← Chapters

အခန်း ၆၀၀

Vol. 43 Ch. 600

အခန်း ၆၀၀

Vol. 43 Ch. 600

အခန်း (၆၀၀) - အချိန်ဆွဲလျှင် အပြောင်းအလဲများ ဖြစ်လာနိုင်သည်၊ စိတ်ရှည်စွာဖြင့် စောင့်ကြည့်လေ့လာခြင်း

အပေါ်ယံတွင် သာမန်နယ်မြေတစ်ခုဟု ထင်ရသော ဤကမ္ဘာငယ်လေးကို ချီဖျန့်ဧကရာဇ်မှ အထွတ်အထိပ် မဟာအစီအရင်တစ်ခု ခင်းကျင်းကာ မည်သူမျှ ထိုးဖောက်ဝင်ရောက်၍ မရနိုင်သော ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲထားခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။

ယခု ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ နှစ်ဦးစလုံး အစီအရင်ထဲသို့ ကျဆင်းသွားပြီဖြစ်ရာ သူတို့တွင် လွတ်လမ်းမရှိတော့ဟု ချီဖျန့်ဧကရာဇ်မှ လုံးဝ ယုံကြည်ထားလေသည်။

ဤကမ္ဘာအတွင်းရှိ မဟာအစီအရင်၏ ပံ့ပိုးမှုဖြင့် သူ လှုပ်ရှားမှု မပြုရသေးမီမှာပင် ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့၏ ကျင့်ကြံခြင်းစွမ်းအားကို သုံးဆယ်ရာခိုင်နှုန်းအထိ လျှော့ချထားနိုင်ခဲ့ပြီ ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် သူနှင့် နတ်ဆိုးဧကရာဇ်ကြီးတို့သာ ပူးပေါင်းလိုက်မည်ဆိုပါက ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ မည်သို့လျှင် လွတ်မြောက်နိုင်ပါတော့မည်နည်း။

ချွင်းချက်တစ်ခုကလွဲရင်ပေါ့…..

ကွေ့ရွှီးနယ်မြေတွင် ချူးဧကရာဇ်အား တိုက်ခိုက်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် နတ်ဆိုးဧကရာဇ်ကို တွေးမိလိုက်သောအခါ ချီဖျန့်ဧကရာဇ်၏ မျက်လုံးများမှာ တလက်လက် တောက်ပသွားခဲ့၏။

ယခုအချိန်အထိ ထိုလျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ်၏ မည်သူမည်ဝါဖြစ်ကြောင်း အစစ်အမှန်ကို ချီဖျန့်ဧကရာဇ် မသိရသေးသလို သူသည် ချူးဧကရာဇ်၊ ရှာနာနတ်ဆိုးဧကရာဇ်တို့နှင့် မဟာမိတ်များ ဟုတ်မဟုတ်ကိုပင် သေချာပေါက် မသိနိုင်ခဲ့ချေ။

ထိုလျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ် ပေါ်ထွက်မလာသေးခြင်းကပင် ချီဖျန့်ဧကရာဇ်ထံသို့ မသိမသာ စိုးရိမ်ပူပန်မှုတစ်ခုကို သယ်ဆောင်လာခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူ၏အမြင်တွင် ထိုလျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ် ရှိနေခြင်းကသာ ယနေ့အတွက် တစ်ခုတည်းသော အပြောင်းအလဲဖြစ်နိုင်သောကြောင့်ပင်။

အကယ်၍ ထိုသူသာ ဝင်မပါခဲ့လျှင် သူနှင့် နတ်ဆိုးဧကရာဇ်ကြီးတို့ ပူးပေါင်းကာ ဤနှစ်ဦးကို သတ်ဖြတ်ရန်မှာ ခက်ခဲမည်မဟုတ်ပေ။

သို့သော် တစ်ဖက်လူသာ ရုတ်တရက် ပေါ်လာခဲ့မည်ဆိုလျှင်တော့ ပြောရခက်သွားပြီပင်။

" အချိန်ဆွဲနေရင် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်… စောစော လှုပ်ရှားတာ ပိုကောင်းမယ်! "

ချီဖျန့်ဧကရာဇ်မှ အသံနှိမ့်ကာ ပြောဆိုလိုက်၏။

လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ် ဘယ်နေရာမှာပဲ ရှိနေပါစေ ဤအရာမှာ တစ်သက်တွင် တစ်ခါသာရနိုင်မည့် အခွင့်အရေးဖြစ်ရာ ၎င်းကို လုံးဝ အလွယ်တကူ လက်လွတ်ခံမည် မဟုတ်ပေ!

" တာအိုမိတ်ဆွေ နတ်ဆိုးဧကရာဇ်ကြီး… ရှာနာနတ်ဆိုးဧကရာဇ်ကို မင်း တာဝန်ယူလိုက်! "

ထိုသို့ပြောပြီးသည်နှင့် ချီဖျန့်ဧကရာဇ်သည် လက်ကိုဝှေ့ယမ်းကာ ကောင်းကင်ကို ဖုံးလွှမ်းနိုင်သော နည်းလမ်းတစ်ခုကို ဖန်တီး၍ ချူးဧကရာဇ်ကို လွှမ်းခြုံပစ်ရန် ရွေ့လျားသွားလေသည်။

၎င်းကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးသည်လည်း ချီဖျန့်ဧကရာဇ်နှင့် အကွာအဝေးတစ်ခု ခွာလိုက်ပြီး ရှာနာနတ်ဆိုးဧကရာဇ်၏ ရှေ့သို့ တိတ်ဆိတ်စွာ နေရာယူလိုက်၏။

" နတ်ဆိုးဧကရာဇ်ကြီး... ဒီရှုပ်ထွေးတဲ့ ကိစ္စထဲ ဝင်မပါဖို့ ငါအရှင် အကြံပေးပါရစေ "

သူ၏စွမ်းအားများ သုံးဆယ်ရာခိုင်နှုန်းအထိ လျော့ကျသွားသော်လည်း ရှာနာနတ်ဆိုးဧကရာဇ်မှာ အေးဆေးတည်ငြိမ်နေဆဲပင်။ သူသည် သတိပေးနေသည့်အလား မျက်လုံးများကို အနည်းငယ် မှေးကျဉ်းကာ နတ်ဆိုးဧကရာဇ်ကြီးကို ကြည့်လိုက်၏။

" ဟက်ဟက်! ရှာနာနတ်ဆိုးဧကရာဇ်... အရင်က ငါအရှင်ကို အကွက်ဆင်တုန်းက ဒီနေ့လိုမျိုး ရောက်လာမယ်ဆိုတာ မင်း မျှော်လင့်ထားသင့်တာပေါ့ "

နတ်ဆိုးဧကရာဇ်ကြီးသည် ရယ်မောလိုက်ကာ ရှာနာနတ်ဆိုးဧကရာဇ်၏ စကားများကို လုံးဝ ဂရုမစိုက်သည့်ဟန် ပြနေသော်လည်း အမှန်တကယ်တွင်မူ သူ၏ သတိထားမှုများက အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိခဲ့ချေ။

" ဟက်! မင်းက ဒီရွှံ့ဗွက်ထဲကို ဆင်းဖို့ ရည်ရွယ်ထားမှတော့လည်း လာခဲ့လေ… နောက်ဆုံးကျရင် မင်း နောင်တမရဖို့ပဲ မျှော်လင့်ပါတယ် "

ရှာနာနတ်ဆိုးဧကရာဇ်သည် နတ်ဆိုးဧကရာဇ်ကြီးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူ လှုပ်ရှားလာမည့်အချိန်ကို စောင့်ဆိုင်းနေပုံရသည်။

နတ်ဆိုးဧကရာဇ်ကြီးနှင့် ပတ်သက်၍ အရှင်သခင်က ကြိုတင်ညွှန်ကြားထားပြီး ဖြစ်၏။

အကယ်၍ သူသာ ဝင်မပါဘဲ ဘေးကနေ ရပ်ကြည့်နေရန် ရွေးချယ်ခဲ့ပါက ဤတိုက်ပွဲတွင် မလိုအပ်သော ပြဿနာများကို မဖန်တီးဘဲ ချီဖျန့်ဧကရာဇ်ကိုသာ အရင်ဆုံး ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကုချန်၏ တွက်ချက်မှုအရ လက်ရှိအချိန်တွင် နတ်ဆိုးဧကရာဇ် တစ်ပါးကို နှိမ်နင်းရန်မှာ ပြဿနာမရှိနိုင်ပေ။

သို့သော် နတ်ဆိုးဧကရာဇ်ကြီးတွင် လှည့်ကွက်များစွာ ရှိနေပြီး အကယ်၍ သူ့ကို ချီဖျန့်ဧကရာဇ်နှင့်အတူတကွ လမ်းပိတ်သွားအောင် ဖိအားပေးမိပါက အသေခံတိုက်ခိုက်လာမည့် အခြေအနေမျိုး မဖြစ်လာနိုင်ဘူးဟု အာမမခံနိုင်ချေ။

ထို့ကြောင့် အလုံခြုံဆုံးသော ချဉ်းကပ်မှုမှာ ချီဖျန့်ဧကရာဇ်ကိုသာ အရင်ဆုံး အာရုံစိုက် ဖြေရှင်းရန်ဖြစ်သည်။ နတ်ဆိုးဧကရာဇ်ကြီးကိုမူ လောလောဆယ် စောင့်ကြည့်နေမည်ဖြစ်ပြီး အကယ်၍ သူ အရမ်းကြီး ပါဝင်ပတ်သက်မနေပါက လတ်တလောတွင် သူ့ကို လွှတ်ပေးထားမည်ဖြစ်သည်။

သို့သော် အကယ်၍ နတ်ဆိုးဧကရာဇ်ကြီးမှ အခြေအနေကို နားမလည်ဘဲ ဇွတ်ဝင်ပါလာမည်ဆိုလျှင်တော့ ကုချန်သည်လည်း သဘာဝကျကျပင် အားနာနေမည်မဟုတ်ပေ။ ရှာနာနတ်ဆိုးဧကရာဇ်မှ နတ်ဆိုးဧကရာဇ်ကြီးကို အရင်ဆုံး ထိန်းချုပ်ထားမည်ဖြစ်ပြီး ချီဖျန့်ဧကရာဇ်ကို ရှင်းလင်းပြီးသည်နှင့် နတ်ဆိုးဧကရာဇ်ကြီးကိုပါ ဆက်လက် ရှင်းလင်းပစ်မည်ဖြစ်သည်။

ဤသို့ ကြိုတင်ပြင်ဆင်ထားမှုများ ရှိနေသောကြောင့်ပင် ရှာနာနတ်ဆိုးဧကရာဇ်သည် ယခုအချိန်တွင် နတ်ဆိုးဧကရာဇ်ကြီးနှင့် ရင်ဆိုင်ရရာ၌ အမှန်တကယ်ပင် အနည်းငယ်မျှ ထိတ်လန့်တုန်လှုပ်ခြင်း မရှိခဲ့ချေ။ အမှန်တကယ်၌ သူ၏ရင်ထဲတွင် မျှော်လင့်စောင့်စားနေသည့် ခံစားချက်တစ်ခုပင် ဖြစ်ပေါ်နေသေး၏။

နတ်ဆိုးဧကရာဇ်ကြီးကို စိတ်လိုက်မာန်ပါ လုပ်ဆောင်ပြီး ဤအခြေအနေထဲတွင် လုံးလုံးလျားလျား ပါဝင်ပတ်သက်လာစေရန် သူ မျှော်လင့်နေမိသည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူသည် အတိတ်က ကိစ္စများအတွက် လက်စားချေနိုင်ပေလိမ့်မည်။

သို့သော် ရှာနာနတ်ဆိုးဧကရာဇ်သည် နတ်ဆိုးဧကရာဇ်ကြီး၏ 'စိတ်ပိုင်းဖြတ်မှု' ကို ရှင်းလင်းစွာ အထင်သေးမိသွားပုံရ၏။

သူသည် လှုပ်ရှားမည့် ရည်ရွယ်ချက် လုံးဝမရှိသည့်အလား ရှာနာနတ်ဆိုးဧကရာဇ်၏ ရှေ့တွင် အေးအေးဆေးဆေးသာ ရပ်နေပြီး သူ့ကို ချူးဧကရာဇ်နှင့် ချီဖျန့်ဧကရာဇ်တို့ကြားရှိ တိုက်ပွဲတွင် ဝင်မပါစေချင်သည့်ဟန်သာ ရှိလေသည်။

သူ၏အမြင်တွင် ဤအရာကပင် သူ့တာဝန် ပြီးဆုံးသွားပြီဟု မှတ်ယူထားပုံရ၏။

" နတ်ဆိုးဧကရာဇ်ကြီး... မင်းက ဘာလို့ မလှုပ်ရှားသေးတာလဲ… ချီဖျန့်ဧကရာဇ်က မင်းကို ပွဲလာကြည့်ဖို့ သက်သက် ဖိတ်ထားတာလား "

နတ်ဆိုးဧကရာဇ်ကြီး လှုပ်ရှားမည့် ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် တိုက်ရိုက် လှောင်ပြောင်လိုက်၏။

" ဟက်! ငါအရှင်က ဘာကို လောနေစရာ လိုလို့လဲ… တာအိုမိတ်ဆွေ ချီဖျန့်က ချူးဧကရာဇ်ကို ရှင်းလင်းပြီးသွားတာနဲ့ မင်းက လွတ်နိုင်ဦးမယ်လို့ တကယ် ထင်နေတာလား "

နတ်ဆိုးဧကရာဇ်ကြီးမှ အေးဆေးစွာ ပြောဆိုလိုက်၏။

သူ၏ ယခင် ဟောကိန်းရလဒ်ကို သူ မမေ့သေးချေ။

အလွန်အမင်း အသာစီးရနေပုံပေါ်သည့် အခြေအနေမျိုးတွင်ပင် သူသည် အလွန်တရာ သတိထားနေဆဲဖြစ်သည်။

ထို့ကြောင့် သူသည် လှုပ်ရှားရန် ရည်ရွယ်မထားသေးဘဲ ဆက်လက် စောင့်ကြည့်နေရန်သာ ဆုံးဖြတ်ထား၏။

မည်သို့ပင်ဖြစ်စေ ချီဖျန့်ဧကရာဇ်သည် ရှာနာနတ်ဆိုးဧကရာဇ်ကို သူ့ထံ အပ်ထားခဲ့ပြီး အခြား မည်သည့်စကားမျှ မပြောခဲ့ချေ။ ယခု ရှာနာနတ်ဆိုးဧကရာဇ်ကို ထိန်းချုပ်ထားပြီး ချူးဧကရာဇ်နှင့် ချီဖျန့်ဧကရာဇ်တို့၏ တိုက်ပွဲကို ဝင်ရောက်စွက်ဖက်ခွင့် မပြုခြင်းကပင် တစ်နည်းအားဖြင့် သူ၏တာဝန် ပြီးမြောက်သွားပြီ မဟုတ်ပါလော။

ထို့အပြင် ရှာနာနတ်ဆိုးဧကရာဇ်၏ လုပ်ရပ်များမှာ ပုံမှန်ဟု ထင်ရသော်လည်း နတ်ဆိုးဧကရာဇ်ကြီးမှာတော့ တစ်ခုခု လွဲချော်နေသည်ဟု ခံစားနေရ၏။

ဤကဲ့သို့သော အကြောင်းပြချက်များစွာကြောင့်ပင် သူသည် မဆင်မခြင် မလှုပ်ရှားရဲဘဲ လတ်တလောတွင် စောင့်ကြည့်ရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

" ဟွန်း! "

နတ်ဆိုးဧကရာဇ်ကြီးသည် အစာကို ဟပ်မည့် ရည်ရွယ်ချက် မရှိပုံရသည်ကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်မှာ အနည်းငယ် နောင်တရပြီး မကျေမချမ်း ဖြစ်သွားသော်လည်း ၎င်းကို အလွန်အမင်း ထုတ်ဖော်မပြရဲခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ တုံ့ပြန်မှုက အရမ်းသိသာနေပါက ချီဖျန့်ဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်ကြီးတို့မှာ တစ်ခုခု လွဲချော်နေသည်ကို အလွယ်တကူ ရိပ်မိသွားနိုင်သောကြောင့်ပင်။ နတ်ဆိုးဧကရာဇ်ကြီးကို ဤရှုပ်ထွေးသော ကိစ္စထဲသို့ ဆွဲသွင်းရန် ရည်ရွယ်ထားသော်လည်း အကယ်၍ သူ့ကြောင့် အရှင်သခင်၏ အစီအစဉ်ကြီးသာ ပျက်စီးသွားခဲ့မည်ဆိုလျှင် သူသည် အမှန်တကယ်ပင် ခွင့်လွှတ်၍မရနိုင်သော အပြစ်ကို ကျူးလွန်မိသွာခြင်း ဖြစ်ပေလိမ့်မည်။

All Chapters