← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အပိုင်း (၉)

ညတာက မင်ရည်ကဲ့သို့ နက်မှောင်နေခဲ့သည်။

​ ခြံဝင်းထဲတွင်တော့ လေညင်းက လော့ကတ်ပင်အိုကြီးကို တဖြူးဖြူး တိုက်ခတ်နေပြီး လိုက်ကာများကို အနည်းငယ် လှုပ်ခတ်သွားစေခဲ့သည်။

​ ပင်အိုကြီးအောက်ရှိ ကျောက်စားပွဲဘေးတွင်…

​ အဘိုးလီက လက်ထဲတွင် ကျောက်စိမ်းနက် စစ်တုရင်ရုပ်တစ်ခုကို ကိုင်ထားရင်း လျူယွမ်၏ အိပ်ခန်းရှိရာ ဝေးကွာသော ပြတင်းပေါက်ဆီသို့ စူးစိုက်ကြည့်နေခဲ့သည်။

​ “အဘိုးကြီးချန်... ခင်ဗျားရဲ့ အစီအရင်က အလုပ်လုပ်ပြီလား”

​ ဘေးနားတွင် ရပ်နေသော အဘိုးချန်က သူ့ရဲ့ မျက်မှန်ကို ပင့်တင်လိုက်ပြီး၊ လက်မှုပညာရှင်တစ်ယောက်၏ ယုံကြည်ချက်အပြည့်ဖြင့် လေးနက်သောလေသံဖြင့် ပြောလိုက်သည် -

“စိတ်မပူစမ်းပါနဲ့။ ငါက သစ်သားဓာတ်ရှိတဲ့ အချစ်ရေးအစီအရင်နဲ့ မြေဓာတ်ရှိတဲ့ လူသား‌နေရာကို အတင်းအကျပ် ချိတ်ဆက်ပေးထားတာကွ။ ကြည့်လိုက်စမ်း... ဒီည လေက နဂါးကို ခွဲပေးထားပြီး၊ သစ်ပင်ပန်းမန်တွေပေါ်မှာ နှင်းရည်တွေ သက်ဆင်းနေပြီ။ တစ်ခြံဝင်းလုံးမှာရှိတဲ့ မြေကမ္ဘာရဲ့ စွမ်းအင်တွေက သက်ရှိအားလုံးကို သန္ဓေတည်မွေးဖွားပေးနိုင်တဲ့ အထွတ်အထိပ် အခြေအနေကို ရောက်နေပြီကွ”

​ “အလွန်ကောင်းတယ်” တာအိုဆရာကြီး ကျန်းချင်းရွှမ်က သူ၏ ‘ချီစွမ်းအင် အကဲခတ်ပညာ’ ဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ရင်း - “ခင်ဗျားရဲ့ မြေစွမ်းအင် စုစည်းမှုက အပြစ်ပြောစရာမရှိဘူး။ ငါ့ရဲ့ ‘သန္ဓေတည်စေတဲ့ မန္တန်အဆောင်’ ကလည်း ကောင်းကင်ရဲ့ ယန်စွမ်းအင်ကို ဆွဲယူပြီး မြေကမ္ဘာရဲ့ ယင်စွမ်းအင်နဲ့ ပေါင်းစပ်ပေးလိမ့်မယ်၊ အဲဒါက မွေးရာပါ သက်စောင့်စွမ်းအင်ရဲ့ မီးပွားလေးကို အသေပိတ်လှောင်ထားနိုင်မှာ”

​ အဘိုးချန်က သူ့မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးလိုက်သည် - “အိမ်ခေါင်မိုးပေါ်က စွမ်းအင်စီးဆင်းမှုကို ကြည့်လိုက်ဦး။ ကောင်းကင်နဲ့ မြေကမ္ဘာက တစ်သားတည်းကျနေပြီး၊ ယင်နဲ့ ယန်က မျှတနေတယ်။ ဒါက အဆုံးမရှိတဲ့ သက်ရှိတွေ တိုးပွားမယ့် နိမိတ်ပဲကွ။ ဒီညတော့ ဧကန်မုချ အောင်မြင်မှာ သေချာတယ်”

​ ညွှန်ကြားရေးမှူးလီက သူ့အကြည့်ကို အနည်းငယ် ရွှေ့လိုက်ပြီး ပန်းချီပစ္စည်းတွေ သိမ်းနေတဲ့ အငြိမ်းစားဆရာကြီး အဘိုးချန်းကို မျက်မှောင်ကုပ်ကြည့်ကာ -

“အဘိုးကြီးချန်း... ခင်ဗျား ယွမ်အာကို ပေးလိုက်တဲ့ တန်ဘိုဟူရဲ့ နာမည်ကြီးပန်းချီကား ‘ပန်းခင်းရဲ့ ဆန်းကြယ်မှု ခြောက်ပါး’ ဆိုတာက ဘာကြီးလဲကွ”

​ ချန်းမိုက ချောင်းတစ်ချက် အသာဟန့်ပြီး ပညာရှိကြီးတစ်ဦးကဲ့သို့ ဟန်ပန်ဖမ်းကာ - “ဒါက စာပေသမားတွေရဲ့ ယဉ်ကျေးတဲ့ အနုပညာ အပန်းဖြေမှုတစ်ခုပါဗျာ၊ စိတ်အဓိဋ္ဌာန်ကို မြှင့်တင်ဖို့အတွက် သုံးတာပါ”

​ “ရှာကြည့်လိုက်မယ်” ဇာတ်လမ်းထဲ စိတ်ရောက်နေတဲ့ တာအိုဆရာကြီး ကျန်းချင်းရွှမ်က ဖုန်းကိုထုတ်ကာ လိုက်ရှာကြည့်လိုက်သည်။

​ နောက်တစ်စက္ကန့်တွင်တော့…

​ ဘုရားရေ... ဟုတ်မှဟုတ်ရဲ့လား။

​ ကျန်းချင်းရွှမ် မျက်လုံးပြူးသွားပြီး ဖုန်းပင် လက်ထဲက လွတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ အမြဲလိုလို တည်ငြိမ်အေးဆေးလှသော သူ၏ ပညာရှိမျက်နှာကြီးက ချက်ချင်းပင် ရဲတောက်သွားခဲ့ရ၏။

​ “ဘာဖြစ်လို့လဲ”

​ အဘိုးလီနှင့် အဘိုးကျိုးတို့က စူးစမ်းလိုစိတ်ဖြင့် အတင်း တိုးကပ်ကြည့်လိုက်ကြသည်။

​ ဖုန်းဖန်သားပြင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့နှစ်ယောက်လုံး ချက်ချင်းပင် ကျောက်ရုပ်လို တောင့်တင်းသွားကြတော့သည်။

​ ဒါ... ဒါက တကယ့်ကို အလန်းစားကြီးပါလား...

​ ဒီပန်းချီကားက... တကယ်ကို အနုစိတ် လှပလွန်းတယ်

​ အဘိုးလီက အဘိုးချန်း၏ ပုခုံးကို အားရပါးရ ပုတ်လိုက်ပြီး -

“ခင်ဗျားလို စာပေသမားတစ်ယောက်က ဒီလို ဆန်းပြားပြီး ပါးနပ်တဲ့ လှည့်ကွက်မျိုးကို ကြံစည်နိုင်လိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး”

​ အဘိုးချန်ကလည်း လေးစားအားကျသော မျက်နှာဖြင့် လက်မထောင်ပြလိုက်ရင်း - “တကယ်ကို ပြောင်မြောက်ပေတယ်၊ လျူယွမ်လေးက ဒီပန်းချီကားကို မြင်ရင် ခင်ဗျားရဲ့ စေတနာကောင်းကို အသေအချာ သဘောပေါက်သွားမှာပါ”

​ ထိုအချိန်မှာပင် ခြံဝင်းတံခါးက ကျွီကနဲ အသံမြည်ကာ ပွင့်သွားခဲ့သည်။

​ သွေးအလိမ်းလိမ်းဖြင့် လူရိပ်နှစ်ခု လမ်းလျှောက်ဝင်လာကြ၏။

​ သူတို့ကတော့ တခြားသူမဟုတ်... နယ်ခြားစစ်မြပြင်ဆီ သွားခဲ့တဲ့ သိုင်းပညာရှင် ဆရာကြီး အဘိုးချင် နဲ့ အဘိုးဝမ် တို့ ဖြစ်ကြသည်။

​ သူတို့ကိုယ်ပေါ်က သွေးတွေကတော့ အများအားဖြင့် ထူးဆန်းတဲ့ သားရဲတိရစ္ဆာန်တွေရဲ့ သွေးတွေဖြစ်ပြီး၊ အဝတ်အစားတွေ အနည်းငယ် စုတ်ပြဲကာ ဒဏ်ရာအနည်းငယ်သာ ရထားကြသည်။

​ “အကုန် ပြီးသွားပြီ”

​ ဆရာကြီးချင်က ကျောက်စိမ်းအိုးလေးလုံးကို ကျောက်စာပွဲပေါ်သို့ ဝုန်းကနဲ ဆောင့်ချလိုက်ရာ အသံပင် မြည်သွားခဲ့သည်။

​ “ချီလင်သွေး တစ်အိုး၊ နဂါးသွေး တစ်အိုး၊ ဖီးနစ်ငှက်သွေး တစ်အိုးနဲ့ လိပ်နဂါးသွေး တစ်အိုး”

​ မျက်စိမှိတ်ပြီး အနားယူနေသည့် အဘွားစွန်းမှာ ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူမ၏ မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး စားပွဲနားသို့ လျင်မြန်စွာ လျှောက်လာကာ ကျောက်စိမ်းအိုးလေးလုံးကို ကောက်ကိုင်ပြီး သူမ၏ ဆေးဖော်စပ်ရာ အခန်းထဲသို့ လှည့်ဝင်သွားတော့သည်။

​ “ငါ အခုချက်ချင်း ဆေးလုံးစဖော်တော့မယ်။ ဒီညတော့ ဧကန်မုချ နတ်ဘုရားအဆင့် ဆေးလုံးတစ်လုံး ထွက်လာစေရမယ်”

​ ထောင့်တစ်နေရာတွင်တော့ တစ်ချိန်လုံး စကားမပြောဘဲ ငြိမ်နေသည့် အဘိုးကျိုးကလည်း သူ၏ ကိရိယာများကို ချလိုက်သည်။

​ အနုပညာလက်ရာတစ်ခုကဲ့သို့ ကြည်လင်တောက်ပနေသော နို့ဗူးလေးတစ်ခုမှာ ယခုအခါ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

​ သူက ခြံထဲရှိ ရေပိုက်ခေါင်းဆီသို့ လျှောက်သွားပြီး ပိုက်ခေါင်းကို ဖွင့်လိုက်ရာ ကြည်လင်သော ရေများက နို့ဗူးထဲသို့ ပန်းထွက်သွားခဲ့သည်။

​ တစ်မိနစ်...

​ ငါးမိနစ်...

​ ဆယ်မိနစ်ကျော် အချိန်တွေ ကုန်ဆုံးသွားသော်လည်း...

​ ထို သေးငယ်သော နို့ဗူးလေးမှာ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ရေပိုက်ခေါင်းက ရေတွေ စီးဆင်းနေသော်လည်း ဘယ်တော့မှ ပြည့်လျှံမသွားခဲ့ချေ...

​ “လျူယွမ်လေးနဲ့ ချင်းရွှယ်လေးတို့ရဲ့ ကလေးမွေးလာရင်တော့ နို့ရည်တွေက အဆုံးမရှိ ရှိနေတော့မှာပဲ”

​ “ဒါပေမဲ့ ရေရှည်ခံမခံတော့ ငါတို့ စမ်းသပ်ကြည့်ရဦးမယ်”

​ အဘိုးကျိုးက ‘အရွယ်ရောက်ပြီးသား အမျိုးသမီးကြီးများ’ ကဲ့သို့ သဘောကျ ပြုံးလိုက်ရာ ဘေးနားရှိ အဘိုးကြီးများကိုပင် ကြက်သီးထသွားစေသည်။

​

​ သန်းခေါင်ယံအချိန်။

​ လျူယွမ်သည် သူ့ဇနီးကို ရင်ခွင်ထဲတွင် ထည့်ကာ ဖက်ထားရင်း၊ သူ၏ အသိစိတ်က ‌တားမြစ်နယ်မြေထဲရှိ ရှေးဟောင်း စစ်တလင်းကြီးဆီသို့ နောက်တစ်ကြိမ် နစ်မြုပ်သွားခဲ့ပြန်သည်။

​ နီရဲနေသော မြေပြင်ပေါ်တွင် ကြီးမားလှသော မြို့ရိုးကြီးက ကောင်းကင်နှင့် မြေပြင်ကို ခြားနားလျက် သွယ်တန်းနေပြီး၊ ၎င်း၏ မျက်နှာပြင်ပေါ်တွင် မှောင်မိုက်သော အလင်းရောင်များ တဖျတ်ဖျတ် တောက်ပနေကာ လှုပ်ခတ်မှုတိုင်းက လူကို မျှော်လင့်ချက်မဲ့စေသော ဖိအားများကို ထုတ်လွှတ်နေသည်။

​ မြို့ရိုးအောက်တွင်တော့ ရေတွက်လို့မရနိုင်သော သက်ရှိများ၏ ရုပ်အလောင်းများဖြစ်သည့် အရိုးတောင်ပူစာကြီးများ ရှိနေခဲ့သည်။

​ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ ချီတက်ခဲ့ကြပြီး မိမိကိုယ်ကိုယ် မီးရှို့ဖျက်ဆီးပစ်ခဲ့ကြသည်။

​“ သတ်ကြဟေ့...”

​ ထိပ်ဆုံးသို့ အရင်ဆုံး ရောက်ရှိသွားသူများထဲမှ တစ်ယောက်က သူ၏ ရဲဘော်ရဲဘက်များ၏ အရည်ပျော်နေသော ရုပ်အလောင်းများကို ကျော်ဖြတ်ကာ အော်ဟစ်လိုက်ပြီး၊ နောက်ဆုံးတွင်တော့ အလောင်းပုံကြီး၏ ထိပ်ဆုံးသို့ အပြင်းအထန် တက်လှမ်းကာ မြို့ရိုးပေါ်သို့ တက်နိုင်ခဲ့သည်။

​ သို့သော်လည်း မြို့ရိုးပေါ်ကနေ တွဲလောင်းကျနေသော ထူးဆန်းသော အလင်းတန်းများက ဓားသွားအမြောက်အမြားကဲ့သို့ သူ့ကို ချက်ချင်းပင် အသက်ပျောက်သွားစေပြီး မြို့ရိုးအတွက် အာဟာရအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။

​ သူတို့ရဲ့ နောက်ကွယ်မှာတော့ ပိုမို များပြားလှတဲ့ အထူးစစ်သည်တော်ကြီးတွေဟာ အော်ဟစ်ကြွေးကြော်ရင်း ရှေ့သို့ ထပ်မံ ချီတက်လာခဲ့ကြသည်။

​ သူတို့ကတော့ ဘာကိုမှ မကြောက်ရွံ့ဘဲ မိမိတို့ရဲ့ အသွေးအသားတွေကို အရင်းပြုပြီး နောက်လူတွေအတွက် လမ်းစတစ်ခုကို မဖြစ်ဖြစ်အောင် ဖောက်လုပ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားကြသည်။

​

​ နောက်တစ်နေ့ နံနက်အစောပိုင်း။

​ လျူယွမ် ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။

​ တကယ်ကို လန်းဆန်းသွားတဲ့ ခံစားချက်မျိုး။

​ သူ့ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ပြည့်လျှံနေခဲ့သည်။

​ ပို၍ အံ့ဩစရာကောင်းသည်မှာ၊ သူ၏ ဝမ်းဗိုက်အောက်ပိုင်း ဒန်ထျန်ထဲတွင် ဝေဝါးသော စွမ်းအင်လှိုင်းလေးတစ်ခု လည်ပတ်နေသည်ကို သူ သတိထားမိလိုက်ခြင်း ဖြစ်သည်။

​ ဆန်းကြယ်လှပြီး လွင့်မျောနေသည်။

​ ဒါက သိုင်းပညာက ရတဲ့ ‘ချီ နဲ့ သွေးစွမ်းအင်’ မဟုတ်ဘူးပဲ။

​ ဒါက... မဟုတ်မှလွဲရော အင်မော်တယ် ကျင့်ကြံခြင်းက ရတဲ့ ချီစွမ်းအင်များလား။

​ လျူယွမ် အနည်းငယ် အံ့ဩသွားပြီး၊ ဒီကမ္ဘာကြီးမှာ သိုင်းပညာအပြင် ကျင့်ကြံခြင်း လမ်းစဉ်လည်း ရှိသေးတာပဲဟု ချက်ချင်း တွေးမိလိုက်သည်။

​ ဒါပေမဲ့ သူက ဘယ်ကျင့်စဉ်ကိုမှ မသင်ယူခဲ့ဖူးပေ။

​ ဒါက ဧကန်မုချ သူ့ခန္ဓာကိုယ်ထဲမှာ နှစ်သန်းပေါင်းများစွာကတည်းက စီးဆင်းနေတဲ့ မျိုးရိုးဗီဇတွေကြောင့်ပဲ ဖြစ်ရမယ်။ တစ်ညတာ တိုက်ပွဲအပြီးမှာတော့ အဲဒီ မျိုးရိုးဗီဇတွေက ထူးခြားဆန်းပြားစွာ ပြောင်းလဲတိုးတက်သွားပြီး သူတို့ရဲ့ သခင်ဖြစ်တဲ့ သူ့ဆီကို စွမ်းအင်တွေ ပြန်လည် ဖြည့်တင်းပေးလိုက်တာပဲ။

​ “ညီအစ်ကိုတို့... မင်းတို့ ပင်ပန်းသွားကြပြီ။ ကောင်းပါပြီလေ... မင်းတို့ တန်ဖိုးရှိရှိ သေဆုံးသွားခဲ့ကြတာပဲ” လျူယွမ် စိတ်ထဲကနေ ခေတ္တမျှ ငြိမ်သက်ပြီး ဆုတောင်းပေးလိုက်သည်။

​ “မောင်... နိုးပြီလား။ မနက်စာ အဆင်သင့် ဖြစ်ပြီနော်”

​ တံခါးဝဆီကနေ စုချင်းရွှယ်ရဲ့ နူးညံ့ပြီး ငြိမ့်ညောင်းတဲ့ အသံလေး ထွက်ပေါ်လာသည်။

​ သူမက အပြာနုရောင် ပိုးသားအိပ်ဝတ်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး၊ သူမ၏ ဆံပင်အရှည်ကြီးကို ကလစ်လေးတစ်ခုဖြင့် ပေါ့ပေါ့ပါးပါး စုချည်ထားကာ၊ ဆံနွယ်စအချို့က သူမ၏ ဖြူဖွေးသော လည်ပင်းလေးဘေးတွင် တွဲလောင်းကျနေပြီး စင်ကြယ်ကာ နူးညံ့လှသော အိမ်ထောင်ရှင်မလေးရဲ့ ဆွဲဆောင်မှုမျိုးကို ထုတ်လွှတ်နေလေသည်။

​ လျူယွမ် မျက်နှာသစ်နေစဉ်မှာတင် စုချင်းရွှယ်က တံခါးကို မှီရပ်ရင်း စိတ်ကောက်သလို လေသံလေးဖြင့် ပြောလိုက်သည် -

“မောင်ရေ... ဒီနေ့လည်း အကုန်လုံး ဆုံးရှုံးသွားပြန်ပြီ”

​ လျူယွမ်က ပလုပ်ကျင်းရင်း - “နောက်တစ်ခါကျရင် ပိုပြီး ကြိုးစားပါ့မယ် မိန်းမရယ်” ဟု ဗလုံးဗထွေး ပြောလိုက်သည်။

​ မနက်စာ စားနေစဉ်တွင် လျူယွမ်၏ အကြည့်က ဧည့်ခန်းနံရံပေါ်တွင် ချိတ်ထားသည့် ရှေးဟောင်းစတိုင် ပန်းချီကားတစ်ချပ်ဆီသို့ ရောက်သွားခဲ့သည်။

​ ဟင်..

​ သူ မှတ်မိသွားသည်၊ ဒါက မနေ့က အဘိုးချန်း ပေးလိုက်တဲ့ ပန်းချီကားပဲ၊ နာမည်က... ‘ပန်းခင်းရဲ့ ဆန်းကြယ်မှု ခြောက်ပါး’ မလား

​ ထိုအချိန်က သူ သေသေချာချာ မကြည့်ဖြစ်ခဲ့သော်လည်း၊ စုချင်းရွှယ်က မနက်စောစောစီးစီး ဤမျှအမြန် ချိတ်ထားလိမ့်မည်ဟု မထင်ထားခဲ့မိချေ။

​ “မောင်... ဒီပန်းချီကားက တကယ်ကို ထူးခြားတာပဲနော်” စုချင်းရွှယ်က ချီးကျူးစကား ဆိုလိုက်သည် - “အဘိုးချန်းက တကယ့်ကို နာမည်ကျော် စာပေအနုပညာရှင်ကြီးပီသပါပေတယ်။ တကယ်လို့ ဒီပန်းချီကားကို ခဏခဏ စိုက်ကြည့်ပြီး လေ့လာရင် စိတ်စွမ်းအင်ကို တိုးတက်စေပြီး ဖြောင့်မတ်မှန်ကန်တဲ့ စရိုက်ကို ပျိုးထောင်ပေးနိုင်လိမ့်မယ်”

​ လျူယွမ် ပါးစပ်ထဲက ပဲနို့တွေ ချက်ချင်းပင် ပြန်အန်ထွက်မတတ် ဖြစ်သွားရသည်။

​ “ဒီပန်းချီကားရဲ့ အရောင်တွေက... နည်းနည်း အရောင်ရင့်လွန်း (ပြင်းလွန်း) သလိုပဲ”

​ “တကယ်ကြီးလား” စုချင်းရွှယ်က ခေါင်းလေး စောင်းပြီး မျက်လုံးထဲတွင် အပြစ်ကင်းစင်မှုများ အပြည့်ဖြင့် - “ကျွန်မကတော့ ပန်းချီစတိုင်က ယဉ်ကျေးပြီး မျက်စိပသာဒ ဖြစ်စရာကောင်းတယ်လို့ ထင်တာပဲ”

​ ငါ့မိန်းမကတော့ တကယ်ကို အူကြောင်ကြောင်နိုင်ပြီး အပြစ်ကင်းလွန်းတဲ့ မိန်းကလေးပဲ။

​ လျူယွမ် အကျိုးအကြောင်း ရှင်းမပြတော့သော်လည်း၊ အဘိုးချန်းရဲ့ ရည်ရွယ်ချက်ကိုတော့ သူ သဘောပေါက်သွားခဲ့လေပြီ။

​ ဒီ စာပေသမားတွေကတော့ သွယ်ဝိုက်တဲ့ စကားလုံးတွေ သုံးရတာကို တကယ် သဘောကျတာပဲ။

​ ဟန်ပန်တွေ များလွန်းတယ်။

​ မနက်စာ စားပြီးနောက် လျူယွမ် ပုံမှန်အတိုင်း အလုပ်သွားခဲ့သည်။

​ ခြံဝင်းထဲကို ဖြတ်လျှောက်သွားစဉ်...

​ အငြိမ်းစား အဘိုးကြီးအချို့ နံနက်ခင်း တိုင်ချီ ကစားနေကြသည်ကို တွေ့လိုက်ရသည်။

​ အဘိုးချင်၊ အဘိုးဝမ်၊ အဘိုးလီ၊ အဘိုးချန်း၊ အဘိုးချန်၊ အဘိုးကျန်း...

​ စုစုပေါင်း ခြောက်ယောက် ရှိသည်။

​ သူတို့ရဲ့ လှုပ်ရှားမှုတွေက တစ်ယောက်နဲ့တစ်ယောက် လုံးဝ မညီညာကြသော်လည်း သူတို့ကြားထဲမှာတော့ နားလည်မှုတစ်ခု ရှိနေကြသည်။ အဓိကကတော့ လျူယွမ် မမွေးခင်ကတည်းက သူတို့တွေ ဒီခြံဝင်းထဲမှာ အတူတူ နေလာခဲ့ကြတာ နှစ်ပေါင်း နှစ်ဆယ်ကျော်နေပြီကိုး။

​ လျူယွမ်လည်း နှုတ်ဆက်တဲ့အနေနဲ့ သူတို့နဲ့အတူ ဝင်ပြီး တိုင်ချီ ကစားလိုက်သည်။

​ တာအိုဆရာကြီး အဘိုးကျန်းရဲ့ အကြည့်က လျူယွမ်ပေါ်သို့ မရည်ရွယ်ဘဲ ကျရောက်သွားပြီးနောက် သူက အံ့ဩတကြီး အော်လိုက်မိသည် -

“လျူယွမ်လေး... မင်းရဲ့ ဝမ်းဗိုက်အောက်ပိုင်းထဲမှာ စွမ်းအင်လှိုင်းတွေ စီးဆင်းနေပါလား... မင်းက ဝိညာဥ်စွမ်းအင်ကို စစ်မှန်တဲ့ ချီစွမ်းအင်အဖြစ် ပြောင်းလဲတဲ့အဆင့်ကို တတ်မြောက်သွားတာလား”

​ (အင်မော်တယ်ကျင့်ကြံခြင်း အဆင့် - ချီစွမ်းအင်စုဆောင်းခြင်းအဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်၊ ရွှေအမြူအတေအဆင့်၊ နတ်ဘုရားအဆင့်)

All Chapters