← Chapters

အခန်း ၂၄၁

Vol. 13 Ch. 241

အခန်း ၂၄၁

Vol. 13 Ch. 241

အပိုင်း(၂၄၁) ဒီလောက်တောင် အသုံးမကျဘူးလား

"ရွာသူကြီး... ခင်ဗျား ပြီးပြီလား"

ချန်ရုံကုက အနည်းငယ် နီရဲနေသော မျက်ဝန်းများကို ပွတ်သပ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလေသည်။

"နောက်ထပ် တစ်မိနစ်လောက် အချိန်ပေးပါဦး... တစ်မိနစ်ဆို ရပြီ"

"ကျုပ်တို့ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး"

ချန်းရီက ရှေ့မှနေ၍ တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် တိုးဝင်လာနေသော ဝိညာဉ်ဆိုးများကို ကြည့်ရင်း တစ်ခဏမျှ ကြက်သီးမွှေးညင်းများပင် ထသွားမိသည်။

သူ ဖန်တီးထားသော မီးခိုးမြူခိုးများသည် အငွေ့အသက်များကို ဖုံးကွယ်ထားနိုင်စွမ်း ရှိသော်လည်း ဤအစွမ်းက အရာအားလုံးကို တတ်စွမ်းနိုင်သည်တော့ မဟုတ်ပေ။

တစ်နည်းအားဖြင့် ဆိုရလျှင် ဤလောကတွင် အရာရာကို စွမ်းဆောင်နိုင်သော အစွမ်းဟူ၍ မရှိချေ။

ထို့အပြင် နောက်ဘက်တွင် လမ်းစဉ် အဆင့် (၄) တိုက်တန်အဖြစ် အသွင်ပြောင်းထားသော ဝိညာဉ်ဆိုးကြီး တစ်ကောင် ရှိနေသေးပြီး သူတို့ကို အချိန်မရွေး သတ်ဖြတ်ရန် ချောင်းမြောင်းနေသည်။

ဤနေရာရှိ မည်သူကမျှ ထိုမိစ္ဆာကောင်ကြီး၏ ပြိုင်ဘက် မဟုတ်ကြပေ။

တောက်။

ဤအဘိုးကြီးသာ တစ်ခုခု အမြန် မလုပ်နိုင်ပါက...

သူ့အနေဖြင့် ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲကို လွှတ်၍ ကိုက်ခိုင်းရတော့မည့် အခြေအနေပင် ဖြစ်သည်။

ထိုအရာသည် ချန်းရီ မြင်ဖူးသမျှထဲတွင် အလွန်တရာ ကောက်ကျစ်ပြီး ရူးသွပ်ကာ အထိန်းအကွပ်မဲ့ဆုံးသော ထူးဆန်းသည့် အရာများထဲမှ တစ်ခု ဖြစ်သည်။

ချန်းရီက ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲကို လုံးဝ ထုတ်လွှတ်ချင်စိတ် မရှိပေ။

အကယ်၍ ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲသာ အပြင်သို့ ထွက်ရသည့် အကြိမ်အရေအတွက် များပြားလာပါက...

သူ့အနေဖြင့် လုံးဝ ထိန်းချုပ်၍ မရနိုင်သော ကိစ္စရပ်များ သေချာပေါက် ဖြစ်ပေါ်လာလိမ့်မည်ဟု ချန်းရီ ခံစားနေရ၏။

ထိုကောင်၏ ဉာဏ်နီဉာဏ်နက်များက အလွန် များပြားလှသည်။

နောက်တစ်နည်းမှာ "အမုန်းတရား" ၏ တတိယအဆင့် အသွင်သဏ္ဌာန်ကို လှုံ့ဆော်ရန်ပင်။

အမုန်းတရားကို သူ့အလိုလို နိုးထလာစေရန် တိုက်ရိုက် လုပ်ဆောင်ခြင်း ဖြစ်သည်။

သို့သော် ယခုလေးတင်မှ ငိုကြွေးပူဆွေးခြင်း အဆင့်ကို အသုံးပြုထားသော အမုန်းတရားသည် လက်ရှိတွင် ပေါင်းထည့်ထားသော အစွမ်းများအားလုံး ကင်းစင်သွားပြီဖြစ်ပြီး ထူးဆန်းသည့် အရာများကို ပြင်းပြင်းထန်ထန် နှိမ်နှင်းနိုင်စွမ်းရှိသည့် ထင်းခုတ်ဓားမ တစ်လက်သာသာ ဖြစ်နေလေပြီ။

တတိယအဆင့် အသွင်သဏ္ဌာန်ကို လှုံ့ဆော်ရန်မှာ အချိန်တိုအတွင်း လုံးဝ မဖြစ်နိုင်ပေ။

တတိယအဆင့် အသွင်သဏ္ဌာန်ဆိုသည်ကို အသာထားဦး။

ငိုကြွေးပူဆွေးခြင်း အဆင့်ကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြုရန်ပင် အလွန် ခဲယဉ်းနေပြီ ဖြစ်သည်။

ထယ်ရှီးနှင့် ထိုပိန်လှီလှီ မိစ္ဆာကောင်တို့သည် အပြန်အလှန် ထိုးကြိတ်တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

သူတို့နှစ်ဦး၏ တိုက်ပွဲမှာ သွေးသားများ လွင့်စဉ်ထွက်နေပြီး ဘေးလူများအနေဖြင့် လုံးဝ ဝင်ရောက် စွက်ဖက်၍ မရနိုင်လောက်အောင် ဖြစ်နေ၏။

ထယ်ရှီးသည် တစ်ဖက်သတ် အရိုက်ခံနေရပြီး ကြည့်ရဆိုးလောက်အောင် အခြေအနေဆိုးရွားနေသော်လည်း ထိုကောင်က အခြားသူများကို လုံးဝ ဝင်မကူခိုင်းပေ။

ထိုကောင်သည် သူ့တွင် သွေးသား လက်နက်တပ်ဆင်ခြင်း ဟူသော အစွမ်းတစ်ခု ရှိသေးသည်ကိုပင် မေ့လျော့နေပုံရသည်။

သူ ယခုလေးတင်မှ သင်ယူတတ်မြောက်ထားသော ဝရဇိန် မိစ္ဆာနိုင် လက်သီးသိုင်း ကိုလည်း မေ့သွားခဲ့ချေပြီ။

ကပ်ခွာ တစ်ခုကဲ့သို့ ထိုမိစ္ဆာကောင်ကို အသေအလဲ ကပ်တွယ်ထားလေသည်။

ချန်းရီက အချိန်လု၍ တစ်ချက် လှမ်းကြည့်လိုက်သည်။

သောက်ကျိုးနည်း... ထယ်ရှီးက ထိုပိန်လှီလှီ မိစ္ဆာကောင်ကို ဖက်ထားကာ မြေပြင်ပေါ်တွင် လူးလှိမ့်နေသည်။

ခေါင်းနှစ်လုံးဖြင့် ထိုအနက်ရောင် အင်းစာများ ရေးဆွဲထားသော မျက်နှာဖုံးပေါ်တွင် အရူးအမူး လိုက်ကိုက်နေသည်။

"ဝုန်း... ဖုန်း... ဖုန်း... "

ထွက်ပေါ်လာသော အသံများကို စစ်မြေပြင်ထဲတွင်ပင် ရှင်းလင်းစွာ ကြားနေရ၏။

ထိုကောင်က ဤအခြေအနေထိ ရောက်အောင် တိုက်ခိုက်နေပုံကို ထောက်ရှုလျှင် သိသိသာသာကို ရူးသွပ်နေပြီ ဖြစ်သည်။

ကံကောင်းသည်မှာ ဤနည်းလမ်းက ထိုပိန်လှီလှီ မိစ္ဆာကောင်အပေါ် အနည်းငယ်တော့ အကျိုးသက်ရောက်မှု ရှိနေခြင်းပင်။

ထိုမိစ္ဆာကောင်ကြီးမှာ ထယ်ရှီး၏ ချုပ်နှောင်ထားမှုမှ ရုန်းထွက်နိုင်ရန် အရူးအမူး ကြိုးစားနေသည်။

သို့သော် ထယ်ရှီး၏ လက်နှစ်ဖက်က သံကြိုးနှစ်ချောင်းအလား ဖြစ်နေပြီး လုံးဝ အလွတ်မပေးချေ။

ပြောရမည်ဆိုလျှင် အဝတ်ဗလာဖြင့် ထယ်ရှီးကြီးက ပိန်လှီလှီ အရိပ်တစ်ခုကို ဖက်ကာ မြေပြင်ပေါ်တွင် ရမ်းကား လူးလှိမ့်နေခြင်း ဖြစ်သည်။

ဤမြင်ကွင်းက တကယ်ကို ကြည့်ရဆိုးလွန်းလှသည်။

ချန်းရီက ထယ်ရှီး တစ်ခုခု ဖြစ်သွားမည်ကိုတော့ စိတ်မပူပေ။

ထိုကောင်က ခေါင်းတစ်လုံး ကျန်နေသရွေ့ အသက်ရှင်နိုင်သေးသည် မဟုတ်ပါလော။

ထို ဘုန်းကြီးနှင့် ပတ်သက်၍ ဆိုရလျှင်...

ထိုဘုန်းကြီး၏ ကာကွယ်နိုင်စွမ်းက ချန်းရီကိုပင် အံ့အားသင့်စေခဲ့သည်။ ဝိညာဉ်ဆိုး အကောင်ရေ အတော်များများက သူ့ကို ဝိုင်းဝန်း တိုက်ခိုက်နေကြသော်လည်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်မှလွဲ၍ သူ့တွင် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမျှ မရှိပေ။

ချန်းရီက ထိုဘုန်းကြီး၏ ခန္ဓာကိုယ်ပေါ်တွင် မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းများ ပေါ်ထွက်နေသည်ကို မြင်တွေ့နိုင်သည်။ ထိုအလင်းတန်းများက အလွန်တရာ တောက်ပနေခြင်းတော့ မရှိချေ။

သို့သော် ထိုရွှေရောင် အလင်းတန်းများ ရှိနေခြင်းကြောင့်ပင် ဘုန်းကြီး၏ ကာကွယ်နိုင်စွမ်းသည် တူညီသော အဆင့်ရှိ အခြား အစွမ်းပိုင်ရှင်များထက် များစွာ သာလွန်နေခြင်း ဖြစ်သည်။

ဤအရာက ချန်းရီအား ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများထဲတွင် မြင်တွေ့ဖူးခဲ့သော "အတုမဲ့ နတ်သိုင်းပညာ" ကို ပြန်လည် အမှတ်ရသွားစေသည်။

ဗုဒ္ဓဘာသာဂိုဏ်းများတွင် ဤကဲ့သို့သော တန်ခိုးစွမ်းအင်မျိုး ရှိနေပုံရသည်။

တကယ်ပဲ အဲဒီအစွမ်း ဖြစ်နေမလား...

ထိုအချိန်မှာပင် ချန်းရီ၏ ရင်ထဲ၌ အန္တရာယ် အချက်ပေးခေါင်းလောင်းသံများ ပြင်းထန်စွာ မြည်ဟည်းလာပြီး ကျောပြင်ရှိ ကြက်သီးမွှေးညင်းများ ချက်ချင်း ထောင်မတ်သွားသည်။

ငရဲဘုံမှ လာသော မိစ္ဆာကောင်ကြီး တစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသကဲ့သို့ သူ ခံစားလိုက်ရ၏။

သူ မော့ကြည့်လိုက်သောအခါ ခေါင်းသုံးလုံးနှင့် မျက်လုံး ခြောက်စုံက သူ့ကို စူးစိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

၎င်းမှာ လမ်းစဉ် အဆင့် (၄) တိုက်တန်လမ်းစဉ် အသွင်ပြောင်းထားသည့် ဝိညာဉ်ဆိုးကြီးပင် ဖြစ်သည်။

ဒီဝိညာဉ်ဆိုးကြီးက ငါ့ကို ပစ်မှတ်ထားလိုက်တာလား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ငါက မီးခိုးမြူခိုးတွေထဲမှာ ငါ့ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ထားပြီးသားလေ။

ဒီကောင်က ဘယ်လိုလုပ် မြင်သွားတာလဲ။

ချန်းရီ၏ အံ့အားသင့်နေသော အကြည့်များအောက်မှာပင်...

ထို လမ်းစဉ် အဆင့် (၄) တိုက်တန် အသွင်ပြောင်း ဝိညာဉ်ဆိုးကြီး၏ လက်မောင်း လေးဖက်က စတင် ယှက်နွယ် ရစ်ပတ်လာကြသည်။

အချိန် စက္ကန့်ဝက်မျှသာ ကြာလိုက်သည်။ ခွန်ရှီး၏ အစွမ်းထက် များစွာ သာလွန်သော လေအမြောက်ကြီး တစ်လက်က သူရှိရာဘက်သို့ ချိန်ရွယ်လာလေပြီ။

ချန်းရီ သဘောပေါက်သွားသည်။ ဤ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဆိုးကြီးသည် သူ၏ အငွေ့အသက်ကို အာရုံခံမိသွားခြင်း မဟုတ်ပေ။

၎င်းက အင်အားကို အသုံးပြု၍ ပရိယာယ်ကို ချိုးဖျက်ရန် ရည်ရွယ်ထားခြင်းသာ ဖြစ်သည်။ သူ၏ နေရာကို ဂရုစိုက်နေမည် မဟုတ်ဘဲ မြူခိုးများကိုသာ တစ်စစီ ဖြစ်သွားအောင် ဗုံးကြဲရန် စဉ်းစားထားခြင်း ဖြစ်သည်။

ရေကန်ထဲမှ ရေများကို ခပ်ထုတ်လိုက်ပါက အပြစ်ကင်းစင်သော ငါးလေးဖြစ်သည့် သူသည် ရေမျက်နှာပြင်ထက်သို့ ပေါ်လာမည်ပင် ဖြစ်သည်။

အမြန်ပြေးမှပဲ။

ချန်းရီ တစ်ကိုယ်လုံးသည် အပြာရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားကာ မူလနေရာမှ ပျောက်ကွယ်သွားလေသည်။

"ဝုန်း... "

ကောင်းကင်ယံကိုပင် တုန်ဟီးသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ဤအမြောက်ချက်ကြောင့် ပတ်ဝန်းကျင်ရှိ လေထုပင် တုန်ခါသွားသည်ကို ချန်းရီ ခံစားလိုက်ရပြီး သူ၏ နားနှစ်ဖက်စလုံး ခေတ္တမျှ အကြားအာရုံ ဆုံးရှုံးသွားခဲ့သည်။

ယခင်က ခွန်ရှီး လေအမြောက်ဖြင့် လူများကို ပစ်ခတ်သည်ကိုသာ ကြည့်ခဲ့ဖူးသည်။

ယခုမူ တိုက်တန် လမ်းစဉ်၏ လေအမြောက်ဖြင့် အပစ်ခံရခြင်းကို ပထမဆုံးအကြိမ် မြည်းစမ်းခွင့် ရလိုက်ခြင်းပင် ဖြစ်သည်။

မီးခိုးမြူခိုးများသည်လည်း ဤအမြောက်ချက်အောက်တွင် အများစုမှာ လွင့်စင် ပျောက်ကွယ်သွားခဲ့ချေပြီ။

လေအမြောက်မှ တွန်းကန်လိုက်သော လေစီးကြောင်းများက ဟာရီကိန်း မုန်တိုင်းကြီး တစ်ခုအလား တိုက်ခတ်လာသည်။

ချန်းရီက ကြည့်ရင်း ကြက်သီးမွှေးညင်းများ ထလာကာ ပါးစပ်မှ ကိုက်ထားသော ဆေးလိပ်ကိုပင် ပြုတ်ကျမတတ် ဖြစ်သွားရ၏။

ချန်းရီ နောက်တစ်ကြိမ် တုံ့ပြန်မှု မပြုလုပ်နိုင်မီမှာပင်...

ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက အန္တရာယ် ရှိကြောင်း အရူးအမူး သတိပေးနေသည်ကို သူ ခံစားလိုက်ရသည်။

ဘာကိုမှ ထပ်မတွေးတော့ဘဲ ချန်းရီ၏ ခန္ဓာကိုယ်က အပြာရောင် မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။

ချန်းရီ ခုနက ရပ်နေခဲ့သော နေရာတွင် အနက်ရောင် အရိပ်တစ်ခု ပေါ်လာပြီး သူ၏ ဦးခေါင်း ရှိခဲ့သော နေရာဆီသို့ လက်သီးတစ်ချက် အားကုန် ထိုးချလိုက်သည်။

၎င်းမှာ ထို တိုက်တန် လမ်းစဉ် အဆင့် (၄) ပင် ဖြစ်သည်။

ဒီကောင် ငါ့ကို ပစ်မှတ်ထားနေပြီပဲ။

ချန်းရီမှာ အလွန်တရာ ကျောချမ်းသွားပြီး အပြာရောင် မီးခိုးငွေ့များကို အရူးအမူး တွန်းအားပေးကာ ထွက်ပြေးရတော့သည်။

သို့သော် ထို နှစ်ထပ်တိုက်ခန့် မြင့်မားသော အမည်းကောင်ကြီးက ချန်းရီကို လွတ်ပေးမည့် အစီအစဉ် လုံးဝ မရှိပေ။

အပြာရောင် မီးခိုးငွေ့များ ဘယ်ကိုပြေးပြေး ထို ငတုံးကြီးက နောက်ကနေ တကောက်ကောက် လိုက်ပါလာသည်။

အကြိမ်ရေ အတော်များများတွင် ၎င်း၏ ဖမ်းဆီးခြင်းကို ခံရမတတ်ပင် ဖြစ်ခဲ့ရသည်။

အကယ်၍ ဤအချိန်တွင်သာ ချန်းရီ စကားပြောရန် အားလပ်နေမည်ဆိုပါက ထိုကောင်ကို သေချာပေါက် ဆဲရေးတိုင်းထွာနေမိမည် ဖြစ်သည်။

ယာဉ်တန်းမှာ အစွမ်းထက်တဲ့ သူတွေ အများကြီး ရှိနေတာပဲ။ ဥပမာအားဖြင့် စွန်းချန်းချန်း ဆိုလျှင် ယာဉ်တန်း၏ ပထမ အစွမ်းအထက်ဆုံးသူ ဖြစ်သည်။

ချူချယ်ဆိုလျှင်လည်း ယာဉ်တန်း၏ ပထမဆုံးသော အကြံအစည် အကြီးမားဆုံးသူ ဖြစ်သည်။

ထို့အပြင် ထယ်ရှီးလည်း ရှိသေးသည်၊ ထိုကောင်ကတော့ ယာဉ်တန်း၏ နံပါတ်တစ် ငတုံး ဖြစ်၏။

ယာဉ်တန်းရဲ့ နံပါတ်တစ်တွေ အများကြီး ရှိနေတာကို... ဘာလို့ ငါ့လို သဘောကောင်းပြီး ချစ်စရာကောင်းတဲ့ ယုန်ဖြူလေးကိုမှ လာရွေးပြီး ပစ်မှတ်ထားနေရတာလဲ။

ပြီးတော့ ဟိုအဘိုးကြီးပြောတော့... တစ်မိနစ်ဆို။

ငါလခွမ်း... အခု ဘယ်နှစ်မိနစ်တောင် ရှိနေပြီလဲ။

မဖြစ်ဘူး... ဒီအတိုင်း ဆက်သွားနေရင် အနှေးနဲ့အမြန် အဖမ်းခံရလိမ့်မယ်။

တစ်လှမ်းလောက် နောက်ကျသွားတာနဲ့ သေရမယ့် အခြေအနေပဲ။

အသက်ကို ကာကွယ်နိုင်မည့် အစွမ်းရှိသော်လည်း ချန်းရီက အသက်ကို အချည်းနှီး မဖြုန်းတီးချင်ပေ။

ယခုလက်ရှိ နတ်ဆင်ရွာသည် ဟာလာဟင်းလင်း ဖြစ်နေပြီး ကာကွယ်စရာ အဆောက်အအုံများ မရှိတော့ပေ။

လူနေအိမ် အများစုမှာ အကုန်လုံး ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။

အပြာရောင် မီးခိုးငွေ့များသည် လေထဲတွင် ပြီးပြည့်စုံသော ကိုးဆယ်ဒီဂရီနီးပါး မျဉ်းကွေးတစ်ခုကို ရေးဆွဲလိုက်ပြီး ဘုန်းကြီးထံသို့ တိုက်ရိုက် ဦးတည်သွားလေသည်။

ချန်းရီက ဘုန်းကြီးကို ဒုက္ခပေးချင်၍ မဟုတ်သလို သူ၏ စိတ်ထား ကောက်ကျစ်နေခြင်းကြောင့်လည်း မဟုတ်ပေ။

လက်ရှိတွင် ဤမိစ္ဆာကောင်ကြီး၏ လက်မှ လွတ်မြောက်ရန် ချန်းရီ၌ ပိုမို ကောင်းမွန်သော နည်းလမ်း မရှိသောကြောင့်သာ ဖြစ်သည်။

ယခုလို အခြေအနေမျိုးတွင် အသက်ရှူရန်ပင် အချိန် မရနိုင်တော့ချေ။

ချန်းရီက သူ့ကိုယ်သူ ကယ်တင်ရမည်။

ချန်းရီ၏ မျက်လုံးထောင့်မှနေ၍ ဘုန်းကြီးကို လှမ်းမြင်လိုက်ရ၏။

ဘုန်းကြီး၏ ကာကွယ်နိုင်စွမ်းက အံ့မခန်း ဖြစ်သည်။ သူ့ကို တစ်ချက်လောက် ဝင်ကာပေးလိုက်ရုံဖြင့် အသက်ရှင်ရန် လမ်းစ ပွင့်သွားမည် ဖြစ်သည်။

လမ်းစဉ် အဆင့် (၄) အသွင်ပြောင်း တိုက်တန် ဝိညာဉ်ဆိုးကြီး ပေါ်လာခြင်းက လူတိုင်း၏ အာရုံကြောများကို စောစောစီးစီးပင် တင်းမာသွားစေခဲ့ပြီး ဖြစ်သည်။

ဤ သတ္တဝါကြီးက ချန်းရီထံသို့ သွားရောက်သွားသည်ကို မြင်လိုက်ရသောအခါ လူတိုင်းမှာ သက်ပြင်းချနိုင်သွားကြသည်။

ဘုန်းကြီးသည်လည်း ထိုနည်းတူပင် ဖြစ်သည်။

ရှေ့ရှိ ဝိညာဉ်ဆိုး အနည်းငယ်ကို ရင်ဆိုင်နေရခြင်းကပင် သူ့ကို ခွဲထွက်၍ မရအောင် ဖြစ်စေခဲ့ပြီ ဖြစ်ရာ၊ လမ်းစဉ် အဆင့် (၄) ဝိညာဉ်ဆိုးကြီးကို ရင်ဆိုင်ရန်ဆိုသည်မှာ တွေးပင် မတွေးရဲစရာပင်။

သို့သော် ယခုလေးတင်မှ သက်ပြင်းချလိုက်နိုင်သည်ရှိသေး၊ ချန်းရီက လူသားမဆန်စွာဖြင့် သူ့ထံသို့ တရှိန်ထိုး ပြေးဝင်လာသည်ကို ဘုန်းကြီး မြင်တွေ့လိုက်ရသည်။

ဘုန်းကြီးသည် ချန်းရီ၏ အကြံအစည်ကို ချက်ချင်း သဘောပေါက်သွားလေသည်။

ဘုန်းကြီး၏ စိတ်ထားသည် မည်မျှပင် ကောင်းမွန်နေပါစေ တစ်ခဏမျှတော့ ဆဲရေးတိုင်းထွာချင်စိတ်များ ပေါ်လာမိသည်။

စကားပင် ရှင်းအောင် မပြောရသေး...

အပြာရောင် မီးခိုးငွေ့ တစ်တန်းက သူ့ကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။

လမ်းစဉ် အဆင့် (၄) ၏ ဖိအားက ဘုန်းကြီး အနီးရှိ ဝိညာဉ်ဆိုး အချို့ကို ချက်ချင်း လန့်ဖြတ် ထွက်ပြေးသွားစေခဲ့သည်။

ဘုန်းကြီးမှာ ပို၍ စဉ်းစားရန် အချိန်မရှိတော့ပေ။ ပြေးရန်ဆိုသည်မှာလည်း မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် ဘုန်းကြီးသည် အတုမဲ့ နတ်သိုင်းပညာကို အရူးအမူး အသုံးပြုလိုက်ရသည်။ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်ရှိ ရွှေရောင်များက ပို၍ များပြားလာကာ ပို၍လည်း တောက်ပလာပြီး ပြောင်စင်နေသော ဦးခေါင်းကြီးတစ်ခုလုံးမှာ ရွှေစင်ဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်သွားလေသည်။

အပြင်သို့ ပေါ်လွင်နေသော အရေပြားများမှာလည်း ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နှစ်ထပ်တိုက်ခန့် မြင့်မားသော အရိပ်ကြီးသည် သူ့အနီးသို့ ရောက်ရှိလာပြီ ဖြစ်သည်။

သဲအိတ်အရွယ်အစားရှိသော လက်သီးကြီးက ပြင်းထန်စွာဖြင့် အောက်သို့ ထိုးချလိုက်သည်။

"ဒေါင်... "

သံမဏိ လက်သီးဖြင့် ထိုးကြိတ်လိုက်သည့်အလား အသံကြီး ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင်မူ အမြောက်ဆန်ကဲ့သို့ လွင့်စင်သွားရသူမှာ ဦးပြည်းကတုံးနှင့် ဘုန်းကြီးပင် ဖြစ်လေသည်။

ချန်းရီက မြေပြင်ပေါ်တွင် ထိုးနှက်ခံရမှုကြောင့် ဖြစ်ပေါ်လာသော မြောင်းကြီးတစ်မြောင်းကို ကြည့်ရင်း ပါးစပ်မှ ရေရွတ်လိုက်သည်။

"တောက်... ဒီလောက်တောင် အသုံးမကျဘူးလား"

ပျက်စီးယိုယွင်းနေသော အပျက်အစီးများကြားတွင် လဲကျနေသည့် ဘုန်းကြီးသည် ထိုစကားကို ကြားလိုက်ရသောအခါ သွေးတစ်ပွက် အန်ချလိုက်ပြီး သူ၏ ဘဝတွင် ပထမဆုံးသော ဆဲရေးတိုင်းထွာမှုကို ပြုလုပ်လိုက်လေတော့သည်။

"မင်း အမေ... "

ဆက်ရန်...

All Chapters