အခန်း ၂၅၃
Vol. 13 Ch. 253
အပိုင်း (၂၅၃) သတ်ဖြတ်မှတ် ပြည့်သွားပြီ
ဤသို့ဖြင့် ယာဉ်တန်းထဲတွင် အဘိုးအိုတစ်ယောက် ရုတ်တရက် တိုးလာခဲ့သည်။
ဤအဘိုးအိုသည် အလွန်ထူးဆန်း၏။ သူက အဘိုးအိုတစ်ယောက်ဖြစ်ပါလျက် ယာဉ်တန်းထဲမှ လူငယ်များက သူ့ကို "အဘိုးကျူး" သို့မဟုတ် "ကျူးအဘိုးကြီး" ဟု ခေါ်လျှင် အလွန် မကျေမနပ် ဖြစ်တတ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို "အဖွားကျူး" သို့မဟုတ် "အဒေါ်ကြီး" ဟု ခေါ်လိုက်လျှင်...
ဤအဘိုးအိုသည် မျက်နှာကြီး သုန်မှုန်သွားတတ်ပြန်သည်။
အကယ်၍ လူတိုင်းက သူ့ကို "လောင်ကျူး" ဟုသာ ခေါ်ကြလျှင်မူ...
ဤကဲ့သို့ လိင်သဘာဝကို အတိအလင်း မခွဲခြားထားသော အခေါ်အဝေါ်မျိုးကိုမူ အဘိုးအိုက အလွန် သဘောကျလေသည်။
သူ၏ နာမည်ရင်းဖြစ်သော "ကျူးဇီကျိုက်" ဟု တိုက်ရိုက် ခေါ်လျှင်ပင် အဘိုးအိုက အလွန် ပျော်ရွှင်နေတတ်သည်။
အဘိုးအိုက သူသည် ယောက်ျားမဟုတ်သလို မိန်းမလည်း မဟုတ်ဘဲ တတိယလိင်သာဖြစ်ကြောင်း ယာဉ်တန်းထဲတွင် အမြဲတမ်း အလေးအနက် ပြောဆိုလေ့ရှိပြီး သူ၏ လက်ရှိဘဝကို အလွန် နှစ်သက်ကြောင်း ဆိုသည်။
ယာဉ်တန်းထဲမှ လူများကလည်း သူ့ကို လှောင်ပြောင်လိုသည့် သဘောထား မရှိကြပေ။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော ကိစ္စမျိုးကို ကမ္ဘာပျက်ကပ် မတိုင်မီကလည်း မမြင်ဖူးကြသည်တော့ မဟုတ်ပေ။
သေချာသည်မှာ ချန်းရီ တစ်ယောက်သာလျှင် သူ့ကို "သေခါနီး အဘိုးကြီး" ဟု ခေါ်ဆိုလေ့ရှိသည်။
ထိုသို့ခေါ်သည်ကိုပင် ဤအဘိုးအိုက ကန့်ကွက်ခြင်း မရှိပေ။
လူအများ၏ ခန့်မှန်းချက်အရ ဤသည်မှာ စာချုပ် လမ်းစဉ် အစွမ်းပိုင်ရှင်တစ်ယောက် ပေးဆပ်ရမည့် တန်ဖိုး ဖြစ်နိုင်ပေသည်။
ယာဉ်တန်းထဲတွင် လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် တိုးလာသည့်အတွက် ခေါင်းဆောင်ချူချယ်ကတော့ အလွန် ဝမ်းသာနေသည်။
လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် တိုးလာခြင်းသည် ယာဉ်တန်း၏ အင်အားကို ပိုမို တောင့်တင်းခိုင်မာလာစေပြီး ယာဉ်တန်း၏ လုံခြုံရေးအတွက်လည်း အာမခံချက် တစ်ခု တိုးလာခြင်းပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လူတိုင်းက ဤအဘိုးအိုအပေါ်တွင် အနည်းငယ်တော့ သတိထားနေကြဆဲ ဖြစ်သည်။
ယခုအချိန်သည် ကမ္ဘာပျက်ကပ် ဖြစ်နေပြီဖြစ်ရာ ဤအဘိုးအို အရင်က ပြောခဲ့သည့် စကားများမှာ အမှန်လား အမှားလား ဆိုသည်ကို မည်သူကမျှ မသိနိုင်ပေ။
အထူးသဖြင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်ဖြစ်နေသဖြင့် ဤလူတွင် မည်ကဲ့သို့သော အစွမ်းများ ရှိနေသနည်းဆိုတာကို မည်သူမျှ မသိကြပေ။
သို့သော် ကျူးဇီကျိုက်တွင် အလွန် သိသာထင်ရှားသော ထူးခြားချက် တစ်ခု ရှိသည်။ ၎င်းမှာ သူ၏ (၃၂) ဂါလန် ဆံ့သော တောင်တက်ကျောပိုးအိတ်ကြီးပင် ဖြစ်သည်။
ကမ္ဘာပျက်ကပ် မတိုင်မီက ဤကဲ့သို့သော တောင်တက်အိတ်ကြီးကို လွယ်ရန် နေနေသာသာ...
မျက်စိဖြင့်ပင် မြင်ဖူးသူ အလွန် ရှားပါးလှသည်။
ရူးသွပ်လုမတတ် တောင်တက်ဝါသနာရှင်များပင်လျှင် ဤမျှကြီးမားသော တောင်တက်အိတ်ကြီးမျိုးကို လွယ်လေ့ မရှိကြပေ။
သို့သော် အဘိုးအိုကမူ ထိုအိတ်ကြီးကို အလွန် ပေါ့ပါးစွာ လွယ်ထားနိုင်၏။
တော်သေးသည်မှာ ဤအဘိုးအိုသည်လည်း အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေသောကြောင့် ဤကဲ့သို့သော ကျောပိုးအိတ်ကြီးကို လွယ်နိုင်ခြင်းမှာ အလွန်အမင်း အံ့သြစရာတော့ မဟုတ်ပေ။
ပို၍ အံ့သြစရာ ကောင်းသည်မှာ ထိုအဘိုးအို၏ ကျောပိုးအိတ်ထဲရှိ ပစ္စည်းများပင် ဖြစ်သည်။
အဘိုးအို၏ ကျောပိုးအိတ်ထဲတွင် ရွှေလက်ဝတ်ရတနာ ကဲ့သို့သော ပစ္စည်းများ အများအပြား ပါရှိနေသည်။
ရွှေဆွဲကြိုး၊ ရွှေလက်စွပ် စသည်တို့ အပြည့်ပါဝင်သော အိတ်ကြီးတစ်လုံးကို ချန်းရီ တစ်ချက် မြင်ဖူးလိုက်သည်။
ထိုပစ္စည်းများအပေါ်တွင် ထားရှိသော အဘိုးအို၏ စွဲလမ်းမှုကို ကြည့်ပြီး ချန်းရီကိုယ်တိုင်ပင် အနည်းငယ် အံ့သြသွားမိသည်။
ယခုကဲ့သို့သော အခြေအနေမျိုးတွင် ရွှေငွေရတနာများ၏ တန်ဖိုးသည် သက်တမ်းလွန်နေသော ပေါင်မုန့် တစ်ချပ်လောက်ပင် တန်ဖိုးမရှိတော့ကြောင်း သိထားရမည် ဖြစ်သည်။
သို့သော် နှစ်ပေါင်းထောင်ချီကြာအောင် အမြစ်တွယ်နေခဲ့သော တန်ဖိုးထားမှုများကြောင့် ယာဉ်တန်းထဲမှ အချို့သူများသည် အပြင်ဘက်တွင် ရိက္ခာရှာဖွေစဉ် ဤကဲ့သို့သော ပစ္စည်းများကို တိတ်တဆိတ် ကောက်ယူ သိမ်းဆည်းလေ့ ရှိကြသည်။
သေချာသည်မှာ မည်သူကမျှ ဤပစ္စည်းများကို သီးသန့် လိုက်လံ ရှာဖွေစုဆောင်းနေမည် မဟုတ်ဘဲ ရိက္ခာရှာဖွေရင်း တွေ့ရှိပါက အဆင်ပြေသလို ကောက်ယူလာခြင်းမျိုးသာ ဖြစ်သည်။
တိတ်တဆိတ် သိမ်းဆည်းထားလျှင်ပင် အများအပြား ယူဆောင်လာလေ့ မရှိကြပေ။
ဤအဘိုးအိုလောက် အများအပြား ပါရှိနေခြင်းမှာ သီးသန့် လိုက်လံ ရှာဖွေစုဆောင်းထားကြောင်း အထင်အရှားပင်။
ချန်းရီ တစ်ယောက် ခဏတာမျှ မည်သို့ ပြောရမည်ကိုပင် မသိတော့ပေ။
ချန်းရီက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ အဘိုးအိုမှာ ချန်းရီက သူ၏ ရွှေရတနာများကို လုယူသွားမည်ကို ကြောက်ရွံ့သွားပြီး ကျောခိုင်းကာ ချန်းရီ၏ အကြည့်များကို ကွယ်ထားလိုက်သည်။
သို့သော် မကြာမီမှာပင် ဤအဘိုးအိုသည် မျက်နှာချိုသွေးကာ ချန်းရီထံသို့ ရောက်လာခဲ့သည်။
အဘိုးအိုသည် ချန်းရီ၏ ရှေ့မှောက်သို့ နောက်တစ်ကြိမ် ရောက်လာသော အခါတွင်မူ...
သူ၏ လက်များ၊ လည်ပင်းများနှင့် နားရွက်များတွင်ပင်...
ရွှေလက်စွပ်များ၊ ရွှေလက်ကောက်များ၊ ရွှေဆွဲကြိုးများနှင့် ရွှေနားကပ်များက ချန်းရီ၏ မျက်စိကိုပင် ကန်းလုမတတ် တောက်ပနေကြသည်။
"နေပါဦး... အဘိုးကြီး ခင်ဗျားရူးနေတာလား... ဆွဲကြိုးတွေ ဒီလောက်အများကြီး ဆွဲထားရအောင်"
အဘိုးအိုက ဟီးဟီးဟားဟား ရယ်မောလိုက်ပြီး လက်ပေါ်ရှိ ရွှေလက်စွပ်ကို ပွတ်သပ်ရင်း "ငါတို့ စာချုပ် လမ်းစဉ်က ထူးထူးခြားခြား ဝါသနာပါတာမျိုး မရှိပါဘူး... ဒီလို ရွှေလက်စွပ်လေး ဘာလေးလောက်ပဲ သဘောကျတာပါ"
"ဘယ်လိုပဲဖြစ်ဖြစ် အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီပဲ... အဖိုးမှ မတန်တော့တာ... ဟီးဟီး... "
ဤအဘိုးအိုသည် ချန်းရီ လုယူသွားမည်ကို ကြောက်ရွံ့နေဆဲဖြစ်သဖြင့် ချန်းရီ သူ့ကို မလုရန် သတိပေးသည့်အနေဖြင့် "အဖိုးမှ မတန်တော့တာ" ဟူသော စကားတစ်ခွန်းကို တမင်တကာ ထည့်ပြောလိုက်ခြင်း ဖြစ်သည်။
"နေပါဦး... အရင်ကတော့ ဘာလို့ မဝတ်ထားတာလဲ... ဒီနေ့မှ ဘာလို့ အကုန် ထုတ်ဝတ်လာတာလဲ"
"အရင်က အသက်လု ထွက်ပြေးနေရတာလေ... ပျောက်သွားမှာ စိုးလို့ပေါ့"
"အသက်လု ထွက်ပြေးရတယ် ဟုတ်လား... တကယ်ရော ဟုတ်လို့လား"
တစ်စုံတစ်ယောက်က သူ့ကို လိုက်လံ သတ်ဖြတ်နေသည်ဆိုသော ကိစ္စအပေါ် ချန်းရီက သံသယ ဝင်မိသည်။
မည်သို့ပင်ဖြစ်စေ ချန်းရီသည် မွေးရာပါ သံသယကြီးသူ ဖြစ်သဖြင့် အဘိုးအို ပြောသော စကားများကို ယခုချက်ချင်း ယုံကြည်မည်တော့ လုံးဝ မဟုတ်ပေ။
အဘိုးအိုက ဒေါသတကြီးဖြင့် ထပ်မံ ပြောဆိုလာသည်။
သူ့ကို လိုက်လံ သတ်ဖြတ်သူမှာ လူငယ်တစ်ယောက်ဖြစ်ပြီး လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်လည်း ဖြစ်ကြောင်း၊ ချန်းရီနှင့် မျိုးရိုးတူကာ နာမည်က ချန်းဟောင် ဖြစ်ကြောင်း ဆိုသည်။
လူကောင်း ဆိုသည့်စကားလုံးထဲက "ဟောင်" ပင် ဖြစ်သည်။
သို့သော် ထိုလူက အလွန်အမင်း ယုတ်မာကောက်ကျစ်လွန်းသည်ဟု ဆို၏။
"တော်တော့... အဘိုးကြီး ဒီစကားတွေ ပြောဖို့လာတာဆိုရင် ထွက်သွားတော့... ကျုပ် ခင်ဗျားနဲ့ စကားများနေဖို့ အချိန်မရှိဘူး"
အဘိုးအိုက တဟီးဟီး ရယ်မောလိုက်ပြီး ကျောဘက်မှနေ၍ အမှတ်တရ လက်မှတ်ထိုး စာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်သည်။
"ချန်းရီ... ငါ မင်းကို လာရှာတာ တကယ်တော့ ကိစ္စလေးတစ်ခု ရှိလို့ပါ... အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီဆိုတော့ လူတွေ ဆုံဆည်းရဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးလေ"
"ဒီမှာကြည့်... ငါ့ကို အမှတ်တရ လက်မှတ်လေးတစ်ခုလောက် ရေးပေးလို့ ရမလား... နောက်ကျရင် အလွမ်းပြေ ကြည့်လို့ရတာပေါ့"
အမှတ်တရ လက်မှတ်ထိုး စာအုပ် ဟုတ်လား။
ငါ့ကို အမှတ်တရ လက်မှတ် ရေးပေးခိုင်းတာလား။
ချန်းရီ တစ်ယောက် ဤအဘိုးအို မည်သည်ကို လုပ်ချင်နေမှန်း ချက်ချင်း နားမလည်နိုင် ဖြစ်သွားသည်။
ဘယ်ခေတ်ကြီး ရောက်နေပြီမို့လို့လဲ။ ဤကဲ့သို့သော အမှတ်တရ လက်မှတ်ထိုး စာအုပ်ဆိုသည်မှာ ယခုခေတ် လူငယ်လေးများပင် ကြားဖူးကြတော့မည် မထင်ပေ။
"မင်း မသိလို့ပါ... အဲဒီတုန်းက မြို့ထဲမှာ ထူးဆန်းတဲ့ အရာတွေ ပေါ်လာပြီး လူတွေ အများကြီး သေကုန်တာ... ငါ့သား... ချွေးမနဲ့ မြေးလေးတို့ အကုန်လုံး သေကုန်ကြပြီ"
"ကမ္ဘာပျက်ကပ် ရောက်ပြီးတဲ့နောက် ဖုန်းလည်း ပျောက်သွားတော့ ငါ့မှာ အလွမ်းပြေ ကြည့်စရာလေးတောင် မကျန်တော့ဘူး"
စကားပြောရင်းနှင့် အဘိုးအို၏ မျက်ဝန်းများ နီရဲလာသည်။
အဘိုးအို ပြောပြနေသော ဤအခြေအနေသည် လူအများစု ကြုံတွေ့ဖူးသော အခြေအနေပင် ဖြစ်သည်။
လူအများစု၏ မိသားစုဝင်များသည် ထိုကြီးမားလှသော ကပ်ဘေးကြီးထဲတွင် ပျောက်ဆုံးခြင်း သို့မဟုတ် သေဆုံးခြင်းများနှင့် ရင်ဆိုင်ခဲ့ကြရသည်။
လူအများအပြားမှာ နှုတ်ဆက်စကား တစ်ခွန်းပင် မပြောလိုက်ရဘဲ ကွဲကွာသွားခဲ့ကြရသည်။
လူအများအပြားသည်လည်း ဤအဘိုးအိုကဲ့သို့ပင် ဖုန်းများ ပျောက်ဆုံးသွားခဲ့ကြသည်။
မိသားစုဝင်များ၏ ဓာတ်ပုံများကို ပြန်ကြည့်ချင်လျှင်ပင် အလွန် ခက်ခဲသွားခဲ့ကြပြီ ဖြစ်သည်။
အကယ်၍ တခြားသူတစ်ယောက်သာ ဆိုလျှင် အဘိုးအို၏ ဤစကားများကို ကြားရသောအခါ ဘောပင်ကို ယူ၍ ထိုအမှတ်တရ စာအုပ်ပေါ်တွင် မိမိ၏ နာမည်ကို ရေးပေးမိကြပေလိမ့်မည်။
သို့သော် ချန်းရီကမူ စိတ်ထဲတွင် သံသယ ဝင်သွားပြီး ဤအထူကြီးဖြစ်နေသော အမှတ်တရ စာအုပ်ကို သူ၏ လက်ထဲတွင် ဟိုလှန်ဒီလှန် လုပ်နေလိုက်သည်။
အဘိုးအိုသည် ချန်းရီ ဟိုလှန်ဒီလှန် လုပ်နေသည်ကို မြင်သောအခါ အလျင်အမြန် ပြောလိုက်သည်။
"ချန်းရီ... မလှန်ပါနဲ့တော့... ငါ့ကို တစ်ခုလောက် ရေးပေးလိုက်ပါကွာ... ဆုံဆည်းရတာ ရေစက်ပါပဲ... မြန်မြန်လေး ရေးပေးပါ... ငါ တခြားလူတွေကိုလည်း သွားရေးခိုင်းရဦးမယ်"
ချန်းရီက အဘိုးအိုကို တစ်ချက် တွန်းဖယ်လိုက်ပြီး ဤအမှတ်တရ စာအုပ်ကို လက်ဖြင့် စမ်းသပ်ကြည့်လိုက်သည်။ အထူးသဖြင့် အဘိုးအိုက သူ၏ ရှေ့တွင် ဖြန့်ပြထားသော ထိုစာရွက်ကိုပင် ဖြစ်သည်။
သူ၏ မျက်မှောင်များ ပို၍ ကြုတ်လာသည်။
ဤစာရွက်က ပုံမှန် မဟုတ်ပေ။
ဤစာရွက်တွင် အလွှာနှစ်လွှာ ပါရှိနေကြောင်း ချန်းရီ သတိထားမိလိုက်သည်။ အပေါ်ယံအလွှာမှာ ပုံမှန် အမှတ်တရ စာအုပ် ပုံစံမျိုး ဖြစ်ပြီး အလွန် ပါးလွှာလှသည်။
နာမည်ရေးရမည့် နေရာတွင်သာ မသိမသာလေး အပေါက် ဖောက်ထားခြင်း ဖြစ်သည်။
ဖုံးကွယ်ထားမှုမှာ အလွန် သေသပ်လွန်းလှပြီး ကျွမ်းကျင်သူ အဆင့်တွင် ရှိနေသည်။
အောက်ဆုံးအလွှာမှာမူ မည်သည့် စာသားမှ မပါရှိသော စာရွက်အလွတ် တစ်ရွက် ဖြစ်နေသည်။
အကယ်၍ ချန်းရီက နာမည်နေရာတွင် သူ၏ နာမည်ကို ရေးထည့်လိုက်မည် ဆိုပါက...
သူ၏ နာမည်သည် အောက်ဘက်ရှိ ထိုစာရွက်အလွတ်ပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားမည်ပင် ဖြစ်သည်။
ချန်းရီသာ သံသယ ကြီးတတ်သူ မဟုတ်ဘဲ အဘိုးအို၏ ဇာတ်လမ်းကို နားယောင်သွားခဲ့မည် ဆိုပါက ဤအရာကို တွေ့ရှိနိုင်ရန် အလွန် ခဲယဉ်းပေလိမ့်မည်။
ချန်းရီက အေးစက်စွာ ရယ်မောလိုက်ပြီး ထိုစာရွက်အလွတ်ကို ဆွဲထုတ်လိုက်ကာ စူးရှအေးစက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
"အဘိုးကြီး... ကျုပ်ရဲ့ လက်မှတ်ကို ယူပြီး ဘာလုပ်ချင်လို့လဲ"
အဘိုးအို၏ အကြည့်များက ရှောင်လွှဲသွားပြီး ဟန်လုပ်ရယ်မောကာ ပြောလိုက်သည်။
"အထင်လွဲတာ... အထင်လွဲတာပါ ချန်းရီရာ... မင်း သိပ်မတွေးပါနဲ့"
"အမှတ်တရ စာအုပ်ကို ငါ့ကို ပြန်ပေး... ငါ... ငါ မင်းကို မရေးခိုင်းတော့ဘူး"
အဘိုးအိုက အမှတ်တရ စာအုပ်ကို ပြန်လည် ဆွဲယူရန် ကြိုးစားသော်လည်း ချန်းရီက ထိုစာအုပ်ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားလိုက်သည်။
မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်၏။
"ခွပ်"
ချန်းရီ၏ ကြီးမားလှသော လက်သီးချက်က အဘိုးအို၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီ ဖြစ်သည်။
အဘိုးအိုမှာ အထိုးခံလိုက်ရသဖြင့် လွင့်စင်ထွက်သွားတော့သည်။
ဤလက်သီးချက်မှာ အလွန် ပြင်းထန်လှပြီး အဘိုးအို၏ ပါးစပ်ထောင့်မှ နီရဲသော သွေးများပင် စီးကျလာသည်။
ချန်းရီ၏ စိတ်ထဲတွင်လည်း စနစ်ဆီမှ အသိပေးချက် တစ်ခု ရရှိလိုက်သည်။
၎င်းမှာ သတ်ဖြတ်မှတ်များ တိုးလာသည့် အသိပေးချက်ပင် ဖြစ်သည်။
ချန်းရီက ပေါက်ကွဲကြယ်ပွင့် သေနတ်ကို ဆွဲထုတ်လိုက်သည်။
လွင့်စင်ထွက်သွားသော အဘိုးအိုဆီသို့ ချိန်ရွယ်ကာ ခလုတ်ဆွဲလိုက်၏။
ချန်းရီ အနေဖြင့် ဤအဘိုးအို မည်သည်ကို လုပ်ချင်နေမှန်း သေချာ မသိပေ။
သို့သော် အဘိုးအို၏ လုပ်ရပ်များက ချန်းရီကို အန္တရာယ်ရှိကြောင်း ခံစားမိစေသည်။
မိမိကို ခြိမ်းခြောက်လာနိုင်သော အရာများအပေါ် ချန်းရီသည် မည်သည့်အခါမျှ ညှာတာလေ့ မရှိပေ။
မူလက ချန်းရီသည် ခေါင်းဆောင်ချူချယ်၏ လွှမ်းမိုးမှုအောက်တွင် လူသားအချင်းချင်းအပေါ် တတ်နိုင်သမျှ လက်မပါရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤအဘိုးအိုကတော့ မကောင်းသော ရည်ရွယ်ချက်များကို သိသိသာသာကြီး ဖုံးကွယ်ထားခြင်းပင်။
အဘိုးအိုသည် ချန်းရီ သေနတ်ဆွဲထုတ်လိုက်သည်ကို မြင်သောအခါ ချက်ချင်းပင် လန့်ဖြတ်ကာ အသက်လုမတတ် ကြောက်ရွံ့သွားတော့သည်။
"ညီလေးချန်းရီ... စိတ်မလောပါနဲ့... ငါ... ငါ့မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး... တကယ် မရှိပါဘူးကွာ"
"အထင်လွဲနေတာပါ... အားလုံးက အထင်လွဲနေတာပါ"
"ဒိုင်း... ဒိုင်း... ဒိုင်း..."
ချန်းရီက ဤအဘိုးအို မည်သို့ပင်ပြောနေပါစေ လုံးဝ ဂရုမစိုက်ပေ။
ပေါက်ကွဲကြယ်ပွင့် သေနတ်မှ မီးတောက်များ ထွက်ပေါ်လာသည်။
ကျည်ဆန်များက အဘိုးအို၏ ခန္ဓာကိုယ်ကို ထိမှန်သွားသော်လည်း မျှော်လင့်ထားသလို သွေးထွက်သံယို အပေါက်များ ဖြစ်ပေါ်လာခြင်း မရှိပေ။
အဘိုးအိုက ခန္ဓာကိုယ်ကို တစ်ချက် လှည့်လိုက်ပြီး ခေါင်းကို ရှောင်ဖယ်ကာ ကျည်ဆန်များကို ခန္ဓာကိုယ်နှင့်သာ အထိခံလိုက်သည်။
သူဝတ်ဆင်ထားသော အဝတ်အစားမှာ အလွန် သာမန်ဖြစ်ပုံရပြီး ခဲပြာရောင် အင်္ကျီတိုလေး တစ်ထည်သာ ဖြစ်သည်။
သို့သော် ထိုအင်္ကျီက ကျည်ဆန်များကို အသေအလဲ ကာကွယ်တားဆီးပေးထား၏။
အဘိုးအိုမှာ တစ်စက်ကလေးမျှပင် ဒဏ်ရာမရခဲ့ပေ။
ဒါက... သဘာဝလွန်ပစ္စည်းပဲ။
ချန်းရီ အနည်းငယ် အံ့သြသွားသည်။
အမုန်းတရား ဓားက လျှပ်စီးအလား လျင်မြန်စွာဖြင့် တိုက်ရိုက် ခုတ်ပိုင်းလိုက်ရာ ပစ်မှတ်က အဘိုးအို၏ လည်ပင်းဆီသို့ ဦးတည်သွားသည်။
အဘိုးအို၏ အလျင်မှာလည်း အလွန် မြန်ဆန်လှသည်။ သူစီးထားသော အဝတ်ဖိနပ်လေးဆီမှ အလင်းရောင်များ သဲ့သဲ့လေး ထွက်ပေါ်လာပြီး အရိပ်က ဘယ်ညာ တဖျပ်ဖျပ် လှုပ်ရှားကာ အမုန်းတရားဓား၏ ဓားသွားကို ရှောင်ရှားလိုက်သည်။
မီးခိုးငွေ့တစ်ချက်ကို ညင်သာစွာ မှုတ်ထုတ်လိုက်သည်။
မီးခိုးငွေ့များက အဘိုးအို၏ တစ်ကိုယ်လုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
မီးခိုးငွေ့များထဲမှ တွားသွားကောင် အရေအတွက်များစွာ ထွက်ပေါ်လာပြီး အဘိုးအိုကို ဝန်းရံထားလိုက်ကြသည်။
ထို့နောက် အဘိုးအို၏ လှုပ်ရှားမှုများကလည်း ချန်းရီကို အနည်းငယ် အံ့သြသွားစေသည်။
ဤအဘိုးအို၏ ကိုယ်ပေါ်တွင် အနည်းဆုံး သဘာဝလွန်ပစ္စည်း လေးငါးခုခန့် ရှိနေသည်။
ကာကွယ်နိုင်စွမ်း အလွန် မြင့်မားလှသော ခဲပြာရောင် အင်္ကျီတိုလေးကို မပြောနှင့်ဦး။
သူစီးထားသော အဝတ်ဖိနပ်လေးကပင် လူတစ်ယောက်၏ အလျင်ကို အလွန် မြန်ဆန်သွားစေနိုင်သည်။
ထို့အပြင် အဘိုးအို၏ လက်ထဲတွင် လျှပ်စစ် ပန်ကာသေးသေးလေး တစ်လုံးလည်း ရှိနေသေးသည်။ နွေရာသီတွင် မိန်းကလေးများ အမြဲတမ်း ဆောင်ထားလေ့ရှိသော ပန်ကာမျိုးပင် ဖြစ်သည်။
ထိုပန်ကာလေးက ကြီးမားသော လေပြင်းများကို မှုတ်ထုတ်နိုင်စွမ်းရှိပြီး ချန်းရီ၏ မီးခိုးငွေ့များကိုပင် လွင့်စင်သွားစေလုမတတ် ဖြစ်သွားသည်။
နောက်ဆုံးတွင် ဤအဘိုးအိုက ဦးထုပ်တစ်လုံးကို ဆွဲထုတ်ကာ ခေါင်းပေါ်တွင် ဆောင်းလိုက်သေးသည်။
ထိုဦးထုပ်ထဲမှ မကျွတ်မလွတ်သော ဝိညာဉ်ဆိုး သုံးကောင် ထွက်ပေါ်လာပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ချန်းရီကိုပင် အနည်းငယ် အထိနာသွားစေလုမတတ် ဖြစ်သွားရသည်။
နှစ်ဖက်စလုံး အပြန်အလှန် တိုက်ခိုက်နေကြ၏။
ချန်းရီ၏ သတ်ဖြတ်မှတ်များလည်း တဖြည်းဖြည်းချင်း တိုးလာနေသည်။
နှစ်သိန်း ဆီသို့ တဖြည်းဖြည်း နီးကပ်လာနေသည်။
တော်သေးသည်မှာ ချန်းရီတွင်လည်း တိုက်ခိုက်ရေး နည်းလမ်းများစွာ ရှိနေသဖြင့် အဘိုးအို၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများလည်း များပြားလာသည်။
သွေးများက ထိုခဲပြာရောင် အင်္ကျီတိုလေးကို အနီရောင်အဖြစ်သို့ ဆိုးစွန်းသွားစေသည်။
နောက်ဆုံးတွင် လူမျက်နှာ ကင်းမြီးကောက် ၏ ရှေ့မှောက်၌...
အဘိုးအိုမှာ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားပြီး လူမျက်နှာ ကင်းမြီးကောက်က သူ၏ ဆွေမျိုးများ မျက်နှာကို ပုံဖော်လိုက်သဖြင့် အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရတော့သည်။
လူမျက်နှာ ကင်းမြီးကောက်သည် ပစ်မှတ်၏ ဆွေမျိုးများမှစ၍ သွေးသားတော်စပ်သူများ၏ မျက်နှာကိုပါ ပုံဖော်နိုင်စွမ်း ရှိသည်။
ဤကဲ့သို့သော နည်းလမ်းမှာ ထူးဆန်းသည့် အရာများကို တိုက်ခိုက်ရာတွင် အသုံးမဝင်လှသော်လည်း လူသားများအတွက်မူ အလွန် ထိရောက်မှု ရှိလှသည်။
ချန်းရီက သတ်ဖြတ်မှတ်များကို ခိုးကြည့်လိုက်သည်။
ခုနက တိုက်ပွဲကြောင့် သတ်ဖြတ်မှတ်များ အပြည့်အဝ ရရှိသွားခဲ့ပြီ ဖြစ်သည်။
မိစ္ဆာပစ်ကပ်ကား ကို အချိန်မရွေး အဆင့်မြှင့်တင်နိုင်ပြီ ဖြစ်သည်။
အသံများကြောင့် အဖွဲ့သားများ အားလုံး စုရုံးရောက်ရှိလာကြသည်။ အိပ်ပျော်နေဆဲဖြစ်သော ထယ်ရှီး မှလွဲ၍ဖြစ်သည်။
ဆက်ရန်...