အခန်း ၃
Vol. 1 Ch. 3
အပိုင်း (၃)
“မိန်းမ... ဆုတောင်းလိုက်ဦး”
လျူယွမ်က ပေါင်မုန့်နှစ်ချပ်ကို ထပ်လိုက်ပြီး အလယ်မှာ ဖယောင်းတိုင်တစ်တိုင် စိုက်ကာ မီးခြစ်ဖြင့် မီးညှိပေးလိုက်သည်။
ရိုးရှင်းလွန်းတဲ့ မွေးနေ့ကိတ်လေးတစ်လုံး... ဒါပါပဲ။
စုချင်းရွှယ်က လက်နှစ်ဖက်ကို ယှက်ကာ မျက်ဝန်းအစုံကို မှိတ်ထားလိုက်ပြီး ဖယောင်းတိုင်အလင်းရောင်က သူမ၏ လှပသောမျက်နှာထက်၌ လှုပ်ခတ်နေသည်။
သူမ မျက်လုံးပြန်ဖွင့်လာချိန်တွင် အမူအရာက တည်တံ့နေပြီး -
“ဒီတစ်နှစ်လုံးကို ကျွန်မရဲ့ မွေးနေ့အဖြစ် သတ်မှတ်ပြီး၊ ကျွန်မယောင်္ကျားက နေ့တိုင်း နေ့တိုင်း ကျွန်မကို လက်ဆောင်တွေ ပေးပါစေလို့ ဆုတောင်းပါတယ်ရှင်”
လျူယွမ်၏ မျက်ခုံးအစုံက ပြင်းထန်စွာ တွန့်ကွေးသွားတော့သည်။
သူက ငါ့ကို ဆုတောင်းရေတွင်းထဲက လိပ်ကြီးများ မှတ်နေတာလား။
“မိန်းမ... မင်း လောဘကြီးလွန်းနေပြီနော်”
သူ့စကားပင် မဆုံးသေး၊ စုချင်းရွှယ်က ကောက်ကျစ်သလို ဆန်းပြားတဲ့ အပြုံးလေးတစ်ခု ပြုံးလိုက်ပြီး အရိုးမရှိသလို သူမ၏ ခန္ဓာကိုယ်လေးကို သူ့ဆီသို့ တိုးကပ်လာကာ သစ်ခွပန်းလို မွှေးပျံ့တဲ့ သက်ပြင်းငွေ့လေးများဖြင့် တီးတိုးဆိုလိုက်သည် -
“ဒါဆိုရင်... ကလေးတစ်ယောက် ရပါစေလို့ ဆုတောင်းရင်ကော”
“မောင်... မောင်က သားလေး လိုချင်တာလား၊ သမီးလေး လိုချင်တာလား”
သူမ၏ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော မျက်ဝန်းလေးများကို ကြည့်ပြီး လျူယွမ် ရင်ထဲ နူးညံ့သွားရသည်။
“သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် အတူတူပါပဲ”
“ဒါဆို သမီးလေးပဲ ယူမယ်” စုချင်းရွှယ်က မျှော်လင့်ချက်အပြည့်ဖြင့် အပြီးသတ် ဆုံးဖြတ်ချက် ချလိုက်သည် - “သမီးမိန်းကလေးတွေက အဖေတွေရဲ့ သမီးကညာလေးတွေလို့ ပြောကြတယ်လေ။ တကယ်လို့ တစ်နေ့နေ့မှာ ကျွန်မ မောင့်ဘေးမှာ မရှိတော့ရင်တောင် မောင့်အနားမှာ အဖော်ပြုပေးဖို့ သမီးလေး ရှိနေတာပေါ့”
“ဘာတွေ လျှောက်ပြောနေတာလဲ... မဟုတ်ကဟုတ်ကတွေ မပြောနဲ့”
လျူယွမ်က သူမစကားကို အမြန် ဖြတ်ပြောလိုက်ရသည်။
“မောင်... ဆက်ပြီး ကြိုးစားပေးရမယ်နော်”
နောက်တစ်စက္ကန့်တွင် စုချင်းရွှယ်၏ မျက်ဝန်းများက ရုတ်တရက်ပင် အလွန်အမင်း ပြတ်သားကာ သန္နိဋ္ဌာန်ချထားပုံမျိုး ပြောင်းလဲသွားပြီး၊ လျူယွမ်၏လက်ကို ဆွဲကာ အိပ်ခန်းထဲသို့ ဝုန်းကနဲ ပြေးဝင်သွားတော့သည်။
“ဒုန်း”
တံခါးဂျက်က ချက်ချင်း ဂျောက်ခနဲ ကျသွားသည်။
ဒီကိစ္စက ရလဒ်ထွက်လာလိမ့်မယ်လို့ လျူယွမ် မသေချာပေ။
ထို့ကြောင့် သူ လုပ်နိုင်တာဆိုလို့ စိတ်ထဲကနေ ဆုတောင်းနေဖို့သာ ရှိတော့သည် -
[ငါ့သွေးကြောထဲမှာ စီးဆင်းနေတဲ့ မျိုးရိုးဗီဇတွေ၊ နှစ်သန်းပေါင်းများစွာကတည်းက လက်ဆင့်ကမ်းလာတဲ့ သက်ရှိတွေရဲ့ အစဉ်အတိုင်း... မင်းတို့အားလုံး အခက်အခဲကို နည်းနည်းလောက် ထပ်တောင့်ခံပြီး ဆင့်ကဲပြောင်းလဲဖို့အတွက် အစွမ်းကုန် ကြိုးစားကြပါ]
ငါ့မိန်းမရဲ့ မွေးနေ့ဆုတောင်း ပြည့်မပြည့် ဆိုတာကတော့ မင်းတို့အပေါ်မှာပဲ လုံးလုံး မူတည်တော့တယ်...
နောက်တစ်နေ့ မနက် ခုနစ်နာရီတွင်...
လျူယွမ် ရုတ်တရက် ထထိုင်လိုက်မိပြီး တစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေသည်ကို ခံစားလိုက်ရသည်။
မနေ့ညက ပင်ပန်းနွမ်းနယ်မှုတွေ အားလုံးက ယူပစ်သလို ပျောက်ကွယ်သွားပြီး အားအင်တွေ ပြည့်ဝနေတော့သည်။
သူ ခေတ္တ ကြောင်အသွားပြီး မိမိခန္ဓာကိုယ် အခြေအနေကို သေချာ အာရုံခံကြည့်လိုက်မိသည်။
ငါ့ရဲ့ ကြံ့ခိုင်မှု အခြေအနေက ထပ်ပြီး တိုးတက်လာပြန်ပြီပဲ
ငါ့ရဲ့ မျိုးရိုးဗီဇတွေက ထပ်ပြီး ဆင့်ကဲပြောင်းလဲသွားတာလား
ဒီကောင်တွေ တကယ်ကို ကြိုးစားလွန်းနေကြတာပဲ... ဒါက အံ့ဩဖို့ ကောင်းလွန်းတယ်
ဗိုက်ထဲက တဂွီဂွီနှင့် ဆာလောင်သံ မြည်လာခဲ့သည်။
ကြက်ဥကြော်နံ့နှင့် ဆန်ပြုတ်မွှေးမွှေးလေး၏ အနံ့က နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။
သူ ခေါင်းလှည့်ကြည့်လိုက်ရာ တံခါးဝတွင် ရပ်ပြီး သူ့ကို ပြုံးကြည့်နေသည့် ဇနီးသည် စုချင်းရွှယ်ကို မြင်လိုက်ရသည်။
“နိုးပြီလား မောင်”
ဝိုး... ဒီလို ပြုစုယုယမှုမျိုးကတော့ တကယ့်ကို အလွန်အမင်း မိုက်လှပေသည်။ ဧကရာဇ်မင်းတောင် ချီးကျူးရမည့်အဆင့်ပင်။
“ဘာလို့ ဒီလောက် စောစောထတာလဲ မိန်းမရဲ့” လျူယွမ် မျက်လုံးကို ပွတ်ရင်း မေးလိုက်သည်။
“ကျွန်မက အိပ်ဖို့မှ မလိုတာ” စုချင်းရွှယ်က သဘာဝကျကျပင် ပြန်ပြောလိုက်သည် - “မောင့်ရဲ့ နေ့စဉ် အချိန်ဇယားနဲ့ ကိုက်ညီအောင်လို့ အိပ်ချင်ယောင်ဆောင်ပေးနေတာပါ”
ဘုရားရေ... ဒါဆို ငါက ညတိုင်း ညတိုင်း မျက်လုံးမှိတ်ပြီး စက်ပိတ်ထားတဲ့ (AFK) နတ်သမီးတစ်ပါးနဲ့ အတူအိပ်နေခဲ့တာပေါ့လေ...
မနက်စာ စားပြီးနောက် လျူယွမ်က ရုံးဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။
စုချင်းရွှယ်က အနားသို့ တိုးကပ်လာပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် သူ့ကော်လံနက်ကတိုင်ကို သိုင်းချိတ်ကာ အသာအယာ ဆွဲလိုက်သည်။
သစ်ခွပန်းလို မွှေးပျံ့သော အသက်ရှူသံလေးနှင့်အတူ သူမက သက်ပြင်းချရင်း - “သူတို့တွေအားလုံး သေကုန်ကြပြီပဲ... ကျွန်မတို့ စစ်ကူ ထပ်လွှတ်ကြဦးမလား”
ဘယ်ယောက်ျားကများ ဒီလို အခြေအနေမျိုးကို ငြင်းဆန်နိုင်ပါ့မလဲ။
လျူယွမ် မျက်နှာ ရဲခနဲ ဖြစ်သွားပြီး သူမ၏ ဆိုးနွဲ့နေသော လက်ကလေးကို အမြန် ဖမ်းဆုပ်လိုက်ရသည် -
“အချိန်မရှိတော့ဘူး... နောက်တစ်နာရီဆို ရုံးနောက်ကျတော့မယ်”
ဒီနေ့တော့ တစ်ရက်လောက် နားပြီး အားပြန်မွေးဦးမှပဲ။
“အင်းပါ” စုချင်းရွှယ် အနည်းငယ် စိတ်ပျက်သွားသော်လည်း ချက်ချင်းပင် ပြန်လည် တက်ကြွသွားကာ -
“ကျွန်မ မောင်နဲ့အတူ အပြင်လိုက်ခဲ့မယ်... လမ်းကြုံရင် ဈေးထဲဝင်ပြီး ဟင်းချက်စရာတွေ ဝယ်လို့ရအောင်”
ပြောပြီးနောက် သူမက ဗီရိုဆီသို့ လှည့်လျှောက်သွားသည်။
အိမ်မှာ ဝတ်ထားသည့် အိပ်ယာဝင်ဂါဝန်လေးက အောက်သို့ လျှောကျသွားပြီး နှင်းပွင့်ကဲ့သို့ ဖြူစင်ဝင်းပသော ကျောပြင်လေး ပေါ်ထွက်လာရာ ပုခုံးညှပ်ရိုးလေးများက လိပ်ပြာတောင်ပံလေးများကဲ့သို့ တကယ့်ကို ကျော့ရှင်းလှပေသည်။
သူမက ရိုးရှင်းသော ဂါဝန်အဖြူလေးကို လဲလှယ်ဝတ်ဆင်လိုက်ပြီး ဆံပင်ရှည်များကို ပခုံးပေါ်သို့ သဘာဝအတိုင်း ချထားလိုက်သည်။
သူမ၏ အပြစ်ကင်းစင်သော ပုံစံလေးက ဘေးအိမ်က အိမ်နီးနားချင်း ကောင်မလေး၏ ပထမဆုံး အချစ်ဦးပုံစံမျိုး ဖြစ်နေတော့သည်။
စုချင်းရွှယ်က လျူယွမ်၏ လက်မောင်းကို ချိတ်ကာ တင်းတင်းကြပ်ကြပ် ကပ်တွယ်လိုက်ရင်း - “သွားကြစို့ မောင်”
သူတို့နှစ်ဦး တံခါးကို တွန်းဖွင့်ပြီး အပြင်ထွက်လာခဲ့ရာ ခြံဝင်းအတွင်းရှိ အငြိမ်းစား သက်ကြီးရွယ်အိုများက မနက်ခင်း ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်နေကြပြီ ဖြစ်သည်။
“ဟန့်... ဟာ...”
ခြံဝင်း၏ အရှေ့ဘက်ခြမ်းတွင် အငြိမ်းစား နိုင်ငံရေးမှူးဟောင်း ဝမ်နှင့် သိုင်းပညာရှင်ကြီး ချင်တို့က တိုင်ချိကစားနေကြသည်။
ပထမတော့ သူတို့၏ လှုပ်ရှားမှုများက ခရုတစ်ကောင်လို နှေးကွေးနေသော်လည်း၊ အဘိုးကြီး နှစ်ယောက်စလုံးက စိတ်မရှည်ကြသဖြင့် လှုပ်ရှားမှုများက တဖြည်းဖြည်း မြန်ဆန်လာကာ နောက်ဆုံးတွင် လက်သီးချက်များမှာ ရိပ်ကနဲ ရိပ်ကနဲသာ မြင်ရတော့သည်။
“မင်း... အဘိုးကြီး စုတ်၊ ငါ့ကို ချုံခိုတိုက်ဖို့ ကြိုးစားနေတာမလား”
“လျှောက်မပြောနဲ့နဲ့... မင်းက အရင် စည်းကမ်းဖောက်တာ”
သူတို့နှစ်ဦးက အပြန်အလှန် ဒေါသထွက်နေကြသည်။
လျူယွမ်နှင့် စုချင်းရွှယ်ကို မြင်လိုက်ရသောအခါမှ သူတို့၏ လက်သီးချက်များက ရုတ်တရက် ပြန်လည် ပျော့ပြောင်းသွားတော့သည်။
ဆရာကြီးချင်က လျူယွမ်ကို ထိုးဖောက်မြင်နိုင်သည့်အတိုင်း အထက်အောက် အကဲခတ်ကြည့်လိုက်ပြီး -
“လျူယွမ်လေး... မင်း တစ်ညတည်းနဲ့ ပိုပြီး သန်မာလာပါလား။ မင်းရဲ့ သွေးအရှိန်အဝါက ကောင်းမွန်လွန်းလို့ ခန္ဓာကိုယ်အပြင်ဘက် သုံးမီတာအထိတောင် လျှံထွက်နေသလိုပဲ”
“မနေ့ညက တိတ်တဆိတ် ကျင့်ကြံနေတာ သေချာတယ်။ ငါပြောမယ်... ကျင့်ကြံတာချည်းပဲ အာရုံမစိုက်နဲ့၊ မင်းရဲ့ စွမ်းအင်တွေကို ပိုအရေးကြီးတဲ့နေရာမှာ သုံးပြီး ချင်းရွှယ်လေးကို အချိန်ပိုပေးစမ်းပါ”
“တစ်နေ့ကုန် သိုင်းကျင့်နေတာထက်... ကလေးတစ်ယောက် မြန်မြန်ရအောင် ယူတာက ဘယ်အရာထက်မဆို ပိုကောင်းတယ်”
သူတို့၏ သိုင်းပညာရပ်များက အလွန်မြင့်မားသဖြင့် လျူယွမ်၏ သွေးအခြေအနေကို ကြည့်ရုံမျှဖြင့် သိနိုင်ကြသည်။
ဒီလောက်အထိ ပြည့်ဝနေတဲ့ စွမ်းအင်တွေရှိနေတာ... မနေ့ညက သူ့မိန်းမကို ပစ်ထားပြီး သိုင်းပဲ ကျင့်နေခဲ့တာ သေချာတယ်
တကယ့် သာသနာ့ဘောင်ဝင်မယ့် လူလိုပဲ။
ဒီဘက်ခေတ် ကလေးတွေများ ပြိုင်ဆိုင်ဖို့ပဲ သိကြတယ်... ဘဝကို ဘယ်လို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမလဲ မသိကြဘူး။
စုချင်းရွှယ်နှင့် ပတ်သက်၍မူ သူတို့က ဘာမှ ထူးထူးခြားခြား မမြင်ကြချေ။
သူမ၏ ပြစ်မျိုးမှဲ့မထင် လှပသော မျက်နှာလေးကလွဲလို့ပေါ့။
ဒီကောင်မလေးက တဖြည်းဖြည်းနဲ့ ပိုပြီး လှလာသလိုပဲ။
“ဆရာကြီးချင်... အဘွားကြီးတစ်ယောက်လောက် လိုချင်သေးလား၊ ကျွန်တော် ရှာပေးရမလား...”
လျူယွမ် စကားပင် မဆုံးသေး ဆရာကြီးချင်၏ မျက်နှာမှာ နီရဲကာ ပြောရခက်သွားတော့သည်။
ဒီကောင်စုတ်လေး... ဒါကို လူကွယ်ရာကျမှ ပြောလို့မရဘူးလား။
လူတွေ အများကြီးရှေ့မှာ ငါ့မျက်နှာကို ဘယ်နား သွားထားရမလဲ။
စုချင်းရွှယ်က လိမ္မာယဉ်ကျေးစွာဖြင့် ဦးညွှတ် နှုတ်ဆက်လိုက်ပြီး ချိုသာသောအသံလေးဖြင့် - “မနက်ခင်းအခါမှာ မင်္ဂလာပါ ဆရာကြီးချင်... မင်္ဂလာပါ ဆရာြကီးဝမ်”
လောကတ်စ်ပင်ကြီးအောက်တွင်မူ၊
အငြိမ်းစား အရာရှိကြီး အဘိုးလီနှင့် ဗိသုကာပညာရှင် အဘိုးချန်တို့က စစ်တုရင် ကစားနေကြသည်။
အဘိုးလီက ရေနွေးကြမ်းခွက်ကို ကိုင်ထားပြီး တည်ငြိမ်အေးဆေးနေသည်။
အဘိုးချန်ကတော့ စစ်တုရင်ခုံပေါ်က မျဉ်းဆုံမှတ်တွေကနေ တစ်လက်မမှ မလွဲချော်စေဘဲ စစ်တုရင်ရုပ်တစ်ခုချင်းစီကို အတိအကျ ဖြောင့်ဖြောင့်တန်းတန်း ရွှေ့နေသည်။
သူတို့နှစ်ဦးကတော့ ကလေးယူဖို့အတွက် ဖိအားမပေးကြဘဲ အမြဲတမ်း တိတ်ဆိတ်အေးဆေးစွာ နေတတ်ကြသည်။
အဘိုးချန်က စစ်တုရင်ရုပ်တစ်ခုကို မလိုက်ရင်း လျူယွမ်နှင့် စုချင်းရွှယ်တို့ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ တိုးတိုးလေး ဆိုလိုက်သည် -
“ဒီကောင်လေး အခုပဲ ခုနစ်လှမ်း လျှောက်သွားတာ... တစ်လှမ်းချင်းစီက ကျီမန်တွန်းကျားရဲ့ ‘ရှင်သန်ခြင်းတံခါး’ ပေါ်ကို အတိအကျ ကျရောက်နေတယ်၊ နည်းနည်းလေးမှ မလွဲချော်ဘူး”
“နိမိတ်ကောင်းပဲ” အဘိုးလီက ခေါင်းညိတ်လိုက်ပြီး စစ်တုရင်ရုပ်တစ်ခုကို ရွှေ့ကာ အစိုးရလေသံဖြင့် ဆိုလိုက်သည် - “နိုင်ငံတော်ရဲ့ တောင်းဆိုချက်ကို တုံ့ပြန်နေတာပဲ”
ထိုစကားကို ကြားလိုက်ရသော ဇနီးမောင်နှံနှစ်ဦးမှာ ခြေချော်လဲမတတ် ဖြစ်သွားရသည်။
မဟုတ်သေးပါဘူး... မနက်စောစောစီးစီး တခြားအကြောင်းအရာ ပြောလို့မရကြဘူးလား။
လောကတ်စ်ပင်ကြီးကို ဖြတ်ကျော်ပြီး လျှောက်လာစဉ်...
နောက်ထပ် အငြိမ်းစား အဘိုးအိုတစ်ဦးက မျက်နှာချင်းဆိုင် လျှောက်လာခဲ့သည်။
သူက ဖုန်းကို ကိုင်ထားပြီး ဝတ္ထုဖတ်ရာတွင် အာရုံရောက်နေကာ သူ့ဘာသာ တိုးတိုးလေး ရေရွတ်နေသည် -
“ဟူး... ဒီဝတ္ထုထဲက မင်းသားကတော့ တကယ်ကို အားမရစရာပဲ။ နှေးကွေးပြီး ဝေဝေဝါးဝါးနဲ့... အခန်းပေါင်း တစ်ထောင်ကျော်သွားပြီ၊ အခုထိ မင်းသမီးနဲ့ ဘာမှ ခရီးမရောက်သေးဘူး”
သူက မော့ကြည့်ပြီး လျူယွမ်ကို ကြည့်ကာ သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။
ထိုအကြည့်က ဝတ္ထုထဲက သနားစရာကောင်းတဲ့ မင်းသားတစ်ယောက်ကို ကြည့်နေသလိုမျိုးပင် ဖြစ်သည်။
လျူယွမ် ဆွံ့အသွားရသည်။
ဒီအငြိမ်းစား အကြီးအကဲတွေက တကယ်ကို ပျင်းနေကြတာပဲ။
ပင်စင်လစာတွေက များလွန်းနေလို့ ထင်တယ်။
“အဘိုးကျန်း... ကျွန်တော့်ကို အဲဒီလို အကြည့်နဲ့ မကြည့်ပါနဲ့၊ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာတွေ အကုန်လုပ်ပြီးပါပြီ”
ပြောရင်းဖြင့် သူက ဘေးနားက ဇနီးချောလေး၏ ခါးကို တမင် သက်သက် ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။ သူတို့ လက်ထပ်ခဲ့တာ သုံးနှစ်ရှိပြီဖြစ်၍ တစ်ဦးကိုတစ်ဦး အလွန် ရင်းနှီးနေကြပြီ ဖြစ်သည်။
စုချင်းရွှယ်က သေချာ နားမလည်သော်လည်း လင်သားဘက်က ကာကွယ်ပေးသည့်အနေဖြင့် ချိုသာစွာ ရယ်မောလိုက်ပြီး -
“မှန်ပါတယ်... ကျွန်မ သက်သေခံနိုင်ပါတယ်”
“ မင်္ဂလာမနက်ခင်းပါ ချင်းရွှယ်လေး” ဦးလေးကျန်းက စုချင်းရွှယ်ကို ကြင်နာစွာ ပြုံးပြလိုက်ပြီး လျူယွမ်ကို ပြန်ပက်လိုက်သည် -
“ဒါပေမဲ့ ဒီဆန်က ချက်နေတာ သုံးနှစ်ရှိပြီ... အခုထိ နပ်ကြောင်းမပေါ်သေးဘူးပဲ”
“ဘာဖြစ်လဲဗျာ... ကျွန်တော်တို့ ဗိုက်ဝနေရင် ပြီးတာပဲဥစ္စာ” လျူယွမ်က ပြုံးလျက် ဇနီးသည်ကို ဆွဲကာ အပြင်သို့ ဆက်လက် လျှောက်လာခဲ့သည်။
“ဦးလေးကျန်း... ကျွန်မလည်း ဗိုက်ဝပါတယ်” စုချင်းရွှယ်က လျူယွမ် စကားကို ထပ်ဆင့် ထောက်ခံလိုက်သည်။ မနက်စာကို ဆိုလိုသည်ဟု ထင်မှတ်ကာ သူမက မေးလိုက်သည် - “ဦးလေးကော ဗိုက်ဝပြီလား”
ဦးလေးကျန်း ဆွံ့အသွားပြီးနောက် လျူယွမ်ကို မျက်မှောင်ကုတ်ကာ စိုက်ကြည့်လိုက်ရင်း - “မင်းကောင်စုတ်လေး... မင်းရဲ့ အစားအသောက်က တကယ်ကို မသေးဘူးပဲ”
ခြံဝင်းတံခါးဝသို့ ရောက်ခါနီးတွင်၊ ခြံထဲ၌ တရုတ်တိုင်းရင်းဆေးပင်များ အခြောက်လှန်းနေသည့် အငြိမ်းစား တရုတ်တိုင်းရင်းဆေးဆရာမကြီး အဘွားစွန်းက ပြုံးလျက် လျှောက်လာခဲ့သည်။
သူမ၏ လက်ထဲတွင် အပြာရောင် ကြွေဆေးပုလင်းလေးတစ်လုံး ပါလာသည်။
“လျူယွမ်လေး... ချင်းရွှယ်လေး၊ သူတို့ လျှောက်ပြောနေတာတွေကို နားမထောင်နဲ့” အဘွားစွန်းက ကြင်နာစွာ ဆိုလိုက်သည် - “လူငယ်တွေရဲ့ ကိစ္စကတော့ သူတို့ဘာသာသူတို့ ဆုံးဖြတ်ပါစေပေါ့”
အဘွားစွန်းက တကယ်ကို သဘောကောင်းတာပဲ... လျူယွမ် စိတ်ထဲမှာ အလွန်ပင် လှုပ်ရှားသွားရသည်။
သို့သော် နောက်တစ်စက္ကန့်တွင် အဘွားစွန်းက သူမလက်ထဲက ဆေးပုလင်းကို ကမ်းပေးလိုက်သည်။
အထဲတွင် အနည်းငယ် ခါးသက်သော အနံ့ထွက်နေသည့် ရွှေအိုရောင် ဆေးလုံးလေးများ ရှိနေသည်။
“ရော့... ချင်းရွှယ်လေး၊ ဒါက ‘သားဆုပန် ချီလင်ဆေးလုံး ပဲ... လျှို့ဝှက်ချက်နည်းစနစ်နဲ့ ဖော်စပ်ထားတာ”
လျူယွမ် မျက်လုံးများ ပြူးသွားခဲ့ရသည်။
မျှော်လင့်ထားတဲ့အတိုင်း... ဘယ်လိုမှ ရှောင်လွှဲလို့ မရပါလား။
ကျေးဇူးတင်ပါတယ် အဘွားစွန်း...
စုချင်းရွှယ်ကတော့ တကယ့်ကို အပြစ်ကင်းလွန်းသဖြင့် ကလေးရမည့် ဆေးဆိုသည်ကို ကြားသည်နှင့် မျက်ဝန်းလေးများ တောက်ပသွားတော့သည်။
သူမက ဆေးပုလင်းကို ယူလိုက်ပြီး ဆေးလုံးတစ်လုံးကို ခွဲကာ လျူယွမ်၏ ပါးစပ်ထဲသို့ ခွံကျွေးလိုက်ရင်း - “မောင်... ဒါက ချောကလက် အရသာလေးနဲ့ တကယ့်ကို စားလို့ကောင်းတယ်”
လျူယွမ်ကတော့ လျှောက်မစားရဲပေ။
သူသည် နတ်ဘုရား မဟုတ်သဖြင့်... ဆေးမှားသောက်မိလျှင် ဒုက္ခရောက်နိုင်သည်။
နောက်ဆုံးတွင်... အနောက်ဘက်သို့ ဘုရားဖူးခရီးထွက်ရသကဲ့သို့...
ဇနီးမောင်နှံနှစ်ဦး ခြံဝင်းကြီးထဲကနေ ရုန်းထွက်နိုင်ခဲ့ပြီးမှ လျူယွမ် သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။
နေ့တိုင်း နေ့တိုင်း အပြင်ထွက်ရတာက စိန်ခေါ်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်နေရသလိုပဲ။
“မောင်... ကျွန်မတို့ ခြံဝင်းထဲမှာ နေတဲ့ အဘိုးအဘွားတွေက သာမန်လူတွေ မဟုတ်ကြဘူးနော်။ သိုင်းပညာရှင် ဆရာကြီးတွေ၊ ဓားအင်မော်တယ်တွေ၊ အစီအရင် ဆရာကြီးတွေ၊ ရွှေအမြုတေ ကျင့်ကြံသူတွေ၊ ဆေးဖော်စပ်သူတွေ၊ စာပေသူတော်စင်တွေ၊ လက်နက်ပညာရှင်တွေ... မောင်ကတော့ တစ်ကယ့် ဆရာကြီးတွေကို အကုန် စုဆောင်းထားတာပဲ”
နတ်ဘုရားမတစ်ပါးအနေဖြင့် စုချင်းရွှယ်က သူတို့၏ အရှိန်အဝါ အစစ်အမှန်ကို အရင်ကတည်းက ရိပ်မိနေခဲ့ခြင်း ဖြစ်သည်။
လျူယွမ်ကတော့ ဒါကို မအံ့ဩပေ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့အားလုံးက သူ့ရဲ့ အိမ်ငှားတွေ ဖြစ်နေလို့ပင်။
ဒီခြံဝင်းကြီးက သူ အမွေရထားတာဖြစ်ပြီး အတော်လေး ကျယ်ဝန်းသဖြင့် အခန်းအချို့ကို ငှားရမ်းထားခြင်း ဖြစ်သည်။
ဘာဖြစ်လို့ အငြိမ်းစား သက်ကြီးရွယ်အိုတွေကိုပဲ ငှားထားရသလဲဆိုရင်တော့... သူ မမွေးခင်ကတည်းက သူတို့က အငြိမ်းစား ယူထားကြပြီးသားမို့ ဖြစ်သည်။
အိမ်ငှားစာချုပ်ကိုလည်း သူ့မိဘတွေ လက်ထက်ကတည်းက ချုပ်ဆိုထားခဲ့ခြင်း ဖြစ်နိုင်သည်။
ထို့ကြောင့် သူတို့အားလုံးက လျူယွမ်ကို ကလေးဘဝကတည်းက ကြည့်ရှု့စောင့်ရှောက်ခဲ့ပြီး ကြီးပြင်းလာခဲ့ကြခြင်း ဖြစ်သည်။
ကလေးဘဝကနေ အိမ်ထောင်ကျတဲ့အထိ... အခုဆိုရင် ကလေးရဖို့ပဲ ကျန်တော့သည်။
“ချင်းရွှယ်... အဘိုးအဘွားတွေက ငါတို့ကို ကလေးယူဖို့ ဖိအားပေးနေတယ်ဆိုပြီး စိတ်မဆိုးပါနဲ့။ သူတို့အားလုံးက တစ်ကိုယ်တည်းသမား အဘိုးအဘွားတွေလေ၊ ပိတ်ရက်တွေမှာတောင် သူတို့ဆီ လာလည်မယ့် လူငယ်တစ်ယောက်မှ မရှိကြဘူး”
ဒါကြောင့်မို့လည်း ငါတို့ကို ကလေးမြန်မြန်ယူဖို့ မျှော်လင့်နေကြတာ။
စုချင်းရွှယ် ရင်ထဲ စူးခနဲ ဝမ်းနည်းသွားရပြီး - “ဒါဆို... သူတို့ရဲ့ မိသားစုဝင်တွေကကော”
လျူယွမ်က သက်ပြင်းချရင်း ဆိုလိုက်သည် - “သူတို့အားလုံး... အခြား မျိုးနွယ်စုတွေရဲ့ ကျူးကျော်မှုကြောင့် ကျဆုံးသွားခဲ့ကြပြီလေ”