အခန်း ၈၉
Vol. 9 Ch. 89
အခန်း (၈၉) ဘယ်သူက အရင်စပိုးပန်းတာလဲ
၎င်းတို့ စကားပြောနေကြစဉ်မှာပင် လျူကျန့်ကော်၏ ကျယ်လောင်သော အသံမှာ ခြံဝင်းတံခါး အပြင် ဘက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။
"မရီး... ကျွန်တော် နောက်ကျသွားပြီလား..."
လူတိုင်း လှည့်ကြည့်လိုက်ကြရာ လျူကျန့်ကော်သည် ဟျောင်ရှင်းရှင်းအား တွဲ၍ ဖြည်းညင်းစွာ လျှောက်ဝင်လာသည်ကို မြင်တွေ့လိုက်ကြရလေသည်။
သူသည် အသစ်စက်စက် ကြွေဇလုံနှစ်လုံးကို ကိုင်ဆောင်ထားလေ၏။ သူသည် အိမ်ထဲသို့ ဝင်လာ သည်နှင့် ပြုံးရွှင်စွာ ပြောလိုက်လေသည်။
"မရီး... ကျွန်တော်တို့မှာ ပေးစရာ ထွေထွေထူးထူး မရှိပါဘူး... ဒီကြွေဇလုံ နှစ်လုံးကတော့ မျက်နှာ သစ်တာပဲဖြစ်ဖြစ်၊အဝတ်လျှော်တာပဲဖြစ်ဖြစ် အသုံးဝင်မှာပါ... ဒါက ကျွန်တော်တို့ရဲ့ စေတနာ လက် ဆောင်လေးပါ..."
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်... လာပါ... အထဲကို ဝင်ထိုင်ကြပါဦး... အထဲမှာ ပိုနွေး ပါတယ်..."
ကောင်းချွေ့ချွေ့က ပြုံးရွှင်စွာဖြင့် ခရီးဦးကြို ပြုလိုက်လေ၏။
စကားပင် မဆုံးသေးမီမှာပင် ခြံဝင်းအပြင်ဘက်မှ ခြေသံများ ထပ်မံ ထွက်ပေါ်လာပြီး ဝမ်အိုက်တန့်နှင့် သူ၏ ဇနီးသည် ထျန်လီလီတို့ နောက်မှ လိုက်ဝင်လာခဲ့ကြလေသည်။
ထျန်လီလီ၏ လက်ထဲတွင် ပီယိုနီပန်းအနီရောင်များ ရိုက်နှိပ်ထားသော ခေါင်းအုံးစွပ် အသစ်နှစ်ခုကို ကိုင်ထားလေ၏။ သူမသည် အခန်းထဲသို့ ဝင်လာသည်နှင့် ပြုံးလျက် ထိုခေါင်းအုံးစွပ်များကို ဖြန့်ပြလိုက် ရာ တောက်ပသော အရောင်အသွေးများက မျက်စိကို ချက်ချင်းပင် ဖမ်းစားသွားခဲ့လေတော့သည်။
"မရီး... ဒီခေါင်းအုံးစွပ်လေးတွေကို ကြည့်ပါဦး... အပူပေးအုတ်ကုတင် အသစ်ပေါ်မှာဆိုရင် တကယ့်ကို ကျက်သရေရှိနေမှာပဲ..."
"လှလိုက်တာ... တကယ်ကို လှတာပဲ..."
ကောင်းချွေ့ချွေ့သည် နူးညံ့သော ခေါင်းအုံးစွပ်ကို လက်ဖြင့် အသာအယာ တို့ထိကြည့်ကာ ပါးစပ်ပင် မစေ့နိုင်အောင် ပြုံးပျော်နေခဲ့လေတော့သည်။
"မင်းတို့ကတော့ အမြင်ရှိသားပဲ..."
စိတ်လှုပ်ရှားမှုများ မငြိမ်သက်သေးမီမှာပင် ခဏအကြာ၌ ဒုတိယအစ်ကိုဖြစ်သူ ထျန်ချင်းလင်းသည် ဒုတိယမရီးနှင့် ဆန်းဝါတို့ကို ဦးဆောင်၍ ခြံဝင်းထဲသို့ ဝင်လာခဲ့ပြန်လေသည်။
ဒုတိယမရီး ကျောက်ရှောက်ထင်၏ လက်မောင်းတွင် သန့်ရှင်းသော ဝါးခြင်းတောင်းတစ်လုံးကို ချိတ် ထားလေ၏။ သူမသည် ခြင်းတောင်းပေါ်မှ အုပ်ထားသော အဝတ်ကို ဖယ်လိုက်သည်နှင့် မွှေးပျံ့သော ရနံ့များက ထွက်ပေါ်လာခဲ့လေတော့သည်။
"ချွေ့ချွေ့... ဒါတွေက အစ်မ ကိုယ်တိုင် အိမ်မှာ ဖုတ်လာတဲ့ မုန့်တွေလေ... မြည်းကြည့်ကြပါဦး..."
ဆန်းဝါသည် ဒုတိယမရီး၏ အဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ငြိမ်သက်စွာဖြင့် လိမ္မာ ယဉ်ကျေးနေခဲ့လေ၏။
လူစုသည် စကားတပြောပြော ရယ်မောရင်း အိမ်ရှေ့ခန်းသို့ ဝင်လာခဲ့ကြလေသည်။ အမျိုးသား များ သည် စားပွဲတွင် ဝိုင်းဖွဲ့ထိုင်လိုက်ကြသဖြင့် အခန်းလေးမှာ ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာ ခဲ့လေ တော့သည်။ လီဝေကျွင်းသည်လည်း ရေနွေးအိုးကို ယူကာ လူတိုင်းအတွက် ရေနွေးကြမ်း ငှဲ့ပေးနေခဲ့ လေသည်။
လျူကျန့်ကော်သည် ရေနွေးကြမ်းခွက်ကို မကာ တစ်ငုံသောက်လိုက်ပြီး လီဝေကျွင်း၏ ပုခုံးကို ခပ်ပြင်း ပြင်း ပုတ်ကာ ပြုံးလျက် ပြောလိုက်လေသည်။
"ဝေကျွင်း... ဂုဏ်ယူပါတယ်ကွာ..."
"ငါ့မရီးကတော့ တကယ့်ကို ထက်မြက်တဲ့ အမျိုးသမီးပဲ... မင်းတို့ရဲ့ ဘဝက နောင်ကျရင် သေချာပေါက် ချောမွေ့ပြီး သာယာဝပြောမှာပါ..."
ဝမ်အိုက်တန့်ကလည်း ရယ်မောကာ ဝင်ပြောလိုက်လေသည်။ "ဟားဟား... အခုဆိုရင် ငါတို့တွေ အချင်း ချင်း လည်ပတ်ဖို့ နေရာတစ်ခု ရသွားတာပေါ့... မင်းရဲ့ အိမ်လေးက တကယ့်ကို သန့်ရှင်းတာပဲ..."
လီဝေကျွင်းသည် သူ၏ ခေါင်းကို ကုတ်ကာ ရိုးသားစွာ ပြုံးလိုက်ပြီး လက်ကို အမြန် ယမ်းလိုက်လေ၏။
"အားလုံးပဲ အချိန်မရွေး လာခဲ့ကြပါ..."
အခြား အိပ်ခန်းထဲတွင်မူ အမျိုးသမီး အများအပြား စုဝေးကာ နေ့စဉ် လူမှုရေးကိစ္စများကို စိတ်အား ထက်သန်စွာ ပြောဆိုနေခဲ့ကြလေသည်။
ထျန်ရှောင်ယာသည် ကျောက်ခဲလေးအား အပူပေးအုတ်ကုတင်ပေါ်သို့ ညင်သာစွာ ချထားလိုက်လေ၏။ ကလေးလေးမှာ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့လေသည်။ ဆန်းဝါမှာမူ အပူပေးအုတ်ကုတင် အနားတွင် ဝပ်ကာ သူ၏ ညီလေး ကျောက်ခဲလေးကို စောင့်ရှောက်ပေးနေခဲ့ရာ ကြည့်ရသည်မှာ အလွန်ပင် ကြည်နူး စရာကောင်းလှပေသည်။
ထိုအခြင်းအရာကို မြင်သောအခါ ထျန်လီလီသည် ချက်ချင်းပင် ပြုံးကာ ချီးမွမ်းလိုက်လေသည်။
"အို... ဆန်းဝါလေးက တကယ့်ကို လိမ်မာတာပဲ... ငယ်ငယ်လေးနဲ့ ညီလေးကို ဘယ်လို စောင့်ရှောက် ရမလဲဆိုတာ သိနေပြီပဲ... နောင်ကျရင်တော့ သူက သေချာပေါက် အားကိုးရတဲ့ အစ်ကိုကြီး ဖြစ်လာမှာ ပဲ..."
ဒုတိယမရီးသည် ဆန်းဝါ၏ ခေါင်းကို အသာအယာ ပုတ်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။
ကောင်းချွေ့ချွေ့သည် သကြားလုံးများနှင့် ဖရုံစေ့များကို လက်တစ်ဆုပ်စာ ယူကာ ဆန်းဝါ၏ အိတ်ကပ် ထဲသို့ ဘာမှမပြောဘဲ ထည့်ပေးလိုက်လေသည်။
"ယူထား... ယူထား... ဆန်းဝါလေး... စားချင်တာ စားနော်... အားမနာနဲ့..."
ဆန်းဝါသည် ဒုတိယမရီးအား မော့ကြည့်လိုက်ရာ ဒုတိယမရီးက ပြုံးလျက် ခေါင်းညိတ်ပြသည်ကို မြင်မှ သာ ကောင်းချွေ့ချွေ့အား လိမ္မာစွာ ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်... အန်တီချွေ့ချွေ့..."
"ရပါတယ်ကွယ်..."
ကောင်းချွေ့ချွေ့က ပြုံးလျက် ဆန်းဝါ၏ ဆံပင်များကို ဖွဖွလေး ပွတ်သပ်ပေးလိုက်လေ၏။
အမျိုးသမီးများသည် အချင်းချင်း ရင်းနှီးပြီးသား ဖြစ်ကြသဖြင့် စကားအနည်းငယ် ပြောပြီးသည်နှင့် ချက်ချင်းပင် ရယ်မောပျော်ရွှင်ကာ စည်ကားလာခဲ့လေတော့သည်။
ထျန်လီလီသည် မျက်လုံးလေး ကစားကာ သူမအား တမင်တကာ မျက်စိတစ်ချက် မှိတ်ပြလျက် ပြော လိုက်လေသည်။
"ဟေး... ချွေ့ချွေ့... ငါ နင့်ကို တစ်ခုလောက် မေးပါရစေဦး..."
"နင်နဲ့ ဝေကျွင်းက ဘယ်လိုဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သဘောကျသွားကြတာလဲ... တို့ကို လည်း ပြောပြပါဦး... နားထောင်ချင်လို့ပါ..."
ဟျောင်ရှင်းရှင်းကလည်း ဝင်ပြောလိုက်လေသည်။
"ဟုတ်တယ်... ငါလည်း သိချင်နေတာ... ဝေကျွင်းက ရုပ်ချောပေမဲ့ စကားတော့ သိပ်မပြောတတ်ဘူး လေ... နင်တို့နှစ်ယောက်ထဲမှာ ဘယ်သူက အရင်စပြီး ပိုးပန်းတာလဲ..."
ကောင်းချွေ့ချွေ့သည် ရှက်ရွံ့ခြင်း မရှိဘဲ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ဟေး... ဒါပြောပြရမှာ ဘာခက်တာမှတ်လို့... ဝေကျွင်း နွေရာသီ ကျောင်းပိတ်ရက်မှာ ဇာတိကို ပြန်လာ တုန်းက သူ့ကို မြင်မြင်ချင်းပဲ ကျွန်မက သဘောကျသွားတာပေါ့..."
"အဲ့ဒီအချိန်မှာ ကျွန်မ စဉ်းစားမိတာက... ဒီကောင်လေးကတော့ တကယ့်ကို တက်ကြွပြီး အရည်အချင်း ရှိတာပဲ... ငါတော့ သူ့ကို လက်ထပ်မှ ဖြစ်မယ်ဆိုတာပဲ..."
ထျန်လီလီက အံ့အားသင့်စွာ ရေရွတ်လိုက်လေသည်။
"အို... ဒါဆိုရင် နင်ကပဲ အရင်ဆုံး မျက်စိကျခဲ့တာပေါ့လေ..."
"ဒါပေါ့..."
ကောင်းချွေ့ချွေ့သည် ရှက်ရွံ့ခြင်း အလျဉ်းမရှိဘဲ သူမ၏ မေးကို အနည်းငယ် မော့ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။
"ကျွန်မကိုယ်ကျွန်မ လည်း သိပါတယ်... ကျွန်မ က အလယ်တန်းအဆင့်အထိပဲ ကျောင်းနေခဲ့ရတာဆို တော့ ပညာ သိပ်မတတ်ဘူးလေ... အဲ့ဒါကြောင့် သူ့အတွက် မလုံလောက်ဘူးလို့ ထင်ကောင်းထင် နိုင်တာပေါ့..."
"ဒါပေမဲ့ ငါ့အဖေက ရွာခေါင်းဆောင်လေ... ပြီးတော့ ကျွန်မမှာ အစ်ကိုနှစ်ယောက်နဲ့ မောင်လေးတစ် ယောက် ရှိတယ်လေ... သူတို့အားလုံးက သန်မာတဲ့ လုပ်သားတွေဖြစ်သလို အလုပ်ထဲမှာလည်း တကယ့်ကို အားကိုးရတဲ့သူတွေချည်းပဲ..."
"ဒါတင်မကသေးဘူး... ကျွန်မရဲ့ ယောက္ခမကလည်း ကျွန်မကို မြင်မြင်ချင်း သဘောကျတာလေ... ကျွန်မက အလုပ်လုပ်နိုင်တယ်၊ အားကိုးရတယ်၊ အိမ်ထောင်ကို ကောင်းကောင်း ထိန်းသိမ်းနိုင်တယ် ဆိုပြီး ပြောတာပေါ့... အဲ့ဒါကြောင့် အရာအားလုံးက အဆင်ပြေသွားတာပေါ့..."
ဤစကားကို ကြားသောအခါ လူအနည်းငယ်မှာ ရယ်မောလိုက်ကြလေသည်။
"နင့်ရဲ့ စရိုက်က တကယ့်ကို ပွင့်လင်းပြီး ဟန်ဆောင်မှု ကင်းတာပဲ... ဝေကျွင်းကတော့ နင့်လို မိန်းမ မျိုးကို လက်ထပ်လိုက်ရတာ တကယ့်ကို ကံကောင်းတာပဲ..."
ထျန်ရှောင်ယာက ပြုံးလျက် ပြောလိုက်လေ၏။
ဒုတိယမရီးသည် ခြင်းတောင်းထဲမှ မုန့်များကို ထုတ်ယူကာ လူတိုင်းအာ ဝေပေးလိုက်လေသည်။
"ကဲ... မရီးရဲ့ မုန့်တွေကို မြည်းကြည့်ကြပါဦး... ပြီးရင် ဘယ်လိုနေလဲဆိုတာ ပြောပြကြနော်..."
လူတိုင်းက မုန့်တစ်ဖဲ့စီ ယူကာ ပါးစပ်ထဲ ထည့်လိုက်ကြရာ တစ်ကိုက် ကိုက်လိုက်သည်နှင့် မွှေးပျံ့ချို မြိန်သော အရသာကို ခံစားလိုက်ကြရလေ၏။
ဟျောင်ရှင်းရှင်း၏ မျက်လုံးများမှာ တောက်ပသွားခဲ့လေသည်။
"ဝါး... မရီး... မရီးရဲ့ လက်ရာက တကယ့်ကို အံ့သြစရာပဲ..."
ထျန်လီလီကလည်း ခေါင်းညိတ်ထောက်ခံလိုက်လေသည်။
"တကယ်ပဲ... ကြွပ်ရွနေတာပဲ... ချိုလည်းချိုတယ်၊ အနံ့ကလည်း တကယ့်ကို မွှေးတာပဲ..."
ကောင်းချွေ့ချွေ့မှာမူ မုန့်ကို စားရင်းနှင့် ရုတ်တရက် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်ကာ တိုးညှင်းစွာ ပြောလိုက်လေသည်။
"ကျွန်မ အခု အိမ်မှာ နေ့တိုင်း အားနေတာလေ... ဝေကျွင်းက တက္ကသိုလ်တက်ဖို့ ထောက်ပံ့ကြေး ရနေတယ်ဆိုပေမဲ့ တို့မိသားစုကတော့ ဝင်ငွေမရှိဘဲ အသုံးစရိတ်တွေပဲ ရှိနေတာလေ... ဒီအတိုင်းဆိုရင် တော့ တို့တွေ ငတ်သွားနိုင်တယ်... အဲ့ဒါကြောင့် ကျွန်မ အမြဲတမ်း စိုးရိမ်နေမိတာ..."
"ကျွန်မက အိမ်တွင်းဝင်ငွေအတွက် တစ်ဖက်တစ်လမ်းက အကူအညီဖြစ်မယ့် အလုပ်တစ်ခုခုကို ရှာချင် နေတာပါ... သူတစ်ယောက်တည်း ဒီဝန်ထုတ်ဝန်ပိုးကို ထမ်းထားရတာကို မကြည့်ရက်ဘူးလေ..."
ထိုစကားကို ကြားသောအခါ ဟျောင်ရှင်းရှင်းက ခေါင်းညိတ်ထောက်ခံလိုက်လေသည်။
"မှန်တာပေါ့... ငါလည်း အပြင်ထွက်ပြီး အလုပ်လုပ်ချင်ပါတယ်... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အခုမှ ကိုယ်ဝန်ရှိစဆိုတော့ အလုပ်ကြမ်းတွေ မလုပ်နိုင်ဘူးလေ... အဲ့ဒါကြောင့် အိမ်မှာပဲ နေနေရတာ..."
စကားအဆုံးတွင် ဒုတိယမရီးသည် လက်ထဲမှ မုန့်ကို ကိုင်ထားလျက် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ စကား ပြောလာခဲ့လေ၏။
"ချွေ့ချွေ့... တကယ်လို့ မင်းအနေနဲ့ စိတ်မရှိဘူးဆိုရင်တော့ မရီးမှာ အကြံတစ်ခု ရှိပါတယ်..."
ထိုစကားကို ကြားသည်နှင့် ကောင်းချွေ့ချွေ့သည် ချက်ချင်းပင် ကိုယ်ကို မတ်လိုက်လေသည်။
"မရီး... ဘာများလဲဟင်... ကျွန်မ ဘယ်လိုအလုပ်မျိုးမဆို လုပ်နိုင်ပါတယ်... မရွေးပါဘူး..."
ဒုတိယမရီးက ပြုံးလျက် ပြောလိုက်လေသည်။
"အစ်မက မုန့်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လေ... ပြီးတော့ အခု အစ်မက ကိုယ်ဝန်ရှိနေပြီ... ချင်းလင်း ကလည်း လမ်းမပေါ်မှာ သန့်ရှင်းရေး လုပ်နေရတာဆိုတော့ မနက်အစောကြီး ထွက်ပြီး ညမိုးချုပ်မှ ပြန်လာတာ... သူက အစ်မကို သိပ်ပြီး မကူညီနိုင်ဘူးလေ..."
"အစ်မရဲ့ မုန့်ဆိုင်မှာ ကူညီပေးမယ့်သူ လိုနေတာပေါ့... ဟင်းသီးဟင်းရွက်တွေ သင်တာပဲဖြစ်ဖြစ်၊ မုန့်စိမ်းနယ်တာပဲဖြစ်ဖြစ်၊ နေရာတကာမှာ ကူညီပေးဖို့ပေါ့... အထွေထွေ အလုပ်ကြမ်းသမားပေါ့ကွယ်... တကယ်လို့ မင်းသာ ဆန္ဒရှိမယ်ဆိုရင် အစ်မဆီမှာ လာလုပ်လို့ ရပါတယ်..."
"ထိုစကားကို ကြားလိုက်ရသောအခါ ကောင်းချွေ့ချွေ့၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားခဲ့ ပြီး သူမ လက်ထဲတွင် ကိုင်ထားသော နေကြာစေ့ကိုပင် ခွာစားရန် မေ့လျော့နေခဲ့လေတော့သည်။
သူမသည် ဒုတိယမရီး၏ လက်ကို အမြန် ဆုပ်ကိုင်လိုက်လေသည်။
"တကယ်လား...ကျွန်မ လုပ်ချင်တာပေါ့... တကယ်ကို လုပ်ချင်ပါတယ်..."
ထျန်လီလီကလည်း ဝင်ပြောလိုက်လေသည်။
"အို... ဒါက တကယ့်ကို ကောင်းတာပဲ... ချွေ့ချွေ့က အလုပ်လုပ်ရင် တကယ့်ကို မြန်ဆန်ပြီး ထက်မြက် တာ... မရီး... မရီးကတော့ လူမှန်ကို ရှာတွေ့သွားပြီပဲ..."
ဟျောင်ရှင်းရှင်းသည် သူမ၏ အနည်းငယ် ထွက်နေသော ဝမ်းဗိုက်လေးကို ပွတ်သပ်ရင်း ဝင်ပြောလိုက် လေသည်။
"ဟုတ်တယ်... ချွေ့ချွေ့... နင့်မရီးရဲ့ မုန့်ဆိုင်က ဘေးနားတင်ရှိတာဆိုတော့ အိမ်နဲ့လည်း အရမ်းနီးတာ ပေါ့..."
"နင်က ကူညီပေးရင်းနဲ့ အိမ်တွင်းဝင်ငွေအတွက် ပိုက်ဆံလည်း ရမယ်... အရေးအကြီးဆုံးက နင့် မိသားစုကိုလည်း ဂရုစိုက်နိုင်သေးတယ်လေ... အရာအားလုံးက ပြည့်စုံမနေဘူးလား..."
ကောင်းချွေ့ချွေ့သည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာလေး နီမြန်းသွားခဲ့ပြီး ထပ်ခါတလဲလဲ ပြောနေခဲ့ လေတော့သည်။
"မရီးက ကျွန်မကို အထင်ကြီးပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်... ကျွန်မက ဘယ်လို အခက်အခဲမျိုးကိုမဆို သည်းခံနိုင်ပါတယ်... အလုပ်ကိုလည်း သေသေသပ်သပ်နဲ့ မြန်မြန်ဆန်ဆန် လုပ်ပေးမယ်လို့ ကတိပေးပါတယ်... မရီးအတွက် ဘယ်တော့မှ ဒုက္ခမပေးစေရပါဘူး..."
သူမသည် ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် လေသံကို နှိမ့်၍ မေးလိုက်လေ၏။
"ဒါဆိုရင်... လုပ်အားခကို ဘယ်လို တွက်မှာလဲဟင်... ကျွန်မက အကျပ်ကိုင်တာ မဟုတ်ပါဘူး... အသေး စိတ်လေး သိချင်လို့ပါ..."