အခန်း ၆၀၅
Vol. 44 Ch. 605
အခန်း (၆၀၅) - ကိုယ်ပိုင်အကြံအစည်များ၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် နောက်ဆုတ်ရန် တွေးတောခြင်း
ဤနတ်ဆိုးဧကရာဇ်ကြီးသည် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်မသိသော်လည်း ချီဖျန့်ဧကရာဇ်၏ အာရုံများကို လှည့်စားကာ ခန္ဓာကိုယ်အစစ်အမှန် ရောက်ရှိနေသည်ဟု အထင်မှားစေခဲ့သည်။
သို့သော် အစစ်ကို အတုလုပ်၍ မရသကဲ့သို့ အတုသည်လည်း အစစ်မဖြစ်နိုင်ပေ။ သူ၏ အငွေ့အသက်ကို မည်မျှပင် တူအောင် တုပထားစေကာမူ ခန္ဓာကိုယ်အစစ်အမှန်နှင့် ကွာခြားနေဆဲဖြစ်ရာ သူ လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် ထိုလှည့်စားမှုက သိသာပေါ်လွင်သွားမည်ပင်။
ထိုအချက်ကို သိနေသောကြောင့်ပင် နတ်ဆိုးဧကရာဇ်ကြီးသည် အစမှအဆုံးတိုင်အောင် မလှုပ်ရှားခဲ့ဘဲ ရှာနာနတ်ဆိုးဧကရာဇ်နှင့် ရင်ဆိုင်ရချိန်တွင်ပင် တိုက်ခိုက်ခြင်းမပြုဘဲ လမ်းပိတ်ထားရုံသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အစောပိုင်းကမူ နတ်ဆိုးဧကရာဇ်ကြီး၏ ဤလုပ်ရပ်မှာ သူ၏ပါးနပ်မှုကြောင့် အလွယ်တကူ မလှုပ်ရှားခြင်းဖြစ်သည်ဟု ချီဖျန့်ဧကရာဇ်မှ ထင်မှတ်ခဲ့၏။ သို့သော် ယခုကြည့်ရသည်မှာ ထိုသို့မဟုတ်တော့ပေ။ အမှန်တကယ်တွင် သူသည် အဖော်ခံရမည်ကို ကြောက်ရွံ့၍ အလွယ်တကူ မလှုပ်ရှားရဲခဲ့ခြင်းသာ ဖြစ်သည်။
" ကောင်းပြီ… ကောင်းတယ်… နတ်ဆိုးဧကရာဇ်ကြီး... မင်းက အစကတည်းက ငါ့ကို လုံးဝ မယုံကြည်ခဲ့တာပဲ! "
ချီဖျန့်ဧကရာဇ်က ဒေါသတကြီး ရယ်မောလိုက်၏။ ဤမြေခွေးအိုကြီးသည် အစကတည်းက သူ့ကို လုံးဝမယုံကြည်ခဲ့ဘဲ အမြဲတမ်း အရန်အစီအစဉ်တစ်ခု ချန်ထားခဲ့ခြင်းဖြစ်သည်။
" တာအိုမိတ်ဆွေ ချီဖျန့်... မင်းနဲ့ ငါ ရောက်နေတဲ့ အဆင့်မှာ ဘယ်သူကများ တခြားသူကို အကြွင်းမဲ့ ယုံကြည်ရဲမှာလဲ… သားအဖတွေ ဆရာတပည့်တွေကြားမှာတောင် သစ္စာဖောက်သွားကြတဲ့ သာဓကတွေက နည်းနည်းနောနောမှ မဟုတ်တာ… ပြီးတော့ တာအိုမိတ်ဆွေ ချီဖျန့်... မင်းကိုယ်တိုင်ကရော ငါအရှင့်အပေါ် အမြဲတမ်း မရိုးမဖြောင့်ဘဲ တိတ်တဆိတ် အကွက်ဆင်နေခဲ့တာ မဟုတ်ဘူးလား "
နတ်ဆိုးဧကရာဇ်ကြီးမှ အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်လေသည်။
မရေမတွက်နိုင်သော နှစ်ကာလများကို ဖြတ်သန်းလာခဲ့သည့် ရှေးဟောင်း နတ်ဆိုးဧကရာဇ်တစ်ပါးအနေဖြင့် နတ်ဆိုးဧကရာဇ်ကြီး မမြင်ဖူးသောအရာ ဘာရှိမည်နည်း။ အခြားသူများကို အကြွင်းမဲ့ ယုံကြည်ရမည်လော။ ဆရာတပည့်တွေ သစ္စာဖောက်ကြ၊ သွေးသားရင်းချာတွေ အချင်းချင်း သတ်ဖြတ်ကြသည့် ဇာတ်လမ်းများကိုပင် နတ်ဆိုးဧကရာဇ်ကြီးမှာ ရိုးအီနေအောင် မြင်ဖူးခဲ့ပြီးလေပြီ။ ယခု အခြားနတ်ဆိုးဧကရာဇ်တစ်ပါးကို ရင်ဆိုင်နေရချိန်တွင် သူ့အနေဖြင့် မည်သို့လျှင် အကြွင်းမဲ့ ယုံကြည်ရဲမည်နည်း။
အကယ်၍ ထိုသို့သာ ယုံကြည်ခဲ့လျှင် သူသည် ယနေ့တိုင်အောင် အသက်ရှင်နိုင်ခဲ့မည် မဟုတ်ပေ။
ထို့အပြင် ဤချီဖျန့်ဧကရာဇ်တွင် သူ့ကို အပြစ်တင်ရန် မည်သည့်အခွင့်အရေး ရှိနေသနည်း။ အစကတည်းက သူ့ကို လှည့်စားနေခဲ့သူမှာ ဤကောင်သာဖြစ်၏။ သူသည် တိတ်တဆိတ် အရံအစီအစဉ်လေး တစ်ခု ချန်ထားခဲ့ရုံသာ ရှိသည်။
ထိုသို့မဟုတ်ပါက ယခုအချိန်တွင် သူသည် ချီဖျန့်ဧကရာဇ်၏ စစ်ရထားပေါ်သို့ အတင်းအကျပ် ဆွဲတင်ခံလိုက်ရပြီ မဟုတ်ပါလော။
ထို့ကြောင့် ချီဖျန့်ဧကရာဇ်၏ စွပ်စွဲမှုများနှင့် ရင်ဆိုင်ရချိန်တွင် နတ်ဆိုးဧကရာဇ်ကြီး၏ ရင်ထဲ၌ အနည်းငယ်မျှပင် အပြစ်ရှိသလို ခံစားရခြင်းမရှိချေ။ မည်သို့ပင်ဆိုစေ မဟာမိတ်အဖွဲ့ကို အရင်ဆုံး သစ္စာဖောက်ခဲ့သူမှာ သူမဟုတ်ဘဲ ချီဖျန့်ဧကရာဇ်သာ ဖြစ်သည်။
အကယ်၍ ယနေ့ အရာအားလုံးသည် ချီဖျန့်ဧကရာဇ် ပြောခဲ့သည့်အတိုင်းသာ ဖြစ်ပေါ်လာခဲ့ပါက နတ်ဆိုးဧကရာဇ်ကြီး၏ ခန္ဓာကိုယ်အစစ်အမှန်သည်လည်း ကျိန်းသေပေါက် လှုပ်ရှားခဲ့မည်ဖြစ်ပြီး နောက်ဆုတ်သွားမည် မဟုတ်ပေ။ ယခုမူ ချီဖျန့်ဧကရာဇ်မှ အရင်ဆုံး သစ္စာဖောက်ခဲ့ပြီဖြစ်ရာ 'မင်းစရင် ငါဆုံးမယ်' ဆိုသည့်အတိုင်း နတ်ဆိုးဧကရာဇ်ကြီးအနေဖြင့် ကျိန်းသေပေါက် မိမိ၏ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးရမည်ပင်။
" သေစမ်း…! "
မဟာအစီအရင် အပြင်ဘက်တွင် ရပ်နေသော နတ်ဆိုးဧကရာဇ်ကြီးကို ကြည့်ရင်း ချီဖျန့်ဧကရာဇ်၏ အကြည့်များမှာ မှိုင်းညို့နေလေသည်။ အမုန်းတရားများကြောင့် ဒေါသထွက်နေသော်လည်း သူ့တွင် တစ်ဖက်လူကို ကိုင်တွယ်ရန် မည်သည့်နည်းလမ်းမျှ မရှိတော့ချေ။
နတ်ဆိုးဧကရာဇ်ကြီး ချန်ထားခဲ့သော လှည့်ကွက်က သူ့ကို အမှန်တကယ်ပင် လှည့်စားသွားခဲ့၏။ မဟာအစီအရင်ထဲမှ လွတ်မြောက်သွားပြီဖြစ်သော နတ်ဆိုးဧကရာဇ်ကြီးကို ရင်ဆိုင်ရာတွင် ချီဖျန့်ဧကရာဇ်မှာ သဘာဝကျကျပင် ဘာမှမလုပ်နိုင်တော့ပေ။
ဤနတ်ဆိုးဧကရာဇ်ကြီးမှာ အမှန်တကယ်ပင် ပါးနပ်လွန်းလှသည်။
မဟာအစီအရင် အပြင်ဘက်တွင် ရပ်နေသော နတ်ဆိုးဧကရာဇ်ကြီးကို ကြည့်ရင်း ကုချန်ပင်လျှင် မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရ၏။
အစောပိုင်းက ချီဖျန့်ဧကရာဇ်သည် ဤကမ္ဘာကြီးကို ပိတ်လှောင်လိုက်ပြီဖြစ်ကြောင်း ပြောသည်ကို ကြားလိုက်ရချိန်တွင် ကုချန်ပင်လျှင် အနည်းငယ် လေးနက်သွားခဲ့ပြီး ဤတစ်ကြိမ်တွင် နတ်ဆိုးဧကရာဇ်ကြီးနှင့် ချီဖျန့်ဧကရာဇ်တို့ သေချာပေါက် ပူးပေါင်းသွားကြမည်ဟု တွေးထင်ခဲ့မိသည်။ လမ်းဆုံးရောက်နေသော နတ်ဆိုးဧကရာဇ် နှစ်ပါးနှင့် ကမ္ဘာကြီးကို ပိတ်လှောင်ထားသည့် မဟာအစီအရင်၏ အကူအညီတို့ကြောင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရမည်မှာ သေချာနေခဲ့၏။
သို့သော် ဤနတ်ဆိုးဧကရာဇ်ကြီးသည် အစကတည်းက မိမိအတွက် လွတ်လမ်းချန်ထားခဲ့လောက်အောင် ဤမျှ ပါးနပ်လိမ့်မည်ဟု မည်သူက တွေးမိမည်နည်း။ သူ၏ ခန္ဓာကိုယ်အစစ်အမှန်မှာ ဤကမ္ဘာထဲသို့ လုံးဝ ဝင်ရောက်မလာခဲ့ဘဲ အချိန်မရွေး ထွက်ပြေးနိုင်ရန် အပြင်ဘက်တွင် အမြဲရှိနေခဲ့၏။
ဤကဲ့သို့ ကြိုတင်မြော်တွေးနိုင်စွမ်းမှာ အမှန်တကယ်ပင် ချီးကျူးစရာ ကောင်းလှပေသည်။
သို့သော် ဤအရာမှာ ကုချန်အတွက် သတင်းကောင်းတစ်ခုလည်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဧကရာဇ်ကြီး ဝင်မပါတော့ဘဲ ချီဖျန့်ဧကရာဇ် တစ်ဦးတည်းသာ ကျန်ရှိနေတော့သဖြင့် သူ့ကို ကိုင်တွယ်ရန်မှာ များစွာ ပိုမို လွယ်ကူသွားသောကြောင့်ပင်။
လက်ရှိအခြေအနေအရ နတ်ဆိုးဧကရာဇ်ကြီး၏ စရိုက်နှင့်ဆိုလျှင် သူသည် ချီဖျန့်ဧကရာဇ်ကို ကူညီရန် အသေအလဲ တိုက်ခိုက်မည် မဟုတ်ပေ။ ထို့ကြောင့် သုံးယောက် တစ်ယောက် အနေအထားဖြစ်ပြီး ချီဖျန့်ဧကရာဇ်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရထားသေး၏။ ဤအခြေအနေအောက်တွင် သေချာပေါက် အနိုင်ရမည်ဟုပင် ဆိုနိုင်ပေသည်။
" မင်းတို့ တကယ် ရက်စက်တာပဲ! ဒီနေ့ကိစ္စကို ငါအရှင် မှတ်ထားမယ်! "
ချီဖျန့်ဧကရာဇ်မှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ အခြေအနေမှာ ပုံသေဖြစ်သွားပြီဖြစ်ပြီး နတ်ဆိုးဧကရာဇ်ကြီးကလည်း သူ့ကို လာရောက်ကူညီနိုင်တော့မည် မဟုတ်ကြောင်း မြင်သောအခါ သူ၏ ရင်ထဲတွင် နောက်ဆုတ်လိုသည့် ဆန္ဒတစ်ခု ချက်ချင်း ပေါ်လာလေသည်။
ယခု သူသည် တစ်ယောက်တည်းဖြစ်နေပြီး ကုချန်တို့၏ ခြုံခိုတိုက်ခိုက်မှုကိုလည်း ခံထားရသဖြင့် သူ၏အခြေအနေမှာ လွန်စွာ ဆိုးရွားနေ၏။
ဤအခြေအနေမျိုးတွင် မဟာအစီအရင်၏ စွမ်းအား အကူအညီပါရှိနေလျှင်တောင်မှ ရန်သူသုံးယောက်ကို ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားခြင်းမှာ လူမိုက်တို့၏ အိပ်မက်တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
သူသည် ယခင်က တစ်ကြိမ် ပြန်လည်မွေးဖွားခဲ့ပြီးဖြစ်ရာ အချိန်တိုအတွင်း ဒုတိယအကြိမ် ထပ်မံမွေးဖွားရန်မှာ ကျိန်းသေပေါက် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် လက်ရှိအချိန်တွင် အကောင်းဆုံး ရွေးချယ်မှုမှာ အလျင်အမြန် ထွက်ပြေးကာ စွမ်းအားကို ထိန်းသိမ်းထားပြီး နောင်တစ်ချိန်တွင် လက်စားချေရန် အခွင့်အရေးကို စောင့်ဆိုင်းခြင်းသာ ဖြစ်သည်။
ဤအချက်ကို တွေးမိသောအခါ ချီဖျန့်ဧကရာဇ်သည် ဆက်လက်၍ တွေဝေမနေတော့ချေ။ သူသည် ကုချန်တို့ကို ရင်ဆိုင်ကာ ကြမ်းတမ်းသော မျက်နှာဖြင့် လက်ဝါးများကို ဝှေ့ယမ်းလိုက်ပြီး လမ်းဆုံးရောက်နေကာ အသေခံတိုက်ခိုက်ရန် ပြင်ဆင်နေသည့်အလား ဟန်ရေးပြလိုက်လေသည်။
သို့သော် အမှန်တကယ်တွင်မူ နောက်တစ်ခဏ၌ပင် ချီဖျန့်ဧကရာဇ်၏ ပုံရိပ်သည် မိုင်တစ်သောင်းအကွာသို့ ရောက်ရှိသွားခဲ့ပြီး ကမ္ဘာငယ်လေး၏ အပြင်ဘက်ဆီသို့ အပြင်းအထန် ထွက်ပြေးသွားလေသည်။
ချီဖျန့်ဧကရာဇ်သည် ဤအခွင့်အရေးကို ယူ၍ တိုက်ရိုက် ထွက်ပြေးရန် အမှန်တကယ် ကြိုးစားနေခြင်းပင်။
ချီဖျန့်ဧကရာဇ်၏ လုပ်ရပ်များမှာ အလွန် ပြတ်သားပြီး မည်သည့် တွေဝေမှုမျှ မရှိချေ။ အကယ်၍ ကြိုတင်သတိမထားမိပါက သူ အမှန်တကယ် လွတ်မြောက်သွားနိုင်ချေ များလွန်းပေသည်။
သို့သော် ထွက်ပြေးသွားသော ချီဖျန့်ဧကရာဇ်ကို ကြည့်ရင်း ကုချန်၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေဆဲဖြစ်ပြီး သူ ထွက်ပြေးသွားမည်ကို အနည်းငယ်မျှပင် စိုးရိမ်နေပုံမရချေ။
အဘယ်ကြောင့်ဆိုသော် ချီဖျန့်ဧကရာဇ်သည် ဤကမ္ဘာငယ်လေးထဲမှ လွတ်မြောက်တော့မည့် အချိန်မှာပင် ကမ္ဘာငယ်လေး၏ အပြင်ဘက် လေဟာနယ်ထဲတွင် ပုံရိပ်တစ်ခု တိတ်ဆိတ်စွာ ပေါ်လာပြီး ချီဖျန့်ဧကရာဇ်ဆီသို့ ရုတ်တရက် လက်ဝါးတစ်ချက် ရိုက်ချလိုက်သောကြောင့်ပင်။