အခန်း ၄
Vol. 1 Ch. 4
အပိုင်း (၄)
လျူယွမ်နှင့် စုချင်းရွှယ်တို့ တံခါးဝကနေ လှမ်းထွက်လိုက်ရုံတင်ပဲ ရှိသေးသည်။
လောကတ်ပင်အိုကြီးအောက်၌ အရိပ်အချို့က လျှပ်စီးလက်သလိုပင် ဝိုင်းအုံလိုက်ကြတော့သည်။
ဝါးလုံးတစ်လုံးကို ဖျတ်ကနဲ ထောင်လိုက်ရာ ၎င်းတွင် ချိတ်ဆွဲထားသော စာတန်း အလံလိပ်ကြီးတစ်ခု ပေါ်လာခဲ့သည် -
[လျူမိသားစုဝင်ဝင်းအတွင်း ကလေးမွေးဖွားခြင်းဆိုင်ရာ ကော်မတီ၏ (၁၉) ကြိမ်မြောက် အစည်းအဝေး]
အငြိမ်းစား ဆရာကြီးချင်ဟန်ရှန်းက ကျောက်စာပွဲခုံကို ဘုန်းကနဲ နေအောင် ရိုက်ချလိုက်သဖြင့် စစ်တုရင်ရုပ်များပင် ပလူပျံသွားပြီး သူ၏ အသံကြီးမှာ ကြေးစည်ကြီးတီးလိုက်သလို ဟိန်းထွက်လာခဲ့သည် -
“သုံးနှစ်တောင် ရှိပြီ... ကျောက်တုံးဆိုရင်တောင်မှ အပူငွေ့ရနေလောက်ပြီ။ ပြောစမ်း... ဘယ်နားမှာ မှားနေတာလဲ”
အငြိမ်းစား စစ်မှုထမ်း ဝမ်ကျန့်ကော်ကလည်း ခါးကြားက ပစ္စတိုကို ဆွဲထုတ်ကာ အဝေးက လက်ဝါးစောင်းခန့်ရှိသော ကျောက်တုံးတစ်တုံးဆီသို့ ချိန်ရွယ်ရင်း ဝင်ပြောလိုက်သည် -
“ငါ အခုလေးတင် လျူယွမ်လေးရဲ့ သွေးအခြေအနေကို အကဲခတ်ကြည့်ပြီးပြီ။ သူ့ရဲ့ လှုပ်ရှားမှုတွေက အားအင်အပြည့်နဲ့ ခန္ဓာကိုယ်အပြင်ဘက် သုံးမီတာအထိတောင် လျှံထွက်နေတာ။ သူက သိုင်းပညာရှင် အလယ်အလတ်အဆင့်ရဲ့ အထွတ်အထိပ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာ သေချာတယ်။ သူ့ရဲ့ ‘လှံ’ က တကယ့်ကို သံမဏိလို တောင့်တင်းနေတာမို့ ကျည်မထွက်တာမျိုး လုံးဝ ဖြစ်နိုင်စရာ အကြောင်းမရှိဘူး”
အငြိမ်းစား ဆေးဆရာမကြီး အဘွားစွန်းကလည်း ဝင်၍ ထောက်ခံလိုက်သည် -
“ပြီးခဲ့တဲ့ အပတ်ကတင် ချင်းရွှယ်လေးရဲ့ သွေးခုန်နှုန်းကို ငါ စမ်းသပ်ပေးခဲ့သေးတယ်။ သူမရဲ့ သွေးခုန်နှုန်းက တည်ငြိမ်ပြီး အားကောင်းတယ်၊ သားအိမ်က နွေးထွေးပြီး ကျောက်ကပ်တွေကလည်း သန်မာတယ်။ ဒါက ကလေးမွေးဖွားဖို့အတွက် ပြီးပြည့်စုံတဲ့ မြေဆီလွှာကောင်းကြီးပဲ။ မျိုးစေ့တစ်စေ့ ရှင်သန်မလာစရာ အကြောင်းမရှိဘူး။ ဒါတင်မကသေးဘူး... သူမက ကလေးရလွယ်တဲ့အပြင် နို့ရည်လည်း အလျှံပယ် ထွက်မယ့် ကိုယ်လုံးကိုယ်ပေါက်မျိုး။ ငါ ဆေးကုလာတာ နှစ်ပေါင်းတစ်ရာ ရှိပြီ... ဒီလောက်တော့ အကဲခတ်မိတာပေါ့”
“ဒါဆို... ဘယ်နေရာမှာ လွဲချော်နေတာလဲ” ဆရာကြီးချင်ဟန်ရှန်းတစ်ယောက် စဉ်းစားလို့ မရနိုင်အောင် ဖြစ်နေတော့သည်။
ဖုန်းထဲက ဝတ္ထုကို ဖတ်နေသည့် အငြိမ်းစား တာအိုဆရာကြီး ကျန်းချင်းရွှမ်က သူ၏ ဆိတ်မုတ်ဆိတ်ကို သပ်ရင်း လက်ချောင်းလေးများကို ချိုးကာ တည်တည်ငြိမ်ငြိမ်ဖြင့် တွက်ချက်လိုက်ပြီး -
“ငါ့ရဲ့ အမြင်အရတော့... သူတို့နှစ်ယောက်ကြားမှာ အတားအဆီးတစ်ခု ရှိနေသေးလို့လား၊ ဒါမှမဟုတ် အပြန်အလှန် နားလည်မှုက မမိသေးတာလား မသိဘူး။ ကြည့်ရတာ ‘ဖီးနစ်ကြယ်’ က ထွန်းလင်းနေပေမဲ့ ‘သားသမီးနန်းဗိမာန်’ ထဲကို ဝင်မလာသေးတဲ့ သဘောပဲ”
“ဘာတွေ လျှောက်ရွတ်နေမှန်းကို မသိဘူး၊ လူနားမလည်တဲ့ စကားတွေ” အငြိမ်းစား စစ်မှုထမ်း အဘိုးဝမ်က စိတ်မရှည်သလို ရေရွတ်လိုက်သည်။
ပြောပြောဆိုဆိုနှင့် သူက သေနတ်တစ်ချက် ပစ်လိုက်ရာ ကျည်ဆန်က အဝေးက ကျောက်တုံးကို ထိမှန်ပြီး ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ပြာကျသွားတော့သည်။
“တောက်... မင်း အဘိုးကြီးစုတ်။ ငါ အသေအချာ ခင်းကျင်းထားတဲ့ ဖုန်းရွှေစနစ်ကို ဖျက်ဆီးပစ်လိုက်ပြီ”
ဘေးနားကနေ ဒေါသတကြီး အော်ဟစ်သံ ထွက်လာခဲ့ပြီး အငြိမ်းစား ဗိသုကာပညာရှင် အဘိုးချန်ကျိုကုန်းက ဒေါသတကြီးဖြင့် ဆတ်ဆတ်ခါ ခုန်နေတော့သည်။
“ကျောက်တုံးစုတ် တစ်တုံးတည်းဟာကို” ဝမ်ကျန့်ကော်က သေနတ်ပြောင်းကို ဂရုမစိုက်သလို သုတ်ရင်း ပြန်ပြောလိုက်သည်။
“မင်း ဘာမှမသိဘဲ လျှောက်မပြောနဲ့” အဘိုးချန်က ဆက်၍ ဆဲဆိုလိုက်သည် - “ငါက လျူယွမ်နဲ့ ချင်းရွှယ်လေးတို့ ယင်နဲ့ယန် ညီညွတ်ပြီး သားဦးလေး မြန်မြန်ရစေဖို့အတွက် မိုင်တစ်ထောင်အတွင်းမှာရှိတဲ့ ဝိညာဉ်စွမ်းအင်တွေကို စုစည်းပြီး မြေကမ္ဘာရဲ့ အားအင်တွေနဲ့ ချိတ်ဆက်ကာ ခြံထဲမှာ [နဂါးနဲ့ဖီးနစ် မင်္ဂလာနိမိတ် အစီအရင်] ကြီးကို အကြီးအကျယ် ခင်းကျင်းထားတာကွ”
“အဲဒီကျောက်တုံးက အစီအရင်ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ ‘ယန်စွမ်းအင်ကျောက်တုံး’ ပဲ။ အခုတော့ မင်းရဲ့ လက်သရမ်းမှုကြောင့် တစ်စစီ ဖြစ်သွားပြီ”
သူက မကျေမနက်ဖြင့် ဆက်၍ ကာရန်စောင်းလိုက်သေးသည် -
“ငါ ပြောပြမယ်... ဒီခြံထဲမှာရှိတဲ့ ကျောက်တုံး၊ ပန်းပင်၊ သစ်ပင် တိုင်းက ငါ အသေအချာ ချထားတဲ့ အဆောင်တွေချည်းပဲ။ တစ်ခုချင်းစီမှာ သူ့အဓိပ္ပာယ်နဲ့သူ ရှိပြီးသားမို့ သွားမထိကြနဲ့။ မဟုတ်ရင် အစီအရင် ပျက်စီးသွားလိမ့်မယ်... တကယ်လို့ သူတို့လင်မယား နှစ်ဦး ကလေးမရရင် အဲဒါ မင်းကြောင့်ပဲ”
“အဘိုးကြီး ချန်... အယူသီးတဲ့ ကိစ္စတွေကို အားမပေးစမ်းပါနဲ့” စာလုံးအလှ ရေးနေသည့် အငြိမ်းစား စာပေဆရာကြီး ချန်းမိုက သူ၏ စုတ်တံကို ချ၊ မျက်မှန်ကို အသာပင့်ရင်း ယဉ်ကျေးသိမ်မွေ့စွာဖြင့် ဖြတ်ပြောလိုက်သည် -
“အရာရာမှာ လက်တွေ့အခြေအနေကနေ စဉ်းစားရမယ်၊ အမြစ်အထိ စုံစမ်းရမယ်၊ ပြီးတော့မှ အဖြေကို ရှာရမှာပေါ့”
“လျူယွမ်နဲ့ ချင်းရွှယ်လေးက ကလေးမယူချင်တာ မဟုတ်ဘဲ၊ မယူနိုင်တာ ဒါမှမဟုတ် မယူရဲတာများ ဖြစ်နိုင်မလား။ လူငယ်တွေ ရင်ဆိုင်နေရတဲ့ လက်တွေ့ဘဝကို ထည့်သွင်းစဉ်းစားပေးရမယ်လေ။ အခုခေတ်မှာ ကလေးတစ်ယောက် မွေးဖို့ ကုန်ကျစရိတ်က ဘယ်လောက်ကြီးမားပြီး စီးပွားရေး ဖိအားက ဘယ်လောက်တောင် များနေလဲ”
“အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်း နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ကလေးမွေးဖွားခြင်းဆိုင်ရာ နောက်ဆုံးထုတ်ပြန်ထားတဲ့ ထောက်ပံ့ကြေး စာရွက်စာတမ်းကို မဖတ်ရသေးဘူး ထင်တယ်” ရေနွေးဓာတ်ဘူးကို ကိုင်ထားသည့် အငြိမ်းစား အရာရှိကြီး အဘိုးလီဖျောင်ရန်က အစိုးရလေသံဖြင့် မူဝါဒကို ဝင်ရောက် ရှင်းလင်းပေးလိုက်သည် -
“ကလေးတစ်ယောက်ဆိုရင် တစ်လကို ထောက်ပံ့ကြေး ငွေတစ်ထောင်။ နှစ်ယောက်ဆို သုံးထောင်၊ သုံးယောက်ဆို ငါးထောင်။ နို့မှုန့်ကစလို့ ကျောင်းတက်တဲ့အထိ အစိုးရက အကုန်လုံးကို စနစ်တကျနဲ့ အခမဲ့ ထောက်ပံ့ပေးထားတာ။ ဘာဖိအား ရှိဦးမှာလဲ”
ထိုအခါ အခြားအငြိမ်းစား အဘိုးအဘွားများအားလုံးက လက်များထောင်ပြလိုက်ကြတော့သည်။
“ရှိတာပေါ့...”
“ရှိတာပေါ့...”
“ရှိတာပေါ့...”
“အဲဒီငွေက ငါ့ပင်စင်လစာရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူး”
“ပြောတော့သာ အများကြီးလိုလိုနဲ့၊ တကယ်တမ်းတော့ ဘာမှ သုံးလို့မရပါဘူး”
အဘိုးလီဖျောင်ရန်တစ်ယောက် မျက်နှာကြီး နီရဲသွားကာ ခေတ္တမျှ ကြောင်အမ်းသွားရသည်။
သူက တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သလိုမျိုး စားပွဲခုံကို ဝုန်းကနဲ ရိုက်လိုက်ပြီး -
“ကဲ... ထားလိုက်တော့။ လျူယွမ်နဲ့ ချင်းရွှယ်လေးတို့ ကလေးမွေးဖို့အတွက် စိတ်အေးလက်အေး ရှိသွားအောင်လို့... ငါ အခုပဲ လူမှုဖူလုံရေးဗျူရိုကို စာတစ်စောင်ရေးပြီး ကလေးထောက်ပံ့ကြေးကို နှစ်ဆ... မဟုတ်ဘူး၊ သုံးဆ တိုးပေးဖို့ ပြောလိုက်မယ်”
အငြိမ်းစား အဘိုးအဘွားများအားလုံးက သူ ကြွားဝါနေခြင်း မဟုတ်မှန်း သိကြသည်။ အဘယ်ကြောင့်ဆိုသော် သူက အငြိမ်းစားမယူမီက ဝန်ကြီးအဆင့်ရှိသော အရာရှိကြီးတစ်ဦး ဖြစ်ခဲ့သောကြောင့်ပင် ဖြစ်သည်။
သူ့လက်ထဲမှာသာ ဓားရှိရင်... ပြည်ပရန်သူကိုတင်မက ပြည်တွင်းက ခြစားတဲ့ အရာရှိတွေကိုပါ အကုန် နှိမ်နင်းမယ့်လူစားမျိုး ဖြစ်သည်။
အဘွားစွန်းကလည်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည် - “ဒါဆိုရင်တော့ ငါက ‘ချီလင်ဆေးလုံး’ ရဲ့ အာနိသင်ကို ပိုပြီး မြှင့်တင်ပေးရတော့မယ်။ သစ်ဥသစ်ဖုတွေချည်းပဲ သုံးတာက မလုံလောက်တော့ဘူး”
သူမ၏ အကြည့်က ဆရာကြီးချင်ဟန်ရှန်းနှင့် ဝမ်ကျန့်ကော်တို့ဆီသို့ ရောက်သွားပြီး တိုက်ရိုက် အမိန့်ပေးလိုက်တော့သည် -
“အဘိုးချင် ၊ အဘိုးဝမ်... ရှင်တို့နှစ်ယောက် နယ်စပ်စစ်မြေပြင်ဆီ သွားပြီးတော့... ချီလင်သွေး တစ်အိုး၊ နဂါးသွေး တစ်အိုး၊ ဖီးနစ်သွေး တစ်အိုးနဲ့ လိပ်နက်သွေး တစ်အိုးစီ ရှာလာခဲ့ကြ။ လျူယွမ်လေးရဲ့ သွေးအားကို ဖြည့်တင်းပေးဖို့အတွက် ဆေးဖော်စပ်ရာမှာ သုံးရမယ်”
ဆရာကြီးချင်နှင့် ဝမ်ကျန့်ကော်တို့က ချက်ချင်းပင် တက်ကြွသွားကြပြီး - “ကောင်းပြီလေ”
အဘိုးချန်ကျိုကုန်းကလည်း လမ်းစတစ်ခု တွေ့သွားသလိုမျိုး စဉ်းစားခန်း ဝင်သွားသည် - “ကြည့်ရတာ အစီအရင်ရဲ့ စွမ်းအားက နည်းနည်းလေး နိမ့်နေတာ ဖြစ်နိုင်တယ်။ ငါလည်း အိုင်ဒီယာ ပြောင်းရမယ်”
“သိပြီ။ ငါ အခုပဲ ဗေဒင်တွက်ပြီး နက္ခတ်အလိုက် နေရာရှာမယ်။ ပြီးရင် ခြံထဲက ပန်းပင်၊ အုတ်ခဲ၊ ကျောက်တုံး အားလုံးကို နေရာသစ်ဆီ ရွှေ့ပစ်မယ်။ ပြီးရင် [ကိုးနန်းတော်အဌဂံ အစီအရင်] ကို ခင်းကျင်းလိုက်မယ်”
“အဘိုးကြီးကျန်း... ငါ့ရဲ့ ဖုန်းရွှေတစ်ခုတည်းနဲ့တင် မလုံလောက်ဘူး။ ခင်ဗျားရဲ့ မှော်အဆောင်တွေကိုပါ ထည့်လိုက်ရင် ပိုကောင်းလိမ့်မယ်။ ငါတို့ လက်တွဲကြစို့”
တာအိုဆရာကြီးကျန်းချင်းရွှမ်က ခေါင်းညိတ်လိုက်ပြီး - “ကောင်းပြီ... ဒါဆိုရင် ငါက [ ကိုးကောင်းကင် ဝိညာဉ်ဆင့်ခေါ် ကလေးဝင်စား အဆောင်တော်] ကို ရေးဆွဲပြီး သူတို့ရဲ့ အိပ်ခန်းမျက်နှာကြက်ပေါ်မှာ ချိတ်ဆွဲပေးမယ်။ ခင်ဗျားရဲ့ အစီအရင်နဲ့ဆို ကွက်တိပဲပေါ့”
အငြိမ်းစား အကြီးအကဲ ခြောက်ဦးစလုံးက မိမိတို့ ကျွမ်းကျင်ရာ နယ်ပယ်အသီးသီးကနေ တက်ညီလက်ညီ တာဝန်ခွဲဝေနေကြပြီး မြေးချီချင်ဇောဖြင့် စိတ်အားထက်သန်နေကြတော့သည်။
ခြံဝင်း၏ ထောင့်တစ်နေရာတွင်မူ…
အငြိမ်းစား အဘိုးအိုတစ်ဦး ရှိနေသေးပြီး သူကတော့ စကားတစ်ခွန်းမှ မဆိုဘဲ အခြေအနေအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။
သူက အလုပ်သမား ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားပြီး လက်မောင်းကြွက်သားများက ဖုထစ်နေသည်။
သူက အငြိမ်းစား သံမဏိစက်ရုံ အလုပ်သမားဖြစ်ပြီး နာမည်က ကျိုးရှန့်ကုန်း ဟု ခေါ်သည်။
သူ့ပါးစပ်တွင် ဆေးတံတစ်ချောင်းကို ခဲထားပြီး ရူးသွပ်နေကြသည့် အဘိုးကြီးတစ်စုကို ကြည့်ကာ မုန်ဝါးနေသော မျက်ဝန်းအစုံထဲ၌ လူအများကို အလိုမကျသလို ရိပ်ကနဲ အထင်အမြင်သေးမှုများ ဖြတ်သန်းသွားသည်။
တကယ့်ကို ကြည့်ရဆိုးလှပေသည်။
“ရူးသွပ်နေတဲ့ အဘိုးကြီးတွေပဲ”
“မင်းတို့ ခြောက်ယောက်စလုံး မြေးလိုချင်တာနဲ့ပဲ အရူးအမူး ဖြစ်နေကြပြီလား”
“ဖုန်းရွှေပြင်ဆင်တာတွေ၊ အဆောင်ဆွဲတာတွေ၊ နဂါးနဲ့ ဖီးနစ်တွေကို သတ်တာတွေ၊ ဆေးဖော်တာတွေအထိ ဖြစ်ကုန်ကြပြီပဲ”
သူကတော့ ခေါင်းကို ငုံ့ထားပြီး သူ့လက်ထဲက အလုပ်ကိုသာ အာရုံစိုက်နေခဲ့သည်။
အဲဒါက ကလေးပုခတ်လေးတစ်ခုရဲ့ ပုံကြမ်းပဲ ဖြစ်သည်။
ပုခတ်ရဲ့ ပင်မကိုယ်ထည်ကို နူးညံ့ပြီး ချောမွေ့ကာ သင်းပျံ့တဲ့ အနံ့လေး ထွက်နေတဲ့ [နှစ်တစ်ထောင် ဝိညာဉ်ပျိုးထောင် သစ်သား] ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ကျိုးရှန့်ကုန်းက ဘေးနားက ကိရိယာသေတ္တာထဲကနေ မီးခိုးနက်ရောင် သတ္တုမှုန့်အချို့ကို ယူလိုက်ရာ ၎င်းမှာ [ဂြိုဟ်ပဲ့ သံမဏိ] ၏ အဆီအနှစ်များ ဖြစ်သည်။
သူက လက်ချောင်းထိပ်ကနေ အလွန်ပြင်းထန်တဲ့ [မြေအောက်ဝိညာဉ်မီးလျှံ] ကို ထုတ်ဖော်လိုက်ပြီး သတ္တုမှုန့်များကို ချက်ချင်းပင် အရည်ပျော်စေကာ ပုခတ်ခြေရင်းက အပေါက်လေးထဲသို့ တိကျသေချာစွာ လောင်းထည့်လိုက်သည်။
“တစ်ခုခု လိုနေသလိုပဲ...”
ကျိုးရှန့်ကုန်း စိတ်ကူးတွေ ယဉ်နေမိသည်။
ကလေးမွေးလာလို့ အငိုသံ ကျယ်လွန်းရင် အိမ်နီးနားချင်းတွေနဲ့ စကားများရမလား...။
ညလယ်ခေါင်မှာ ခြုံထားတဲ့စောင်ကို ကန်ကျောက်မိလို့ အအေးမိသွားရင် ဘယ်လိုလုပ်မလဲ...။
လေထုညစ်ညမ်းတာတွေကိုကော ဘယ်လိုကာကွယ်မလဲ...။
တကယ်လို့ အသိဉာဏ်မရှိတဲ့ နယ်ခြား မျိုးနွယ်စုတွေ တိတ်တဆိတ် ကျူးကျော်လာရင်ကော...။
အသားမာတက်နေတဲ့ လက်ဖဝါးကြီးများဖြင့် သူက ခွဲစိတ်ဓားထက်ပင် ပိုမိုပါးလွှာသော [ဆန်းကြယ်သံမဏိထွင်းဓား] ကို ကိုင်လိုက်ပြီး စက်ရုပ်တစ်ရုပ်လို တိကျသေချာစွာဖြင့် ကလေးပုခတ်ပေါ်တွင် အစီအရင်များကို စတင် ရေးဆွဲတော့သည်။
ဓားသွားထိပ်ဖျား ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ထူးဆန်းသော အစီအရင် လိုင်းကြောင်းများ ပေါ်ထွက်လာခဲ့သည် -
[အပူချိန်ထိန်းညှိခြင်း အစီအရင်]: အပူအအေးကို အလိုအလျောက် ချိန်ညှိပေးပြီး အပူချိန် ကွာခြားချက် သုည ဒသမ ငါးဒီဂရီ ဆဲလ်စီးယပ်စ်ထက် မကျော်စေရ။
[ဖုန်မှုန့်သန့်စင်ခြင်း အစီအရင်]: ညစ်ပတ်ပေရေမှုမှန်သမျှကို အလိုအလျောက် ဖယ်ရှားပေးပြီး လုံးဝ စင်ကြယ်စေရမည်။
[ဆိတ်ငြိမ်အတားအဆီး]: စိတ်ကို တည်ငြိမ်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေကာ ဘယ်အရာကမှ မနှောင့်ယှက်နိုင်စေရ။
[ဝိညာဉ်စွမ်းအင်စုဆောင်းခြင်း အစီအရင်]: ခန္ဓာကိုယ်ကို သန်မာစေပြီး သွေးအားကို ပြည့်ဝစေရမည်။
ပြီးတော့... အရေးကြီးဆုံးကတော့...
ကျိုးရှန့်ကုန်း၏ လက်ချောင်းများက တောင်ကြီးတစ်လုံးလို တည်ငြိမ်နေပြီး ပုခတ်ခေါင်းရင်းရဲ့ အလယ်ဗဟိုတည့်တည့်မှာ အစီအရင်လိုင်းတစ်ခုကို ထုဆစ်လိုက်သည် - [နတ်ဘုရားသတ် အစီအရင်]။
ပြီးသွားပြီ။
သူက ပုခတ်လေးကို ကျေနပ်အားရစွာ ပုတ်လိုက်ပြီး တွန့်လိပ်နေသော မျက်ခုံးအစုံက ပျော်ရွှင်မှုကြောင့် ပင့်တက်သွားတော့သည်။
ဒီကလေးပုခတ်က [ကလေးပြုစုစောင့်ရှောက်ရေး အစုံလိုက်] ထဲက ပထမဆုံး ပစ္စည်းတစ်ခုသာ ရှိသေးသည်။
ကျိုးရှန့်ကုန်းက ဒုတိယနဲ့ တတိယ ပစ္စည်းတွေကိုပါ စတင် စိတ်ကူးပုံဖော်နေပြီ ဖြစ်သည် ။
[ပင်လယ်နက် သံမဏိ] နဲ့ [မြေကမ္ဘာအူတိုင် မီးလျှံကျောက်စိမ်း] ကို သုံးပြီး အပူချိန်ကို စိတ်ကြိုက် ချိန်ညှိနိုင်သလို မကောင်းဆိုးဝါးနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့ နို့ဗူးတစ်ခု သွန်းလုပ်ရမယ်။
ပြီးရင်... အဲဒီ ဓားမဖောက်၊ လှံမတိုးနိုင်တဲ့ [မိုးကောင်းကင်ခွဲ သားရဲသားရေ] ကို သုံးပြီး အထဲမှာ စကြာဝဠာတစ်ခုလုံး သို့မဟုတ် တောင်ကြီးတစ်လုံးစာ ဆံ့ဝင်နိုင်တဲ့ သိုလှောင်မှုစွမ်းရည်ပါတဲ့ ကလေးသေးခံ (ဒိုင်ပါ) ကို ချုပ်လုပ်ပေးရမယ်။
ဒါတင်မကသေးဘူး...
ကျိုးရှန့်ကုန်း၏ မျက်ဝန်းများက အရူးအမူး ဖြစ်လာခဲ့သည်။
သူက တစ်သက်လုံး သံမဏိတွေကိုပဲ ဖြတ်လာခဲ့တဲ့ အသားမာတက်နေပြီး ကြမ်းတမ်းတဲ့ လက်ဖဝါးကြီးနှစ်ဖက်ကို သုံးပြီးတော့ လျူယွမ်နဲ့ ချင်းရွှယ်လေးတို့ရဲ့ ကလေးအတွက် လုံးဝ (လုံးဝ) ဘေးကင်းလုံခြုံစိတ်ချရတဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်တီးပေးချင်နေခဲ့တာ ဖြစ်သည်။
ထိုအခြေအနေကို မြင်လိုက်ရသော အခြားအငြိမ်းစား အဘိုးအဘွား ခြောက်ဦးစလုံး ကြောင်အသွားကြပြီး -
“မင်းကမှ တကယ့် အကြီးဆုံး အရူးကြီးပဲ”
“ကလေးက လူ့လောကထဲတောင် မရောက်သေးဘူး၊ မင်းကတော့ လက်နက်ပညာရှင်ကြီးပီပီ ပုခတ်တွေ ဘာတွေနဲ့ ကျေနပ်လွန်းလို့ ပြုံးဖြီးနေပြီပေါ့လေ”