အခန်း ၈၆
Vol. 9 Ch. 86
အခန်း (၈၆) ဒီရဲဘော်က ဘယ်သူလဲ
ကောင်းချွေ့ချွေ့သည် လုံးဝ ရှက်ရွံ့နေခြင်း မရှိဘဲ အားလုံးကို အလွန် သဘာဝကျကာ ပွင့်လင်းစွာဖြင့် နှုတ်ဆက်လိုက်လေသည်။
ကျိုးချန်ယဲ့နှင့် အခြားသူများက အလျင်အမြန် ဘေးသို့ဖယ်ပေးကာ ထိုသူအား အဆောင်ခန်းထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်ကြလေသည်။
သူမက မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ အခန်းထဲသို့ ဝင်လာကာ သူမ၏ လက်ထဲမှ အထုပ်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ကျွမ်းကျင်စွာ ဖွင့်လျက် တောက်ပသော အနီရောင် ငရုတ်ဆီ ပုလင်းအချို့ကို ထုတ်ယူ လိုက်လေသည်။
သူမက ပြုံးလျက် ၎င်းတို့ တစ်ဖွဲ့လုံးကို ပြောလိုက်လေသည်....
"ကျွန်မရဲ့ ဝေကျွင်းကို ပုံမှန်အားဖြင့် အားလုံးက ဂရုစိုက်ပေးကြလို့ပါ... ဒါက အိမ်မှာ လုပ်ထားတဲ့ ငရုတ်ဆီလေးပါ... ထမင်းနဲ့စားရင် အရမ်းကို အရသာရှိတာမို့ အားလုံး မြည်းကြည့်ကြပါဦးနော်..."
ဝမ်အိုက်တန့်၏ မျက်လုံးများ ဝင်းလက်သွားကာ အလျင်အမြန် ပြုံးလျက် ပြန်ဖြေလိုက်လေသည်...။
"အို... ဒါက ကျွန်တော် အကြိုက်ဆုံးပဲ... မရီးကို အများကြီး ကျေးဇူးတင်ပါတယ်ဗျာ..."
"အားလုံး ကြိုက်ကြလို့ ဝမ်းသာပါတယ်..."
ကောင်းချွေ့ချွေ့က ပြုံးလျက် ပြောလိုက်ပြီးနောက် လှည့်ကာ အလုပ်များသွားတော့လေသည်။
သူမက အဝတ်အစားများကို ခေါက်ခြင်း၊ စားပွဲများကို သုတ်ခြင်း၊ ကုတင်အောက်များကို လှည်းကျင်း ခြင်းနှင့် ကျိုးချန်ယဲ့နှင့် အခြားသူများ မရှင်းလင်းရသေးသော စာအုပ်များကိုပင် သေသပ်စွာ စီစဉ်ပေး လိုက်သဖြင့် အဆောင်ခန်းမှာ ချက်ချင်းပင် များစွာ သန့်ရှင်းသွားခဲ့လေတော့သည်။
လျူကျန့်ကော်မှာ တကယ်ကို အားနာသွားသဖြင့် အလျင်အမြန် ရှေ့တိုးလာကာ ပြောလိုက်လေသည်...။
"မရီး... ကျွန်တော်တို့ ဘာသာကျွန်တော်တို့ လုပ်လို့ရပါတယ်... ဘယ်လိုလုပ် မရီးကို အလုပ်လုပ်ခိုင်းလို့ ဖြစ်မှာလဲ..."
"ကျွန်မကို အားနာစရာ မလိုပါဘူး..."
ကောင်းချွေ့ချွေ့က သူမ၏ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေ သည်...။
"ကျွန်မက အိမ်မှာ အလုပ်မျိုးစုံ လုပ်ရတာကို အသားကျနေပါပြီ... ဒါက ဘာမှမဟုတ်ပါဘူး..."
"ဝေကျွင်းက ရိုးသားပေမဲ့ စကားပြော သိပ်မတတ်သလို စကားပြောရတာကိုလည်း သိပ်မကြိုက်ဘူး လေ... ကျောင်းမှာဆိုရင်တော့ ရှင်တို့ပဲ သူ့ကို အများကြီး ကူညီပေးကြပါဦးနော်..."
ဝမ်အိုက်တန့်က လီဝေကျွင်းကို သူ၏ တံတောင်ဆစ်ဖြင့် တွတ်လိုက်ပြီး တိတ်တဆိတ် လက်မထောင် ပြလိုက်လေသည်။
ကျိုးချန်ယဲ့ကလည်း ဘေးမှနေ၍ ရယ်မောကာ နောက်ပြောင်လိုက်သဖြင့် လီဝေကျွင်း၏ မျက်နှာမှာ နီရဲ သွားလိုက် ဖြူဖျော့သွားလိုက် ဖြစ်ကာ မြေကြီးထဲသို့သာ တိုးဝင်ပုန်းကွယ်သွားချင်စိတ် ပေါက်သွားခဲ့ လေတော့သည်။
လီဝေကျွင်း၏ ရှက်ရွံ့နေမှုကို မြင်သောအခါ ကျိုးချန်ယဲ့က ဆက်လက် နောက်ပြောင်နေခြင်းကို ရပ် တန့်လိုက်ပြီး အကြောင်းအရာကို လေးနက်စွာ လွှဲပြောင်းကာ ပြောလိုက်လေသည်...။
"ဝေကျွင်း... မင်းရဲ့ ဇနီးက ဒီနေရာကို ပထမဆုံးအကြိမ် ရောက်လာတာဆိုတော့ သူ့ကို ကြိုဆိုတဲ့အနေနဲ့ ဒီနေ့ည အစိုးရပိုင် စားသောက်ဆိုင်မှာ သွားစားကြတာပေါ့..."
လီဝေကျွင်းက အလျင်အမြန် လက်ကာပြလိုက်ပြီး သူ၏ နောက်စေ့ကို ကုတ်ကာ ယဉ်ကျေးစွာ ငြင်းဆန် လိုက်လေသည်...။
"ချန်ယဲ့... မင်းရဲ့ စေတနာကို နားလည်ပေမဲ့ ဒီနေ့တော့ ထားလိုက်ပါတော့ကွာ..."
"ငါတို့ ခဏနေ တည်းခိုခန်းမှာ နေရာချရဦးမယ်လေ... နောက်ရက်အနည်းငယ်လောက်နေလို့ ငါ အိမ် တစ်လုံး ငှားပြီး အရာအားလုံး အဆင်ကျသွားပြီဆိုရင် မင်းတို့အားလုံးကို ဖိတ်ပြီး ပျော်ပျော်ပါးပါး စား ကြတာပေါ့..."
"မင်းက အိမ်ငှားချင်လို့လား..."
ကျိုးချန်ယဲ့၏ မျက်လုံးများ ဝင်းလက်သွားကာ တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ကိုယ်ကိုကိုင်းလျက် မေးလိုက်လေသည်...။
"မင်းအတွက် အိမ်နဲ့ ပတ်သက်ပြီး သီးသန့် လိုအပ်ချက်တွေ ရှိလို့လား..."
"သီးသန့် လိုအပ်ချက်တော့ မရှိပါဘူး..."
လီဝေကျွင်းက ပြုံးလျက် ရိုးသားပွင့်လင်းစွာ ပြောလိုက်လေသည်...။
"ငါတို့ နှစ်ယောက်တည်း နေမှာဆိုတော့ ကြီးစရာ မလိုပါဘူး... အိပ်စရာ နေရာလောက် ရှိရင် ရပါပြီ..."
"အဓိကကတော့ လုံခြုံတဲ့ ပတ်ဝန်းကျင်နဲ့ အပေါင်းအသင်းဝင်ဆံ့တဲ့ အိမ်နီးချင်းတွေ ရှိဖို့ပါပဲ... ငါ့ဇနီးက ပီကင်းကို အခုမှ ရောက်ဖူးတာဆိုတော့ ငါကလည်း အချိန်အများစု ကျောင်းမှာပဲ ရှိနေမှာမို့ သူ့ကို အိမ် မှာ တစ်ယောက်တည်း ထားခဲ့ဖို့ စိတ်မချလို့ပါ..."
ကျိုးချန်ယဲ့က ခေါင်းညိတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ပေါ်လာကာ ပြုံးလျက် ပြော လိုက်လေသည်...။
"တိုက်ဆိုင်လိုက်တာကွာ... ငါ့သူငယ်ချင်း တစ်ယောက်ပိုင်တဲ့ ခြံဝင်းအိမ်တစ်လုံးကို ငါ သိထားတယ်..."
"သူက တောင်ပိုင်းကို အလုပ်ပြောင်းသွားရလို့ မသွားခင်လေးမှာပဲ ခြံဝင်းကို ငါ့ဆီ အပ်ထားခဲ့တာ လေ..."
"လူမနေတဲ့ အိမ်အလွတ်ဆိုတော့ ပျက်စီးဖို့ လွယ်တယ်ဆိုပြီး သူ့အိမ်ကို စောင့်ရှောက်ပေးဖို့ ယုံကြည်ရ တဲ့သူ တစ်ယောက်ကို ရှာချင်နေတာ... အိမ်လခကလည်း ညှိနှိုင်းလို့ ရပါတယ်... သူက အိမ်ကို သေချာ ဂရုစိုက်ပေးမယ့်သူပဲ လိုချင်တာ..."
သူက ခေတ္တမျှ စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် ထိုခြံဝင်းမှာ အမှန်တကယ် သူပိုင်ကြောင်းကိုမူ ဖွင့်ဟမပြောခဲ့ချေ။
အိမ်များ ရောင်းဝယ်ခြင်းကို အပြည့်အဝ လွတ်လပ်ခွင့် မပေးသေးသဖြင့် နောင်တွင် မလိုအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန် စကားနည်းနည်းသာ ပြောခြင်းက ပိုကောင်းပေလိမ့်မည်။
ဤသို့ တွေးမိသောအခါ သူက လီဝေကျွင်း၏ ပခုံးကိုပုတ်ကာ ပြောလိုက်လေသည်...။
"ဝေကျွင်း... ခရီးဝေးကြီး လာခဲ့ရတော့ မင်းတို့ ပင်ပန်းနေလောက်ပြီ... မင်းရဲ့ ဇနီးကို တည်းခိုခန်းမှာ အရင်သွားနားခိုင်းလိုက်ပါဦး... မင်းတို့ အနားယူပြီးမှ မနက်ဖြန်ကျ ငါ မင်းတို့ကို အဲ့ဒီကို ခေါ်သွားပေး မယ်..."
အနီးတွင် ရပ်နေသော ကောင်းချွေ့ချွေ့က သူမ၏ မျက်လုံးများ ဝင်းလက်သွားကာ ပြတ်သားသော လေသံဖြင့် ချက်ချင်း ဝင်ပြောလိုက်လေသည်....။
"ရဲဘော်ကျိုး... ကျွန်မတို့ အခုပဲ သွားကြည့်ကြရင်ရော... ကျွန်မ မပင်ပန်းပါဘူး... တကယ်ပါ..."
တည်းခိုခန်းတွင် တစ်ညတည်းခိုရန် ဈေးမပေါကြောင်းကို သူမက စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက် လိုက်လေ၏။ အကယ်၍ အိမ်ကသာ သင့်တော်မည်ဆိုပါက မိုးမချုပ်မီ သူမ ပြောင်းရွှေ့နိုင်ပြီး ရိုးရှင်း သော ရှင်းလင်းမှုအချို့ကို ပြုလုပ်နိုင်ပေလိမ့်မည်။
နည်းနည်းလေး သက်သာသည်ဖြစ်စေ အထောက်အကူဖြစ်စေပြီး ငွေများကို အလဟဿ ဖြုန်းတီး ပစ်စရာ မလိုတော့ချေ။
သူမ၏ စိတ်အားထက်သန်မှုကို မြင်သောအခါ ကျိုးချန်ယဲ့မှာ ပို၍ပင် သဘောကျသွားကာ ပြုံးလျက် ပြန်ပြောလိုက်လေသည်...။
"မရီးက တော်တော်လေး စိတ်လောတာပဲ... ဒါကလည်း ကောင်းပါတယ်... စောစောကြည့်ရလေ စောစော စိတ်အေးရလေပေါ့..."
"ကျွန်တော် အခုပဲ အဲ့ဒီကို ခေါ်သွားပေးမယ်...အဲ့နေရာကနေ သိပ်မဝေးဘူး... ခြေလှမ်းနည်းနည်း လျှောက်ရုံပါပဲ..."
လီဝေကျွင်းက ကောင်းချွေ့ချွေ့ကို အလျင်အမြန် ဆွဲလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်လေသည်...။
"ဒါက သိပ်မသင့်တော်ပါဘူး... အချိန်လည်း နောက်ကျနေပြီဆိုတော့ ချန်ယဲ့ကို နောက်တစ်ခေါက် ထပ်ပြီး ဒုက္ခပေးသလို ဖြစ်နေလိမ့်မယ်..."
"ဘာဖြစ်လို့လဲ..."
ကောင်းချွေ့ချွေ့က သူ့အား မျက်စောင်းတစ်ချက် ဖွဖွလေး ထိုးလိုက်လေသည်...။
"ရဲဘော်ကျိုးကတောင် ပြောနေပြီပဲ... ကျွန်မတို့ အချိန်ဆွဲမနေကြရအောင်... အိမ်တွေ့တော့လဲ ပိုပြီး စောစော အခြေချလို့ ရတာပေါ့..."
ကျိုးချန်ယဲ့က ရင်ထဲမှလှိုက်လှဲစွာ ရယ်မောလိုက်လေသည်...။
"ဝေကျွင်းရာ... မင်း ဇနီးရဲ့ ပွင့်လင်းပြတ်သားမှုကို အတုယူသင့်တယ်... လာပါ... ငါ မင်းတို့ကို လိုက်ပြ မယ်... မင်းတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ အာမခံတယ်..."
၎င်းတို့ အဆောင်မှ ထွက်ခွာလာချိန်တွင် လျူကျန့်ကော်မှာ အိမ်ရှိ သူ၏ ကိုယ်ဝန်ဆောင် ဇနီးကို သတိရ သွားသဖြင့် အိမ်သို့ အရင်ပြန်ရန် ဆုံးဖြတ်လိုက်လေ၏။
၎င်းတို့ နှစ်မိသားစုမှာ လမ်းကြားတစ်ခုတည်းတွင် မဝေးလှသော နေရာ၌ နေထိုင်ကြသဖြင့် ကျိုးချန်ယဲ့ က လျူကျန့်ကော်ကို လှမ်းခေါ်လိုက်လေသည်....
"အစ်ကိုကျန့်ကော်... အစ်ကို ပြန်ရောက်ရင် ဝေကျွင်းတို့ ဇနီးမောင်နှံကို အိမ်လိုက်ပြပေးရဦးမှာမို့ နောက်ကျမှ ပြန်လာမယ်လို့ ကျွန်တော့် မိန်းမကို ဝင်ပြောပေးပါဦးနော်..."
လျူကျန့်ကော်က လက်ကို ဝှေ့ယမ်းပြကာ ရင်ထဲမှလှိုက်လှဲစွာ ရယ်မောလိုက်လေသည်...။
"စိတ်မပူပါနဲ့... ဒီကိစ္စကို ငါ့ဆီသာ အပ်ထားလိုက်... သေချာပေါက် ပြောပေးပါ့မယ်..."
"ကျေးဇူးပါပဲ..."
"အားနာစရာ မလိုပါဘူးကွာ..."
ဝမ်အိုက်တန့်ကလည်း ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်တွင် ပစ္စည်းအချို့ ဝယ်ရန် စီစဉ်ထား သဖြင့် ၎င်းတို့ တစ်စုလုံးသည် ကျောင်းဂိတ်တံခါးဝတွင် လမ်းခွဲခဲ့ကြလေသည်။
ကျိုးချန်ယဲ့က လှည့်ကာ လီဝေကျွင်းနှင့် ကောင်းချွေ့ချွေ့ကို ပြုံးပြလိုက်လေသည်...။
"ဝေကျွင်း၊ မရီး... ခြံဝင်းက ဒီနေရာနဲ့ သိပ်မဝေးဘူး... ရှေ့နားက ပျော်ရွှင်ခြင်းမုန့်ဆိုင် ဘေးမှာပဲ... သွား ကြည့်ကြရအောင်..."
ကောင်းချွေ့ချွေ့၏ မျက်လုံးများ ဝင်းလက်သွားကာ အလျင်အမြန် လိုက်ပါသွားရင်း ပြောလိုက်လေ သည်...။
"ဟုတ်ကဲ့ပါ... ရဲဘော်ကျိုးကို ကျေးဇူးတင်ပါတယ်..."
လီဝေကျွင်းမှာလည်း အနည်းငယ် အားနာသွားခဲ့လေသည်...။
"ချန်ယဲ့... ငါတို့အတွက် ဒီလောက်တောင် ဒုက္ခခံပေးလို့ အများကြီး ကျေးဇူးတင်ပါတယ်ကွာ..."
"ငါတို့အားလုံးက ညီအစ်ကိုတွေပဲလေ... အားနာစရာ မလိုပါဘူး..."
ကျိုးချန်ယဲ့က ပေါ့ပေါ့ပါးပါး လေသံဖြင့် ဦးဆောင်သွားရင်း ပြောလိုက်လေသည်...။
"အဲ့ဒီခြံဝင်းက တိတ်ဆိတ်တဲ့ နေရာမှာ ရှိတယ်... မင်းတို့ရောက်ရင် တွေ့ပါလိမ့်မယ်..."
၎င်းတို့ သိပ်မဝေးလှသော နေရာသို့ ရောက်ချိန်မှာပင် မုန့်များ၏ ချိုမြိန်သော ရနံ့တစ်ခု ပျံ့လွင့်လာခဲ့ သဖြင့် ကောင်းချွေ့ချွေ့မှာ တံတွေးများကို ခက်ခဲစွာ မျိုချလိုက်မိလေတော့သည်။
သူမက ခေါင်းလှည့်ကြည့်လိုက်ရာ လမ်းပေါ်ရှိ ဆိုင်တစ်ဆိုင်၏ တံခါး ဖွင့်ထားသည်ကို မြင်လိုက်ရပြီး၊ ဝင်ထွက်သွားလာနေသူများသည် ဆီစိမ်စက္ကူထုပ်များကို ကိုင်ဆောင်ထားကြကာ မွှေးပျံ့သော ရနံ့များ ကလည်း လှိုင်းလုံးများအသွင် ပျံ့လွင့်လာခဲ့လေသည်။
သူမက ခေတ္တရပ်လိုက်ပြီး သစ်သားဆိုင်းဘုတ်ကို ကြည့်ကာ အသံထွက်၍ ဖတ်လိုက်လေသည်...။
"ပျော်ရွှင်ခြင်းမုန့်ဆိုင်... တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ နာမည်လေးပဲ..."
ကျိုးချန်ယဲ့က ပြုံးလျက် ဘေးဘက်သို့ လက်ညှိုးထိုးပြလိုက်လေသည်...။
"ငါတို့ သွားကြည့်မယ့် ခြံဝင်းက ဒီဆိုင်ရဲ့ ဘေးမှာပဲ..."
"ဒီဆိုင်ကို ငါ့ရဲ့ ဒုတိယယောက်ဖက ဖွင့်ထားတာလေ... သူက ရိုးသားပြီး ဟင်းချက်လည်း ကောင်းတယ် ... တကယ်လို့ မင်းတို့ ဒီနေရာမှာ နေဖြစ်ခဲ့ရင် အရေးပေါ်ကိစ္စ တစ်ခုခုရှိလာတဲ့အခါ သူက ကူညီပေးနိုင် တယ်..."
သူ စကားပြော၍ပင် မဆုံးသေးမီ ဖြတ်လတ်သွက်လက်သော အမျိုးသမီးတစ်ဦးသည် ဆိုင်ထဲမှ ထွက် လာခဲ့လေ၏။ သူမသည် ဖောက်သည်တစ်ဦးကို လိုက်ပို့ပြီးချိန်ဖြစ်ရာ ၎င်းတို့ကို ချက်ချင်း မြင်သွားခဲ့ လေသည်။
သူမက ချက်ချင်းပင် ပြုံးလျက် နှုတ်ဆက်လိုက်လေသည်...။
"မတ်လေးနဲ့ အစ်ကိုဝေကျွင်းတို့ပါလား... ဘာလို့ အထဲမဝင်ကြတာလဲ... ဒီနေရာမှာ ရပ်ပြီး ဘာလုပ်နေ ကြတာလဲ... အထဲဝင်ပြီး ရေသောက်ရင်း နားကြပါဦး..."
ဤသူမှာ ကျိုးချန်ယဲ့၏ ဒုတိယမရီး ကျောက်ရှောက်ထင်ပင် ဖြစ်လေ၏။
သူမ၏ အကြည့်များက ကောင်းချွေ့ချွေ့အပေါ်သို့ ကျရောက်သွားကာ သူမ၏ မျက်လုံးများတွင် ယဉ်ကျေးစွာ အကဲခတ်လိုသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့လေသည်...။
"ပြီးတော့ ဒီရဲဘော်က ဘယ်သူလဲ..."
"ဒုတိယမရီး... ဒါက ဝေကျွင်းရဲ့ ဇနီး ကောင်းချွေ့ချွေ့လေ... သူက ပီကင်းကို ဒီနေ့မှ ရောက်လာတာ..."
ထို့နောက် ကျိုးချန်ယဲ့က ကောင်းချွေ့ချွေ့ကို ကြည့်ကာ ပြုံးလျက် မိတ်ဆက်ပေးလိုက်လေသည်...။
"မရီး... ဒါက ကျွန်တော့်ရဲ့ ဒုတိယမရီး ကျောက်ရှောက်ထင်ပါ..."
ဤစကားကို ကြားသောအခါ ဒုတိယမရီး ကျောက်ရှောက်ထင်မှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွား ခဲ့လေသည်။
သူမသည် မတ်ဖြစ်သူကို ယုံကြည်သော်လည်း အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ် အရွယ် ခန့်ရှိ မိန်းကလေးတစ်ဦးနှင့်အတူ လူငယ်နှစ်ဦးကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသောအခါ သူမမှာ အနည်းငယ် စိတ်မအေးဖြစ်မိကာ စိတ်သက်သာရာရရန်အတွက် ပိုမိုစုံစမ်းရန် လိုအပ်ခဲ့ခြင်း ဖြစ်ပေ တောာ့သည်။