အခန်း ၂
Vol. 1 Ch. 2
အပိုင်း (၂)
ကောင်းကင်မှာ သွေးနီရောင် လွှမ်းမိုးထားပြီး မှောင်မိုက်ကာ အေးစက်လှသည့် ရှေးဟောင်း ကန့်သတ်နယ်မြေတစ်ခု ဖြစ်ချေသည်တကား။
ကောင်းကင်နှင့် မြေပြင်ကြားတွင် ဧရာမ မြို့ရိုးကြီးတစ်ခုက ကာဆီး တည်ရှိနေသည်။
မြို့ရိုးအောက်တွင်မူ အလောင်းများမှာ တောင်လိုပုံနေပြီး သွေးများက မြေပြင်တစ်ခုလုံးကို ရဲရဲနီစေကာ စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးသံများက လေထုထဲ၌ ပဲ့တင်ထပ်နေတော့သည်။
လျူယွမ် နားလည်သွားခဲ့လေပြီ။
သူ့ဇနီးသည်၏ နတ်ဘုရားမျိုးရိုးဗီဇနှင့် ယှဉ်လျှင် သူ၏ သာမန်လူသားမျိုးရိုးဗီဇမှာ အလွန်အမင်း အားနည်းလွန်းလှသဖြင့် ထိတွေ့ရုံမျှဖြင့် ပျက်စီးသွားရပြီး ဘယ်လိုမှ ပေါင်းစပ်၍ မရနိုင်ခဲ့ပေ။
သို့သော်လည်း သူ၏မျိုးရိုးဗီဇများက အရှုံးပေးရန် အလိုမရှိကြပုံရသည်။
လောကနိယာမအတိုင်း လျှောက်လှမ်းလျှင် သာမန်လူသားသာ ဖြစ်လိမ့်မည်၊ နိယာမကို ဆန့်ကျင်နိုင်မှသာ အင်မော်တယ် ဖြစ်လာပေလိမ့်မည်။
“သတ်... သတ်... သတ်...”
ကန့်သတ်နယ်မြေတစ်ခုလုံးတွင် ဟိန်းဟောက်သံများ ပဲ့တင်ထပ်သွားပြီး သန်းနှင့်ချီသော စစ်သည်တော်များက မြို့ရိုးကြီးဆီသို့ အားမာန်အပြည့်ဖြင့် ချီတက် တိုက်ခိုက်နေကြသည်။
သို့သော်လည်း စွမ်းအင်အတားအဆီးနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ထိုဖိအားကို ဘယ်လိုမှ မတောင့်ခံနိုင်ကြဘဲ အားလုံးက စူးစူးဝါးဝါး အော်ဟစ်ရင်း အရိုးစုများအဖြစ်သို့ ပြာကျသွားကြရသည်။
သို့တိုင်အောင် သူတို့က မကြောက်ရွံ့ကြဘဲ ကျဆုံးသွားသော ရဲဘော်ရဲဘက်များ၏ ခြေရာကို နင်းကာ ဆက်လက်၍ အားသွန်ခွန်စိုက် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
တစ်ယောက်ပြီးတစ်ယောက် အသက်ဇီဝိန် ချုပ်အံ့ဆဲဆဲအထိ ရှေ့သို့သာ တိုးဝင်ကြရာ မြို့ရိုးအောက်ရှိ အရိုးစုများမှာ တဖြည်းဖြည်း ပိုမိုမြင့်မားလာခဲ့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး မှုန့်မှုန့်ညက်ညက် ကြေမွတော့မည့် အခြေအနေတွင် စစ်သည်တော်တစ်ဦးက သူ၏ အရှိန်အဝါအားလုံးကို စုစည်းကာ ဓားတစ်ချက် အားကုန် လွှဲခုတ်လိုက်သည်။
မြို့ရိုးကြီးပေါ်တွင် အက်ကြောင်းတစ်ခု ထင်ဟပ်သွားပြီး သူတို့အားလုံး မျှော်လင့်ချက် အလင်းရောင်တစ်စကို မြင်တွေ့လိုက်ရသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် မှေးမှိန်သော အလင်းတန်းတစ်ခု ဖြာထွက်လာပြီး စစ်တလင်းပြင်တစ်ခုလုံးကို ချက်ချင်းပင် သုတ်သင်ရှင်းလင်းပစ်လိုက်တော့သည်။
ထိုအက်ကြောင်းကို ဖြတ်ကျော်ရန် ကြိုးစားသူမှန်သမျှ ဝါးမြိုခြင်း ခံလိုက်ရသည်။
ဒါက ကောင်းကင်နဲ့ မြေပြင်ကြားက ဘယ်လိုမှ ဖြတ်ကျော်လို့မရတဲ့ အတားအဆီးပင် ဖြစ်သည်။
သူတို့မှာရှိတဲ့ တစ်ခုတည်းသော အားသာချက်ကတော့ အရေအတွက် အဆမတန် များပြားခြင်းနှင့် မျိုးဆက်များ အဆက်မပြတ် ရှိနေခြင်းပင် ဖြစ်၏။
လျူယွမ်၏ စိတ်အာရုံက ပိုမိုနီးကပ်သွားပြီးနောက် မရေမတွက်နိုင်သော ရှေ့ဆောင်လမ်းပြများ၏ အသက်သွေးချွေးများဖြင့် ရေးထိုးထားသည့် သွေးရဲရဲ ကြေညာချက်ကို မြင်လိုက်ရသည်... ဒါက သူ၏ မျိုးဗီဇထဲတွင် ကမ္ပည်းတင်ထားသော အရေးကြီးသည့် မက်ဆေ့ခ်ျတစ်ခုပင် ဖြစ်သည် -
“ ရှင်သန်ခြင်းနဲ့ မျိုးပွားခြင်းအတွက်ပဲ....ငါတို့ ဘာမဆို စွန့်လွတ်နိုင်တယ် ”
[တိုက်ကြ၊ တိုက်ကြ၊ တိုက်ကြ... နောက်ဆုတ်တဲ့ကောင် အသေပဲ]
[ငါတို့ထဲက တစ်ယောက် သေသွားရင်တောင် ငါတို့လိုကောင်တွေ အများကြီး ကျန်သေးတယ်။ ငါတို့ရဲ့ ဘိုးဘေးတွေဟာ ခေတ်လေးခေတ်ကိုတောင် ရှင်သန်ကျော်ဖြတ်လာခဲ့ကြတာ... ငါတို့ ဒီနေရာမှာတင် လဲကျလို့မဖြစ်ဘူး]
[ငါတို့မှာ သံမဏိစိတ်ဓာတ် ရှိတယ်၊ ဘယ်လို အခက်အခဲကိုမဆို မုချ ကျော်လွှားနိုင်ရမယ်]
[အဆုံးမရှိတဲ့ သက်ရှိတွေရဲ့ ပဲ့တင်သံကို ငါ ကြားလိုက်ရပြီ]
ရင်ထဲမှာ အရှိန်အဟုန်တွေ တောက်လောင်လာခဲ့သည်။
လျူယွမ် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်ထသွားတော့သည်။
မဟုတ်သေးပါဘူး... ငါ့ရဲ့ မျိုးဗီဇတွေက အရမ်းကို ကြိုးစားလွန်းနေကြတာပဲ...
တကယ်ပဲ ဒီလောက်အထိ ကြိုးစားဖို့ လိုလို့လား။
၎င်းက စိတ်လှုပ်ရှားစရာ ကောင်းသလို တစ်ဖက်တွင်လည်း အလွန်အမင်း ဝမ်းနည်းကြေကွဲစရာ ကောင်းလှပေသည်။
အခြားတစ်ဖက်တွင်မူ မျိုးရိုးဗီဇများ၏ အရှင်သခင်ဖြစ်သော သူကတော့ အလုပ်ထဲတွင် အချိန်ဖြုန်းဖို့နှင့် အလုပ်ဆင်းလျှင် အိမ်၌ လှဲနေဖို့သာ တွေးနေခဲ့သည်။
ငါ တကယ် ရှက်ဖို့ကောင်းလိုက်တာ။
“မောင်... ကျွန်မတို့ စလက်ထပ်တုန်းက မောင့်ရဲ့ မျိုးဗီဇတွေက ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ သုံးစက္ကန့်ပဲ ခံပြီး အားလုံး ပျက်စီးသွားခဲ့တာ”
စုချင်းရွှယ်၏ နူးညံ့သော အသံလေးက နားထဲသို့ ပျံ့လွင့်လာပြီး လျူယွမ်ကို လက်တွေ့ကမ္ဘာထဲသို့ ပြန်လည် ဆွဲခေါ်လာခဲ့သည်။
“နောက်ပိုင်းတော့ အချိန်က တဖြည်းဖြည်း ပိုကြာလာတယ်... သုံးစက္ကန့်ကနေ တစ်မိနစ်၊ တစ်မိနစ်ကနေ တစ်နာရီပေါ့”
“အခုဆိုရင်တော့ သူတို့က တစ်ဆယ့်နှစ်နာရီအထိ ခံနိုင်ရည် ရှိနေပြီ”
“ဒါ ဘာကို ဆိုလိုလဲ မောင် သိလား”
စုချင်းရွှယ်က မျက်ဝန်းလေးများ တောက်ပလျက် ရှင်းပြလိုက်သည် -
“မောင့်ရဲ့ မျိုးဗီဇတွေက တိတ်တဆိတ် ဆင့်ကဲပြောင်းလဲနေတာပဲ”
လျူယွမ် ထိတ်လန့်သွားခဲ့သည်။
ဒါက ဇီဝဗေဒထဲက ရက်စက်လှတဲ့ မျိုးဗီဇဆင့်ကဲပြောင်းလဲခြင်း သီအိုရီကို သတိရစေသည်။
လက်ထပ်ပြီးကတည်းက သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် အားအင်များက ပိုမိုကောင်းမွန်လာပြီး ယခင်က နားမလည်နိုင်ခဲ့သော သိုင်းပညာရပ်များကိုပင် တဖြည်းဖြည်း နားလည်လာရခြင်းမှာ မဆန်းတော့ပေ။
သူ၏ မျိုးဗီဇများက ဝန်ထုပ်ဝန်ပိုးကြီးကို ပခုံးထမ်းပြီး ဆင့်ကဲပြောင်းလဲဖို့အတွက် တိတ်တဆိတ် ကြိုးစားအားထုတ်နေကြခြင်း ဖြစ်သည်တကား။
ရဲဘော်တို့... မင်းတို့အားလုံး ကြိုးစားခဲ့ကြတာ ကျေးဇူးတင်ပါတယ်ကွာ...
ဟင်းလျာများက အနည်းငယ် အေးသွားပြီ ဖြစ်သည်။
လျူယွမ်က ဝက်သားစနီချက်တစ်တုံးကို ညှပ်၍ ပါးစပ်ထဲ ထည့်လိုက်ပြီး ဝါးရင်းဖြင့် မေးလိုက်သည် - “မိန်းမ... ဒါနဲ့ လွန်ခဲ့တဲ့ သုံးနှစ်က မင်း ဘာလို့ လမ်းပေါ်မှာ မေ့လဲနေရတာလဲ”
စုချင်းရွှယ်က အသေးစိတ် ရှင်းပြလာခဲ့သည် -
“ကျွန်မက... တာဝန်တစ်ခုနဲ့ ဒီဘုံကို လာခဲ့တာပါ”
“အဲ့ဒီတုန်းက သွေးမိစ္ဆာဧကရာဇ်က ဟင်းလင်းပြင်ဝင်ပေါက်ကို ဖြတ်ကျော်ပြီး ဒီဂြိုဟ်ပေါ်က သန်းနဲ့ချီတဲ့ သက်ရှိတွေကို အသုံးပြုပြီး ‘ဝိညာဉ်စွမ်းအင်အလံတော်’ကို သွေးသောက် သန့်စင်ဖို့ ကြိုးစားခဲ့တာ... အဲဒီလိုနည်းနဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့ပေါ့”
“ကျွန်မ သူ့ကို တားဆီးဖို့ ကြိုးစားခဲ့တယ်၊ သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပေမဲ့ ကျွန်မကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်သွားခဲ့တာ။ ကံကောင်းလို့ မောင် ကယ်တင်ခဲ့လို့ပေါ့”
ပြောပြီးနောက် သူမက လျူယွမ်အတွက် ပုစွန်ထုပ်ခွံကို နွှာပေးပြီး ပါးစပ်ထဲသို့ ကိုယ်တိုင် ခွံကျွေးလိုက်ပြန်သည်။
လျူယွမ်က ဝေခွဲမရစွာဖြင့် ထပ်မေးလိုက်သည် - “ဒါဆို မင်း ဒဏ်ရာတွေ ပျောက်ကင်းသွားပြီးနောက် ဘာလို့ ကောင်းကင်ဘုံကို ပြန်မသွားတာလဲ”
“ကျွန်မ ဒဏ်ရာတွေက အပြည့်အဝ မပျောက်သေးဘူးလေ၊ ပြီးတော့ ကျွန်မရဲ့ အင်အားကလည်း ဒဏ်ရာမရခင်ကထက် သုံးပုံတစ်ပုံတောင် မရှိတော့ဘူး” စုချင်းရွှယ်က အနည်းငယ် သက်ပြင်းချရင်း ဆိုလိုက်သည် -
“ဟင်းလင်းပြင်လမ်းကြောင်းကို အနိုင်နိုင် ဖွင့်နိုင်ဦးတော့... လမ်းမှာရှိတဲ့ ဟင်းလင်းပြင်မုန်တိုင်းတွေနဲ့ ဧရာမ သားရဲကြီးတွေရဲ့ ချုံခိုတိုက်ခိုက်တာကို ခံရရင် ကျွန်မတို့ သေသွားနိုင်တယ်”
“ဒါ့အပြင်... မိစ္ဆာဧကရာဇ်ကလည်း လုံးဝ မသေသေးဘူး၊ ကျွန်မရဲ့ တာဝန်ကလည်း မပြီးသေးတော့ ပြန်ဖို့ မလောတော့တာပါ”
သူမ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လှပသော ပါးပြင်လေးနှစ်ဖက် ထပ်မံ နီမြန်းသွားကာ အသံလေး တိုးသွားပြီး - “ပြီးတော့... ကျွန်မ မောင့်ကို လက်ထပ်ထားတာဆိုတော့ ပိုလို့တောင် မခွဲနိုင်တော့ဘူးပေါ့”
လျူယွမ် ရင်ထဲတွင် နွေးထွေးသွားရပြီး လက်ကို ဆန့်ကာ ဇနီးသည်၏ နူးညံ့သော ပါးပြင်လေးကို ဆွဲလိုက်ရင်း - “ဒီအကြောင်းတွေကို မောင့်ကို စောစောကတည်းက ပြောပြလိုက်ရင် ရတာကို”
စုချင်းရွှယ်က လျှာလေးထုတ်ကာ တိုးတိုးလေး ရေရွတ်သည် - “ကျွန်မကို လူဝင်မှုကြီးကြပ်ရေးရုံးကို တိုင်ကြားပြီး ဆုကြေးငွေ ငါးသိန်း သွားထုတ်မှာ ကြောက်လို့ပေါ့”
ဘာပဲဖြစ်ဖြစ် သူမက ဒီကမ္ဘာက လူမဟုတ်ဘဲ ‘တရားမဝင် ခိုးဝင်လာသူ’ ဖြစ်နေသည်မို့၊ အထူးသဖြင့် ဒဏ်ရာက မသက်သာသေးသည့် အခြေအနေတွင် စွန့်စားခြင်း မပြုရဲခဲ့ပေ။
လျူယွမ်က သူမ၏စကားကြောင့် တဟားဟား ရယ်မောလိုက်ပြီး - “မင်းတို့ နတ်သမီးတွေက အားလုံး ဒီလောက်တောင် ရိုးအကြတာလား”
“ဟင်... မောင်က ကျွန်မကို အတယ်လို့ ပြောတာလား” စုချင်းရွှယ်က ပါးဖောင်းလေးလုပ်ကာ စိတ်ကောက်ပြရင်း - “ဟုတ်ပါပြီ... ဟုတ်ပါပြီ၊ ကျွန်မယောင်္ကျားက လူဝင်မှုကြီးကြပ်ရေးဗျူရိုက အရာရှိလေးပဲဥစ္စာ၊ လှည့်ကွက်တွေ အများကြီး ရှိပြီး ကျွန်မထက် အများကြီး ပိုတော်တာပေါ့။ မောင့်မျက်လုံးတွေကို ဘာမှ ဖုံးကွယ်လို့ မရပါဘူး...၊ ကျွန်မက လူသားမဟုတ်တာကို မောင် ကြိုသိနေတာ ကြာပြီမလား”
“ဒါဆို... မောင်က ဘာလို့ ဆုကို လိုချင်လို့ အထက်လူကြီးတွေကို မတိုင်တာလဲ”
စုချင်းရွှယ်က သူမ၏ မျက်ဝန်းဝိုင်းကြီးများဖြင့် စူးစမ်းစွာ ကြည့်လိုက်သည်... ဒီမေးခွန်းက နည်းနည်းတော့ အသက်အန္တရာယ် ရှိလှပေသည်။
“ဘာလို့လဲဆိုတော့ မင်းက နည်းနည်း အတတ လေးမလို့လေ၊ တကယ်လို့ မင်းကို အဲဒီ မြေခွေးအိုကြီးတွေလက်ထဲ အပ်လိုက်ရင် အရိုးတောင် ကျန်မှာမဟုတ်ဘဲ ဝါးမြိုခံလိုက်ရမှာ စိုးလို့ပေါ့” လျူယွမ်က ဇနီးသည်၏ နှာတံလေးကို အသည်းယားစွာ ဆွဲလိုက်သည်။
တိုက်ခိုက်ရေးစွမ်းရည် မြင့်မားခြင်းက ဉာဏ်ကောင်းခြင်းကို မဆိုလိုပေ။
“ကျွန်မက အရမ်းသန်မာတာပါနော်၊ ဘယ်သူမှ ကျွန်မကို မနှိပ်စက်နိုင်ဘူး... မောင့်ကလွဲလို့ပေါ့” စုချင်းရွှယ်က တိုးတိုးလေး ပြန်ပြောလိုက်သည်။
“မိန်းမ... ဒါနဲ့ ဒီနေ့ကျမှ ဘာလို့ မောင့်ကို အမှန်အတိုင်း ဝန်ခံဖို့ ဆုံးဖြတ်လိုက်ရတာလဲ” ဒါက လျူယွမ် အသိချင်ဆုံး မေးခွန်း ဖြစ်သည်။
စုချင်းရွှယ်၏ အမူအရာက တည်တံ့သွားပြီး - “ဘာလို့လဲဆိုတော့ ကျွန်မ သွေးမိစ္ဆာဧကရာဇ်ရဲ့ ပုန်းခိုရာနေရာကို ရှာဖွေတွေ့ရှိခဲ့လို့ပဲ၊ သူ့ကို အပြတ်ရှင်းဖို့ အခွင့်အရေး ရှာနေတာ။ ဒါပေမဲ့ အရာရာ အဆင်မပြေဖြစ်ပြီး ကျွန်မ ကျဆုံးသွားခဲ့ရင်... မောင့်ကို ကြိုမပြောထားရင် ကျွန်မရဲ့ အမွေတွေကို ဘယ်သူမှ ဆက်ခံမယ့်သူ ရှိမှာမဟုတ်လို့ ကြိုပြောပြထားတာပါ”
သူမ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဆက်ပြောသည် - “ပြီးတော့... ကျွန်မ ကောင်းကင်ဘုံကနေ ဒီဘုံကို ရောက်လာတာ သုံးရက်ပဲ ရှိသေးတယ်...”
“သုံးရက် ဟုတ်လား” လျူယွမ် ခဏမျှ ကြောင်အသွားပြီးမှ သဘောပေါက်သွားသည်။
သူ လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းတွေထဲမှာ မြင်ဖူးသည်... ကမ္ဘာခြားတွေရဲ့ အချိန်စီးဆင်းမှုက ကမ္ဘာမြေနှင့် မတူပေ။
ကောင်းကင်ဘုံ၌ တစ်ရက်သည် ကမ္ဘာမြေ၌ တစ်နှစ်နှင့် ညီမျှပေသည်။
စုချင်းရွှယ်က ခေါင်းညိတ်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့် ဆိုသည် -
“ကျွန်မတို့ မိသားစုက အရမ်းစည်းကမ်းကြီးတာ၊ လူကြီးတွေက ညဘက် အပြင်မှာ အိပ်တာကို လုံးဝ ခွင့်မပြုဘူး”
“ကျွန်မ အိမ်မပြန်တာ သုံးရက် (သုံးနှစ်) ရှိပြီဆိုတော့ ဖေဖေ၊ မေမေ၊ အစ်ကိုနဲ့ အစ်မတို့က အရမ်းစိတ်ပူနေကြမှာ သေချာတယ်။ ကျွန်မကို လာရှာဖို့ လူလွှတ်လိုက်လောက်ပြီ”
“တကယ်လို့ အိမ်ကို သူစိမ်းတွေ ရောက်လာရင် မောင် ကြိုတင်ပြင်ဆင်ထားနိုင်အောင်လို့ ပြောပြတာပါ”
“တော်သေးတာပေါ့... မင်း ဒီတစ်ခါတော့ ဉာဏ်ပြေးလို့” လျူယွမ် သက်ပြင်းချနိုင်တော့သည်။
သူ့ဇနီးသည်က ကောင်းကင်ဘုံက မျိုးရိုးကြီးအသိုင်းအဝိုင်းက လိမ္မာတဲ့ သမီးပျိုလေး ဖြစ်ရပေမည်။
တကယ်လို့ ကြိုတင်အကြောင်းမကြားဘဲ ယောက္ခမတွေ၊ ယောက်ဖတွေ၊ ခယ်မတွေက အိမ်ရှေ့ကို ရုတ်တရက် ရောက်လာရင် နားလည်မှုလွဲပြီး သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ကြမှာ သေချာသည်။
ထိုအခိုက်အတန့်တွင် လျူယွမ် စိုးရိမ်စရာ မေးခွန်းတစ်ခုကို ရုတ်တရက် သတိရသွားသည်။
“နေဦး... ဒါဆို ကောင်းကင်ဘုံရဲ့ အချိန်အရ မင်းရဲ့အသက်က ဘယ်လောက်လဲ၊ လက်ထပ်လို့ရတဲ့ တရားဝင် အသက်အရွယ်ကို ရောက်ပြီလား”
စုချင်းရွှယ်က ချိုသာစွာ ပြုံးလိုက်ရာ သူမ၏ မျက်ဝန်းလေးများက လဆန်းရက်ည လခြမ်းကွေးလေးလို ကွေးညွတ်သွားပြီး - “ကောင်းကင်ဘုံရဲ့ အချိန်အရဆိုရင် ဒီတစ်နှစ်လုံးက ကျွန်မရဲ့ အသက် နှစ်ဆယ့်တစ်နှစ်ပြည့် မွေးနေ့ပဲလေ”
“တော်သေးတာပေါ့... အသက်ပြည့်သွားလို့”
လျူယွမ် ရင်ထဲက အလုံးကြီး ကျသွားတော့သည်။
“မောင်က ဘာကို ကြောက်နေတာလဲ” စုချင်းရွှယ်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး - “ကောင်းကင်ဘုံက ကျွန်မရဲ့ ငယ်သူငယ်ချင်းတွေအားလုံး အိမ်ထောင်ကျကုန်ပြီ၊ ကျွန်မကတောင် အိမ်ထောင်နောက်ကျတဲ့အထဲ ပါနေတာ”
“ပြီးတော့...” သူမက ခေါင်းလေး စောင်းလိုက်ပြီး ခက်ခဲတဲ့ သင်္ချာပုစ္ဆာတစ်ခုကို တွက်ချက်နေသကဲ့သို့ - “မောင့်ကမ္ဘာရဲ့ အချိန်နဲ့ တွက်မယ်ဆိုရင်တော့ ကျွန်မအသက်က...”
စုချင်းရွှယ်က လက်ချောင်းလေးတွေ ချိုးပြီး အမြန် တွက်ချက်နေသည်။
လျူယွမ်ကတော့ စိတ်ထဲကနေ ကြိုတင်တွက်ချက်ပြီးသား ဖြစ်သည်။
သူ အချက်အလက်တွေကို ဖတ်ဖူးသည်... ကောင်းကင်ဘုံတွင် နွေ၊ မိုး၊ ဆောင်း မရှိပေ။ တစ်နှစ်လျှင် ရက်ပေါင်း သုံးရာ ရှိသည်။
“ခြောက်ထောင်နဲ့ သုံးရာ”
“အိုးမိုင်ဂေါ့.... ငါ့မိန်းမက အသက် ခြောက်ထောင်ကျော်ကြီး ဖြစ်နေတာပဲ”
“ငါ့ရဲ့ ဘိုးဘွားဘီဘင်တွေထက်တောင် အသက်ကြီးသေးတယ်”
စုချင်းရွှယ် မွေးဖွားစဉ်က လျူယွမ်၏ ဘိုးဘေးများပင် ကမ္ဘာပေါ်၌ ရှိမနေသေးချေ။
“ဟွန့်” စုချင်းရွှယ်က မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်ပြီး - “ကျွန်မက အဲလောက် မအိုပါဘူးနော်၊ အသက် နှစ်ဆယ့်တစ်နှစ်ပဲ ရှိသေးတာ”
“ဟုတ်ပါပြီ... ဟုတ်ပါပြီ” လျူယွမ်က ပြုံးလျက် လက်နှစ်ဖက်မြှောက်ကာ အရှုံးပေးလိုက်ပြီး ဖန်ခွက်ကို မြှောက်လိုက်ရင်း -
“အသက် ၂၁ နှစ်အရွယ် ကျွန်တော့်ရဲ့ ဇနီးချောလေး... မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ”