← Chapters

အခန်း ၆၀၆

Vol. 44 Ch. 606

အခန်း ၆၀၆

Vol. 44 Ch. 606

အခန်း (၆၀၆) - ထွက်ပြေးခြင်း၊ ဧကရာဇ်လေးပါး ဝိုင်းရံထားခြင်းနှင့် သတင်းပေါက်ကြားသွားခြင်း

" ဟွန်း! ဒီကမ္ဘာငယ်လေးက အစကတည်းက ငါအရှင် ခင်းကျင်းထားတဲ့ မဟာအစီအရင်တစ်ခုပဲ… ငါအရှင် ခင်းကျင်းထားမှတော့ အဝင်အထွက်ကိုလည်း သေချာပေါက် ငါအရှင်က ထိန်းချုပ်ထားတာပေါ့… မင်းတို့ သဘောကျလုပ်လို့ ရမလား "

ချီဖျန့်ဧကရာဇ်သည် ဤကမ္ဘာငယ်လေးထဲမှ ပျံသန်းထွက်ခွာလာချိန်တွင် သူ၏ မျက်နှာပေါ်၌ ကျေနပ်ဂုဏ်ယူမှု အရိပ်အယောင်များ ကျန်ရှိနေဆဲပင်။

ယနေ့ အခြေအနေများက သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်ပြောင်းလဲသွားလျှင်တောင်မှ ဘာလုပ်နိုင်မည်နည်း။

ချူးဧကရာဇ်တို့အားလုံးမှာ မဟာအစီအရင်အတွင်း၌ ရှိနေပြီး သူသည် ဤနတ်ဆိုးဧကရာဇ် မဟာအစီအရင်ကို ထိန်းချုပ်ထားသူ ဖြစ်သည်။ မဟာအစီအရင်၏ စွမ်းအားကို အသုံးပြု၍ သူတို့ကို ခဏတာမျှ နှောင့်နှေးစေနိုင်ပြီး ဤအခွင့်အရေးကို ယူ၍ သူ အေးအေးဆေးဆေး ထွက်ခွာသွားနိုင်ပေသည်။ တစ်ဖက်လူတွေက ဘာတတ်နိုင်မည်နည်း။

သူသည် တိုက်ခိုက်ချင်လျှင် တိုက်ခိုက်နိုင်သလို၊ နောက်ဆုတ်ချင်လျှင်လည်း နောက်ဆုတ်၍ ကာကွယ်နိုင်ပေသည်။

သူ မနိုင်နိုင်မှတော့ စောစောစီးစီး လစ်ထွက်သွားပြီး ရေရှည်အတွက် ကြံစည်တာ အကောင်းဆုံးပဲ!

အစောပိုင်းက နတ်ဆိုးဧကရာဇ်ကြီးကို မဟာအစီအရင် လုံးဝ ပိတ်လှောင်ထားပြီး မည်သူမျှ အဝင်အထွက် မပြုလုပ်နိုင်ကြောင်း ပြောခဲ့ခြင်းမှာ နတ်ဆိုးဧကရာဇ်ကြီးကို သူ၏ စစ်ရထားနှင့် ချည်နှောင်ထားလို၍ လှည့်စားခဲ့ခြင်းသာ ဖြစ်သည်။

ယခု အခြေအနေမှာ ပြန်လည် ထိန်းချုပ်၍ မရနိုင်တော့သဖြင့် ချီဖျန့်ဧကရာဇ်အနေဖြင့် အချည်းနှီး ရုန်းကန်နေရန် မလိုအပ်တော့ချေ။ အမြန်ဆုံး ထွက်ခွာသွားခြင်းက အကောင်းဆုံးပင်။

သို့သော် ချီဖျန့်ဧကရာဇ်သည် မဟာအစီအရင်၏ စွမ်းအားကို အသုံးပြု၍ ချူးဧကရာဇ်တို့ကို ခဏတာ တားဆီးထားပြီးနောက် မဟာအစီအရင်တွင် အဟတစ်ခု ဖွင့်ကာ ထွက်ပြေးရန် ပြင်ဆင်နေချိန်မှာပင် မဟာအစီအရင် အပြင်ဘက်တွင် ရုတ်တရက် ပေါ်လာသော ပုံရိပ်တစ်ခုက သူ၏ အစီအစဉ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်လေသည်။

၎င်းမှာ ဟွမ်သွမ့်စွမ်းအင်များဖြင့် လုံးဝ ဖုံးလွှမ်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ်တစ်ခုဖြစ်ပြီး ချီဖျန့်ဧကရာဇ် ထွက်ပြေးရန် ဖြတ်သန်းသွားရမည့် လမ်းကြောင်းပေါ်တွင် အတိအကျ ပေါ်လာခြင်းဖြစ်၏။

ထိုပုံရိပ် ပေါ်လာသောအခါ သူ၏ လှုပ်ရှားမှုများမှာ ပြတ်သားပြီး လျင်မြန်လှကာ မည်သည့် တွေဝေမှုမျှ မရှိဘဲ လေထဲတွင် ချီဖျန့်ဧကရာဇ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။

“ ဘုန်း! “

ထိုသူမှ လက်ဝါးဖြင့် ရိုက်ချလိုက်သည်နှင့်တစ်ပြိုင်နက် ကမ္ဘာထဲရှိ အဆုံးမဲ့တာအိုများ ချက်ချင်းပင် အဆက်မပြတ် တုန်ခါသွားပြီး ချီဖျန့်ဧကရာဇ်သည်လည်း တစ်ဖက်လူ၏ အစစ်အမှန် စွမ်းအားကို သတိပြုမိသွား၏။ ၎င်းမှာ နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုပင်။

နောက်ထပ် နတ်ဆိုးဧကရာဇ်တစ်ပါး?!

သူ့ဆီသို့ ရိုက်ချလာသော လက်ဝါးကို ကြည့်ရင်း ချီဖျန့်ဧကရာဇ်၏ မျက်လုံးများထဲတွင် အလွန်အမင်း အံ့အားသင့်မှုများ ပြည့်နှက်နေလေသည်။

ဤနေရာတွင် နောက်ထပ် လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ်တစ်ပါး မည်သို့ ပေါ်လာသနည်းဆိုသည်ကို သူ နားမလည်နိုင်သကဲ့သို့ သူ၏ တည်ရှိမှုကိုလည်း အနည်းငယ်မျှပင် သတိမပြုမိခဲ့ချေ။

အလျင်စလို အခြေအနေတွင် ချီဖျန့်ဧကရာဇ်သည် ကာကွယ်ရန်သာ အချိန်ရလိုက်၏။ ပို၍ အရေးကြီးသည်မှာ သူသည် ကုချန်၏ ခန္ဓာကိုယ်အစစ်အမှန်နှင့် ချူးဧကရာဇ်တို့ကို တားဆီးရန် မဟာအစီအရင်၏ စွမ်းအားကို ထိန်းချုပ်နေရသဖြင့် မဟာအစီအရင်၏ စွမ်းအားကို များများစားစား မထုတ်ယူနိုင်တော့ခြင်းပင် ဖြစ်သည်။

ထို့အပြင် သူသည် ယခုအခါ မဟာအစီအရင်၏ အပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်ရာ မဟာအစီအရင်၏ စွမ်းအားအချို့ကို ထုတ်ယူနိုင်လျှင်တောင်မှ သမုဒ္ဒရာထဲ ရေတစ်စက်ကျသလိုမျိုး ဖြစ်နေမည်ဖြစ်ရာ သူ့အတွက် သိပ်အထောက်အကူ မဖြစ်နိုင်ပေ။

ထို့ကြောင့် သူသည် တွန့်ဆုတ်စွာဖြင့် လက်ဖဝါးများကို ယှက်ကာ တာအိုစွမ်းအားများကို အသုံးပြု၍ သူ၏ ရှေ့တွင် ကာကွယ်မှုတစ်ခုကို ဖန်တီးလိုက်ရသည်။ ထို့နောက် တားဆီးမရနိုင်သော ဒီရေလှိုင်းကြီးတစ်ခုကဲ့သို့ ရိုက်ချလာသော ထိုလက်ဝါးကြီးကို မျှော်လင့်ချက်မဲ့စွာဖြင့် ကြည့်နေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ခဲ့ချေ။

“ ဘုန်း! “

ဧကရာဇ်အဆင့် စွမ်းအားများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာအသီးသီးသို့ ပြန့်နှံ့သွားလေသည်။

ဤတစ်ကြိမ်တွင် နတ်ဆိုးဧကရာဇ် မဟာအစီအရင်၏ တားဆီးမှု မရှိတော့သဖြင့် ထိန်းချုပ်မရသော ဂယက်ရိုက်ခတ်မှုများသည် အဝေးသို့ ချက်ချင်း ပြန့်နှံ့သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နယ်မြေတစ်ဝက်ကို ဖျက်ဆီးပစ်လိုက်လေသည်။

အကယ်၍ ဤနေရာသည် မူလကတည်းက လူသူကင်းမဲ့ပြီး ခြောက်သွေ့နေသော နတ်ဆိုးနယ်မြေ၏ နယ်စပ် မဟုတ်ခဲ့ပါက ဤတိုက်ခိုက်မှု တစ်ခုတည်းကပင် နတ်ဆိုးနယ်မြေရှိ သက်ရှိသန်းပေါင်းများစွာကို သေဆုံးစေရန် လုံလောက်ပေလိမ့်မည်။

တိုက်ခိုက်မှု၏ ရလဒ်အနေဖြင့် ချီဖျန့်ဧကရာဇ်၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲသွားခဲ့ပြန်၏။

" ဟင့်အင်း အားးးး !"

ချီဖျန့်ဧကရာဇ်ထံမှ အလွန်အမင်း နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့၏။ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သူသည် နှစ်ကြိမ်ဆက်တိုက် ဖောက်ခွဲခံခဲ့ရသည်။ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများသာမက သူ၏ရင်ထဲမှ အရှက်ရမှုကပါ ကြီးမားလေရာ ဤအရာအားလုံးကို လက်ခံရန်မှာ လွန်စွာ ခက်ခဲခဲ့၏။

သို့သော် သူ့အတွက် ပို၍ လက်ခံရခက်စေသောအရာမှာ သူ့ရှေ့ရှိ ဤလူ ဘယ်ကရောက်လာသနည်း ဆိုသည်ပင်။

" မင်းက တကယ်ပဲ ဘယ်သူလဲ?! "

ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းပြီးနောက် ချီဖျန့်ဧကရာဇ်၏ အကြည့်များက သူ့ရှေ့ရှိ ဟွမ်သွမ့်စွမ်းအင်များဖြင့် ဖုံးလွှမ်းနေသော ပုံရိပ်ပေါ်တွင် စူးစိုက်နေပြီး သူ၏ မျက်နှာမှာ ရေစက်များ ကျလာမတတ် မှုန်ကုပ်နေလေသည်။

သို့သော် ချီဖျန့်ဧကရာဇ်၏ မေးခွန်းကို ရင်ဆိုင်ရချိန်တွင် သူ့ရှေ့ရှိလူက ရှင်းပြမည့် ရည်ရွယ်ချက် မရှိပုံရဘဲ အလွန်တရာ လျင်မြန်သော အရှိန်ဖြင့် နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ချလိုက်ပြန်၏။

တစ်ချိန်တည်းမှာပင် တစ်ဖက်လူထံမှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာလေသည်။

" မင်းကို သတ်မယ့်သူ "

ငါ့ကို သတ်မယ့်သူ ဟုတ်လား?!

တစ်ဖက်လူ၏ ကြမ်းတမ်းသော တိုက်ခိုက်မှု ထပ်မံရောက်ရှိလာသည်ကို ကြည့်ရင်း ချီဖျန့်ဧကရာဇ်၏ ရင်ထဲတွင် အလွန်အမင်း မွန်းကြပ်သွားပြီး တစ်ချိန်တည်းမှာပင် ထူးဆန်းသော ရင်းနှီးသည့် ခံစားချက်တစ်ခုကိုပါ ခံစားလိုက်ရ၏။

ဒီစကားကို သူ ဘယ်မှာ ကြားဖူးခဲ့သလိုပဲ။

နေပါဦး…..

မျက်တောင်တစ်ခတ်အတွင်းမှာပင် ချီဖျန့်ဧကရာဇ်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားလေသည်။

မဟာအစီအရင်အတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ် ပေါ်လာပြီးနောက် ထိုစကားကိုပင် ပြောခဲ့ကြောင်း သူ ရုတ်တရက် သတိရသွား၏။

ဒါဆို မဟာအစီအရင် အပြင်ဘက်ကနေ သူ့ကို တိုက်ခိုက်နေတဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဆိုးဧကရာဇ်… မဟာအစီအရင် အတွင်းက လျှို့ဝှက်ဆန်းကြယ်တဲ့ နတ်ဆိုးဧကရာဇ်… ပြီးတော့ ချူးဧကရာဇ်... သူတို့ အားလုံးက တစ်ဖွဲ့တည်းတွေပေါ့။

အဓိပ္ပာယ်မရှိတာ! လုံးဝ အဓိပ္ပာယ်မရှိတာပဲ!

နတ်ဆိုးဧကရာဇ် လေးပါး ပူးပေါင်းတယ် ဟုတ်လား။

ဒီလိုကိစ္စမျိုးက နတ်ဆိုးနယ်မြေ တစ်ခုလုံးမှာတောင် တစ်ခါမှ မကြားဖူးခဲ့ဘူး။

ယခု ဤနတ်ဆိုးဧကရာဇ် လေးပါး ပူးပေါင်းပြီး သူတို့၏ ပစ်မှတ်မှာ သူဖြစ်နေခြင်းက ချီဖျန့်ဧကရာဇ်ကို ပို၍ပင် လက်ခံရန် ခက်ခဲစေခဲ့သည်။

ဤလူလေးယောက် ပူးပေါင်းနေခြင်းက ရှေ့ပိုင်းက အရာအားလုံးမှာ သူ့ကို အစကတည်းက လှည့်စားရန် တစ်ဖက်လူများ တမင်တကာ ကပြခဲ့သော ပြဇာတ်တစ်ခုသာဖြစ်နေသည်ဟု ချက်ချင်း ဆိုးဆိုးရွားရွား နားလည် ခံစားရစေခဲ့သောကြောင့်ပင်။

အစပိုင်းက ချူးဧကရာဇ် ငါးစာမိ၍ မဟာအစီအရင်ထဲ ဝင်သွားသည်မှအစ အားလုံးမှာ တစ်ဖက်လူများက တမင်တကာ လုပ်ခဲ့သည်များသာဖြစ်နေ၏။

ထိုသို့မဟုတ်ပါက ဤနေရာတွင် နတ်ဆိုးဧကရာဇ် လေးပါး အဘယ်ကြောင့် ရှိနေသည်ကို ရှင်းပြရန် နည်းလမ်းမရှိတော့ပေ။

အကယ်၍ ဤလျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ် နှစ်ပါးသာ အတွင်းရေးများကို ကြိုတင်မသိထားခဲ့ပါက သူတို့သည် သူ့ကို ခြုံခိုတိုက်ခိုက်ရန် ဤနေရာတွင် ဘယ်လိုလုပ် စောစောစီးစီး လာစောင့်နေနိုင်မည်နည်း။

ဒါပေမယ့် သတင်းက ဘယ်လိုလုပ်ပြီး ပေါက်ကြားသွားတာလဲ။

အစကတည်းက အရာအားလုံးကို သူနဲ့ နတ်ဆိုးဧကရာဇ်ကြီးတို့ နှစ်ယောက်ပဲ သိခဲ့ကြတာလေ။

All Chapters