချိုသာသော အော်ဟစ်သံလေးနှင့်အတူ လှပသော ပုံရိပ်လေးတစ်ခုက လျူယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့ပြီး သူမ၏ နူးညံ့မွှေးပျံ့သော ရနံ့များက သူ့ကို ချက်ချင်းပင် လွှမ်းမိုးသွားတော့သည်။

​ သူ၏ရင်ခွင်ထဲရှိ အမျိုးသမီးသည် လက်ထဲတွင် ဟင်းမွှေယောက်မလေးကို ကိုင်ထားပြီး အင်္ကျီလက်ပြတ်နှင့် ချက်ပြုတ်ရေးဝတ်စုံကို ဝတ်ဆင်ထားသည်။ အနည်းငယ် ပွယောင်းသော ဂါဝန်လေးသည်ပင် သူမ၏ စွဲမက်ဖွယ်ကောင်းသော ကောက်ကြောင်းများ၊ သေးကျင်သော ခါးလေးနှင့် လှပကျော့ရှင်းသော ပုံပန်းသဏ္ဍာန်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

​ သူမ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များကို ကလစ်လေးတစ်ခုဖြင့် ကပ်ညှပ်ထားပြီး ဆံနွယ်အချို့ကမူ ကျောက်သားကဲ့သို့ ဖြူစင်သော လည်တိုင်နှင့် ပါးပြင်ဘေးတွင် ဝဲကျနေကာ သူမ၏ လှုပ်ရှားမှုများနှင့်အတူ လွင့်မြောနေကြရာ ကြည့်ရသူ၏ ရင်ကို ယားကျိကျိ ဖြစ်စေလှသည်။

​ သူမ၏ လှပသော မျက်နှာပြင်ထက်တွင် မည်သည့်မိတ်ကပ်မျှ လိမ်းခြယ်ထားခြင်းမရှိဘဲ မျက်ခုံးတန်းများက မြူခိုးဝေနေသော ဝေးကွာသည့် တောင်တန်းများကဲ့သို့ လှပကာ၊ မျက်ဝန်းများကမူ ဆောင်းဦးရေပြင် လှိုင်းထနေသကဲ့သို့ ရင်ခုန်စရာ ကောင်းလှသည်။ စင်းလုံးချောသော နှာတံလေးနှင့် ချယ်ရီသီးကဲ့သို့ နှုတ်ခမ်းနီနီလေးတို့မှာ နှုတ်ခမ်းနီဆိုးမထားဘဲ သဘာဝအတိုင်း ရဲရဲနီနေပြီး သူမ၏ တောက်ပသော မျက်ဝန်းအစုံတွင်မူ ထိုအခိုက်အတန့်၌ ကြင်နာယုယမှုများဖြင့် ပြည့်နှက်နေချေသည်။

​ ဤသူကား လျူယွမ်၏ ဇနီးသည် စုချင်းရွှယ်ပင် ဖြစ်သည်။

​ ရေခဲနှင့် ဆီးနှင်းကဲ့သို့ ဖြူစင်သန့်ရှင်းပြီး အလွန်အမင်း ချောမွောလှပသော မိန်းမပျိုတစ်ဦးဖြစ်ကာ လက်ထပ်ပြီးနောက်တွင်မူ လင်သားအပေါ် သစ္စာရှိသော ဇနီးကောင်းတစ်ဦး၏ နူးညံ့သိမ်မွေ့သော စွဲမက်ဖွယ်အရှိန်အဝါများကို ထုတ်ဖော်ပြသနေခဲ့သည်။

​ ထိုအခိုက်အတန့်တွင် သူမ၏ မျက်ဝန်းထဲ၌ လျူယွမ်တစ်ယောက်တည်းသာ ရှိနေပြီး သူ့ကို အကြိမ်ကြိမ် နမ်းရှုပ်လိုက်တော့သည်။

​ “မွမွ…”

​ လျူယွမ်က ပြုံး၍ တုံ့ပြန်လိုက်သည်။ သူတို့ လက်ထပ်ထားတာ သုံးနှစ်ရှိပြီ ဖြစ်သော်လည်း နှစ်ဦးသားမှာ နေ့တိုင်း ခွဲမရအောင် ချစ်ခင်နေကြဆဲဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

​ “ချစ်အတွက် အအေးခံခေါက်ဆွဲနဲ့ တိုဖူးနု ဝယ်လာတယ်။ ပူတုန်းလေး စားလိုက်ဦး” လျူယွမ်က လက်ထဲက အိတ်ကို လှုပ်ပြလိုက်သည်။

​ “အို... ကျွန်မလည်း ဟင်းချက်တာ ပြီးလုနီးပါး ဖြစ်နေပြီ” စုချင်းရွှယ်က အိတ်ကို လှမ်းယူလိုက်ပြီး လျူယွမ်ကို ဆိုဖာပေါ်သို့ တွန်းတင်လိုက်သည် - “‌‌‌‌မောင် အလုပ်လုပ်ရတာ ပင်ပန်းနေပြီပဲ။ ထိုင်ပြီး နားနေလိုက်နော်၊ ညစာက မကြာခင် အဆင်သင့် ဖြစ်တော့မှာ”

​ သူမသည် ဦးစွာ ရေနွေးနွေးတစ်ခွက်ကို ယူဆောင်လာပေးပြီးနောက် အခွံနွှာထားသော စပျစ်သီးတစ်ပန်းကန်ကို ယူလာကာ လျူယွမ်၏ ပါးစပ်ထဲသို့ ကိုယ်တိုင် ခွံကျွေးလိုက်ပြီးမှ မီးဖိုချောင်ထဲသို့ လှည့်ဝင်သွားတော့သည်။

​ မကြာမီ ဟင်းလျာအမယ်စုံသည် စားပွဲပေါ်သို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့သည်။

​ စပ်စပ်တောက် ပုစွန်ထုပ်ကြော်၊ ဝက်သားစနီချက်၊ ကကတစ်ငါးပေါင်း၊ ခရမ်းချဉ်သီး ကြက်ဥကြော်... နှင့် ရွှေဝါရောင် ကိတ်မုန့် တစ်ပန်းကန်ပင် ပါဝင်သေးသည်။

​ လျူယွမ် သွားရည်ကျမိတော့သည်။ သူ၏ဇနီးသည် ချက်ပြုတ်မှုစွမ်းရည်က တဖြည်းဖြည်း ပိုမိုကောင်းမွန်လာခဲ့သည်။ သူတို့ စတင်ဆုံတွေ့စဉ်က သူမသည် ရေနွေးပင် အောင်အောင်မြင်မြင် မကျိုတတ်ခဲ့ချေ။ အခုတော့ သူမက ထိပ်တန်း အချက်အပြုတ်ဆရာကြီးတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

​ “မဟုတ်မှလွဲရော... ဒီနေ့က ထူးခြားတဲ့ နေ့ထူးနေ့မြတ်ကြီးလား”

​ လျူယွမ် မစားဝံ့သေးဘဲ နောက်ပြောင်သော အပြုံးဖြင့် မေးလိုက်သည် -

​“ဒါမှမဟုတ် မင်း ကိုယ့်အပေါ် တစ်ခုခု အမှားလုပ်ထားလို့လား”

​ “မဟုတ်တာ” စုချင်းရွှယ်က ရှက်ပြုံးလေးဖြင့် ရန်တွေ့လိုက်ရာ သူမ၏ ပါးပြင်လေးနှစ်ဖက်မှာ အနည်းငယ် နီမြန်းသွားသည်။

​ “ကျွန်မက... ကျွန်မက မောင့်အတွက် ဟင်းချက်ကျွေးချင်ရုံတင်ပါပဲ။ ဒီပုစွန်ထုပ်လေး မြည်းကြည့်ဦး”

​ သူမ၏ ဆီနီရောင်များ ပေကျံနေသော သွယ်လျသည့် လက်ချောင်းလေးများက ပုစွန်ခွံကို ကျွမ်းကျင်စွာ နွှာလိုက်ပြီး အသားပြည့်နေသော ပုစွန်သားကို လျူယွမ်၏ နှုတ်ခမ်းဝသို့ ပို့ဆောင်ပေးလိုက်သည်။

​ တစ်ခုခု ထူးဆန်းနေသလိုပဲ…

​ လျူယွမ် ပါးစပ်ဟကာ စားလိုက်ပြီးနောက် ယနေ့တွင် သူ၏ဇနီးသည် အပြုအမူက ထူးဆန်းနေသည်ကို ပို၍ သတိထားမိလာသည်။

​ “ဟို... အင်း... ဒီလိုပါ မောင်ရဲ့” စုချင်းရွှယ် ခေါင်းလေးငုံ့သွားပြီး ဖြူစင်သော ပါးပြင်လေးနှစ်ဖက်ပေါ်တွင် ရှက်သွေးဖြန်းသွားသည်။ သူမ၏ လက်ညှိုးလေးနှစ်ချောင်းကို တစ်ခုနဲ့တစ်ခု ပွတ်သပ်ရင်း စိုးရိမ်တကြီးဖြင့် ခပ်တိုးတိုး ဆိုလိုက်သည် -

​ “ကျွန်မ... ကျွန်မ အမှန်တော့ မောင့်ကို တစ်ခုခု လျှို့ဝှက်ထားခဲ့မိတယ်”

​ “ကျွန်မတို့ လက်ထပ်တာ သုံးနှစ်ရှိပြီ၊ ညတိုင်းလည်း အတူအိပ်ခဲ့ကြပေမဲ့ ကျွန်မမှာ အခုထိ ကိုယ်ဝန်မရသေးတာ... ဒါက မောင့်အမှား မဟုတ်ပါဘူး၊ ကျွန်မအမှားပါ”

​ သူမက ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည့်အလား အသက်ကို ပြင်းပြင်းရှူလိုက်ပြီး -

​“ကျွန်မက... ကျွန်မက လူသားတစ်ယောက် မဟုတ်ပါဘူး”

​ ပုစွန်သားက လည်ချောင်းဝတွင် တစ်ဆို့နေဆဲဖြစ်သော လျူယွမ်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည် - “ဒါဆို မင်းက...”

​ “နတ်သမီးတစ်ပါးပါ”

​ စုချင်းရွှယ်က ခေါင်းလေးအနည်းငယ်မော့ကာ ရှက်ပြုံးလေး ပြုံးလိုက်ရင်း၊ သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ချောင်းလေးဖြင့် မာဘယ်လ်ကျောက်စားပွဲခုံကို ခပ်ဖွဖွလေး ဖိချလိုက်ရာ အပေါက်တစ်ပေါက် ဖြစ်သွားတော့သည်။

​ မာဘယ်လ်ကျောက်ပြားကြီးက တိုဖူးတုံးကဲ့သို့ နူးညံ့သွားသလား ထင်မှတ်ရပေသည်။

​ လျူယွမ်ကတော့ တည်ငြိမ်စွာဖြင့် ဘီယာကို တစ်ငုံ သောက်လိုက်သည်။ သူသည် လူဝင်မှုကြီးကြပ်ရေးဗျူရိုရှိ နတ်များ၏ ကိုယ်ရေးမှတ်တမ်းတွဲများကို မြင်ဖူးထားပြီးသား ဖြစ်သည်။

​ သိုင်းပညာ၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသည့်အခါ ဟင်းလင်းပြင်ကို ဖြတ်၍ အထက်ဘုံသို့ ပျံတက်နိုင်ပြီး နတ်တစ်ဦး ဖြစ်လာနိုင်ပေသည်။

​ သိသာထင်ရှားလှသည်မှာ သူ၏ဇနီးသည်က ထိုအထက်ပြည်မှ လာသူ ဖြစ်ချေသည်။

​ “မောင်... မောင်က ဘာလို့ နည်းနည်းမှ မအံ့ဩရတာလဲ” စုချင်းရွှယ်က သူ၏ တည်ငြိမ်လွန်းသော အမူအရာကို ကြည့်ပြီး မျက်ဝန်းအစုံမှာ ဝိုင်းစက်သွားပြီး - “မောင် ကြိုတင်ပြီး ရိပ်မိနေတာလား”

​ “ဘုရားရေ... ငါ့မိန်းမက တကယ်ပဲ အထက်ဘုံက နတ်သမီးလေးတစ်ပါးပါလား” လျူယွမ်က ဆိုဖာပေါ်မှ ရုတ်တရက် ခုန်ထလိုက်ပြီး ခေါင်းကို ကိုင်ကာ အလွန်အမင်း အံ့ဩသွားသည့် ပုံစံမျိုးဖြင့် - “အိုမြတ်စွာဘုရား... ငါ တကယ်ပဲ တုန်လှုပ်သွားရတာပဲ၊ အိုမိုင်ဂေါ့ဒ်…”

​ စုချင်းရွှယ် : “...”

​ ကျွန်မကို သုံးနှစ်သမီး ကလေးများ ထင်နေတာလား။

​ “ကျွန်မ တောင်းပန်ပါတယ်... မောင် တကယ်လို့ စိတ်ဆိုးတယ်ဆိုရင် စိတ်ပြေလက်ပျောက် ကျွန်မကို ရိုက်နှက်နိုင်ပါတယ်”

​ စုချင်းရွှယ်သည် သူမ၏ ခါးဘေးမှ ကြိမ်လုံးတစ်လုံးကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ပြီးနောက် အဝတ်လျှော်ပျဉ်ပြားပေါ်တွင် ဒူးထောက်လိုက်တော့သည်။ ဒါက နတ်များ ပိုင်ဆိုင်သည့် ဟင်းလင်းပြင်စွမ်းရည်ဖြစ်မှာ သေချာသည်။

​ လျူယွမ် သူမကို မရိုက်ရက်ပေ။

​ နူးညံ့သိမ်မွေ့ပြီး အားနွဲ့ပုံရသော သူ၏ လှပလှသည့် ဇနီးသည်ကို ကြည့်ရင်း သူ စိတ်ထဲတွင် တွေးလိုက်မိသည် - သူမက နတ်တစ်ဦးပဲ၊ သူမသာ လက်တစ်ချက်လောက် ယမ်းလိုက်ရင် ငါလို သိုင်းသမားလေးကတော့ အသက်ပျောက်သွားမှာ သေချာတယ်...

​ သို့သော်လည်း ဤအမျိုးသမီး၏ မျက်ဝန်းထဲတွင် ဘာဖြစ်လို့ မျှော်လင့်ချက်အရိပ်အယောင်တွေ ရှိနေရတာလဲ။

​ “အရင်ထဦး” လျူယွမ်က သူမကို သွားရောက်ပွေ့ဖက်လိုက်ပြီး မေးလိုက်သည် - “နတ်တွေနဲ့ လူသားတွေက မတူညီတဲ့ ဘုံတွေမှာ နေထိုင်ကြလို့ မျိုးပွားခြင်းဆိုင်ရာ အတားအဆီး ရှိနေတာလား”

​ ဒါက အခြေခံ ဇီဝဗေဒ အသိပညာပဲ ဖြစ်သည်။

​ “အင်း...” စုချင်းရွှယ်က ခေါင်းညိတ်လိုက်ပြီးနောက် လျူယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်လာကာ သူ၏လည်ပင်းကို ဖက်တွဲလိုက်သည်။ သူမ၏ ထွက်သက်ဝင်သက်များက သစ်ခွပန်းကဲ့သို့ မွှေးပျံ့လှပေသည်။

​ နှစ်ဦးသား ဆိုဖာပေါ်တွင် ထိုင်ရင်း မျိုးပွားခြင်းဆိုင်ရာ အတားအဆီး၏ တိကျသော အကြောင်းအရင်းများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

​ တစ်နာရီခန့် ကြာပြီးနောက်...

​ စုချင်းရွှယ်သည် သူမ၏ “အနုစိတ်ကို သိမြင်ခြင်း” ဟူသည့် ထူးခြားဆန်းပြားသော စွမ်းရည်ကို အသုံးပြု၍ လျူယွမ်၏ စိတ်အာရုံထဲသို့ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စစ်တလင်းပြင်၏ မြင်ကွင်းတစ်ခုကို ပုံရိပ်ယောင်အဖြစ် ထင်ဟပ်ပြသလိုက်လေသည်။

All Chapters