အခန်း ၅၉၀
Vol. 43 Ch. 590
အခန်း (၅၉၀) - နောက်ထပ် ဟောကိန်းတစ်ခု၊ ကံကောင်းခြင်းနှင့် ကံဆိုးခြင်းမှာ မသေချာ၊ စစ်ပွဲ၏ရလဒ်ကို သက်ရောက်မှုရှိမည်လား
ကုချန်သည် နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာရှိ အထွတ်အထိပ် သန့်စင်သောနယ်မြေနှင့် ပတ်သက်နေနိုင်ကြောင်း သိရှိပြီးနောက်၊ နတ်ဆိုးဧကရာဇ်ကြီးသည် ဤကိစ္စတွင် ကုချန်ကိုပါ ဆွဲသွင်းရန် တွေးတောခဲ့လေသည်။
အကယ်၍ နောင်တစ်ချိန်တွင် အခြေအနေများ ထိန်းချုပ်မရအောင် ဖြစ်သွားခဲ့လျှင်တောင်မှ ကုချန်၏ နောက်ခံကြောင့် အခြေအနေကို ဖြေလျှော့ရှင်းလင်းရန် ပိုမိုလွယ်ကူပေလိမ့်မည်။
" ကောင်းပြီ… မင်း သွားလို့ရပြီ… ငါအရှင် ဟောကိန်းတစ်ခု ထုတ်ဖို့ လိုသေးတယ် "
နတ်ဆိုးဧကရာဇ်ကြီးသည် လိပ်အိုကြီးအား ထွက်ခွာသွားရန် လက်ဝှေ့ယမ်း အချက်ပြလိုက်၏။
နတ်ဆိုးဧကရာဇ်ကြီး၏ ဤအခြေအနေကို မြင်သောအခါ သူ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့သော လိပ်အိုကြီးမှာ အသားကျနေပြီဖြစ်သည်။
ဖြူဖွေးသော ကျောက်စိမ်းလိပ်ခွံကို ရရှိပြီးကတည်းက နတ်ဆိုးဧကရာဇ်ကြီးသည် အရေးကြီးသော ကိစ္စရပ်တစ်ခုခုကို မလုပ်ဆောင်မီ ၎င်းကို အသုံးပြုကာ ဟောကိန်းထုတ်လေ့ရှိပြီး ယင်းမှာ ပုံမှန်အလေ့အထတစ်ခုကဲ့သို့ပင် ဖြစ်နေခဲ့၏။
ထို့အပြင် အကြိမ်တိုင်းတွင် ရလဒ်များက နတ်ဆိုးဧကရာဇ်ကြီး မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခြင်းမျိုး မရှိခဲ့ပေ။ ကျောက်စိမ်းလိပ်ခွံ၏ ကံကောင်းခြင်းနှင့် ကံဆိုးခြင်း ဟောကိန်းများဖြင့် သူသည် ကံဆိုးမှုများကို ကံကောင်းခြင်းအဖြစ် အမြဲတမ်း ပြောင်းလဲနိုင်ခဲ့ပြီး ဖြစ်ရပ်များ၏ ဦးတည်ရာကို ကြိုတင်မြင်တွေ့ကာ အထက်မြက်ဆုံးသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့သည်။
ယခု အခြားနတ်ဆိုးဧကရာဇ်တစ်ပါးကို အကွက်ဆင်မည်ဖြစ်ရာ ဤမျှအရေးကြီးသော ကိစ္စအတွက် နတ်ဆိုးဧကရာဇ်ကြီးသည် ကျိန်းသေပေါက် ကြိုတင်ဟောကိန်းထုတ်ကာ ဂရုတစိုက် စီစဉ်ရမည်ဖြစ်သည်။
လိပ်အိုကြီး ထွက်သွားပြီးနောက် နတ်ဆိုးဧကရာဇ်ကြီးသည် ကျောက်စိမ်းလိပ်ခွံကို ချက်ချင်း ထုတ်ယူလိုက်၏။ ၎င်း၏မျက်နှာပြင်ပေါ်ရှိ မှိန်ဖျော့သော အက်ကွဲကြောင်းကို ကြည့်ရင်း နတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများထဲတွင် စိတ်မကောင်းဖြစ်မှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
ပြီးခဲ့သည့်အကြိမ်က ကုချန်၏နောက်ခံကို တွက်ချက်ရန် ကျောက်စိမ်းလိပ်ခွံကို အသုံးပြုခဲ့စဉ်က သူသည် အလင်းပြမှုကို အောင်မြင်စွာ ရရှိခဲ့သော်လည်း ကြီးမားလှသော ကံတရားက ကျောက်စိမ်းလိပ်ခွံကို ထိခိုက်ပျက်စီးမှု အချို့ ဖြစ်ပေါ်စေခဲ့သည်။
ကျောက်စိမ်းလိပ်ခွံ၏ ပစ္စည်းမှာ ထူးခြားဆန်းကြယ်သော်လည်း ၎င်း၏ ဒဏ်ရာများကို ကုသပြီး ကိုယ်တိုင် ပြန်လည်ပြုပြင်နိုင်မည်လားဆိုသည်ကို သူ မသိခဲ့ချေ။
နောင်တွင် အလွန် အရေးတကြီး ကိစ္စမရှိပါက ဟောကိန်းထုတ်ရန် ဤကျောက်စိမ်းလိပ်ခွံကို မကြာခဏ အသုံးမပြုသင့်တော့ပေ။
နတ်ဆိုးဧကရာဇ်ကြီးသည် သူ့ဘာသာ တွေးလိုက်ရင်း တစ်ချိန်တည်းမှာပင် သူ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ကျောက်စိမ်းလိပ်ခွံထဲသို့ ထည့်သွင်းလိုက်၏။
“ ဝီ…! “
စွမ်းအား ထည့်သွင်းခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းလိပ်ခွံသည် နူးညံ့သော အလင်းရောင်တစ်ခုကို တစ်ဖန် ပြန်လည် ထုတ်လွှတ်လာလေသည်။
ကျောက်စိမ်းလိပ်ခွံ၏ မျက်နှာပြင်ပေါ်တွင် များပြားလှသော တာအိုသင်္ကေတများ ပေါ်လာပြီး ကံကြမ္မာ၏ လမ်းညွှန်မှုအတိုင်း စတင်စီစဉ် နေရာယူလာကြ၏။
မကြာမီမှာပင် ထိုများပြားလှသော တာအိုပုံစံများသည် မှိန်ဖျော့သော ရွှေရောင်အလင်းတန်းများ တောက်ပနေသည့် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်လေသည်။
ကျောက်စိမ်းလိပ်ခွံပေါ်တွင် ပေါ်လာသော မြင်ကွင်းကို ကြည့်ရင်း နတ်ဆိုးဧကရာဇ်ကြီးသည် ပထမ၌ အနည်းငယ် အံ့အားသင့်သွားပြီးနောက် သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာလေသည်။
" ကြီးမားတဲ့ ကံကောင်းခြင်း လက္ခဏာပဲ! "
နတ်ဆိုးဧကရာဇ်ကြီးမှ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။
ကျောက်စိမ်းလိပ်ခွံ၏ မျက်နှာပြင်ပေါ်တွင် ပြသထားသော မြင်ကွင်းမှာ လေဟာနယ်ထဲတွင် တွဲလောင်းချိတ်ဆွဲခံထားရသော သက်ရှိတစ်ဦးကို ပြသနေခြင်း ဖြစ်သည်။
ထိုသက်ရှိ၏ မျက်နှာမှာ အခြားသူမဟုတ်ဘဲ ရှာနာနတ်ဆိုးဧကရာဇ်ပင် ဖြစ်နေလေသည်။
ရှာနာနတ်ဆိုးဧကရာဇ် လေဟာနယ်ထဲတွင် တွဲလောင်းချိတ်ဆွဲခံထားရခြင်း၏ အဓိပ္ပာယ်က ရှင်းလင်းနေသည် မဟုတ်ပါလော။
ဤသည်မှာ ယခု အကွက်ဆင်မှုသည် အလွန်ထိရောက်မည်ဖြစ်သလို သူသည်လည်း ဤအခွင့်အရေးကို အသုံးပြုကာ ရှာနာကို ဖယ်ရှားပစ်နိုင်လိမ့်မည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်ရမည်။
နတ်ဆိုးဧကရာဇ်ကြီးမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားလေ၏။ သို့သော် သူ့ကို အံ့အားသင့်သွားစေသည်မှာ ကျောက်စိမ်းလိပ်ခွံပေါ်ရှိ မြင်ကွင်းက လျင်မြန်စွာ ထပ်မံပြောင်းလဲသွားခြင်းပင်ဖြစ်သည်။
၎င်းမှာ လေဟာနယ်ထဲတွင် တွဲလောင်းချိတ်ဆွဲခံထားရသော သက်ရှိတစ်ဦး၏ ပုံရိပ်ဖြစ်နေဆဲပင် ဖြစ်သော်လည်း ရှာနာနတ်ဆိုးဧကရာဇ်၏ ပုံရိပ်နေရာတွင် အခြားနတ်ဆိုးဧကရာဇ်တစ်ပါးက အစားထိုး ဝင်ရောက်လာခဲ့သည်။
" ဒါက... ချူးဧကရာဇ်လား… သူနဲ့ ရှာနာတို့ တကယ်ပဲ ပူးပေါင်းပြီး မဟာမိတ်တွေ ဖြစ်သွားကြတာကိုး "
ကျောက်စိမ်းလိပ်ခွံပေါ်တွင် ပေါ်လာသော ပုံရိပ်အသစ်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် အံ့အားသင့်ခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဧကရာဇ်အသစ်၏ ပုံရိပ်မှာ ချူးဧကရာဇ်မှလွဲ၍ အခြားမဟုတ်သောကြောင့်ပင်။
ဤအချက်က ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့သည် မဟာမိတ်များဖြစ်ကြောင်း သွယ်ဝိုက်၍ သက်သေပြနေပြီး အရာအားလုံးကို အဓိပ္ပာယ်ရှိသွားစေခဲ့၏။ ဤတစ်ကြိမ် သူတို့နှစ်ဦးကို အကွက်ဆင်ရခြင်းမှာ အမှန်တကယ်ပင် ကြီးမားသော ကံကောင်းခြင်းပင် ဖြစ်လိမ့်မည်။
အရမ်းကောင်းတယ်… အရမ်းကောင်းတယ်။
နတ်ဆိုးဧကရာဇ်ကြီးသည် ကျေနပ်သွားကာ ကျောက်စိမ်းလိပ်ခွံကို သိမ်းဆည်းရန် ပြင်လိုက်၏။
သို့သော် ထိုအခိုက်၌ သူ မျှော်လင့်မထားသောအရာတစ်ခု ဖြစ်ပျက်လာခဲ့၏။ ကျောက်စိမ်းလိပ်ခွံပေါ်ရှိ မြင်ကွင်းသည် ချူးဧကရာဇ်ပြီးနောက် ရုတ်တရက် ထပ်မံပြောင်းလဲသွားခဲ့ပြန်သည်။
တစ်ချိန်တည်းမှာပင် မူလက ကျောက်စိမ်းလိပ်ခွံကို လွှမ်းခြုံထားသော ရွှေရောင်အလင်းတန်းသည် ရုတ်တရက် သွေးကဲ့သို့ နီရဲသွားတော့သည်။
ချူးဧကရာဇ်၏ ပုံရိပ်သည် အခြားနတ်ဆိုးဧကရာဇ်တစ်ပါးအဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ၎င်းမှာ ချီဖျန့်ဧကရာဇ်၏ ပုံရိပ် ဖြစ်နေခဲ့လေသည်။
ချီဖျန့်ဧကရာဇ်တဲ့လား!
ကျောက်စိမ်းလိပ်ခွံပေါ်တွင် ရုတ်တရက် ပေါ်လာသော ပုံရိပ်ကို ကြည့်ရင်း နတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများထဲတွင် တွေဝေရှုပ်ထွေးသွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေ၏။
ယခုလေးတင် ပေါ်လာခဲ့သော ပုံရိပ်များမှာ ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ ဖြစ်နေပါလျက်နှင့် ယခု ဘာကြောင့် ချီဖျန့်ဧကရာဇ်အဖြစ် ရုတ်တရက် ပြောင်းလဲသွားရသနည်း။
နတ်ဆိုးဧကရာဇ်ကြီး သတိမဝင်လာနိုင်မီမှာပင် ကျောက်စိမ်းလိပ်ခွံပေါ်ရှိ ပုံရိပ်က ထပ်မံပြောင်းလဲသွားပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ပုံရိပ်ပြောင်းလဲသွားသော အရာက နတ်ဆိုးဧကရာဇ်ကြီး၏ ကျောပြင်တစ်ခုလုံးကို ချွေးအေးများ ပျံသွားစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုပုံရိပ်မှာ အခြားသူမဟုတ်ဘဲ နတ်ဆိုးဧကရာဇ်ကြီး ကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်!
ဒါက…..
သွေးရောင်နီများ လွှမ်းခြုံထားသော လိပ်ခွံကို ကြည့်ရင်း နတ်ဆိုးဧကရာဇ်ကြီးမှာ စကားပြောရန်ပင် အခက်တွေ့သွားလေသည်။
စောစောက အမှန်တကယ်ပင် ကြီးမားသော ကံကောင်းခြင်းလက္ခဏာ ဖြစ်နေပါလျက်နှင့် အခြေအနေက ဘယ်လိုလုပ်ပြီး ရုတ်တရက် ဆိုးရွားသွားကာ 'တွဲလောင်းချိတ်ဆွဲ' ခံရသူတွေက သူနှင့် ချီဖျန့်ဧကရာဇ် ဖြစ်သွားရသနည်း။
ကျောက်စိမ်းလိပ်ခွံသည် ပြီးခဲ့သည့်အကြိမ်က ထိခိုက်ပျက်စီးပြီးနောက် ပြဿနာတစ်ခုခုများ ဖြစ်နေခဲ့သလော။
နတ်ဆိုးဧကရာဇ်ကြီးမှာ အလွန်တရာ တွေဝေသွားရ၏။ အဘယ်ကြောင့်ဆိုသော် ယခင်က သူ၏ ဟောကိန်းထုတ်မှုများတွင် ဤကဲ့သို့သော အခြေအနေမျိုး တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။
ကောင်းသောနိမိတ်ဆိုလျှင် ကောင်းသောနိမိတ်၊ ဆိုးသောနိမိတ်ဆိုလျှင် ဆိုးသောနိမိတ်သာ ပေါ်ခဲ့၏။ ဤကဲ့သို့ 'အစက ကောင်းပြီး နောက်မှ ဆိုးသွားခြင်း' မှာ ဘာအဓိပ္ပာယ်နည်း။ ဤအရာမှာ အမှန်တကယ်ပင် ထူးဆန်းလှ၏။
နတ်ဆိုးဧကရာဇ်ကြီးမှာ မသေချာမရေရာသလို ခံစားလိုက်ရပြီး တစ်ခဏမျှ ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားတော့သည်။
" ဒါက ရှာနာကို အကွက်ဆင်မယ့် ဒီအစီအစဉ်မှာ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း… အောင်နိုင်ခြင်းနဲ့ ရှုံးနိမ့်ခြင်း အားလုံးဟာ ငါအရှင်ရဲ့ အတွေးတစ်ချက်အပေါ်မှာပဲ မူတည်နေတယ်လို့ သတိပေးနေတာများလား "
ဟောကိန်း၏ အဓိပ္ပာယ်ကို ခန့်မှန်းရင်း နတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများမှာ တလက်လက် တောက်ပသွား၏။
" တကယ်လို့ အဲ့လိုဆိုရင် ရှာနာမှာ လျှို့ဝှက်လက်နက် တစ်ခုခု ရှိနေသေးတာ ဖြစ်နိုင်တယ် "
နတ်ဆိုးဧကရာဇ်ကြီးသည် တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။
ချီဖျန့်ဧကရာဇ်မှ သူသည် သေဘေးမှ သီသီလေး လွတ်မြောက်လာခဲ့ကြောင်းနှင့် ဤအချက်ကို ချူးဧကရာဇ်နှင့် ရှာနာတို့ မသိရှိကြကြောင်း အစောပိုင်းက သူ့ကို ပြောပြခဲ့၏။
ထို့ကြောင့် ရှာနာနှင့် ချူးဧကရာဇ်တို့ကို အကွက်ဆင်သည့် ဤအစီအစဉ်မှာ သတိမထားမိသော ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။ ယုတ္တိရှိရှိ တွေးကြည့်မည်ဆိုလျှင် မျှော်လင့်မထားသော အဖြစ်အပျက်များဆိုသည်မှာ လုံးဝ ရှိလာရမည်မဟုတ်ပေ။
အစောပိုင်းက ချီဖျန့်ဧကရာဇ် သူ့ထံ ရောက်လာစဉ်ကလည်း သူသည် ဟောကိန်းတစ်ခု ထုတ်ခဲ့၏။ ထိုဟောကိန်းဟာလည်း ကြီးမားသော ကံကောင်းခြင်းလက္ခဏာကို ရှင်းလင်းစွာ ပြသနေခဲ့သည်။
အခု ဘာလို့ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်း ရောထွေးပြီး ရုတ်တရက် မသေချာမရေရာ ဖြစ်သွားရတာလဲ။
နေပါဦး!
နတ်ဆိုးဧကရာဇ်ကြီးသည် တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားပုံရကာ သူ၏အကြည့်များမှာလည်း စူးရှထက်မြသွားလေသည်။
အစောပိုင်း ချီဖျန့်ဧကရာဇ်မှ အရာအားလုံးကို သူ့အား ပြန်လည်ပြောပြချိန်မှသည် ဒုတိယအကြိမ် ဟောကိန်းထုတ်ချိန်အထိ မည်သည့် ပြောင်းလဲမှုမျှ မရှိခဲ့သည်မှာ ရှင်းလင်းနေ၏။ အကယ်၍ ပြောင်းလဲနိုင်သော ကိန်းရှင်တစ်ခု ရှိခဲ့မည်ဆိုလျှင် ထိုသူမှာ ကုချန်ပင် ဖြစ်သည်။
ရှာနာကို အကွက်ဆင်မည့် အစီအစဉ်အကြောင်း ဤလူငယ်လေးကိုသာ သူ ပြောပြခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ယခု ဟောကိန်းမှာ ကံကောင်းခြင်းနှင့် ကံဆိုးခြင်း ရောထွေးကာ မသေချာမရေရာ စတင်ဖြစ်ပေါ်လာသည်တဲ့လော။
ဒါဆို ဒီအပြောင်းအလဲတွေ အားလုံးက ကုချန်နဲ့ ပတ်သက်နေနိုင်မလား!
နတ်ဆိုးဧကရာဇ်ကြီးသည် ရုတ်တရက် နားလည်သွားပုံရသော်လည်း အလွန်အမင်း တွေဝေရှုပ်ထွေးသွားပြန်တော့၏။
နတ်ဆိုးဧကရာဇ် လေးပါးကြားက တိုက်ပွဲတစ်ခုမှာ ပါဝင်ပတ်သက်နေပါလျက်နဲ့ အောင်နိုင်ခြင်းနဲ့ ရှုံးနိမ့်ခြင်း ချိန်ခွင်လျှာကို ယိမ်းယိုင်သွားစေနိုင်သူမှာ သေးငယ်သည့် အင်မော်တယ်ဘုရင်လေးတစ်ပါး ဖြစ်နေခဲ့သည်လော။
ဤလူငယ်လေး၏ နောက်ကွယ်ရှိ အင်အားစုများက လှုပ်ရှားလာခဲ့သည်များလော။
နတ်ဆိုးဧကရာဇ်ကြီးသည် အနည်းငယ် စိုးရိမ်ထိတ်လန့်လာတော့၏။ အခြေအနေများမှာ သူ တွေးထင်ထားသည်ထက် များစွာ ပိုမို ရှုပ်ထွေးနေပုံရလေသည်။
အစက သူသည် သူ့အား အမြဲတစေ ဆန့်ကျင်နေခဲ့သော ထိုကြီးမားသည့် စိုးရိမ်စရာဖြစ်သူ ရှာနာကို ဖယ်ရှားပစ်ရန် ချီဖျန့်ဧကရာဇ်နှင့်အတူ ဤအခွင့်အရေးကို အသုံးပြုရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုမူ သူသည် အလွန် ဂရုစိုက်ပြီး သတိထားရတော့မည်ပုံပင်။ ခြေလှမ်းအနည်းငယ် မှားယွင်းသွားသည်နှင့် လုံးဝ ရှုံးနိမ့်သွားနိုင်၏။
ထိုလူငယ်လေး၏ ဆန္ဒက အရေးကြီးပုံရနေလေသည်။ သူသည် ထိုလူငယ်လေး၏ ဆန္ဒအတိုင်း လုပ်ဆောင်ရမည်လော။
နတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများမှာ တလက်လက် တောက်ပသွား၏။ နတ်ဆိုးဧကရာဇ် အတော်များများ ပါဝင်ပတ်သက်နေသော ရန်ငြိုးတစ်ခုသည် တစ်နေ့တွင် အင်မော်တယ်ဘုရင်တစ်ပါး၏ လွှမ်းမိုးမှုကို ခံရလိမ့်မည်ဟု သူကိုယ်တိုင်ပင် မမျှော်လင့်ထားခဲ့ချေ!