အခန်း ၅၉၈
Vol. 43 Ch. 598
အခန်း (၅၉၈) - ချူးဧကရာဇ် ရောက်ရှိလာခြင်း၊ ပြဇာတ်ထဲ ဝင်ရောက်လာခြင်းနှင့် ပိုက်ကွန်ကို ရုတ်သိမ်းရန် ပြင်ဆင်ခြင်း
စိတ်ဆုံးဖြတ်ချက် ချပြီးနောက် နတ်ဆိုးဧကရာဇ်ကြီးသည် လက်ကို နောက်ပစ်ကာ တိတ်ဆိတ်စွာ ရပ်နေလျက် မကြာမီ ပေါ်ပေါက်လာမည့် အပြောင်းအလဲများကို စောင့်မျှော်နေလေသည်။
ရှာနာနတ်ဆိုးဧကရာဇ်သည် အပြင်ဘက်မှ ချူးဧကရာဇ်၏ အကူအညီကို စတင်တောင်းခံနေသည်ကို မြင်သောအခါ ချီဖျန့်ဧကရာဇ်သည် အလွန်အမင်း ဝမ်းသာသွားတော့၏။ သူသည် သူ၏စိတ်လှုပ်ရှားမှုကို အတင်းဖိနှိပ်ထားကာ အချိန်အခါကောင်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်…..
ကမ္ဘာငယ်လေးဆီသို့ ကြည့်နေသော ချီဖျန့်ဧကရာဇ်၏ အကြည့်များမှာ ရုတ်တရက် အမုန်းတရားများဖြင့် ပြည့်နှက်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ပုံရိပ်တစ်ခုသည် ထိုကမ္ဘာငယ်လေးဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသောကြောင့်ပင်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ ချူးဧကရာဇ်ပင် ဖြစ်သည်။
" ချူးဧကရာဇ်! "
ချီဖျန့်ဧကရာဇ်မှ သွားကြိတ်ကာ အမုန်းတရားများ ပြည့်နှက်နေသော အသံဖြင့် ပြောဆိုလိုက်လေသည်။ ချူးဧကရာဇ်ကြောင့်သာ သူ ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ သူ့တွင် အရန်အစီအစဉ်တစ်ခုသာ မရှိခဲ့ပါက သူသည် ကွေ့ရွှီးနယ်မြေထဲတွင် သေချာပေါက် သေဆုံးခဲ့ရမည်ပင်။ သူ့အနေဖြင့် ချူးဧကရာဇ်ကို ဘယ်လိုလုပ် မမုန်းဘဲ နေနိုင်မည်နည်း။
သို့သော် ချူးဧကရာဇ်သည် ထောင်ချောက်ထဲသို့ မဝင်ရောက်သေးသဖြင့် ချီဖျန့်ဧကရာဇ် မည်မျှပင် မုန်းတီးနေပါစေ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရုံမှလွဲ၍ အနည်းငယ်မျှပင် မလှုပ်ရှားရဲခဲ့ပေ။
" ရှာနာ… ငါအရှင်ကို ဘာလို့ ခေါ်လိုက်တာလဲ… ဘာကိစ္စလဲ "
ချူးဧကရာဇ်သည် ကမ္ဘာငယ်လေး၏ အစွန်းသို့ ရောက်ရှိလာသော်လည်း အထဲသို့ အလျင်စလို ဝင်ရောက်ခြင်း မရှိပေ။ ထို့အစား သူသည် ရှာနာနတ်ဆိုးဧကရာဇ်ကို အဝေးမှ လှမ်းခေါ်လိုက်၏။ သူ၏အသံတွင်လည်း သတိထားနေသည့် အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။
ဤအရာမှာ ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ ကြိုတင်တိုင်ပင်ထားပြီးဖြစ်သော ကိစ္စဖြစ်သည်။
သူတို့သည် ဟန်ဆောင်ပြဇာတ် ကပြနေကြခြင်းဖြစ်ရာ လက်တွေ့ကျရန် လိုအပ်ပေသည်။
အကယ်၍ ချူးဧကရာဇ်သာ ရောက်လာပြီး မည်သည့်စကားမျှ မပြောဘဲ ကမ္ဘာငယ်လေးထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပါက သံသယဝင်စရာ ကောင်းနေပေလိမ့်မည်။
အကယ်၍ ချီဖျန့်ဧကရာဇ်သာ တစ်ခုခု လွဲချော်နေသည်ကို သတိထားမိသွားပါက သူတို့၏ ယခင် ဟန်ဆောင်မှုများအားလုံးမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
" ဒီမှာ ငါအရှင် အရမ်းလိုချင်နေတဲ့ ဖန်တီးမှုတစ်ခု ရှိနေတယ်… ဒီဖန်တီးမှုကို ရဖို့ ကျွန်မကို ကူညီပေးပါ… ပြီးရင် ငါအရှင် မင်းအပေါ် အကြွေးတင်မထားစေရဘူး "
ရှာနာနတ်ဆိုးဧကရာဇ်သည် ချူးဧကရာဇ်ကို တစ်ချက်ကြည့်လိုက်၏။ သူ၏အသံမှာ တည်ငြိမ်နေသော်လည်း ၎င်းအတွင်းမှ အလျင်စလိုဖြစ်နေမှုများကို ဖုံးကွယ်၍ မရနိုင်ပေ။
" အို… "
ထိုစကားကို ကြားသောအခါ ချူးဧကရာဇ်သည် ကမ္ဘာငယ်လေး၏ အနက်ရှိုင်းဆုံးနေရာရှိ ရှာနာပန်းကို တစ်ချက်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြောဆိုလိုက်၏။
" တကယ်ကို ကောင်းမွန်တဲ့ ရတနာတစ်ခုပဲ… တကယ်လို့ တာအိုမိတ်ဆွေ ရှာနာသာ ဒီပစ္စည်းကို ရသွားရင် ကျားကို တောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားမှာပဲ "
ချူးဧကရာဇ်သည် ထိုသို့ ပြောလိုက်သော်လည်း သူ၏ ခြေလှမ်းများမှာမူ အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိပေ။ သူသည် ရှာနာနတ်ဆိုးဧကရာဇ်ကို ကူညီရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိသည့်အလား နေရာမှာပင် အေးဆေးတည်ငြိမ်စွာ ရပ်နေဆဲပင်။
ချူးဧကရာဇ်၏ အမူအရာကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်မှာ နှာခေါင်းရှုံ့လိုက်၏။ အကျိုးအမြတ်ကို မမြင်ရဘဲ ချူးဧကရာဇ် လှုပ်ရှားမည်မဟုတ်ကြောင်း သူ သိထားသည့်အလား အေးစက်စွာ ပြောဆိုလိုက်၏။
" တာအိုမိတ်ဆွေ ချူးဧကရာဇ်က ဒီရတနာကို ရဖို့ ကျွန်မကို ကူညီပေးမယ်ဆိုရင် နောက်ဆက်တွဲ ဖန်တီးမှုအကြောင်းကို ရှင့်ကို ကျွန်မ ပြောပြမယ် "
" ဟက်! တာအိုမိတ်ဆွေ ရှာနာ… ဒီလို လေလုံးမိုးလုံးတွေနဲ့ ကတိမပေးပါနဲ့… နေရာအတိအကျကို ငါ့ကို ပေး… ငါအရှင်က အဲ့ဒါတွေ အစစ်အမှန် ဟုတ်မဟုတ် သွားစစ်ဆေးလိုက်မယ် "
ချူးဧကရာဇ်မှ အေးဆေးစွာ ပြောဆိုလိုက်၏။
" ဟွန်း "
ရှာနာနတ်ဆိုးဧကရာဇ်မှ ချူးဧကရာဇ်ကို အနည်းငယ် မကျေမနပ်ဖြစ်နေသော ပုံစံဖြင့် တစ်ချက်ကြည့်လိုက်၏။ သို့သော် သူသည် လက်လှမ်းမီလုနီးနီးဖြစ်နေသော ရှာနာပန်းကို လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးများထဲမှ လိုချင်တပ်မက်မှုများသည် အရာအားလုံးကို လွှမ်းမိုးသွားပြီး နောက်ဆုံး၌ သူသည် သွယ်လျသော လက်ကို မြှောက်ကာ နေရာအတိအကျ ပါဝင်သော ကျောက်စိမ်းပြားတစ်ခုကို ချူးဧကရာဇ်ထံသို့ ပစ်ပေးလိုက်လေသည်။
ချူးဧကရာဇ်သည်လည်း အားနာမနေဘဲ ကျောက်စိမ်းပြားကို ဖမ်းယူရန် လက်ကို ချက်ချင်း ဆန့်တန်းလိုက်၏။ ထို့နောက် သူသည် ၎င်းကို စုံစမ်းစစ်ဆေးရန် သူ၏ နတ်ဘုရားဝိညာဉ် အငွေ့အသက်လေးတစ်ခုကို မစောင့်ဆိုင်းနိုင်စွာ စေလွှတ်လိုက်လေသည်။
အချိန်အတော်ကြာပြီးနောက် ချူးဧကရာဇ်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူ၏မျက်လုံးများထဲတွင် ဖုံးကွယ်၍မရနိုင်လောက်အောင် ဝမ်းသာမှုများ ပြည့်နှက်နေလေသည်။
သူသည် ရှာနာနတ်ဆိုးဧကရာဇ်ကို ကြည့်ကာ အားရပါးရ ရယ်မောလိုက်၏။
" တာအိုမိတ်ဆွေ ရှာနာက ဒီလောက်တောင် ရိုးသားမှုကို ပြသနေမှတော့ ငါအရှင်ကလည်း ကျိန်းသေပေါက် မင်းကို ကူညီရမှာပေါ့! "
ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကြားရှိ စကားပြောဆိုမှု တစ်ခုလုံးကို ကမ္ဘာငယ်လေး၏ အပြင်ဘက်ရှိ ချီဖျန့်ဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်ကြီးတို့က ရှင်းလင်းစွာ မြင်တွေ့ခဲ့ရ၏။
ထို့အပြင် ချီဖျန့်ဧကရာဇ်၏ မျက်လုံးများထဲတွင် နားလည်သွားသည့် အမူအရာတစ်ခု ပေါ်လာလေသည်။
" ဒါကြောင့်ကိုး… ချူးဧကရာဇ်က ငါ့ကို ဘာလို့ ရုတ်တရက် သစ္စာဖောက်သွားလဲဆိုတာ အခုမှပဲ နားလည်တော့တယ်… ရှာနာက သူ့ကို အကျိုးအမြတ်တွေနဲ့ ဘာကိုမှ မမြင်တော့အောင် လုပ်လိုက်လို့ကိုး… ဒါပေမယ့် ဘယ်လို ဖန်တီးမှုမျိုးကများ ဒီနှစ်ယောက်ကို ရန်ငြိုးတွေ ဘေးဖယ်ထားပြီး… ချူးဧကရာဇ်လို လူကိုတောင် သူ ကြိုပြင်ထားတဲ့ နတ်ဆိုးဧကရာဇ် မဟာအစီအရင်ကို စွန့်လွှတ်ပြီး ရှာနာကို အလွတ်ပေးလိုက်ရတဲ့အထိ ဖြစ်စေတာလဲ "
ချီဖျန့်ဧကရာဇ်သည် မယုံနိုင်စွာ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်မိ၏။
ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ကြားတွင် ယခင်က ရန်ငြိုးရှိခဲ့လေသည်။
ချူးဧကရာဇ် ပြင်ဆင်ထားသော နတ်ဆိုးဧကရာဇ် မဟာအစီအရင်မှာ ရှာနာနတ်ဆိုးဧကရာဇ်အတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။
သို့သော် နောက်ဆုံးတွင် ရှာနာနတ်ဆိုးဧကရာဇ် ပိုင်ဆိုင်ထားသော ဖန်တီးမှုကြောင့် ချူးဧကရာဇ်သည် ထိုအရာအားလုံးကို ပြတ်သားစွာ စွန့်လွှတ်လိုက်၍ ရှာနာနတ်ဆိုးဧကရာဇ်နှင့် လက်ဆွဲနှုတ်ဆက်ကာ ငြိမ်းချမ်းရေးယူရန် ရွေးချယ်ခဲ့၏။
ဤဖန်တီးမှု၏ အရေးပါမှုကို ထင်ရှားစွာ မြင်နိုင်ပေသည်။
ထို့အပြင် ချူးဧကရာဇ်ကို ဤမျှလောက် အလေးအနက်ထားစေနိုင်သည့် ဖန်တီးမှုတစ်ခုသည် နတ်ဆိုးဧကရာဇ်အဆင့် လုံးဝမဟုတ်နိုင်ပေ။ ၎င်းသည် နတ်ဆိုးဧကရာဇ်အဆင့်ထက် သာလွန်သော လျှို့ဝှက်ချက်များနှင့် သက်ဆိုင်နေနိုင်ပေသည်။
ဤအချက်ကို တွေးမိသောအခါ ချီဖျန့်ဧကရာဇ်၏ နှလုံးသားမှာ လှုပ်ရှားမသွားဘဲ မနေနိုင်တော့ချေ။
သူသည် ချူးဧကရာဇ်ကို လက်စားချေရန်သာ ရည်ရွယ်ခဲ့သော်လည်း ဤကဲ့သို့သော လျှို့ဝှက်ချက်ကိုပါ အမှန်တကယ် ရရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ!
" အရမ်းကောင်းတယ်… အရမ်းကိုကောင်းတယ်… ဒီနှစ်ယောက်ကို မသတ်ခင် ဒီဖန်တီးမှုကို ငါ အရ ယူရမယ်! "
ချီဖျန့်ဧကရာဇ်သည် တိတ်တဆိတ် တွေးလိုက်၏။
အခြားတစ်ဖက်တွင် နတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများမှာလည်း တလက်လက် တောက်ပနေလေသည်။
ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကြားရှိ စကားပြောဆိုမှုမှတစ်ဆင့် သူသည်လည်း တစ်ခုခုကို ကောက်ချက်ချနိုင်ခဲ့ပုံရသည်။
နတ်ဆိုးဧကရာဇ်အဆင့်ထက် သာလွန်သည့်အရာတစ်ခုခုနှင့် သက်ဆိုင်နေသော ဖန်တီးမှုလော။
ရှာနာနတ်ဆိုးဧကရာဇ် လက်ထဲတွင် ဤကဲ့သို့သော လျှို့ဝှက်ချက်မျိုး အမှန်တကယ် ရှိနေခဲ့သည်လော။
သူတို့နှစ်ဦးစလုံး ကိုယ်ပိုင် အတွေးများဖြင့် အသီးသီး လှုပ်ရှားနေကြစဉ် အခြားတစ်ဖက်ရှိ ချူးဧကရာဇ်သည် ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
" တာအိုမိတ်ဆွေ ရှာနာ… ငါအရှင် မင်းကို ကူညီဖို့ ရောက်လာပြီ! "
ချူးဧကရာဇ်သည် ရှာနာနတ်ဆိုးဧကရာဇ်၏ ဘေးသို့ သတိကြီးစွာ ပျံသန်းသွားလိုက်၏။
ဖန်တီးမှု ဟုတ်လား။ ဘယ်ဖန်တီးမှုမှ မရှိဘူး။ အခုလေးတင် ပြောလိုက်တဲ့ စကားတွေက ချီဖျန့်ဧကရာဇ်နဲ့ နတ်ဆိုးဧကရာဇ်ကြီးကို လှည့်စားဖို့ သူနဲ့ ရှာနာနတ်ဆိုးဧကရာဇ်တို့ ကြိုတင်ပြင်ဆင်ထားတဲ့ အကြောင်းပြချက်တွေသက်သက်ပဲ။
ယခုအချိန်၌ ကုချန်၏ အမိန့်အတိုင်းပင် ချူးဧကရာဇ်မှာ ပြဇာတ်ထဲသို့ ဝင်လာခဲ့ပြီ ဖြစ်သည်။
ချီဖျန့်ဧကရာဇ်သည်လည်း များစွာ သည်းမခံနိုင်တော့ဘဲ ပိုက်ကွန်ကို ရုပ်သိမ်းရန် ပြင်ဆင်နေလောက်ပြီပင်!