အခန်း ၂၄၃
Vol. 13 Ch. 243
အပိုင်း(၂၄၃) သွေးလမ်းကြောင်း နတ်ဆရာ
နောက်ဆုံး "သွား" ဆိုသည့် စကားလုံး နှုတ်မှ ထွက်အံလာသည့် အချိန်တွင်။
လေထဲတွင် ပျံသန်းနေသော ဓားပျံဆယ်လက်ကျော်က သေးသွယ်ရှည်လျားသော မျဉ်းဖြူများအဖြစ် ဆွဲဆန့်သွားပြီး ရှေ့မှောက်ရှိ မိစ္ဆာကောင်ကြီးထံသို့ တည့်တည့်မတ်မတ် ထိုးစိုက်သွား၏။
နှစ်ထပ်တိုက်ခန့် မြင့်မားသော ထိုဧရာမ ခန္ဓာကိုယ်ကြီးသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားအလင်းတန်းများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။
လက်မောင်း၊ ပေါင်တံမှစ၍ ဦးခေါင်းအထိပင် ဓားအလင်းတန်းများက ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကာ ၎င်းကို လေထဲတွင် အသေရိုက်နှက် သံမှိုစွဲထားသကဲ့သို့ ဖြစ်သွားစေသည်။
တိုက်တန် ဝိညာဉ်ဆိုးကြီးသည် နောက်ဆုံးတွင် ကြောက်လန့်သွားခဲ့ပြီ ဖြစ်ကာ ၎င်း၏ပုံရိပ်က အနောက်သို့ အပြင်းအထန် ဆုတ်ခွာသွားပြီး မုန်တိုင်းတစ်ခုကို ဖန်တီးကာ အဝေးသို့ ထွက်ပြေးလေတော့သည်။
ထိုဓားအလင်းတန်းများက အလျှော့မပေးဘဲ ထက်ကြပ်မကွာ လိုက်လံ တိုက်ခိုက်နေကြသည်။ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဓားညွှန်ပြမှုအောက်တွင် ဤဓားအလင်းတန်းများသည် အသက်ဝင်နေသကဲ့သို့ ဖြစ်နေပြီး ဓားအလင်းတန်း တစ်ခုစီတိုင်းက တိုက်တန် ဝိညာဉ်ဆိုးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ တိကျသေချာစွာ ထိုးစိုက်ဝင်ရောက်သွားကြသည်။
ဤအသွင်ပြောင်းပြီးသော တိုက်တန် ဝိညာဉ်ဆိုးကြီးသည် အသက်ရှင်စဉ်က ခွန်အား ရာခိုင်နှုန်းပြည့်ကို အပြည့်အဝ မဆက်ခံနိုင်ခဲ့သည်မှာ မှန်သော်လည်း...
သို့သော် ဤမိန်းမက လွန်လွန်းနေပြီ မဟုတ်ပါလော။
လမ်းစဉ် အဆင့် (၃) သို့ ယခုမှ တက်လှမ်းထားသည်ကိုပင် လမ်းစဉ် အဆင့် (၄) ဖြစ်သော တိုက်တန် ဝိညာဉ်ဆိုးကြီးကို လိုက်လံ ရိုက်နှက်နိုင်နေသည်။
ချန်းရီ၏ မျက်လုံးများတွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်နေပြီး သူ၏ သူငယ်အိမ်များက အနည်းငယ် တုန်ခါသွားသည်။
အကယ်၍ သူကိုယ်တိုင်သာ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရမည်ဆိုပါက မည်သို့ တုံ့ပြန်ရမည်နည်း။
ချန်းရီက မည်သို့ ပြုလုပ်ရမည်ကို ချက်ချင်းပင် မစဉ်းစားတတ်အောင် ဖြစ်သွားရသည်။
သေချာသည်ကတော့ ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ရုတ်တရက် လမ်းစဉ် အဆင့် (၃) သို့ တက်လှမ်းသွားခြင်းကြောင့် တိုက်ပွဲ၏ အခြေအနေက ပြောင်းပြန်လှန်သွားခြင်းမျိုးတော့ မရှိခဲ့ပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ကြီးမားသော ပြဿနာတစ်ခုကို ဖြေရှင်းလိုက်နိုင်သည်ဟုသာ ဆို၍ရပေမည်။
နေရာတစ်စိတ်တစ်ပိုင်းမှ ဖိအားများကို ဖြေလျှော့ပေးနိုင်ခဲ့ခြင်းသာ ဖြစ်သည်။
ဝိညာဉ်ဆိုးများကမူ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းမတတ် ရှိနေဆဲပင်။
ချန်းရီမှာလည်း အခက်အခဲကြီးစွာဖြင့် တောင့်ခံနေရဆဲ ဖြစ်၏။
မီးခိုးငွေ့တစ်ချက် မှုတ်ထုတ်လိုက်မှုက ပေ ၃၀၀ ကျော် အကျယ်အဝန်းကို ဖုံးလွှမ်းသွားပြီး တွားသွားကောင်များက မြူခိုးများထဲမှ ရုန်းကန်ကာ တွားထွက်လာကြသည်။
မရဏနတ်သမီးက တံစဉ်ကို ဝှေ့ယမ်းကာ အနက်ရောင် လူခေါင်း ဝိညာဉ်ဆိုးတစ်ခုကို တားဆီးလိုက်သည်။
အမြီးမှ အဆိပ်ဆူးတစ်ခုက မီးခိုးငွေ့များထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ဝိညာဉ်ဆိုးကို ဖောက်ထွင်းသွားသည်။
လက်သီးတစ်ချက် အထိုးခံရပြီး သေလုမျောပါး ဖြစ်သွားခဲ့သော ဘုန်းကြီးပင်လျှင် ဤအချိန်တွင် ယိမ်းယိုင်စွာဖြင့် မတ်တတ်ရပ်လာပြီး ရွာသားများနှင့် အသက်ရှင်ကျန်ရစ်သူ လူအုပ်ထဲသို့ ဝင်ရောက်လာရန် ကြိုးစားနေသော ဝိညာဉ်ဆိုးများကို တားဆီးနေလေသည်။
ထိုပျင်းတိပျင်းတွဲ တာအိုဆရာမှာလည်း သိပ်မထူးခြားလှပေ။ အသက်တစ်ရှိုက်သာ ကျန်တော့သည်ဟု ထင်ရသော်လည်း ယိမ်းယိုင်စွာဖြင့် မတ်တတ်ထရပ်လာကာ မက်မွန်သစ်သားဓားကို မြှောက်ကိုင်လျက် လူအုပ်ကြီးရှေ့တွင် ဝင်ရောက် တားဆီးနေသည်။
သူ၏ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီ ဖြစ်ပြီး ဆံပင်များလည်း ဖရိုဖရဲ ဖြစ်နေ၏။
တစ်ကိုယ်လုံးတွင်လည်း သွေးကွက်များဖြင့် ပေပွနေပြီး သူ၏သွေးလား သို့မဟုတ်၊ သူ၏သွေးပင် ဖြစ်မည်လား ဆိုသည်ကိုပင် မသိနိုင်တော့ပေ။
မျက်လုံးများကလည်း ပွင့်မလာတော့သလို လက်ထဲမှ မက်မွန်သစ်သားဓားကလည်း အလွန် လေးလံလွန်းလှသည်။
လေးလံလွန်းလှသဖြင့် မ,မနိုင်တော့သကဲ့သို့ပင် ထင်ရ၏။
ဤမက်မွန်သစ်သားဓားသည် သူ၏ အသက်သွေးကြော လက်နက်ဖြစ်ပြီး နတ်ဆရာ လမ်းစဉ်ရှိ လူတိုင်းတွင် အသက်သွေးကြော လက်နက် တစ်ခုစီ ရှိကြသည်။
ဓားနတ်ဘုရား လမ်းစဉ်ကဲ့သို့ပင် သူတို့ အစွမ်းပိုင်ရှင် ဖြစ်လာသည့် နေ့မှစ၍ ဘေးတွင် အမြဲ အဖော်ပြုပေးနေသော အဖော်တစ်ဦးလည်း ဖြစ်သည်။
ဤဓားသည် ဤမျှ လေးလံမည်ဟု သူ တစ်ခါမှ မခံစားခဲ့ရဖူးပေ။
သို့သော် ဤအချိန်လေးတွင်မူ... ဤဓားက... အလွန် လေးလံနေသည်။
ထို့အပြင် မျက်ခွံများကလည်း... အလွန် လေးလံနေပြန်သည်။
သူအလွန် အိပ်ချင်နေပြီ။ အလွန် အိပ်ချင်လွန်းလှပြီ။
ယိမ်းယိုင်ကာ မြေပြင်ပေါ်သို့ လဲကျတော့မည့် ဆဲဆဲတွင်။
လူငယ်ပုံရိပ်တစ်ခုက တာအိုဆရာ၏ အနီးတွင် ပေါ်လာပြီး လက်သီးတစ်ချက်တည်းဖြင့် အနက်ရောင် လူခေါင်း ဝိညာဉ်ဆိုးတစ်ခုကို ကောင်းကင်အနှံ့ မြူမည်းများအဖြစ် ပြန့်ကျဲသွားစေရန် ထိုးနှက်လိုက်သည်။
အခြား လူငယ်တစ်ဦးက တာအိုဆရာကို ညင်သာစွာ ထူမပေးလိုက်သည်။
ပျင်းတိပျင်းတွဲ တာအိုဆရာက မျက်လုံးများကို အားယူဖွင့်ကြည့်လိုက်ရာ ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။
"ဆရာတော်... ရှေ့ဆက်ရမယ့် ကိစ္စတွေကို ကျွန်တော်တို့ တာဝန်ယူပါ့မယ်... ဆရာတော် အနားယူပါတော့"
တာအိုဆရာက မျက်လုံးများကို အားယူကာ ဘယ်ညာသို့ ဝေ့ကြည့်လိုက်သည်။
ထိုကဲ့သို့သော လူငယ်ပုံရိပ် တစ်ဆယ့်ရှစ်ခု ရှိနေသည်။ အချို့ကို ရင်းနှီးသော်လည်း အချို့ကိုမူ သူ စိမ်းနေ၏။
ပျင်းတိပျင်းတွဲ တာအိုဆရာသည် ရုတ်တရက် နှာခေါင်းဝတွင် ရှိုက်ချင်စိတ်များ ဖြစ်ပေါ်လာသည်။ ရင်ထဲတွင် ဝါဂွမ်းစတစ်ခုဆို့နေသကဲ့သို့ ခံစားလိုက်ရ၏။
နောက်ဆုံးတော့ ဒီအခြေအနေအထိ ရောက်လာခဲ့ရပြီပဲ။
ဤလူများ၏ အသက်သည် နောက်ပြန်ရေတွက်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့ကမူ အနည်းငယ်မျှပင် ဂရုစိုက်ပုံမပေါ်ကြချေ။
"ကျွတ်ကျွတ်ကျွတ်... ဒါက အစွမ်းပိုင်ရှင် ဖြစ်လာရတဲ့ ခံစားချက်လား... တကယ် မိုက်တာပဲ"
ယန်ကျိုးက သူ၏ လက်နှစ်ဖက်ကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အံ့သြဝမ်းသာမှုများ ပြည့်နှက်နေသည်။
ယန်ကျိုး၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော မှော်အက္ခရာများစွာ ပေါ်လာပြီး ဤမှော်အက္ခရာများသည် ယန်ကျိုးအား ကြီးမားသော ခွန်အားများ ပေးစွမ်းနေသလို တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်၏ ဆဲလ်များကိုပါ ဖျက်ဆီးပစ်နေကြသည်။
"နှမြောစရာပဲ... တစ်ရက်ပဲ အချိန်ရတယ်"
ယွီထောင်းက တိတ်ဆိတ်စွာဖြင့် ပြောလိုက်ပြီး သူ၏ ခန္ဓာကိုယ် မျက်နှာပြင်တွင် မီးတောက်များ စတင် လောင်ကျွမ်းလာလေသည်။
"ဟားဟားဟား... တစ်ရက်တည်းဆိုတော့ရော ဘာဖြစ်လဲ... တစ်ရက်လေး အစွမ်းပိုင်ရှင် ဖြစ်ရရင်ကို ကျေနပ်ပြီ... လူအများစုက တစ်သက်လုံး အစွမ်းပိုင်ရှင် ဖြစ်မလာနိုင်ကြဘူးလေ... ငါတို့က မသေခင် ဒီခံစားချက်ကို ခံစားသွားရတာပဲ... တန်ပါတယ်ကွာ"
ကျန်းလုံကန်းက ဟားတိုက် ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်တွင်းရှိ သဘာဝလွန်စွမ်းအင်များကို လည်ပတ်စေလိုက်ရာ လက်နှစ်ဖက်စလုံးက တဖြည်းဖြည်း အနီရောင် ပြောင်းသွားပြီး အလွန်သိသာထင်ရှားနေကာ လက်များကို လှုပ်ရှားလိုက်ချိန်တွင် ထူးဆန်းသော စွမ်းအင်များ ရှိနေကြောင်းကို ခံစားရနိုင်သည်။
စိမ်းသက်နေသော်လည်း ကျန်းလုံကန်းသည် ထိုစွမ်းအင်၏ ကြီးမားသော အစွမ်းကို ခံစားနေရသည်။
"ကဲပါ... အပိုစကားတွေ ပြောမနေကြနဲ့တော့ ညီအစ်ကိုတို့... ရှေ့ဆက်ရမယ့် အပိုင်းက ငါတို့အလှည့်ပဲ"
ယွီထောင်းသည် လူတစ်ကိုယ်လုံး ရှည်လျားသော မျဉ်းကြောင်းတစ်ကြောင်းအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ခန္ဓာကိုယ် မျက်နှာပြင်မှာ လောင်ကျွမ်းနေသော မီးတောက်များအလား ဖြစ်နေ၏။
"မိုက်တယ်... တစ်ရက်တည်း ဆိုရင်တောင်မှ ဒီသရဲတစ္ဆေကောင်တွေကို အသိပေးရမယ်... နတ်ဆင်ရွာကို မထိပါးရဘူးဆိုတာရယ်... လူသားတွေရဲ့ မျိုးစေ့က... ဘယ်တော့မှ ငြှိမ်းသတ်လို့ မရဘူးဆိုတာရယ်ကို ပြပေးရမယ်"
"ချကြစို့ကွာ"
လူတစ်ဆယ့်ရှစ်ယောက်၊ အစွမ်း တစ်ဆယ့်ရှစ်မျိုး။ အစွမ်း အမျိုးအစားတိုင်းက တူညီမှု မရှိကြပေ။ မည်သည့် လမ်းစဉ်များ ဖြစ်သည်ကိုပင် ရှင်းလင်းစွာ မပြောပြနိုင်ချေ။
ကျန်းလုံကန်းသည် ချန်းရီ၏ အနီးမှ ဖြတ်ပြေးသွားပြီး လမ်းစဉ် အဆင့် (၁) ဝိညာဉ်ဆိုး တစ်ကောင်နှင့် တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
ယန်ကျိုးကလည်း ထယ်ရှီး၏ အနီးမှ ဖြတ်ကျော်သွားကာ ထယ်ရှီး၏ နေရာကို တိုက်ရိုက် ဝင်ရောက် တာဝန်ယူလိုက်သည်။
လူတစ်ဆယ့်ရှစ်ယောက် ဝင်ရောက်လာမှုက တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်သွားစေသည်။ ဝိညာဉ်ဆိုးများကို ဖိနှိပ်တိုက်ခိုက်နိုင်သည့် အခြေအနေသို့ မရောက်သော်လည်း ချန်းရီတို့အပေါ် ကျရောက်နေသော ဖိအားများကိုမူ ချက်ချင်း ပျောက်ကွယ်သွားစေသည်။
ရွာသူကြီး ချန်ရုံကုသည် မည်သည့်နေရာမှ ရလာမှန်းမသိသော တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားကာ ထွက်ခွာသွားသော ထိုပုံရိပ် တစ်ဆယ့်ရှစ်ခုကို ကြောင်ငေးကြည့်နေရင်း အိုမင်းသော ပါးပြင်ပေါ်မှ မျက်ရည်များက မြေပြင်ပေါ်သို့ စီးကျလာလေသည်။
ရွာသူကြီးက ဘုရားကျောင်းတည်ရှိရာ ချောက်ကမ်းပါးစွန်းသို့ ယိမ်းယိုင်စွာ လျှောက်သွားလိုက်သည်။ အေးစက်လှသော လေပြင်းများက ဖြူနုနေသော ဆံပင်များကို လာရောက်တိုက်ခတ်နေသည်ကို သူ ခံစားနေသည်။
ဤနေရာသည် မူလက ဘုရားကျောင်း တည်ရှိသော နေရာပင် ဖြစ်သည်။ အကယ်၍ နတ်ဆင်ကြီး၏ မည်သည့် အစိတ်အပိုင်းဖြစ်သနည်းဟု မေးလာလျှင် နတ်ဆင်ကြီး၏ ဦးခေါင်းထိပ် အမြင့်ဆုံးနေရာပင် ဖြစ်ပေလိမ့်မည်။
ချူချယ်၏ အကြည့်အောက်တွင် ရွာသူကြီး၏ ဆံပင်များက အနည်းဆုံး ရာခိုင်နှုန်း ခုနစ်ဆယ်ခန့်အထိ ဖြူသွားခဲ့ပြီ ဖြစ်သည်။
"ခေါင်းဆောင်ချူ"
ရွာသူကြီးက ဤအချိန်တွင် သူ့ကို အဘယ်ကြောင့် ခေါ်လိုက်သနည်းဆိုတာကို ချူချယ် နားမလည်နိုင်ပေ။
သို့သော် သူသည် သတိကြီးစွာဖြင့် ချောက်ကမ်းပါးစွန်းသို့ သွားရောက်လိုက်ပြီး ရွာသူကြီး ချန်ရုံကုနှင့် ခပ်လှမ်းလှမ်းတွင် ရပ်လိုက်သည်။
"ရွာသူကြီး"
ရွာသူကြီးက ထိုသို့ တစ်ချက်သာ ခေါ်လိုက်ပြီး ချူချယ်ကို ဆက်လက် ဂရုမစိုက်တော့ဘဲ ရင်ခွင်ထဲမှ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
ကုန်းနေသော ကျောပြင်က အနည်းငယ် မတ်မတ်ရပ်လာ၏။ သူ၏ ပုံရိပ်ကလည်း အနည်းငယ် ပိုမို မြင့်မား တောင့်တင်းလာသကဲ့သို့ ရှိသည်။
"ကောင်လေး... လမ်းပြသူ လမ်းစဉ် အဆင့် (၃) ကို ဘာလို့ သွေးလမ်းကြောင်း နတ်ဆရာလို့ ခေါ်လဲဆိုတာ မင်း သိလား"
ကောင်လေး ဟုတ်လား။
ဒီအဘိုးကြီးကတော့။
ကောင်းပြီလေ... ခင်ဗျား ဟန်လာထုတ်ပြနေတာဆိုတော့လည်း အသက်ကြီးတဲ့ မျက်နှာနဲ့ လိုက်လျောပေးရတာပေါ့။
"မသိပါဘူး"
ချူချယ်က အလွန် လိုက်လျောညီထွေစွာပင် ပြန်ဖြေလိုက်သည်။
အကယ်၍ ချန်းရီသာ ဆိုလျှင် "အဘိုးကြီး... ဟန်လာထုတ်ပြမနေနဲ့... ပြောစရာရှိတာ မြန်မြန်ပြော" ဟု ပြောပေလိမ့်မည်။
သို့သော် ချူချယ်က သူ့ကိုယ်သူ ယာဉ်တန်း၏ ကိုယ်ကျင့်တရား စံပြပုဂ္ဂိုလ်ဟု ယူဆထားသဖြင့် ချန်းရီကဲ့သို့ ရိုင်းစိုင်းစွာ ပြောဆိုမည် မဟုတ်ပေ။
လေပြင်းများက ချန်ရုံကု၏ ဖြူနုနေသော ဆံပင်များကို တိုက်ခတ်နေပြီး သူက ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။
"ကောင်လေး... ရှေ့ဆက်မယ့် ဟာကို... သေချာ ကြည့်ထား"
"ဒါကို သွေးလမ်းကြောင်း နတ်ဆရာလို့ ခေါ်တယ်"
ထိုသို့ပြောပြီးနောက် အဘိုးအိုက ဓားဖြင့် မိမိ၏ လက်ဖဝါးကို လှီးဖြတ်လိုက်သည်။ နီရဲသော သွေးများက ချက်ချင်းပင် လက်ဖဝါးတစ်ခုလုံးကို နီရဲသွားစေသည်။
အဘိုးအိုက ပါးစပ်မှ ရေရွတ်နေ၏။
"ထိတ်လန့်ဖွယ်ရာ... ငါ၏သွေးကို ဤနေရာတွင် ပူဇော်ပါ၏... ကောင်းကင်နှင့် မြေကြီး ကွဲကွာပြီး... သဘာဝတရား အားလုံး ရူးသွပ်ကြလော့"
ဂါထာမန္တန်များကို ရွတ်ဆိုလိုက်သည်နှင့်အမျှ အဘိုးအို၏ လက်ဖဝါးမှ သွေးများက လက်ဖဝါး အရေးအကြောင်းများအတိုင်း စီးကျလာသည်။ မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားပြီး လှိုင်းဂယက်များ ထွက်ပေါ်လာစေသည်။
"အမှောင်ထုအထက်က... ကံကြမ္မာကို ပိုင်စိုးသော အရှင်သခင်... ဤပူဇော်သက္ကာကို လက်ခံ၍... ငါ၏ ဖြူစင်သော သစ္စာကို ရှုစားတော်မူပါ"
စီးကျလာသော သွေးများက ပို၍ ပို၍ များပြားလာသည်။ ထိုနီရဲသော သွေးများသည် မိုးရေအလား ဖြစ်နေပြီး တစ်စက်က လက်ဖဝါးမှ မခွာရသေးမီမှာပင် နောက်ထပ် တစ်စက်က ဒဏ်ရာထဲမှ စီးထွက်လာပြန်သည်။ နောက်ဆုံးတွင် သွေးတန်းတစ်ခုအဖြစ်ပင် ဆက်တန်းသွားလေတော့သည်။
အဘိုးအို၏ မျက်နှာပေါ်မှ သွေးရောင်များက တဖြည်းဖြည်း လျော့နည်းလာပြီး ဖြူဖျော့မှုများက ပိုမို များပြားလာ၏။
"သွေးလှိုင်းလုံးများဖြင့် အတားအဆီးများကို ဆေးကြောပါရစေ... ကျန်ရစ်သော ခန္ဓာကိုယ်ဖြင့် လမ်းပြအမှတ်အသား ဖြစ်ပါရစေ"
"အထွတ်အမြတ်ရောင်ခြည်... ဤနေရာကို လင်းထိန်စေပြီး... သွေးလမ်းကြောင်းကို အသက်ဝင်စေ"
"ငါ၏သစ္စာ တည်စေသတည်း"
နောက်ဆုံး စကားလုံးများက နှစ်ပေါင်း ထောင်သောင်းချီ အဝေးဆီမှ ထွက်ပေါ်လာသကဲ့သို့ ရှိနေသည်။ မသိနိုင်သော ဟင်းလင်းပြင်ထဲရှိ စွမ်းအားများကို တုန်လှုပ်သွားစေ၏။
တောက်ပသော သွေးလမ်းကြောင်းတစ်ခုက လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာသည်။ ဤသွေးလမ်းကြောင်းသည် ရွာသူကြီး၏ သွေးများဖြင့် ခင်းကျင်းထားသကဲ့သို့ ဖြစ်နေပြီး သွေးရောင်လွှမ်းသော လမ်းပြအမှတ်အသားကို ဖန်တီးထားလေသည်။
ချူချယ်သည် မျက်စိရှေ့ရှိ မြင်ကွင်းအားလုံးကို တုန်လှုပ်စွာ ကြည့်နေမိသည်။ ဤသွေးရောင် လမ်းပြအမှတ်အသားသည် ကွေ့ကောက်နေပြီး လျှို့ဝှက်ဆန်းကြဲသော စည်းမျဉ်းတစ်ခု ရှိနေသကဲ့သို့ဖြစ်ကာ ရှင်းပြ၍မရနိုင်သော လျှို့ဝှက်ချက်များ ပါဝင်နေသည်။
အဲဒါ... အဲဒါက...
ချူချယ်သည် အချိန်အတန်ကြာ စဉ်းစားနေသော်လည်း မည်သို့ ဖော်ပြရမည်ကို မသိနိုင်ပေ။ သူကြည့်ဖူးသမျှ ရုပ်ရှင်များနှင့် ကစားခဲ့ဖူးသမျှ ဂိမ်းများအားလုံးကို ပေါင်းစပ်ကြည့်လျှင်ပင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
ဒါကြောင့် သွေးလမ်းကြောင်း နတ်ဆရာလို့ ခေါ်တာကိုး။
ဒါက သွေးလမ်းကြောင်း နတ်ဆရာပဲ။
မျှော်လင့်ချက် ကင်းမဲ့နေချိန်မှာ အသက်ရှင်ဖို့ လမ်းစတစ်ခုကို ဆုတောင်းခြင်းပဲ။
ဒါက သွေးလမ်းကြောင်း နတ်ဆရာ လမ်းစဉ်အမည် တည်ရှိနေခြင်းရဲ့ အဓိပ္ပာယ်ပဲ။
"ဝုန်း... ကျီ..."
တစ်ခါမျှ ဟိန်းဟောက်ခြင်း မရှိဖူးသော နတ်ဆင်ကြီးသည် ဤအချိန်တွင် ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ မြေပြင်က တုန်ခါသွားပြီး ရွာသားများမှာ ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ အမြန် ဝပ်ချလိုက်ကြသည်။
မြေပြင်က အစပိုင်းတွင် ဖြည်းညင်းစွာ လှုပ်ခတ်နေခြင်း ဖြစ်သည်။ နောက်ဆုံးတွင်မူ ဆက်တိုက်၊ ရူးသွပ်စွာနှင့် အဆက်မပြတ် ငလျင်လှုပ်ခတ်မှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
နတ်ဆင်ကြီးက ပထမဆုံးအကြိမ်အဖြစ် စတင် ပြေးလွှားလာခဲ့ပြီ ဖြစ်သည်။ ထိုသွေးလမ်းကြောင်းပေါ်သို့ ခြေချလိုက်ပြီ ဖြစ်၏။
ထိုလူငယ် တစ်ဆယ့်ရှစ်ဦးမှာမူ ဝိညာဉ်ဆိုးများနှင့် အသေအကြေ တိုက်ခိုက်နေကြဆဲပင်။ ဟစ်အော်သံများကလည်း ဆက်တိုက် ထွက်ပေါ်နေသည်။
ချန်းရီက တိတ်ဆိတ်စွာဖြင့် စကားတစ်ခွန်းမျှ မပြောဘဲ သူ၏ ပုံရိပ်က မီးခိုးငွေ့စိမ်းများအဖြစ် ပျောက်ကွယ်သွားကာ တိုက်ပွဲမြေပြင်မှ ဆုတ်ခွာသွားသည်။
နောက်တစ်ကြိမ် ပြန်လည် ပေါ်လာချိန်တွင် ထယ်ရှီး၏ ဘေးသို့ ရောက်ရှိနေပြီ ဖြစ်၏။ ထယ်ရှီးကို ပခုံးပေါ် ထမ်းတင်ကာ ရှေ့သို့ ပြေးလွှားသွားလေသည်။
"ငါ့ကို လွှတ်... ငါ အဲဒီကောင်ကို သတ်မယ်... သတ်ပစ်မယ်"
ထယ်ရှီးက ဒေါသတကြီး အော်ဟစ်နေဆဲပင်။
ကြီးမားလှသော တင်ပါးပြောင်ကြီးမှာ သွေးများဖြင့် နီရဲနေပြီ ဖြစ်ကာ ချန်းရီ၏ မျက်နှာနှင့် ထယ်ရှီး၏ တင်ပါးကြီးမှာ အလွန်တရာ နီးကပ်လွန်းနေသည်။
ကံကောင်း၍ ထယ်ရှီးသည် ထိုပိန်လှီသော မိစ္ဆာကောင်၏ ရိုက်နှက်မှုကြောင့် အသွင်ပြောင်းခြင်း ပျက်ပြယ်သွားခဲ့၍သာ တော်တော့သည်။ ထိုသို့မဟုတ်ပါက ချန်းရီသည် ဤငတုံးကြီးကို ထမ်းနိုင်မည် မဟုတ်ပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ခုနက အကွက်ကို သုံးလိုက်ပြီးနောက် အမောဆို့နေပြီ ဖြစ်သော်လည်း ဤအချိန်တွင် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ရှည်လျားသော ဓားကို တစ်ချက် လွှဲယမ်းလိုက်ရာ မီးနဂါးက ပတ်ဝန်းကျင်ရှိ ဝိညာဉ်ဆိုး အချို့ကို နှင်ထုတ်လိုက်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ထိုလူငယ် တစ်ဆယ့်ရှစ်ဦးကို လေးနက်စွာ ကြည့်လိုက်သည်။ ထိုအထဲတွင် ယောကျာ်းလေးများရော မိန်းကလေးများပါ ပါဝင်သည်။ အချို့မှာ သူမထက်ပင် အသက်ငယ်ကြသေးသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အံကြိတ်လိုက်ပြီး သူမ၏ ပုံရိပ်က အနောက်သို့ အပြင်းအထန် ဆုတ်ခွာကာ တိုက်ပွဲမြေပြင်မှ ထွက်ခွာသွားလေသည်။
စိုက်ပျိုးရေး စခန်း။
တင်းတုံက မြေပြင်ပေါ်သို့ ဖင်ထိုင်ချလိုက်ပြီး သူမ၏ ခြေထောက်နှစ်ဖက်က အဆက်မပြတ် တုန်ယင်နေသည်။
ဘယ်ဘက် လက်မောင်းကိုလည်း မြှောက်၍ မရတော့ပေ။ ချွေးများနှင့် သွေးများက ဆံပင်များနှင့် ကိုယ်ပေါ်ရှိ အဝတ်အစားများကို စိုရွှဲနေစေသည်။ သွေးများက မြေပြင်ပေါ်သို့ စီးကျကာ သွေးရွှံ့များအဖြစ် ပြောင်းလဲနေ၏။
ပါမောက္ခလျှိုက နွယ်ပင် ခံတပ်ကို ဖယ်ရှားလိုက်ပြီး ပါးစပ်မှ တိုးညင်းစွာ ပြောလိုက်သည်။
"နောက်ဆုံးတော့... ပြီးဆုံးသွားတော့မှာလား"
"မင်းတို့... မင်းတို့တွေ"
ပါမောက္ခလျှိုသည် ဝိညာဉ်ဆိုးများနှင့် အသက်စွန့်ကာ တိုက်ခိုက်နေကြဆဲဖြစ်သော ထိုလူငယ်များကို ကြည့်ရင်း ဆက်ပြောရမည့် စကားလုံးများမှာ လည်ချောင်းဝတွင် တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။
သွေးလမ်းကြောင်း နတ်ဆရာ၏ အစွမ်းက လုံခြုံသော လမ်းကြောင်းတစ်ခုကို ညွှန်ပြပေးရုံမျှသာ မဟုတ်ပေ။ အသက်ရှင်နေသူ အားလုံး၏ အငွေ့အသက်များကိုလည်း အမြင့်ဆုံးအထိ ဖိနှိပ် ချုပ်တည်းပေးထားလေသည်။
မီးခိုးရောင် လူခေါင်း ဝိညာဉ်ဆိုး အချို့မှာ ကြောင်အမ်းအမ်း ဖြစ်လာပြီး သံသယဖြစ်လာကြသည်။ ၎င်းတို့က အားအနည်းဆုံး ဖြစ်ပြီး အစကတည်းက အသက်ရှင်နေသူများ၏ အငွေ့အသက်များကို မခံစားနိုင်ကြချေ။
နတ်ဆင်ကြီးက လျင်မြန်စွာ အကွာအဝေးကို ဖြတ်သန်းသွားသည်နှင့်အမျှ ဝိညာဉ်ဆိုး အများအပြားသည် နတ်ဆင်ကြီး၏ ကျောပေါ်ရှိ အသက်ရှင်နေသူများ၏ အငွေ့အသက်များကို မခံစားနိုင်ကြတော့ပေ။
ထို့ကြောင့် ဝိညာဉ်ဆိုး အားလုံးက လူငယ် တစ်ဆယ့်ရှစ်ဦးအပေါ်သို့သာ ပစ်မှတ်ထားလိုက်ကြသည်။ သူတို့က ထို တစ်ဆယ့်ရှစ်ဦးကို ဝိုင်းရံလိုက်ကြ၏။
လူတစ်ဆယ့်ရှစ်ဦး၏ အခန်းကဏ္ဍက ဤအချိန်တွင် ပေါ်လွင်လာသည်။ သူတို့သည် ယာဉ်တန်းထဲမှ အနောက်ချန်ရစ်ခဲ့သူများနှင့် တူညီကြသည်။ သူတို့သည် နတ်ဆင်ရွာ၏ နောက်ချန်ရစ်သူများအဖြစ် ကိုယ်တိုင် ဆန္ဒအလျောက် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ မည်သည့် နောင်တမျှ မရှိကြပေ။
နောက်ဆုံးတွင်။
ရွာသားတစ်ဦးက မအောင့်အည်းနိုင်တော့ဘဲ အသံကျယ်လောင်စွာဖြင့် အော်ဟစ် ငိုကြွေးလိုက်လေတော့သည်။
ရင်ကွဲမတတ် နာကျင်ကြေကွဲစွာဖြင့်ပင်။
(ရွာသူကြီးက သူ့ရဲ့သွေးနဲ့ခန္ဓာကိုယ်ကိုအသုံးချပြီး လက်ရှိအန္တရာယ်ကလွတ်မယ့် လမ်းကြောင်းတစ်ခုကို ဖော်ထုတ်လိုက်တာပါ။ အခုဆင်ကြီးက အဲဒီသွေးလမ်းကြောင်းအတိုင်း ပြေးလွှားနေတာပါ)
ဆက်ရန်...