← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အပိုင်း (၈)

​“အော်... ဒါနဲ့ မင်းကို ပြောစရာ ရှိသေးတယ်” ယဲ့ချိုးဟုန်က ရုတ်တရက် အတင်းပြောချင်နေသည့် မျက်နှာအမူအရာမျိုး ဖမ်းလိုက်ပြီး -

“ထောက်ပို့ဌာနက ညွှန်ကြားရေးမှူးရှောင်းရဲ့ မိန်းမ ကလေးမွေးလို့ကွ။ မင်း လက်ဖွဲ့ငွေ ဘယ်လောက် ထည့်မလဲ”

​ “ဘာ... မဟုတ်မှလွဲရော” လျူယွမ် မျက်လုံးပြူးသွားပြီး - “သူမက နောက်တစ်ယောက် ထပ်မွေးပြန်ပြီလား”

​ သူ အလုပ်ဝင်ကတည်းက မင်္ဂလာဆောင်၊ ကလေးမွေး စတဲ့ ပွဲလမ်းတွေမှာ လိုက်ထည့်ခဲ့ရတဲ့ လက်ဖွဲ့ငွေတွေ စုလိုက်ရင် ကားတစ်စီးတောင် ဝယ်လို့ရနေပြီ ဖြစ်သည်။

​ “လောင်ရှောင်းက ထောက်ပို့ဌာနရဲ့ ခေါင်းဆောင်ဆိုတော့ နိုင်ငံတော်ရဲ့ ကလေးမွေးဖွားခြင်းကို စံပြအနေနဲ့ ရှေ့ကနေ ဦးဆောင်ရတာပေါ့ကွ” ယဲ့ချိုးဟုန်က တခိခိ ရယ်မောရင်း - “မင်းလည်း အဲလောက်အစွမ်းအစရှိရင် ကိုယ်တိုင်သာ တစ်ယောက်လောက် မွေးလိုက်လေ။ အဲဒါမှ မင်း လိုက်ထည့်ထားတဲ့ လက်ဖွဲ့ငွေတွေ ပြန်ရမှာပေါ့”

​ လာပြန်ပြီ... ဒီစကား။

​ လျူယွမ်ကတော့ ဒီကမ္ဘာကြီးက တကယ်ကို ရူးကြောင်ကြောင်နိုင်လွန်းသည်ဟု ခံစားလိုက်ရသည်။

ဘာလို့ လူတိုင်းက ကလေးမွေးဖို့အကြောင်းပဲ ပြောနေကြတာလဲ။

​ ဘာတွေ ဖြစ်နေကြတာလဲ။

ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ မျက်စိနဲ့မမြင်ရတဲ့ စွမ်းအားတစ်ခုခု ရှိနေသလိုမျိုး သူ အမြဲ ခံစားနေရသည်။

​ “မင်းတို့ အိမ်ထောင်ကျတာ သုံးနှစ်ရှိပြီ၊ ဘာလို့ အခုထိ ကလေးမရသေးတာလဲ။ ဒါမှမဟုတ် မင်းက...?”

ယဲ့ချိုးဟုန်၏ အကြည့်က လျူယွမ်၏ အောက်ပိုင်းဆီသို့ ရိုင်းပျစွာ ဝေ့ဝဲသွားပြီး မျက်လုံးထဲတွင် အထင်သေး သံသယဝင်မှုများ အတိုင်းသား ပေါ်နေခဲ့သည်။

“မင်း မစွမ်းဆောင်နိုင်တာတော့ မဟုတ်ပါဘူးနော်”

​ လျူယွမ်က သူ့ကို တည်ငြိမ်စွာ စောင်းငဲ့ကြည့်လိုက်ပြီး -

“ညွှန်ကြားရေးမှူး... ကျွန်တော် စွမ်းလား၊ မစွမ်းဘူးလားဆိုတာ ကျွန်တော့်မိန်းမပဲ သိတယ်။ ခင်ဗျား စွမ်းလား၊ မစွမ်းဘူးလားဆိုတာကိုတော့ အမျိုးသားသန့်စင်ခန်းထဲက လုပ်ဖော်ကိုင်ဖက်တွေအားလုံး သိကြတယ်လေ”

​ “ဖူး...”

ယဲ့ချိုးဟုန် တစ်ယောက် တံတွေးတွေ သီးကုန်ပြီး သွေးအန်မတတ် ဖြစ်သွားရသည်။ သူ၏ ချောမောသော မျက်နှာတစ်ခုလုံး ချက်ချင်းပင် ညိုမည်းသွားပြီး သူ၏ မီးလျှံကဲ့သို့ ရဲတောက်နေသော ဆံပင်များကပင် အခိုးအလျှံများ ထွက်နေသယောင် ထင်ရသည်။

​ ဒါက လူကို မသတ်ဘဲ အရှင်လတ်လတ် စိတ်ဓာတ်ကို နင်းချေဖျက်ဆီးပစ်တာပဲ။

​

​ အလုပ်ဆင်းပြီးနောက် လျူယွမ် အိမ်သို့ ပြန်လာခဲ့သည်။

သူ အိမ်ဝင်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ခုခု ထူးဆန်းနေသည်ကို အာရုံရလိုက်၏။

​ ခြံဝင်းထဲရှိ ကျောက်စာပွဲနှင့် အပင်အလှဆင်မှုများမှာ သိသိသာသာ ပြောင်းလဲသွားသည်။

မူလက ဟိုတစ်စ ဒီတစ်စ ချထားသော ကျောက်ခုံတန်းလျားများကို ရွှေ့ထားသလို ရှိပြီး၊ ပန်းပင်များနှင့် အပင်များကိုပင် စနစ်တကျ ပြန်လည် စီစဉ်ထားသည်။

ထူးဆန်းသည်မှာ၊ သူ၏ ခန္ဓာကိုယ်တွင်းရှိ ချီ နှင့် သွေးစွမ်းအင်များ ပိုမို ပြည့်ဖြိုးလာသလိုမျိုး ဝေဝေဝါးဝါး ခံစားလိုက်ရခြင်း ဖြစ်သည်။

​ လော့ကတ်ပင်အိုကြီးအောက်တွင် အဘိုးလီနှင့် အဘိုးချန်တို့ စစ်တုရင် ကစားနေကြသည်။

​ “ယွမ်အာ... မင်း ဘယ်လို ခံစားရလဲ” အဘိုးလီက ခေါင်းမော့မကြည့်ဘဲ ရုတ်တရက် မေးလိုက်သည်။

​ လျူယွမ် ကြောင်သွားပြီး - “အလုပ်ဆင်းရလို့ လန်းဆန်းသွားတဲ့ ခံစားချက်မျိုးပါပဲ”

​ ထူးဆန်းတာပဲ၊ ဒီနေ့ သူတို့ ကလေးမွေးဖို့ တိုက်တွန်းတဲ့ စကားတွေ မပြောကြပါလား။

သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ အဘွားစွန်း၊ အဘိုးချင်နှင့် အဘိုးဝမ်တို့ တစ်ယောက်မှ မရှိကြတော့ဘဲ အပြင်သွားကြပုံရသည်။

​ တာအိုဆရာကြီး ကျန်းချင်းရွှမ်ကတော့ ဖျာပေါ်တွင် တင်ပလ္လင်ခွေထိုင်ရင်း ဖုန်းထဲတွင် ဝတ္ထုဖတ်လို့ အကောင်းဆုံး ဖြစ်နေပြီး သူ့ကို လှည့်ပင်မကြည့်ချေ။

သူက အိမ်ခေါင်မိုးဘက်ကို ရံဖန်ရံခါ လှမ်းကြည့်ရင်း ရေရွတ်လိုက်သည် -

“ဒီနေ့ တိမ်တွေက တော်တော် ဖြူတာပဲ၊ ယွမ်အာ... မင်းကော ဘယ်လို ထင်လဲ”

​ လျူယွမ် မော့ကြည့်လိုက်တော့ ကောင်းကင်တွင် ကြီးမားပြီး အိစက်နေသော တိမ်တိုက်ကြီးတစ်ခု လွင့်မျောနေပြီး ဖြူဖွေးနုအိနေသည်ကို မြင်လိုက်ရသည်။

“အင်း... တကယ်ကို ဖြူတာပဲ”

​ ဘေးနားက ထောင့်တစ်နေရာတွင်တော့ စကားနည်းသော အဘိုးကျိုးက ပုလင်းတစ်လုံးနှင့် တူသောအရာကို အာရုံစိုက်ပြီး ပြုလုပ်နေသည်။

လျူယွမ်က နှုတ်ဆက်လိုက်သော်လည်း အဘိုးကျိုးက မော့ကြည့်ရုံသာ ကြည့်ပြီး ခေါင်းညိတ်ပြကာ သူ၏ လက်ရှိအလုပ်ထဲသို့သာ အာရုံပြန်နှစ်မြုပ်သွားသည်။

​ ဘာလဲဆိုတာ အတိအကျ ပြောဖို့ ခက်သော်လည်း...

အသေးစိတ်အချက်တိုင်းမှာ ထူးဆန်းတဲ့ အငွေ့အသက်တွေ လွှမ်းမိုးနေလေသည်။

ဒီ အငြိမ်းစား အဘိုးကြီးတွေ ဘာတွေ ကြံစည်နေကြတာလဲ။

​ ပန်းချီဆွဲနေသည့် အငြိမ်းစားဆရာကြီး အဘိုးချန်း တစ်ယောက်သာ အတော်လေး ပေါ့ပါးနေပုံရသည်။ သူက လျူယွမ်၏ သံသယဝင်နေသော မျက်နှာအမူအရာကို မြင်သောအခါ ချက်ချင်းပင် ချောင်းတစ်ချက်ဟန့်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည် -

“ယွမ်အာ... ဒါက ငါကိုယ်တိုင် ကူးရေးထားတဲ့ တန်ဘိုဟူရဲ့ နာမည်ကြီး ပန်းချီကား ‘ပန်းခင်းရဲ့ ဆန်းကြယ်မှု ခြောက်ပါး’ ပဲ၊ မင်းအတွက် အမှတ်တရနဲ့ အားပေးစကားအနေနဲ့ လက်ဆောင်ပေးတာပေါ့”

​ ပြောပြောဆိုဆိုဖြင့် သူက အခုတင် ဆွဲလို့ပြီးသွားသည့် ပန်းချီကားချပ်ကို လိပ်ပြီး ကမ်းပေးလိုက်သည်။

လျူယွမ် သေချာ မကြည့်ရသေးခင်မှာတင် ပန်းချီလိပ်က အလိုအလျောက် လိပ်သွားခဲ့ပြီ ဖြစ်သည်။

​ ပန်းခင်းရဲ့ ဆန်းကြယ်မှု ခြောက်ပါး

နာမည်ကတော့ အတော်လေး ယဉ်ကျေးပြီး ဆန်းသစ်လှသည်။

အဘိုးချန်းက စာပေနဲ့ အနုပညာ ပါရမီရှင်တစ်ယောက်မှန်း သူသိထားသဖြင့် သူ ကူးရေးထားတဲ့ လက်ရာတွေက ဧကန်မုချ တန်ဖိုးရှိမှာပင် ဖြစ်သည်။

​ “ကျေးဇူးတင်ပါတယ် အဘိုးချန်း” လျူယွမ်က လက်ဆောင်ကို တွန့်ဆုတ်မနေဘဲ လက်ခံလိုက်သည်။

​ “ဒါကို မင်းရဲ့ အိပ်ခန်းထဲမှာ ချိတ်ထားပြီး သေသေချာချာ လေ့လာ အကဲခတ်ပါ၊ အဲဒါက မင်းရဲ့ ကျင့်ကြံခြင်းအတွက် အများကြီး အထောက်အကူပြုလိမ့်မယ်” ဟု ချန်းမိုက မှာကြားလိုက်သည်။

​ လျူယွမ် ခေါင်းညိတ်လိုက်မိသည်။

အဘိုးချန်းကတော့ အားကိုးရဆုံးပဲ။

သူ ခုနက ခံစားခဲ့ရသည့် ထူးဆန်းသော ခံစားချက်ကိုပင် မေ့သွားတော့သည်။

​ သူ အိမ်တံခါးကို တွန်းဖွင့်လိုက်သည်။

​ “မောင်ရေ……”

​ မွှေးပျံ့သော လေညင်းတစ်ချက်က ဝေ့ဖြန်းလာပြီး စုချင်းရွှယ်က သူ့ရင်ခွင်ထဲသို့ တိုးဝင်လာကာ ခြေဖျားလေး ထောက်ပြီး သူ့လည်ပင်းကို သိုင်းဖက်လျက် ချိုမြိန်သော အနမ်းတစ်ခု ပေးလိုက်သည်။

​ လျူယွမ်က ပန်းချီလိပ်ကို စားပွဲပေါ် တင်လိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် သူ့ဇနီး၏ ပေါင်လုံးလေးများကို ပွေ့ချီကာ ထမင်းစားစားပွဲပေါ်သို့ တင်ပေးလိုက်သည်။

​ ဘေးနားတွင်တော့…

ဟင်းလျာများ၏ ရနံ့က လေထဲတွင် ပျံ့လွင့်နေသည်။

တကယ်ကြီး မုန်ညင်းချဉ် ဝက်သားသုံးထပ်သားချက် ရှိနေတာပဲ။

ဒါတင်မကသေးဘဲ ကြက်သွန်မြိတ်ဖြင့် ဆီသတ်ထားသော မြစ်ပုစွန်ကြော်၊ ပန်းဂေါ်ဖီစိမ်းကြော်နှင့် ဖရုံသီး ဝက်နံရိုးစွပ်ပြုတ်တို့လည်း ရှိနေသေးသည်။

​ “မြည်းကြည့်ပါဦး၊ ဒီနေ့ ဈေးထဲက ပုစွန်တွေက တော်တော် လတ်ဆတ်တာပဲ” စုချင်းရွှယ်က လျူယွမ်အတွက် ပုစွန်တစ်ကောင် ခွာပေးပြီး သူ့ပါးစပ်နားသို့ ကပ်ပေးလိုက်သည်။

​ “အင်း... ကောင်းလိုက်တာ” လျူယွမ်က တစ်လုတ်တည်းဖြင့် စားလိုက်ပြီး အဆီနဲ့ အသား မျှတပြီး ပါးစပ်ထဲတွင် အရည်ပျော်သွားမတတ် နူးညံ့လှသော ဝက်သားသုံးထပ်သားတစ်တုံးကို ထပ်မံ ညှပ်စားလိုက်သည်။

​ သူ တီဗီကို ဖွင့်ပြီး သတင်းချန်နယ်သို့ ပြောင်းကာ ထမင်းစားရင်း အပန်းဖြေကြည့်လိုက်သည်။

စုချင်းရွှယ်ကတော့ လိမ္မာသော ကြောင်လေးတစ်ကောင်လို သူ့ဘေးတွင် ထိုင်ရင်း ဟင်းတွေ၊ စွပ်ပြုတ်တွေ ခတ်ပေးနေပြီး သူမ၏ တောက်ပသော မျက်ဝန်းအစုံက လျူယွမ်၏ မျက်နှာပေါ်ကနေ လုံးဝ မခွာချေ။

​ လျူယွမ်က စွပ်ပြုတ်တစ်ငုံ သောက်လိုက်ပြီး ပန်းကန်လုံးအလွတ်ကို သူမထံ ကမ်းပေးလိုက်ရာ သူမက ချက်ချင်း ထပြီး စွပ်ပြုတ်ကို အပြည့် ထည့်ပေးကာ သေသေချာချာ မှုတ်ပေးနေရှာသည်။

စုချင်းရွှယ်က တကယ်ကို ယောက်ျားအလိုကျ ပြုစုတတ်တဲ့ စရိုက်လေး ရှိသည်။

​ “ဒေသတွင်း သတင်းထုတ်ပြန်ချက်အရ လင်အန်းမြို့ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဟွာချန်ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ လျူဟွာချန်ဟာ ဒီနေ့မှာ ခန္ဓာကိုယ်တစ်ခုလုံး သွေးလဲလှယ်မှု ခွဲစိတ်မှုကို နောက်တစ်ကြိမ် ထပ်မံ ပြုလုပ်ခဲ့ပါတယ်...”

​ တီဗီဖန်သားပြင်ပေါ်တွင် အသားအရေ စိုပြည်ချောမွေ့ပြီး အသက်ရှည်ကျန်းမာကာ ထက်မြက်ပုံရသော သူဌေးအိုကြီးတစ်ဦးက ကင်မရာကို ကြည့်ပြီး စကားများကို အားရပါးရ ပြောကြားနေသည်။

​ “ဖြောက်”

​ လျူယွမ်သည် မိမိပတ်ဝန်းကျင်ရှိ လေထု အပူချိန်မှာ ရုတ်တရက် ထိုးဆင်းသွားသလို ခံစားလိုက်ရသည်။

စုချင်းရွှယ်က တီဗီကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးထဲတွင် တီဗီကြီးကို ဓားဖြင့် အပိုင်းပိုင်း ခုတ်ထစ်ပစ်တော့မည့်အလား လူသတ်ငွေ့များ အပြည့် ဖြစ်နေခဲ့သည်။

​ “သွေးမိစ္ဆာဧကရာဇ်က အဲဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာ ရောက်နေတာလား” လျူယွမ်က အဖြေကို ခန့်မှန်းလိုက်သည်။

​ “အင်း” စုချင်းရွှယ်က ခေါင်းညိတ်လိုက်ပြီးမှ လျူယွမ်ကို အံ့ဩတကြီး ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက အရောင်တောက်သွားသည်။

“ဝါး... မောင်က တော်လိုက်တာ၊ မောင်က ကျွန်မ ဘာတွေးနေလဲဆိုတာကို တကယ် သိနေတာပဲ၊ တို့တွေက တကယ်ကို နတ်ဖက်တဲ့ အိမ်ထောင်ဖက်တွေပဲနော်”

​ လျူယွမ် : “...”

ငါ့ရဲ့ ရိုးအပြီး အူကြောင်ကြောင်နိုင်တဲ့ မိန်းမရယ်... မင်းရဲ့ စိတ်ထဲက အတွေးတွေက မျက်နှာပေါ်မှာ အတိုင်းသား ပေါ်နေတာကိုး။

​ “သူ့ကို နိုင်အောင် ချနိုင်မယ့် ယုံကြည်ချက်ကော ရှိရဲ့လား” လျူယွမ်က ပန်းဂေါ်ဖီစိမ်းတစ်တုံးကို ညှပ်ပြီး သူမကို ခွံ့လိုက်သည်။

​ “တကယ်လို့ တစ်ယောက်ချင်း၊ ဘာလှည့်ကွက်မှ မသုံးဘဲ ချရမယ်ဆိုရင် သူ့လိုကောင် ဆယ်ယောက်ကိုတောင် အေးဆေး နှိပ်ကွပ်ပစ်လို့ရတယ်” စုချင်းရွှယ်က ဟင်းကို ဝါးရင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်ပြီးမှ ချက်ချင်း ခေါင်းကို ကုတ်ကာ -

“ဒါပေမဲ့ အဲဒီ သွေးမိစ္ဆာဧကရာဇ်က လင်အန်းမြို့ရဲ့ အချမ်းသာဆုံးလူရဲ့ ခန္ဓာကိုယ်ကို ပူးကပ်ထားတာ၊ ပြီးတော့ သူ့ဘေးမှာ သိုင်းဂိုဏ်းချုပ်အဆင့် သက်တော်စောင့်တွေလည်း ရှိသေးတယ်။ အဲဒါအပြင် အဲဒီ အချမ်းသာဆုံး မိသားစုမှာ နတ်ဘုရားလက်နက်တွေနဲ့ ကာကွယ်ရေး အစီအရင်တွေလည်း ရှိလောက်တယ်...”

​ “ကြည့်ရတာ ကိုင်တွယ်ရ သိပ်မလွယ်ဘူးပေါ့” လျူယွမ် စကားပင် မဆုံးသေးခင် စုချင်းရွှယ်က ချက်ချင်း ခေါင်းခါလိုက်ပြီး -

“အဲလိုဆိုရင်တောင် ကျွန်မ တကယ် လှုပ်ရှားရင် သူ့ကို ငိုအောင် လုပ်ပစ်လို့ရပါသေးတယ်”

​ “ဒါပေမဲ့...” စုချင်းရွှယ် သက်ပြင်းချလိုက်ပြီး သူမ၏ မျက်နှာလေး ရှုံ့မဲ့သွားပြီး -

“အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ တခြား သိုင်းပညာရှင်တစ်ယောက်လည်း ရှိသေးတယ်၊ ကျွန်မ ဒဏ်ရာရပြီး အားနည်းနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ရန်ပြုလာမှာကို စိုးရိမ်တာ”

​ “မင်းပြောတာ... နိုင်ငံရဲ့ ထောက်တိုင်ဖြစ်တဲ့ ‘နတ်ဘုရားတစ်ပါး’ကို ပြောတာလား” လျူယွမ်က သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

​ “အင်း” စုချင်းရွှယ် ခေါင်းညိတ်ရင်း တိုးတိုးလေး ညည်းတွားလိုက်သည် - “သူက အပျိုကြီး... အာမဟုတ်ဘူး၊ လူပျို အဘိုးကြီးတစ်ယောက်လို့ ကြားဖူးတယ်၊ တကယ်လို့ သူက ကျွန်မကို ဖမ်းပြီး ကျွန်အဖြစ် ချုပ်နှောင်ထားရင်ကော... မောင်ကတော့ အဲဒါကို လုံးဝ လက်ခံနိုင်မှာ မဟုတ်ဘူးမလား”

​ “ဒါကြောင့်လည်း ကျွန်မ အခုထိ လှုပ်ရှားမှု မလုပ်သေးတာ။ သူ အရင် စလှုပ်ရှားမှာကို စောင့်နေတာ၊ ဒါပေမဲ့ သူကလည်း မလှုပ်ရှားတော့ တို့တွေက အခုလို အခြေအနေမှာ ပိတ်မိနေတာပေါ့”

​ ငါ့မိန်းမကတော့ တကယ့်ကို ပါးနပ်တဲ့ နတ်ဆိုးမလေးပဲ။

လျူယွမ် ချက်ချင်း သဘောပေါက်သွားသည်။

အဲဒီ နတ်ဘုရားအဘိုးကြီးက ကြားကနေ အမြတ်ထုတ်ချင်နေတာကိုး၊ ဒါကြောင့်လည်း သွေးမိစ္ဆာဧကရာဇ်ကို ဘာလို့ သွားမတိုက်ခိုက်တာလဲဆိုတာ နားလည်သွားပြီ။

​ “ဒါနဲ့... အဲဒီ နတ်ဘုရားက မိန်းမ ရှိနေမှန်း သိလား”

​ “သိတယ်၊ လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်မနဲ့ မိစ္ဆာဧကရာဇ် တိုက်ပွဲဖြစ်တုန်းက သူ အဝေးကနေ လှမ်းကြည့်နေခဲ့တာ” စုချင်းရွှယ်က ပြောလိုက်သည် - “ဒါပေမဲ့ ကျွန်မမှာ နတ်ဘုရားလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ပေးနိုင်တဲ့ မိသားစုရဲ့ ရတနာတစ်ခု ရှိနေတော့ သူ ကျွန်မရဲ့ တည်နေရာကို မသိသလို၊ ကျွန်မက ယောက်ျားလား မိန်းမလားဆိုတာကိုလည်း မခွဲခြားနိုင်ဘူး”

​ “ဒါပေမဲ့ ကျွန်မ ဒီကမ္ဘာကနေ ထွက်မသွားသေးဘူးဆိုတာကိုတော့ သူ အသေအချာ သိတယ်။ ဒါကြောင့် သူ အမှောင်ထဲမှာ ပုန်းနေတာ သေချာတယ်၊ တကယ်လို့ ကျွန်မက မိစ္ဆာဧကရာဇ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရင် သူ ချက်ချင်း ထွက်လာမှာပဲ”

​ “မောင်... တို့တွေ ဘာလုပ်ကြမလဲ”

စုချင်းရွှယ်က သူမ၏ မျက်နှာလေးကို မော့လျက် အားကိုးတကြီး စိုက်ကြည့်လာသည်။

​ ဒါက သုံးပြည်ထောင်ခေတ်က သုံးပွင့်ဆိုင် အခြေအနေမျိုး မဟုတ်ပါလား။

အင်အားစု သုံးခုက တစ်ခုနဲ့တစ်ခု ထိန်းချုပ်ထားကြပြီး ဘယ်သူကမှ အရင် မလှုပ်ရှားရဲဘဲ ကြားကနေ အမြတ်ထုတ်ဖို့ပဲ ချောင်းနေကြသည်။

​ “မိန်းမ... မင်းနဲ့ မိစ္ဆာဧကရာဇ်က နှစ်ယောက်လုံး ဒဏ်ရာရထားတာဆိုတော့ ငါ့အမြင်အရ အဲဒီ နတ်ဘုရားအဘိုးကြီးက အန္တရာယ်အရှိဆုံးပဲ။ ဒီလိုလုပ်ရအောင်...”

လျူယွမ်က သူ့ဇနီး၏ နားရွက်နားသို့ ကပ်လျက် စကားအချို့ကို တိုးတိုးလေး ပြောလိုက်သည်။

​ နွေးထွေးသော လေသံက သူမ၏ နုနယ်သော နားရွက်လေးပေါ်သို့ ဖြတ်ပြေးသွားပြီး လွင့်ပျံလာသော ဆံနွယ်စအချို့က သူမ၏ ဖြူဖွေးသော လည်ပင်းလေးကို ယားကျိကျိ ဖြစ်စေခဲ့သည်။

စုချင်းရွှယ်၏ နားရွက်လေးများ ချက်ချင်းပင် နီရဲသွားပြီး လည်ပင်းတိုင်လေးအထိ ပန်းရောင် သန်းသွားကာ ခန္ဓာကိုယ်လေး တစ်ခုလုံး ပျော့ခွေသွားရသည်။

​ လျူယွမ် စကားပင် ရှင်းပြလို့မဆုံးသေးခင်မှာတင် သူမက ရုတ်တရက် သူ့ပေါင်ပေါ်သို့ ခွထိုင်လိုက်ပြီး သူ့ကို အတင်း နမ်းတော့သည်။

​ ပတ်ဝန်းကျင် လေထုမှာ ပူနွေးလာခဲ့သည်။

​ “မောင်... ဒီနေ့အတွက် ‘တာဝန်’ ထမ်းဆောင်ရမယ့် အချိန် ရောက်ပြီနော်”

​ “နေဦး... မိန်းမ၊ မင်းကလည်း ဒီနေ့ တော်တော် အထိမခံ ဖြစ်နေပါလား။ ငါ ညစာတောင် ဝအောင် မစားရသေးဘူး” လျူယွမ်က သူ့ဗိုက်ထဲကနေ အသံတွေ မြည်နေတုန်းပဲဟု ခံစားလိုက်ရသည်။

သူ့ရဲ့ မျိုးရိုးဗီဇတွေ တိုးတက်ပြောင်းလဲပြီး အဆင့်တက်လာတာနဲ့အမျှ သူ့ရဲ့ အစားအသောက် ပမာဏကလည်း ပိုမို ကြီးမားလာခဲ့သည်။

​ “ဒါဆို... ကျွန်မ မောင့်အတွက် ခေါက်ဆွဲပြုတ်ပေးမယ်လေ...

စုချင်းရွှယ်က မျက်နှာလေး နီမြန်းလျက် တိုးတိုးလေး ပြောပြီးနောက် ချက်ချင်း ထကာ ချက်ပြုတ်ရေး အပေါ်ဝတ်ကို ဝတ်ဆင်ပြီး မီးဖိုချောင်ထဲသို့ လှည့်ဝင်သွားတော့သည်။

​ လျူယွမ် ခဏမျှ ကြောင်သွားပြီးမှ တံတွေးတစ်ချက် မျိုချလိုက်မိသည်။

ငါ့မိန်းမကတော့ တကယ်ကို ချိုသာလွန်းတာပဲ။

​ သူ တကယ်ကြီး အောက်ထပ်ကို ဆင်းသွားတာလား။

မဟုတ်ဘူး... သူလည်း ဝင်ပြီး ဝိုင်းကူမှ၊ လက်တွဲကူညီမှ ဖြစ်တော့မယ်။

All Chapters