အခန်း ၆၀၇
Vol. 44 Ch. 607
အခန်း (၆၀၇) - ဘယ်သူသစ္စာဖောက်တာလဲ၊ သူတစ်ပါးကို အပြစ်ပုံချခြင်း၊ လွတ်မြောက်နိုင်စွမ်းမရှိခြင်း
နတ်ဆိုးဧကရာဇ် လေးပါး၏ ဝိုင်းရံထားမှုကို ခံရချိန်တွင် ယနေ့အဖြစ်အပျက်များမှာ အပေါ်ယံတွင် ထင်ရသလောက် မရိုးရှင်းကြောင်းကို ချီဖျန့်ဧကရာဇ် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့၏။
အစပိုင်း၌ သူသည် ချူးဧကရာဇ်မှာ အလွန်တရာ သတိထားတတ်လွန်း၍ ကွေ့ရွှီးနယ်မြေမှ လျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ်ကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်မည်ဟုသာ ယူဆခဲ့သည်။
သို့သော် မဟာအစီအရင်၏ အပြင်ဘက်တွင် ထိုလျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ် ပေါ်ထွက်လာချိန်တွင် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချီဖျန့်ဧကရာဇ် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့၏။
ချူးဧကရာဇ် မည်မျှပင် သတိထားတတ်စေကာမူ ဒုတိယမြောက် နတ်ဆိုးဧကရာဇ်တစ်ပါးကို အဘယ်ကြောင့် ပါဝင်ပတ်သက်စေရမည်နည်း။
ချူးဧကရာဇ်နှင့် အခြားနတ်ဆိုးဧကရာဇ်တို့ ပေါင်းလိုက်လျှင် စုစုပေါင်း နတ်ဆိုးဧကရာဇ် လေးပါး ရှိနေပြီဖြစ်သည်။
ဖန်တီးမှုတစ်ခုကို ရယူရန် ကူညီပေးရုံအတွက် နတ်ဆိုးဧကရာဇ် သုံးပါး ပေါ်ထွက်လာကာ အတွင်း၊ အပြင် အသီးသီး အစီအစဉ်တကျ နေရာယူထားကြသည်လော။
ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ!
တစ်ခုတည်းသော ရှင်းပြချက်မှာ တစ်ဖက်လူသည် အတွင်းရေးအချက်အလက်အားလုံးကို အစောကြီးကတည်းက သိရှိထားပြီး ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းသာ ဖြစ်ရမည်။
ထိုသို့ဆိုလျှင် တစ်ဖက်လူမှ ဤအရာအားလုံးကို ဘယ်လိုလုပ် ကြိုတင်သိရှိသွား၍ ဤကဲ့သို့သော အစီအစဉ်များနှင့် ပြင်ဆင်မှုများကို အေးအေးဆေးဆေး ပြုလုပ်နိုင်ခဲ့သနည်း။
အနည်းငယ်မျှပင် တွေဝေခြင်းမရှိဘဲ ချီဖျန့်ဧကရာဇ်၏ အကြည့်များက နတ်ဆိုးဧကရာဇ်ကြီးဆီသို့ ချက်ချင်း ရောက်သွားခဲ့၏။
" နတ်ဆိုးဧကရာဇ်ကြီး... ရှင် ကျွန်မကို သစ္စာဖောက်တယ်! "
ချီဖျန့်ဧကရာဇ်၏ အသံမှာ စိတ်ပျက်အားငယ်မှုများနှင့် ဒေါသအမျက်များ ပြည့်နှက်နေလေသည်။
ဤအရာမှာ သူ တွေးမိနိုင်သော တစ်ခုတည်းသော ဖြစ်နိုင်ခြေဖြစ်ပြီး သူ ယုံကြည်နိုင်သော တစ်ခုတည်းသော ဖြစ်နိုင်ခြေလည်း ဖြစ်သည်။
နတ်ဆိုးဧကရာဇ်ကြီးမှ သူ့ကို သစ္စာဖောက်ခဲ့ခြင်း ဖြစ်ရမည်။
အခြားနတ်ဆိုးဧကရာဇ်ကို သူ အကွက်ဆင်မည့်အကြောင်း ကြိုတင် သတင်းပေးခဲ့သူမှာ နတ်ဆိုးဧကရာဇ်ကြီးသာ ဖြစ်ရမည်။
ထိုသို့မဟုတ်ပါက ဤနှစ်ဦးသည် ဤကဲ့သို့သော အစီအစဉ်များကို ဤမျှ စောစီးစွာ မည်သို့ ပြုလုပ်နိုင်မည်နည်း။ တစ်စုံတစ်ဦးက သူတို့ကို ကြိုတင် သတင်းပေးခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
ငါလား။
ချီဖျန့်ဧကရာဇ်၏ ဒေါသတကြီး စွပ်စွဲမှုကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးမှာ ရုတ်တရက် အလွန် အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရ၏။
အစကတည်းက သူသည် အခြားနတ်ဆိုးဧကရာဇ်ကို ကိုင်တွယ်ရန် ရည်ရွယ်ခဲ့သော်လည်း လမ်းတစ်ဝက်တွင် အခြေအနေကို သေချာမသိရ၍ သတိထားသည့်အနေဖြင့် 'အပျင်းထူ' နေခဲ့ခြင်းသာ ဖြစ်သည်။
သူနဲ့ ချီဖျန့်ဧကရာဇ်ကြားက မဟာမိတ်အဖွဲ့ကို သစ္စာဖောက်တယ် ဟုတ်လား။
သူ နတ်ဆိုးဧကရာဇ်ကြီးဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး စကားတစ်ခွန်းတောင် ဟဖူး မဟဖူးဘူးဆိုတာ ကောင်းကင်ကြီးတောင် သိပါတယ်။
သူနဲ့ ချီဖျန့်ဧကရာဇ်ကြားမှာ အရင်ကတည်းက ရန်ငြိုးရန်စမှ မရှိခဲ့တာ သူက ဘာလို့များ သစ္စာဖောက်ရမှာလဲ။
အကယ်၍ သူသာ ဒီကိစ္စထဲ ဝင်မပါချင်ဘူးဆိုရင် စောစောကတည်းက နောက်ဆုတ်သွားလို့ရတာပဲ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်တွင်းထဲ တွန်းပို့ပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်နေဦးမှာလဲ။
" ချီဖျန့်ဧကရာဇ် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ မပြောနဲ့… ငါအရှင်က မင်းကို ဘယ်တုန်းကများ သစ္စာဖောက်ဖူးလို့လဲ "
နတ်ဆိုးဧကရာဇ်ကြီးမှ သူ့ကို ပြန်လည် တုံ့ပြန်လိုက်၏။
အကယ်၍ သူသာ အမှန်တကယ် သစ္စာဖောက်ခဲ့မည်ဆိုလျှင် ကိစ္စမရှိသော်လည်း ယခု သူမှာ လုံးဝ သစ္စာမဖောက်ခဲ့သဖြင့် ဤအပြစ်ပုံချမှုကို သူ လုံးဝ လက်ခံမည် မဟုတ်ပေ။
" ရှင် ကျွန်မကို သစ္စာမဖောက်ခဲ့ဘူး ဟုတ်လား… ရှင် သစ္စာမဖောက်ခဲ့ရင် သတင်းက ဘယ်လိုလုပ် ပေါက်ကြားသွားတာလဲ… ဒီနှစ်ယောက်က တိုက်ဆိုင်ပြီး ဒီနေရာကို ရောက်လာတာလို့တော့ ရှင် ကျွန်မကို လာမပြောနဲ့နော်! "
ချီဖျန့်ဧကရာဇ်မှ ဒေါသတကြီး အော်ဟစ်လိုက်၏။
ယခု နတ်ဆိုးဧကရာဇ်ကြီး မည်မျှပင် ရှင်းပြစေကာမူ ချီဖျန့်ဧကရာဇ်သည် သူ့ကို သေချာပေါက် သစ္စာဖောက်သူအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ သူ၏ ဆင်ခြေများအားလုံးမှာ အချည်းနှီးသာ ဖြစ်သည်။
ချီဖျန့်ဧကရာဇ်၏ စစ်ဆေးမေးမြန်းမှုများနှင့် ရင်ဆိုင်ရချိန်တွင် နတ်ဆိုးဧကရာဇ်ကြီးမှာ ဆွံ့အသွားရ၏။
အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် ဤအရာအားလုံးကို ရှင်းပြနိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။
အမည်မသိ နတ်ဆိုးဧကရာဇ် နှစ်ပါး ပေါ်လာခြင်းက ရည်ရွယ်ချက်ရှိရှိ ဖြစ်နေသည်ကို သူလည်း ခံစားမိ၏။ တိုက်ဆိုင်မှုသက်သက်ဖြင့် ဤနေရာသို့ ရောက်လာသည်ဟု ဆိုရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
ဒါပေမယ့် သူက ချီဖျန့်ဧကရာဇ်ကို တကယ်ပဲ သစ္စာမဖောက်ခဲ့ဘူးလေ။
နေပါဦး…..
အနည်းငယ် မွန်းကြပ်နေသော နတ်ဆိုးဧကရာဇ်ကြီးသည် ရုတ်တရက် တစ်ခုခုကို တွေးမိသွား၏။
ချီဖျန့်ဧကရာဇ်မှ ချူးဧကရာဇ်နှင့် အခြားနတ်ဆိုးဧကရာဇ်တို့ကို ကိုင်တွယ်ရန် သူ့ထံ လာရောက်ဆွေးနွေးသည့် အချိန်မှစ၍ အစမှအဆုံး သူတို့နှစ်ဦးသာ သိရှိခဲ့သည်မှ မဟုတ်ဘဲ ဤကိစ္စများကို သိရှိသူ နောက်ထပ် တစ်ယောက် ရှိနေသေးသည်။
ထို့အပြင် ထိုတတိယလူမှာ ကုချန်ပင် ဖြစ်သည်။ သို့သော် အစမှအဆုံး နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်၏ နောက်ကွယ်ရှိ စွမ်းအားများကို အရံအစီအစဉ်တစ်ခုအနေဖြင့်သာ မှတ်ယူထားပြီး သူ တစ်ခုခု လုပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ကုချန် ရှိနေခြင်းကို မေ့လျော့နေခဲ့၏။
သို့သော် ယခု ပြန်လည်သုံးသပ်ကြည့်သောအခါ ချီဖျန့်ဧကရာဇ်၏ အစီအစဉ်များကို ကြိုတင်၍ သတင်းပေါက်ကြားနိုင်သူမှာ ထိုလူငယ်လေးသာ ဖြစ်နိုင်ပေသည်။ ထိုလူငယ်လေးငည် အခြားနတ်ဆိုးဧကရာဇ်နှင့်လည်း ဆက်သွယ်မှု ရှိနေခဲ့သည်လော။
နတ်ဆိုးဧကရာဇ်ကြီး၏ အကြည့်များမှာ ရုတ်တရက် အနည်းငယ် တွေဝေသွား၍ ကုချန်ရှိရာဆီသို့ မရေမရာမှုများ ပြည့်နှက်သော မျက်ဝန်းများဖြင့် တစ်ချက်တစ်ချက် လှမ်းကြည့်လိုက်လေသည်။
ယခုအချိန်တွင် သူသည် ခန့်မှန်းရုံသာ ခန့်မှန်းနိုင်ပြီး ဤကိစ္စက ကုချန်နှင့် သေချာပေါက် ပတ်သက်နေသည်ဟု လုံးဝ အတည်မပြုနိုင်သေးချေ။ ခန့်မှန်းချက်တစ်ခုတည်းအပေါ် အခြေခံ၍ အရာအားလုံးကို ကုချန်၏ လက်ချက်အဖြစ် သတ်မှတ်ရန်မှာ လက်တွေ့မကျပေ။
သို့သော် နတ်ဆိုးဧကရာဇ်ကြီးသည် အခြား မည်သည့် ဖြစ်နိုင်ခြေကိုမျှ မစဉ်းစားနိုင်တော့ချေ။
သူနှင့် ချီဖျန့်ဧကရာဇ်တို့အပြင် ဤကိစ္စ၏ အတွင်းရေးကို သိရှိသူ တတိယလူမှာ ကုချန် တစ်ဦးတည်းသာ ရှိသည်။
အကယ်၍ သူတို့သုံးဦးစလုံးထံမှ သတင်းပေါက်ကြားခဲ့ခြင်း မရှိပါက အခြားနတ်ဆိုးဧကရာဇ်မှာ များစွာ ပါးနပ်လွန်း၍ အစကတည်းက ဤအရာအားလုံးမှာ သူ့ကို ပစ်မှတ်ထားသော ထောင်ချောက်တစ်ခုဖြစ်ကြောင်း ရိပ်မိနေခဲ့ခြင်းသာ ဖြစ်နိုင်ပေသည်။
ဒါပေမဲ့ အဲ့ဒီလူက တကယ်ပဲ အဲ့ဒီလောက် ပါးနပ်နေနိုင်လို့လား။
နတ်ဆိုးဧကရာဇ်ကြီးမှာ အနည်းငယ် သံသယဖြစ်နေသော်လည်း ဤအခြေအနေအတွက် ပို၍ ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်ပေးရန်လည်း မရှိတော့ပေ။
သို့သော် မည်သို့ပင်ဖြစ်စေ ယနေ့ သူ ဤနေရာတွင် ဆက်နေ၍ မဖြစ်တော့ချေ။
တစ်ဖက်တွင် နတ်ဆိုးဧကရာဇ် လေးပါး ပူးပေါင်းထားသဖြင့် သူက ချီဖျန့်ဧကရာဇ်ကို စွမ်းအားအပြည့်ဖြင့် ကူညီလျှင်တောင်မှ ၎င်းမှာ ရေစက်ကလေးတစ်စက်မျှသာ ဖြစ်ပြီး အမှန်တကယ် အထောက်အကူ ဖြစ်မည်မဟုတ်ပေ။
ထို့အပြင် ချီဖျန့်ဧကရာဇ်က ယခင်က သူ့ကို အကွက်ဆင်ရန် ရည်ရွယ်ခဲ့သဖြင့် နတ်ဆိုးဧကရာဇ်ကြီးကလည်း သူ့ကို စွမ်းအားအပြည့်ဖြင့် ကူညီရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပေ။ သူ့ကို အသက်ရှင်ရက် လွှတ်ထားခဲ့ပြီး အခြေအနေဆိုးနေချိန်တွင် ဝင်မနှောင့်ယှက်ခြင်းကပင် များစွာ ကောင်းမွန်နေပြီဖြစ်သည်။
သို့သော် ယနေ့ အခြေအနေကို ကြည့်ရသည်မှာ ချီဖျန့်ဧကရာဇ်တော့ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။
လက်ရှိအစီအစဉ်မှာ ကိုယ့်ကိုယ်ကိုယ် အရင်ကယ်တင်ရန်သာ ဖြစ်၏။
ဆုံးဖြတ်ချက်ချပြီးနောက် နတ်ဆိုးဧကရာဇ်ကြီးသည် ချီဖျန့်ဧကရာဇ်ကို မှိန်ဖျော့စွာ တစ်ချက်သာ ကြည့်လိုက်ပြီး သူ့ကို တစ်ခွန်းနှစ်ခွန်း ရှင်းပြရန်ပင် စိတ်မဝင်စားတော့ချေ။