အခန်း ၂၅၇
Vol. 13 Ch. 257
အပိုင်း(၂၅၇) အစွမ်းနိုးထမည့်နည်းလမ်း
ပြောင်းရွှေ့နေထိုင်ရသော ဘဝက ဆိပ်ကမ်းမရှိသည့် သင်္ဘောတစ်စင်းနှင့် တူသည်။
ခေါင်းဆောင်ချူ၏ လျှို့ဝှက်အကာအကွယ် ရှိနေလျှင်ပင် တစ်နေရာတည်း၌ အများဆုံး သုံးရက်သာ ရပ်နားနိုင်ပေသည်။
မူလက သုံးရက်ကြာပြီးနောက် ရိက္ခာရှာဖွေရန် စီစဉ်ထားခဲ့သည်။
ရိက္ခာရှာဖွေရန် စီစဉ်ထားသည့် မြို့ငယ်လေးတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေသဖြင့် အစီအစဉ်ကို နောက်ဆုတ်ရမည်ဟု ခေါင်းဆောင်ချူက ပြောသည်။
ယာဉ်တန်းက မိုးဖွဲဖွဲထဲတွင် ခရီးနှင်နေခဲ့သည်မှာ အတော်ပင် ကြာမြင့်နေပြီ ဖြစ်သည်။
လူသားများ၏ အသားကျတတ်သော အကျင့်က အမှန်တကယ်ပင် ကြောက်ခမန်းလိလိ ဖြစ်သည်ဟု ဆိုရပေမည်။
လူအများအပြားက ဤကဲ့သို့သော ဘဝမျိုးကို စတင် ကျင့်သားရနေကြပြီ ဖြစ်ကာ မဆိုးလှဟုပင် ယူဆနေကြသည်။
အနည်းဆုံးတော့ နောက်လအတွက် အိမ်လခနှင့် ကားအရစ်ကျပေးချေရန် ပူပန်စရာ မလိုတော့ပေ။
ယခုလအတွက် ရောင်းအားပစ်မှတ် မပြည့်မီ၍ သူဌေး၏ ဆူပူကြိမ်းမောင်းမှုကို ခံရမည်ကိုလည်း စိုးရိမ်စရာ မလိုတော့ချေ။
စာမေးပွဲကျသဖြင့် အိမ်ပြန်ရောက်ချိန် မိဘနှစ်ပါး၏ ဝိုင်းဝန်းရိုက်နှက်မှုကို ခံရမည်ကိုပင် ပူပန်စရာ မလိုတော့ပေ။
အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာပေါ်တွင်လည်း အေးချမ်းသော အပြုံးအချို့ ပိုမို ပေါ်လွင်လာသည်။
သေချာပေါက် လူအချို့တော့ ချွင်းချက် ဖြစ်၏။
ဥပမာအားဖြင့် ကျိုးရှောင်ရှောင် ပင်တည်း။
ထိုအမျိုးသမီးက တင်းတုံကို ဆရာအဖြစ် ခံယူပြီးကတည်းက ရူးသွပ်နေသူ တစ်ယောက်နှင့် တူနေ၏။
နေ့စဉ် မိုးဖွဲဖွဲထဲတွင် သိုင်းကျင့်နေချိန်တိုင်း အရူးတစ်ယောက်လိုပင်။
ထမင်းစားခြင်းနှင့် ပျိုးပင်လေးများကို ပြုစုစောင့်ရှောက်ခြင်းမှလွဲ၍ ထိုအမျိုးသမီးက သူမ၏ အချိန်အားလုံးနီးပါးကို သိုင်းကျင့်ရန်အတွက်သာ အသုံးပြုနေသည်။
ဤအမျိုးသမီး၏ ရူးသွပ်မှုကြောင့်ပင် အကျိုးအမြတ် ရရှိခဲ့သည်။
ယခုအခါ သူမ လေ့ကျင့်နေသော လက်သီးသိုင်းက အတော်လေး အင်အားပါလာပြီ ဖြစ်သည်။
တင်းတုံကပင် မနေနိုင်ဘဲ ချီးကျူးရသည်။
"ဒီအသက်အရွယ်ကျမှ သိုင်းစကျင့်တာတောင်... ဒီအဆင့်ထိ ရောက်လာတာ တကယ် ရှားတယ်"
ကျိုးရှောင်ရှောင်က ငယ်စဉ်ကတည်းက အက သင်ယူခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူမက သိုင်းပညာနှင့် ပတ်သက်၍လည်း ကိုယ်ပိုင် နားလည်သဘောပေါက်မှု ရှိနေ၏။
ထို့အပြင် ဘဝ၏ ကြီးမားသော အပြောင်းအလဲများကြောင့် သူမ၏ သိုင်းကွက်များတွင် မာကျောခိုင်မာမှုအချို့ ပါဝင်နေသည်။
ကျိုးရှောင်ရှောင်က နဖူးပေါ်မှ ချွေးများနှင့် မိုးရေများကို သုတ်ဖယ်ကာ အသက်ရှူနှုန်းကို အနည်းငယ် ငြိမ်သက်သွားစေပြီးမှ အလေးအနက် မေးမြန်းသည်။
"ဆရာ... ကျွန်မ ဒီတိုင်းဆက်သွားရင် ဘယ်တော့လောက် အစွမ်းပိုင်ရှင်အဖြစ် နိုးထလာနိုင်မလဲ"
တင်းတုံ၏ မျက်နှာပေါ်ရှိ ဝမ်းသာပီတိဖြစ်မှုက အနည်းငယ် တောင့်တင်းသွားပြီး တိတ်ဆိတ်သွားပြီးနောက် အလေးအနက် ပြန်ဖြေသည်။
"နင့်ကို တပည့်အဖြစ် လက်ခံတုန်းကလည်း ငါ ပြောခဲ့ပါတယ်... နင် ဘယ်တော့ နိုးထလာမလဲ ဆိုတာကို ငါ သေချာ မပြောနိုင်ဘူးလို့"
"ဘယ်တော့မှ နိုးထနိုင်မှာ မဟုတ်ဘူးလို့တောင် ပြောလို့ရတယ်"
"နင် သိုင်းသင်ချင်တယ်ဆိုလို့ ငါ သိထားတာတွေကို သင်ပေးရုံပဲ... ကျန်တာကတော့ ကံတရားအပေါ်မှာပဲ မူတည်တယ်"
သူမ၏ အသက်ရှူသံက အနည်းငယ် မြန်ဆန်သွားပြီးနောက် ခေါင်းငုံ့ကာ ပြန်ဖြေသည်။
"ကျွန်မ နားလည်ပါပြီ... ဆရာ"
တင်းတုံက ခဏမျှ စဉ်းစားပြီးနောက် ဆက်ပြောသည်။
"အခု ငါတို့တွေ လမ်းစဉ် အစွမ်းနဲ့ ပတ်သက်ပြီး သိထားတာက အရမ်းနည်းနေသေးတယ်... နင် ဒီလိုမျိုး ဆက်ကျင့်သွားရင် တစ်နေ့နေ့တော့ နိုးထလာနိုင်ကောင်း ပါရဲ့"
"ဘယ်ကိစ္စမဆို ကြိုးစားလုပ်ဆောင်နေသရွေ့ မျှော်လင့်ချက် ရှိနေမှာပဲ... ဘာမှ မလုပ်ရင်တော့ ဘယ်တော့မှ မျှော်လင့်ချက် ရှိလာမှာ မဟုတ်ဘူး"
ကျိုးရှောင်ရှောင်၏ မျက်ဝန်းများထဲတွင် ခိုင်မာပြတ်သားမှုများ ပိုမို တိုးပွားလာပြီး တင်းတုံကို လက်အုပ်ချီကာ ဂါရဝပြုသည်။
"ဆရာ့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်"
တင်းတုံက ခဏမျှ စဉ်းစားပြီးနောက် စိတ်ထဲရှိ အတွေးကို ထုတ်ပြောသည်။
"ယာဉ်တန်းထဲမှာ အစွမ်းပိုင်ရှင် ငါးယောက် ရှိတယ်... နင် တခြားသူတွေကို သွားမေးကြည့်ပါလား... အဖြေတစ်ခုခု ရနိုင်တာပေါ့"
ကျိုးရှောင်ရှောင်၏ မျက်ဝန်းများက အနည်းငယ် အရောင်လက်သွားသည်။
"ကျွန်မ... သွားမေးလို့ ရပါ့မလား"
တကယ်တော့ ကျိုးရှောင်ရှောင်က ဤအတွေးမျိုးကို တွေးထားခဲ့သည်မှာ ကြာပြီ ဖြစ်၏။
သို့သော် အကောင်အထည် မဖော်ဖြစ်ခဲ့ခြင်းက စိုးရိမ်ပူပန်မှုများစွာ ရှိနေသောကြောင့် ဖြစ်သည်။
ထိုအထဲမှ တစ်ချက်ကတော့ ဆရာဖြစ်သူ စိတ်ခုသွားမည်ကို စိုးရိမ်ခြင်းပင်။
ယခု ဆရာကိုယ်တိုင်က ဤသို့ ပြောလာသဖြင့် ကျိုးရှောင်ရှောင်မှာ စိုးရိမ်မှုများ အနည်းငယ် လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။
"သွားလေ... ဒီကိစ္စအတွက် အဖြေကို နင့်ဘာသာနင် သွားရှာရမယ်... ငါက အပြည့်အဝ မကူညီပေးနိုင်ဘူး"
ကျိုးရှောင်ရှောင်က ဝမ်းသာအားရဖြင့် ပြေးသွားကာ ဆရာဖြစ်သူ၏ လက်မောင်းကို ဖက်တွယ်ထားပြီး သူမ၏ မျက်နှာပေါ်တွင်လည်း ပျော်ရွှင်ကြည်နူးမှုများ အထင်းသား ပေါ်လွင်နေသည်။
...
မိုးဖွဲဖွဲလေးထဲ၌ ဖြစ်၏။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက လက်ထဲရှိ မီးနဂါးဓားဖြင့် ဓားကွက်တစ်ကွက် ဖော်ပြပြီးနောက်မှသာ ကိုယ်ဟန်ကို ပြန်ရုပ်သိမ်းကာ ငြိမ်သက်စွာ ရပ်တန့်လိုက်သည်။
ကျိုးရှောင်ရှောင်က သူမ၏ ဘေးတွင် ရပ်နေခဲ့သည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်သည်။
"နင် ငါ့ဆီကို ဘာလာလုပ်တာလဲ"
"အမ... အဲ... မမ... အမ အဲဒီတုန်းက ဘယ်လိုများ နိုးထလာခဲ့တာလဲလို့ မေးချင်လို့ပါ"
ကျိုးရှောင်ရှောင်က ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို မျှော်လင့်တကြီး ကြည့်နေပြီး ထိုအဖြေက သူမအတွက် လမ်းစတစ်ခုခု ရနိုင်မည်ဟု မျှော်လင့်နေသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာက မှုန်ကုပ်သွားသည်။
သူမ နိုးထလာခဲ့ခြင်းက မိစ္ဆာသစ်သီးကို စားခဲ့ရသောကြောင့် ဖြစ်သည်။ သို့သော် ထို မိစ္ဆာသစ်သီးက ဘယ်ကနေ ရလာသလဲ ဆိုလျှင်...
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အသံက အေးစက်သွားသည်။
"နင်က ငါ နိုးထလာတဲ့ နည်းလမ်းကို အတုခိုးချင်နေတာလား... လုံးဝ မဖြစ်နိုင်ဘူး... ငါ့ရဲ့ နိုးထလာပုံက နင့်အတွက် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး... တခြားသူတွေကိုသာ သွားမေးလိုက်ပါ"
ကျိုးရှောင်ရှောင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်သောအခါ စိတ်ဓာတ်ကျသွားကာ အထီးကျန်စွာဖြင့် လှည့်ထွက်သွားသည်။
ကျိုးရှောင်ရှောင်၏ အထီးကျန်နေသော မျက်နှာအမူအရာကို မြင်သောအခါ...
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အနည်းငယ် သနားသွားပြီး သူမကို ကူညီပေးချင်စိတ်များ ရုတ်တရက် ပေါ်ပေါက်လာသည်။
သို့သော် မည်သို့ စတင် ကူညီပေးရမည်ကိုတော့ မသိပေ။
ကျိုးရှောင်ရှောင်က ပန်းရောင်ဆံပင်နှင့် ကောင်မလေး ဓားကျင့်နေသော နေရာမှ ထွက်ခွာလာပြီးနောက် ချူချယ်ကို သွားရောက် ရှာဖွေသည်။
ချူချယ်က မေးစေ့ကို ပွတ်သပ်ကာ အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပြောသည်။
"ငါ့ရဲ့ နိုးထမှုက တော်တော်လေး ထူးခြားတယ်... နင် ငါ့ဆီကနေ အကြံဉာဏ် တစ်ခုခု ရချင်တယ်ဆိုရင်တော့... ငါ ကူညီပေးနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်"
"ရှင်... "
ချူချယ်ကလည်း မပြောနိုင်ဟု ကျိုးရှောင်ရှောင် လုံးဝ မျှော်လင့်မထားခဲ့ပေ။
"ဒါပေမဲ့ ငါ နင့်ကို ပြောပြနိုင်တာ တစ်ခုရှိတယ်... နိုးထဖို့အတွက် သဘာဝအလျောက် နိုးထလာတဲ့ လမ်းကြောင်း တစ်ခုတည်း ရှိတာ မဟုတ်ဘူး... လမ်းစဉ်ဆေးထိုးအပ် တွေလည်း ရှိသေးတယ်... တကယ်လို့ နင်သာ လမ်းစဉ်ဆေးထိုးအပ်ကို ရှာတွေ့နိုင်မယ်ဆိုရင်... "
"ဘလာ... ဘလာ... "
ချူချယ်၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် ကျိုးရှောင်ရှောင်မှာ အနည်းငယ် မျှော်လင့်ချက်မဲ့သွားသည်။
"ခေါင်းဆောင်ချူ... အခုလို အခြေအနေမျိုးမှာ လမ်းစဉ်ဆေးထိုးအပ်ကို ရှာတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်လောက်ဘူးနော်"
"နင် အတွေးလွန်နေပြီ... လမ်းစဉ်ဆေးထိုးအပ် ရှိရင်တောင်မှ နိုးထလာဖို့ ရာခိုင်နှုန်း အပြည့် သေချာတာ မဟုတ်ဘူး"
"ရှင်... "
ချူချယ်၏ ပါးစပ်က အမှန်တကယ်ပင် အဆိပ်ပြင်းလှ၏။ ကျိုးရှောင်ရှောင်ကို မျှော်လင့်ချက် ပေးခဲ့ပြီးမှ ထိုမျှော်လင့်ချက်ကို လက်ဝါးနှင့် ရိုက်ချိုးဖျက်ဆီးပစ်ခဲ့သည်။
ချန်းရီထံ သွားရောက် မေးမြန်းသင့်၊ မသင့် ကျိုးရှောင်ရှောင် တုံ့ဆိုင်းနေချိန်တွင်...
ထယ်ရှီး နိုးလာသည်။
ကျိုးရှောင်ရှောင် အလွန် ဝမ်းသာသွားပြီး ထယ်ရှီးထံသို့ အလျင်စလို သွားရောက် ရှာဖွေသည်။
ထယ်ရှီးက စိတ်သဘောထား ကောင်းမွန်သူပီပီ ကျိုးရှောင်ရှောင်၏ မေးခွန်းများကို လိုလိုလားလားပင် ပြန်လည် ဖြေကြားပေးသည်။
ကျိုးရှောင်ရှောင် မေးသမျှ မေးခွန်းတိုင်းကို ထယ်ရှီးက နောက်စေ့ကို ပွတ်ကာ အချိန်အတော်ကြာအောင် စဉ်းစားရ၏။
နောက်ဆုံးတွင်မူ ဤစကားတစ်ခွန်းကိုသာ အနိုင်နိုင် ညှစ်ထုတ်နိုင်တော့သည်။
"ဘယ်လို နိုးထလာတာလဲ ဟုတ်လား... "
"ဟီးဟီး... ငါလည်း မသိဘူးလေ... အဲဒီလိုပဲ နိုးထလာတာပဲ"
"ဘယ်လို ခံစားရလဲ ဟုတ်လား... မသိဘူးလေ... ဘာပဲဖြစ်ဖြစ် အဲဒီလို ခံစားချက်မျိုးပဲ"
"သဘာဝလွန်အစွမ်းဆိုတာ ဘာလဲ ဟုတ်လား... အင်း... ငါလည်း မသိဘူး... ဘာပဲဖြစ်ဖြစ် ခွန်အားတွေ အရမ်းကြီးလာပြီး လုပ်ချင်တာကို လုပ်လို့ရတဲ့ ခံစားချက်မျိုးပဲ"
"မသိဘူး... "
"ငါလည်း မသိဘူးလေ... "
"ပြောပြတတ်ဘူး... "
ထိုကဲ့သို့သော အဖြေများက ကျိုးရှောင်ရှောင်ကို ရူးသွပ်သွားစေရန် လုံလောက်လုနီးပါး ဖြစ်နေသည်။
ကံကောင်းသည်မှာ ယခုလက်ရှိ ကျိုးရှောင်ရှောင်က အတော်လေး ရင့်ကျက်နေပြီ ဖြစ်ရာ မည်သည့် အချက်အလက်မျှ မရရှိခဲ့သော်လည်း...
နောက်ဆုံးတွင် ထယ်ရှီးကို ယဉ်ကျေးစွာပင် ကျေးဇူးတင်စကား ဆိုခဲ့သည်။
နောက်ဆုံး မျှော်လင့်ချက်က ချန်းရီအပေါ်သို့ ကျရောက်သွားသည်။
ယာဉ်တန်း တစ်ခုလုံးတွင် ကျိုးရှောင်ရှောင် အထိတွေ့ မခံချင်ဆုံးသူမှာ ချန်းရီပင် ဖြစ်၏။
ပုံမှန်ဆိုလျှင် ချန်းရီကို မြင်သည်နှင့် ရှောင်ကွင်း၍သာ သွားလေ့ရှိသည်။
ကျိုးရှောင်ရှောင်၏ စိတ်နှလုံး အနက်ရှိုင်းဆုံး နေရာတွင် ချန်းရီကို အလွန် ကြောက်ရွံ့နေဆဲ ဖြစ်သည်။
သို့သော် နောက်ဆုံးတွင် လိုလားတောင့်တမှုက ကြောက်ရွံ့ခြင်းကို အနိုင်ယူသွားခဲ့သည်။
ကျိုးရှောင်ရှောင်က ကုန်တင်ကားလေးထဲသို့ ပြန်သွားပြီး ထောင့်တစ်နေရာမှ မဖောက်ရသေးသော ဟွာဇီး ဆေးလိပ်ဘူး အသစ်စက်စက် တစ်ဘူးကို ရှာဖွေထုတ်ယူသည်။
ဤဟွာဇီး ဆေးလိပ်ဘူးက ရိက္ခာရှာဖွေစဉ်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
မူလက အရေးကြီးသော အချိန်ရောက်လျှင် အခြားသူများနှင့် အသက်ကယ် ပစ္စည်းတစ်ခုခု လဲလှယ်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။
သာမန် အခြေအနေမျိုးတွင် သူမက ဤဆေးလိပ်ဘူးကို လုံးဝ ထုတ်သုံးရက်မည် မဟုတ်ပေ။
သူမ ကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း ဤအရာက အဖိုးတန် ပစ္စည်းတစ်ခု ဖြစ်ကြောင်း သိထားသည်။
သင့်တော်သော ဝယ်လက်နှင့်သာ တွေ့လျှင် ဤဆေးလိပ်ဘူးက ကြီးမားသော အကျိုးသက်ရောက်မှု ရှိစေနိုင်သည်။
ဤဟွာဇီး ဆေးလိပ်ဘူးကို ကျိုးရှောင်ရှောင်က အလွန် လုံခြုံစွာ သိမ်းဆည်းထားခဲ့သည်။
အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် ကျိုးရှောင်ရှောင်က ဤဟွာဇီး ဆေးလိပ်ဘူးကို ယူကာ ချန်းရီထံသို့ လျှောက်သွားသည်။
ထိုအချိန်တွင် ချန်းရီက မိစ္ဆာပစ်ကပ်ကား၏ ကျန်ရှိနေသော အချိန်ကို စစ်ဆေးကြည့်ရှုနေ၏။
နောက်ထပ် ဆယ်ရက် အချိန်ကျန်ရှိနေသေးပြီး ထိုအချိန်ရောက်လျှင် မိစ္ဆာပစ်ကပ်ကား၏ အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသွားမည် ဖြစ်သည်။
အချိန်ကုန်မြန်လှမည်ဟု မထင်မှတ်ထားခဲ့ပေ။
ထို့အပြင် လမြိုကျင့်စဉ်ကို လေ့ကျင့်နေမှုနှင့်အတူ သူ၏ သဘာဝလွန်အစွမ်းများကလည်း လျင်မြန်စွာ တိုးတက်လာနေသည်။
ဤကာလအတွင်း ချူချယ်ကလည်း သင့်တော်သော ရိက္ခာရှာဖွေရေး နေရာများကို အစွမ်းကုန် ရှာဖွေနေခဲ့သည်။
ပြီးခဲ့သည့် အကြိမ်က သုံးရက်ကြာပြီးနောက် ရိက္ခာရှာဖွေရန် ထွက်ခွာမည်ဟု ပြောဆိုထားခဲ့၏။
သို့သော် သုံးရက် အချိန်ပြည့်သွားသောအခါ ချူချယ်က လူတိုင်းကို ထပ်မံ အသိပေးခဲ့သည်။ ယခင်က ရိက္ခာရှာဖွေရန် စီစဉ်ထားခဲ့သော မြို့ငယ်လေးတွင် အပြောင်းအလဲအချို့ ဖြစ်ပေါ်နေသဖြင့် မြို့အသစ် တစ်မြို့ကိုသာ ပြန်လည် ရှာဖွေရတော့မည် ဖြစ်ကြောင်း ပြောပြသည်။
မည်သို့သော အပြောင်းအလဲများ ဖြစ်ပေါ်နေသနည်း ဆိုလျှင်...
ထိုနေရာတွင် လမ်းပြသူများပင်လျှင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသော ထူးဆန်းသည့် အငွေ့အသက်များ ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ပေသည်။
ဤကဲ့သို့သော ကိစ္စရပ်များက ကမ္ဘာပျက်ကပ်အတွင်းတွင် အလွန် အဖြစ်များလွန်းလှသည်။
မည်သူက သိနိုင်မည်နည်း... သုံးရက်ပြီးလျှင် နောက်ထပ် သုံးရက်သာ ဖြစ်နေခဲ့သည်။
ယခုအခါ ဆယ်ရက်ကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်ကာ လူတိုင်း၏ ရိက္ခာများ ကုန်ခန်းသွားချိန်ရောက်မှသာ ခေါင်းဆောင်ချူက ရိက္ခာရှာဖွေရန် သင့်တော်သော မြို့ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားသည်။
မနက်ဖြန်...
မနက်ဖြန်ဆိုလျှင် ခေါင်းဆောင်ချူ ပြောသော သင့်တော်သည့် မြို့ဆီသို့ ရောက်ရှိနိုင်ပြီ ဖြစ်သည်။
ယာဉ်တန်းထဲရှိ လူများမှာ အာလူးနှင့် ဆလတ်ရွက်များကိုသာ စားသောက်နေရသည်မှာ ရက်အနည်းငယ် ကြာမြင့်နေပြီ ဖြစ်ကြောင်း သိထားသင့်သည်။
ဤသည်ကပင် ယခင်က ရိက္ခာများ တဖြည်းဖြည်း နည်းပါးလာချိန်တွင် စုဆောင်းထားခဲ့ရခြင်း ဖြစ်၏။
အကယ်၍ ရိက္ခာရှာဖွေမည့် နေရာကိုသာ ဆက်လက် ရှာမတွေ့ပါက အာလူးပင် စားရတော့မည် မဟုတ်ပေ။
ဆက်ရန်...