အခန်း ၂၄၇
Vol. 13 Ch. 247
အပိုင်း(၂၄၇) သွားရမယ့်အချိန်ရောက်ပြီ
တဖွဲဖွဲ ကျဆင်းနေသော မိုးရေစက်များအောက်တွင်။
ယာဉ်တန်းရှိ လူအားလုံးက ကုန်းမြေပေါ်သို့ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
ဤကုန်းမြေပေါ်တွင် တစ်ဖန်ပြန်လည် ရပ်တန့်လိုက်ရချိန်၌ သူတို့၏ စိတ်ထဲတွင် ခဏတာမျှ တွေဝေမိန်းမောသွားသကဲ့သို့ ခံစားလိုက်ကြရ၏။
လွန်ခဲ့သော နေ့ရက်များက လက်တစ်ကမ်းတွင် ဖမ်းဆုပ်နိုင်လောက်အောင် နီးကပ်နေခဲ့သည့် တိမ်ဖြူနှင့် တိမ်မည်းများသည် ယခုအချိန်တွင်မူ သူတို့နှင့် အလွန်တရာ ဝေးကွာသွားသယောင် ထင်ရသည်။
နတ်ဆင်ကြီး၏ ကျောပေါ်တွင် ပုရွက်ဆိတ်လေးများပမာ သေးငယ်သော လူများက သူတို့အား လက်လှမ်းပြနေသည်ကို ဝိုးတဝါး မြင်တွေ့နေရဆဲပင်။
မကြာမီမှာပင် မြင်ကွင်းမှ ပျောက်ကွယ်ကာ အဝေးသို့ ရောက်ရှိသွားလေတော့သည်။
နတ်ဆင်ကြီး၏ ခြေလှမ်းများက ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရစဉ်ကကဲ့သို့ပင် အလျင်စလိုမရှိဘဲ ဖြည်းဖြည်းမှန်မှန်သာ ရှိနေခဲ့သည်။
သို့သော် တကယ့်လက်တွေ့တွင် နတ်ဆင်ကြီး၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်လှပြီး ၎င်း၏ လှုပ်ရှားမှုများကသာ နှေးကွေးနေသကဲ့သို့ ထင်ရခြင်း ဖြစ်၏။
အချိန်တိုအတွင်းမှာပင် နတ်ဆင်ကြီးသည် သူတို့၏ မြင်ကွင်းထဲတွင် တဖြည်းဖြည်း သေးငယ်သွားကာ နောက်ဆုံး၌ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ယာဉ်တန်းအဖွဲ့ဝင် တစ်ယောက်က ချူချယ်ကို မေးခွန်းတစ်ခု မေးခဲ့ဖူးသည်။
အဘယ်ကြောင့် ယာဉ်တန်းနှင့် နတ်ဆင်ကြီးရွာက တစ်ပေါင်းတည်း မပေါင်းစည်းနိုင်ခဲ့သနည်း ဆိုသည့် မေးခွန်းပင်။
ထိုသို့ ပေါင်းစည်းလိုက်မည်ဆိုပါက အင်အားများ ပိုမို ကြီးမားလာမည် မဟုတ်ပါလော။
ဤမေးခွန်းနှင့် ပတ်သက်၍ ချူချယ်က ရှားရှားပါးပါးပင် အဖြေတစ်ခု ပေးခဲ့လေသည်။
ပထမအချက် - နတ်ဆင်ကြီးရွာ၏ ရိက္ခာထောက်ပံ့နိုင်စွမ်းမှာ အလွန် အားနည်းလှပြီး တွက်ချက်မှုများအရ ရွာတစ်ခုလုံးသည် လူငါးရာခန့်အတွက်သာ ရိက္ခာဖူလုံအောင် ထောက်ပံ့ပေးနိုင်သည်။
ယခင်က နတ်ဆင်ကြီးရွာတွင် လူတစ်ထောင်ခန့် ရှိခဲ့သဖြင့် ၎င်းသည်ပင် သတ်မှတ်ပမာဏထက် များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် ရွာ၌ လူခုနစ်ရာခန့်သာ ကျန်ရှိတော့သော်လည်း ရိက္ခာများမှာ အလွန်တရာ ပြတ်လပ်နေဆဲပင်။
တာအိုဆရာနှင့် ဗုဒ္ဓဘာသာဘုန်းကြီးတို့က ရိက္ခာများကို အကြိမ်ကြိမ် သွားရောက်ရှာဖွေခဲ့သော်လည်း ရွာတစ်ရွာလုံးအတွက် လုံလောက်အောင် မထောက်ပံ့နိုင်ခဲ့ပေ။
ဒုတိယအချက် - လူဦးရေ များပြားလာလေလေ၊ ထူးဆန်းသည့် အရာများကို ပိုမို ဆွဲဆောင်နိုင်လေလေ ဖြစ်သည်။ ယခုတစ်ကြိမ် ဝိညာဉ်ဆိုးများ ရွာကို ဝင်ရောက်တိုက်ခိုက်ခြင်းက ဤအချက်ကို အကောင်းဆုံး သက်သေပြနေသည်။
တတိယအချက် - အကယ်၍ ဤယာဉ်တန်းကို လက်ခံလိုက်မည်ဆိုပါက နောက်ထပ် တွေ့ဆုံရမည့် ယာဉ်တန်းများကိုရော လက်ခံမည်လား၊ လက်မခံဘူးလား။ ထိုသို့သာဆိုလျှင် နတ်ဆင်ကြီးရွာရှိ လူဦးရေမှာ တဖြည်းဖြည်း ပိုမို များပြားလာပေလိမ့်မည်။
ထိုအခါ ရွာတစ်ခုလုံးသည် ဝန်မခံနိုင်တော့ဘဲ ပြိုကွဲပျက်စီးသွားရပေမည်။
စတုတ္ထအချက် - ကြက်ဥအားလုံးကို ခြင်းတောင်းတစ်လုံးတည်းထဲတွင် စုမထည့်သင့်ပေ။
ပဉ္စမအချက် - ...
အကြောင်းပြချက်များက အလွန်တရာ များပြားလွန်းလှ၏။
နှစ်ဖွဲ့ ပေါင်းစည်းလိုက်ခြင်း၏ ကောင်းကျိုးထက် ဆိုးကျိုးက ပိုမိုများပြားနေသည်မှာ သိသာထင်ရှားလှသဖြင့် လူတိုင်းက ထိုအတွေးကို လက်လျှော့လိုက်ကြတော့သည်။
...
ချန်းရီက ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။
ယခု သူတို့ ရောက်ရှိနေသော နေရာမှာ အလွန်တရာ ထူထပ်ပိတ်ဖုံးနေသော သစ်တောကြီး တစ်ခုထဲတွင် ဖြစ်သည်။
သူတို့ရှေ့တွင် ပျက်စီးယိုယွင်းနေသော ကားလမ်းမကြီး တစ်ခုရှိပြီး ထိုလမ်းပေါ်တွင် ကားများ ဖြတ်သန်းသွားလာခြင်း မရှိသည်မှာ ကြာမြင့်နေပြီဖြစ်၍ လမ်းမျက်နှာပြင် တစ်ခုလုံးတွင် ရေညှိများ ဖုံးလွှမ်းနေလေသည်။
အမည်မသိ တောရိုင်းမြက်ပင်အချို့ကလည်း မြေကြီးထဲမှ ထိုးထွက်နေကြပြီး လမ်းမျက်နှာပြင်ပေါ်ရှိ အက်ကွဲကြောင်းများမှာ ပင့်ကူအိမ်သဖွယ် အရပ်မျက်နှာ အနှံ့အပြားသို့ ဖြာထွက်နေကြ၏။
လူသားများ၏ လှုပ်ရှားသွားလာမှုများ ကင်းမဲ့သွားပြီးနောက် တစ်နှစ်ခန့် အချိန်ကာလအတွင်းမှာပင် ဤကုန်းမြေကြီးသည် ကြီးမားစွာ ပြောင်းလဲသွားခဲ့ချေပြီ။
လေထုထဲတွင်မူ လူကို လန်းဆန်းကြည်နူးစေသော သန့်စင်သည့် လေနုအေးများဖြင့် ပြည့်နှက်နေသည်။
လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် မြင့်မားသော သစ်ပင်ကြီးများ ပေါက်ရောက်နေပြီး ထိုသစ်ပင်များမှာ မည်သည့်အပင်မျိုး ဖြစ်ကြောင်းကို ချန်းရီ လုံးဝ မသိရှိပေ။
သစ်တော၏ အနက်ပိုင်းတွင်မူ မြူခိုးပါးပါးလေးများ ဖုံးလွှမ်းနေပြီး ၎င်းမှာ မြူခိုးမြို့ကြီး၏ ထူးဆန်းကျောချမ်းဖွယ်ကောင်းသော၊ လျှို့ဝှက်ဆန်းကြယ်သော မြူခိုးများနှင့်မူ လုံးဝ မတူညီပေ။
အဝေးမှ မြင်နေရသော ထိုမြူခိုးပါးပါးများမှာ သာမန် သဘာဝ ရာသီဥတု အခြေအနေအရ ဖြစ်ပေါ်နေခြင်းသာ ဖြစ်ပုံရ၏။
အကယ်၍ ဤရှုခင်းသာ ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် အင်တာနက်ပေါ်တွင် နာမည်ကြီးသည့် အပန်းဖြေ ဓာတ်ပုံရိုက်ကူးရာ နေရာတစ်ခု ဖြစ်လာနိုင်ပြီး ခရီးသွား ဓာတ်ပုံဆရာ အမြောက်အမြားပင် လာရောက်ကြပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ...
ချန်းရီ၏ စိတ်ထဲတွင် ကြိုတင် မခန့်မှန်းနိုင်သော အန္တရာယ်များနှင့် ထူးဆန်းသည့် အရာများကိုသာ ခံစားနေရသည်။
"ကဲ... အားလုံးပဲ... ပြင်ဆင်စရာရှိတာ မြန်မြန် ပြင်ဆင်ကြ... ကျွန်တော်တို့လည်း ထွက်ခွာရတော့မယ်"
ရွှီနန်က အသံချဲ့စက်ကို ကိုင်ကာ ယခင်က ဦးလေးအားပေါင်ကဲ့သို့ပင် အားလုံးကို ကားပေါ်တက်ရန် လိုက်လံ သတိပေးနေသည်။
အသက်ရှင်ကျန်ရစ်သူများက နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စုဖြင့် ပြင်ဆင်မှုများကို စတင် ပြုလုပ်လာကြ၏။
အချို့က ကားများကို သွားရောက် စစ်ဆေးကြသည်။
အချို့က ကားပေါ်ရှိ ရိက္ခာပစ္စည်းများကို သေချာစွာ ချည်နှောင်ထားခြင်း ရှိမရှိ စစ်ဆေးကြသည်။
နတ်ဆင်ကြီးရွာတွင် ကပ်ဘေးဆိုး ကျရောက်ပြီးနောက် ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူ အချို့လည်း သေဆုံးသွားခဲ့ကြသည်။
ထို့ကြောင့် ယခုအခါ ထယ်ရှီး၏ ကျောင်းကားပေါ်တွင် လူပို၍ပင် နည်းပါးသွားခဲ့ပြီ ဖြစ်သည်။
ထယ်ရှီးက လူများကို နှုတ်ဆက်ပြီးနောက် ကားပေါ်သို့ တက်ကာ တိုက်ရိုက် အိပ်ရာဝင်သွားလေတော့သည်။
သူ၏ ဒဏ်ရာများမှာ ယခုအချိန်အထိ အပြည့်အဝ ပျောက်ကင်းသွားခြင်း မရှိသေးပေ။
ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ ပြန်လည် ကောင်းမွန်လာစေရန်အတွက် ကောင်းစွာ အနားယူရန် အလွန် လိုအပ်နေသည်။
ကျိုးရှောင်ရှောင်က တင်းတုံ၏ ညွှန်ကြားမှုအောက်တွင် ပျိုးပင်အားလုံးကို ဂရုတစိုက် စစ်ဆေးနေ၏။
မနေ့က အာလူးနှင့် ဆလတ်ပင်များ နောက်တစ်သုတ် ထပ်မံ ရင့်မှည့်လာခဲ့ပြီး အရည်အသွေးမီသော မျိုးစေ့အသစ်များကို ထပ်မံ စိုက်ပျိုးထားခဲ့ပြီ ဖြစ်သည်။
ထိုနေ့က တင်းတုံသည် ပါမောက္ခလျှိုကို အသက်စွန့်ကာ ကာကွယ်ပေးခဲ့ခြင်းကြောင့် ဤကဲ့သို့သော အကျိုးကျေးဇူးများကို ရရှိခဲ့ခြင်း ဖြစ်သည်။
ပါမောက္ခလျှိုက ဤမျိုးစေ့ နှစ်မျိုးနှင့် ပတ်သက်၍ သူ သိရှိထားသမျှ ဗဟုသုတ အားလုံးကို အကုန်အစင် သင်ကြားပေးခဲ့သဖြင့် ဤပျိုးပင်များနှင့် ပတ်သက်၍ တင်းတုံ၏ နားလည်တတ်ကျွမ်းမှုမှာ ယာဉ်တန်းတစ်ခုလုံးတွင် ပထမအဆင့်ဟုပင် ဆိုနိုင်သည်။
တင်းတုံသည် ဤပျိုးပင်များကို သူမ၏ မျက်လုံးများကဲ့သို့ပင် အလွန်တရာ အလေးထား တန်ဖိုးထားလေသည်။
နေ့စဉ်နေ့တိုင်း အကြိမ်များစွာ သေချာစွာ စစ်ဆေးလေ့ရှိသည်။
သေချာသည်မှာ ဤပျိုးပင်များကို အထူး တာဝန်ယူ စောင့်ရှောက်ရသူများမှာ ကျိုးရှောင်ရှောင်နှင့် တင်းတုံ နှစ်ယောက်တည်းသာ မဟုတ်ပေ။
ယာဉ်တန်းတွင် လုပ်သားအင်အား လုံလောက်စွာ ရှိနေပြီး ထိုအထဲမှ သတိထား လုပ်ဆောင်တတ်သော အသက်ရှင်ကျန်ရစ်သူ အချို့ကိုလည်း တင်းတုံ၏ ညွှန်ကြားမှုကို နာခံရန် တာဝန်ပေးအပ်ထားသည်။
တင်းတုံက လူများကို ခိုင်းစေကာ ပျိုးပင်များကို ကားနောက်ခန်းထဲမှ သယ်ထုတ်ခိုင်းပြီး ပန်းအိုးများ အားလုံးကို ကားဘေးတစ်ဖက်တစ်ချက်စီတွင် သေချာစွာ တပ်ဆင် ချည်နှောင်ထားစေသည်။
ယခင်က နတ်ဆင်ကြီး၏ နှာမောင်းပေါ်မှ ဆင်းလာစဉ်က တင်းတုံသည် ဤစိုက်ပျိုးထားသော ပန်းအိုးများ အားလုံးကို ကားနောက်ခန်းထဲသို့ သယ်ယူသိမ်းဆည်းထားရန် လူများကို ညွှန်ကြားခဲ့သည်။
ယခုအခါ နေရောင်ခြည် ရရှိစေရန်အတွက် ပြန်လည် ထုတ်ယူလာခဲ့ခြင်း ဖြစ်သည်။
ပါမောက္ခလျှို၏ ပြောကြားချက်အရ ဤပျိုးပင်များကို နေရောင်ခြည် များများရရှိစေခြင်းက ၎င်းတို့၏ ကြီးထွားနှုန်းကို ပိုမို မြန်ဆန်စေပြီး မျိုးကောင်းမျိုးသန့် ရရှိနိုင်မှုကိုလည်း မြင့်တက်လာစေသည်ဟု ဆိုသည်။
ဤပန်းအိုးများကို အထူး ပြုပြင်မွမ်းမံထားသဖြင့် ကားမောင်းနှင်နေစဉ်အတွင်း မြေကြီးများ ဖိတ်ကျခြင်း သို့မဟုတ် ဘေးသို့ လဲကျသွားခြင်းမျိုး ဖြစ်မည်ကို စိုးရိမ်စရာ မလိုပေ။
အကယ်၍ ထိုသို့သော အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့လျှင်ပင် တင်းတုံက အချိန်မီ ပြုပြင်ထိန်းသိမ်းပေးမည် ဖြစ်သည်။
ယာဉ်တန်း၏ ဆောင့်ခုန်လှုပ်ရှားမှုများက ဤမျိုးစေ့များအတွက် ကြီးမားသော ပြဿနာတစ်ရပ် မဟုတ်ပေ။
ပါမောက္ခလျှို၏ ပြောကြားချက်အရ ဤမျိုးစေ့များ၏ ရှင်သန်နိုင်စွမ်းမှာ အလွန် အားကောင်းလှပြီး တမင်တကာ ဖျက်ဆီးခြင်းမျိုး မဟုတ်ပါက ပုံမှန် အခြေအနေများတွင် ၎င်းတို့၏ ရှင်သန်နိုင်မှုအတွက် စိုးရိမ်စရာ မရှိဟု ဆိုသည်။
မျိုးကောင်းမျိုးသန့် ရရှိနိုင်မှုနှင့် ရင့်မှည့်မည့် အချိန်ကာလ အပေါ်တွင်သာ အနည်းငယ် သက်ရောက်မှု ရှိနိုင်ပေသည်။
ကျန်းယန်ဖင်းဟု ခေါ်သော ရင့်ကျက်သည့် အမျိုးသမီးမှာ နတ်ဆင်ကြီးရွာတွင် ကျန်ရစ်ခဲ့သည့် လူနှစ်ယောက်အနက်မှ တစ်ယောက် ဖြစ်သည်။
အခြားတစ်ယောက်မှာ အစ်မဖန်း ဆိုသူဖြစ်ပြီး သူမလည်း နတ်ဆင်ကြီးရွာတွင် ကျန်ရစ်ခဲ့သည်။
ဤနာမည်ကို ကြားလိုက်ရလျှင် စိမ်းနေကောင်း စိမ်းနေပေလိမ့်မည်။
သို့သော် သူမသည် ချန်းရီကို လူကောင်းတစ်ယောက်အဖြစ် တစ်ဦးတည်းသော ထင်မှတ်ခဲ့သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးဟု ပြောလိုက်လျှင်တော့ သူမ မည်သူဖြစ်ကြောင်းကို ချက်ချင်း သတိရသွားလောက်ပေသည်။
ကိုယ်ဝန်ဆောင် ဖြစ်နေသည့် အခြေအနေကြောင့် ယာဉ်တန်းနှင့်အတူ ပင်ပန်းဆင်းရဲစွာ လိုက်ပါသွားရန် မသင့်တော်တော့သဖြင့် နတ်ဆင်ကြီးရွာတွင်သာ ဆက်လက် နေထိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
မထွက်ခွာမီတွင် ဤကိုယ်ဝန်ဆောင် အမျိုးသမီးက ချန်းရီထံသို့ လာရောက်ကာ ဝမ်းဗိုက်ထဲမှ ကလေးလေးအတွက် နာမည်တစ်ခု ပေးရန် တောင်းဆိုခဲ့သည်။
သူကိုယ်တိုင်ပင် ဤကဲ့သို့ အခွင့်အရေးမျိုး ရရှိလိမ့်မည်ဟု ချန်းရီ တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။
အနည်းငယ် စဉ်းစားပြီးနောက် ကလေးအတွက် 'ကျင့်ရှန်း' ဟူသော နာမည်ကို ပေးလိုက်သည်။
"ကျင့်' ဆိုသည်မှာ ယဉ်ကျေးမှုအဖွဲ့အစည်း၏ နောက်ဆုံးကျန်ရစ်သော မီးတောက်ငယ်လေးကို ကိုယ်စားပြုသည်။
"ရှန်း' ဆိုသည်မှာ ပြာပုံထဲမှ ထွက်ပေါ်လာသော အညွန့်သစ်လေးကို ကိုယ်စားပြုခြင်း ဖြစ်သည်။
ကလေး၏ ဖခင်မှာ လီ မျိုးရိုးဖြစ်ပြီး ယခင်က ရိက္ခာရှာဖွေသည့် ခရီးစဉ်တစ်ခုတွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကလေး၏ နာမည်ကို "လီကျင့်ရှန်း" ဟု မှည့်ခေါ်လိုက်ခြင်း ဖြစ်၏။
ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ အလွန် ဝမ်းသာသွားပြီး ချန်းရီကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုခဲ့လေသည်။
ယခုလက်ရှိ ယာဉ်တန်းတစ်ခုလုံးကို ပေါင်းလိုက်လျှင် လူ (၂၇) ယောက်သာ ကျန်ရှိတော့သည်။
အစွမ်းပိုင်ရှင် ငါးယောက်ကို ဖယ်ထုတ်လိုက်ပါက သာမန် အသက်ရှင်ကျန်ရစ်သူ (၂၂) ယောက်သာ ရှိတော့၏။
သေဆုံးသွားသော အဖော်များနှင့် ပတ်သက်၍ အသက်ရှင်ကျန်ရစ်သူများ၏ ရင်ထဲတွင် ဝမ်းနည်းကြေကွဲနေကြသော်လည်း ဤကဲ့သို့သော ဘဝမျိုးကို သူတို့ ကျင့်သားရနေခြင်း ဖြစ်ပုံရသည်။
လူတိုင်းက ကိုယ့်အလုပ်ကိုသာ ကိုယ် ဆက်လက် လုပ်ဆောင်နေကြသည်။
ချန်းရီက ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို ပုတ်လိုက်ပြီး ကားတံခါးကို ဖွင့်ကာ အထဲသို့ ဝင်ထိုင်လိုက်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ကားကလည်း စက်နှိုးလိုက်ပြီ ဖြစ်သည်။
သို့သော် ယာဉ်မောင်းထိုင်ခုံတွင်မူ မည်သူ့ကိုမျှ မတွေ့ရပေ။
ဤကဲ့သို့သော "လူမပါဘဲ မောင်းနှင်နေသည့်" အခြေအနေကို လူတိုင်းက အသားကျနေကြပြီ ဖြစ်သည်။
(ကားမောင်းတဲ့ကောင်မလေးက ပုပုသေးသေးလေးမို့ လူမပါပဲမောင်းနေသလိုဖြစ်နေတာပါ)
ကျိုးရှောင်ရှောင်နှင့် တင်းတုံ ဆရာတပည့် နှစ်ယောက်က စစ်ဆေးရမည့် အရာအားလုံးကို စစ်ဆေးပြီးစီးသွားပြီ ဖြစ်ပြီး ကားအခြေအနေမှာလည်း ကောင်းမွန်နေသည်။
အကယ်၍ အနည်းငယ်သော ပြဿနာများ ရှိနေခဲ့လျှင်ပင် ယာဉ်တန်း၏ ပြုပြင်ရေးဝန်ထမ်းများက အချိန်မီ စစ်ဆေးတွေ့ရှိနိုင်မည် ဖြစ်၏။
ထယ်ရှီးကမူ ကားထဲတွင် ဟောက်သံပေးကာ အိပ်မောကျနေလေပြီ။
ရွှီနန်နှင့် ရှောင်ဖူတို့က ခေါင်းဆောင်ချူ၏ ကားပေါ်သို့ တက်လိုက်ကြသည်။
ကားကိုယ်ထည်ပေါ်တွင် အနီရောင် ဆေးသုတ်ထားသော "တရားမျှတခြင်း" ဟူသည့် စာလုံးနှစ်လုံးက မျက်စိထဲတွင် ထင်းနေဆဲဖြစ်သည်။
ချန်းရီ၏ ကမ္ဘာပျက်ကပ် ပစ်ကပ်ကားမှာ အလွန်အမင်း ဟောင်းနွမ်းစုတ်ပြတ်နေသော်လည်း ယာဉ်တန်းထဲတွင် အထင်ရှားဆုံးသော ကားတစ်စီး ဖြစ်နေဆဲပင်။
ရေဒီယို စကားပြောစက်ထဲမှ ခေါင်းဆောင်ချူ၏ ရင်းနှီးနေသော အသံက ထပ်မံ ထွက်ပေါ်လာသည်။
"အားလုံးပဲ... သွားရမယ့်အချိန်ရောက်ပြီ"
ဤ "သွားရမယ့်အချိန်ရောက်ပြီ" ဆိုသည့် စကားကို ကြားလိုက်ရသည်နှင့် ချန်းရီ၏ မျက်ခုံးများက ဆတ်ခနဲ လှုပ်သွားသည်။
ယခင်က ချန်းရီသည် မည်သည့်အရာကိုမျှ တားမြစ်ပိတ်ပင်ထားခြင်း မရှိဘဲ လွတ်လပ်စွာ နေထိုင်တတ်သူ တစ်ယောက်ဖြစ်ပြီး အယူသီးသည့် ကိစ္စများကို လုံးဝ ဂရုမစိုက်တတ်သူ ဖြစ်သည်။
သို့သော် ယခုအချိန်ကား ကမ္ဘာပျက်ကပ်ကြီး ဖြစ်နေပေပြီ။
ထူးဆန်းသည့် အရာမျိုးစုံကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီးနောက် အချို့သော ကိစ္စများကို သာမန် ယုတ္တိဗေဒဖြင့် နားလည်နိုင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ချန်းရီသည် ယခုလို စကားမျိုးကို ကြားလိုက်ရချိန်တွင် သူ၏ နားထဲ၌ အလွန် ကသိကအောက် ဖြစ်သွားရသည်။
ချန်းရီက ရေဒီယို စကားပြောစက်ကို ကောက်ကိုင်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။ "ဟေ့လူ... ခေါင်းဆောင်ချူ... မင်း စကားကို သေချာ ရွေးမပြောတတ်ဘူးလား... ဘာ သွားရမယ့်အချိန်ရောက်ပြီလဲ... အသုဘချဖို့ သွားနေတာ ကျနေတာပဲ"
ရေဒီယို စကားပြောစက်ထဲမှ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဒေါသတကြီး အော်ဟစ်သံကလည်း ထွက်ပေါ်လာသည်။
"ခေါင်းဆောင်ချူ... ခရီးစထွက်ပြီလို့ ပြောရမှာလေ... သွားရမယ့်အချိန်ရောက်ပြီ ဆိုတာကြီး မသုံးပါနဲ့... ရှင်က လူကြီးလည်း ဖြစ်နေပြီ... ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်နေပြီးတော့... ပါးစပ်ကနေ နိမိတ်ရှိတဲ့ စကားလေး ဘာလေး မပြောတတ်ဘူးလားရှင့်"
"ဟုတ်တယ်... ဟုတ်တယ်"
ရှောင်ယွီ၏ ကန့်ကွက်လိုက်သည့် အသံလေးကလည်း ထွက်ပေါ်လာသည်။
ဤအရပ်ပုပု၊ ခပ်စွာစွာ မျက်နှာပေးနှင့် ကောင်မလေးကလည်း ဤကဲ့သို့ နိမိတ်မကောင်းသော စကားမျိုးကို လုံးဝ မကြားချင်ပုံရ၏။
ထိပ်ပြောင်ကြီး လောင်လီက မည်သို့မျှ ဝင်မပြောသော်လည်း သူ၏ တိတ်ဆိတ်နေမှုကပင် မကျေနပ်မှုကို ဖော်ပြနေသည်။
တင်းတုံတို့ ဆရာတပည့်၏ ရေဒီယို စကားပြောစက်ဆီမှသာ မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ပေ။
"အဟမ်း... အဟမ်း... အားလုံးပဲ... ခုနက ငါ ပြောတာ မဟုတ်ပါဘူး... ရွှီနန် ပြောတာပါ... သူ့ကို ငါ ဆူထားလိုက်ပါပြီ"
"အဖွဲ့သားရွှီနန်လည်း သူ့အမှားကို သူ သေချာ သဘောပေါက်သွားပါပြီ... အားလုံးကို ဒုက္ခပေးမိတဲ့အတွက် သူ နောင်တရနေပါတယ်"
"နောက်နောင် ဒီလိုအမှားမျိုး ထပ်မလုပ်တော့ဘူးလို့ ငါ ယုံကြည်ပါတယ်"
"ရွှီနန်... အားလုံးကို တောင်းပန်လိုက်ပါဦး"
ရေဒီယို စကားပြောစက်ထဲမှ ရွှီနန်၏ သနားစရာကောင်းသော အသံလေး ထွက်ပေါ်လာသည်။
"အဟမ်း... အဟမ်း... တောင်း... တောင်းပန်ပါတယ်... အားလုံးပဲ"
ချန်းရီက ခေါင်းဆောင်ချူ၏ မျက်နှာကို လုံးဝ မထောက်တော့ဘဲ ရေဒီယို စကားပြောစက်ကို ကိုင်ကာ ထပ်မံ အော်ပြောလိုက်သည်။
"ခေါင်းဆောင်ချူ... မင်းမှာ အရှက် နည်းနည်းလေးတောင် မရှိတော့ဘူးလား"
ဆက်ရန်...