← Chapters

အခန်း ၂၄၅

Vol. 13 Ch. 245

အခန်း ၂၄၅

Vol. 13 Ch. 245

အပိုင်း(၂၄၅) ဗိသုကာ လမ်းစဉ်(၁) နေအိမ်တည်ဆောက်သူ

ယာဉ်တန်းကမူ ထိခိုက်ဆုံးရှုံးမှု သိပ်မရှိခဲ့ပေ။

ဝိညာဉ်ဆိုးများ ဝင်ရောက်တိုက်ခိုက်ချိန်တွင် ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူများအားလုံး ရွာက သူတို့အတွက် သီးသန့်ပြင်ဆင်ပေးထားသော အိမ်များထဲတွင် ပုန်းအောင်းနေခဲ့ကြ၏။

ယင်းက ကံကောင်းသွားခြင်းဟု ဆိုရမည်။

သို့သော် နတ်ဆင်ရွာကမူ အကြီးအကျယ် ထိခိုက်ဆုံးရှုံးသွားခဲ့သည်။

ရွာတစ်ခုလုံး နီးပါး ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

အသက်ရှင်ကျန်ရစ်သူ လူဦးရေကို နောက်ဆုံး စာရင်းကောက်ယူကြည့်သောအခါ။

ယခင်က လူတစ်ထောင်ခန့်ရှိသော ရွာတွင် ယခုအခါ လူခြောက်ရာ၊ ခုနစ်ရာခန့်သာ ကျန်ရှိတော့သည်။

မူလက ယာဉ်တန်းထဲမှ လူများသည် နတ်ဆင်ရွာသို့ ဝင်ရောက်ပူးပေါင်းလိုခဲ့ကြ၏။

ယခုတော့ ထိုအတွေးများအားလုံး ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။

သို့သော် နတ်ဆင်ရွာကို ပြန်လည်တည်ဆောက်ကြရာတွင် ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူများကလည်း ပါဝင်ကူညီပေးခဲ့ကြသည်။

ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင်လည်း သူတို့ပါဝင်နေကြသည်ကို မြင်တွေ့ရ၏။

ထိုနေ့က ယာယီ အစွမ်းပိုင်ရှင် ဆယ့်ရှစ်ယောက်၏ ကိစ္စနှင့် ပတ်သက်၍လည်း။

ယာဉ်တန်းအတွင်း၌ ဆွေးနွေးပြောဆိုမှုအချို့ ရှိနေခဲ့သည်။

ယာယီ အစွမ်းပိုင်ရှင်များသာ ဖြစ်လင့်ကစား သူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ခြင်းက မဆန်းပေ။

ချူချယ်၏ ခန့်မှန်းချက်အရ ထိုဆယ့်ရှစ်ယောက်က နတ်ဆင်၏ ထူးဆန်းသောစွမ်းအားများ ဖြည့်သွင်းခံရသဖြင့် အချိန်တိုအတွင်း အစွမ်းများ ရရှိသွားခြင်းသာ ဖြစ်သည်။

သေချာသည်မှာ ထိုအစွမ်းများ၏ ပြင်ပလက္ခဏာရပ်များက နတ်ဆင်ထံမှ လာခြင်း မဟုတ်ပေ။

ဥပမာအားဖြင့် ထိုဆယ့်ရှစ်ယောက်စလုံး၏ စွမ်းရည်များက တစ်ယောက်နှင့်တစ်ယောက် တူညီမှု မရှိကြချေ။

မည်သည့်အမျိုးအစား၊ မည်သည့် လမ်းစဉ်မှ ဖြစ်သည်ကို ပြောရမည်ဆိုလျှင်...

ချူချယ်ပင် ချက်ချင်း ခွဲခြားသိမြင်နိုင်စွမ်း မရှိခဲ့ပေ။

သဘာဝလွန်အစွမ်း လမ်းစဉ်များ ပါသလို အနီးကပ်တိုက်ခိုက်ရေး လမ်းစဉ်များလည်း ပါဝင်နေပုံရသည်။

သို့သော် တိုက်ပွဲမြေပြင်တွင် တွေ့မြင်ခဲ့ရသော အခြေအနေများအရ ထိုယာယီ အစွမ်းပိုင်ရှင်များ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များက အနည်းငယ် ထူးဆန်းနေပြီး ချန်းရီတို့ကဲ့သို့ ပုံမှန် အစွမ်းပိုင်ရှင်များနှင့် များစွာ ကွာခြားနေ၏။

နတ်ဆင်၏ ထူးဆန်းသော စွမ်းအားက ထိုလူများ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိသေသလက္ခဏာများကို လှုံ့ဆော်ပေးရုံသာ ဖြစ်ပြီး နောက်ဆုံးတွင် မည်သည့် လမ်းစဉ် ဖြစ်လာမည်ဆိုသည်မှာ နတ်ဆင်ကိုယ်တိုင်နှင့် သက်ဆိုင်ပုံမပေါ်ဟု ချူချယ်က ခန့်မှန်းထားသည်။

သေချာသည်မှာ ချူချယ်က ယနေ့ မြင်တွေ့ခဲ့ရသော အခြေအနေများနှင့် သူ၏ ခန့်မှန်းချက်များကို သူ၏ မှတ်စုစာအုပ်ထဲတွင် ရေးမှတ်ထားခဲ့သည်။

ထို့ပြင် ဤကိစ္စအတွက် သီးသန့် မှတ်စုစာအုပ်အသစ်တစ်အုပ်ကို ထုတ်ယူကာ ယခင်မှတ်စုများနှင့် သီးခြား ခွဲခြားမှတ်သားထားလေသည်။

ရွာတွင် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်နေချိန်၌ ယာဉ်တန်းမှလူများက ဒီအတိုင်း ထွက်ခွာသွားရန် မဖြစ်နိုင်ပေ။

ထယ်ရှီးက တစ်ညအိပ်ပြီးသည်နှင့် နိုးလာခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက အပြည့်အဝ မသက်သာသေးပေ။

သို့သော် သူက နတ်ဆင်ရွာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူ၏ အလုပ်လုပ်နိုင်စွမ်းက စက်ယန္တရားကြီး တစ်ခုနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်ပေသည်။

လူအများအပြား တစ်နေကုန် လုပ်ရမည့် အလုပ်ပမာဏကို သူ တစ်ယောက်တည်းဖြင့် တစ်နာရီအတွင်း ပြီးစီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ချန်းရီကလည်း နတ်ဆင်ရွာ ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ကူညီနေ၏။

သူ၏ အမုန်းတရား ထင်းခုတ်ဓားမကြီးကလည်း များစွာ အသုံးဝင်လှသည်။

ဖြတ်တောက်ရန် လိုအပ်သော နေရာတိုင်းတွင် အမုန်းတရား ဓားမကြီး ထွက်ပေါ်လာသည်နှင့် အားလုံး ပြီးစီးသွားတော့သည်။

သံမဏိချောင်းများ၊ သံချောင်းများ၊ သို့မဟုတ် အုတ်ခဲ ကျောက်ခဲများပင် ဖြစ်စေကာမူ။

အမုန်းတရား ဓားမကြီး ရှေ့တွင်မူ မည်သည့် ကွာခြားချက်မျှ မရှိပေ။

ချန်းရီကိုယ်တိုင် ဟိုပြေးဒီလွှား လုပ်ရသက်သာစေရန် အမုန်းတရား ဓားမကြီးကို အခြားသူများအား ပေး၍ တိုက်ရိုက် အသုံးပြုခိုင်းချင်ခဲ့သည်။

တစ်ယောက်ယောက်က ယူပြေးသွားမည်ကိုမူ...

ချန်းရီက လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။

နှမြောစရာကောင်းသည်မှာ သာမန်ရွာသားတစ်ယောက်က စမ်းသုံးကြည့်ရန် စိတ်အားထက်သန်စွာဖြင့် အမုန်းတရား ဓားမကြီးကို လှမ်းယူစဉ် ဓားအိမ်ထဲမှ သွေးရောင် အမျှင်တန်းလေးများ ထွက်ပေါ်လာပြီး ထိုရွာသားကို ဝါးမျိုပစ်တော့မည့် ပုံစံ ဖြစ်သွားခြင်းပင်။

ထိုရွာသားမှာ ကြောက်လန့်တကြားဖြင့် လိမ့်ကာ ဝပ်ကာ ထွက်ပြေးသွားတော့သည်။

နောက်ဆုံးတွင် ချန်းရီက ဤပြန်လည်တည်ဆောက်ရေး လုပ်ငန်းခွင်၏ ဖြတ်တောက်ရေး သမားအဖြစ် တာဝန်ယူရတော့သည်။

စွန်းချန်းချန်းကမူ...

ထိုအကြောင်းကို တွေးပင် မတွေးရဲပေ။ သူမ၏ မီးနဂါးဓားကို အလွန် အမြတ်တနိုး ထားလွန်းလှသည်။

တင်းတုံကလည်း ဤတိုက်ပွဲတွင် အလွန် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

သူမက ပင်မ တိုက်ပွဲမြေပြင်တွင် မရှိခဲ့သော်လည်း သူမ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် ဤတိုက်ပွဲက သူမအတွက် အလွန် ခက်ခဲခဲ့ကြောင်း သိနိုင်ပေသည်။

ကံကောင်းသည်မှာ စိုက်ပျိုးရေးစခန်းဘက်တွင် သူမနှင့် ပါမောက္ခလျှို နှစ်ယောက်သာ အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။

ဝိညာဉ်ဆိုးများ၏ အဓိက ပစ်မှတ်ထားခြင်းကို မခံခဲ့ရပေ။

သေချာသည်မှာ တင်းတုံက လက်ဝှေ့သမား လမ်းစဉ် ဖြစ်သဖြင့် ပြန်လည်သက်သာလာနိုင်စွမ်းမှာ ထယ်ရှီးကဲ့သို့ ကြောက်စရာကောင်းသော သူနှင့် မယှဉ်နိုင်သော်လည်း ချန်းရီတို့ထက်မူ များစွာ သာလွန်နေသေးသည်။

သေဆုံးသွားရန်မှာမူ မဖြစ်နိုင်ပေ။

ချူချယ်က သူမကို ရေရောထားသော မရဏနတ်သမီး၏ သွေးမျက်ရည် အနည်းငယ်ကို သီးသန့် တိုက်ကျွေးခဲ့သေးသည်။

ပြန်လည်သက်သာလာသည့် နှုန်းထားကလည်း မဆိုးလှပေ။

ချန်းရီက ယခုမှပင် ချူချယ်ဆိုသော လူလည်ကြီးတွင် ရေရောထားသည့် သွေးမျက်ရည်များ အများအပြား သိမ်းဆည်းထားကြောင်း သိရတော့သည်။

ဤတိုက်ပွဲကို ဖြတ်သန်းပြီးနောက် ချန်းရီက လက်ရှိ စုဆောင်းရရှိထားသော သတ်ဖြတ်မှတ်များကို တစ်ချက် စစ်ဆေးကြည့်၏။

သတ်ဖြတ်မှတ်များက တစ်ချိန်က (၂၁၉၀၀၀) အထိပင် ရောက်ရှိသွားခဲ့သည်။

တိုက်ပွဲမြေပြင်က ပြင်းထန်ရှုပ်ထွေးပုံရသော်လည်း ဖြစ်စဉ်တစ်ခုလုံး ကြာမြင့်ချိန်က သိပ်မရှည်ကြာလှပေ။

ရက်ပေါင်းများစွာ ညပေါင်းများစွာ တိုက်ခိုက်ရသည့် အဆင့်ထိ မရောက်ခဲ့ပေ။

နောက်ပိုင်း အခြေအနေများတွင် ချန်းရီက အဓိကအားဖြင့် ခုခံကာကွယ်ရေးကို တာဝန်ယူခဲ့ပြီး ဝိညာဉ်ဆိုးများ ကာကွယ်ရေးမျဉ်းကို ဖြတ်ကျော်ကာ သာမန်လူများကို သတ်ဖြတ်ခြင်းမှ တားဆီးရန် မီးခိုးငွေ့များကို အသုံးပြု၍ တွားသွားကောင် ပုံစံများ ဖန်တီးခဲ့ရသည်။

ထိုအချိန်က တိုက်ပွဲအခြေအနေ ပြင်းထန်လွန်းသဖြင့် ချန်းရီက သတ်ဖြတ်မှတ် မည်မျှ ရရှိနေပြီဆိုသည်ကို စစ်ဆေးရန် လုံးဝ စိတ်ကူးမရခဲ့ပေ။

စောစောကသာ တစ်ချက်လောက် ဝင်ကြည့်ဖြစ်ခဲ့လျှင် ထိုအချိန်က သတ်ဖြတ်မှတ်များ ထပ်မံ ရှာဖွေနိုင်ခဲ့မည် ဖြစ်သည်။

ဤကိန်းဂဏန်းက ချန်းရီကို တစ်ခဏမျှ စိတ်မသက်မသာ ဖြစ်သွားစေသည်။

သူ လက်ရှိ အဆင့်မြှင့်တင်ရန် လိုအပ်နေသည့် အရာနှစ်ခု ရှိကြောင်း သိထားရမည်။

ပထမတစ်ခုမှာ ယခုမှ ရရှိထားသော စွမ်းအင်စုပ်ယူကျင့်စဉ် ဖြစ်ပြီး ယင်းအတွက် သတ်ဖြတ်မှတ် (၂၀၀၀၀) လိုအပ်သည်။

နောက်တစ်ခုမှာ မိစ္ဆာပစ်ကပ်ကား ဖြစ်ပြီး ယင်းကို အဆင့်မြှင့်တင်ရန်အတွက် သတ်ဖြတ်မှတ် (၂၀၀၀၀၀) လိုအပ်သည်။

ထို့ကြောင့် သတ်ဖြတ်မှတ် (၂၂၀,၀၀၀) လိုအပ်မည် ဖြစ်သည်။

ဤသို့ဆိုလျှင် အလွန် အခက်တွေ့သွားပြီ ဖြစ်ကာ အနည်းငယ်မျှ လိုအပ်နေသေး၏။

ချန်းရီက စနစ်ထံမှ အနည်းငယ် ထပ်မံ ချေးငှားလိုခဲ့သော်လည်း စနစ်က ချန်းရီ၏ ချေးပိုင်ခွင့်က အနက်ရောင်ဖြစ်နေသဖြင့် ချေးငှားခွင့် မရှိတော့ကြောင်း ပြသနေသည်။

ယင်းက ချန်းရီကို ချက်ချင်း မည်သို့ပြောရမှန်း မသိအောင် ဖြစ်သွားစေသည်။

သို့သော် ကံကောင်းသည်မှာ သတ်ဖြတ်မှတ် (၁၀၀၀) သာ လိုအပ်တော့သဖြင့် နောက်ပိုင်းတွင် ထူးဆန်းသည့်အရာ တစ်ကောင်ကောင်ကို ရှာဖွေ၍ သတ်ဖြတ်ရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။

ရွေးချယ်စရာ အနေဖြင့်မူ ချန်းရီက သေချာပေါက် စွမ်းအင်စုပ်ယူကျင့်စဉ် ကို အရင် အဆင့်မြှင့်တင်ရန် ရွေးချယ်ခဲ့သည်။

သတ်ဖြတ်မှတ် (၂၀၀၀၀) ကို နုတ်ယူသွားသည်။

အဆင့်မြှင့်တင်မှု ပြီးဆုံးရန် ရေတွက်ချိန်က (၇၂) နာရီ လိုအပ်ကြောင်း ပြသနေသည်။

ဆိုလိုသည်မှာ သုံးရက် အချိန်ယူရမည် ဖြစ်သည်။

ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကိုမူ အနည်းငယ် နောက်ဆုတ်ထားရုံသာ ရှိတော့သည်။ မည်သို့ပင်ဖြစ်စေ သိပ်ပြီး ကြာမည်တော့ မဟုတ်ပေ။

"ဟာ"

"ဒါက... သဘာဝလွန်အစွမ်းပဲ... ရှဲ့ဟွေ... မင်း... အစွမ်းပိုင်ရှင် ဖြစ်သွားပြီလား"

ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အံ့သြတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။

အစွမ်းပိုင်ရှင် ဟုတ်လား။

ချန်းရီက လူအုပ်ကြီးကြားထဲသို့ လျှောက်သွား၏။

ချူချယ်ကလည်း သူထက် နောက်ကျမနေဘဲ ရောက်ရှိနေသည်ကို မြင်တွေ့ရသည်။

လူအုပ်ကြီးက အာဟာရချို့တဲ့နေပုံရသော မျက်နှာရှိသည့် လူငယ်တစ်ယောက်ကို ဝိုင်းရံထားကြသည်။

ထိုလူငယ်မှာ အသက် (၂၀) ခန့် အရွယ်ရှိပြီး မျက်ခုံးကောင်း မျက်လုံးကောင်းနှင့် ချစ်စရာ ကောင်လေးတစ်ယောက် ပုံစံ ရှိသည်။

လူငယ်၏ မျက်နှာပေါ်ရှိ အမူအရာက အလွန် ရှုပ်ထွေးနေပြီး အံ့သြဝမ်းသာနေသည့်အပြင် မယုံနိုင်အောင် ဖြစ်နေကာ ငိုချင်နေသည့် ပုံစံလည်း ပေါက်နေ၏။

သူက မိမိ၏ လက်နှစ်ဖက်ကို မယုံနိုင်သလို ကြည့်နေသည်။

သူ့ရှေ့တွင်မူ သုံးဖက်မြင် ပုံရိပ်ယောင်ကဲ့သို့သော ဗိသုကာ ဒီဇိုင်းပုံစံတစ်ခု ရှိနေသည်။

ဤအခြေအနေကို ချန်းရီက တစ်ချက်ကြည့်ရုံဖြင့် နားလည်သွားသည်။

ယင်းက ဗိသုကာပညာနှင့် သက်ဆိုင်သော အထောက်အကူပြု လမ်းစဉ် ဖြစ်ရပေမည်။

ဘေးတွင် ယခုလေးတင် တည်ဆောက်ထားပုံရသော နံရံတစ်ခု မတ်မတ်ရပ်နေပြီး နံရံက ညီညာဖြောင့်တန်းကာ အမြင့် ပေ(၁၀) ခန့် ရှိသည်။

ပတ်ဝန်းကျင်မှ လူများ၏ အုတ်အော်သောင်းနင်း ပြောဆိုနေမှုများအရ။

ချန်းရီက သဘောပေါက်သွား၏။

ယခုလေးတင် ထိုလူငယ်က ကြေမွနေသော အုတ်ခဲများကို ရှင်းလင်းကာ သတ်မှတ်ထားသော နေရာသို့ ပြောင်းရွှေ့ချထားနေခဲ့သည်။

ရုတ်တရက် လူငယ်၏ရှေ့တွင် ဤဗိသုကာ ဒီဇိုင်းပုံစံ၏ သုံးဖက်မြင် ပုံရိပ်ယောင်က ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဘေးနားရှိ စွန့်ပစ်ထားသော ဆောက်လုပ်ရေး ပစ္စည်းများက ရုတ်တရက် အလိုအလျောက် လှုပ်ရှားလာခဲ့ကြသည်။

စက္ကန့်အနည်းငယ်မျှ အချိန်ယူရုံဖြင့် နံရံတစ်ခု ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။

"ရွာသူကြီး လာပြီ... ရွာသူကြီး လာနေပြီ"

လူအုပ်ကြီးက တစ်ချက် လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။

ဆံပင်များ ဖြူဖပ်နေသော ခေါင်းကြီးရွာသူကြီးက ရှဲ့ဟွေဟု ခေါ်သော ထိုလူငယ်လေးရှေ့သို့ ရောက်လာသည်ကို မြင်တွေ့ရသည်။

ချန်ရုံကုက ရှဲ့ဟွေကို သိသည်။

ယခင်က လူရွေးချယ်စဉ်က ရှဲ့ဟွေသည်လည်း စောစောစီးစီး လက်ထောင်၍ စာရင်းပေးသွင်းခဲ့သူများထဲမှ တစ်ယောက် ဖြစ်သည်။

သို့သော် သူက အလွန် ပိန်လှီလွန်းသဖြင့် ချန်ရုံကု၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။

သူက ကိုယ်တိုင် အစွမ်းနိုးကြားလာနိုင်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။

ယင်းက တကယ်ကို... မယုံနိုင်စရာပင်။

သူ လုံးဝ မထင်မှတ်ထားခဲ့သော အရာပင် ဖြစ်သည်။

"ဘယ် လမ်းစဉ်လဲ"

ချန်ရုံကု၏ အသံထဲတွင် ဖုံးကွယ်မရသော ဝမ်းသာအံ့သြမှုများ ပါဝင်နေသည်။

ရှဲ့ဟွေက ရွာသူကြီး၏ အသံကြောင့် လန့်နိုးသွားကာ ရွာသူကြီးကို မော့ကြည့်ပြီး ယခင်က တစ်ကြိမ်မျှ မဖြစ်ဖူးသော ဝမ်းသာအံ့သြသည့် အသံဖြင့် ပြန်ဖြေ၏။

"ရွာသူကြီး... ကျွန်တော်... ကျွန်တော်... ဗိသုကာ လမ်းစဉ်(၁) နေအိမ်တည်ဆောက်သူ ပါ"

ဆက်ရန်...

All Chapters