အခန်း ၅၉၁
Vol. 43 Ch. 591
အခန်း (၅၉၁) - သဘောတူညီချက်ရရှိခြင်း၊ ရှာနာနတ်ဆိုးဧကရာဇ်နှင့် အကွက်ဆင်ခြင်း
ဟောကိန်းရလဒ်များမှာ လုံးဝ ရှင်းလင်းပြတ်သားမှု မရှိသော်လည်း ဤကိစ္စတွင် အန္တရာယ်များ ပြည့်နှက်နေပြီး သတိကြီးစွာထားကာ ဂရုတစိုက် မစီစဉ်ဘဲ မလှုပ်ရှားရဟု သိထားသောကြောင့် နတ်ဆိုးဧကရာဇ်ကြီးသည် အလွန်အမင်း သတိထားနေခဲ့သည်။
ထိုအချိန်မှာပင် မရင်းနှီးသော အငွေ့အသက်တစ်ခု ချဉ်းကပ်လာမှုကြောင့် နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။
နတ်ဆိုးဧကရာဇ်ကြီးမှာ သက်ကယ်မိုးတဲအပြင်ဘက်သို့ လှမ်းကြည့်ကာ အေးဆေးတည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
" ချီဖျန့်ဧကရာဇ်… ရောက်နေပြီဆိုမှတော့ ထွက်ခဲ့ပါတော့… ဘာလို့ ခေါင်းဝှက်ပြီး အမြီးဖျောက်နေဦးမှာလဲ "
" ဟက်ဟက်… သတိထားတာ အမြဲတမ်း ကောင်းပါတယ်လေ “
အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာပြီး လေဟာနယ်ထဲမှ ပုံရိပ်တစ်ခုက တဖြည်းဖြည်းချင်း ထင်ရှားလာကာ သက်ကယ်မိုးတဲအတွင်းသို့ ဝင်ရောက်လာလေသည်။ ထိုသူမှာ ချီဖျန့်ဧကရာဇ်ပင် ဖြစ်၏။
သို့သော် ယခု ထွက်ပေါ်လာသော ချီဖျန့်ဧကရာဇ်မှာ ခန္ဓာကိုယ်အစစ်အမှန် မဟုတ်ဘဲ အရေးမပါသော ကိုယ်ပွားတစ်ခုသာဖြစ်ပြီး အစစ်အမှန်ပုံစံ မဟုတ်ချေ။
ချီဖျန့်ဧကရာဇ်၏ သတိထားမှုကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးက သိပ်အလေးမထားဘဲ ပြုံးလျက် မေးမြန်းလိုက်၏။
" တာအိုမိတ်ဆွေ ချီဖျန့်ဧကရာဇ်… ဒီကို ဘာကိစ္စများ ရှိလို့ပါလဲ "
" တာအိုမိတ်ဆွေ နတ်ဆိုးဧကရာဇ်… စကားကို လှည့်ပတ်ပြောနေစရာ မလိုပါဘူး "
ချီဖျန့်ဧကရာဇ်မှာ နတ်ဆိုးဧကရာဇ်ကြီးကို တစ်ချက်ကြည့်ကာ အေးဆေးစွာ မေးမြန်းလိုက်၏။
" အရင်က ငါပြောခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်လိုက်ပြီလဲ "
ယခင်က ချီဖျန့်ဧကရာဇ်သည် ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ကို ပူးပေါင်းနှိမ်နင်းရန် ကိစ္စနှင့်ပတ်သက်၍ နတ်ဆိုးဧကရာဇ်ကြီးနှင့် ဆွေးနွေးခဲ့ဖူးသည်။ နတ်ဆိုးဧကရာဇ်ကြီးက စဉ်းစားရန် အချိန်လိုသည်ဟု ဆိုခဲ့သော်လည်း အမှန်တကယ်တွင်မူ ကုချန်ကို စည်းရုံးရန် အချိန်ဆွဲနေခြင်းသာ ဖြစ်သည်။
ဤစောင့်ဆိုင်းရမှုက နှစ်အတော်ကြာသွားခဲ့သဖြင့် ချီဖျန့်ဧကရာဇ်မှာ သဘာဝကျကျပင် စိတ်မရှည်နိုင်တော့ချေ။ ထို့ကြောင့် သူသည် ကိုယ်တိုင်ကိုယ်ကျ လာရောက်စုံစမ်းရန် စွန့်စားခဲ့ခြင်းဖြစ်သည်။
" ကျိန်းသေပေါက် သဘောတူတာပေါ့ "
နတ်ဆိုးဧကရာဇ်ကြီးသည် မည်သည့် တွေဝေမှုမျှမရှိဘဲ ပြုံးလျက် ပြန်လည် ဖြေဆိုလိုက်၏။
ယခု ကုချန်ကလည်း သဘောတူညီကြောင်း ရှင်းလင်းစွာ ပြောပြပြီးဖြစ်၍ နတ်ဆိုးဧကရာဇ်ကြီးအနေဖြင့် တွေဝေနေစရာ အကြောင်းမရှိတော့ပေ။ ဟောကိန်းရလဒ်များအရ သူ၏ လုပ်ဆောင်မှုများတွင် ပိုမို သတိထားပြီး ဂရုစိုက်ရန် လိုအပ်ကြောင်းကိုသာ သဘောပေါက်သွားစေခဲ့သည်။
စဉ်းစားကြည့်လျှင် ဤလောကတွင် ကောင်းသောနိမိတ်ချည်းသာ အမြဲတမ်းရှိနေမည့် အရာမျိုး ဘယ်မှာရှိမည်နည်း။
အကယ်၍ အိမ်မှာ ထိုင်ပြီး ကောင်းသောနိမိတ်များကိုသာ စောင့်နေမည်ဆိုလျှင် ဤလောကတွင် မည်သည့်အရာမျှ အောင်မြင်နိုင်မည် မဟုတ်ပေ။
" အရမ်းကောင်းတယ် "
နတ်ဆိုးဧကရာဇ်ကြီး သဘောတူလိုက်သည်ကို ကြားသောအခါမှသာ ချီဖျန့်ဧကရာဇ်သည် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားခဲ့သလို သူ၏ မျက်လုံးများထဲတွင်လည်း ဝမ်းမြောက်မှုများ ပြည့်နှက်သွားလေသည်။
သူ၏ ခန္ဓာကိုယ်အစစ်အမှန်နှင့် ဘာကြောင့် မလာရဲခဲ့သနည်း။
'မြွေကိုက်ခံရဖူးသူက ကြိုးမြင်တိုင်း လန့်တယ်' ဆိုသည့်စကားအတိုင်းပင် ချူးဧကရာဇ်၏ ရုတ်တရက် သစ္စာဖောက်မှုက သူ့ကို ကြောက်ရွံ့သွားစေခဲ့၏။
နတ်ဆိုးဧကရာဇ်ကြီးသည် အပြင်ပန်းတွင် ရှာနာနတ်ဆိုးဧကရာဇ်အပေါ် ပြင်းထန်သော ရန်ငြိုးများ ရှိနေပုံရသော်လည်း အကယ်၍များ ဤနှစ်ဦးသည်လည်း ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကဲ့သို့ လျှို့ဝှက်စွာ ပူးပေါင်းသွားခဲ့လျှင် မည်သို့လုပ်မည်နည်း။
ဤအချက်ကို စဉ်းစားမိသောကြောင့် ချီဖျန့်ဧကရာဇ်သည် သူ၏ ခန္ဓာကိုယ်အစစ်အမှန် မဟုတ်ဘဲ ကိုယ်ပွားတစ်ခုကိုသာ လွှတ်ရန် စွန့်စားခဲ့ခြင်းဖြစ်သည်။
အကယ်၍ အဆိုးဆုံးအခြေအနေမျိုး အမှန်တကယ် ကြုံတွေ့ရပါက သူ၏ ခန္ဓာကိုယ်အစစ်အမှန် တိုက်ရိုက်လာရောက်ခြင်းမှာ ထောင်ချောက်ထဲသို့ ဝင်သွားခြင်းနှင့် မည်သို့မျှ ကွာခြားမည်မဟုတ်ပေ။
သို့သော် ယခု နတ်ဆိုးဧကရာဇ်ကြီး၏ တုံ့ပြန်မှုကို ကြည့်ရခြင်းအားဖြင့် သူ၏ စိုးရိမ်မှုများမှာ လုံးဝ အပိုဖြစ်နေကြောင်း ရှင်းလင်းနေ၏။
ရှာနာနတ်ဆိုးဧကရာဇ်နှင့် ပတ်သက်သည့် ကိစ္စတွင် နတ်ဆိုးဧကရာဇ်ကြီးမှာ အမှန်တကယ်ပင် ကောင်းမွန်သော အကူအညီတစ်ဦးပင် ဖြစ်၏။
ဤအချက်ကို တွေးမိသောအခါ ချီဖျန့်ဧကရာဇ်၏ မျက်နှာပေါ်တွင် မသိမသာ အပြုံးတစ်ခု ပေါ်လာလေသည်။
" တာအိုမိတ်ဆွေရဲ့ အကူအညီနဲ့ဆိုရင် ချူးဧကရာဇ်နဲ့ ရှာနာနတ်ဆိုးဧကရာဇ်ကို နှိမ်နင်းနိုင်မယ့် အခွင့်အရေးတွေက အများကြီး တိုးလာပြီ "
" အရင်ဆုံး ရှင်းအောင် ပြောရအောင်… ငါအရှင်က ရှာနာကို ကိုင်တွယ်ဖို့ပဲ တာဝန်ယူမယ်… ချူးဧကရာဇ်ကိုတော့ မင်းဘာသာ ကိုင်တွယ်ရလိမ့်မယ် "
နတ်ဆိုးဧကရာဇ်ကြီးသည် ချီဖျန့်ဧကရာဇ်ကို ကြည့်ကာ မနှစ်မြို့ဖွယ် အမှန်တရားကို ကြိုတင် ပြောဆိုထားလိုက်၏။
" တာအိုမိတ်ဆွေ စိတ်ချပါ… ချူးဧကရာဇ်ကိုတော့ ငါကိုယ်တိုင် သေချာပေါက် ကိုင်တွယ်ပါ့မယ် "
ချီဖျန့်ဧကရာဇ်မှ ဖုံးကွယ်မရနိုင်သော အမုန်းတရားများ ပါဝင်နေသည့် အသံဖြင့် သွားကြိတ်ကာ ပြောဆိုလိုက်၏။
ကွေ့ရွှီးနယ်မြေတွင် ရှာနာနတ်ဆိုးဧကရာဇ်မှ သူ့ကို တိုက်ခိုက်ခဲ့သော်လည်း ၎င်းနှင့် နှိုင်းယှဉ်လျှင် ချီဖျန့်ဧကရာဇ်က ချူးဧကရာဇ်ကို ပို၍ပင် မုန်းတီးလေသည်။
စဉ်းစားကြည့်လျှင် အကယ်၍ ချူးဧကရာဇ်ကသာ ရှာနာနတ်ဆိုးဧကရာဇ်ကို နှိမ်နင်းရန် အစပိုင်းတွင် သူ့ထံမှ အကူအညီမတောင်းခဲ့ပါက နောက်ပိုင်း အဖြစ်အပျက်များ လုံးဝ ဖြစ်ပေါ်လာမည်မဟုတ်ပေ။
ထို့ကြောင့် ချီဖျန့်ဧကရာဇ်၏ စိတ်နှလုံးထဲတွင် သူ၏ အကြီးမားဆုံးသော ရန်သူမှာ သဘာဝကျကျပင် ချူးဧကရာဇ် ဖြစ်နေလေသည်။
" ငါအရှင်က ကူညီဖို့ သဘောတူထားတယ်ဆိုပေမယ့် မင်းဆီမှာလည်း ပြည့်စုံတဲ့ အစီအစဉ်တစ်ခု ရှိရမယ်… အဲ့ဒီလိုမဟုတ်ရင်တော့ ငါအရှင်က လွယ်လွယ်နဲ့ လှုပ်ရှားမှာ မဟုတ်ဘူး "
နတ်ဆိုးဧကရာဇ်ကြီးမှ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်၏။
ယခင် ဟောကိန်းရလဒ်များကြောင့် နတ်ဆိုးဧကရာဇ်ကြီးမှာ အလွန် သတိထားနေခဲ့၏။ အနည်းငယ်မျှသော မူမမှန်မှု၊ လစ်ဟင်းမှုများ ရှိလာပါက သူသည် ချက်ချင်း နောက်ဆုတ်သွားမည်ပင်။
ထို့ကြောင့် မလှုပ်ရှားမီတွင် သူသည် ချီဖျန့်ဧကရာဇ်၏ အစီအစဉ်တစ်ခုလုံးကို ရှင်းလင်းစွာ နားလည်ထားရန် ကျိန်းသေ လိုအပ်၏။ မဟုတ်ပါက ယခင်တစ်ကြိမ်ကကဲ့သို့ ရှာနာနတ်ဆိုးဧကရာဇ်၏ ထောင်ချောက်ထဲသို့ ထပ်မံကျရောက်သွားခြင်းမှ ရှောင်ရှားရန် လွယ်လွယ်နှင့် လှုပ်ရှားမည်မဟုတ်ပေ။
ဒီ မြေခွေးအိုကြီး!
နတ်ဆိုးဧကရာဇ်ကြီး၏ သတိထားနေသော အမူအရာကို မြင်သောအခါ ချီဖျန့်ဧကရာဇ်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ နတ်ဆိုးဧကရာဇ်ကြီးဆိုသည့် ဤမြေခွေးအိုကြီးသည် ယုန်မမြင်ဘဲ စွန်လွှတ်မည့်သူ လုံးဝ မဟုတ်ချေ။
သို့သော် ကိစ္စမရှိပေ။ ယခု နတ်ဆိုးဧကရာဇ်ကြီးက ပို၍ သတိထားနေလေလေ၊ ရှာနာနတ်ဆိုးဧကရာဇ်ကို နှိမ်နင်းရာတွင် ကူညီရန် သဘောတူညီချက်မှာ စကားသက်သက် မဟုတ်ကြောင်း ပို၍ ပြသနေလေလေဖြစ်သည်။ ကံကောင်းစွာဖြင့် သူသည် အရာအားလုံးကို အသေအချာ ပြင်ဆင်ထားပြီးဖြစ်သဖြင့် နတ်ဆိုးဧကရာဇ်ကြီးကို အစီအစဉ်အကြောင်း ဖော်ပြလိုက်မည်ဆိုလျှင်တောင်မှ အဆင်ပြေပေ၏။
" တာအိုမိတ်ဆွေ နတ်ဆိုးဧကရာဇ် စိတ်ချပါ… ငါက ရှာနာနတ်ဆိုးဧကရာဇ်ကို လုံးဝ လွတ်လမ်းမရှိစေမယ့် အမှားကင်းတဲ့ အစီအစဉ်တစ်ခုကို ကြိုတွေးထားပြီးပါပြီ! "
ချီဖျန့်ဧကရာဇ်မှ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်၏။
" အို... ဒါဆိုရင် ငါအရှင်က အသေးစိတ်ကို နားထောင်ချင်ပါတယ် "
ထိုစကားကို ကြားသောအခါ နတ်ဆိုးဧကရာဇ်ကြီးမှာ ချက်ချင်းပင် နားစွင့်လိုက်၏။
အဘယ်ကြောင့်ဆိုသော် သူသည် ချီဖျန့်ဧကရာဇ်၏ အစီအစဉ်ကို အမှန်တကယ်ပင် ကြားချင်နေခဲ့ပြီး အထူးသဖြင့် ရှာနာကို ထောင်ချောက်ထဲသို့ သွေးဆောင်ရန် ချီဖျန့်ဧကရာဇ် မည်သို့ ရည်ရွယ်ထားသည်ကို သိချင်နေသောကြောင့် ဖြစ်သည်။
" ရှာနာနတ်ဆိုးဧကရာဇ်ကို ထောင်ချောက်ထဲရောက်အောင် ငါက ဘယ်လိုနည်းလမ်းကို သုံးမလဲဆိုတာကို တာအိုမိတ်ဆွေ နတ်ဆိုးဧကရာဇ် သိချင်နေလောက်ပြီမလား "
နတ်ဆိုးဧကရာဇ်ကြီး၏ အတွေးများကို မြင်သွားသည့်အလား ချီဖျန့်ဧကရာဇ်မှ ကျေနပ်စွာ ပြုံးလိုက်လေသည်။ ထို့နောက် သူသည် လက်ဖဝါးကို ဖြန့်ကာ နတ်ဆိုးဧကရာဇ်ကြီးကို အချက်ပြလိုက်၏။
" တာအိုမိတ်ဆွေ နတ်ဆိုးဧကရာဇ်… ဒီမှာ ဘာမြင်ရလဲ "
ဤစကားကို ကြားသောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် ချီဖျန့်ဧကရာဇ်၏ လက်ဖဝါးထဲသို့ ချက်ချင်း ကြည့်လိုက်၏။
ချီဖျန့်ဧကရာဇ်၏ လက်ဖဝါးထဲတွင် မျိုးစေ့တစ်စေ့ တိတ်ဆိတ်စွာ ရှိနေလေသည်။
ထိုမျိုးစေ့လေးမှာ မျက်စိကျိန်းလောက်အောင် နီရဲနေ၏။ ချီဖျန့်ဧကရာဇ်မှ ထိုမျိုးစေ့ထဲသို့ ချီစွမ်းအင် အနည်းငယ် ထည့်သွင်းလိုက်သည်နှင့် အံ့မခန်း မြင်ကွင်းတစ်ခု ပေါ်လာလေသည်။ မျိုးစေ့လေးသည် ချက်ချင်းပင် ရူးသွပ်စွာ ကြီးထွားလာပြီး မျက်စိရှေ့တွင်ပင် အမြစ်များနှင့် အရွက်များ ထွက်လာကာ နောက်ဆုံးတွင် ဆွဲဆောင်မှုရှိပြီး လှပတောက်ပသော ပန်းပွင့်လေးတစ်ပွင့်အဖြစ် ပွင့်လန်းလာတော့သည်။
ပန်းပွင့်လေးမှာ အလွန်တရာ လှပလွန်းလှကာ အိပ်မက်ဆန်နေ၏။
သို့သော် ၎င်းသည် မျက်တောင်တစ်ခတ်စာမျှသာ တည်ရှိပြီးနောက် ချက်ချင်း ညှိုးနွမ်းသွားကာ ချီဖျန့်ဧကရာဇ်၏ လက်ဖဝါးထဲတွင် တိတ်ဆိတ်စွာ ရှိနေသော အနီရောင် မျိုးစေ့လေးအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားတော့သည်။
ပန်းပွင့်လေး အမြစ်တွယ်ကာ အညှောက်ထွက်လာချိန်မှစ၍ ပွင့်လန်းခြင်းနှင့် ညှိုးနွမ်းသွားခြင်းအထိ အသက်ရှူကြိမ် တစ်ကြိမ်စာပင် မကြာလိုက်ချေ။ ၎င်းမှာ အမှန်တကယ်ပင် မျက်တောင်တစ်ခတ်စာ တောက်ပမှုလေးသာ ဖြစ်၏။
" ဒါက… "
ချီဖျန့်ဧကရာဇ်၏ လက်ဖဝါးထဲရှိ မျိုးစေ့လေးကို ကြည့်ကာ နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ အဘယ်ကြောင့်ဆိုသော် ထိုမျိုးစေ့လေးထဲတွင် ရှာနာနတ်ဆိုးဧကရာဇ်နှင့် ဆင်တူသော သံသရာလည်ခြင်း တာအို၏ အရိပ်အယောင်တစ်ခုကို သူ အမှန်တကယ်ပင် ခံစားလိုက်ရသောကြောင့်တည်း။
" ဒီပစ္စည်းကို ရှာနာပန်းလို့ ခေါ်တယ်… အတိတ်က ငါရရှိခဲ့တဲ့ နတ်ဘုရားပစ္စည်းတစ်ခုဖြစ်ပြီးတော့ သံသရာလည်ခြင်းနဲ့ မျက်တောင်တစ်ခတ်စာ တာအိုတွေ ပါဝင်တယ်… အခုလေးတင် တာအိုမိတ်ဆွေ နတ်ဆိုးဧကရာဇ်ကို ငါပြသလိုက်တာက ရှာနာပန်းရဲ့ စွမ်းအားတစ်စိတ်တစ်ပိုင်းကနေ ငါထုတ်ယူ ဖန်တီးထားတဲ့ ပန်းမျိုးစေ့လေးတစ်ခုသာသာ ပါပဲ "
ချီဖျန့်ဧကရာဇ်မှ ဂုဏ်ယူစွာဖြင့် ပြောဆိုလိုက်၏။
သူသည် ဤတစ်ကြိမ်တွင် သူ၏ ခန္ဓာကိုယ်အစစ်အမှန်ဖြင့် လာရောက်ခဲ့ခြင်းမဟုတ်သဖြင့် ရှာနာပန်းအစစ်ကို သဘာဝကျကျပင် ယူဆောင်လာနိုင်ခြင်း မရှိခဲ့ပေ။
ဤရှာနာပန်းသည် ချီဖျန့်ဧကရာဇ် ပိုင်ဆိုင်သော အစစ်အမှန် နတ်ဘုရားရတနာတစ်ခုဖြစ်၏။ အမှန်တကယ်တော့ ၎င်းသည် သူ၏ အသက်ကယ် သွေးကန်ကို တည်ဆောက်ရာတွင်ပင် အရေးပါလွန်းသော အခန်းကဏ္ဍမှ ပါဝင်ခဲ့လေသည်။
ယခုမူ ချီဖျန့်ဧကရာဇ်သည် ဤရှာနာပန်းကို အသုံးပြုကာ ရှာနာနတ်ဆိုးဧကရာဇ်ကို ထောင်ချောက်ထဲသို့ သွေးဆောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။