← Chapters

အခန်း ၄၁၈

Vol. 42 Ch. 418

အခန်း ၄၁၈

Vol. 42 Ch. 418

အခန်း (၄၁၈) တောင်ပေါ်မှ ဆင်းလာသော သားရဲကြီး

"အဖွဲ့ခေါင်းဆောင်ချန်..."

လီလန် စကားပြောရန် ပြင်လိုက်စဉ် သူ၏ရင်ခွင်ထဲရှိ ကျားသစ်ပေါက်စလေးထံမှ မြောင် ဆိုသော အသံလေး ထွက်ပေါ်လာလေသည်။

"အဲဒါ ဘာအသံလဲ..."

ချန်ဆန်း၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး သူ၏ ကျောပြင်မှ အမဲလိုက်သေနတ်ကို အလိုအလျောက် ဆွဲဖြုတ်လိုက်သည်။

ထိုအသံလေးမှာ မပီဝဲတဝဲ နိုင်လှသော်လည်း ၎င်းအတွင်း၌ အငွေ့အသက်တစ်မျိုး ပါဝင်နေ၏။ သားရဲတိရစ္ဆာန်တစ်ကောင်၏ အငွေ့အသက်ပင် ဖြစ်သည်။

"အဖွဲ့ခေါင်းဆောင် ဘာဖြစ်လို့လဲ..."

ချန်ဆန်း၏ အနောက်ဘက်ရှိ ပြည်သူ့စစ်များမှာ သူ အမဲလိုက်သေနတ်ကို ဖြုတ်ယူလိုက်ပြီး တင်းမာသော မျက်နှာထား ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ အလျင်အမြန် ကပ်လာကြသည်။

လီလန်သည် ပြည်သူ့စစ်များ လန့်သွားသည်ကို မြင်လိုက်ရသဖြင့် သူ၏ အပေါ်အင်္ကျီကို ဖွင့်ကာ ကျားသစ်ပေါက်စလေးကို အပြင်သို့ ထုတ်ပြရန် ပြင်လိုက်သည်။

ရုတ်တရက် ကျူပင်တောထဲမှ နားစည်ကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာတော့၏။

ထိုဟိန်းဟောက်သံကြီးမှာ လူတိုင်း၏ နားဘေးတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျယ်လောင်လှပေသည်။

လီလန်မှလွဲ၍ ကျန်ပြည်သူ့စစ်ငါးယောက်စလုံး လန့်ဖျပ်သွားကာ တစ်ကိုယ်လုံး တုန်ယင်သွားကြသည်။

ဤသည်မှာ သားရဲတိရစ္ဆာန်ကြီး တစ်ကောင်၏ ဟိန်းဟောက်သံပင်ဖြစ်၏။ ၎င်းမှာ သေချာပေါက် ရိုင်းစိုင်းပြီး သွေးအေးရက်စက်သော တောရိုင်းသားရဲကြီးတစ်ကောင်ပင် ဖြစ်လေသည်။

"အဖွဲ့... အဖွဲ့ခေါင်းဆောင် ဘာ... ဘာဖြစ်တာလဲ..."

သတ္တိမရှိသော ပြည်သူ့စစ်တစ်ယောက်မှာ မျက်နှာများ ဖြူရော်သွားပြီး သူ၏သေနတ်ကို ကျောပေါ်မှ အထိတ်တလန့် ဆွဲဖြုတ်လိုက်သည်။ သေနတ်ကိုင်ထားသော သူ၏ လက်များမှာလည်း တုန်ယင်နေတော့၏။

အခြားသော ပြည်သူ့စစ်များ၏ မျက်နှာများမှာလည်း ကြည့်မကောင်းအောင် ဖြစ်နေကြပြီး သိသိသာသာ တင်းမာလာကာ ချန်ဆန်းအနီးသို့ တိုးကပ်သွားကြရင်း သေနတ်များကို ဆုပ်ကိုင်ကာ ကျူပင်တောဆီသို့ စိုးရိမ်တကြီး စိုက်ကြည့်နေကြသည်။

ဤပြည်သူ့စစ်များနှင့် နှိုင်းယှဉ်ပါက ချန်ဆန်းမှာ များစွာတည်ငြိမ်နေသည်။

"ဘာတွေ လန့်နေကြတာလဲ... မင်းတို့ရဲ့ အမဲလိုက်သေနတ်တွေကို သေချာကိုင်ထားကြစမ်း... ငါတို့ဆီမှာ သေနတ်ငါးလက်တောင် ရှိနေတာပဲ ကျားသစ်နှစ်ကောင်ကို တကယ်ကြောက်နေရမှာလား..."

မည်သည့်သားရဲက ဟိန်းဟောက်သံ ပေးလိုက်သည်ကို ချန်ဆန်း သေချာပေါက် သိနေသည်။ ၎င်းမှာ မောင်အားတောင်ပေါ်မှ ဆင်းလာသော ကျားသစ်နှစ်ကောင်ပင် ဖြစ်၏။ အထီးတစ်ကောင်နှင့် အမတစ်ကောင် ဖြစ်လေသည်။

လီလန်သည် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ချန်ဆန်းကို ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် အားကျလေးစားမှုအချို့ ကိန်းအောင်းနေသည်။

ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဖြစ်လာနိုင်သူများမှာ တကယ့်ကို သာမန်လူများ မဟုတ်ကြပေ။ ဤပြည်သူ့စစ်များ၏ လက်တွေ့လုပ်ဆောင်ပုံများမှာ ချန်ဆန်းနှင့် လုံးဝကို ကွာခြားလှသည်။

"တပ်ဖွဲ့ခေါင်းဆောင်ရှန်းက ချန်ဆန်းကို အထင်ကြီးပြီး ရွှမ်းရွှေရွာရဲ့ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်တာ အံ့သြစရာတော့ မဟုတ်ဘူးပဲ..."

အကယ်၍ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တစ်ယောက်သည် သားရဲတိရစ္ဆာန်များနှင့် ရင်ဆိုင်ရချိန်တွင် ကြောက်ရွံ့သွားပါက သူသည် အရက်သောက်ရန်နှင့် ကြွားလုံးထုတ်ရန်သာ သိသော အသုံးမကျသူတစ်ယောက်သာ ဖြစ်သွားပေမည်။

ထိုကဲ့သို့သောလူသာ ရွှမ်းရွှေရွာ၏ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဖြစ်လာပါက တပ်ဖွဲ့ခေါင်းဆောင် ရှန်းဖူကွေ့က မျက်ကန်းဖြစ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် တပ်ဖွဲ့ခေါင်းဆောင်ရှန်းမှာ မျက်ကန်းမဟုတ်ပေ။ သူရွေးချယ်ခဲ့သော ရွှမ်းရွှေရွာ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်မှာ တကယ့်ကို အရည်အချင်းရှိလှသည်။

သားရဲများ တိုက်ခိုက်လာချိန်တွင် အန္တရာယ်နှင့် ရင်ဆိုင်ရသော်လည်း သူက လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် သူ၏ ရဲစွမ်းသတ္တိမှာ တစ်ရွာလုံးရှိ အကောင်းဆုံးစာရင်းဝင် ဖြစ်နေလေပြီ။

"ဘေးကင်းလုံခြုံရေးခလုတ် ဖြုတ်လိုက် မောင်းတင်ပြီး ကျူပင်တောဘက်ကို ချိန်ထားကြစမ်း... ဟိုသားရဲနှစ်ကောင် ခေါင်းပြူထွက်လာရဲတာနဲ့ ပစ်သတ်လိုက်ကြ..."

ချန်ဆန်းက အော်ဟစ်လိုက်ရာ သူ၏အသံမှာ ခွန်အားပါပြီး နားစည်ကွဲမတတ်ပင်။ အဖွဲ့ခေါင်းဆောင်၏ အော်ငေါက်မှုအောက်တွင် ထိတ်လန့်နေသော ပြည်သူ့စစ်လေးယောက်မှာ အလျင်အမြန် စိတ်ပြန်လည်တည်ငြိမ်သွားကြပြီး မောင်းတင်ကာ ကျွမ်းကျင်စွာ ချိန်ရွယ်လိုက်ကြသည်။

လီလန်က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလျင်အမြန် တားမြစ်လိုက်သည်။

"မပစ်ကြနဲ့ လုံးဝ မပစ်ကြနဲ့..."

ချန်ဆန်းမှာ မျက်မှောင်ကြုတ်သွားပြီး လီလန်အား ကြည့်လိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားစကားက ဘာသဘောလဲ... ဘာလို့ ကျွန်တော်တို့ကို ပစ်ခွင့်မပေးတာလဲ..."

ချန်ဆန်းမှာ အလွန်ပင် နားမလည်နိုင်ဖြစ်သွားပြီး စိတ်ထဲမှ တွေးလိုက်သည်။

*တောရိုင်းကျားသစ်ရဲ့ ခြေသည်းတွေက ငါ့မျက်နှာပေါ် ရောက်နေပြီကို မင်းက မပစ်ရဘူးလို့ ပြောနေတာလား... အဲဒါက ဘာသဘောလဲ…*

"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားက ကြီးကျယ်တဲ့ မုဆိုးတစ်ယောက် လက်စွမ်းကောင်းတစ်ယောက်ဆိုတာ ကျွန်တော်သိပါတယ် ဒါပေမဲ့ အဲ့လောက်ကြီး ကိုယ့်ကိုယ်ကိုယ် အထင်မကြီးသင့်ဘူး... ထိုသားရဲနှစ်ကောင်က..."

ချန်ဆန်း စကားပြောနေရင်း အောက်သို့ ငုံ့ကြည့်လိုက်ရာ လီလန်၏ ရင်ဘတ်ထဲမှ ပြူထွက်နေသော အမွေးထူထူ သတ္တဝါလေးကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မှင်တက်သွားတော့သည်။

"ဒါ... ဒါက..."

သူ၏ရှေ့ရှိ အမွေးထူထူ သတ္တဝါလေးမှာ ကြောင်လေးတစ်ကောင်နှင့် တူပြီး ကိုယ်လုံးပေါ်တွင် အမည်းစက်များ ပါရှိကာ ချစ်စရာကောင်းပြီး ခန့်ညားလှသည်။

"ဒါက အရှေ့ဖျားကျားသစ်ပေါက်စလေးပဲ..."

ချန်ဆန်းသည် အမွေးထူထူ သတ္တဝါလေးကို မှတ်မိသွားကာ အထိတ်တလန့်ဖြင့် မျက်နှာများ ဖြူရော်သွားတော့သည်။

သူက မျက်လုံးများကို ပြူးကျယ်ထားပြီး လုံးဝ မယုံကြည်နိုင်သော အမူအရာဖြင့် လီလန်အား အလျင်အမြန် မော့ကြည့်လိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ ဒါ... ဒါက..."

"အဖွဲ့ခေါင်းဆောင်ချန် ခဏလောက် စိတ်တည်ငြိမ်အောင် ထားပါဦး..."

လီလန်က ချန်ဆန်းအား တစ်ချက်ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"ဒါက ကျွန်တော်ကယ်လာတဲ့ အရှေ့ဖျားကျားသစ်ပေါက်စလေးပါ ပြီးတော့ ဒါက..."

လီလန်က စကားပြောရန် ပြင်လိုက်စဉ်မှာပင် မီတာတစ်ရာအကွာရှိ ကျူပင်တောထဲမှ ကျူပင်များ ရုတ်တရက် လှုပ်ခတ်သွားပြီး မြက်ခင်းထဲမှ သားရဲတစ်ကောင်၏ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

“ဝေါင်း…”

“ဝေါင်း…”

ဧရာမ သားရဲဝါကြီးတစ်ကောင် ကျူပင်တောထဲမှ ရုတ်တရက် ခုန်ထွက်လာသည်။ ၎င်း၏ အစွယ်များမှာ ကြောက်မက်ဖွယ်ကောင်းပြီး ခြေလက်များမှာ တုတ်ခိုင်ကာ ရှည်လျားသော အမြီးကြီးကို ဆွဲယမ်းထား၏။

၎င်း၏ မျက်နှာမှာ ပို၍ပင် ကြောက်စရာကောင်းနေပြီး နဖူးမှ ညာဘက်ပါးပြင်အထိ အမာရွတ်တစ်ခု ရှိနေသည်။ ၎င်းက ယခင်ကတည်းက ရက်စက်ကြမ်းကြုတ်သော ဤသားရဲကြီးကို ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းအောင် ဖန်တီးပေးနေလေသည်။

"ကျားသစ်..."

"အရှေ့ဖျားကျားသစ်ကြီးကွ..."

"တောင်ပေါ်က ဆင်းလာတဲ့ ကျားသစ်ကြီးပဲ..."

"..."

မြက်ခင်းထဲမှ ခုန်ထွက်လာသော မျက်နှာအမာရွတ်နှင့် ကျားသစ်ကြီးကို မြင်လိုက်ရသည့်အခါ ပြည်သူ့စစ်များအားလုံး ကြောက်ရွံ့စိုးရိမ်မှုများဖြင့် မျက်နှာများ ဖြူရော်သွားကြတော့သည်။

ဤမုဆိုးများအတွက်မူ သူတို့တွင် ကြွယ်ဝသော အမဲလိုက်အတွေ့အကြုံများ ရှိပြီး တောင်ပေါ်တွင် ကျားများ၊ ကျားသစ်များ၊ တောခွေးများနှင့် ဝံပုလွေများကို ယခင်က တွေ့ကြုံဖူးကြသည်။

သို့သော် ၎င်းမှာ အဝေးမှသာဖြစ်ပြီး သူတို့သည် လူတစ်ဒါဇင် သို့မဟုတ် နှစ်ဆယ်ကျော်ခန့်ရှိသော အမဲလိုက်အဖွဲ့ကြီးနှင့် အတူရှိနေခဲ့ခြင်းဖြစ်၏။

ယနေ့တွင်မူ မောင်အားတောင်ခြေ၌ မီတာတစ်ရာအကွာမှ မျက်နှာအမာရွတ်နှင့် အရှေ့ဖျားကျားသစ်ကြီးက သူတို့ကို ခြိမ်းခြောက်သည့်အသွင်ဖြင့် စိုက်ကြည့်နေသည်။ မည်သူက မကြောက်ဘဲ နေမည်နည်း။ မည်သူက မထိတ်လန့်ဘဲ နေမည်နည်း။

ကျားသစ်တစ်ကောင်၏ အမြန်နှုန်းမှာ တောရိုင်းတိရစ္ဆာန်များအားလုံးထဲတွင် အမြန်ဆုံးဖြစ်သည်ကို သိထားရပေမည်။ တစ်ချက် ခုန်ပျံလိုက်ရုံဖြင့် ၎င်းသည် သင့်ရှေ့သို့ ချက်ချင်း ရောက်ရှိလာနိုင်ပြီး ၎င်း၏ အစွယ်များဖြင့် သင့်လည်ချောင်းကို ကိုက်ဖြတ်ကာ အသက်ရှူရပ်သွားစေနိုင်သည်။

လီလန်သည် ခုန်ထွက်လာသော သားရဲကြီးကို တစ်ချက်ကြည့်လိုက်ရာ ရင်းနှီးလွန်းနေပြီး အလွန်ကို ရင်းနှီးနေလေသည်။

"တကယ်ပဲ..."

"မင်းရဲ့အဖေနဲ့ မင်းရဲ့အမေပဲ..."

လီလန်သည် မျက်နှာအမာရွတ်နှင့် ကျားသစ်ကြီးကို မှတ်မိသွားပြီး ကျားသစ်အထီးနောက်မှ လိုက်လာသော အနည်းငယ် သေးငယ်သည့် ကျားသစ်အမတစ်ကောင်ကိုလည်း မြင်လိုက်ရသည်။

ဤကျားသစ်အထီးနှင့် အမ နှစ်ကောင်မှာ မောင်အားတောင်ပေါ်တွင် လီလန်နှင့်အတူ တိုက်ပွဲဝင်ခဲ့ပြီး လူသားစားကျားသစ်ကို အတူတကွ သတ်ဖြတ်ခဲ့သော မျက်နှာအမာရွတ်နှင့် ကျားသစ် ဇနီးမောင်နှံပင် ဖြစ်ကြောင်း ထင်ရှားလှပေသည်။ သူတို့သည် လျှပ်စီး၏ မိဘများပင် ဖြစ်လေသည်။

"ရပ်လိုက် မပစ်နဲ့..."

လီလန်သည် သူ၏ ထက်မြက်သော မျက်လုံးများဖြင့် ပြည်သူ့စစ်ငါးယောက်ထဲမှ တစ်ယောက်က ကျားသစ်အထီးကို ချိန်ရွယ်ထားပြီး သေနတ်ခလုတ်ဆွဲရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသည်။

လီလန်၏ အော်သံကြောင့် ပြည်သူ့စစ်မှာ လန့်သွားသည်။

“ဒိုင်း…”

နားကွဲမတတ် သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး အပြာရောင် မီးခိုးငွေ့များ လွင့်ပျံသွားလေသည်။

ကံကောင်းထောက်မစွာဖြင့် လီလန်သည် အချိန်မီ ရှေ့သို့တိုးသွားပြီး ထိုလူ၏ အမဲလိုက်သေနတ်ကို ဆွဲယူကာ လားရာကို ပြောင်းလိုက်ပြီး ကောင်းကင်သို့ ချိန်ရွယ်လိုက်နိုင်၏။

"ခင်ဗျား ဘာလုပ်နေတာလဲ... မပစ်နဲ့လို့ ကျွန်တော်ပြောထားတယ်လေ..."

"ခင်ဗျားလုပ်ရပ်က ကိုယ့်သေတွင်းကိုယ်တူးတာပဲ ဟိုကျားသစ်အထီးသာ ဒေါသထွက်သွားရင် ဒီနေ့ ခင်ဗျားတို့အားလုံး ဒီနေရာမှာ သေကုန်လိမ့်မယ်..."

လီလန်သည် သူ၏ ရင်ထဲမှ အမည်မသိ ဒေါသလှိုင်းများကို မျိုသိပ်ထားလိုက်သည်။ သူ အလွန်ဒေါသထွက်နေမိ၏။ ဤပြည်သူ့စစ်များမှာ အလွန်တရာ မိုက်မဲလွန်းလှသည်။ မိုက်မဲပြီး အသိဉာဏ်ကင်းမဲ့လွန်းလှသည်။

ဤမျက်နှာအမာရွတ်နှင့် ကျားသစ်ကြီးသည် ထိုလူသားစားကျားသစ်နှင့် တစ်ယောက်ချင်း အကြိတ်အနယ် တိုက်ခိုက်နိုင်စွမ်းရှိသည်ကို သိထားသင့်ပေသည်။

တစ်ယောက်ချင်း တိုက်ခိုက်ရာတွင်ပင် ဤမျက်နှာအမာရွတ်နှင့် ကျားသစ်ကြီး၏ တိုက်ခိုက်နိုင်စွမ်းမှာ လူသားစားကျားသစ်ထက် မလျော့ကျဘဲ အများကြီး နောက်ကောက်ကျမနေခဲ့ပေ။

ဒီလောက် ကြမ်းကြုတ်ရက်စက်တဲ့ သားရဲကို ခင်ဗျားက ပစ်တယ်ပေါ့လေ... အကယ်လို့များ လွဲသွားရင် နောက်ထပ် သေရမယ့်လူက ခင်ဗျားပဲ ဖြစ်လိမ့်မယ် ဟု လီလန် တွေးလိုက်သည်။

"ဘယ်ခွေးကောင် ပစ်လိုက်တာလဲ..."

"လောင်လျူ အဖွဲ့ခေါင်းဆောင်လီ ပြောတာကို မကြားဘူးလား... မင်းက ဘာလို့ ပစ်ရတာလဲ..."

"အဖွဲ့ခေါင်းဆောင် ကျွန်တော်... ကျွန်တော်..."

သေနတ်ပစ်လိုက်သော ပြည်သူ့စစ် လောင်လျူမှာ မျက်နှာများ ဖြူရော်နေပြီး သူ၏ တစ်ကိုယ်လုံးမှာ တုန်ယင်ခြင်းကို မရပ်တန့်နိုင်တော့ပေ။

All Chapters