အခန်း ၄၁၁
Vol. 42 Ch. 411
အခန်း (၄၁၁) လျှပ်စီး
မီးခိုးရောင် ကျုံးရှန်းဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးရဲဘော်က လျူကွမ်ချန်ထံသို့ မျိုးစေ့အိတ်တစ်အိတ်ကို ကမ်းပေးလိုက်သည်။
လျူကွမ်ချန်က ၎င်းကို ချက်ချင်းပင် လှမ်းယူလိုက်၏။
"အစ်ကို ဒါက ဘယ်သူလဲ..."
လျူယွီရွှေသည် သူတို့ဘေးတွင် ရပ်နေသော လီလန်အား စူးစမ်းလိုစိတ်ဖြင့်ကြည့်ကာ မေးလိုက်သည်။
သူသည် အရပ်ရှည်ရှည်၊ မျက်လုံးပြူးပြူး၊ ချောမောသော ရုပ်ရည်ရှိပြီး တက်ကြွမှုအပြည့်နှင့် ကျန်းမာသော ဂျုံရောင်အသားအရေရှိသည့် အလွန်နုပျိုသော ရဲဘော်တစ်ဦးဖြစ်သည်။
လျူယွီရွှေက လူကဲခတ်ကောင်းသူဖြစ်၏။ ဤလူငယ်ရဲဘော်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသည် မုဆိုးတစ်ဦးဖြစ်ကြောင်း သူမ ခန့်မှန်းမိလိုက်သည်။
"ယွီရွှေ… လာ.. မင်းကို မိတ်ဆက်ပေးမယ်... သူက ရွှမ်းရွှေရွာက အဖွဲ့ခေါင်းဆောင်လီ လီလန်ပဲ..."
ထိုစကားကို ကြားလိုက်ရသည့်အခါ လျူယွီရွှေ၏ လှပသော မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားပြီး အလန့်တကြား ရေရွတ်လိုက်မိသည်။
"ဘာ... အဖွဲ့ခေါင်းဆောင်လီ... မီးနဂါးမုဆိုးအဖွဲ့က အဖွဲ့ခေါင်းဆောင်လီလား..."
"ဟုတ်တယ်..."
လျူကွမ်ချန်သည် ပြုံး၍ ခေါင်းညိတ်လိုက်ပြီး သူ၏ညီမ လျူယွီရွှေကို တစ်လှည့် လီလန်ကို တစ်လှည့် ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးများမှာ တောက်ပနေတော့သည်။
"အခြေအနေကို ကြည့်ရတာ ဒ္ကောင်မလေး ယွီရွှေက အဖွဲ့ခေါင်းဆောင်လီကို စိတ်ဝင်စားနေတာများလား..."
တကယ်ပင် ဖြစ်နေလေသည်။
[ဒင်... လျူယွီရွှေ၏ နှစ်သက်ခြင်းအမှတ် +၅၀၀၀ ]
[ဒင်... လျူယွီရွှေ၏ နှစ်သက်ခြင်းအမှတ် +၅၀၀၀ ]
လီလန်၏ စိတ်ထဲတွင် ရင်းနှီးနေသော အီလက်ထရောနစ်အသံနှစ်ခု ထွက်ပေါ်လာ၏။
သို့သော်လည်း သူသည် ယခုအချိန်တွင် ထိုအရာများကို အာရုံမစိုက်နိုင်တော့ပေ။ သူ၏ အတွေးများအားလုံးမှာ လျူကွမ်ချန်၏ လက်ထဲရှိ မျိုးစေ့အိတ်အပေါ်တွင်သာ ရောက်ရှိနေသည်။
ဤသူမှာ လီလန်ဖြစ်ကြောင်း ကြားလိုက်ရသည်နှင့်တပြိုင်နက် လျူယွီရွှေသည် သူမ၏ အသွင်အပြင်ကို ချက်ချင်းပင် သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး ကျုံးရှန်းဝတ်စုံ၏ ကြယ်သီးများကို တပ်လိုက်သည်။ ထို့နောက် သူမသည် လက်ကို ကမ်းပေးကာ ပွင့်လင်းစွာဖြင့် ပြောလိုက်၏။
"မင်္ဂလာပါ အဖွဲ့ခေါင်းဆောင်လီ... ကျွန်မက လျူကွမ်ချန်ရဲ့ ညီမ လျူယွီရွှေပါ..."
"မင်္ဂလာပါ..."
လီလန်က ခေါင်းညိတ်ပြလိုက်သည်။
လီလန်က လက်ပြန်မကမ်းပေးသည်ကို မြင်သောအခါ လျူယွီရွှေမှာ အနည်းငယ် စိတ်ပျက်သွားတော့သည်။
"အဖွဲ့ခေါင်းဆောင်လီ၊ ရှင်က ကျွန်မအစ်ကိုဆီကို ကိစ္စတစ်ခုခုရှိလို့ လာတာလား..."
သူမသည် စကားပြောရန် အကြောင်းအရာကို တက်ကြွစွာ ရှာဖွေလိုက်သည်။
"အကုန်ရှင်းလင်းသွားပါပြီ..."
ထို့နောက် လီလန်က ပြောလိုက်သည်။
သူသည် လျူကွမ်ချန်ဘက်သို့ လှည့်ကာ မေးလိုက်၏။
"အဖွဲ့ခေါင်းဆောင်လျူ ခင်ဗျားရဲ့ ဒီအိတ်က ဟင်းသီးဟင်းရွက် မျိုးစေ့တွေလား..."
လျူကွမ်ချန်က ခေါင်းညိတ်လိုက်သည်။
"မျိုးစေ့တွေပါ... ယွီရွှေက မြို့နယ် မျိုးစေ့ရုံကနေ ပြန်ယူလာတာလေ..."
စားနပ်ရိက္ခာရုံကဲ့သို့ပင် မြို့နယ်တွင်လည်း မျိုးစေ့ရုံတစ်ခုရှိပြီး စိုက်ပျိုးရေးဗျူရိုမှ စီမံခန့်ခွဲကာ မြို့နယ်လက်အောက်ရှိ ကျေးရွာများသို့ မျိုးစေ့များ ရောင်းချပေးရန် အဓိကတာဝန်ယူထားသည်။
မျိုးစေ့အမျိုးအစား များစွာရှိသည်။ ဆန်၊ ပြောင်းဖူး၊ နှံစားပြောင်းနှင့် ဂျုံစသည့် အဓိကသီးနှံများအပြင် သခွားသီး၊ ဂေါ်ဖီထုပ်၊ တရုတ်ဂေါ်ဖီထုပ်နှင့် မုန်လာဥစသည့် ဟင်းသီးဟင်းရွက်များလည်း ပါဝင်လေသည်။
သို့သော်လည်း ကွန်မြူနစ်အဖွဲ့မှ ဝန်ထမ်းများသာ မျိုးစေ့လာရောက် ထုတ်ယူခွင့်ရှိပြီး တစ်ဦးချင်းစီအား မျိုးစေ့ဝယ်ယူခွင့် မပြုထားပေ။
ပထမအချက်မှာ ကိုယ်ပိုင်မြေကွက် မရှိခြင်းဖြစ်ပြီး ဒုတိယအချက်မှာ မူဝါဒက ခွင့်မပြုခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်သည် ယခုအခါ စုပေါင်းစီးပွားရေးစနစ်ကို အကောင်အထည်ဖော်နေပြီး အရာအားလုံးသည် စုပေါင်းစနစ်နှင့် ကိုက်ညီရမည်ဖြစ်သည်။
သို့ဖြစ်၍ မျိုးစေ့ဝယ်ယူရာတွင်လည်း စုပေါင်းအဖွဲ့မှ လူတစ်ဦးကို စေလွှတ်ကာ ပေါင်းစည်းဝယ်ယူရေးစနစ်ဖြင့် ဝယ်ယူကြရခြင်း ဖြစ်လေသည်။
လျူကွမ်ချန်သည် အကဲခတ်ကောင်းပြီး ကိစ္စရပ်များကို မည်သို့ကိုင်တွယ်ရမည်ကို သိသူဖြစ်သည်။ လီလန်က မျိုးစေ့များအကြောင်း မေးမြန်းသည်ကို မြင်သောအခါ သူက ချက်ချင်းပင် ဝင်ပြောလိုက်၏။
"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားအိမ်မှာ ကိုယ်ပိုင်မြေကွက် ရှိလို့လား..."
"ဟုတ်ကဲ့ ရှိပါတယ်..."
လီလန်၏ မိသားစုတွင် သေးငယ်သော ကိုယ်ပိုင်မြေကွက်တစ်ခု တကယ်ပင်ရှိသည်။ ၎င်းမှာ သူ၏အဖေဖြစ်သူက တောင်နောက်ဘက်ရှိ မြေရိုင်းများကို ရှင်းလင်း၍ ဖော်ထုတ်ထားခြင်းဖြစ်၏။ ဧရိယာအားဖြင့် သိပ်မကျယ်ဝန်းဘဲ ဧကဝက်ခန့်သာရှိကာ များသောအားဖြင့် အာလူးများနှင့် ကန်စွန်းဥများကို စိုက်ပျိုးလေ့ရှိသည်။
ပြီးခဲ့သည့်အကြိမ်က လီလန် အာလူးအတုံးလေးများ စိုက်ပျိုးခဲ့သည့် မြေနေရာမှာလည်း တောင်နောက်ဘက်ရှိ ဤဧကဝက်ခန့်ရှိသော မြေကွက်ပင် ဖြစ်လေသည်။
"မြေမရှိတာက ပြဿနာမဟုတ်ပါဘူး... ကျွန်တော့်မှာ အချိန်ရှိတော့ မြေသစ်နည်းနည်း ထပ်ရှင်းလို့ရပါတယ်..."
လီလန်က ပေါ့ပေါ့ပါးပါးပင် ထပ်ဖြည့်ပြောလိုက်သည်။
ထိုအခါ လျူကွမ်ချန်က ပြောလိုက်၏။
"ဒါဆို ကွက်တိပဲ... အဖွဲ့ခေါင်းဆောင်လီ၊ ကျွန်တော့်ဆီမှာ ဟင်းသီးဟင်းရွက် မျိုးစေ့အပိုတချို့ရှိတယ်... ခင်ဗျားစိတ်မရှိဘူးဆိုရင် ယူသွားလို့ရပါတယ်..."
လျူကွမ်ချန်သည် စကားပြောနေရင်း သူ၏ ဟင်းသီးဟင်းရွက် မျိုးစေ့အိတ်ကိုဖွင့်ကာ လီလန်အား တက်ကြွစွာ ပြသလိုက်သည်။
လျူယွီရွှေမှာ ကြောင်တောင်တောင် ဖြစ်သွားပြီး သူမ၏ အစ်ကိုဖြစ်သူ လျူကွမ်ချန်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
"အစ်ကို ဘာလုပ်နေတာလဲ..."
လျူကွမ်ချန်က သူမကို လျစ်လျူရှုကာ မျိုးစေ့အိတ်အချို့ကို ထုတ်၍ လီလန်ထံသို့ ကမ်းပေးလိုက်သည်။
"အဖွဲ့ခေါင်းဆောင်လီ ဒါတွေက မုန်လာဥမျိုးစေ့တွေ ဒါက ခရမ်းချဉ်သီး ပြီးတော့ ခရမ်းသီးလည်းပါတယ်... သခွားသီးမျိုးစေ့တွေလည်းရှိတယ်... အိုး... ဒါတွေက တရုတ်ဂေါ်ဖီထုပ်နဲ့ ရိုးရိုးဂေါ်ဖီထုပ်တွေပါ..."
"ရွှေဖရုံသီး မျိုးစေ့တွေလည်း ဒီမှာရှိတယ်... ယူသွားလိုက်ပါ..."
လျူကွမ်ချန်သည် လီလန်၏ လက်ထဲသို့ မျိုးစေ့အိတ်အချို့ကို ထည့်ပေးလိုက်ရာ အားလုံးမှာ အများအားဖြင့် စားလေ့ရှိသော ဟင်းသီးဟင်းရွက်များ ဖြစ်ကြသည်။
ရွှေဖရုံသီး၊ ဂေါ်ဖီထုပ်၊ တရုတ်ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ခရမ်းသီး...
"ဒါဆိုလည်း ကျွန်တော် အားမနာတော့ဘူးဗျာ... အဖွဲ့ခေါင်းဆောင်လျူ ကျေးဇူးပဲ..."
"နောက်ကျရင် ဆေးဖက်ဝင်အပင်တွေ ဝယ်တဲ့အခါ ခင်ဗျားတို့ရွာကို ဈေးကောင်းကောင်း ပေးပါ့မယ်..."
ထိုစကားကို ကြားလိုက်ရသည့်အခါ လျူကွမ်ချန်မှာ ချက်ချင်းပင် အလွန်စိတ်လှုပ်ရှားသွားတော့သည်။ သူက အလျင်အမြန် ပြောလိုက်၏။
"အဖွဲ့ခေါင်းဆောင်လီ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ..."
လီလန်သည် ခေါင်းညိတ်ပြကာ မျိုးစေ့အိတ်များကို ယူ၍ သူတို့ကို နှုတ်ဆက်ပြီးနောက် ထွက်ခွာလာခဲ့လေသည်။
သူ ထွက်မသွားခင်လေးတွင် လျူကွမ်ချန်၏ ညီမဖြစ်သူ လျူယွီရွှေက နောက်ဘက်မှနေ၍ "အစ်ကို အဖွဲ့ခေါင်းဆောင်လီ ပြောသွားတဲ့ ဆေးဖက်ဝင်အပင်လုပ်ငန်းဆိုတာ ဘာလဲ..." ဟု မေးနေသံကို ကြားနေရဆဲဖြစ်သည်။ သူမ၏ အသံမှာ အကြောင်းစုံကို မသိရမချင်း ရပ်တန့်မည်မဟုတ်သည့်ပုံပင်။
လီလန်သည် အိမ်သို့ပြန်ရောက်သောအခါ ဟင်းသီးဟင်းရွက် မျိုးစေ့အိတ်များကို ကန်းစားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ပစ်တင်လိုက်သည်။
လီတာ့ဟိုင်က လက်ဖက်ရည်တစ်ခွက် ယူလာပေးရင်း ထိုအိတ်များကို မြင်သောအခါ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"သား ဒါတွေက ဘာတွေလဲ..."
လီလန်က လက်ဖက်ရည်ခွက်ကို ယူ၍ တစ်ငုံခန့် သောက်လိုက်သည်။
"ဟင်းသီးဟင်းရွက် မျိုးစေ့တွေပါ..."
"တရုတ်ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ခရမ်းချဉ်သီး... အစုံပဲ..."
လီတာ့ဟိုင်မှာ အလွန်အံ့ဩသွားလေသည်။
"ဟင်းသီးဟင်းရွက် မျိုးစေ့တွေ... မင်း ဒါတွေကို ဘယ်လိုရလာတာလဲ..."
"ကျွန်တော် ချောင်တျန်းကျီရွာ ကွန်မြူနစ်အဖွဲ့ဆီက ရလာတာပါ..."
လီလန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ရွာထဲတွင် မျိုးစေ့များ ရနိုင်သည့် တစ်ခုတည်းသောနေရာမှာ ကွန်မြူနစ်အဖွဲ့၏ ရုံးချုပ်သာ ဖြစ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဟင်းသီးဟင်းရွက် နည်းနည်းပါးပါး စိုက်ဖို့ တပ်ဖွဲ့ခေါင်းဆောင်ရှန်းဆီမှာ မျိုးစေ့တချို့ သွားတောင်းမလို့ စဉ်းစားနေတာ... အခု ချောင်တျန်းကျီရွာက အဖွဲ့ခေါင်းဆောင်လျူက တချို့ပေးလိုက်တော့ ကျွန်တော့်အတွက် အလုပ်သက်သာသွားတာပေါ့..."
ထိုစကားကို ကြားသောအခါ လီတာ့ဟိုင်က မေးလိုက်၏။
“သား မင်းက ဟင်းသီးဟင်းရွက်တွေ စိုက်မလို့လား..."
"ဟုတ်ကဲ့..."
လီလန်က ခေါင်းညိတ်ပြလိုက်သည်။
"ဒီနေ့ ကျွန်တော် အားနေတာဆိုတော့ ဟင်းသီးဟင်းရွက်တွေစိုက်ဖို့ အချိန်နည်းနည်း ယူလိုက်မယ်... ဒါတွေ ကြီးလာရင် ကျွန်တော်တို့ မိသားစု လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေ စားရပြီလေ..."
အနီးဆုံး နိုင်ငံပိုင် ဟင်းသီးဟင်းရွက်ဈေးမှာ ကီလိုမီတာ သုံးဆယ်ခန့် ဝေးကွာပြီး ဟင်းသီးဟင်းရွက် ဝယ်ယူရန်မှာ အလွန်ဒုက္ခများသော ကိစ္စတစ်ခုဖြစ်သည်။
လီလန်တွင် စက်ဘီးရှိလျှင်ပင် အသွားအပြန် ခရီးအတွက် နာရီအနည်းငယ် ကြာဦးမည် ဖြစ်လေသည်။
လီလန်သည် မိမိဘာသာ ဖူလုံစေရန်အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် ဆုံးဖြတ်လိုက်သည်။ ၎င်းက မြို့ထဲသို့ စက်ဘီးစီး၍ သွားဝယ်ခြင်းထက် များစွာပိုကောင်းလေသည်။
ဟင်းသီးဟင်းရွက် ဝယ်ရန်အတွက် ငွေကြေးနှင့် လက်မှတ်များ လိုအပ်ပေသည်။
ဟင်းသီးဟင်းရွက်လက်မှတ်များ ဆိုသည်မှာလည်း ရရှိရန် မလွယ်ကူလှပေ။
လီတာ့ဟိုင်သည် မျိုးစေ့အိတ်များကို ထုတ်ယူလိုက်ကာ ပြောလိုက်၏။
"ဒါတွေက တရုတ်ဂေါ်ဖီထုပ်အတွက်၊ ဒါတွေက မုန်လာဥအတွက်၊ ဒါတွေက သခွားသီးအတွက်..."
လီတာ့ဟိုင်သည် စိုက်ပျိုးရေးတွင်လည်း ကျွမ်းကျင်သူဖြစ်ရာ ဤဟင်းသီးဟင်းရွက် မျိုးစေ့များကို ကောင်းစွာ သိရှိလေသည်။
သူသည် မျိုးစေ့များကို ဖယ်ထားလိုက်ပြီး လီလန်ဘက်သို့ လှည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"သား ဟင်းသီးဟင်းရွက်တွေ စိုက်တာက ကောင်းပါတယ် ဒါပေမဲ့ ငါတို့ မိသားစုမှာ ကိုယ်ပိုင်မြေကွက် မကျန်တော့ဘူးလေ... အကယ်၍ ဟင်းသီးဟင်းရွက်တွေ စိုက်မယ်ဆိုရင် အဖေ စိုးရိမ်တာက..."
သို့သော် လီလန်က ခေါင်းယမ်းလိုက်၏။
"အဲ့ဒါက ပြဿနာမဟုတ်ပါဘူး... ကျွန်တော် မြေသစ်နည်းနည်း ထပ်ရှင်းလိုက်ပါ့မယ်..."
"မြေသစ်ထပ်ရှင်းမယ်..."
လီတာ့ဟိုင်မှာ လန့်သွားလေသည်။
"မြေသစ်ထပ်ရှင်းမယ်ဆိုတော့... ရွာက သဘောတူပါ့မလား..."
လီတာ့ဟိုင်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မသေချာစွာ မေးလိုက်သည်။
"တပ်ဖွဲ့ခေါင်းဆောင်ရှန်းကိုသာ ပြောလိုက်ပါ... ကျွန်တော်က ရွာအတွက် လူသားစားကျားသစ်ကိုတောင် နှိမ်နင်းပေးထားတာလေ... ဟင်းသီးဟင်းရွက်စိုက်ဖို့ မြေနည်းနည်း ရှင်းတာလောက်ကိုတော့ ဘယ်သူမှ ကန့်ကွက်မှာ မဟုတ်ပါဘူး ဟုတ်တယ်မလား..."
"ဒါလည်း ဟုတ်တာပဲ... ကောင်းပြီလေ... ဒါဆို အဖေ တပ်ဖွဲ့ခေါင်းဆောင်ရှန်းဆီ သွားမေးလိုက်မယ်..."
အချိန်ဆွဲမနေဘဲ လီတာ့ဟိုင်မှာလည်း တွန့်ဆုတ်မနေတော့ပေ။ သူသည် တပ်ဖွဲ့ခေါင်းဆောင်ရှန်းအား မေးမြန်းရန်အတွက် ရွှမ်းရွှေရွာ ကွန်မြူနစ်အဖွဲ့သို့ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
လီလန်သည် အပူပေးထားသော ကန်းပေါ်တွင် ထိုင်၍ လက်ဖက်ရည်သောက်နေစဉ် ကန်းအောက်မှ တောကြောင်ရိုင်းတစ်ကောင်၏ အော်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။
သူ ငုံ့ကြည့်လိုက်ရာ အမွှေးပွပွ သားရဲလေးတစ်ကောင်ကို တွေ့လိုက်ရ၏။
၎င်းမှာ အူလမ်းကြောင်း ရောင်ရမ်းခြင်းဖြစ်ကာ သေလုနီးပါးဖြစ်ခဲ့သည့် ကျားသစ်ပေါက်စပင် ဖြစ်သည်။
လီလန်သည် ကိုယ်ကိုကိုင်းကာ ကျားသစ်ပေါက်စကို ကောက်ချီလိုက်ပြီး အပူပေးထားသော ကန်းပေါ်သို့ တင်ပေးလိုက်သည်။
"အိုး... ဒီကောင်လေးက ပိုဝလာတာပဲ..."
လီလန်သည် သူ၏လက်ထဲမှ ကျားသစ်ပေါက်စကို အလေးချိန်ကြည့်လိုက်ရာ ပထမဆုံးအကြိမ် တွေ့ခဲ့ရသည့်အချိန်နှင့်စာလျှင် အနည်းဆုံး လေးငါးကျင်းခန့် ပိုမိုလေးလံလာကြောင်း သိလိုက်ရသည်။
ရက်အနည်းငယ်ကြာ ဆေးကုသမှု ခံယူပြီးနောက် အာဟာရဖြည့်တင်းပေးလိုက်သည့်အခါ ယခင်က အာဟာရချို့တဲ့ကာ ဖျော့တော့နေသည့် အသွင်အပြင်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ယခုအခါ ကျားသစ်ပေါက်စလေးမှာ သွက်လက်တက်ကြွကာ သန်စွမ်းနေပြီး အရှေ့မြောက်ပိုင်းကျားသစ်ပေါက်စ တစ်ကောင်၏ ခမ်းနားထည်ဝါသော အသွင်အပြင်မျိုး အမှန်တကယ် ပေါ်လွင်နေလေပြီ။
"အခု မင်းရဲ့ ရောဂါလည်း ပျောက်သွားပြီဆိုတော့ မင်းရဲ့အမေနဲ့ အဖေ မကြာခင် မင်းကို လာခေါ်ကြတော့မှာပါ..."
လီလန်သည် တောင်ပေါ်တွင် သူတွေ့ခဲ့ရသော ကျားသစ်နှစ်ကောင်ကို သတိရသွားသည်။ ၎င်းတို့ထဲမှ တစ်ကောင်မှာ မျက်နှာအမာရွတ်နှင့် ကျားသစ်ဖြစ်ပြီး အလွန်ကြမ်းကြုတ်ကာ ထိတ်လန့်ဖွယ်ကောင်းသော ရုပ်ရည်သွင်ပြင် ရှိလေသည်။
"မင်း ငါ့အိမ်မှာ နေလာတာ အတော်ကြာနေပြီကို ငါ မင်းကို နာမည်မပေးရသေးဘူးပဲ... ငါ မင်းကို နာမည်တစ်ခု ပေးမယ်..."
"ဝမ်ချိုက်ဆိုရင်ကော ဘယ်လိုလဲ..."
"အားဝူး..."
"ဟားဟား... ငါ မင်းကို စနေတာပါ... ရွာက ခွေးတွေပဲ အဲ့ဒီနာမည် ခေါ်ကြတာ..."
"ငါ မင်းကို ပိုပြီး ခန့်ညားတဲ့ နာမည်တစ်ခု ပေးမယ်..."
"မင်းက ပြေးတာမြန်တော့ မင်းကို လျှပ်စီးလို့ ခေါ်မယ်..."