အခန်း ၂၅၂
Vol. 13 Ch. 252
အပိုင်း(၂၅၂) ထူးဆန်းသောဘိုးအို
ထိုကဲ့သို့သော လူတစ်ယောက်က စခန်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသောအခါ စခန်းထဲရှိ လူများအားလုံး ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
ချန်းရီက အရိပ်တစ်ခုကဲ့သို့ လှုပ်ရှားသွားပြီး ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အနောက်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။
သူ၏ လက်ထဲတွင် အမုန်းတရား ဓားရိုးကို ဆုပ်ကိုင်ထားပြီး ပါးစပ်မှလည်း မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်၏။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း မီးနဂါးဓားကို ကိုင်ဆောင်ထားပြီး သတိဝီရိယ အပြည့်ရှိနေသော မျက်နှာထားဖြင့် ရှိနေသည်။
သူမ၏ အနောက်တွင် ပုန်းအောင်းနေသော ချန်းရီကို...
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် တစ်ခုခု ပြန်လည် ဝေဖန်ပြောဆိုချင်စိတ် ပေါ်လာသော်လည်း ယခုအချိန်က ဝေဖန်ပြောဆိုရမည့် အချိန် မဟုတ်ပေ။
ခေါင်းဆောင်ချူ ဖြစ်သည့် ချူချယ်ကမူ သူ၏ လက်ကို ရင်ခွင်ထဲသို့ နှိုက်ထားပြီး မည်သည့် အပြောင်းအလဲကိုမဆို အချိန်မရွေး တုံ့ပြန်ရန် ရည်ရွယ်ထားပုံပေါ်သည်။
သူ၏ တစ်ကိုယ်လုံးသည် တင်းတုံ၏ အနောက်တွင် ပုန်းကွယ်နေပြီ ဖြစ်သည်။
တင်းတုံကလည်း ဘာမှမတတ်နိုင်တော့သည့်ပုံစံနှင့် သတိဝီရိယကြီးမားနေသည့် မျက်နှာအမူအရာ ဖြစ်နေ၏။
အခြားသော အသက်ရှင်ကျန်ရစ်သူများမှာလည်း ထိတ်လန့်တုန်လှုပ်နေကြပြီး အချို့က အစွမ်းပိုင်ရှင်များရှိရာဘက်သို့ အပြေးအလွှား သွားကြသည်။
အချို့ကမူ လက်နက်များကို ကိုင်ဆောင်ကာ ကာကွယ်ရန် ပြင်ဆင်ထားကြသည်။
ရှုလီနာသည် မည်သည့်အချိန်က ချန်းရီ၏ အနီးသို့ ရောက်ရှိလာမှန်း မသိရဘဲ သူမ၏ လက်ချောင်းကလေးများဖြင့် ချန်းရီ၏ အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
ချန်းရီသည် ထိုအမျိုးသမီးကို လုံးဝ အာရုံမစိုက်ဘဲ ထိုအဘိုးအိုကိုသာ သတိကြီးစွာဖြင့် စိုက်ကြည့်နေသည်။
"အားလုံးပဲ အထင်မလွဲကြပါနဲ့... အထင်မလွဲကြပါနဲ့... ကျွန်တော်က လူပါ... လူပါ"
"ကျွန်တော့်ကို လူတစ်စုက လိုက်သတ်နေလို့ပါ... ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီကြပါဦး"
"ကူညီကြပါဦး"
ထိုအဘိုးအိုသည် အားလုံး၏ တုံ့ပြန်မှုကို မြင်သောအခါ ချန်းရီနှင့် ခေါင်းဆောင်ချူတို့၏ အလေ့အကျင့်များကြောင့် ခေတ္တမျှ ကြောင်အမ်းသွားသည်မှလွဲ၍ ချက်ချင်းပင် စတင် ရှင်းပြလေတော့သည်။
ချန်းရီသည် ဘာစကားမှ ထပ်မပြောတော့ဘဲ မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ရာ ထိုအဘိုးအို တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားစေပြီး မရဏနတ်သည်လည်း မီးခိုးငွေ့များထဲမှ ထွက်ပေါ်လာသည်။
ဤလူ ပြောသည့်စကားက အမှန်ဟုတ်မဟုတ်ကို အရင်ဦးဆုံး လျစ်လျူရှုထားလိုက်သည်။
မကောင်းသော ရည်ရွယ်ချက်ရှိသည့် လူဆိုးတစ်ယောက်အဖြစ် သတ်မှတ်ကာ ကိုင်တွယ်ဖြေရှင်းလိုက်သည်။
သတိထားခြင်းသည် အမြဲတမ်း အမှားကင်းပေသည်။
ချန်းရီ၏ ဤလုပ်ရပ်အပေါ် အခြားသူများကလည်း ချန်းရီ၏ သံသယလွန်ကဲတတ်သော အကျင့်ကို အမွေရထားသည့်အလား ပတ်ဝန်းကျင်နှင့် သူတို့ရှေ့တွင် မီးခိုးငွေ့များ ဖုံးလွှမ်းခံထားရသော အဘိုးအိုကို သတိကြီးစွာဖြင့် စိုက်ကြည့်နေကြသည်။
တင်းတုံက အရိပ်တစ်ခုကဲ့သို့ လှုပ်ရှားသွားပြီး နေရာတွင်ပင် ချက်ချင်း ပျောက်ကွယ်သွားသည်။
နောက်တစ်စက္ကန့်တွင် ပြန်လည် ထွက်ပေါ်လာချိန်၌ မြင့်မားသော သစ်ပင်၏ သစ်ကိုင်းများပေါ်သို့ ရောက်ရှိနေပြီး သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေ၏။
မီးနဂါးဓားက လင်းလက်သွားပြီး ကောင်မလေး၏ ခြေအောက်သို့ ရောက်ရှိလာကာ သူမသည် ဓားပျံကို စီးနင်း၍ ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားသည်။
ပန်းရောင်ဆံပင်များက မိုးဖွဲဖွဲလေးထဲတွင် လွင့်ဝဲနေပြီး သူမ၏ တောက်ပနေသော မျက်လုံးဝိုင်းကြီးများက ထက်မြက်သော ဓားတစ်လက်ကဲ့သို့ အခြားတစ်ဖက်ကို စောင့်ကြည့်နေသည်။
ချန်းရီ တစ်ယောက်သာလျှင် ထိုထူးဆန်းသော အဘိုးအိုကို စိုက်ကြည့်လျက် ကျန်ရစ်နေခဲ့သည်။
အားလုံးက အချိန်ကြာမြင့်စွာ လက်တွဲလာခဲ့သော အဖွဲ့ဝင်များ ဖြစ်ကြသဖြင့် နားလည်မှု အပြည့်ရှိနေကြသည်။
စကားတစ်ခွန်းမျှပင် မဆိုရဘဲ အသီးသီး သူတို့လုပ်ရမည့် အလုပ်များကို သွားရောက် လုပ်ဆောင်ကြသည်။
ခေါင်းဆောင်ချူသည် ခေါင်းဆောင်တစ်ယောက်၏ သြဇာအာဏာကို ပြန်လည် ရယူလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်ကမူ ချန်းရီ၏ အနောက်သို့ အနည်းငယ် ပို၍ ကပ်သွားခဲ့သည်။
ရွှီနန်ကလည်း ဓားမတစ်လက်ကို ကိုင်ဆောင်ကာ ချန်းရီ၏ ဘေးနားတွင် ကာကွယ်ပေးထားသည်။
အခြားသော အသက်ရှင်ကျန်ရစ်သူများမှာလည်း ထိုနည်းတူပင် ဖြစ်ပြီး ယောက်ျား မိန်းမ မရွေး အားလုံး ကာကွယ်ရန် ပြင်ဆင်နေကြသည်။
သေချာပေါက် ရှုလီနာနှင့် အလွန် အားနည်းပုံပေါ်သော မိန်းကလေး အနည်းငယ်... သို့မဟုတ် ယောကျ်ားလေးများမှလွဲ၍ပေါ့။
အသက်ရှင်ကျန်ရစ်သူများသည် ထူးဆန်းသည့် အရာများကို တိုက်ခိုက်ရန် မဝံ့ရဲကြပေ။ သို့မဟုတ် တိုက်ခိုက်ချင်လျှင်ပင် မည်သို့မျှ လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။
သာမန် လက်နက်များသည် ထူးဆန်းသည့် အရာများအပေါ်တွင် လုံးဝ အရာမထင်ပေ။
သို့သော် အဘိုးအို တစ်ယောက်ကို ရင်ဆိုင်ရမည်ဆိုလျှင်မူ အားလုံးက ကြောက်ရွံ့နေမည် မဟုတ်ပေ။
ထိုအဘိုးအိုသည် မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းခံထားရသဖြင့် မကြားနိုင်... မမြင်နိုင်ဖြစ်နေပြီး သူ၏ အာရုံခံနိုင်စွမ်းများပင်လျှင် များစွာ အားနည်းသွားခဲ့သည်။
သို့သော် ထိုအဘိုးအိုက အခြေအနေကို နားလည်ဟန်ဖြင့် အလွန် လိမ္မာစွာ ဘာကိုမျှ မလုပ်ဘဲ ငြိမ်သက်နေ၏။
မိနစ်(၁၀)ခန့် ကြာပြီးနောက်...
တင်းတုံနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့သည် မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာပြီး ချန်းရီနှင့် ခေါင်းဆောင်ချူတို့ကို ခေါင်းခါပြလိုက်သည်။
ဤလှုပ်ရှားမှုက ပတ်ဝန်းကျင်တွင် မည်သည့် ထူးခြားမှုမျှ မတွေ့ရကြောင်း ပြသနေခြင်း ဖြစ်သည်။
ခေါင်းဆောင်ချူကလည်း ခေါင်းခါယမ်းလိုက်ပြီး ထူးဆန်းသည့် အရာများ၏ အငွေ့အသက်ကို မခံစားရကြောင်း ပြသလိုက်သည်။
ထိုအခါမှသာ ချန်းရီသည် မီးခိုးငွေ့များကို ရုပ်သိမ်းလိုက်လေသည်။
သို့သော် မရဏနတ်သမီးကမူ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ တံစဉ်၏ ဓားသွားက အဘိုးအို၏ လည်ပင်းပေါ်တွင် တင်ထားလျက်ရှိပြီး ချန်းရီ၏ စိတ်ကူးတစ်ခုတည်းဖြင့်ပင် ပုံဖော်ထားသော မရဏနတ်သမီးသည် အဘိုးအို၏ ခေါင်းကို ဖြတ်တောက်လိုက်မည် ဖြစ်သည်။
သံသယလွန်ကဲတတ်သော ချန်းရီသည် တစ်ဖက်လူကို ဤမျှ လွယ်ကူစွာ ယုံကြည်ရန် ရည်ရွယ်ထားခြင်း မရှိပေ။ မျက်နှာချင်းဆိုင်မှ လူသည် အဘိုးအို တစ်ယောက် ဖြစ်နေလျှင်တောင်မှဖြစ်သည်။
"အဘိုးကြီး... ခင်ဗျားကို လူတစ်စုက လိုက်သတ်နေတယ်ဆို... အဲဒီလူတွေက ဘယ်မှာလဲ"
ခေါင်းဆောင်ချူသည် ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အားလျော်စွာ ပထမဆုံး အချိန်မှာပင် မေးခွန်းထုတ်လိုက်သည်။
အဘိုးအိုက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်ရှုပ်ထွေးမှုများ စတင်ပေါ်လာကာ ထို့နောက် တဖြည်းဖြည်း တည်ငြိမ်သွားသည်။
သက်ပြင်းကြီးတစ်ချက်ကို ချလိုက်ပြီး ပြောလိုက်သည်။
"ဘုရားကယ်လို့... အဲဒီ ငရဲသားတွေက နောက်ဆုံးတော့ လိုက်မမီတော့ဘူးပဲ... ကျေးဇူးတင်လိုက်တာ"
"ကျွန်တော် ခင်ဗျားတို့ကို မလိမ်ပါဘူး... ခုနက တကယ်ပဲ လူတစ်စုက ကျွန်တော့်ကို လိုက်နေတာ... လူတွေ အများကြီးပဲ... အားလုံးက ကြောက်စရာကောင်းတဲ့ ရုပ်သွင်တွေနဲ့ချည်းပဲ... ဒါပေမဲ့ သူတို့ လိုက်မမီတော့ပါဘူး"
"ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့... ဒါကို... နည်းနည်းလောက် ဖယ်ပေးလို့ ရမလား"
အဘိုးအိုက လည်ပင်းပေါ်ရှိ ပုံဖော်ထားသော တံစဉ်ကို လက်ညှိုးထိုးပြလိုက်သည်။
ချန်းရီက လုံးဝ ဂရုမစိုက်ဘဲ အေးစက်စက် ရယ်မောလိုက်သည်။
"အဘိုးကြီး... ခင်ဗျားက ကျွန်တော်တို့ရှေ့ကို ရုတ်တရက် ရောက်လာတာလေ... ကျွန်တော်တို့က ခင်ဗျားကို သံသယမဝင်စေချင်ရင် ခင်ဗျားကို သံသယမဝင်စေနိုင်မယ့် သက်သေအထောက်အထား တစ်ခုခု ထုတ်ပြရလိမ့်မယ်"
လူတစ်ယောက်တည်း... တောထဲမှာ...
ဤစကားလုံး အနည်းငယ်သည် ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် လက်ခံနိုင်စရာ ရှိကောင်းရှိပေလိမ့်မည်။
သို့သော် ယခုအချိန်က ကမ္ဘာပျက်ကပ် ဖြစ်သည်။
တောတောင်ထဲတွင် ထူးဆန်းသည့် အရာများ နေရာအနှံ့ ပြည့်နှက်နေပြီး သာမန်လူတစ်ယောက်အနေဖြင့် တစ်နာရီပင် အသက်ရှင်နိုင်ရန် မဖြစ်နိုင်ပေ။
အဘိုးအိုက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။
"မဟုတ်ဘူး... မဟုတ်ဘူး... ညီလေး... မင်း မှားနေပြီ... ငါက ယောကျ်ား မဟုတ်ဘူး... မင်းက ငါ့ကို အဘိုးကြီးလို့ တစ်ဖွဖွ ခေါ်နေတာ... အဲဒီအခေါ်အဝေါ်က မမှန်ဘူး"
ချန်းရီသည် ထိုအဘိုးအိုကို အထက်အောက် အကဲခတ်ကြည့်လိုက်ရာ အပြင်ပန်းပုံပန်းသဏ္ဌာန်မှာ လူသား အသက်အရွယ်ကြီးရင့်သော ယောကျ်ားတစ်ဦး ဖြစ်နေသည်မှာ သေချာနေ၏။
သို့သော် သူ၏ ဖြူလွန်းနေသော ဆံပင်ပေါ်ရှိ ပန်းရောင် ဆံညှပ်လေးနှင့် နှုတ်ခမ်းပေါ်ရှိ ရဲရဲတောက် နှုတ်ခမ်းနီများက မည်သို့ကြည့်ကြည့် အံမဝင်သကဲ့သို့ ဖြစ်နေသည်။
မဟုတ်မှလွဲရော...
ချန်းရီကမူ ဤကဲ့သို့သော လူအုပ်စုအပေါ်တွင် မည်သည့် ခွဲခြားဆက်ဆံမှုမျှ မရှိပေ။
အခြားသူများ ဘာလုပ်ချင်သည်ဖြစ်စေ၊ မည်သို့သော ဘဝမျိုးကို ရွေးချယ်သည်ဖြစ်စေ ချန်းရီက တစ်ခါမှ ဝင်ရောက် စွက်ဖက်လိုခြင်း မရှိခဲ့ပေ။
ခေါင်းဆောင်ချူက ဝင်ပြောလိုက်သည်။
"အဘွားကြီးလား"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၊ တင်းတုံနှင့် အခြားသော အသက်ရှင်ကျန်ရစ်သူများ၏ မျက်လုံးများက ထူးဆန်းစွာ ပြောင်းလဲသွားကြသည်။
အဘိုးအိုက ခေါင်းယမ်းလိုက်သည်။
"အဲဒီလို ခေါ်တာလည်း မမှန်သေးဘူး"
ချန်းရီ "သေခါနီး အဘိုးကြီး"
အဘိုးအိုသည် ချန်းရီ၏ ရိုင်းစိုင်းလှသော "ေသေခါနီး အဘိုးကြီး"ေ ဟူသည့် စကားတစ်ခွန်းကြောင့် ဆို့နင့်သွားကာ မျက်နှာကြီး နီရဲသွားပြီး ချန်းရီကို စိုက်ကြည့်လိုက်သည်။
သူ၏ စိတ်ခံစားချက်များကို အနည်းငယ် တည်ငြိမ်သွားစေရန် ပြုလုပ်ပြီးနောက်မှသာ ဆက်ပြောလေသည်။
"ကျွန်တော်တို့ စာချုပ် လမ်းစဉ် အစွမ်းပိုင်ရှင်တွေအတွက်ကတော့... ကျွန်တော်တို့က တတိယ လိင်အမျိုးအစားမှာ ပါတယ်... ယောကျ်ား မိန်းမ ခွဲခြားထားတာ မရှိဘူး"
"ကျွန်တော့်နာမည်က ကျူးဇီကျိုက်ပါ... စာချုပ် လမ်းစဉ် အဆင့် (၂) ကတိတည်သူပါ... ခင်ဗျားတို့ ကျွန်တော့်ကို လောင်ကျူလို့ ခေါ်လို့ရပါတယ်... ဘယ်လိုပဲခေါ်ခေါ် အဆင်ပြေပါတယ်"
ထိုသို့ပြောပြီးနောက် အဘိုးအိုသည် လူအုပ်ကြီးကို ဖော်ရွေသော အပြုံးတစ်ခု ပြသလိုက်သည်။
"စာချုပ် လမ်းစဉ်"
အစောပိုင်းကမှ စာချုပ် လမ်းစဉ် အစွမ်းပိုင်ရှင်များအကြောင်းကို ပြောဆိုဆွေးနွေးခဲ့ကြပြီး ယခု ဤနေရာတွင် ရုတ်တရက် တစ်ယောက် ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
"ခင်ဗျား အရင်က နတ်ဆင်ရွာကို သွားခဲ့ဖူးလား"
ခေါင်းဆောင်ချူက ရုတ်တရက် မေးလိုက်သည်။
"ခင်ဗျား ပြောတာ ချန်ရုံကု ဆိုတဲ့ အဘိုးကြီးလား... ကြည့်ရတာ ခင်ဗျားတို့လည်း နတ်ဆင်ရွာကို ရောက်ခဲ့ဖူးတဲ့ပုံပဲ... ဟုတ်တယ်... ကျွန်တော် အဲဒီကို ရောက်ခဲ့ဖူးတယ်... အဲဒီ အဘိုးကြီးနဲ့ ပစ္စည်းတွေ လဲလှယ်ခဲ့ဖူးတယ်"
"ဒါနဲ့... ညီလေး... အားလုံးက လူသားတွေချည်းပဲလေ... မင်းရဲ့ ဒီ... ဒီလက်နက်ကို ဖယ်ပေးထားလို့ ရမလား"
ချန်းရီ၏ သံသယလွန်ကဲတတ်သော အကျင့်မှာ တစ်ရက် နှစ်ရက်မျှသာ ရှိသေးသည် မဟုတ်ပေ။
သံသယများကို လုံးဝ မဖြေရှင်းနိုင်သေးသရွေ့ သူသည် လုံးဝ သတိလျော့မည် မဟုတ်ပေ။
အဘိုးအိုက သူ၏ ခန္ဓာကိုယ်ကို ဘေးသို့ အနည်းငယ် ရွှေ့လိုက်သည်။
ပုံဖော်ထားသော မရဏနတ်သမီး၏ တံစဉ်ကလည်း အနည်းငယ် ရွေ့သွားပြီး အဘိုးအို၏ ခေါင်းကို တစ်ချက်တည်းဖြင့် ဖြတ်တောက်နိုင်ရန် အသင့်အနေအထားတွင် ရှိနေဆဲပင် ဖြစ်သည်။
အဘိုးအိုသည် ချန်းရီ၏ ခေါင်းမာမှုအပေါ် ဘာမှမတတ်နိုင်ဘဲ သက်ပြင်းချရုံသာ တတ်နိုင်သော်လည်း သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ သိပ်မရှိလှပေ။
လူအုပ်ကြီးနှင့် စကားပြောနေသည့် အချိန်တွင်ပင်လျှင် ထိုအဘိုးအို၏ ကျောပိုးအိတ်ကို လုံးဝ ချမထားခဲ့ပေ။
ထိုကျောပိုးအိတ်ထဲတွင် အလွန် အရေးကြီးသော ပစ္စည်းတစ်ခုခု ရှိနေပုံရသည်။
ထိုအဘိုးအို၏ ပြောစကားအရ သူသည် အရင်က ယာဉ်တန်းတစ်ခုနှင့် အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး တစ်ဖက်လူက သူ၏ ရိက္ခာပစ္စည်းများ များပြားသည်ကို မြင်သောအခါ သစ္စာဖောက်ကာ လုယက်ရန် ကြံစည်ခဲ့ကြသည်ဟု ဆိုသည်။
"ခင်ဗျားတို့က မသိဘူး... အဲဒီလူတွေက ဘယ်လောက်တောင် ယုတ်မာကြသလဲဆိုတာ... အားလုံးက အေးအေးဆေးဆေး အရောင်းအဝယ် လုပ်နေကြတာလေ... ဒါပေမဲ့ သူတို့က တိုက်ခိုက်မယ်ဆိုတာနဲ့ ချက်ချင်း တိုက်ခိုက်တော့တာပဲ... လူတွေကို တုံ့ပြန်ဖို့ အချိန်လေးတောင် မပေးကြဘူး"
"ခွေးမသားတွေ... ဒီကမ္ဘာပေါ်မှာ ဒီလောက် ယုတ်မာတဲ့ လူတွေ ဘယ်လိုလုပ် ရှိနေရတာလဲ"
"အဲဒီကောင်တွေ ငရဲ ဆယ့်ရှစ်ထပ်ကို ကျပါစေလို့ ကျွန်တော် ကျိန်စာတိုက်တယ်"
အဘိုးအို၏ မျက်နှာပေါ်တွင် ဒေါသထွက်နေသည့် အမူအရာများ ပေါ်လွင်နေပြီး ပါးစပ်မှလည်း မရပ်မနား ကျိန်ဆဲနေလေသည်။
သူ့အပေါ် နောက်ကြောဓားဖြင့်ထိုး တိုက်ခိုက်ခဲ့သူကို အလွန်အမင်း ရွံရှာမုန်းတီးနေသည်မှာ သိသာထင်ရှားလှသည်။
အခြားသူများက ချန်းရီကို အသံတိတ်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ကြသည်။
ချန်းရီက ဒေါသတကြီးဖြင့် စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။ မဟုတ်သေးပါဘူး... မင်းတို့က ဘာလို့ ငါ့ကို ဝိုင်းကြည့်နေကြတာလဲ။
ဆက်ရန်...