အခန်း ၅၉၆
Vol. 43 Ch. 596
အခန်း (၅၉၆) - အင်မော်တယ်ဘုရင်ကို စတေးခြင်း၊ နယ်ရုပ်ကို စွန့်ပစ်ခြင်းနှင့် ထောင်ချောက်ထဲသို့ ကျဆင်းသွားခြင်း
ကမ္ဘာငယ်လေးသည် ဟွမ်သွမ့်ချီများဖြင့် ပြည့်နှက်နေသဖြင့် အတွင်းမှ မြင်ကွင်းကို မြင်နိုင်ရန် မဖြစ်နိုင်ပေ။
ကမ္ဘာငယ်လေး၏ အနက်ရှိုင်းဆုံးနေရာတွင် ပွင့်လန်းနေသော ရှာနာပန်းလေးကိုသာ ဝေဝါးဝါး မြင်တွေ့နိုင်ပြီး ခမ်းနားသော အလင်းရောင်များဖြင့် တောက်ပနေလေသည်။
ကျိုးမေသည်လည်း သူပြောခဲ့သည့်အတိုင်း အမှန်တကယ်ပင် လုပ်ဆောင်နေပုံပင်။ ရှာနာနတ်ဆိုးဧကရာဇ်အတွက် ရှေ့မှသွားကာ လမ်းခရီးရှိ အန္တရာယ်များကို ရှင်းလင်းပေးချင်သည့်အလား ပွင့်လန်းနေသော ရှာနာပန်းဆီသို့ ပျံသန်းသွားရာ လမ်းတစ်လျှောက် မိမိသဘောဆန္ဒအလျောက်ပင် ပြောဆိုလုပ်ကိုင်ခဲ့၏။
ထိုအချိန်တွင် ရှာနာနတ်ဆိုးဧကရာဇ်သည် ဤအရာအားလုံးကို အနောက်မှနေ၍ အေးစက်သော အကြည့်ဖြင့်သာ စောင့်ကြည့်နေခဲ့၏။
သူ၏ကျောပြင်ကို ပြသထားသော ကျိုးမေ၏မျက်နှာပေါ်တွင် နာကျင်စွာ ရုန်းကန်နေရသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားသည်ကို မည်သူကမျှ မမြင်တွေ့ခဲ့ချေ။ ဤအရာမှာ သူ၏ အစစ်အမှန် ရည်ရွယ်ချက် မဟုတ်နေသော်လည်း သူ၏ လှုပ်ရှားမှုများမှာမူ ထိန်းချုပ်မရတော့သည့်အလား ရှာနာပန်းဆီသို့ ဆက်လက်၍ ရဲရင့်စွာ တိုးဝင်သွားခဲ့သည်။
မကြာမီမှာပင် ကျိုးမေသည် မိုင်ပေါင်းသောင်းချီ ခရီးကို ဖြတ်သန်းခဲ့ပြီး ရှာနာပန်းနှင့် ပိုမိုနီးကပ်လာခဲ့၏။
ရုတ်တရက် သူ ဖြတ်သန်းသွားသော နေရာတွင် တားမြစ်နယ်မြေတစ်ခုကို ဆွဲဖွင့်လိုက်သကဲ့သို့ လေဟာနယ်က ရုတ်တရက် ကွဲဟသွားပြီး လေဟာနယ်ထဲတွင် ရစ်ပတ်နေသော မရေမတွက်နိုင်သည့် ဥပဒေသသံကြိုးများက ကြီးမားလှသော လောဘကြီးသည့် ပါးစပ်ပေါက်ကြီးတစ်ခုကဲ့သို့ ကျိုးမေကို ရက်စက်စွာ မျိုချလိုက်လေသည်။
လေဟာနယ်အက်ကွဲကြောင်းသည် လျင်မြန်လွန်းစွာ ပေါ်လာသည့်အပြင် ကျိုးမေ၏ ဘေးနားတွင် အတိအကျ ဖြစ်နေသဖြင့် သူ့၌ တုံ့ပြန်ရန် မည်သည့်အခွင့်အရေးမျှ မရခဲ့ချေ။
သူ တုံ့ပြန်နိုင်ချိန်တွင်မူ အလွန် နောက်ကျနေခဲ့ပြီ ဖြစ်သည်။
" ဟင့်အင်း!!! "
ကြီးမားလှသော လေဟာနယ်ပါးစပ်ကြီးက သူ့ကို မျိုချနေသည်ကို ကြည့်ရင်း ကျိုးမေမှာ သူကိုယ်တိုင် မျိုချခံရသည်ကို ကြည့်နေရုံမှလွဲ၍ ဘာမျှမလုပ်နိုင်ခဲ့ပေ။
မရေမတွက်နိုင်သော ဥပဒေသသံကြိုးများက သူ၏ခန္ဓာကိုယ်ကို တင်းကြပ်ရက်စက်စွာ ရစ်ပတ်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်လေသည်။
အဝေးရှိ ရှာနာနတ်ဆိုးဧကရာဇ်သည် ကြီးမားလှသော လေဟာနယ်ပါးစပ်ကြီး ပေါ်လာသည်ကို မြင်သောအခါ ကျိုးမေကို ကယ်တင်ချင်၍ အပြေးသွားခဲ့သော်လည်း သူ၏အမြန်နှုန်းမှာ နောက်ကျနေခဲ့ရကာ ကျိုးမေတစ်ယောက် မရေမတွက်နိုင်သော ဥပဒေသသံကြိုးများ၏ ရစ်ပတ်မှုကို ခံရ၍ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်ကိုသာ ကြည့်နေနိုင်ခဲ့တော့သည်။
” ဘုန်း! “
အင်မော်တယ်ဘုရင်တစ်ပါး၏ ခန္ဓာကိုယ်သည် ဤသို့ပင် ပေါက်ကွဲသွားခဲ့ရ၏။ ကျိုးမေ မသေဆုံးမီတွင် သူ၏ မျက်လုံးများထဲ၌ ဤကဲ့သို့ အချည်းနှီး ပျက်သုဉ်းသွားရမည်ကို မလိုလားသည့်အလား မကျေနပ်ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နှက်နေခဲ့လေသည်။
သို့သော် မည်သည့်အချိုးအကွေ့ အခွင့်အရေးမျှ မရှိခဲ့ချေ။ သူ၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်နှင့် နေရာအနှံ့ရှိနေသော အဆုံးမဲ့တာအို ဥပဒေသစွမ်းအားများကလည်း သူ၏ နတ်ဘုရားဝိညာဉ်ထဲသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်လာကာ သူ၏နတ်ဘုရားဝိညာဉ်ကို ချက်ချင်းပင် အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်လိုက်လေ၏။
" ကျိုးမေ! "
ရှာနာနတ်ဆိုးဧကရာဇ်သည် ကျယ်လောင်စွာ အော်ခေါ်လိုက်၏။ ထို့အခိုက်၌ပင် သူ၏ မျက်လုံးများထဲတွင် အေးစက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
သူ၏ အရှင်သခင်နှင့် ဆက်သွယ်မှုအရ ကျိုးမေသည် ချီဖျန့်ဧကရာဇ်၏ ထိန်းချုပ်မှုကို ခံထားရသည်ဖြစ်ရာ ယခုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် လုပ်ရပ်မှာလည်း ချီဖျန့်ဧကရာဇ်နှင့် ဆက်စပ်နေကြောင်း သူ သိရှိထားပြီး ဖြစ်သည်။
ချီဖျန့်ဧကရာဇ် ဤမျှ ရက်စက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ အင်မော်တယ်ဘုရင်တစ်ပါးကို ဤသို့ လွယ်လွယ်ကူကူပင် စွန့်ပစ်လိုက်သည်တဲ့လော။
ထို့အပြင် ကျိုးမေကို သေတွင်းထဲသို့ သွားခိုင်းရသည့် အကြောင်းရင်းမှာ သူ၏ ယုံကြည်မှုကို ရရှိရန်သက်သက်သာ ဖြစ်ပုံရပြီး ကျိုးမေသည် သူ့ကို အကွက်ဆင်ရန် ရည်ရွယ်ချက်မရှိကြောင်း၊ ဤနေရာသည် လူသားတို့၏ ဝင်ရောက်စွက်ဖက်မှု အရိပ်အယောင်မရှိသော သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် နေရာတစ်ခုဖြစ်ကြောင်း သူ့ကို ယုံကြည်စေရန် ဖြစ်သည်။
အင်မော်တယ်ဘုရင်တစ်ပါး၏ အသက်ဖြင့် ထောင်ချောက်ဆင်ရသည်အထိပင်။
တကယ့်ကို ရက်စက်ယုတ်မာတဲ့ အကြံအစည်ပဲ!
ရှာနာနတ်ဆိုးဧကရာဇ်မှာ စိတ်ထဲမှ တိတ်တဆိတ် လန့်သွားခဲ့၏။ အကယ်၍ ဤအရာအားလုံး၏ အမှန်တရားကို သူ ကြိုတင်မသိထားခဲ့ပါက သူ မည်မျှပင် သတိထားခဲ့ပါစေ ထိုမြင်ကွင်းကို မြင်တွေ့ပြီးပါက လုံးဝ သတိထားတော့မည် မဟုတ်ချေ။
ဤနေရာသည် နတ်ဆိုးနယ်မြေမှ သဘာဝအတိုင်း ဖန်တီးထားသော လွတ်လမ်းမရှိသည့် နေရာတစ်ခုဖြစ်ပြီး ကျိုးမေက ၎င်းကို တိုက်ဆိုင်စွာ ရှာတွေ့ခဲ့၍ သူ့အား လာရောက်အစီရင်ခံခြင်းဟုသာ သူ အမှန်တကယ် ယုံကြည်သွားလိမ့်မည်။ ဤအရာအားလုံးမှာ သံသယဝင်စရာမရှိ များစွာ သဘာဝကျနေလေသည်။
ထိုသို့ဆိုလျှင် သူသည် မသိလိုက်မသိဘာသာနှင့် ထောင်ချောက်ထဲသို့ အမှန်တကယ် ရောက်သွားလိမ့်မည်။
သို့သော် ယခု သူ သရုပ်ဆောင်နေရသော အခန်းကဏ္ဍကို တွေးမိသည်နှင့်တစ်ပြိုင်နက် ရှာနာနတ်ဆိုးဧကရာဇ်သည် ဤအရာအားလုံးကို စိတ်ထဲတွင်သာ မှတ်သားထားလိုက်ပြီး အပြင်ပန်းတွင်မူ မည်သည့် သံသယမျှမရှိသော အမူအရာကို ပြသလျက် ဤကမ္ဘာငယ်လေး၏ အနက်ရှိုင်းဆုံးနေရာသို့ သတိကြီးစွာဖြင့် စူးစမ်းရှာဖွေနေလေသည်။
“ ဖျန်း! ဖျန်း…! “
နတ်ဆိုးဧကရာဇ်ကြီးသည် လက်ခုပ်တီးကာ ဖြည်းညင်းစွာ သက်ပြင်းချလိုက်၏။
" တာအိုမိတ်ဆွေ ချီဖျန့်… တကယ်ကို ထက်မြက်တဲ့ အကြံအစည်ပါပဲလား! "
သူတို့အားလုံးမှာ မြေခွေးအိုကြီးများ ဖြစ်ကြသည်။ ကျိုးမေကို သေတွင်းထဲသို့ ရောက်အောင် ချီဖျန့်ဧကရာဇ် ခြယ်လှယ်လိုက်သည်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးက တစ်ဖက်လူ ဘာကြံစည်နေသလဲဆိုတာကို ချက်ချင်း သိလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဤနည်းလမ်းက အမှန်တကယ်ပင် ထိရောက်သည်ဟု ဆိုရပေမည်။
အကယ်၍ သူသာ ရှာနာနေရာတွင် ရှိနေမည်ဆိုလျှင် သူကိုယ်တိုင်ပင် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တွေ့ကြုံပြီးနောက် ဤနေရာအပေါ် သတိထားမှုကို ဖြုတ်ချလိုက်ပြီး ဤနေရာသည် အမှန်တကယ် သဘာဝအတိုင်း ဖြစ်ပေါ်နေသော နေရာတစ်ခုဖြစ်ကာ ကျိုးမေ၏ သေဆုံးမှုမှာလည်း မတော်တဆမှုတစ်ခုသာဖြစ်သည်ဟု တွေးထင်သွားပေလိမ့်မည်။
သို့သော် ကျိုးမေ၏ သေဆုံးမှုသည် သူ၏သတိထားမှုကို လျှော့ချရန်သက်သက်သာ ရည်ရွယ်၍ ဂရုတစိုက် စီစဉ်ထားသော လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်ကြောင်းကို သူ လုံးဝ သိရှိမည်မဟုတ်ချေ။
သို့သော် ချီဖျန့်ဧကရာဇ်၏ ပြတ်သားမှုနှင့် ရက်စက်မှုကလည်း နတ်ဆိုးဧကရာဇ်ကြီး၏ မျှော်လင့်ထားသည်ထက် အမှန်တကယ်ပင် ကျော်လွန်နေခဲ့သည်။
ရှာနာနတ်ဆိုးဧကရာဇ်၏ သံသယကို ဖယ်ရှားပစ်ရန်သက်သက်ဖြင့် အင်မော်တယ်ဘုရင်တစ်ပါး၏ အသက်ကို တိုက်ရိုက် စတေးရန် သူ မတွန့်ဆုတ်ခဲ့ပေ။
နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု၏ ရှေ့တွင် အင်မော်တယ်ဘုရင်တစ်ပါးမှာ ဘာမှမဟုတ်သော်လည်း သစ္စာရှိပြီး ထိန်းချုပ်နိုင်စွမ်းရှိသော အင်မော်တယ်ဘုရင်တစ်ပါးမှာမူ နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုအတွက်ပင် ရရှိရန် ခဲယဉ်းလှရာ တစ်ခြားသူသာဆို အလွယ်တကူ စတေးမည်မဟုတ်ပေ။
သို့သော် ယခုမူ ချီဖျန့်ဧကရာဇ်သည် မိမိ၏လက်မောင်းကို ဖြတ်ပစ်လိုက်သော စစ်သည်တော်တစ်ဦးကဲ့သို့ ဤအဖိုးတန် နယ်ရုပ်လေးကို တွန့်ဆုတ်ခြင်းမရှိ စွန့်ပစ်လိုက်၏။ ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့အပေါ် သူ၏ အမုန်းတရား မည်မျှ နက်ရှိုင်းသနည်းဆိုတာကို စဉ်းစားကြည့်နိုင်ပေသည်။
" ဟက်! ငါအရှင်က ဒီနှစ်ယောက်ကို အကွက်ဆင်ဖို့ ရည်ရွယ်ထားပြီဆိုမှတော့ ဒီနေ့ အရာအားလုံး အမှားအယွင်းကင်းနေဖို့ လိုအပ်တာပေါ့ "
ချီဖျန့်ဧကရာဇ်သည် ကျိုးမေ၏ သေဆုံးမှုကို လုံးဝ ဂရုမစိုက်သည့်အလား ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
ထိုမိန်းကလေးသည် အင်မော်တယ်ဘုရင် နယ်ရုပ်လေး တစ်ရုပ်မျှသာ ဖြစ်၏။ အကယ်၍ သူသာ ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ် နှစ်ဦးစလုံးကို သတ်ပစ်နိုင်ပါက သူရရှိမည့် အကျိုးအမြတ်များနှင့် လဲလှယ်မှုများက ဤအင်မော်တယ်ဘုရင်လေးထက် များစွာ သာလွန်မည်မှာ သဘာဝပင်။
လက်ရှိရှုထောင့်မှ ကြည့်မည်ဆိုလျှင် ရလဒ်က သေချာပေါက် ကောင်းမွန်နေပေသည်။
အစက ရင်ထဲတွင် တွေဝေမှုအချို့ ရှိနေခဲ့သော ရှာနာနတ်ဆိုးဧကရာဇ်သည် ယခုအခါ သူ၏သတိထားမှုအားလုံးကို လျှော့ချလိုက်ပြီး ရှာနာပန်းကို ရယူရန်သာ အပြည့်အဝ အာရုံစိုက်နေပြီဖြစ်သည်။
သို့သော်... ချီဖျန့်ဧကရာဇ်၏ မျက်နှာပေါ်တွင်တော့ မှိန်ဖျော့ပြီး အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
ထိုရှာနာပန်းသည် သူ့အတွက် အထွတ်အထိပ် ရတနာတစ်ခုဖြစ်၏။ ယခုတစ်ကြိမ် ၎င်းကို ထုတ်ယူရခြင်းမှာ နာကျင်မှုကို မြိုသိပ်ကာ ရှာနာနတ်ဆိုးဧကရာဇ်ကို ထောင်ချောက်ထဲသို့ သွေးဆောင်ရန် အစာတစ်ခုအဖြစ် အသုံးပြုရန်သက်သက်သာ ဖြစ်သည်။
ထို့ကြောင့် ချီဖျန့်ဧကရာဇ်သည် ရှာနာပန်းကို ရှာနာနတ်ဆိုးဧကရာဇ်ထံ ပေးအပ်ရန် လုံးဝ ရည်ရွယ်မထားခဲ့ချေ။
" သွား! "
ချီဖျန့်ဧကရာဇ်မှ ခပ်တိုးတိုး အော်လိုက်၍ သူ၏လက်ဖဝါးများကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ သူ၏ လက်များနောက်သို့ လိုက်ပါလာသော မျက်စိဖြင့်မမြင်နိုင်သည့် တာအိုကြိုးမျှင်များအားလုံးမှာ ထိုလျှို့ဝှက်နယ်မြေထဲသို့ တုန်ခါဝင်ရောက်သွားကြလေ၏။
နောက်တစ်ခဏတွင် ရှာနာနတ်ဆိုးဧကရာဇ်၏ ရှေ့လမ်းတစ်လျှောက်တွင် လေဟာနယ်ပါးစပ်ကြီး အများအပြား အဆက်မပြတ် ပေါ်ထွက်လာ၏။ ထိုအထဲတွင် မရေမတွက်နိုင်သော အဆုံးမဲ့တာအို သံကြိုးများ ရစ်ပတ်နေကာ မရေမတွက်နိုင်သော ကြောက်မက်ဖွယ် ဧရာမသွားကြီးများကဲ့သို့ ရှာနာနတ်ဆိုးဧကရာဇ်ဆီသို့ ရက်စက်စွာ 'ကိုက်' ချလိုက်လေသည်။
ထို့အပြင် အစောပိုင်းက ပြင်ဆင်မှုများကြောင့် ရှာနာနတ်ဆိုးဧကရာဇ်သည် ဤအရာအားလုံးမှာ ချီဖျန့်ဧကရာဇ် ဆင်ထားသော ထောင်ချောက်တစ်ခုမျှသာဖြစ်ကြောင်းကို လုံးဝ သတိမထားမိခဲ့ကာ အရာအားလုံးမှာ ဤကမ္ဘာကြီးအတွင်း သဘာဝအတိုင်း တည်ရှိနေသော အန္တရာယ်တစ်ခုဟုသာ အထင်မှားသွားခဲ့၏။
ရတနာများကို အမြဲတမ်း အန္တရာယ်များက ကာကွယ်ပေးထားလေ့ရှိသည်။ ဤအရာမှာ နေရာတိုင်းတွင် အကျုံးဝင်သော အမှန်တရားတစ်ခုဖြစ်ပြီး ရှာနာနတ်ဆိုးဧကရာဇ်ကလည်း လုံးဝ သံသယ မဝင်ခဲ့ချေ။
ထို့ကြောင့် ဤလျှို့ဝှက်နယ်မြေသည် ဖွင့်ထားသော အိတ်ကြီးတစ်ခုကဲ့သို့ ချီဖျန့်ဧကရာဇ်၏ ခြယ်လှယ်မှုအောက်တွင် ရှာနာနတ်ဆိုးဧကရာဇ်ကို ဖြည်းညင်းစွာ ပိတ်လှောင်သွားလေတော့သည်။