← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

အပိုင်း (၇)

​“အတိုချုပ်ပြောရရင်တော့... ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ယှဉ်ရင် ငါတို့လို သေမျိုးလူသားတွေက ဝါးမျိုခံရဖို့ပဲ ကံပါလာတာကွ”

ယဲ့ချိုးဟုန်က သက်ပြင်းတစ်ချက်ချရင်း သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားနေသည့် အမူအရာဖြင့် ပြောလိုက်သည် -

“ဒါပေမဲ့ မင်းအနေနဲ့ကတော့ ဒီတစ်သက် အဲဒီလို နတ်ဘုရားတွေကို မြင်ရမှာ မဟုတ်လို့ စိတ်အေးအေးထားစမ်းပါ”

​ လျူယွမ်က သူ့ကို သနားစဖွယ် အကြည့်ဖြင့် ကြည့်လိုက်မိသည်။

​ငါက နတ်ဘုရားမနဲ့ တွေ့ဖူးရုံတင်မကဘူး၊ ဘဝရဲ့ အစပြုခြင်းအကြောင်းကိုပါ အတူတူ ဆွေးနွေးဖူးတယ်ကွ။

​ တကယ်လို့သာ ယဲ့ချိုးဟုန် ဒါကို သိသွားရင် ထိုနေရာမှာတင် စိတ်ဓာတ်တွေ အစိုးမရဘဲ လဲပြိုသွားလောက်သည်။

​ “တကယ်လို့ ကျွန်တော် နောက်ကျရင် တကယ်ကြီး တွေ့ခဲ့ရင်ကော”

​ “ဒါဆို မင်းမှတ်ထား၊ နတ်ဘုရားတွေရဲ့ တစ်ကိုယ်လုံးက ရတနာချည်းပဲ။ အရေပြားအစအနလေးပဲဖြစ်ဖြစ်၊ ချွေးတစ်စက်ပဲဖြစ်ဖြစ်ပေါ့... ဒါကြောင့်လည်း နတ်ဘုရားတွေ နေထိုင်ခဲ့တဲ့နေရာတွေကို ရှေးဟောင်းသုတေသနဗျူရိုက အထူးကာကွယ်ရမယ့် နယ်မြေတွေအဖြစ် သတ်မှတ်ထားတာပေါ့”

​ လျူယွမ်က ခေါင်းခါပြီး ပြန်ချေပလိုက်သည် - “နတ်ဘုရားတွေက ဆံပင်မကျွတ်ဘူး၊ နှုတ်ချင်ရင်တောင် နှုတ်လို့မရဘူး။ ပြီးတော့ သူတို့အသားအရေက ဂျယ်လီတုံးလို ချောမွေ့နေတာ၊ အရေပြားကွာကျတာမျိုးလည်း လုံးဝမရှိဘူး”

​ “အလို... မင်းက လျှို့ဝှက်ချက်တွေကို ခိုးဖတ်ထားတာလား” ယဲ့ချိုးဟုန်က လျူယွမ်တစ်ယောက် နတ်ဘုရားတွေအကြောင်းကို အတော်လေး နက်နက်နဲနဲ သိနေသည်ဟု ခံစားမိသဖြင့် ဆက်ပြောလိုက်သည် - “မင်းပြောတာ မှန်တယ်။ နတ်ဘုရားတွေမှာ သာမန်လူတွေလို ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်မျိုး မရှိသလောက်ပဲ။ ဒါပေမဲ့ သူတို့ တံတွေးထွေးတာ ဒါမှမဟုတ် ရံဖန်ရံခါ စွန့်ပစ်တာမျိုးတော့ ရှိနိုင်တာပေါ့... သေမျိုးလူသားတွေအတွက်တော့ ဒါတွေအားလုံးက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲကွ”

​ ယဲ့ချိုးဟုန်၏ တမ်းတမက်မောနေသော မျက်နှာအမူအရာကို ကြည့်ပြီး လျူယွမ်ကတော့ တည်ငြိမ်နေခဲ့သည်။ သူနှင့် သူ့ဇနီးသည် နေ့တိုင်း တံတွေးချင်း ဖလှယ်နေကြသော်လည်း ထူးထူးခြားခြား ဆန်းကြယ်မှုမျိုး မရှိခဲ့ချေ။

​ “ဒါဆို နတ်ဘုရား စွန့်ပစ်တဲ့ အညစ်အကြေးကို အစ်မ စားမှာလား” လျူယွမ်က ပြန်မေးလိုက်သည်။

​ “ခွေးတောင် စားမှာ မဟုတ်...” ယဲ့ချိုးဟုန်က ခေါင်းမော့လိုက်ပြီးမှ ချက်ချင်း ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်သည် - “စားမယ်၊ ငါစားမှာပေါ့၊ အဲဒါက ‘နတ်ဘုရားအကြွင်းအကျန်’ လို့ ခေါ်တဲ့ အဖိုးတန် ဆေးဖက်ဝင် အရာပဲ။ ရတနာဆေးလုံးတွေ ဖော်စပ်တဲ့နေရာမှာ သုံးတာ၊ အလွန် ရှားပါးပြီး တန်ဖိုးကြီးတယ်ကွ”

​ လျူယွမ်သည် စီးပွားရေးအခွင့်အလမ်းတစ်ခုကို မြင်သွားသလို ခံစားလိုက်ရသည် - ငါ့အိမ်က အိမ်သာကို သဘာဝမြေဩဇာသုံး အိမ်သာအဖြစ် ပြောင်းလိုက်ရင် ကောင်းမလား။ ဆေးဖော်စပ်တဲ့လူတွေကို မြေဩဇာ သွားရောင်းပြီး ပိုက်ဆံရှာရမယ်။

​ဝေါ့...

​ သူ ဆက်ပြီး စိတ်မကူးရဲတော့ဘဲ ကိုယ်ကိုကိုင်းကာ ပျို့အန်မိတော့သည်။

​ ယဲ့ချိုးဟုန်: “...”

​ “မင်း ဘာတွေ အန်နေတာလဲ”

​ “မင်းက နတ်ဘုရားတွေ တကယ် အညစ်အကြေး စွန့်ရတယ်လို့ ထင်နေတာလား” ယဲ့ချိုးဟုန်က ‘မင်းကတော့ တကယ်ကို အသိဉာဏ် မရှိတာပဲ’ ဆိုသည့် အကြည့်မျိုးဖြင့် ခေါင်းခါရင်း ကြည့်လိုက်သည်။

​“နတ်ဘုရားတွေက အစားအစာတွေကို အနုမြူအဆင့်အထိ ခြေဖျက်နိုင်ကြတာကွ။ သူတို့ ဖင်တွေက အလှပြသက်သက်ပဲ။ အစားအစာ အကြွင်းအကျန် အနည်းငယ် စုမိဖို့ နှစ်ပေါင်း ရာချီ ကြာတတ်ပြီး အဲဒါကို စွန့်ထုတ်လိုက်တဲ့အခါ ‘နတ်ဘုရားစွန့်ပစ်ပစ္စည်း’ လို့ ခေါ်တယ်။ အဲဒါက အနံ့မနံတဲ့အပြင် ကတိုးနဲ့ ပယင်းလိုမျိုး ထူးခြားတဲ့ ရနံ့လေးတောင် ရှိသေးတယ်”

​ လျူယွမ် ဇဝေဇဝါ ဖြစ်သွားရသည်။ ဒီအချက်အလက်က တကယ်မကိုက်ညီချေ။

​ သူ့ဇနီးသည် အိမ်သာထဲတွင် မကြာခဏ ထိုင်နေသည်ကို သူ မြင်ဖူးသည်။

​ တကယ်တော့ သူမက ဟန်ဆောင်နေတာကိုး။

သာမန်လူတစ်ယောက်လို ဟန်ဆောင်နေတာပဲ။

​ စုချင်းရွှယ်က အတော်လေးတော့ လည်ပါတယ်၊ ဒါပေမဲ့ သိပ်တော့ အများကြီး မဟုတ်ဘူး။

​ “ဒီအညစ်အကြေးတွေအကြောင်း ပြောနေတာကို ရပ်ပြီး အလုပ်အကြောင်း ပြောင်းရအောင်” လျူယွမ် ကနဦးကတည်းက မှတ်တမ်းရုံးခန်းထဲသို့ ရောက်လာခြင်းမှာ ဤကဲ့သို့ ညစ်ညမ်းသော စကားများကို နားထောင်ရန် မဟုတ်ချေ။

​ ယဲ့ချိုးဟုန်က လျူယွမ်ကို အံ့ဩတကြီး စိုက်ကြည့်လိုက်ရင်း - “ဟန်ဆောင်နေတုန်းပဲ၊ မင်းကတော့ အခုထိ ဟန်ဆောင်နေတုန်းပဲ။ မင်း အလုပ်ချိန်အတွင်း ခိုနေတာကို ငါ မသိဘူး မထင်နဲ့”

​ “ကျွန်တော် မခိုပါဘူး” လျူယွမ်က လေးနက်စွာ ချက်ချင်းပင် ရိုးသား ဖြောင့်မတ်စွာ ကြေညာလိုက်သည် - “ကျွန်တော်က သွေးမိစ္ဆာဧကရာဇ်ကို စုံစမ်းစစ်ဆေးနေတာပါ။ ဒါက လင်အန်းမြို့က ပြည်သူသန်းပေါင်းများစွာရဲ့ စိတ်အေးချမ်းသာယာမှုအတွက် အလွန် အရေးကြီးတဲ့ ကိစ္စရပ် ဖြစ်တယ်လေ”

​ ထိုသို့ ပြောရင်း သူက မျက်တောင် တဖျတ်ဖျတ် ခတ်ပြလိုက်သည်။

​ ယဲ့ချိုးဟုန် ချက်ချင်း တုန်လှုပ်သွားပြီး ကျောရိုးထဲအထိ စိမ့်ခနဲ ခံစားလိုက်ရသည်။

​ လခွမ်း... ငါတို့ အနောက်မှာ လူတစ်ယောက် ရှိနေပြီ…

လျူယွမ်ကို ဒီလောက်အထိ တည်ကြည်လေးနက်သွားအောင် ဘယ်သူက လုပ်နိုင်မှာလဲ။

​ သူက ချက်ချင်းပင် လေသံကို ပြောင်းလဲလိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည် -

​ “ဗျူရိုညွှန်ကြားရေးမှူးက လင်အန်းမြို့ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် မနားမနေ ကြိုးစားအားထုတ်နေတာ။ ဆံပင်တွေတောင် ဖြူကုန်ပြီ၊ သူက တကယ်ကို ပြည်သူ့အတွက် အလုပ်အကျွေးပြုတဲ့ ဗျူရိုညွှန်ကြားရေးမှူးကောင်း တစ်ယောက်ပါပဲ”

​ “တကယ်တော့ ညွှန်ကြားရေးမှူးက သွေးမိစ္ဆာဧကရာဇ်ကို ပူးပေါင်းနှိမ်နင်းဖို့ တခြားဝန်ကြီးဌာနတွေနဲ့ အပြင်းအထန် ဆက်သွယ် ဆောင်ရွက်နေတာပါ။ ဒါပေမဲ့ ပြဿနာက အဲဒီကောင်က အခု ပုန်းကွယ်နေပြီး ဘယ်မှာလဲဆိုတာ ရှာမတွေ့သေးတာပဲ”

​ “ဒီကောင်က ခန္ဓာကိုယ် ပူးကပ်တာနဲ့ ဝိညာဉ်လုယူတာတွေ လုပ်နိုင်တော့ တစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းပြီး အစားထိုး ဝင်ရောက်နေတာလည်း ဖြစ်နိုင်တယ်”

​ လျူယွမ်က ခေါင်းညိတ်လိုက်ပြီး တံခါးဝဘက်ကို တမင် သတိထားကာ မကြည့်ဘဲ တိုးတိုးလေး ပြောလိုက်သည် -

“တကယ်လို့... ကျွန်တော် ဆိုလိုတာက တကယ်လို့ ကျွန်တော် သူ့ကို ရှာတွေ့နိုင်ရင်ကော”

​ “ဟဲဟဲ” ယဲ့ချိုးဟုန်က သူ့ကို စောင်းငဲ့ကြည့်လိုက်ပြီး - “ဌာနခွဲမှူးလျူ... မင်းက ဆုလာဘ်တွေကို တစ်ယောက်တည်း ထပ်ယူချင်လို့လား”

​ “မဟုတ်ရပါဘူး” လျူယွမ်က ဖြောင့်မတ်စွာ ငြင်းဆိုလိုက်သည် - “အဓိကက ပြည်သူ့အတွက် အလုပ်အကျွေးပြုဖို့ပါပဲ။ သွေးမိစ္ဆာဧကရာဇ်ကို မသုတ်သင်နိုင်သရွေ့ လင်အန်းမြို့ကြီးရဲ့ အပေါ်မှာ ဓားတစ်စင်းက အမြဲတမ်း ချိတ်ဆွဲထားသလို ဖြစ်နေမှာဗျ”

​ ယဲ့ချိုးဟုန်၏ နှုတ်ခမ်းများ တုန်ရီသွားပြီး အတော်ကြာအောင် စကားမပြောနိုင်ဘဲ ဆွံ့အသွားရသည်။

​ အမလေးလေး... မင်းရဲ့ အသိစိတ်ဓာတ်က ငါ့ထက်တောင် ခေါင်းဆောင် ပိုဆန်နေပါလား။

​ “မင်း ဌာနခွဲမှူး လုပ်နေရတာ တကယ် နှမြောဖို့ကောင်းတယ်” ယဲ့ချိုးဟုန်က မနာလိုမှုကို အောင့်အီးရင်း ဟန်ဆောင်ပြုံးကာ ပြောလိုက်သည် - “ငါ့ရဲ့ ညွှန်ကြားရေးမှူး ရာထူးကိုပဲ မင်းကို ပေးလိုက်ရမလား။ ငါပဲ ရာထူးက ဆင်းပေးလိုက်တော့မယ်လေ”

​ “ဘယ်လိုဖြစ်နိုင်မှာလဲဗျာ” လျူယွမ်က တရားသဖြင့် ပြောလိုက်သည် - “ညွှန်ကြားရေးမှူးက နေ့တိုင်း အချိန်ပိုဆင်းပြီး အလုပ်လုပ်နေတာပဲလေ၊ ပြည်သူ့အတွက် အလုပ်အကျွေးပြုမယ့် အခွင့်အရေးကို ကျွန်တော် မလုယူချင်ပါဘူး”

​ ယဲ့ချိုးဟုန်: “...”

​ ငါကပဲ မင်းကို အထူးကျေးဇူးတင်ရတော့မှာပေါ့။

​ သူက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း လျူယွမ်ကို လည်ပင်းညှစ်သတ်ချင်စိတ်ကို မနည်းအောင့်အီး ထိန်းချုပ်လိုက်ရသည်။

​ ထိုစဉ်မှာပင် တံခါးဝဆီကနေ ပြတ်သားပြီး အေးစက်လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည် -

​“လျူယွမ်... မင်းသာ သွေးမိစ္ဆာဧကရာဇ်ရဲ့ ပုန်းခိုရာနေရာကို တကယ် ရှာတွေ့နိုင်ရင် ငါကိုယ်တိုင် ဝင်ပါပေးမယ်”

​ ထိုအသံ ဆုံးသွားသည်နှင့် တံခါးဝရှိ ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် မှတ်တမ်းရုံးခန်းရှိ စာအုပ်စင်ရှေ့၌ ရောက်ရှိလာခဲ့သည်။

​ သူက လျူယွမ်နှင့် ယဲ့ချိုးဟုန်ကို ကျောခိုင်းထားသည်။ သူသည် အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိသော ငွေဖြူရောင် ဆံပင်များ ရှိနေသည်။

​ ထိုသူမှာ လူဝင်မှုကြီးကြပ်ရေးဗျူရို၏ အကြီးအကဲ ‘မုပိုင်’ ပင် ဖြစ်သည်။

​ “မင်းတို့အားလုံး အပြင်ထွက်ကြတော့၊ ငါ အချက်အလက်တချို့ ရှာစရာရှိတယ်”

​ ထိုအသံကြောင့် ပတ်ဝန်းကျင်ရှိ လေထုမှာ ပို၍ အေးစက်သွားသလို ခံစားလိုက်ရသည်။

​ ယဲ့ချိုးဟုန်က ဗျူရိုအကြီးအကဲသည် မြှောက်ပင့်စကားများကို မကြိုက်မှန်း သိသဖြင့် လျူယွမ်ကို မှတ်တမ်းရုံးခန်းထဲမှ ချက်ချင်း ဆွဲခေါ်သွားတော့သည်။

​ တံခါးဝသို့ ရောက်သောအခါ သူက တမင်တကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည် -

“လျူယွမ်၊ အန္တရာယ်များတဲ့အလုပ်တွေကို လျှောက်မလုပ်နဲ့ဦး၊ သေသွားလိမ့်မယ်။ သွေးမိစ္ဆာဧကရာဇ်က မင်း ကိုင်တွယ်နိုင်တဲ့လူ မဟုတ်ဘူး။ ကံကောင်းတာကို မင်းရဲ့ အရည်အချင်းလို့ အထင်မှားမနေနဲ့”

​ ဒါက လျူယွမ် တာဝန်မကျေပွန်ခဲ့ရင်တောင် ခွင့်လွှတ်ပေးဖို့ မုပိုင်ကို ကြိုတင် အရိပ်အမြွက် ပြောကြားလိုက်ခြင်း ဖြစ်သည်။

​ လျူယွမ်လည်း ဒါကို နားလည်သည်။

​ သို့သော်လည်း ယခုအကြိမ်တွင်မူ သူ ကံကို အားကိုးနေခြင်း မဟုတ်ချေ။

​ “ငါက ငါ့မိန်းမကို အားကိုးတာကွ”

​ စုချင်းရွှယ်က မိစ္ဆာဧကရာဇ် ပုန်းအောင်းနေသည့် နေရာကို ရှာဖွေတွေ့ရှိထားပြီးသား ဖြစ်သည်။

​ ၎င်းတို့နှစ်ဦး ထွက်သွားပြီးနောက်...

​ မုပိုင် နောက်သို့ လှည့်လာခဲ့ပြီး မျက်မှောင်ကြုတ်လျက် အမူအရာက လေးနက်နေသည်။

​ သူက သူ၏ ချီ နှင့် သွေးစွမ်းအင်ကို အသက်သွင်းလိုက်ရာ မှတ်တမ်းရုံးခန်းရှိ ကျောက်စိမ်းပေလွှာများ အားလုံး တုန်ခါသွားကြသည်။

​ သူက စိတ်စွမ်းအားကို အသုံးပြု၍ စာရွက်စာတမ်းများနှင့် ပုံရိပ် အမျိုးမျိုးကို စစ်ဆေးလိုက်သည်။

​ “လွန်ခဲ့တဲ့ သုံးနှစ်အတွင်းက ကမ္ဘာခြားသားနဲ့ တရားမဝင် ခိုးဝင်သူ အယောက် ၇၀၂ ယောက်ထဲမှာ ဘယ်သူက [အဆုံးမဲ့ကောင်းကင်ဘုံ] က လာတဲ့ နတ်ဘုရား ဖြစ်နိုင်မလဲ”

​ မုပိုင် အတော်လေး စိုးရိမ်နေခဲ့သည်။

​ သူသည် အထက်ဘုံဆီကနေ အထူးလျှို့ဝှက်ချက်အဆင့်ရှိသော တာဝန်တစ်ခုကို လက်ခံရရှိထားသည်။

​ [အဆုံးမဲ့ကောင်းကင်ဘုံ] မှ နတ်ဘုရားတစ်ပါး ပျောက်ဆုံးနေသည်မှာ သုံးရက်ရှိပြီ ဖြစ်သည်။

​ သူမ၏ နောက်ဆုံးခရီးစဉ်မှာ ကမ္ဘာမြေဖြစ်ပြီး၊ အထူးသဖြင့် သွေးမိစ္ဆာဧကရာဇ်ကို ရင်ဆိုင်ရန် ဖြစ်သည်။

​ နတ်ဘုရားဘုံ၏ သုံးရက်သည် လူ့ဘုံ၏ သုံးနှစ်နှင့် ညီမျှသည်။

​ ထို့ကြောင့် ထိုနတ်ဘုရားသည် လင်အန်းမြို့တွင် နေထိုင်ခဲ့သည်မှာ သုံးနှစ်ရှိပြီ ဖြစ်နိုင်သည်။

​ “ဒါက တကယ်ကို ဒုက္ခများတာပဲ”

​ မုပိုင်အနေဖြင့် တရားဝင် ဝင်ရောက်လာသူများနှင့် တရားမဝင် ခိုးဝင်လာသူများကို စတင် စုံစမ်းစစ်ဆေးရုံသာ တတ်နိုင်ပြီး၊ အဆင်မပြေပါက စုံစမ်းရမည့် နယ်မြေကို တိုးချဲ့ရမည် ဖြစ်သည်။

​ သို့သော် လင်အန်းမြို့၏ လူဦးရေ ဆယ်သန်းထဲတွင် ပုန်းအောင်းနေသော နတ်ဘုရားတစ်ပါးကို ရှာဖွေခြင်းမှာ သမုဒ္ဒရာထဲတွင် အပ်ရှာရသလိုပင် ဖြစ်သည်။

​ ပို၍ ခက်ခဲသည်မှာ အထက်ဘုံက ထိုနတ်ဘုရား၏ အသက်၊ ရုပ်ရည်၊ ကျား/မ စသည့် မည်သည့်အချက်အလက်ကိုမျှ ပေးမထားခြင်း ဖြစ်သည်။

​ ၎င်းတို့က ထိုနတ်ဘုရား၏ ဘေးကင်းလုံခြုံရေးအတွက်ဟု အကြောင်းပြခဲ့သည်။

မင်းတို့လိုကောင်တွေ သိဖို့ မတန်ဘူးပေါ့

​ မုပိုင်သည် အထက်ဘုံကလူများကို ပါးရိုက်ပစ်ချင်စိတ် ပေါ်လာမိသည်၊ ၎င်းတို့က မာနကြီးပြီး ဗိုလ်ကျစိုးမိုးဖို့သာ သိကြသည်။

​ “ဒီနတ်ဘုရားရဲ့ အဆင့်အတန်းက အလွန် မြင့်မြတ်တာပဲ ဖြစ်ရမယ်”

“တကယ်လို့ သူ့ကို ရှာမတွေ့ရင် သူမရဲ့ နောက်ကွယ်က အင်အားစုတွေက ဒီကမ္ဘာငယ်လေးကို ဖျက်ဆီးပစ်လိမ့်မယ်”

​ ဤခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသောအခါ မုပိုင်မှာ သက်ပြင်းသာ ချနိုင်တော့သည်၊ သူသည် အထက်ဘုံ၏ အလိုဆန္ဒကို ဆန့်ကျင်နိုင်စွမ်း မရှိသေးချေ။

​ ထို့ကြောင့် ထိုနတ်ဘုရားကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားရုံသာ ရှိတော့သည်။

​ သူမ၏ နောက်ကွယ်က အင်အားကြီးအဖွဲ့အစည်းများ ဒေါသ မထွက်ခင် စောစော ရှာဖွေရမည် ဖြစ်သည်။

အချိန်ကတော့ အထက်ဘုံ၏ အချိန် တစ်နေ့တည်းသာ ရရှိသည်။

​ သဲလွန်စကတော့ လွန်ခဲ့သည့် သုံးနှစ်အတွင်းက ခိုးဝင်လာသူများနှင့် အထူးသဖြင့် သွေးမိစ္ဆာဧကရာဇ်ပင် ဖြစ်သည်။

​ ထိုနတ်ဘုရားက မိစ္ဆာဧကရာဇ်အတွက် ရောက်လာခြင်း ဖြစ်သဖြင့် မိစ္ဆာဧကရာဇ်ကို ရှာတွေ့ပါက သူ့ကိုပါ ဆွဲထုတ်နိုင်လိမ့်မည်။

​ ထို့ကြောင့်ပင် မုပိုင်က လျူယွမ်ကို ထိုစကားများကို ပြောခဲ့ခြင်း ဖြစ်သည်။

​ “ဒါပေမဲ့... ဒီကောင်က ဘာဖြစ်လို့ မိစ္ဆာဧကရာဇ်ကို စိတ်ဝင်စားနေရတာလဲ”

“တကယ်ပဲ ဆုလာဘ်တွေ လိုချင်လို့လား”

​ မုပိုင် စဉ်းစား၍မရချေ၊ အဘယ်ကြောင့်ဆိုသော် လျူယွမ်သည် လွန်ခဲ့သော နှစ်များအတွင်း ပထမတန်းစား စွမ်းဆောင်ရည်ဆု အများအပြား ရရှိထားပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။

​ “ကောင်းကင်ဘုံက သူ့အပေါ် အတော်လေး မျက်နှာသာပေးထားတာပဲ၊ ဖြစ်နိုင်ရင် သူက ငါ့ရဲ့ တာဝန်ကို ပြီးမြောက်အောင် ကူညီပေးနိုင်လိမ့်မယ်”

All Chapters