← Chapters

အခန်း ၂၅၆

Vol. 13 Ch. 256

အခန်း ၂၅၆

Vol. 13 Ch. 256

အပိုင်း(၂၅၆) ကမ္ဘာကြီးကို ဖာထေးရန်

ထိုစကားထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လေထုက ချက်ချင်း တင်းမာသွားလေသည်။

ချူချယ်သည်လည်း ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တုန်လှုပ်သွား၏။

ကြည့်ရတာ ဒီကောင်လေးကို လှည့်စားလို့ မရသေးပါလား။

ထို့နောက် ချူချယ်က ခွက်ထဲရှိ လက်ဖက်ရည်များကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက် တည်ငြိမ်သွားလေသည်။

"ဒီကိစ္စကို မင်းဆီကနေ ဖုံးကွယ်ထားဖို့ ဆိုတာ မဖြစ်နိုင်ဘူး ထင်ပါရဲ့... ချန်းရီ... မင်းရဲ့ သံသယလွန်ကဲတဲ့ ရောဂါက တော်တော်လေး ဆိုးနေတုန်းပဲကိုး"

"အကြောင်းရင်းကိုတော့ လောလောဆယ် မင်းကို ငါ ပြောပြလို့ မရသေးဘူး"

"ဒါပေမဲ့ အချိန်တန်ရင်တော့ မင်းကို ငါ သေချာပေါက် ရှင်းပြပါ့မယ်"

"ဘာပဲဖြစ်ဖြစ် ဒီအဘိုးကြီးက မင်းကို သတ်ချင်နေတာတော့ မဟုတ်ဘူး"

"ဒီအချက်ကို မင်းကိုယ်တိုင်လည်း ခံစားမိမယ်လို့ ငါ ယုံတယ်"

ချူချယ်၏ မျက်နှာပေါ်တွင် လေးနက်မှု အချို့ရှိနေသလို အပြစ်မကင်းသည့် ခံစားချက်များလည်း ရှိနေသည်။

ချန်းရီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရင်ထဲတွင် အလွန်တရာ ဒေါသထွက်နေမိ၏။

ထိုအရာများမှာ ထူးဆန်းသောပစ္စည်း လေးခုပင် ဖြစ်သည်။ အကယ်၍ ချူချယ်ပြောသည်သာ အမှန်ဆိုလျှင် ထိုအဘိုးကြီးထံတွင် ဆံပင်ဟူသော ထူးဆန်းသောပစ္စည်း တစ်ခုလည်း ထပ်ရှိနေသေးသည်။

အားလုံး ပေါင်းလိုက်လျှင် ထူးဆန်းသောပစ္စည်း ငါးခုပင် ဖြစ်သည်။

ချူချယ်ဖြစ်နေလျှင်တောင်မှ ဒီကိစ္စက ခွင့်လွှတ်ပေးနိုင်စရာ အကြောင်းမရှိပေ။

"ဟက်ဟက်... ကမ္ဘာကြီးက ဟောင်းနွမ်းစုတ်ပြတ်နေပြီး ခေါင်းဆောင်ချူက လိုက်လံ ဖာထေးချုပ်လုပ်နေရတာပဲ"

ချန်းရီက လှောင်ပြုံး ပြုံးလိုက်သည်။

ချူချယ်က ဘာမှ မပြောတော့ဘဲ လက်နှစ်ဖက်ကိုသာ ဖြန့်ပြလိုက်၏။

"သောက်ကျိုးနည်း... ချူချယ်... ဒီနေ့တော့ မင်းကို သေအောင် ရိုက်မယ်"

"ထူးဆန်းတဲ့ ပစ္စည်းတွေကွ... လေးခု... မဟုတ်ဘူး... ထူးဆန်းတဲ့ ပစ္စည်း ငါးခုတောင်ကွ"

ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ချန်းရီသည် ချူချယ်ဆီသို့ ခုန်အုပ်သွားတော့သည်။

ချူချယ်၏ မျက်နှာပေါ်သို့ လက်သီးတစ်လုံး ပြင်းထန်စွာ ကျရောက်သွား၏။

အခြားလက်တစ်ဖက်ကမူ ချူချယ်၏ ပါးလျနေသော ဆံပင်များကို တိုက်ရိုက် ဆွဲဆုပ်လိုက်လေသည်။

ချူချယ် ကြောင်အမ်းသွားပြီး ချက်ချင်းပင် ဒေါသထွက်သွားသည်။

"ချန်းရီ... ငါက မင်းတို့ရဲ့ ခေါင်းဆောင်ကွ"

"ငါ့ဆံပင်တွေ..."

စကားဆုံးသည်နှင့် ချူချယ်က စတင် တန်ပြန်တိုက်ခိုက်တော့သည်။

ယခင်က ချူချယ်သည် ဆံပင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဂရုမစိုက်ခဲ့ပေ။

သို့သော် အချို့သောအရာများသည် ဆုံးရှုံးသွားရမှသာ ၎င်းတို့၏ တန်ဖိုးကို နားလည်လာတတ်ကြစမြဲပင်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် စိုးရိမ်တကြီး မျက်နှာထားဖြင့် သူတို့နှစ်ဦးကို ဝင်ဆွဲရန် ပြင်လိုက်သည်။

သို့သော် ဘေးနားရှိ တင်းတုံက သူမကို ဖမ်းဆွဲထားလိုက်၏။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက နားမလည်နိုင်စွာ ကြည့်လိုက်သည်။

တင်းတုံ၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးတစ်ခု ပေါ်လာသည်။

"ကိစ္စမရှိဘူး... သူတို့က အစွမ်းတွေလည်း မသုံးကြပါဘူး... ထူးဆန်းတဲ့ ပစ္စည်းတွေလည်း မသုံးကြပါဘူး... ဒီတိုင်း ရိုက်ပုတ်နေကြရုံပါပဲ"

"ဒါပေမဲ့..."

"ထားလိုက်ပါ... ဒီအရူးနှစ်ကောင်ကို ဂရုစိုက်မနေနဲ့... နင် ဗိုက်ဆာနေပြီလား... မနက်စာ မစားရသေးဘူး မလား"

"ဟင်... အင်း... နည်းနည်းဆာတယ်"

ထိုအမျိုးသမီးနှစ်ဦးသည် ခွေးနှစ်ကောင် ကိုက်နေသည်ဟု သဘောထားကာ ထိုနေရာမှ အေးအေးလူလူ ထွက်ခွာသွားကြလေသည်။

မထွက်ခွာမီလေးတွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးမှာ ထိုနှစ်ဦးအတွက် အနည်းငယ် စိုးရိမ်နေသေး၏။

တင်းတုံကမူ လူ့လောက အတွေ့အကြုံ ရင့်ကျက်သူပီပီ ထိုနှစ်ဦးအတွက် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိချေ။

အသက်ရှင်သန်နိုင်ရေးအတွက် ချန်းရီသည် မိမိကိုယ်ကို ဗဟိုပြုသော လမ်းစဉ်ကို အမြဲတမ်း လက်ကိုင်ထားခဲ့ပြီး အရာအားလုံးထက် ရှင်သန်ရေးကိုသာ ဦးစားပေးခဲ့သည်။

အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်လာခဲ့လျှင်တောင်မှ ချန်းရီသည် မည်သည့်အခါမျှ မာနထောင်လွှားခြင်း မရှိခဲ့ပေ။

နိုင်လျှင် တိုက်မည်၊ မနိုင်လျှင် ပြေးမည်။

လုယူနိုင်လျှင် လုယူမည်၊ မလုယူနိုင်လျှင် လက်လျှော့မည်။

သူ၏ ရှင်သန်မှုကို ခြိမ်းခြောက်လာနိုင်သည့် မည်သည့် အကြောင်းတရားကိုမဆို အမြစ်ပြတ် ရှင်းလင်းရမည် ဖြစ်သည်။

သို့သော် နတ်ဆင်ရွာ ခရီးစဉ်အတွင်း ထိုလူဆယ့်ရှစ်ယောက်၏ ပုံရိပ်များက ချန်းရီ၏ ရင်ထဲတွင် သံမဏိတံဆိပ်တုံး တစ်ခုအလား စွဲထင်ရစ်နေခဲ့သည်။

လူသားများ သိပ်မကျန်တော့ကြောင်း ချူချယ်ကလည်း ချန်းရီကို အကြိမ်ကြိမ် ပြောပြခဲ့ဖူးသည်။

အသက်ရှင်သန်နိုင်ရန် လူတိုင်း အချင်းချင်း ကူညီဖေးမကြရမည် ဖြစ်သည်။

အကယ်၍ မင်းတစ်ယောက်တည်း နောက်ဆုံးအချိန်ထိ အသက်ရှင်ကျန်ရစ်ခဲ့လျှင်တောင် ကမ္ဘာကြီးတစ်ခုလုံးမှာ မင်းတစ်ယောက်တည်း ကျန်နေခဲ့ပါက ဆက်လက် ရှင်သန်နိုင်ပါဦးမည်လော။

မြူခိုးမြို့၌ ရှိစဉ်ကလည်း ထယ်ရှီး ဆိုသောကောင်သည် နောက်တွန့်ခြင်း အလျဉ်းမရှိဘဲ ချန်းရီကို ရှာဖွေရန် ကားပေါ်မှ ခုန်ဆင်းလာခဲ့သည်။

ထိုအချိန်က ချန်းရီ၌ ထွက်ပေါက် လုံးဝ မရှိတော့သည့် အခြေအနေမျိုး မဟုတ်ခဲ့သော်လည်း။

သို့သော် ချန်းရီ သိထားသည်မှာ သူသာ အမှန်တကယ် အကျပ်အတည်းနှင့် ရင်ဆိုင်ရပါက ထယ်ရှီးက နောက်တွန့်ခြင်း အလျဉ်းမရှိဘဲ ပြေးဝင်လာမည် ဆိုသည်ကိုပင်။

အကြောင်းရင်းကို ဇွတ်အတင်း ပြောရမည်ဆိုလျှင် ထယ်ရှီး ဆိုသောကောင်က အရမ်းကို အနေအထိုင် ရိုးအလွန်းသောကြောင့်ပင် ဖြစ်သည်။

ချူချယ်ကလည်း အသင်းသားများကို သူ၏အနီးတွင် ထပ်ခါတလဲလဲ စည်းလုံးစေခဲ့သည်။

အားလုံး အသက်ရှင်သန်နိုင်မည့် လမ်းစတစ်ခုကို ရှာဖွေရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်နေခဲ့သည်။

ထို့အပြင် နေ့စဉ်ဘဝ၏ သေးငယ်သော အဖြစ်အပျက်လေးများလည်း ပါဝင်ပေသည်။

တိုက်တိုက်ဆိုင်ဆိုင် ကျူးဇီကျိုက် ကိစ္စနှင့် ကြုံလာသောအခါ...

ယခင်က အကျင့်အတိုင်းဆိုလျှင် ချန်းရီသည် သေမင်းနှင့် ဆော့ကစားနေသော ကျူးဇီကျိုက် အဘိုးကြီးကို သေချာပေါက် သတ်ပစ်မည် ဖြစ်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ထိုသို့ မလုပ်ခဲ့ချေ။

ကျူးဇီကျိုက် နောက်ကွယ်ရှိ လျှို့ဝှက်ချက်များကို ဖော်ထုတ်ချင်လျှင်တောင်မှ။

ကျူးဇီကျိုက် ထံမှ အကျိုးအမြတ်များ ရယူချင်လျှင်တောင်မှ။

ဆင်ခြေမျိုးစုံ၊ အကြောင်းပြချက် မျိုးစုံ ရှိနေသော်လည်း သူ မသတ်ခဲ့ပေ။

အသက်ရှင်သန်ရေး ဟူသော နောက်ဆုံးပန်းတိုင်ကို မထိခိုက်စေသရွေ့ ချန်းရီသည် ခေါင်းဆောင်ချူ၏ ဖာထေးချုပ်လုပ်နေမှုများကို ပူးပေါင်းကူညီပေးရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။

သို့သော် ယခုတော့... ချူချယ် ဆိုသော သောက်ခွေးက ထိုလူကို လွှတ်ပေးလိုက်လေပြီ။

ထူးဆန်းသော ပစ္စည်းများလည်း မရှိတော့ပေ။

သူ့ကို ရှင်းပြချက် ပေးဦးမည်ဟုလည်း ပြောသေးသည်။

မင်းအဘွားကိုပဲ ရှင်းပြချက် ပေးလိုက်...။

သူ သိထားသည်မှာ သူ၏ လက်ထဲသို့ ရောက်လုနီးပါး ဖြစ်နေသော အရာများ လွတ်ထွက်သွားပြီ ဆိုသည်ကိုပင်။

ချန်းရီ၏ စိတ်ဓာတ်များက ပြောင်းလဲမသွားခဲ့ပေ။ ယခင်အတိုင်း နိမ့်ကျနေဆဲဖြစ်ပြီး ထူးဆန်းသော ပစ္စည်းများကို မြင်လျှင် လုယူချင်စိတ်များ ရှိနေဆဲ ဖြစ်သည်။

သူ၏ ရှင်သန်မှုကို အဟန့်အတား ဖြစ်စေမည့် မည်သူ့ကိုမဆို နောက်တွန့်ခြင်း အလျဉ်းမရှိ ဓားဆွဲထုတ်မည်သာ ဖြစ်သည်။

ဥပမာ - ယခု မျက်စိရှေ့ရှိ ဒီကောင်မျိုးပေါ့။

အင်းပေါ့... သူက ချူချယ် ဖြစ်နေမှတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။

သူ့ကိုတော့ ဓားဆွဲထုတ်ပြီး ခုတ်လို့ မဖြစ်နိုင်ဘူး မဟုတ်လား။

သောက်ကျိုးနည်း...။

ထိုသို့ တွေးလိုက်မိသည်နှင့် ချန်းရီ၏ လက်သီးချက်များက ပိုမို ပြင်းထန်လာလေသည်။

ခေါင်းဆောင်ချူ၏ စူးစူးဝါးဝါး အော်ဟစ်သံများကလည်း ပိုမို ကျယ်လောင်လာ၏။

"ချန်းရီ... ဟိတ်ကောင် တကယ်ကြီး လုပ်နေတာလား... ငါ့ဆံပင်တွေ... ငါ့သွားတွေ"

"ချီးတဲ့မှ... ငါက ပြန်မလုပ်တတ်ဘူး ထင်နေလား... မျောက် မက်မွန်သီးခူးသိုင်း"

"ချူချယ်... ခွေးမသား မင်း ဂုဏ်သိက္ခာ နည်းနည်းလေးတောင် မရှိဘူးလား"

ချူချယ်ကမူ အလွန် ရိုးရှင်းလှသည်။

ချန်းရီ ပြောသလိုပင် ကမ္ဘာကြီးက ဟောင်းနွမ်းစုတ်ပြတ်နေပြီး ခေါင်းဆောင်ချူက လိုက်လံ ဖာထေးချုပ်လုပ်နေရသည်။

ဤစကားသည် အမှားအယွင်း မရှိပေ။

ခေါင်းဆောင်ချူသည် ပိုမိုများပြားသော လူများ၊ ပိုမို တန်ဖိုးရှိသော လူများကို အသက်ရှင်ကျန်ရစ်စေရန် စည်းလုံးချင်ခဲ့ပြီး နောက်ဆုံးတွင် ထူးဆန်းသည့် အရာများကို တန်ပြန်တိုက်ခိုက်ကာ မြို့ကြီးများကို ပြန်လည် သိမ်းပိုက်လိုသည်။

ခေါင်းဆောင်ချူသည် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်အချို့ကို လုပ်ခဲ့ဖူးသော်လည်း။

ဥပမာ - ယခင်က ယာဉ်တန်း၌ ရှိစဉ် သာမန် အသက်ရှင်ကျန်ရစ်သူများကို 'အိမ်မြောင်အမြီး' အဖြစ် သဘောတူ လက်ခံခဲ့ခြင်းမျိုး။

ထိုကိစ္စကို ချူချယ်ကိုယ်တိုင် သဘောမတူခဲ့သော်လည်း 'အိမ်မြောင်အမြီး' များ၏ အရေးပါမှုကိုမူ အသိအမှတ်ပြုခဲ့ရသည်။

အလွန် နာမည်ကြီးသော မေးခွန်းတစ်ခု ရှိသည်။ အရှိန်ပြင်းပြင်း မောင်းနှင်လာသော ရထားတစ်စင်းရှေ့ရှိ ရထားလမ်း တစ်ခုပေါ်တွင် လူတစ်ယောက် ရှိနေပြီး အခြား ရထားလမ်း တစ်ခုပေါ်တွင် လူငါးယောက် ရှိနေသည်။

ဤမေးခွန်းကို ချူချယ်၏ ရှေ့မှောက်သို့ ချပြလိုက်ပါက သူသည် လူငါးယောက်ကို ကယ်တင်ရန် နောက်တွန့်ခြင်း အလျဉ်းမရှိ ရွေးချယ်ပေလိမ့်မည်။

အကယ်၍ သာမန် အသက်ရှင်ကျန်ရစ်သူ ငါးယောက်နှင့် အစွမ်းပိုင်ရှင် တစ်ယောက်ကို ယှဉ်၍ ရွေးချယ်ခိုင်းမည် ဆိုလျှင်။

ချူချယ်သည် အစွမ်းပိုင်ရှင်ကို ကယ်တင်ရန် နောက်တွန့်ခြင်း အလျဉ်းမရှိ ရွေးချယ်ပေလိမ့်မည်။

သူသည် လူသားများ အသက်ရှင်သန်ရေးအတွက် ပိုမို အကျိုးရှိမည့် အခြေအနေကိုသာ အမြဲတမ်း ရွေးချယ်တတ်သည်။

ယခုတစ်ကြိမ်၌လည်း ထိုနည်းတူပင်။ ချူချယ်သည် ကျူးဇီကျိုက်ကို လွှတ်ပေးရန် ရွေးချယ်ခဲ့သည်။

ထို့နောက် ချန်းရီ၏ ထိုးကြိတ်မှုကို ခံရကာ မျက်နှာတစ်ခုလုံး ပေါက်ပြဲ ဖူးရောင်သွားတော့သည်။

ဆံပင်များလည်း အများအပြား အဆွဲခံလိုက်ရသည်။

မူလကတည်းက ဘေးထွက်ဆိုးကျိုးများကြောင့် ပါးလျနေသော ဆံပင်များသည် ယခုအခါ ပို၍ပင် ပါးလျသွားလေပြီ။

အသက်ရှင်ကျန်ရစ်သူများသည် တဲအတွင်းမှ ထွက်ပေါ်လာသော ရိုက်ပုတ်သံများကို ကြည့်ကာ ထိတ်လန့် ဝေခွဲမရဖြစ်နေကြပြီး ဘာလုပ်ရမှန်း မသိဖြစ်နေကြသည်။

ရွှီနန်က လက်ဝှေ့ယမ်းကာ ဝိုင်းအုံကြည့်ရှုနေသော အသက်ရှင်ကျန်ရစ်သူများကို မောင်းထုတ်လိုက်ပြီး မနက်စာ ပြင်ဆင်ရန် လှည့်ထွက်သွားလေသည်။

ထို့နောက် ယနေ့ ဝေငှထားသော ယုန်ဖြူတံဆိပ် နို့သကြားလုံးကို အိတ်ကပ်ထဲသို့ သေချာစွာ သိမ်းဆည်းလိုက်သည်။

ရွှီနန်သည် အလွန် အရည်အချင်းပြည့်ဝသော ယာဉ်တန်း ကြီးကြပ်ရေးမှူး တစ်ဦး ဖြစ်သည်။

ကြီးကြပ်ရေးမှူး တစ်ဦး ဖြစ်သော်လည်း သူသည် မိမိ၏ ရာထူးတာဝန်ကို အသုံးချကာ ရိက္ခာများကို ပိုမို ရယူခြင်းမျိုး မရှိခဲ့ပေ။

သာမန် အသက်ရှင်ကျန်ရစ်သူများ တစ်နေ့လျှင် ရိက္ခာ မည်မျှရသနည်း၊ သူလည်း ထိုပမာဏအတိုင်းသာ ရရှိသည်။

ယခင်က စူပါမားကတ်များတွင် နေရာတိုင်း ဝယ်ယူနိုင်သော ဇီးယိုသကြားလုံး မျိုးကိုပင်။

သာမန် အသက်ရှင်ကျန်ရစ်သူများအတွက် တစ်နေ့လျှင် တစ်လုံး ခွဲတမ်းချထားသကဲ့သို့ သူလည်း တစ်နေ့လျှင် တစ်လုံးသာ ရရှိသည်။

ဤကာလတစ်လျှောက်လုံးတွင် ရွှီနန်သည် ရုပ်ဆိုးသော်လည်း ယာဉ်တန်းအတွင်း ဖြည်းဖြည်းချင်း ဩဇာတိက္ကမ တည်ဆောက်နိုင်ခဲ့သည်။

သူသည် ဦးလေးအားပေါင်နှင့် မတူပေ။

လူတိုင်းက ဦးလေးအားပေါင်ကို မိသားစုဝင် လူကြီးတစ်ဦးအဖြစ် သဘောထားကြသည်။

ဦးလေးအားပေါင်သည် လူတိုင်းကို သတိထားရမည့် အချက်အလက်များအား အသေးစိတ် သတိပေး ပြောကြားတတ်သည်။

သို့သော် ရွှီနန်ကမူ ထိုသို့မဟုတ်ပေ။

ရွှီနန်သည် ယာဉ်တန်း၏ စည်းမျဉ်းများကို သတ်မှတ်ချက်များအတိုင်း တိတိကျကျ အကောင်အထည်ဖော်သူသာ ဖြစ်သည်။

ယခင်က နေရာတိုင်းတွင် တွေ့ရတတ်သော ဤဇီးယိုသကြားလုံးလေးများသည် ယခုအခါ လူတိုင်းအတွက် တန်ဖိုးကြီးမားသော ရိက္ခာများ ဖြစ်လာခဲ့ပြီ။

အချို့သူများက မစားရက်ဘဲ အရေးကြီးသော အချိန်များတွင် စွမ်းအင် ဖြည့်တင်းရန်အတွက် ချန်ထားတတ်ကြသည်။

ရွှီနန်ကမူ အိတ်ငယ်လေး တစ်အိတ်စာပင် စုဆောင်းမိနေပြီ ဖြစ်သည်။

အိတ်ထဲတွင် ချောကလက်များ၊ နို့သကြားလုံးများ၊ ဇီးယိုသကြားလုံးများ၊ အုန်းသီးသကြားလုံးများ ပါဝင်သည်။

အမျိုးအစား စုံလင်လှပြီး အရောင်အသွေး စုံလင်ကာ ကြည့်ရသည်မှာ အတော်လေး လှပနေသည်။

ဤသကြားလုံး အများစုမှာ သက်တမ်းကုန်နေပြီ ဖြစ်သည်။

သို့သော် ရွှီနန်က ၎င်းတို့ကို ရတနာများအလား သေချာစွာ သိမ်းဆည်းထားဆဲပင်။

သာမန်အချိန်များတွင် ထုတ်ကြည့်လေ့ပင် မရှိလှပေ။

ယာဉ်တန်းမှ ဝေငှသော ရိက္ခာများထဲတွင် သူ၏ ညီမလေး နှစ်သက်လိမ့်မည်ဟု ထင်သော အရာမှန်သမျှကို ဤနေရာတွင် စုဆောင်း သိမ်းဆည်းထားခြင်း ဖြစ်သည်။

လူသစ်များနှင့် တွေ့ဆုံတိုင်း၊ ယာဉ်တန်း အသစ်များနှင့် ကြုံတွေ့ရတိုင်း။

ရွှီနန်က သူတို့ကို အမြဲတမ်း မေးလေ့ရှိသည်။

ကောင်မလေး တစ်ယောက်ကိုများ တွေ့မိကြသေးလား... ဟူ၍။

ရွှီနန်သည် ညီမဖြစ်သူ၏ ရုပ်ရည်နှင့် ထူးခြားချက်များကို သူတို့အား ဖော်ပြပြောဆိုလေ့ရှိသည်။

တဖြည်းဖြည်းနှင့်... အချိန်တွေ ကြာလာသောအခါ။

တစ်ခါတစ်ရံတွင် ရွှီနန်သည် ညီမဖြစ်သူ၏ ရုပ်ရည်ကို ဖော်ပြရာ၌ အနည်းငယ် ထစ်ငေါ့လာတတ်သည်။

သူသည် ညီမလေး၏ ရုပ်ရည်ကို အနည်းငယ် မေ့လျော့လာခဲ့ပြီ ဖြစ်သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် တစ်စုံတစ်ယောက်က သူ့အတွက် ပုံတူ ပန်းချီကားတစ်ချပ် ရေးဆွဲပေးခဲ့သဖြင့် ရှင်းပြရသည့် အချိန်များကို အများကြီး သက်သာသွားစေခဲ့သည်။

သို့သော်လည်း သူသည် ညီမလေး၏ အသံ မည်သို့ရှိသည်ကိုမူ မေ့သွားခဲ့ပြီ ဖြစ်သည်။

ညီမလေးကို နောက်ဆုံးအကြိမ် တွေ့ခဲ့ရသည်မှာ လွန်ခဲ့သော အချိန်ကာလ အတော်ကြာက ဖြစ်ခဲ့ပုံရသည်။

ထိုကလေးမလေးသည် သူ၏ တစ်ဦးတည်းသော ဆွေမျိုးသားချင်း ဖြစ်သည်။

သူသည်လည်း အခြားသူများကဲ့သို့ပင် အိမ်ရှိ အခြား မိသားစုဝင်များ အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ညီမလေးသည်သာ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။

……

မိုးဖွဲဖွဲလေးများက တဖွဲဖွဲ ရွာသွန်းနေဆဲဖြစ်ပြီး အဆုံးသတ်မည့် အရိပ်အယောင် မရှိပေ။

အစပိုင်းတွင် ယာဉ်တန်းရှိ လူများသည် ဤသို့သော မိုးဖွဲဖွဲလေးများကို အလွန် သဘောကျခဲ့ကြသည်။

မိုးသိပ်မသည်းသဖြင့် ယာဉ်တန်း၏ ရွှေ့ပြောင်းသွားလာမှုကို ကြီးကြီးမားမား မထိခိုက်စေသည့်အပြင် လေထုမှာလည်း စိုစွတ်ကာ အေးမြနေသောကြောင့် ဖြစ်သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဤသို့ စိုစွတ်မှုကြီးကို လူတိုင်းက အလွန်တရာ အနေရခက်လာကြသည်။

အဆိုးရွားဆုံးမှာ ခန္ဓာကိုယ်ပေါ်ရှိ စိုရွှဲနေသော အဝတ်အစားများပင် ဖြစ်သည်။

ထို့အပြင် ညဘက် စခန်းချသည့်အခါ အသုံးပြုရန် ထင်းခြောက်များမှာလည်း ကုန်သလောက် ရှိနေပြီ ဖြစ်သည်။

ချူချယ်နှင့် ချန်းရီတို့ ထိုနေ့က ရန်ဖြစ်ခဲ့သည့် ကိစ္စကို မည်သူကမျှ ထပ်မပြောကြတော့ဘဲ မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ပင်။

ခေါင်းဆောင်ချူ၏ ဆံပင်များကတော့ ထိပ်ပြောင်ကြီး လောင်လီ ကဲ့သို့ ပါးလျသွားခဲ့သည်မှာ အမှန်ပင်။

တစ်ခါတစ်ရံတွင် ပြောင်လက်နေသော နဖူးပြင်ကြီးက အရောင်တလက်လက် ထွက်နေသည်ကို မြင်တွေ့နိုင်လေသည်။

အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ရက်ပေါင်း နှစ်ဆယ့်လေးရက် ဆိုသော အချိန်ကာလမှာ ကြာမြင့်သည်ဟု ထင်ရသော်လည်း ရည်ရွယ်ချက်မရှိ ရွှေ့ပြောင်းသွားလာနေရသော ဤခရီးစဉ်တွင်မူ သိပ်မကြာလှဟု ဆိုရပေမည်။

ဆက်ရန်...

All Chapters