အခန်း ၂၅၁
Vol. 13 Ch. 251
အပိုင်း (၂၅၁) တိရိစ္ဆာန်အသစ်
"အပင်တစ်ပင်လုံးက အမြင့် ၁၀ လက်မခန့် ရှိပြီး ပြင်ပပုံပန်းသဏ္ဌာန်က အဖြူရောင် ပန်းပွင့်ပုံစံ ဖြစ်သည်။ ပုံမှန်ဆိုလျှင် အဖြူရောင် ပန်းဖူးလေးအဖြစ် နေတတ်ပြီး အမဲလိုက်သည့်အခါတွင်မူ ပန်းပွင့်ဖတ်များကို ဖြန့်ကားလိုက်သည်။ ပန်းပွင့်ဖတ်များ၌ သေးငယ်ပြီး ချွန်ထက်သော သွားလေးများ ပါရှိသည်။"
"အန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ အမြစ်များကို မြေကြီးထဲမှ ဆွဲထုတ်ကာ ထွက်ပြေးတတ်သည်။ အမြန်နှုန်းကတော့ လူကြီးတစ်ယောက် လမ်းလျှောက်သည့် အမြန်နှုန်းခန့် ရှိသည်။"
"အုပ်စုလိုက် နေထိုင်တတ်ပြီး ချွန်ထက်သောသွားများတွင် ထုံကျင်စေသည့် အာနိသင် ပါရှိသည်။ ၎င်းတို့ကိုယ်လုံးထက် အဆပေါင်းများစွာ၊ ဆယ်ဆ သို့မဟုတ် အဆရာချီ ကြီးမားသော သားကောင်ကြီးများကို အမဲလိုက်ရသည်ကို နှစ်သက်ကြသည်။"
"မိုးရွာသောနေ့များတွင် ထွက်လာတတ်သည်။"
"အသံက မြွေတစ်ကောင်နှင့် တူသည်။"
"ဇွန်လ ၂၂ ရက်နေ့ မနက်ခင်းတွင် စခန်းမှ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်သည် ဤရွေ့လျားသွားပါသောပန်းပွင့်များ၏ အမဲလိုက်ခြင်းကို ခံလိုက်ရပြီး သေဆုံးသွားခဲ့သည်။"
"တွေ့ရှိသည့်အချိန်တွင် အဆိုပါ အသက်ရှင်ကျန်ရစ်သူ၏ ခန္ဓာကိုယ် တစ်ဝက်ကို ရွေ့လျားသွားပါသောပန်းပွင့်များက မျိုချစားသောက်ထားပြီး ဖြစ်သည်။"
ဒါက ခေါင်းဆောင်ချူက သူ၏ မှတ်စုစာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော အကြောင်းအရာများ ဖြစ်သည်။
ခေါင်းဆောင်ချူသည် ကျွမ်းကျင်သော ရုက္ခဗေဒပညာရှင် တစ်ယောက် မဟုတ်သဖြင့် ဖော်ပြချက်များက အလွန်အမင်း တိကျသေချာနေခြင်း မရှိသော်လည်း သာမန်လူတစ်ယောက်အတွက်မူ ဤသို့ မှတ်တမ်းတင်ထားခြင်းက ပြဿနာတစ်စုံတစ်ရာ မဟုတ်ပေ။
ယခုအချိန်တွင် လူတိုင်းသည် ခေါင်းဆောင်ချူ၏ ရွက်ဖျင်တဲကြီးထဲတွင် စုဝေးနေကြပြီး သူတို့ရှေ့ရှိ သတ္တဝါလေးများကို သိချင်စိတ် ပြင်းပြစွာဖြင့် ကြည့်ရှုနေကြ၏။
ခေါင်းဆောင်ချူ၏ ဤရွက်ဖျင်တဲကြီးသည် မနေ့ညက သူ အိပ်စက်ခဲ့သော နေရာဖြစ်ပြီး အလုပ်လုပ်ရန်နှင့် အနားယူရန် နေရာတစ်ခုအဖြစ်လည်း သတ်မှတ်နိုင်သည်။
အချိန်ရပြီး အခြေအနေ ပေးသရွေ့တော့ ခေါင်းဆောင်ချူက ကားပေါ်တွင် အိပ်စက်ရန် ဆန္ဒမရှိပေ။
လူတိုင်း၏ ရှေ့ရှိ ဖန်ပုလင်းကြည်ကြည်လေးများထဲတွင် ထည့်ထားသည်ကတော့ ခေါင်းဆောင်ချူက ရွေ့လျားသွားပါပန်းပွင့်ဟု အမည်ပေးထားသော သတ္တဝါလေးများပင် ဖြစ်သည်။
ဤဖန်ပုလင်းများထဲမှ အချို့မှာ ယခင်က လောင်ကန်းမား ငရုတ်ဆီများ ထည့်ထားခဲ့သော ပုလင်းများ ဖြစ်သည်။
အချို့ကတော့ သစ်သီးစည်သွတ်ဘူးများ ဖြစ်ကြ၏။
ယခုအခါတွင်မူ ထိုပုလင်းများအားလုံးက ဤမိစ္ဆာကောင်လေးများကို ထည့်သွင်းရန် ခွက်များအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
ဤဖန်ပုလင်းလေးများထဲမှ အချို့ ရွေ့လျားသွားပါပန်းပွင့်တွေက အိပ်မောကျနေသကဲ့သို့ လှုပ်ရှားမှုမရှိဘဲ ပန်းဖူးလေးများအဖြစ် စုခွေနေကြသည်။
အချို့ကမူ ပန်းဖူးများကို ဖြန့်ကားထားပြီး သွားငယ်လေးများ ပြည့်နှက်နေသည့် ပန်းပွင့်ဖတ်များကို ထုတ်ပြကာ လူအများကို ခြိမ်းခြောက်သည့် "ဖြီး... ဖြီး" အသံများ ပြုလုပ်နေကြသည်။
ဒါက ခုနက ချန်းရီက မီးခိုးငွေ့များဖြင့် ဤအကောင်လေးများကို ရစ်ပတ်ပြီး ပုလင်းထဲ ထည့်ထားခဲ့ခြင်း ဖြစ်သည်။
ချွန်ထက်သော သွားများတွင် ထုံကျင်စေသည့် အာနိသင် ပါရှိသည်ကို မည်သို့ သိရှိရသနည်း ဆိုလျှင်...
ခန္ဓာကိုယ် တစ်ဝက်ခန့် မျိုချခံလိုက်ရသော ကံဆိုးသည့် အသက်ရှင်ကျန်ရစ်သူဆီမှ ရရှိခဲ့သည့် ရလဒ်ပင် ဖြစ်သည်။
ထိုသေဆုံးသူနှင့် အတူရှိနေခဲ့သော အဖော်ဖြစ်သူ၏ ပြောပြချက်အရ သန်းခေါင်ယံ အချိန်လောက်တွင် ထိုသူက အိမ်သာတက်ရန် ထွက်သွားခဲ့ပုံရသည်။
ထိုအချိန်က သူမသည်လည်း အိပ်ချင်မူးတူး ဖြစ်နေသဖြင့် သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။
မနက်လင်း၍ နိုးလာချိန်မှသာ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိပြီး ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ထိုအချိန်အတွင်း ကယ်ဆယ်ရေး တောင်းခံသည့် အော်ဟစ်သံများကို လုံးဝ မကြားခဲ့ရပေ။
သူမ မကြားခဲ့ရသည်သာမက ချန်းရီတို့ပင်လျှင် သိသာထင်ရှားသော အော်ဟစ်အကူအညီတောင်းသံများကို မကြားခဲ့ရချေ။
ကြားခဲ့ရလျှင်ပင် အသက်ရှင်ကျန်ရစ်သူများ ညဘက် ထလာသည်ဟုသာ ထင်မှတ်မိကြပေလိမ့်မည်။
အကြောင်းမှာ မည်သည့် ထူးဆန်းကျောချမ်းဖွယ် အငွေ့အသက်မျှ ထွက်ပေါ်လာခြင်း မရှိသောကြောင့် ဖြစ်သည်။
လူကြီးတစ်ယောက် အနေဖြင့် တိုက်ခိုက်ခံရလျှင် မည်သို့ပင်ဖြစ်စေ အသံတစ်စုံတစ်ရာတော့ ထွက်ပေါ်လာမည်သာ ဖြစ်ပြီး ထူးခြားသည့် လှုပ်ရှားမှုလေး တစ်ခုခု ရှိခဲ့ပါက...
ချန်းရီတို့ သေချာပေါက် လန့်နိုးလာကြမည် ဖြစ်သည်။
ထို့ပြင် မနေ့ညက ညစောင့်ခဲ့သူများကလည်း မည်သည့် လှုပ်ရှားမှုသံကိုမျှ မကြားခဲ့ရပေ။
ထိုသူက မှောင်မည်းနေသော တောအုပ်ထဲတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ရာ ညစောင့်သူများလည်း မြင်တွေ့ခဲ့ရမည် မဟုတ်ချေ။
ယာဉ်တန်း ညဘက် စခန်းချသည့်အခါ သာမန် အသက်ရှင်ကျန်ရစ်သူများကိုလည်း ညစောင့်အဖြစ် အလှည့်ကျ တာဝန်ပေးလေ့ ရှိသည်။
ချန်းရီတို့ကဲ့သို့ အစွမ်းပိုင်ရှင်များကမူ လှုပ်ရှားမှု အနည်းငယ် ရှိရုံဖြင့် လန့်နိုးနိုင်ကြပြီး ယာဉ်တန်းတွင် လမ်းပြသူလည်း ရှိနေသဖြင့် ထူးဆန်းသည့် အရာများ မဟုတ်ပါက မည်သည့် ပြဿနာကိုမဆို အချိန်မီ တုံ့ပြန်နိုင်စွမ်း ရှိကြသည်။
ထို့ကြောင့် ညစောင့်ခြင်းက ထိုမျှလောက် အရေးမကြီးလှပေ။
အထူးအခြေအနေမျိုး ကြုံတွေ့ရမှသာ အစွမ်းပိုင်ရှင်များကို ညစောင့်စေခြင်း ဖြစ်သည်။
"ဒါက တိရစ္ဆာန်လား... ဒါမှမဟုတ် အပင်လား"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အချိန်အတော်ကြာ အကဲခတ်နေပြီး ဖန်ပုလင်းကို လက်ညှိုးဖြင့်ပင် ထိုးကြည့်ကာ သူမရှေ့ရှိ အရာနှင့် ပတ်သက်၍ သံသယများ ပြည့်နှက်နေသည်။
"တိရစ္ဆာန်လို့ သတ်မှတ်ရမှာပေါ့... ဒီကောင်လေးတွေက လူတစ်ကိုယ်လုံးကို စားပစ်တာလေ"
"အပင်လို့ သတ်မှတ်ရမှာပေါ့... သူ့မှာ အမြစ်တွေနဲ့ ပန်းပွင့်ဖတ်တွေ ရှိနေတာကို မမြင်ဘူးလား"
"ခေါင်းဆောင်ချူ... မင်း ဘယ်လိုမြင်လဲ"
ချန်းရီနှင့် ရှောင်ယွီတို့ တစ်ယောက်ကိုတစ်ယောက် အနိုင်မပြောနိုင်ကြသဖြင့် ခေါင်းဆောင်ချူဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ခေါင်းဆောင်ချူ၏ မျက်နှာကမူ အလွန် တည်ကြည်လေးနက်နေပြီး တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံ ရသည်။
"မင်းတို့ တစ်ခုခု မှားနေတယ်လို့ မခံစားရဘူးလား"
"ဘာဖြစ်လို့လဲ"
"ငါတို့ ဒီလမ်းတစ်လျှောက်လုံး လာခဲ့တာ... တိရစ္ဆာန်တွေ တော်တော်ရှားနေတယ်လို့ မထင်မိဘူးလား"
ချန်းရီက မျက်မှောင်ကြုတ်သွားပြီး ခေါင်းဆောင်ချူ၏ စကားထဲတွင် ကောင်းသော အဓိပ္ပာယ် မပါကြောင်း သတိပြုမိလိုက်သည်။
ဟုတ်ပေသည်။ ဒီလမ်းတစ်လျှောက်လုံး နတ်ဆင်ကြီးနှင့် မြူခိုးမြစ် မြွေကြီးတို့လို အကောင်ကြီးများကို ကြုံတွေ့ခဲ့ရသည်မှလွဲ၍...
ပုံမှန် တွေ့နေကျ ငှက်လေးများ၊ တောကြက်များ စသည့် တောရိုင်းတိရစ္ဆာန်များကို တွေ့ရခဲလှသည်။
ဒါမှမဟုတ်ရင်လည်း လူတိုင်း ဟင်းစားလေးဘာလေး ရှာလို့ ရနိုင်သေးသည် မဟုတ်ပါလော။
သေချာသည်ကတော့ နတ်သူငယ်ရေကန်မှာလည်း ငါးကြီးတွေ အများကြီး တွေ့ခဲ့ရသည်။ သို့သော် ထိုငါးများထဲတွင် သူတို့ သိသော ငါးတစ်ကောင်မျှ မပါဝင်ပေ။
ထို့အပြင် ထိုငါးများက အလွန် ရိုင်းစိုင်းကြမ်းတမ်းကြသဖြင့် သာမန်လူများက ထိုရေနေမိစ္ဆာများနှင့် ရင်ဆိုင်ရလျှင် ငါးစာဖြစ်ရန်သာ ရှိပြီး အစွမ်းပိုင်ရှင်များကသာ ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။
"ငါတို့ ဒီလမ်းတစ်လျှောက်လုံး မြို့တွေနဲ့ ဝေးရာကို လာခဲ့ကြတာ... တချို့အချိန်တွေဆို လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေကိုတောင် တမင် ရွေးသွားခဲ့တာလေ... တိရစ္ဆာန်တွေ တွေ့ရတယ် ဆိုပေမယ့် အခြေခံအားဖြင့်တော့ သနားစရာကောင်းလောက်အောင် နည်းပါးနေတာပဲ"
"ဒါမှမဟုတ်ရင် ငါတို့ ဒီလမ်းတစ်လျှောက်လုံး ဘာသားကောင်မှ မရတာမျိုး ဘယ်ဖြစ်မှာလဲ"
"ခေါင်းဆောင်ချူ... မင်း ပြောချင်တာက အရင်တုန်းက တိရစ္ဆာန်တွေလည်း လူတွေလိုပဲ သေကုန်ကြပြီ... ပြီးတော့ တိရစ္ဆာန် အသစ်တွေက မကြာခင် ထွက်ပေါ်လာတော့မယ် ဆိုတဲ့ သဘောလား"
"တိရစ္ဆာန် အသစ်တွေကလည်း ဒီအကောင်တွေလိုမျိုးပဲ..."
ချန်းရီက စားပွဲပေါ်ရှိ ဖန်ပုလင်းများကို တစ်ချက် ကြည့်လိုက်ပြီး ကျန်နေသော စကားများကို ဆက်မပြောတော့ပေ။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးအပြင် တင်းတုံ၏ မျက်နှာများလည်း ပြောင်းလဲသွားကြသည်။
ချန်းရီ ဆက်ပြောမည့် စကား၏ အဓိပ္ပာယ်ကို သူတို့ ခန့်မှန်းမိပြီးသား ဖြစ်သည်။
"တိရစ္ဆာန် အသစ်တွေ ဟုတ်လား... သူတို့က ရင်ဆိုင်ရ အဲဒီလောက် လွယ်မယ့်ပုံမပေါ်ဘူး... ငါတို့ လူသားတွေက အမြဲတမ်း အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တာ... ဒီတစ်ကြိမ်တော့ အဲဒီနေရာကနေ ဆင်းပေးရတော့မယ့် ပုံပဲ"
"ဒီအကောင်သေးသေးလေးတွေ စုဝေးသွားရင်တောင် ဘာကြိုတင်ကာကွယ်မှုမှ မရှိတဲ့ လူကြီးတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်တယ်"
"ဒါတွေက ယုန်တွေ... တောကြက်တွေ... ဖားတွေလိုမျိုး အခြေခံအကျဆုံး သတ္တဝါလေးတွေတောင် ဖြစ်နေနိုင်တယ်... ဒါပေမဲ့ ငါတို့သာ ကျားတစ်ကောင်နဲ့ ကြုံတွေ့ရမယ်ဆိုရင်တော့..."
"အားလုံးပဲ... အစာကွင်းဆက်ရဲ့ ထိပ်ဆုံးနေရာမှာ အပြောင်းအလဲ ဖြစ်သွားပြီ... နောက်နောင်ဆို ငါတို့ရဲ့ နေ့ရက်တွေက ပိုပြီး ခက်ခဲလာတော့မယ်"
ခေါင်းဆောင်ချူ၏ စကားကြောင့် လူတိုင်း၏ ရင်ထဲတွင် လေးလံထိုင်းမှိုင်းသွားကြသည်။
မနက်ခင်းက ယာဉ်တန်းထဲမှ လူတစ်ယောက် ဆုံးရှုံးခဲ့ရသည်။
ဒါက ကောင်းသော နိမိတ်လက္ခဏာ တစ်ခုတော့ မဟုတ်ပေ။
ရွှီနန်က လူများကို ခိုင်းစေကာ တောအုပ်ထဲတွင် မြေတူးစေပြီး ထိုခန္ဓာကိုယ် တစ်ဝက်ကို မြေမြှုပ်ပေးလိုက်ရာ သေးငယ်သော သင်္ချိုင်းလေးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအမျိုးသမီးက မိုးထဲတွင် အသိစိတ်လွတ်လုမတတ် အော်ဟစ်ငိုကြွေးနေရှာသည်။
သူတို့နှစ်ဦးက အစကတည်းက လင်မယားတွေ မဟုတ်ခဲ့ကြဘဲ ယာဉ်တန်းထဲတွင်မှ ဆုံတွေ့ကာ ရင်းနှီးချစ်ကျွမ်းဝင်ခဲ့ကြခြင်း ဖြစ်သည်။
အမျိုးသားက အစောပိုင်းက မရဏနတ် ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်ခဲ့သည်။
အမျိုးသမီးကမူ ကုလားအုတ်ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်လာခဲ့သူ ဖြစ်သည်။
ကမ္ဘာပျက်ကပ် ရောက်ပြီးမှ သံယောဇဉ် တွယ်မိသွားသော မိန်းမနှင့် ယောကျ်ားတို့သည် သံယောဇဉ်ကို အထူး တန်ဖိုးထားတတ်ကြသည်။
ချန်းရီကိုယ်တိုင်ပင် ထိုနှစ်ဦး အတူတူ သွားလာလှုပ်ရှားနေကြသည်ကို မကြာခဏ မြင်တွေ့ခဲ့ရသည်။
သူတို့နှစ်ဦး၏ ချစ်ခင်ကြင်နာမှုက အများအားကျစရာပင် ဖြစ်သည်။
ကမ္ဘာပျက်ကပ်ကြီးထဲတွင် သတ္တိမွေးကာ အတူတကွ လက်တွဲနိုင်ခဲ့ကြသူများကို လေးစားမိသည်။
အကြောင်းမှာ ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် သင် အချစ်ရဆုံး လူတစ်ယောက်သည် မနက်ဖြန်၌ပင် အဖွဲ့သားများ၏ မြေမြှုပ်သင်္ဂြိုဟ်ခြင်းကို ခံရနိုင်သောကြောင့် ဖြစ်သည်။
ကံမကောင်းပါက ကျောခိုင်းလိုက်ရုံနှင့် သင် အချစ်ရဆုံးသူကို နောက်ထပ် ဘယ်တော့မှ ပြန်မတွေ့ရတော့မည့် အခြေအနေမျိုးပင်။
ထို့ကြောင့် တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့ရမည့် သတ္တိမျိုးကို လူတိုင်း ခံနိုင်ရည် မရှိကြပေ။
ရှုလီနာက အမျိုးသမီး၏ ပခုံးကို ဖက်ထားပေးပြီး သူမ၏ မျက်နှာပေါ်တွင်လည်း ဗလာကျင်းကာ ဝမ်းနည်းပူဆွေးနေသည့် အမူအရာများ ရှိနေပြီး ချန်းရီဘက်သို့ မကြာခဏ လှမ်းကြည့်နေမိသည်။
ထိုအထီးကျန်ဆန်လှသော အကြည့်များကြောင့် ချန်းရီပင် အနေခက်သွားရသည်။
"ကယ်... ကယ်ပါဦး... ကယ်ကြပါဦး"
ထိုအချိန်မှာပင် အဘိုးအို တစ်ယောက်က တောအုပ်နက်ထဲမှ ကတုန်ကယင်ဖြင့် ပြေးထွက်လာသည်။
သူ့မျက်နှာက ဖြူရော်နေပြီး အလွန်အမင်း ထိတ်လန့်နေသော အမူအရာလည်း ရှိနေ၏။
ဖြူစွတ်နေသော ဆံပင်များပေါ်တွင် ပန်းရောင် ကာတွန်းပုံ ဆံညှပ်လေးတစ်ခုကို ညှပ်ထားပြီး နီရဲနေသော နှုတ်ခမ်းများက မကြာသေးမီကမှ နှုတ်ခမ်းနီ ဆိုးထားကြောင်း သိသာနေသည်။
ယောကျ်ားမဟုတ် မိန်းမမဟုတ်နှင့် ပိန်ခြောက်ခြောက် အဘိုးအို တစ်ယောက်။
သူ့ကျောပေါ်တွင်လည်း ပစ္စည်းများ အပြည့်ထည့်ထားသော ကြီးမားလှသည့် တောင်တက်ကျောပိုးအိတ်ကြီး တစ်လုံးကို လွယ်ထားသေးသည်။
ထူးဆန်းလွန်းလှသည်။
အလွန်အမင်းကို ထူးဆန်းလွန်းလှသည်။
ဆက်ရန်...