အခန်း ၂၄၆
Vol. 13 Ch. 246
အပိုင်း(၂၄၆) မြို့ပြသို့ ပြန်လည်ဝင်ရောက်ရန်
နတ်ဆင်ရွာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများက အားသွန်ခွန်စိုက်ဖြင့် အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နေကြသည်။
မိုးကလည်း တဖွဲဖွဲဖြင့် တစ်စက်ကလေးမျှ ရပ်တန့်မသွားခဲ့ပေ။
စိုစွတ်နေသော လေထုက လူကို အလွန်အမင်း စိတ်အိုက်စေသည်။
ချန်းရီက ပြီးခဲ့သည့်နှစ်ရက်အတွင်း သူ၏ကိုယ်ပေါ်ရှိ အဝတ်အစားများ စိုရွှဲကာ ကပ်နေသကဲ့သို့ ခံစားနေရ၏။
ရေမချိုး၊ အဝတ်မလျှော်ရသည်မှာ အချိန်အတန်ကြာနေပြီ ဖြစ်သည်။
ထို့အပြင် တလောက ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးကြောင့် ချန်းရီ တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်နေရသည်။
ကံကောင်းထောက်မစွာဖြင့် ကိုယ်လက်သန့်စင် အင်း တစ်ရွက်ကို အသုံးပြုလိုက်ပြီးမှသာ ဤကဲ့သို့ နေရခက်သော ခံစားချက်က အနည်းငယ် သက်သာသွားတော့သည်။
ထယ်ရှီး ဆိုသည့် ငတုံးကြီးက နတ်ဆင်ရွာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် အရေးအပါဆုံးသော လုပ်အားပေးသူ ဖြစ်လာခဲ့သည်။
ထိုအကောင်ကြီးက ဒဏ်ရာတွေ မကျက်သေးဘဲနှင့်ပင် ရွာထဲ၌ အသေအလဲ အလုပ်လုပ်နေခြင်း ဖြစ်သည်။
ရွာထဲတွင် ဗိသုကာ လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် တိုးလာခဲ့သည်။
ထို့ကြောင့် ပြန်လည်တည်ဆောက်ရေး အရှိန်အဟုန်က များစွာ မြန်ဆန်သွားခဲ့သည်။
မူလက ချန်ရုံကုသည် ရွာကို ယခင်ပုံစံအတိုင်းသာ ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤဗိသုကာ လမ်းစဉ် အစွမ်းပိုင်ရှင် ရောက်ရှိလာပြီးနောက် ချန်ရုံကု၏ ရည်မှန်းချက်က ပိုမို ကြီးမားလာတော့သည်။
ဒီတစ်ကြိမ်တွင် သူက ရွာကို ခံတပ်ရဲတိုက်ကြီး တစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်ထား၏။
ရွာသူရွာသား အားလုံးကို နေရာပေးနိုင်ပြီး နေ့စဉ် သွားလာလှုပ်ရှားမှုများကိုပါ ထည့်သွင်းစဉ်းစားကာ နေထိုင်နိုင်မည့် ခံတပ်ရဲတိုက်ကြီး တစ်ခု ဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းအားဖြင့် နောင်တစ်ချိန် အခြားသော ထူးဆန်းသည့် အရာများ ဝင်ရောက်တိုက်ခိုက်လာပါက ရွာအနေဖြင့် ထိရောက်သော ကာကွယ်ရေးစနစ် တစ်ခုကို တည်ဆောက်ထားနိုင်မည် ဖြစ်သည်။
ယင်းအတွက်ကြောင့် ချန်းရီနှင့် ချူချယ်တို့ကိုလည်း ရွာ၏ ဒီဇိုင်းပုံစံများကို လေ့လာကြည့်ရှုရန် အသစ်တည်ဆောက်ထားသော ဘုရားကျောင်းဆီသို့ ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
ဘုရားကျောင်းက တစ်ရွာလုံးတွင် နောက်ဆုံးမှ အသစ်တည်ဆောက်ထားခြင်း ဖြစ်၏။
အသစ်တည်ဆောက်ထားသော ဘုရားကျောင်းသည် ယခင်ကထက် များစွာ ပိုမို ကြီးကျယ်ခမ်းနားနေပြီး ခေါင်မိုးစွန်းများ၊ အမိုးအလှဆင်များဖြင့် တန်ဆာဆင်ထားကာ ခေါင်မိုးပေါ်တွင် အနီရောင် မှန်ကြွေပြားများကိုပင် မိုးထားသေးသည်။
ထိုအနီရောင် မှန်ကြွေပြားများကို မနေ့ညက ရွာသူရွာသားများ နတ်ဆင်ကြီး၏ အောက်ဘက်သို့ ဆင်းကာ သယ်ယူလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
အရင်ဘုရားကျောင်းသည် ခန့်ညားထည်ဝါမှု ရှိသော်လည်း အနည်းငယ်ကြီးမားသော အထပ်တစ်ထပ် အဆောက်အအုံမျှသာ ဖြစ်ကြောင်း သိထားရမည်။
အရင်က ဘုရားကျောင်းကို ကောင်းကောင်းမွန်မွန် မတည်ဆောက်ချင်၍ မဟုတ်ပေ။
ထိုသို့ တည်ဆောက်ရန် စွမ်းဆောင်ရည် မရှိခဲ့သောကြောင့်သာ ဖြစ်သည်။
ယခု မြင်တွေ့နေရသော ဘုရားကျောင်းသည်ပင်လျှင် ဒီဇိုင်းဆွဲထားသည့် ပုံစံ၏ ဆယ်ပုံတစ်ပုံမျှသာ ပြီးစီးသေးခြင်း ဖြစ်၏။
ဤတစ်ကြိမ်တွင် ဘုရားကျောင်းထဲ၌ ဘိုးဘေးဆယ့်ရှစ်ယောက်ကိုသာ ကိုးကွယ်ထားခြင်း မဟုတ်တော့ပေ။
ထိုလူငယ် ဆယ့်ရှစ်ယောက်၏ နာမည်များကိုပါ ထည့်သွင်းထားပြီး ဘိုးဘေးဆယ့်ရှစ်ယောက်နှင့် သီးခြား ခန်းမဆောင် နှစ်ခုခွဲ၍ ထားရှိသည်။
ဘုရားကျောင်းသို့ လာရောက်သူ ရွာသားတိုင်းသည် ကျောက်တိုင်ပေါ်တွင် ထွင်းထုထားသော နာမည်ဆယ့်ရှစ်ခုကို မြင်တွေ့နိုင်မည် ဖြစ်သည်။
ဘုရားကျောင်း၏ ဘေးဘက် ခန်းမဆောင်သို့ ဝင်ရောက်လာခဲ့သည်။
ဤနေရာကို နောင်တွင် ရွာသူကြီး ချန်ရုံကု၏ နေအိမ်အဖြစ် အသုံးပြုမည် ဖြစ်သည်။
ယခုအချိန်၌ ထိုအခန်းထဲတွင် လူများ ပြည့်နှက်နေပြီ ဖြစ်၏။
ချန်းရီက တာအိုဆရာကိုလည်း မြင်လိုက်သည်။
ဘုန်းကြီးကလည်း ချန်းရီကို မြင်သွား၏။
ဘုန်းကြီးနှင့် ချန်းရီတို့၏ အကြည့်များ လေထဲတွင် ဆုံတွေ့သွားကြသည်။
ဘုန်းကြီး၏ အကြည့်များက အလွန်တရာ နာကြည်းနေပုံရပြီး ချန်းရီက လမ်းစဉ် အဆင့် (၄) ၏ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဆိုးကို သူ့အနားသို့ ဆွဲခေါ်လာခဲ့သည်ကို ယခုတိုင် မှတ်မိနေသေးသည်။
သူ့ကိုယ်သူ လက်သီးတစ်ချက်တည်းနှင့် လွင့်စင်သွားခဲ့ရပြီးနောက်...
ဒီလူက "ဒီလောက်တောင် အသုံးမကျဘူးလား" ဟုပင် ပြောခဲ့သေးသည် မဟုတ်ပါလော။
ထိုစကားကြောင့် ဘုန်းကြီးသည် သီလပင် ကျိုးပေါက်ခဲ့ရသည်။
ထိုစကားကို ဘုန်းကြီးက ယခုရက်ပိုင်း ညဘက် မျက်လုံးမှိတ်လိုက်တိုင်း ပြန်လည် ကြားယောင်နေမိဆဲ ဖြစ်၏။
ထိုဆိုးရွားလှသော လူက သူ့နားထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောနေသကဲ့သို့ပင်။
ချန်းရီက သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်ပြီး အနည်းငယ် အားနာသွားမိသည်။
ထိုအချိန်က မည်သည့် မကောင်းသော ရည်ရွယ်ချက်မှ မရှိခဲ့ပေ။
ပါးစပ်မှ ရုတ်တရက် လွတ်ခနဲ ထွက်သွားရုံမျှသာ ဖြစ်၏။
ချန်းရီသည် ထောင့်ကျကျ နေရာတစ်ခုကို ရှာကာ ဝင်ထိုင်လိုက်ပြီး ဘုန်းကြီးနှင့် အနည်းငယ် ဝေးဝေးနေလိုက်သည်။
အလယ်ဗဟို လွတ်နေသော နေရာတွင် သုံးဘက်မြင် ပုံရိပ်ယောင်တစ်ခု ရှိနေသည်။
ချန်းရီ တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းမှာ နတ်ဆင်ရွာ ပြန်လည်တည်ဆောက်ရေး ဒီဇိုင်းပုံစံ ဖြစ်ကြောင်း နားလည်သွား၏။
လူတိုင်းက ထိုပုံရိပ်ယောင်နှင့် ပတ်သက်၍ မိမိတို့၏ အမြင်များကို ထုတ်ဖော် ပြောဆိုနေကြသည်။
ထို့နောက် ထို သုံးဘက်မြင် ဒီဇိုင်းပုံစံက စတင် ပြောင်းလဲလာတော့သည်။
ထိုအချိန်အတွင်း ပိန်ပိန်ပါးပါး ရွာသားအချို့၏ ပြောဆိုဆွေးနွေးမှုများက သာမန်မဟုတ်ကြောင်း တွေ့ရပြီး အနည်းငယ် စုံစမ်းကြည့်လိုက်မှသာ သိလိုက်ရသည်။
ထိုလူများသည် ကမ္ဘာပျက်ကပ် မတိုင်မီက ဒီဇိုင်းကျောင်းမှ ကျောင်းသားများ သို့မဟုတ် ဒီဇိုင်းကုမ္ပဏီမှ ဝန်ထမ်းများ ဖြစ်နေသည်။
ချန်းရီသည် ပြန်လည်တည်ဆောက်ထားသော သုံးဘက်မြင် ပုံရိပ်ယောင်ကို ကြည့်ကာ တစ်ခဏမျှ ဘာပြောရမှန်း မသိဖြစ်သွားသည်။
သူ့ရှေ့ရှိ ဒီဇိုင်းပုံစံက အလွန်တရာ ခမ်းနားကြီးကျယ်လွန်းလှပြီး ရွာ၏ ပထမဆင့် တစ်ခုလုံးကို စိုက်ပျိုးရေးစခန်းအဖြစ် ပြောင်းလဲထားသည်။
စိုက်ပျိုးရေးစခန်း တစ်ခုလုံးသည် နတ်ဆင်ကြီး၏ ကျောဘက် အရိုးများနှင့် ကြွက်သားများ၏ အနိမ့်အမြင့်အတိုင်း လှေကားထစ် စိုက်ခင်းများအဖြစ် ဖွဲ့စည်းထား၏။
တစ်ခါတစ်ရံ အနားယူရန်အတွက် အမိုးပါသော အနားယူဆောင် နှစ်ခုကိုပင် တွေ့ရသေးသည်။
ဒုတိယအဆင့်နှင့် အထက်တွင်မှသာ ရွာသူရွာသားများ နေထိုင်မည့် နေရာ ဖြစ်သည်။
ထိုအထဲတွင် ကျောင်းများ၊ ဆေးရုံများနှင့် အခြားသော အဆောက်အအုံများကိုပါ ထည့်သွင်း ဒီဇိုင်းဆွဲထားသေး၏။
အဆောက်အအုံ တစ်ခုလုံး၏ ဒီဇိုင်းပုံစံမှာ ရိုးရာ အဆောက်အအုံပုံစံ ဖြစ်ပြီး ဤဒီဇိုင်းအတိုင်း တကယ်သာ နတ်ဆင်ရွာကို တည်ဆောက်မည်ဆိုပါက ကမ္ဘာပျက်ကပ် မတိုင်မီကပင်လျှင် သေးငယ်သော ပရောဂျက်တစ်ခုတော့ မဟုတ်ပေ။
လွန်ခဲ့သော ရက်အနည်းငယ်ကသာဆိုလျှင် ဤကဲ့သို့သော စီမံကိန်းမျိုးမှာ လုံးဝ မဖြစ်နိုင်ပေ။
သို့သော် နတ်ဆင်ရွာတွင် ရှဲ့ဟွေ ဟုခေါ်သော အထောက်အကူပြု လမ်းစဉ်ပိုင်ရှင် တစ်ယောက် တိုးလာခဲ့သည်။
သဘာဝလွန်လမ်းစဉ် တိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် ထူးခြားဆန်းကြယ်မှုများ ရှိကြသည်။
သူ့အနေဖြင့် ယခုအချိန်တွင် ဤစီမံကိန်းကို အပြည့်အဝ အကောင်အထည် မဖော်နိုင်သေးသော်လည်း၊ ပိုမိုမြင့်မားသော လမ်းစဉ်အဆင့်များသို့ ရောက်ရှိလာပါက မဖြစ်နိုင်စရာ အကြောင်းမရှိပေ။
မနေ့က ချန်းရီသည် ဤနိုးကြားခါစ အစွမ်းပိုင်ရှင်လေးက ပစ္စည်းကိရိယာ အပြည့်အစုံ ရှိနေသည့် အခြေအနေတွင် နာရီဝက်အတွင်း ခိုင်ခံ့သော လူနေအိမ်တစ်လုံးကို တည်ဆောက်နိုင်ခဲ့သည်ကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။
ထိုဖြစ်စဉ် တစ်ခုလုံးမှာ ထူးခြားဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေ၏။
အကယ်၍ သူသာ ဤကဲ့သို့ ဧရာမ အံ့ဖွယ် အဆောက်အအုံကြီးကို တည်ဆောက်နိုင်ခဲ့မည် ဆိုပါက...
ရှဲ့ဟွေ ၏ နာမည်သည် လူတိုင်း၏ ရင်ထဲတွင် သေချာပေါက် ကမ္ပည်းတင်ကျန်ရစ်မည် ဖြစ်ပြီး၊ ကမ္ဘာပျက်ကပ်ကြီး ပြီးဆုံးသွားလျှင်တောင် အစွမ်းပိုင်ရှင် လမ်းစဉ် သမိုင်းတစ်လျှောက်တွင် သူ၏ နာမည် ကျန်ရစ်နေမည်မှာ အသေအချာပင်။
အချိန်တွေက မြန်ဆန်စွာ ကုန်လွန်သွားသည်။
နတ်ဆင်ရွာ၏ နောက်ဆုံးနေ့ရက်တွင် "စွမ်းအင်စုပ်ယူကျင့်စဉ်" သည် နောက်ဆုံးတွင် အဆင့်မြှင့်တင်မှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
"စွမ်းအင်စုပ်ယူကျင့်စဉ်" ၏ အကျိုးသက်ရောက်မှုကို စမ်းသပ်ကြည့်ရန် အချိန်ပင် မရလိုက်ပေ။
ယာဉ်တန်းကြီး ထွက်ခွာရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
...
လူများစွာက နတ်ဆင်ကြီး၏ ပခုံးစွန်းရှိ ချောက်ကမ်းပါးထက်တွင် ရပ်နေကြသည်။
ရွာသူရွာသားများနှင့် ယာဉ်တန်းရှိ လူများက နှစ်ဖက် ခွဲရပ်နေကြ၏။
ကောင်းကင်မှ တစ်ဖွဲဖွဲ ကျဆင်းနေသော မိုးရေများကလည်း ယခုထိ ရပ်တန့်မသွားသေးပေ။
လူအများ၏ အဝတ်အစားများနှင့် ဆံပင်များက စိုရွှဲနေသည်။
သို့သော် မည်သူကမျှ အရေးမစိုက်ကြပေ။
ဤမျှကာလပတ်လုံး အတူတကွ ဒုက္ခခံခဲ့ကြပြီးနောက် ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူများနှင့် နတ်ဆင်ရွာမှ ရွာသူရွာသားများမှာ အတော်လေး ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်သည်။
နောက်ပိုင်းတွင် ထိုကဲ့သို့သော ကိစ္စမျိုးသာ မဖြစ်ပွားခဲ့လျှင် အချို့သော အသက်ရှင်ကျန်ရစ်သူများမှာ နတ်ဆင်ရွာမှ ထွက်မသွားချင်ဘဲ ကျန်ရစ်နေခဲ့ချင်ကြပေလိမ့်မည်။
သေချာသည်မှာ ရွာကို ဝိညာဉ်ဆိုးများ ဝင်ရောက်တိုက်ခိုက်သည့် ကိစ္စ ဖြစ်ပွားခဲ့သော်လည်း အချို့သော အသက်ရှင်ကျန်ရစ်သူများက နေရစ်ခဲ့ချင်ကြသေး၏။
သို့သော် ရွာသူကြီးကမူ သဘောမတူခဲ့ပေ။
ဒီတစ်ကြိမ် ရွာကို ဝင်ရောက်တိုက်ခိုက်ခံရခြင်းသည် ရွာတွင် လူတွေ များပြားလွန်းနေသဖြင့် ထူးဆန်းသည့် အရာများ၏ အာရုံစိုက်မှုကို ခံရကာ ယခုကဲ့သို့ တိုက်ခိုက်ခံရခြင်း ဖြစ်နိုင်သည်ဟု ချန်ရုံကုက ယူဆထားသောကြောင့် ဖြစ်သည်။
"ဒီတစ်ခါတော့ တကယ် ကျေးဇူးတင်ပါတယ်ဗျာ... ခင်ဗျားတို့သာ မရှိရင် နတ်ဆင်ရွာဆိုတာ ရှိတော့မှာ မဟုတ်ဘူး"
"ရွာသူကြီး... ကျွန်တော်တို့ မရှိရင်တောင်မှ နတ်ဆင်ရွာက ပျက်စီးသွားမှာ မဟုတ်ပါဘူး... ခင်ဗျား လည်းသိပါတယ်"
ချူချယ်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
ချန်ရုံကု၏ မျက်နှာက ပြောင်းလဲမသွားပေ။
"မင်း ရိပ်မိသွားတဲ့ပုံပဲ... ငါ စဉ်းစားလို့ကို မရဘူး... မင်းက ငါ ပြောတာတွေကို အမြဲတမ်း ခိုးနားထောင်နေသလိုပဲ ခံစားနေရတယ်"
ချူချယ် မျက်နှာသေသွားပြီးနောက် ချက်ချင်း ဟန်လုပ်ကာ ရယ်မောလိုက်သည်။
"ရွာသူကြီး... ခင်ဗျားစကားကလည်းဗျာ... လူတိုင်းက အရူးတွေမှ မဟုတ်တာ"
"ဟားဟားဟား... ထားလိုက်ပါတော့... လူတိုင်းမှာ ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိကြတာချည်းပါပဲ... လျှို့ဝှက်ချက် မရှိတဲ့လူဆိုတာ ကမ္ဘာပျက်ကပ်မှာ အသက်ရှင်ဖို့ မလွယ်ဘူးလေ"
"ဒါပေမဲ့ ချူချယ်... မင်း ငါ့စကားတွေကို ဘယ်လိုနည်းနဲ့ ခိုးနားထောင်နေလဲ မသိပေမဲ့... မင်း လုံးဝမသိနိုင်တဲ့ ကိစ္စနှစ်ခုတော့ ရှိတယ်"
ရွာသူကြီးက သူ၏ ခေါင်းကြီးကို ခါယမ်းရင်း အနည်းငယ် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။
"ဘာအဓိပ္ပာယ်လဲ"
ချူချယ်က ဆက်မေးလိုက်သည်။
"ကိစ္စနှစ်ခု... တစ်ခုက မြို့ပြဆီ ပြန်လည်ဝင်ရောက်ရေး စီမံကိန်းပဲ"
"အစွမ်းပိုင်ရှင် တစ်စုက လူတွေကို စုစည်းပြီး မြို့ထဲကို ပြန်သွားဖို့ စီစဉ်နေကြတယ်"
ဤသတင်းကို ကြားလိုက်ရသဖြင့် ချန်းရီတို့အားလုံး လှမ်းကြည့်လာကြသည်။
မြို့ပြဆီ ပြန်လည်ဝင်ရောက်မယ်။
မြို့ပြ...။
ဒါက...။
ဒီစကားလုံးကို ကြားလိုက်ရသည်မှာ အတိတ်ဘဝက ကိစ္စတစ်ခုလိုပင် ခံစားလိုက်ရသည်။
"ငါ ဘယ်လိုသိလဲဆိုတာတော့ မမေးနဲ့... ငါ့မှာလည်း ငါ့ရဲ့ သတင်းလမ်းကြောင်းနဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်"
ချူချယ်က အားနာနာဖြင့် ရယ်မောလိုက်ပြီးနောက် အလျင်အမြန် မေးလိုက်သည်။
"ဘယ်မြို့လဲ... ဘယ်သူတွေ ပါလဲ"
ချန်ရုံကုက ခေါင်းခါပြလိုက်သည်။
"မသိဘူး... သူတို့ စီစဉ်နေတယ် ဆိုတဲ့ သတင်းကိုပဲ ကြားတာ... ပိုသိချင်ရင်တော့ မင်းဘာသာ စုံစမ်းမှပဲ ရမယ်"
"မင်း သတင်းပိုရလာရင် နောက်တစ်ခေါက် တွေ့တဲ့အခါ ငါ့ကိုလည်း ပြောပြဦး"
ဒီသတင်းကြောင့် လူတိုင်း အနည်းငယ် တွေဝေသွားကြသည်။
"ဒါဆို ဒုတိယကိစ္စကရော"
"ဒဏ္ဍာရီလာ အိုအေစစ်... မင်းတို့ အဲဒီနေရာ အကြောင်း ကြားဖူးလား"
ဒဏ္ဍာရီလာ အိုအေစစ်၊ ဤအမည်ကို လွန်ခဲ့သော အချိန်များက တစ်စုံတစ်ယောက် ပြောခဲ့ဖူးသလို ကြားဖူးနေသည်။
"အရင်တုန်းက ငါတို့ ယာဉ်တန်းတစ်ခုနဲ့ ဆုံခဲ့ဖူးတယ်... သူတို့က ဒဏ္ဍာရီလာ အိုအေစစ်ကို သွားရှာကြမလို့တဲ့... သူတို့ပြောတာကတော့ ဒဏ္ဍာရီလာ အိုအေစစ်မှာ လုံလောက်တဲ့ အစားအသောက်တွေ ရှိတယ်... ပြီးပြည့်စုံတဲ့ ဆေးဝါးကုသမှုတွေ ရှိတယ်... ပစ္စည်းတွေလည်း ပေါများတယ်တဲ့"
"အဲဒီနေရာက ကမ္ဘာပျက်ကပ် မတိုင်ခင်ကလိုပဲ သာယာတယ်တဲ့"
"တကယ်ပြောရရင်... အဲဒီတုန်းက ဒီလိုနေရာမျိုး ရှိသေးတယ်လို့ ကြားတော့ ငါလည်း မယုံခဲ့ဘူး... အခုက ကမ္ဘာပျက်ကပ်ရောက်နေပြီလေ... အဲဒီလိုနေရာမျိုး တကယ်ရှိရင်တောင် ဟိုထူးဆန်းတဲ့ အရာတွေက ရောက်လာပြီးနေလောက်ပြီ"
"ဒါပေမဲ့ သူတို့ပြောတာက တကယ်လိုလိုပဲ... ငါလည်း ချက်ချင်း အတည်မပြုနိုင်ခဲ့ဘူး"
"မင်းတို့က နေရာအနှံ့ သွားနေကြတာဆိုတော့... သတင်းတစ်ခုခု ကြားရနိုင်လို့ ငါက ပြောပြတာပါ"
"ကဲ... အချိန်လည်း မစောတော့ဘူး... မင်းတို့လည်း သွားသင့်ပြီ"
ထိုအချိန်မှာပင် နတ်ဆင်ကြီး၏ နှာမောင်းက သူတို့ထံသို့ ရောက်ရှိလာခဲ့သည်။
လူတိုင်းက အချင်းချင်း နှုတ်ဆက်လိုက်ကြ၏။
ကိုယ်စီ ကားများပေါ်သို့ ပြန်တက်သွားကြပြီး မိုးပေါက်များက ကားအမိုးပေါ်သို့ ကျဆင်းကာ တဒေါက်ဒေါက် မြည်သံများကို ဖန်တီးနေသည်။
ကားများကို တစ်လမ်းမောင်းလမ်းနှင့်တူသော ဆင်နှာမောင်းပေါ်သို့ မောင်းနှင်သွားကြသည်။
နတ်ဆင်ရွာမှ ရွာသူရွာသားများက ယာဉ်တန်းရှိ လူများအား လက်ပြနှုတ်ဆက်နေကြ၏။
အချို့သော ရွာသားများ၏ မျက်လုံးများမှာ နီရဲနေကြပြီ ဖြစ်သည်။
ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင်...
ယနေ့ တွေ့ဆုံရခြင်းသည် နောက်ဆုံးအကြိမ်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ဆက်ရန်...