← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အပိုင်း (၅)

​ဈေးအတွင်းဝယ်

​ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လူသံတစီစီနှင့် စည်ကားဆူညံနေပြီး နေ့စဉ်လူနေမှုဘဝ၏ သက်ဝင်လှုပ်ရှားနေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

​ လျူယွမ်နှင့် စုချင်းရွှယ်တို့က ငါးတန်းတစ်ခုရှေ့တွင် ခြေလှမ်းရပ်လိုက်ကြသည်။

​ “မိန်းမ... သတိထားဦးနော်” လျူယွမ်က အိမ်သော့ကို သူမလက်ထဲ ထည့်ပေးလိုက်ရင်း -

​“အဲဒီ သွေးမိစ္ဆာဧကရာဇ်က အင်မတန် ကောက်ကျစ်တာ။ မင်းတစ်ယောက်တည်း သွားစုံစမ်းတဲ့အခါ အစွန်းကုန် သတိထားရမယ်။ တကယ်လို့ မနိုင်ဘူးဆိုရင် ချက်ချင်းပြေးတော့”

​ စုချင်းရွှယ်ကတော့ ပိုက်ကွန်အိတ်ထဲမှာ တဖျတ်ဖျတ် လှုပ်ရှားနေတဲ့ ငါးကြင်းကြီးကို ကိုင်ထားရင်း ကြောင်အမ်းနေသော မျက်နှာပေးဖြင့် သူ့ကို မော့ကြည့်လိုက်သည်။

​ “ဟင်...”

​ သူမက ကြည်လင်ဝင်းပနေသော မျက်ဝန်းအစုံကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း

​“မောင်ရယ်... ကျွန်မက တကယ် ဟင်းသီးဟင်းရွက် လာဝယ်တာပါ”

​ လျူယွမ်တစ်ယောက် ဆွံ့အသွားရသည်။

​ “ဒါဆို... အဲဒီ ဝက်သားရောင်းတဲ့ သားသတ်သမားကို မင်း ဘာလို့ တစ်မိနစ်အပြည့် စိုက်ကြည့်နေရတာလဲ”

​ ထိုသားသတ်သမားမှာ တစ်ကိုယ်လုံး ကြွက်သားဗလများနှင့် မျက်လုံးထဲတွင်လည်း ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ရှိနေသဖြင့် သာမန်လူတစ်ယောက် မဟုတ်တာတော့ သေချာလှသည်။

​ စုချင်းရွှယ်က သဘာဝကျကျပင် ပြန်ဖြေလိုက်သည် - “သူ့စဉ်းတီတုံးပေါ်က ဝက်သုံးထပ်သားတုံးကြီးက အရမ်းလတ်ဆတ်နေလို့လေ။ အဆီနဲ့အသားက အချိုးကျပြီး အရောင်လေးကလည်း နီညိုရောင်သန်းနေတာ လှမှလှ”

​ သူမက ခေါင်းလေးမော့ကာ မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် မေးလိုက်သည် - “မောင်... ဒီညစာကို ဝက်သားနီချက် စားမလား၊ ဒါမှမဟုတ် ဝက်သားတရုတ်ချက် စားမလား”

​ လျူယွမ် ခဏမျှ စဉ်းစားလိုက်ပြီး - “မုန်ညင်းချဉ်နဲ့ ဝက်သုံးထပ်သားပေါင်းပဲ စားမယ်”

​ “ကောင်းပြီ... ဒါဆို ငါ မုန်ညင်းခြောက် သွားဝယ်ဦးမယ်” စုချင်းရွှယ်က အချိန်ကို ကြည့်လိုက်ပြီး - “မောင်လည်း အလုပ်သွားဖို့ မြန်မြန်လုပ်တော့၊ နောက်ကျနေဦးမယ်”

​ နံနက် ၈ နာရီ

​ လူဝင်မှုကြီးကြပ်ရေးဗျူရို အဆောက်အအုံကြီးမှာ ခန့်ညားထည်ဝါပြီး တည်ကြည်ငြိမ်သက်လို့ နေသည်။

​ အဆောက်အအုံရှေ့က ရင်ပြင်တွင် ပုံစံမျိုးစုံရှိသော အလံတစ်ဒါဇင်ကျော်က လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေကြပြီး ၎င်းတို့မှာ ‘အပြာရောင်ကြယ်’ နှင့် သံတမန်အဆက်အသွယ် ထူထောင်ထားသည့် ပြည်ပဂြိုဟ်ကမ္ဘာများ၏ သင်္ကေတများ ဖြစ်ကြသည်။

​ သူတို့က အပြန်အလှန် လူဝင်မှုဗီဇာဖြင့် ခရီးသွားလာခွင့် ရှိကြသော်လည်း တရားမဝင် ခိုးဝင်သူများနှင့် မှောင်ခိုသမားများကတော့ အမြဲရှိနေစမြဲပင်။

​ ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုသည် အုပ်ချုပ်ရေးဌာနတစ်ခု ဖြစ်သော်လည်း ကြီးမားသော လုပ်ပိုင်ခွင့်အာဏာ ရှိထားပြီး ‘အရင်အရေးယူ၊ ပြီးမှအစီရင်ခံ’ စနစ်ကို ကျင့်သုံးနိုင်ခွင့် ရှိသည်။

​ လျူယွမ်က နဝမမြောက် စုံစမ်းစစ်ဆေးရေးဌာနခွဲ၏ ရုံးခန်းထဲသို့ လှမ်းဝင်လိုက်သည်။

​ တံခါးဝသို့ ရောက်သည်နှင့် အထဲက တိုးတိုးတိတ်တိတ် ပြောဆိုနေကြသံများကို ကြားလိုက်ရသည်။

​ “ဟေ့... ပြောစမ်းပါဦး။ ငါတို့ ဌာနခွဲမှူးလျူက အသက်နှစ်ဆယ်ကျော်လေးတင် ရှိသေးတာ၊ ဘယ်လိုလုပ်ပြီး ဌာနခွဲမှူး ဖြစ်လာတာလဲ။ ရာထူးတက်တာ ကောင်းကင်ပျံနေတဲ့ အတိုင်းပဲ။ သူ့ရဲ့ သိုင်းပညာအဆင့်ကလည်း ဒီလောက်ကြီး မမြင့်လှပါဘူး” ဟု အလုပ်သင်အသစ်တစ်ဦးက စုစမ်းမေးမြန်းလိုက်သည်။

​ “ရှူး... မင်းက အသစ်မို့လို့ ဘာမှမသိသေးတာ” ဝါရင့်ဝန်ထမ်းဟောင်းတစ်ဦးက ချက်ချင်းပင် လှမ်းတားလိုက်ပြီး - “လွန်ခဲ့တဲ့ သုံးနှစ်က သွေးမိစ္ဆာဧကရာဇ် ခိုးဝင်လာတုန်းက ငါတို့ လင်အန်းမြို့ကြီး တစ်မြို့လုံး ပြာကျလုနီးပါး ဖြစ်ခဲ့တာကွ။ ဗျူရိုထဲက လူတွေ တစ်ဝက်ကျော် သေကုန်တယ်။ ငါတို့ နဝမဌာနခွဲက အဲဒီနေ့မှာ ကွင်းဆင်းတာဝန်ကျနေတာမို့ တစ်ဌာနလုံး အစုလိုက်အပြုံလိုက် အနိစ္စရောက်သွားကြတယ်”

​ “အားပါးပါး...” အလုပ်သင်လေးမှာ ခေါင်းနားပန်းကြီးသွားသည်။

​ “ဌာနခွဲမှူးလျူ တစ်ယောက်တည်းပဲ အသက်ရှင်ကျန်ရစ်ခဲ့တာ။ သူ ဌာနခွဲမှူးမဖြစ်ရင် ဘယ်သူ ဖြစ်ရမှာလဲ”

​ “အမလေး... မယုံနိုင်စရာပဲ။ မိစ္ဆာဧကရာဇ်ရဲ့ လက်ထဲကနေ အသက်ရှင်လွတ်မြောက်လာခဲ့တာပေါ့။ ငါသာဆိုရင် ကြောက်လွန်းလို့ သေးပါ ထွက်သွားလောက်ပြီ”

​ “ပြီးခဲ့တဲ့နှစ်ကတင် ဗျူရိုက ဌာနခွဲမှူးလျူကို ဒုတိယညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးပေးဖို့ လုပ်သေးတယ်။ ဒါပေမဲ့ သူက အလုပ်တွေများလို့ အချိန်ပိုမဆင်းချင်ဘူးဆိုပြီး ပြောင်းရွှေ့မိန့်ကို ငြင်းပယ်လိုက်တာကွ”

​ “ငါတို့ရဲ့ စံပြပုဂ္ဂိုလ်ကြီးပဲ။ ဌာနခွဲမှူးလျူက ငါ့ရဲ့ အိုင်ဒေါပဲ”

​ “အဲဒါကြောင့် ဌာနခွဲမှူးအောက်မှာ အလုပ်လုပ်ရတာ စိတ်အေးရတာပေါ့။ သူ တာဝန်ယူကတည်းက ငါတို့ နဝမဌာနခွဲရဲ့ တာဝန်ပျက်ကွက်မှုနှုန်းက အားလုံးရဲ့ ပျမ်းမျှထက် ထက်ဝက်တောင် နည်းသွားတယ်။ အသစ်ဝင်တဲ့လူတွေဆိုတာ ငါတို့ဌာနထဲ ဝင်ချင်လွန်းလို့ တိုးဝှေ့နေကြတာကွ”

​ လျူယွမ်က တံခါးအပြင်ကနေ နားထောင်ရင်း နှုတ်ခမ်းထောင့်က အပြုံးတစ်ခု ပေါ်လာခဲ့သည်။

​ တကယ်တော့ သူသည် လွန်ခဲ့သော သုံးနှစ်က သွေးမိစ္ဆာဧကရာဇ်ကို မျက်နှာချင်းဆိုင် မမြင်ဖူးခဲ့ချေ။

​ ဒါကတော့ ‘အကျပ်အတည်းကြားမှ ရှင်သန်ခြင်း’ ရဲ့ အကျိုးကျေးဇူးပဲ ဖြစ်သည်။ နေရာက ပိုအန္တရာယ်ကြီးလေ၊ လျူယွမ် သေဖို့ အခွင့်အလမ်း ပိုနည်းလေပင် ဖြစ်သည်။

​ ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုက ချမှတ်သမျှ အထူးအန္တရာယ်ကြီးမားသော စုံစမ်းစစ်ဆေးရေး လုပ်ငန်းမှန်သမျှကို လျူယွမ်က ဆန္ဒအလျောက် တာဝန်ယူလေ့ရှိသည်။

​ အသက်ရှင်ကျန်ရစ်နေသရွေ့ အဲဒါက ပထမတန်းစား စွမ်းဆောင်ရည်ဆုပဲ မဟုတ်ပါလား။

​ မကြာသေးမီနှစ်များအတွင်း လျူယွမ်သည် ပထမတန်းစား စွမ်းဆောင်ရည်ဆု ခြောက်ကြိမ်၊ ခုနစ်ကြိမ်ခန့် ရရှိခဲ့ပြီးဖြစ်သည်။

​ သူက ဒုတိယညွှန်ကြားရေးမှူး ရာထူးကို လက်မခံခဲ့သော်လည်း ဌာနတွင်းက ညွှန်ကြားရေးမှူးများပင် သူ့ကိုမြင်လျှင် လှမ်း၍ နှုတ်ဆက်ကြရသည်။ ဌာနခွဲမှူးဆိုတာ သူ အလုပ်ရှောင်ဖို့အတွက် အမည်ခံထားရုံသာဖြစ်ပြီး ညွှန်ကြားရေးမှူးကသာ တကယ့် ရာထူးအစစ်ဖြစ်သည်။

​ သူက ချောင်းတစ်ချက်ဟန့်ပြီး တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။

​ ရုံးခန်းတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

​ “မင်္ဂလာနံနက်ခင်းပါ ဌာနခွဲမှူးလျူ”

​ “မင်္ဂလာပါ ဌာနခွဲမှူး”

​ လက်အောက်ငယ်သား အနည်းငယ်က ချက်ချင်းပင် မတ်တတ်ထရပ်ကာ ရိုရိုသေသေ နှုတ်ဆက်ကြသည်။

​ လျူယွမ်က ခေါင်းညိတ်ပြလိုက်ပြီး သူ့စားပွဲပေါ်က မင်္ဂလာလက်ဖွဲ့ မုန့်ထုပ်ကြီးဆီသို့ အကြည့် ရောက်သွားသည်။

​ ၎င်းပေါ်တွင် မင်္ဂလာရှိသော စာလုံးကြီးများဖြင့် ရေးထွင်းထားသည်မှာ - [သားဦးရတနာ မြန်မြန်ထွန်းကားပါစေ]

​ တောက်... မပြီးနိုင်မစီးနိုင်တာတွေ...

​ ဒါက အလုပ်ခွင်တစ်ခုပဲလေ၊ အလုပ်လုပ်တဲ့ နေရာမှာတောင် ကလေးမွေးဖို့ တိုက်တွန်းတဲ့ ဆောင်ပုဒ်တွေ ဘာလို့ ရှိနေရတာလဲ။ အဲဒီ မင်္ဂလာမုန့်ကို ဘယ်သူ လာဝေတာလဲ။

​ “ဌာနခွဲမှူးလျူ...”

​ နူးညံ့ပြီး ဗဟုသုတအရာ၌ ပြည့်စုံပုံရသော အသံလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

​ ပြောလိုက်သူမှာ အသက် ၂၆ နှစ်အရွယ်ရှိ ဒုတိယဌာနခွဲမှူး ‘လင်းဝေဝေ’ ဖြစ်ပြီး ရင့်ကျက် တည်ငြိမ်သော အလှတရားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

​ သူမက ထူးထူးခြားခြား ယနေ့တွင် ဒေါက်ဖိနပ် စီးမထားချေ။

​ သူမ၏ ကောက်ကြောင်းအလှကို ပေါ်လွင်စေသော စကတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး စကတ်အောက်က သွယ်လျဖြောင့်စင်းသော ခြေတံများကို ခြေအိတ်အမည်းရောင်ဖြင့် ဖုံးအုပ်ထားကာ ဆွဲဆောင်မှုရှိသော မျက်နှာဝိုင်းလေးနှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် တစ်ဗျူရိုလုံး၏ အလှပဂေး ဖြစ်နေတော့သည်။

​ “ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ၊ ဒါက ရှင့်အတွက် မင်္ဂလာမုန့်တွေပါ” သူမက ရှက်ပြုံးလေးဖြင့် မုန့်များကို လျူယွမ်ဘက်သို့ တိုးပေးလိုက်သည်။

​ လျူယွမ်က သူမ၏ ဗိုက်ဆီသို့ အလိုအလျောက် ကြည့်လိုက်ပြီး - “ဂုဏ်ယူပါတယ်၊ ကိုယ်ဝန်က ဘယ်နှစ်လရှိပြီလဲ”

​ “လေးလရှိပြီ၊ မနေ့ကမှ စစ်ဆေးချက် ထွက်လာတာ”

​ “ကောင်းပြီ... ဒါဆိုရင် မင်း ကွင်းဆင်းတာဝန်တွေ သွားစရာမလိုတော့ဘူး။ ကိုယ်ဝန်ကိုပဲ ဂရုစိုက်တော့” လျူယွမ်က လက်ကာပြလိုက်သည်။

​ “ကျေးဇူးတင်ပါတယ် ဌာနခွဲမှူး” လင်းဝေဝေက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး - “ရှင်သာမရှိရင် ကျွန်မ ကိုယ်ဝန်ရနိုင်မှာ မဟုတ်ဘူး”

​ သူမ တမင်တကာ ပြောလိုက်တာလား၊ ဒါမှမဟုတ် မရည်ရွယ်ဘဲ ပြောလိုက်တာလားတော့ မသိပေ....

​ ထိုအသံက အလွန်မကျယ်သော်လည်း ရုံးခန်းတစ်ခုလုံး ကြားနိုင်လောက်အောင် ထင်ရှားနေသည်။

​ “ဖူး...”

​ ရုံးခန်းအတွင်းက တစ်ယောက်ကတော့ သောက်လက်စ လက်ဖက်ရည်ကို ချက်ချင်းပင် ပြန်မှုတ်ထုတ်လိုက်တော့သည်။

​ လူတိုင်း၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားကြပြီး ဆွံ့အမှင်တက်ကာ... ဟိုဒင်း... ဒါက ဌာနခွဲမှူးရဲ့ ကလေးပေါ့လေ။

​ “အသေအချာ ရှင်းပြစမ်း” လျူယွမ်က စားပွဲကို ဘုန်းကနဲ နေအောင် ရိုက်ချလိုက်သည်။ သူနှင့် လင်းဝေဝေကြားက ဆက်ဆံရေးက အထက်လူကြီးနှင့် လက်အောက်ငယ်သား သက်သက်သာ ဖြစ်သည်။

​ လင်းဝေဝေ၏ မျက်နှာက ချက်ချင်းပင် နားရွက်များအထိ နီရဲသွားကာ လက်ကို အသည်းအသန် ယမ်းရင်း ရှင်းပြလိုက်ရသည် -

​“မဟုတ်ဘူး၊ မဟုတ်ဘူး။ အားလုံးပဲ မလွဲမှားကြပါနဲ့။ ကျွန်မ ဆိုလိုတာက နဝမဌာနခွဲက အကြောင်းမရှိဘဲ အချိန်ပို ဘယ်တော့မှ မဆင်းရဘူးလေ။ အချိန်မှန် ပြန်ရတယ်။ အဲဒါကြောင့် ကျွန်မမှာ အချိန်နဲ့ အားအင်တွေ ရှိပြီး... အိမ်မှာ ကလေးယူဖို့ ကြိုးစားနိုင်ခဲ့တာပါ”

​ “ဟုတ်တယ်၊ ဟုတ်တယ်” အမျိုးသား လုပ်ဖော်ကိုင်ဖက်တစ်ဦးက အခြေအနေကို ထိန်းသိမ်းရန် ချက်ချင်းပင် ထရပ်လိုက်ပြီး - “ငါတို့ ဌာနခွဲမှူးက လက်အောက်ငယ်သားတွေအပေါ် ငဲ့ညှာတတ်တယ်။ ဟိုဘက်ဌာနကလူတွေလို မဟုတ်ဘူး၊ နေ့တိုင်း သန်းခေါင်အထိ အလုပ်လုပ်နေရတာ။ ကလေးမွေးဖို့ နေနေသာသာ ခေါင်းမွှေးတွေတောင် ပြောင်ကုန်ကြပြီ”

​ ရုံးခန်းအတွင်းက လေထုမှာ အတင်းအဖျင်း သတင်းများမှသည် လျူယွမ်ကို ချီးမွမ်းခန်းဖွင့်သံများဖြင့် ချက်ချင်း ပြောင်းလဲသွားတော့သည်။

​ အလုပ်ဝင်ကြောင်း လက်မှတ်ထိုးပြီးနောက် လျူယွမ်က သတင်းစာကို ပျင်းရိပျင်းတွဲဖြင့် ဖတ်နေခဲ့သည်။

​ လင်းဝေဝေက အသစ်ဖျော်ထားသော လက်ဖက်ရည်တစ်ခွက်ကို စားပွဲပေါ် တင်ပေးလိုက်ပြီး၊ သူမ၏ သင်းပျံ့သော လေညင်းသံလေးဖြင့် လျူယွမ်ကို တိုးတိုးလေး ကပ်ပြောလိုက်သည် -

​“ဌာနခွဲမှူး... မြို့တောင်ဘက်က ပုတုကျောင်းတိုက်က သားဆုပန် ‘ကွမ်ရင်မယ်တော်’ ရုပ်ပွားတော်က တကယ် စွမ်းတယ်နော်။ ကျွန်မနဲ့ ကျွန်မရဲ့ ယောက်ျားတို့ သွားဆုတောင်းခဲ့တာ။ အချိန်ရရင် ဌာနာခွဲမှူးမိန်းမကိုပါ ခေါ်သွားလိုက်ဦး”

​ လျူယွမ်က သူမထက် စောပြီး အိမ်ထောင်ကျခဲ့သော်လည်း ယခုထက်ထိ ကလေးရသည့် သတင်း မကြားရသေးချေ။ တစ်ခုခု လွဲချော်နေတာ ဖြစ်နိုင်သည်။

​ “လင်းဝေဝေ... မင်း စကားကျွံနေပြီ” လျူယွမ်က သူမကို တစ်ချက်မျှပင် မကြည့်ဘဲ လက်ဖက်ရည်ကို မှုတ်သောက်လိုက်သည်။

​ လင်းဝေဝေ၏ နှလုံးသားက တုန်လှုပ်သွားပြီး ကျောပြင်တွင် ချွေးစေးများ ထွက်လာခဲ့သည်။ သူမ အမှားကြီး မှားသွားမှန်း သိလိုက်ပြီ ဖြစ်သည်။

​ သွားပြီ....

​ ဖားဖို့ ကြိုးစားတာက ကန့်လန့်ကြီး ဖြစ်သွားခဲ့လေပြီ...

​ သူမက ဌာနခွဲမှူးကို မျက်နှာလိုမျက်နှာရ လုပ်ချင်ရုံသာ ဖြစ်သော်လည်း သူက စိတ်မဝင်စားသည့်အပြင် တည်ငြိမ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

​ သူမက ခေါင်းငုံ့ကာ ရှက်ပြုံးလေး ပြုံးရင်း ရုံးခန်းထဲကနေ ထွက်ခွာသွားတော့သည်။

​ ထို့ပြင် စိတ်ထဲမှာလည်း သံမဏိစည်းကမ်းတစ်ခုကို မှတ်သားထားလိုက်သည် -

ဌာနခွဲမှူးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ဘယ်တော့မှ ဝင်မစွက်ဖက်ရ...

​ တစ်နာရီခန့် ကြာပြီးနောက် လျူယွမ်က သတင်းစာကို ချလိုက်ပြီး အိပ်ချင်စိတ် ပေါ်လာခဲ့သည်။

​ နာရီဝက်ခန့် မှေးစက်ပြီးနောက် သမ်းဝေကာ ထလိုက်ပြီး မော်ကွန်းတိုက်ခန်းဆီသို့ လှမ်းခဲ့သည်။

​ သူ အခုလေးတင် အိပ်မက်မက်ခဲ့တာက... သူ့မိန်းမမှာ ကိုယ်ဝန်ရှိနေပြီး သွေးမိစ္ဆာဧကရာဇ်ကတော့ ဘေးကနေ တဟားဟား ရယ်မောနေခဲ့သည်။

​ “ငါ့မိန်းမကို ရန်ပြုရဲတယ်ပေါ့... မင်း သေချာပေါက် သေပြီပဲ”

​ လျူယွမ်က ဒါကို အလားအလာရှိတဲ့ ပြဿနာတစ်ခုလို့ ခံစားနေရသည်။ မိစ္ဆာဧကရာဇ်က သူ့ကို ရှာဖွေနိုင်ခဲ့ရင် စုချင်းရွှယ်ကိုလည်း ရှာတွေ့နိုင်ဖို့ အခွင့်အလမ်း အလွန်များသည်။

​ ငါတို့ သတိထားရမယ်...

​ ငါ့မိန်းမက သိပ်ပြီး ဉာဏ်မပြေးရှာဘူး၊ ငါကပဲ သူမကို ပိုပြီး ဂရုစိုက်ပေးရမယ်။

​ မော်ကွန်းတိုက်ခန်းသို့ ရောက်သောအခါ...

​ လျူယွမ်က ကျောက်စိမ်းပေလွှာတစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်းထဲတွင် လွန်ခဲ့သော သုံးနှစ်က သွေးမိစ္ဆာဧကရာဇ် ကျူးကျော်ဝင်ရောက်လာခဲ့သည့် လျှို့ဝှက်အချက်အလက်များကို ရုပ်ပုံဗီဒီယိုများအဖြစ် မှတ်တမ်းတင် သိမ်းဆည်းထားခြင်း ဖြစ်သည်။

All Chapters