← Chapters

အခန်း ၂၄၂

Vol. 13 Ch. 242

အခန်း ၂၄၂

Vol. 13 Ch. 242

အပိုင်း(၂၄၂) ယာဉ်တန်း၏ အစွမ်းအထက်ဆုံးသူ

ရွေးချယ်ခံရသော လူငယ်ဆယ့်ရှစ်ဦးက စိုးရိမ်တကြီး ခြေလှမ်းများဖြင့် ဘိုးဘေးဆယ့်ရှစ်ယောက်ထံသို့ လျှောက်သွားကြ၏။

စစ်မြေပြင်မှ အဖြစ်အပျက်များကို သူတို့ မြင်တွေ့ခဲ့ရသော်လည်း ယခုအချိန်တွင် သူတို့၌ ဘာမျှ တတ်နိုင်စွမ်း မရှိပေ။

အစွမ်းပိုင်ရှင် ဖြစ်လာမှသာ ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် ပါဝင်နိုင်မည် ဖြစ်သည်။

လူငယ်ဆယ့်ရှစ်ဦးက ဘိုးဘေးဆယ့်ရှစ်ယောက်ရှေ့သို့ ရောက်လာပြီးနောက် အငြိုးအာဃာတ ကြီးမားနေသော သို့မဟုတ် ပုံစံပျက်ယွင်းနေသော ထိုအရိပ်အယောင်များကို ရင်ဆိုင်လိုက်ကြသည်။

ရွာသူကြီး၏ တားမြစ်မိန့်ကြောင့် ဖြစ်သည်။

ဘိုးဘေးဆယ့်ရှစ်ယောက်၏ ပါးစပ်များကို လျှို့ဝှက်ဆန်းကြဲသော စွမ်းအားတစ်မျိုးက ချုပ်နှောင်ထားလေသည်။

ယွီထောင်းက မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်ဘဲ လက်တစ်ဖက်ကို ဆန့်တန်းလိုက်၏။

ကျန်းလုံကန်းနှင့် ယန်ကျိုးတို့က တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် သူတို့ရှေ့ရှိ ဘိုးဘေးများထံသို့ လက်ကို အသီးသီး ဆန့်တန်းလိုက်ကြသည်။

၎င်းမှာ ရွာသူကြီး ကြိုတင် မှာကြားထားခဲ့သော ကိစ္စဖြစ်သည်။

သူတို့ထံ လက်ကို ကမ်းပေးရုံမျှဖြင့် ရပြီဖြစ်သည်။

ယန်ကျိုး၏ ရှေ့တွင် ရှိနေသူမှာ အသက်ခုနစ်ဆယ် ရှစ်ဆယ်အရွယ် အဘိုးအိုတစ်ဦး ဖြစ်ပြီး ယခင်က ရွာထဲတွင် မြင်ဖူးသော်လည်း သိပ်တော့ မရင်းနှီးကြပေ။

ဤမျှ ရှင်းလင်းစွာ မှတ်မိနေရခြင်း၏ အကြောင်းရင်းမှာ၊ ကမ္ဘာပျက်ကပ်ကြီးထဲတွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အသက်ရှင်ကျန်ရစ်မှုမှာ အလွန် ရှားပါးသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် ယန်ကျိုးက အဘိုးအို၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော လူကို ကြက်သီးမွေးညင်း ထစေသည့် အငွေ့အသက်ကို အလွန် ရှင်းလင်းစွာ ခံစားနေရသည်။

အဘိုးအိုက မပီမသ စကားများကို ရုန်းကန် ပြောဆိုနေပြီး ယန်ကျိုးအား တစ်စုံတစ်ခုကို ပြောပြရန် ကြံရွယ်နေပုံရ၏။

ယန်ကျိုးက ဖြတ်ပြောလိုက်သည်။

"စကားပိုတွေ ပြောမနေပါနဲ့တော့... အချိန် သိပ်မရှိတော့ဘူး"

စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်နေပြီဖြစ်သော ဤပူးတွဲရှင်သန်ခြင်း အစွမ်းပိုင်ရှင်များက ဟဲဟဲ ဟု ရယ်မောလိုက်ကြပြီး သူတို့၏ အပြုံးများထဲတွင် အမှောင်ထုနှင့် မကောင်းဆိုးဝါး အကြံအစည်များ ပြည့်နှက်နေသည်။

ထိုလူငယ်များ၏ လက်ကောက်ဝတ်များကို ဆုပ်ကိုင်လိုက်ကြ၏။

ကျန်းလုံကန်းသည် တစ်ဖက်လူ၏ လက်ထဲမှ ကြီးမားသော စွမ်းအားတစ်ရပ် စီးဆင်းဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် ရွေးချယ်ခံရသော အခြားလူငယ်များအားလုံးသည်လည်း ဤအေးစက်စက် စွမ်းအားကြီးကို ခံစားလိုက်ကြရလေသည်။

ကြီးမားလှပြီး ဖော်ပြ၍ပင် မရနိုင်ပေ။

ရွာသူကြီး ချန်ရုံကုက ရွေးချယ်ခံရသော ဤလူငယ်များကို စိုးရိမ်တကြီး လှမ်းကြည့်နေပြီး သူ၏ မျက်နှာအမူအရာမှာ အလွန်တရာ တင်းမာနေ၏။

တစ်ခဏမျှ စစ်မြေပြင်ကို ကြည့်လိုက်၊ တစ်ခဏမျှ ထိုလူငယ်များကို ကြည့်လိုက်ဖြင့် ရှိနေသည်။

သူ၏ မျက်ဝန်းများထဲတွင် အဆုံးမဲ့ ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေလေသည်။

ဤအဆင့်ထိ ရောက်လာပြီး ဤမျှ များပြားသော လူငယ်များကို စတေးရမည်ကို သူ လုံးဝ ဆန္ဒမရှိခဲ့ပေ။

သို့သော် ဤသို့ မလုပ်ဆောင်ပါက ရွာတစ်ရွာလုံး ယနေ့တွင် ပျောက်ကွယ်သွားရပေလိမ့်မည်။

ဘိုးဘေးဆယ့်ရှစ်ယောက်က နတ်ဆင်ကြီး၏ စွမ်းအားများကို ဤလူငယ်များ၏ ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးလိုက်ကြသည်။

နတ်ဆင်ကြီး၏ ထူးဆန်းသော စွမ်းအားက ဤလူငယ်များကို အချိန်တိုအတွင်း ခွန်အားကြီးမားသော အစွမ်းပိုင်ရှင်များအဖြစ်သို့ ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။

သို့သော် ဤစွမ်းအားများက လူငယ်များ၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်များကို အချိန်နှင့်အမျှ ဖျက်ဆီးနေလေသည်။

အချိန်စေ့သွားပါက ဤလူငယ်များထဲမှ တစ်ဦးတစ်ယောက်မျှ အသက်ရှင်နိုင်မည် မဟုတ်ပေ။

ဘိုးဘေးဆယ့်ရှစ်ယောက်သည် နတ်ဆင်ကြီးနှင့် ပူးတွဲရှင်သန်ခြင်း လမ်းစဉ်၏ ထူးဆန်းသော ပူးတွဲရှင်သန်သူများ မဖြစ်လာမီက သူတို့ တစ်ဦးချင်းစီတိုင်းသည်လည်း ဤသွေးဆူနေသော လူငယ်လေးများနှင့် အတူတူပင် ဖြစ်ခဲ့ကြသည်။

သွေးဆူကာ တက်ကြွလန်းဆန်းခဲ့ကြပြီး ရွာအတွက်နှင့် လူသားများအတွက် သူတို့၏ အရာအားလုံးကို တုံဆိုင်းမှုမရှိဘဲ စွန့်လွှတ်ရဲခဲ့ကြသည်။

ထိုစဉ်က စာချုပ်ချုပ်ဆိုချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ တွေဝေတုံဆိုင်းနေခဲ့ခြင်း မရှိခဲ့ပေ။

သို့သော်လည်း ထူးဆန်းသည့် အရာများက သူတို့ကို အချိန်တိုင်း လွှမ်းမိုးနေခဲ့သည်။

ထို့ကြောင့်သာလျှင် သူတို့ တစ်ယောက်ချင်းစီ၏ စိတ်နေသဘောထားများ သိသိသာသာ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေရခြင်း ဖြစ်သည်။

အကယ်၍ သူသာ အစားထိုး၍ မရနိုင်သော လမ်းပြသူလမ်းစဉ် ပိုင်ရှင် မဟုတ်ခဲ့ပါက သူလည်း အစောကြီးကတည်းက ထိုအထဲမှ တစ်ယောက် ဖြစ်နေလောက်ပြီ ဖြစ်သည်။

ရွာသူကြီးသည် ဘုန်းကြီးကို ထိုမိစ္ဆာကောင်က လက်သီးတစ်ချက်တည်းဖြင့် လွင့်စင်သွားအောင် ထိုးချလိုက်သည်ကို မြင်သောအခါ တစ်ကိုယ်လုံး ကြောင်အမ်းသွားခဲ့သည်။

သို့သော် ပန်းရောင်ဆံပင်နှင့် ကောင်မလေးဆီသို့ သူ၏ အကြည့်များ ရောက်သွားသောအခါ ရင်ထဲ၌ မျှော်လင့်ချက် အနည်းငယ် ထပ်တိုးလာခဲ့ပြန်သည်။

အချိန်။

ယခုအချိန်တွင် သူ အလိုအပ်ဆုံးအရာမှာ အချိန်ပင် ဖြစ်သည်။

ရွာသူရွာသားများကလည်း ရွေးချယ်ခံရသော ထိုလူငယ်များကို စိုးရိမ်တကြီး လှမ်းကြည့်နေကြ၏။

အချို့ကလည်း ခဏချင်းအတွင်း အပြောင်းအလဲများသော စစ်မြေပြင်ကို အခါအားလျော်စွာ ကြည့်ရှုနေကြသည်။

ချူချယ်ကတော့ ချန်းရီ၏ လုပ်ရပ်ဆန်းကို မြင်လိုက်ရသဖြင့် သဘာဝကျစွာပင် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားတော့သည်။

ခဏတာမျှ ယာဉ်တန်း၏ အရည်အသွေးအတွက် သူ စိုးရိမ်ပူပန်သွားမိ၏။

......

ချန်းရီသည် ဘုန်းကြီးကို တမင်သက်သက် တွင်းတူးချောက်ချခြင်းတော့ မဟုတ်ပေ။

အဓိကအချက်မှာ ဘုန်းကြီးက အနည်းငယ် ပို၍ ခံနိုင်ရည်ရှိမည်ဟု ထင်မြင်ကာ လမ်းစဉ် အဆင့် (၄) ဝိညာဉ်ဆိုးကို ထိုဘက်သို့ မျှားခေါ်သွားပြီး သူ့အတွက် အသက်ရှူပေါက် တစ်ခု ရစေရန် တွေးတောခဲ့ခြင်း ဖြစ်သည်။

သို့သော် ရလဒ်အနေဖြင့် ဘုန်းကြီးက လက်သီးတစ်ချက်တည်းနှင့်ပင် မှောက်သွားခဲ့သည်။

ချန်းရီက သူ၏ ဦးရေပြားတစ်ခုလုံး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ဤအရာက ဝိညာဉ် မပြည့်စုံတော့သည့် ဝိညာဉ်ဆိုးသာ ဖြစ်ပြီး မသေခင်က စွမ်းအားများကို အပြည့်အဝ ဆက်ခံထားနိုင်ခြင်း မရှိသေးပေ။

ထိုကဲ့သို့ ဖြစ်နေလျှင်ပင် ချန်းရီအတွက်မူ ကိုင်တွယ်ဖြေရှင်းရန် အလွန် ခက်ခဲနေဆဲ ဖြစ်သည်။

ဘုန်းကြီးကလည်း ချန်းရီ တစ်ယောက် ဤမျှ အရှက်မဲ့ကာ ကြောက်မက်ဖွယ် မိစ္ဆာကောင်ကြီးကို သူ့ထံသို့ မြှူခေါ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သူ၏ မပျက်စီးနိုင်သော အစွမ်းက ဤမိစ္ဆာကောင်၏ လက်ထဲတွင် တစ်ချက်လေးပင် မခံနိုင်ဖြစ်သွားမည်ကိုလည်း သူ ထင်မထားခဲ့ပေ။

ထိုထက်ပို၍ ထင်မထားခဲ့မိသည်မှာ တစ်သက်လုံး ဆဲရေးတိုင်းထွာခြင်း မပြုခဲ့သော သူက ယနေ့တွင် သီလပျက်ရတော့မည်ကိုပင် ဖြစ်သည်။

"ချန်းရီ... ဖယ်လိုက်"

ကြည်လင်ပြတ်သားသော အော်ဟစ်သံတစ်သံက ချန်းရီ၏ နားထဲတွင် ထွက်ပေါ်လာသည်။

စွန်းချန်းချန်း၏ အသံ နားထဲ၌ ထွက်ပေါ်လာချိန်မှာပင် ကျောဘက်တွင် ဆူးချွန်များဖြင့် ထိုးခံရသကဲ့သို့သော ခံစားချက်မျိုး တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့သည်။

ချန်းရီက ဘာမျှ ထပ်မစဉ်းစားတော့ဘဲ သူ၏ ခန္ဓာကိုယ်ကို အပြာရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

နောက်တစ်ခဏ မျက်တောင်တစ်ခတ်အတွင်းမှာပင် မီးခိုးငွေ့များက အဝေးတစ်နေရာတွင် ခန္ဓာကိုယ်အဖြစ် ပြန်လည် ပေါင်းစည်းသွားသည်။

ချန်းရီက သူ့ရှေ့ရှိ ဤမြင်ကွင်းကို ထပ်မံ မြင်တွေ့လိုက်ရသောအခါ ရင်ထဲ၌ အနည်းငယ် တုန်လှုပ်သွားပြီး သူ၏ မျက်ဝန်းသူငယ်အိမ်များက ချက်ချင်း ကျုံ့ဝင်သွားတော့၏။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက တကယ်ကို...

ယခုအချိန်တွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော အရှိန်အဝါများက ယခင်ကထက် များစွာ ပိုမို အားကောင်းနေလေသည်။

ယခင် တိုက်ပွဲများတွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် အလွန် ထက်မြက်နေဆဲ ဖြစ်ပြီး ဝိညာဉ်ဆိုး အများအပြားကို ရှင်းလင်းနိုင်ခဲ့သည်။

မီးနဂါးဓား ရောက်ရှိသွားသော နေရာတိုင်းတွင် ထူးဆန်းသော ဝိညာဉ်ဆိုးများက အသီးသီး ဆုတ်ခွာသွားကြပြီး လမ်းစဉ် အဆင့် (၃) ဝိညာဉ်ဆိုး အချို့ကိုပင် ခုတ်ထစ် သတ်ဖြတ်နိုင်ခဲ့သည်။

သို့သော် ချန်းရီနှင့် ကွာဟချက်ကတော့ တွေးထားသလောက် အလွန်ကြီးမားနေခြင်း မရှိပေ။

ချန်းရီက တစ်ကိုယ်တော် စွမ်းအားဖြင့် မီးခိုးမြူနှင်းများကို ဖန်တီးကာ ကာကွယ်ရေးမျဉ်း တစ်ခုကို ဖွဲ့စည်းတည်ဆောက်ပြီး ထူးဆန်းသော ဝိညာဉ်ဆိုး အများအပြားကို တားဆီးထားခဲ့သည်။

လမ်းစဉ် အဆင့် (၄) တိုက်တန် ဝိညာဉ်ဆိုး၏ ပစ်မှတ်ထားခြင်းကို ခံရလျှင်ပင် သူက ဘေးကင်းလုံခြုံနေဆဲ ဖြစ်သည်။

ထို့အပြင် ချန်းရီ၌ အရေးပေါ် အခြေအနေမှသာ အသုံးပြုမည့် ဝှက်ဖဲများ ကျန်ရှိနေသေးသည်။

သို့သော် သူ၏ရှေ့မှ ပန်းရောင်ဆံပင်နှင့် ကောင်မလေးကမူ...

သူမက စစ်မြေပြင်ပေါ်၌ပင် လမ်းစဉ် အဆင့် (၃) သို့ တက်လှမ်းသွားခဲ့လေပြီ။

ဓားနတ်ဘုရား လမ်းစဉ် အဆင့် (၃) ဓာတ်အစွမ်း ဓားသခင်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ငြင်းခုံနေစရာ မလိုဘဲ ယာဉ်တန်း၏ အစွမ်းအထက်ဆုံးသူ တစ်ဖန် ပြန်လည် ဖြစ်လာခဲ့သည်။

ယခုအချိန်တွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဓားပျံတစ်လက်ကို ခြေဖြင့်နင်းကာ လေထဲ၌ ရပ်နေပြီး လမ်းစဉ် အဆင့် (၄) တိုက်တန် ဝိညာဉ်ဆိုးနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်နေ၏။

သူတို့ နှစ်ဦး၏ ခန္ဓာကိုယ် အရွယ်အစားမှာ လုံးဝ နှိုင်းယှဉ်၍ပင် မရနိုင်ပေ။

တိုက်တန်၏ နှစ်ထပ်တိုက် အမြင့်ရှိသော ခန္ဓာကိုယ်ကြီးက ဖိအားများကို များစွာ ပေးစွမ်းနေသည်။

သို့သော် ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာမူ လေထဲတွင် လွင့်မျောနေသော ဓားနတ်ဘုရား တစ်ပါးအလား ဖြစ်နေပြီး ရှေ့ရှိ မိစ္ဆာကောင်ကြီးကို ရင်ဆိုင်ရာတွင် အနည်းငယ်မျှပင် အားနည်းသွားပုံ မပေါ်ပေ။

နှစ်ဖက်စလုံး လေထဲတွင် ရင်ဆိုင်နေကြသည်။

ဤအချက်ကပင် ဤလမ်းစဉ် အဆင့် (၄) တိုက်တန်ကြီးသည် ဘုန်းကြီးကို ထိုးချပြီးနောက် ချန်းရီနောက်သို့ ဆက်လက် လိုက်လံ မတိုက်ခိုက်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။

ရှေ့မှ ခန္ဓာကိုယ် သေးသေးကွေးကွေးနှင့် အမျိုးသမီးငယ်လေးက သူ့ကို အန္တရာယ်ရှိကြောင်း ခံစားလာရစေသည်။

ပန်းရောင်ဆံပင်များက လွင့်ဝဲနေပြီး လေတိုက်ခတ်မှုကြောင့် နောက်ဘက်သို့ အနည်းငယ် လန်တက်နေ၏။

အပေါ်ပိုင်းတွင် အဖြူရောင် ဒီဇိုင်းမဲ့ တီရှပ်တိုလေးကို ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင် ဘောင်းဘီတိုလေးကို ဝတ်ဆင်ကာ ခြေထောက်တွင် အမြင့်လည်တို အားကစားဖိနပ် တစ်ရံကို စီးထားသည်။

ဤပုံစံသည် သိုင်းလောက ဝတ္ထုများထဲမှ ဓားနတ်ဘုရားများနှင့် ဝတ်စားဆင်ယင်ပုံ မတူညီသည်မှလွဲ၍ သူမ၏ အငွေ့အသက်မှာမူ ရှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီနေပြီ ဖြစ်သည်။

အထူးသဖြင့် မျက်နှာပေါ်ရှိ ဘာကိုမျှ မကြောက်ရွံ့သော အမူအရာပင် ဖြစ်သည်။

ကြည့်ရသူကို သတ်ဖြတ်လိုသော အငွေ့အသက်များစွာ ခံစားရစေသည်။

အကယ်၍ ဤအချိန်တွင်သာ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခု ဖွင့်လိုက်ပါက ဖန်သားပြင် တစ်ခုလုံးတွင် မာမီ ဆိုသည့် စာလုံးများဖြင့် ပြည့်နှက်သွားမည်မှာ သေချာသည်။

ခြေဖဝါးအောက်တွင် ထိုမီးနဂါးဓားကို နင်းထားလေသည်။

မီးနဂါးဓားက အနီရောင် အငွေ့အသက်များကို ထုတ်လွှတ်နေပြီး တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် လောင်ကျွမ်းနာကျင်သွားသကဲ့သို့ ခံစားရစေသည်။

ချန်းရီက သူ၏ လက်ထဲရှိ အမုန်းတရား ဓားမှ မကျေနပ်မှုကို ခံစားလိုက်ရသည်။

အကယ်၍ ဤဓားကသာ လူတစ်ယောက် ဖြစ်နေပါက ဤအချိန်တွင် သေချာပေါက် မနာလို ဖြစ်နေမည်မှာ အမှန်ပင်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူမရှေ့ရှိ မိစ္ဆာကောင်ကြီးကို စိုက်ကြည့်နေပြီး ဤလမ်းစဉ် အဆင့် (၄) ဝိညာဉ်ဆိုးက သူမ ကြုံတွေ့ဖူးသမျှထဲတွင် အင်အားအကြီးဆုံး ပြိုင်ဘက် ဖြစ်နေသည်မှာ ယုံမှားဖွယ် မရှိပေ။

စွန်းချန်းချန်းက သူမ၏ လက်ညှိုးနှင့် လက်ခလယ်ကို ဆန့်ထုတ်ကာ ဓားသိုင်း အစီအရင် တစ်ခုကို ပြုလုပ်လိုက်သည်။

ခန္ဓာကိုယ်ထဲရှိ သဘာဝလွန် စွမ်းအားများက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာ၏။

"ရွှေသတ္တုက ဝိညာဉ်ကို သွန်းလုပ်... ဓားသွားက အလိုအလျောက် ပေါ်ထွက်လာစေ"

ကောင်မလေးက ပထမဆုံး စာကြောင်းကို ရွတ်ဆိုလိုက်သည်။

သူမ၏ ရှေ့ လေဟာနယ်ထဲတွင် ဓားသွား အလင်းတန်းများ ဖြာထွက်နေသော ဓားရှည်တစ်လက်က ရုတ်တရက် ပေါ်ထွက်လာ၏။

ဓားသွား အလင်းတန်းများက တလက်လက် တောက်ပနေပြီး မီးနဂါးဓား၏ အစစ်အမှန် ခန္ဓာကိုယ်လား သို့မဟုတ် ပုံဖော်ထားသော ဓားသွားလား ဆိုသည်ကို ခွဲခြား၍ မရနိုင်ပေ။

"တစ်ခုကနေ နှစ်ခု ဖြစ်တည်စေ"

ဓားရှည်က နှစ်လက် အဖြစ်သို့ ပြောင်းလဲသွားသည်။

"နှစ်ခုကနေ လေးခု ဖြစ်တည်စေ"

ဓားနှစ်လက်က လေးလက် အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

"လေးခုကနေ အဆုံးမဲ့ တိုးပွားစေ"

ဓားရှည် လေးလက်က မျက်တောင်တစ်ခတ်အတွင်း ဓားရှည် ဆယ်ဂဏန်း အဖြစ်သို့ ပြောင်းလဲသွားပြီး ဓားတစ်လက်စီတိုင်းတွင် ဖြူစွေးနေသော ဓားသွား အလင်းတန်းများ တောက်ပနေလေသည်။

ထိုဓားရှည်များစွာ၏ ဓားဖျားများက အနည်းငယ် တုန်ခါနေပြီး လမ်းစဉ် အဆင့် (၄) တိုက်တန် ဝိညာဉ်ဆိုးဆီသို့ တည့်မတ်စွာ ချိန်ရွယ်ထား၏။

တိုက်တန် ဝိညာဉ်ဆိုးကြီးက ဖိအားများကို ခံစားလိုက်ရပုံပေါ်ပြီး မည်သည့် ဟိန်းဟောက်သံမျိုးမှ မပြုလုပ်တော့ဘဲ ခန္ဓာကိုယ် အရိပ်က လှုပ်ရှားသွားကာ ကြီးမားလှသော လက်ကြီးလေးဖက်ကို လက်သီးဆုပ်လိုက်သည်။ ထို့နောက် လေထု ပေါက်ကွဲသံများနှင့်အတူ သူ့ရှေ့ရှိ ပန်းရောင်ဆံပင်နှင့် လူသားငယ်လေးထံသို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။

ကောင်မလေးက အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ မျက်တောင်တစ်ချက်ပင် ခတ်မသွားခဲ့ပေ။

သို့သော် သူမ၏ အသံကမူ ပိုမို စူးရှထက်မြက်လာခဲ့သည်။

"ဓားထိပ်ကဦးတည်တိုင်း... ဓားတစ်သောင်းက မိစ္ဆာတွေကို ချေမှုန်းစေ"

"သွား"

ဆက်ရန်...

All Chapters