← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁။ ရှောင်ပြေး၍မရသော လက်ရည်စမ်းပွဲ...။

လျူကျင်း၏ ရှေ့မှောက်တွင် ဝင့်ကြွားစွာ ရပ်တန့်နေသူကား အခြားသူမဟုတ်။ ရှောင်ဂိုဏ်းခွဲ၏ သခင်လေး 'ရှောင်ဒုန်း' ပင် ဖြစ် လေသည်။ သူတို့၏ ပတ်ပတ်လည်တွင်မူ လဆန်းမြို့ ဂိုဏ်းခွဲမှ အရှိန်အဝါကြီးမားလှသော အကြီးအကဲများနှင့် လူကြီးပိုင်းများက ဝန်းရံလျက် စိတ်ဝင်စားသော မျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။

ထိုကျင့်ကြံသူ လူအုပ်ကြီးထဲတွင် လျူကျင်း ရင်းနှီးကျွမ်းဝင်သည့် မျက်နှာဟူ၍ 'ရှောင်နန်' တစ်ယောက်သာ ရှိသည်။ သို့သော် ထိုမျက်နှာကို မြင်လိုက်ရသည်နှင့် လျူကျင်းစိတ်တိုချင်သွားရသည် ။ အကြောင်းမူကား မိမိအား ယခုကဲ့သို့ မျက်နှာပူစရာအကျပ်အတည်းထဲသို့ တွန်းပို့ခဲ့သည့် ပင်မတရားခံမှာ သူ့အကိုကြီးရှောင်နန်ပင် ဖြစ်နေသောကြောင့်ဖြစ်သည်။

အကယ်၍ ယခုတိုက်ပွဲတွင် လျူကျင်းသာ အနိုင်ရရှိသွားခဲ့ပါက ဒေသတွင်းဂိုဏ်းခွဲတစ်ခုလုံး၏ သိက္ခာကို မြေလှန်ပစ်လိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ရာ ဂိုဏ်းခွဲတစ်ခုလုံး မျက်နှာပျက်စရာ ဖြစ်ရပေတော့မည်။ သို့သော်ငြားလည်း... အရှက်သိက္ခာကို မြေနင်း၍ ရန်ပွဲအား တမင်သက်သက် အရှုံးပေးရန်ဟူသည်ကား ကျင့်ကြံသူတစ်ယောက်အနေဖြင့် လုံးဝ လက်ခံနိုင်စရာမရှိသော ကိစ္စရပ်ပင် ဖြစ်တော့သည်။

ထူးဆန်းသည်မှာ ထိုခဏ၌ ရှောင်ဒုန်း၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်ရိပ်များ ဖျတ်ခနဲ ဖြတ်ပြေးသွားခြင်းပင်ဖြစ်သည်။ လျူကျင်းကဲ့သို့သော သာမညတပည့်တဦးကသူကဲ့သို့ ဂိုဏ်းခွဲသခင်လေး၏ စိန်ခေါ်မှုကို ရဲရဲဝံ့ဝံ့ လက်ခံရဲလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထား၍ ဖြစ်နိုင်ပေသည်။

သို့ရာတွင် လျူကျင်း တစ်စုံတစ်ခုကို သတိပြုမိကာ စဉ်းစားမိသွားတော့သည်။ ရှောင်ဒုန်း ယခုကဲ့သို့ အံ့ဩနေရခြင်းမှာ မိမိ၏ စိန်ခေါ်မှုကြောင့်သာမက သူ့ရုပ်ရည်သွင်ပြင်ကြောင့်လည်း ဖြစ်နိုင်သည်။ စင်စစ်မူ သူတို့ ပထမဆုံးအကြိမ် ဆုံတွေ့စဉ်က လျူကျင်းသည် မိမိ၏မျက်နှာကို ဓားပြထံမှ ရထားသော လည်စီး ပုဝါဖြင့် လုံခြုံစွာ ဖုံးအုပ်ထားခဲ့ခြင်း ဖြစ်၏။ ထို့ပြင် အစားအသောက် သုံးဆောင်ရန် ပုဝါကို ခေတ္တချွတ်လိုက်သည့် အချိန်၌လည်း သူက ထိုင်နေခဲ့သဖြင့် ခန့်ညားထည်ဝါလှသော အရပ်အမောင်းနှင့် ကိုယ်ဟန်အချိုးအစားမှာ ကွယ်ပျောက်နေခဲ့သည်။

ထိုမျှမကသေး... ထိုစဉ်က သာမန်လူသားတို့၏ အာရုံကို ဖမ်းစားနိုင်စွမ်းရှိသော ရှောင်နန်၏ တည်ရှိမှုကလည်း လူတိုင်း၏ မျက်လုံးများကို အကြွင်းမဲ့ စိုးမိုးထားခဲ့သည် မဟုတ်ပါလား။

ရှောင်ဒုန်းတစ်ယောက် မိမိနှင့် ရွယ်တူချင်းဖြစ်သော်လည်း ယခုကဲ့သို့ စွမ်းအားချင်းထိပ်တိုက်တွေ့ရန် ရှေ့မှောက်တွင် မတ်တပ်ရပ်နေသည့် လျူကျင်း၏ ငယ်ရွယ်မှုနှင့် ထူးခြားသော အရှိန်အဝါကို မြင်တွေ့ရမှပဲ ဆတ်ဆတ်ခါ အံ့ဩသွားခြင်း ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ... ရှောင်ဒုန်းက တိုက်ကွက်ဖော်ရန် ကိုယ်ဟန်ပြင်လိုက်ပြီ ဖြစ်သည်။ သူ၏ ပတ်ပတ်လည်တွင် ဆူပွက်တောက်လောင်နေသော ချီစွမ်းအား အရှိန်အဝါများ စုစည်းသိပ်သည်းလာသည်။ ရှောင်ဒုန်းသည် သူ၏ စွမ်းအားလှိုင်းများကို အနည်းငယ်မျှပင် ဖုံးကွယ်ရန် မကြိုးစားဘဲ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖိအားပေးလျက် ထုတ်ဖော်ပြသနေသည်။

အတွင်းအားစုစည်းခြင်း တတိယအဆင့်'။

လျူကျင်း မြို့ပြင်၌ ကြုံတွေ့ချေမှုန်းခဲ့ရသော ရိုးရိုးဝိညာဉ်ကျင့်ကြံသူ ဓားပြအချို့နှင့် ယှဉ်လျှင် အားနည်းသည်ဟု ဆိုနိုင်သော်လည်း၊ ရှောင်ဒုန်း၏ ကျင့်ကြံခြင်းအဆင့်မှာ သူ၏ ငယ်ရွယ်သောအသက်အရွယ်နှင့်ဆိုလျှင် ပါရမီထူးချွန်ပြီး တော်တော်လေး မြင့်မားသည်ဟု ပြောရမည်။ ၎င်းပြင် ဂိုဏ်းကြီးတစ်ခု၏ အမွေအနှစ်ကို ဆက်ခံထားသူပီပီ သူ၏ သိုင်းကွက်ကိုယ်ဟန်အနေအထားကလည်း ထို ဓားပြများထက် အဆပေါင်းများစွာ ပိုမိုကျနသပ်ရပ်လှ၏။ တိုက်ပွဲစွမ်းရည် သက်သက်ကို အကဲဖြတ်ရလျှင် ရှောင်ဒုန်းသည် ပြီးခဲ့သည့်ရက်က မိမိတိုက်ခိုက်ခဲ့သော ဓားပြများထက် အပြတ်အသတ် သာလွန်ကြောင်း လျူကျင်း တစ်ချက်ကြည့်ရုံနှင့်ပင် သိရှိလိုက်သည်။

ဤဂိုဏ်းခွဲသခင်လေးသည် သူ့အား အလွယ်တကူ နှိမ်နင်းအနိုင်ယူပြီး၊ သူ့ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို လူအများရှေ့တွင် ပိုမိုမြှင့်တင်ရန် ကြံစည်နေခြင်းလော။ ထို့ကြောင့်ပင် ယခုကဲ့သို့ စိန်ခေါ်မှုကို တမင်သက်သက် ပြုလုပ်ခဲ့ခြင်းလား။

ထိုသို့ တွေးတောရင်းနှင့်ပင် လျူကျင်းသည် ရင်ထဲမှ သက်ပြင်းတစ်ချက်ကို အသံမထွက်ဘဲ ဖွဖွချလိုက်မိတော့သည်။

သို့သော် သူ ဤစိန်ခေါ်ပွဲကို ရင် ဆိုင်ရပေတော့မည်။

လျူကျင်း တိုက်ပွဲအတွက် ကနဦးကိုယ်ဟန်ပြင်လိုက်သည့် ထိုခဏ၌ပင်... သူ၏ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင် များသည် အရှိန်အဟုန်ပြင်းစွာ ဝုန်းခနဲ ဆူပွက်လာတော့သည်။

စင်စစ်မူ လျူကျင်းသည် မိမိ၏ စွမ်းပကားကို တမင်တကာ လျှို့ဝှက်ဖုံးကွယ်ထားရန် မကြိုးစားခဲ့သော်လည်း၊ ထုတ်ပြပြီး ကြွားဝါခြင်းလည်း မပြုခဲ့ပေ။ ထို့ကြောင့်ပင် စောစောပိုင်းက လူအများစု၏ အကြည့်များမှာ ထူးခြားလှပသော ရှောင်နန်ထံ၌သာ စိုးမိုးနေခဲ့ကြသဖြင့်၊ ထမင်းစားဆောင်အတွင်းရှိ လူအုပ်ကြီးမှာ လျူကျင်း၏ တည်ရှိမှုကို စိုးစဉ်းမျှပင် ဂရုမပြုမိခဲ့ကြချေ။

ယခုမူ... အခြေအနေက ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီ။ အခန်းတွင်းရှိ ကျင့်ကြံသူအားလုံး၏ အာရုံစိုက်မှုနှင့် လန့်ဖျန့်သွားသော အကြည့်များသည် လျူကျင်း၏ ထံသို့သာ တစ်ခဲနက် ကျရောက်လာကြချေပြီ။

အသက် တစ်ဆယ့်တစ်နှစ်ပင် မပြည့်သေးသည့် ဤကလေးငယ်သည် 'အတွင်းအားစုစည်းခြင်း အဆင့်၊ ပထမအဆင့်' ဆီသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စားပွဲခန်းမဆောင်အတွင်းရှိ လူတိုင်း ယခုမှပင် နားလည်သွားကြတော့သည်။

ခဏမျှ... တစ်ခန်းလုံးရှိ လူအပေါင်းတို့သည် စကားလုံးများ ပျောက်ရှကာ ဆွံ့အအံ့ဩသွားကြ၏။ ရှောင်ဒိန်း၏ တုန်လှုပ်စိုးရိမ်မှုများမှာလည်း တားဆီး၍မရဘဲ အခန်းထဲရှိ အခြားသော ဂိုဏ်းသားများနှင့် အကြီးအကဲများဆီသို့တရွေ့ရွေ့ ကူးစက်ပြန့်နှံ့သွားတော့သည်။ ရန်စစိန်ခေါ်ခဲ့သူ ရှောင်ဒုန်းကိုယ်တိုင်ပင်လျှင် မယုံကြည်နိုင်လောက်အောင် ကြောင်အမ်းသွားရရှာ၏။

'... ဂိုဏ်းမကြီးရဲ့ နောက်လိုက်တပည့်တယောက်ဆိုတာ ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလိုကျင့်ကြံအဆင့်အတန်းရှိတာပေါ့လေ...”ဟု လူတိုင်း စိတ်ထဲကနေ ကျောချမ်းစွာ တွေးလိုက်မိကြ ကြသည်။

ဂိုဏ်းခွဲသခင်၏ သားဖြစ်သူ ရှောင်ဒုန်းသည် ဤဂိုဏ်းခွဲတစ်ခုလုံးက ပေးနိုင်သမျှ အကောင်းဆုံးသော လေ့ကျင့်မှုများနှင့် ကျင့်ကြံခြင်းဆိုင်ရာ အဖိုးတန် ဆေးရတနာများကို ရရှိခံစားထားသူဖြစ်သည်။ သို့သော်ငြားလည်း... ယခု သူ၏ရှေ့မှောက်တွင် မတ်တပ်ရပ်နေသောသူ့ ထက် အသက် ငါးနှစ်ကျော်မျှ ငယ်ရွယ် သော လူငယ်လေး၏ ကျင့်ကြံခြင်းအဆင့်မှာမူ သူနှင့် နှစ်ဆင့်သာ ကွာဟပေတော့ရာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းသွားစေတော့သည်။

အခြေအနေများက ဤသို့ ပြောင်းလဲသွားပြီဖြစ်ရာ ရှောင်ဒုန်းအနေဖြင့် ယခုတိုက်ပွဲတွင် အနိုင်ရရှိခဲ့လျှင်ပင် ထိုအောင်ပွဲသည် စစ်မှန်သော ဂုဏ်သိက္ခာကို ဆောင်ကြဉ်းပေးနိုင်တော့မည် မဟုတ်ပေ။

စင်စစ်အားဖြင့်... အကယ်၍ ရှောင်ဒုန်းသာ လျူကျင်းကို တစ်ကွက်တည်းဖြင့် ပြတ်ပြတ်သားသား အပြတ်အသတ် ချေမှုန်းအနိုင်ယူနိုင်ခဲ့လျှင်မူ ဂိုဏ်းခွဲအတွက် အနည်းငယ်မျှ မျက်နှာပန်းလှစရာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြားလည်း သူတို့နှစ်ဦးထုတ်ဖော်လိုက်သည့် လက်ရှိကျင့်ကြံခြင်း စွမ်းအားအရှိန်အဝါများအရ ထိုသို့ ပြတ်ပြတ်သားသား အနိုင်ပိုင်းရန်ဟူသည်ကား လုံးဝ မဖြစ်နိုင်သော ကိစ္စရပ်ပင် ဖြစ်တော့သည်။

ဂိုဏ်းချုပ်ဘက်က ပါရမီရှင် တပည့်ကို တောင် ငါကိုယ်တိုင် နှိမ်နင်းခဲ့တာ' ဟု သိုင်းလောကတွင် ကြွားလုံးထုတ်ချင်ဇောဖြင့် အလောတကြီး စိန်ခေါ်လိုက်မိရာ၌ ရှောင်ဒုန်းတစ်ယောက် အသက် ဆယ်နှစ်အရွယ် ကလေးငယ်တစ်ဦးကို အရှက်မရှိ စိန်ခေါ်မိသကဲ့သို့ အောက်တန်းကျသော အခြေအနေဆီသို့ ဆိုက်ရောက်သွားခဲ့ချေပြီ။

ယခုမူ ရှောင်ဒုန်းအနေဖြင့် အသက် ဆယ်နှစ်အရွယ် ကောင်ငယ်လေးတစ်ယောက်ကို အနိုင်ရရှိရန်အတွက်ပင် အသက်လု၍ အသေအလဲ ရုန်းကန်တိုက်ခိုက်ရတော့မည် ဖြစ်သည်။ ၎င်းအချက်ကသာ သူအနိုင်ရခဲ့လျှင် ကြွားဝါခွင့်ရမည့် တစ်ခုတည်းသော အချက် ဖြစ်လာပေလိမ့်မည်။ သို့သော် သူနိုင်သွားခဲ့လျှင်ပင် သိုင်းလောကလူတိုင်းက ၎င်း၏မောက်မာမှုနှင့် အသက်အရွယ် ကွာခြားချက်ကိုသာ တစ်သက်လုံး ကဲ့ရဲ့ရှုံ့ချလျက် မှတ်မိနေကြတော့မည် မဟုတ်ပါလား။

လူပုံအလယ် အရှက်ကွဲမှုကြောင့် ရုတ်ချည်း နီမြန်းအုတက်လာသော ရှောင်ဒုန်း၏ မျက်နှာကို ကြည့်ခြင်းအားဖြင့်၊ သူကိုယ်တိုင်လည်း မိမိကိုယ်မိမိ အကျပ်အတည်းတွင်းထဲ တွန်းပို့မိပြီဟူသော ဤအမှန်တရားကို ကောင်းကောင်းကြီး ရိပ်မိနားလည်သွားပြီဖြစ်ကြောင်း အထင်သား သိသာလှပေသည်။

လျူကျင်း စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို ထပ်မံ၍ ခပ်ဖွဖွ ချလိုက်မိပြန်သည်။ ထိုခဏ၌ပင်... တိုက်ပွဲစတင်ရန် အချက်ပေးသံသည် ကွင်းပြင်တစ်ခုလုံး ဟိန်းခနဲ ထွက်ပေါ်လာချေပြီ။ လက်ရည်စမ်း တိုက်ပွဲ စတင်ပြီဖြစ်သည်။

ရှောင်ဒုန်းသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အထွတ်အထိပ်သို့ မြှင့်တင်ကာ လျူကျင်းထံသို့ လျှပ်စီးပမာ ဝုန်းကနဲ လှစ်ခနဲ ပြေးဝင် တိုက်ခိုက်လာတော့သည်။ ဤတိုက်ပွဲတွင် သူ့အနေဖြင့်လုံးဝ အရှုံးမခံနိုင်ကြောင်း သူ ကောင်းကောင်းကြီး သိနေသည်။

သို့သော်.. လျူကျင်းတွင်လည်း ပြိုင်ဘက် အား အလျှော့ပေးကာ သူ့သိက္ခာကို မြေပေါ်ချနင်းရန် ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိချေ။ ထို့ကြောင့် လျူကျင်းသည် လေပွေတစ်ခုပမာ ဖျတ်လတ်ပေါ့ပါးသော လှုပ်ရှားမှုဖြင့် ရှောင်ဒုန်း၏တိုက်ကွက်ကို ဘေးသို့ လျင်မြန်ဆန်းပြားစွာ ရှောင်တိမ်းလိုက်၏။

ရှောင်ဒုန်း၏ အရှိန်အဟုန်က ပြင်းထန်လွန်းလှပြီး အားမာန်ကလည်း ကြီးမားလွန်းလှသည်။ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်လိုသည့် အလောတကြီး စိတ်ဇောကြောင့် သူ၏ တိုက်ကွက်က လွန်ကဲကာ ဟာကွက် ဖြစ်သွားခဲ့ရချေပြီ။

ခဏတာမျှ... ရှောင်ဒုန်းသည် လျူကျင်း၏ အရိပ်အယောင်ကိုပင် လုံးဝ ပျောက်ဆုံးသွားခဲ့ရသည်။ ထိုမျက်စိတစ်မှိတ် အခိုက်အတန့်၌ပင် လျူကျင်း၏ စိတ်ဝိညာဉ်ထဲတွင် အတွေးတစ်ခု လင်းခနဲ လက်သွားခဲ့၏။

'အင်း ဒါက... တိုက်ကွက် အသစ်တစ်ခုကို စမ်းသပ်ကြည့်ဖို့ အခွင့်ကောင်းပဲ'

လျူကျင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင် များကို တစ်ချက် စုစည်းလိုက်သည်။ သူ၏ ဆရာသခင် သင်ကြားပြသပေးခဲ့ဖူးသော သင်ခန်းစာများကို စိတ်ထဲကနေ ပြန်လည်အမှတ်ရလိုက်၏။ သူသည် အသက်ကို ဝဝရှူသွင်းလျက် ဝိညာဉ်ရေးရာ စွမ်းအင်များကို တည်ငြိမ်အောင် ထိန်းချုပ်ကာ၊ ရှေ့သို့ တစ်လှမ်း တက်လှမ်းလိုက်တော့သည်။

တစ်ခဏမျှ... လျူကျင်းတစ်ယောက် မိမိအလိုရှိသည့် အခွင့်ကောင်းနှင့် တိုက်ကွက်အနေအထားကို ကွက်တိရမိပြီဟု ခံစားလိုက်ရသည်။ သို့သော်ငြားလည်း ထိုမျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ဒုန်းက အချိန်မီ လျင်မြန်ဖြတ်လတ်စွာ လှည့်ထွက်ရှောင်တိမ်းနိုင်သွားပြီး၊ လျူကျင်း၏ ဦးခေါင်းတည့်တည့်ဆီသို့ ဦးတည်ကာ လေခွင်းသံနှင့်အတူ ဝုန်းကနဲ ပြင်းထန်သော ကန်ချက်တစ်ချက် ဆင့်ဆိုလိုက်တော့သည်။

လျူကျင်းသည် ခေါင်းကို အောက်သို့ ချက်ချင်းငုံ့ကာ ထိုအန္တရာယ်ရှိသော ကန်ချက်ကို သီသီလေး ရှောင်တိမ်းလိုက်ရင်း၊ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ပေါ်လာချင်သော သက်ပြင်းကို ရင်ထဲ၌သာ အောင့်အီးမြိုသိပ်ထားလိုက်ရ၏။

'ဒါပေါ့ လက်တွေ့မှာ လွယ်လွယ်နဲ့ ဘယ်အောင်မြင်ပါ့မလဲ ကျစ်..”

လျူကျင်းသည် စိတ်မသက်မသာဖြင့် လျှာတစ်ချက် စုပ်လိုက်မိသည်။ စင်စစ်မူ သူသည် တိုက်ပွဲထဲတွင် ဤဆန်းပြားသည့် ကျင့်စဉ်ကွက်ကို စိတ်ကြိုက်ထင်သလို အသုံးချနိုင်လောက်သည့် အဆင့်အထိ ကျွမ်းကျင်မှု မရှိသေးချေ။

ထို့ကြောင့်ပင်... လျူကျင်းသည် အချိန်ဆွဲမနေတော့ဘဲ တိုက်ပွဲဗျူဟာအစီအစဉ်ကို ရုတ်ချည်းပြောင်းလဲကာ၊ ပြိုင်ဘက် ကာကွယ်ရေး ဟာကွက်ဖြစ်သွားသော ရှောင်ဒုန်း၏ ခြေထောက်ကို ဖြတ်ခနဲ ဆွဲဖမ်း၍ သူ့ချီစွမ်းအင် အရှိန်ဖြင့် တစ်ချက်တည်း ဆွဲလှည့်ပစ်လိုက်တော့သည်။

တစ်ဆက်တည်းမှာပင် လျူကျင်းက သူ၏ အခြားခြေတစ်ဖက်ကို ဝိညာဉ်ချီလှိုင်းများဖြင့် မြှင့်တင်ကာ လျှပ်စီးပမာ ပတ်ချာဝိုင်း ကန်သွင်းလိုက်ရာ၊ ရှောင်ဒုန်းသည် တစ်ကိုယ်လုံး ဟန်ချက်အကြွင်းမဲ့ ပျက်ပြားသွားပြီး မြေပြင်ပေါ်သို့ ဝုန်းကနဲ လဲပြိုကျသွားရတော့၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လျူကျင်းသည် လဲကျနေသော ရှောင်ဒုန်း၏ ခန္ဓာကိုယ်ပေါ်သို့ သူ၏ ဖနောင့်ဖြင့် ကျောက်တောင်ကြီးတစ်ခု ပြိုကျလာသကဲ့သို့ ခွန်အားပြည့် စောင့်နင်းချလိုက်လေတော့သည်။

ရှောင်ဒုန်းသည် အသက်လုလျက် လိမ့်ထွက်ကာ ထိုပြင်းထန်သော ဖနောင့်ချက်ကို အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သော်လည်း၊ လျူကျင်းက သူ့ထံသို့ အရိပ်ပမာ ထက်ကြပ်မကွာ ကပ်ပါသွားခဲ့ပြီ ဖြစ်သည်။

လျူကျင်းသည် ထိုလူငယ်၏ ကာကွယ်ရေးအကွက်ကို လျှပ်ခနဲ လျှိုဝင်ပြီး၊ သူ၏ရင်ဘတ်ဆီသို့ ဝိညာဉ်ချီအရှိန်အဝါများဖြင့် သုံးချက်ဆင့်ကာ ပြင်းထန်စွာ ဆင့်ဆိုတိုက်ခိုက်လိုက်၏။ အကယ်၍သာ သူတို့နှစ်ဦးစလုံးက ကျင့်ကြံခြင်းအဆင့်အတန်း တူညီနေခဲ့ပါက ဤလက်ဝါးတိုက်ကွက်သည် ရှောင်ဒုန်းအား သေလုမြောပါး ပြင်းထန်သော ဒဏ်ရာကို ရရှိစေမည် ဖြစ်သည်။ ယခုအနေအထားတွင်မူ ရှောင်ဒုန်းသည် ကျင့်ကြံခြင်းအဆင့် သာလွန်မှုကြောင့် လျူကျင်း၏ တိုက်ကွက်အကွာအဝေးအတွင်းမှ ဝေးရာသို့ နောက်ဆုတ် လွတ်မြောက်သွားနိုင်ခဲ့ပြီးနောက် ချက်ချင်းပင် သွေးရူးသွေးတန်းနှင့် တန်ပြန်တိုက်စစ်ကို ဆင်နွှဲလာပြန်သည်။

ယခုတစ်ကြိမ်တွင်မူ ရှောင်ဒုန်း၏ တိုက်ကွက်များက ယခင်ကထက် ပိုမိုရက်စက်ပြင်းထန်လာပြီး၊ အသက်အန္တရာယ်ကို စိုးရိမ်လာသဖြင့် အာရုံစူးစိုက်မှုလည်း ပိုမိုအားကောင်းလာချေပြီ။ လျူကျင်းအနေဖြင့် အခွင့်ကောင်းယူ အသုံးချနိုင်မည့် ရန်သူ့ဟာကွက် ပျော့ကွက်များကို အလွယ်တကူ ရှာမတွေ့နိုင်တော့ပေ။

သို့သော်ငြားလည်း ထိုအခြေအနေက ဤမျှသာ ဖြစ်သည်။ ရှောင်ဒုန်းသည် ဒေါသတကြီး မည်မျှပင် တိုက်ခိုက်နေပါစေ လျူကျင်း၏ ကိုယ်ထည်အဝတ်စကိုပင် စိုးစဉ်းမျှ ထိမှန်အောင် မစွမ်းဆောင်နိုင်သေးချေ။

လျူကျင်းသည် လေပွေပမာ ဖျတ်လတ်စွာ အမြဲပင် တိမ်းရှောင်နေပြီး၊ ရှောင်ဒုန်း၏ ရှေ့တွင် တစ်လှမ်းအမြဲ သာနေစေရန် တိုက်ပွဲတစ်ခုလုံးကို သေချာစွာ ထိန်းချုပ်မောင်းနှင်ထား၏။

ကုန်ဆုံးသွားသည့် စက္ကန့်တိုင်းတွင် ရှောင်ဒုန်း၏ လှုပ်ရှားမှုများက အနည်းငယ်မျှ ပိုမိုအသည်းအသန် ဖြစ်လာပြီး၊ ပိုမိုဒေါသထွက်လာကာ၊ တစ်စစနှင့် တိုက်ကွက်များမှာ ကမောက်ကမ ပိုဖြစ်လာတော့သည်။

ထိုခဏ၌ပင်... လျူကျင်း မျှော်လင့်စောင့်စားနေသော ပြိုင်ဘက်၏အကြီးမားဆုံး ဟာကွက်သည် ကွက်တိ ပေါ်ထွက်လာသည်။

သူ၏ မျက်နှာဖုံးပုဝါအောက်မှ စူးရှလှသော မျက်ဝန်းအစုံသည် စူးခနဲ ကျဉ်းမြောင်းသွားပြီး၊ ချက်ချင်းပင် လျှပ်စီးပမာ ရှေ့သို့ တိုးဝင်ကာ ခန္ဓာကိုယ်အတွင်းရှိ သိပ်သည်းလှသော ဝိညာဉ်ချီ ခွန်အားအပြည့်ဖြင့် အားမာန်ပါပါ ထိုးနှက်လိုက်တော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင်... စွမ်းအားလှိုင်းများ ရိုက်ခတ်သွားပြီး ရှောင်ဒုန်းသည် လေထဲသို့ ဝုန်းကနဲ လွင့်ထွက်သွားရတော့၏။ သို့သော်ငြားလည်း ကိစ္စက ဤမျှနှင့် မပြီးဆုံးသေးချေ။ လျူကျင်းသည် လွင့်စင်သွားသော ရန်သူ့နောက်သို့ အရိပ်ပမာ ထက်ကြပ်မကွာ ထပ်မံလိုက်ပါသွားပြီး၊ အဟုန်မပျက် အရှိန်အဟုန်တူညီစွာဖြင့် နောက်ထပ် ပြင်းထန်လှသော လက်ဝါးတိုက်ကွက်တစ်ချက်ကို ထပ်မံဆင့်ဆိုလိုက်ပြန်ရာ ရှောင်ဒုန်းမှာ နာကျင်လွန်းလှသဖြင့် ရင်ဘတ်ကိုဖိကာ အသက်ရှူပင် မှားလျက် မြေပြင်ပေါ်သို့ ဝုန်းကနဲ လဲပြိုကျသွားရရှာတော့သည်။

လျူကျင်းသည် တည်ငြိမ်ခန့်ညားစွာ စစ်မြေပြင်တွင် မတ်တပ်ရပ်လိုက်ပြီး၊ အဝတ်စကို ခါလျက် နောက်သို့ တစ်လှမ်း ဆုတ်လိုက်၏။ ထို့နောက် သွေးအန်မတတ် လဲကျနေသော ရှောင်ဒုန်းအား သိုင်းလောကထုံးစံအတိုင်း လက်နှစ်ဖက်ဆုပ်ကာ ညင်သာစွာ ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ကျွန်တော့်ကို လမ်းညွှန်ပြသင်ပြပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်... အစ်ကိုကြီးဒုန်း”

လျူကျင်းက တစ်ခန်းလုံး တိတ်ဆိတ်သွားစေမည့် တည်ငြိမ်အေးဆေးလွန်းသော အသံဖြင့် ဆိုလိုက်လေတော့သည်။

ရှောင်ဒုန်းအနေဖြင့် ယခုအချိန်တွင် ကြိတ်မှိတ်ကာ ပြန်လည်မတ်တပ်ရပ်နိုင်စွမ်း ရှိသေးသည်ကို လျူကျင်းရော၊ ရှောင်ဒုန်းကိုယ်တိုင်ပါ နှစ်ဦးစလုံး ကောင်းကောင်းကြီး သိကြသည်။

အကယ်၍သာ ရှောင်ဒုန်းဘက်က အရှက်ပြေ ဆက်လက်တိုက်ခိုက်ရန် ခေါင်းမာစွာ ရွေးချယ်ခဲ့လျှင် ဤတိုက်ပွဲသည် နောက်ထပ် အတော်ကြာအောင် ဆက်လက်ရှည်ကြာသွားနိုင်သေးသည်ကို အခန်းထဲရှိ အကြီးအကဲများနှင့် လူတိုင်းလည်း ရိပ်မိကြပေသည်။

သို့သော်ငြားလည်း... ထိုသို့ အသေအလဲ ဆက်လက်တိုက်ခိုက်နေခြင်းက ဘာထူးခြားသွားမည်နည်း။

သူ မဆုတ်မနစ် ဆက်လက်တိုက်ခိုက်ခဲ့လျှင်ပင် ယခင်ကဲ့သို့ အရှက်ကွဲရမည့် ရလဒ်ဆိုးကသာ ထပ်မံ၍ သံသရာလည်နေဦးမည် ဖြစ်သည်။ စင်စစ်မူ အခြေအနေက ယခုထက်ပင် ပိုမိုဆိုးရွား ညစ်ပတ်သွားနိုင်ချေ ရှိ၏။ လျူကျင်း ဆင့်ဆိုလိုက်သော ပြင်းထန်လှသည့် လက်ဝါးတိုက်ကွက်နှစ်ချက်ကြောင့် ရှောင်ဒုန်း၏ ခန္ဓာကိုယ်တွင်း ဝိညာဉ်ချီလှုပ်ရှားမှုနှင့် စွမ်းဆောင်ရည်မှာ သိသိသာသာ ယုတ်လျော့ကျဆင်းသွားပေလိမ့်မည်။

လျူကျင်းကမူ လေနုအေးပမာ ပေါ့ပါးဖျတ်လတ်စွာဖြင့်သာ ဆက်လက်တိမ်းရှောင်နေပြီး၊ ဒေါသကြောင့် ပေါ်ထွက်လာသမျှ ရန်သူ့ဟာကွက် ပျော့ကွက်များကိုသာ အပိုင်တွက်ချက် အသုံးချသွားမည် ဖြစ်သည်။

တိုက်ပွဲက အချိန်ကြာလာလေလေ... ဂိုဏ်းခွဲသခင်လေး ရှောင်ဒုန်းတစ်ယောက် အရှက်ကွဲပြီး ရုပ်ပျက်ဆင်းပျက် ပိုဖြစ်လာလေလေ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်ပင် ဤအတောအတွင်း၌ တိုက်ပွဲကို အရှုံးပေးကာ အဆုံးသတ်လိုက်ခြင်းက ရှောင်ဒုန်းအတွက် အတိုင်းအထက်အလွန် ငဲ့ညှာသနားရာ ရောက်နေကြောင်းနှင့် လျူကျင်းက ရန်သူ့မျက်နှာကို ထောက်ထားပေးလိုက်ခြင်းဖြစ်ကြောင်း အခန်းတွင်းရှိ ကျင့်ကြံသူလူအုပ်ကြီး ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားကြတော့သည်။

“တကယ်လို့ အစ်ကိုကြီးဒုန်းသာ တခြားလူတွေနဲ့လက်ရည်မစမ်းခင် ကျွန်တော်နဲ့ တွေ့မယ်ဆို ကျွန်တော် ခုလောက်ထိ တိုက်နိူင်မှာမဟုတ်ပါဘူး ...ဒီလောက်ပွဲအလီလီဆင်နွဲတာတောင် ပြောင်မြောက်တဲ့သိုင်းကွက်တွေ ကစားနိူင်သေးတဲ့အကိုကြီးဒုန်းကို လေးစားပါတယ် ..”

၎င်းစကားများက လျူကျင်းအနေဖြင့် ပြိုင်ဘက် မျက်နှာကို ထောက်ထားပြီး နှုတ်မှပြောရန် စိတ်ကူးထားသည့် စိတ်ထဲမှ စကားလုံးများ ဖြစ်ကြသည်။ ဤစကားများက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသော အခြေအနေအရပ်ရပ်ကို အပြီးအပိုင် ပြန်လည်ကုစားပေးနိုင်မည် မဟုတ်သော်လည်း... အနည်းဆုံးတော့ လက်ရှိအခြေအနေတွင် ဂိုဏ်းခွဲသခင်လေး ခံစားလိုက်ရသည့် သိက္ခာကျဆင်းမှုကို အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားစေလိမ့်မည်။

သို့သော်ငြားလည်း ကံဆိုးသည့်အချက်မှာ လျူကျင်းအနေဖြင့် ထိုငဲ့ညှာသော စကားလုံးများကို နှုတ်မှ ထုတ်ဖော်ပြောကြားခွင့် လုံးဝ မရလိုက်ချေ။

တိုက်ပွဲအပြီး အပ်ကျသံပင် ကြားရလောက်အောင် ဆိတ်ငြိမ်သွားသော စားသောက်ခန်းမ‌ေဆာင်အတွင်း ပထမဆုံး စတင်စကားပြောလိုက်သူမှာ အခြားသူမဟုတ်ဘဲ ရှောင်နန် ဖြစ်နေခဲ့သောကြောင့်ပင် ဖြစ်သည်။

“တကယ်တော်တယ်ဟေ့....”

ရှောင်နန်က ပြုံးစစမျက်နှာပေးဖြင့် လက်ခုပ်တီးရင်း အသံအက်အက်ကြီးဖြင့် အော်ကြီးဟစ်ကျယ် ထဆိုလိုက်၏။

“ဂိုဏ်းခွဲသခင်... ခင်ဗျားရဲ့ သားက ပွဲတိုင်းပွဲတိုင်းမှာ တကယ် အစွမ်းပြသွားနိုင်ခဲ့ပါတယ်။... ကျွန်တော်ရဲ့ ပါရမီရှင် ညီငယ်လေးနဲ့ ထိပ်တိုက်ယှဉ်ပြိုင်တဲ့ အခါမှာတော့ ဒီလိုအလဲထိုးခံရတဲ့ ရလဒ်မျိုး ထွက်ပေါ်လာတာကတော့ သဘာဝကျပါတယ်”

ထိုနေ့ညဉ့်နက်ပိုင်း... တည်ခင်းဧည့်ခံပွဲကြီး ပြီးဆုံးသွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း၊ ဂိုဏ်းခွဲသခင် ရှောင်ဒင်သည် သူတို့အား ပိုမိုတိတ်ဆိတ်ပြီး သီးသန့်ဆန်သော လျှို့ဝှက်အခန်းငယ်တစ်ခုဆီသို့ ဖိတ်ခေါ်လာခဲ့သည်။

ယခုမူ သူတို့သည် အခြားသော ဂိုဏ်းသားများ၏ ချောင်းမြောင်းကြည့်ရှုခြင်းနှင့် နားစွင့်ခြင်း အန္တရာယ်များမှ ကင်းဝေးရာသို့ လုံးဝ ရောက်ရှိနေခဲ့ကြချေပြီ။ အခန်းတွင်း၌ တစ်ဖက်တွင် ရှောင်နန်နှင့် လျူကျင်း၊ အခြားတစ်ဖက်တွင်မူ ဂိုဏ်းခွဲသခင် ရှောင်ဒင်နှင့် သခင်လေး ရှောင်ဒုန်းတို့ လေးဦးတည်းသာ ကျန်ရှိတော့သည်။

“ဒီလိုကိုး... ဒါဆို သခင်လေးတို့နှစ်ယောက် က လမ်းခရီးမှာ ‘ဝက်ဝံနက်ဂိုဏ်း’ နဲ့ ထိပ်တိုက်တိုးခဲ့ကြတာပေါ့”

ရှောင်ဒင်က စိတ်မသက်မသာဖြင့် ခေါင်းကို တရမ်းရမ်း လုပ်ရင်း ဆိုလိုက်သည်။

“ကျုပ် အမှားတွေပါ ...သူတို့က ဒီအရပ်ဒေသရဲ့ အောက်တန်းကျတဲ့ အနှောင့်အယှက် အဖျက်သမားတွေပါ ... ကျင့်ကြံအဆင့် အရမ်းမမြင့်တော့ အန္တရာယ် သိပ်မကြီးပေမဲ့ တကယ့် စိတ်အနှောင့်အယှက် ဖြစ်စရာ ပါဗျာ ..ပုံမှန်ဆိုရင်တော့ သူတို့က မြို့ထဲကို အဝင်အထွက်လုပ်တဲ့ သာမန်ကုန်သည်တွေကိုပဲ ပစ်မှတ်ထားပြီး ဓားပြတိုက်ကြတာ။ ရှောင် ဂိုဏ်းမကြီးက လူတွေကိုတောင် ရန်စတိုက်ခိုက်ရဲလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ တကယ့်အကန်းတွေပါဗျာ ...ဒီလိုမှန်းသိရင် သခင်လေးတို့မလာခင် ‘အဲ့ဒီလူမိုက်းဓားပြတွေကို ကျုပ် အမြစ်ပြတ် သွားရောက်နှိမ်နင်းလိုက်ပါတယ် ...အခုတော့ အားနာစရာ ဖြစ်ကုန်ဘီ ...”

“ရပါတယ်... ကိစ္စမရှိပါဘူး ဂိုဏ်းခွဲသခင်ကြီးရယ်”

ရှောင်နန်က ဘာမှမဟုတ်သည့်အလား လက်တစ်ဖက်ကို ပေါ့ပါးစွာ ဝေ့ယမ်းပြရင်း ဆိုလိုက်၏။ ထို့နောက် အခြားလက်တစ်ဖက်ဖြင့် သစ်မွှေးအရက်ခွက်ကို နှုတ်ခမ်းဆီသို့ ယူဆောင်ကာ ဖြည်းညှင်းစွာ မော့လိုက်သည်။ စင်စစ် ဤအရက်ကား ဂိုဏ်းခွဲသခင် ရှောင်ဒင်က ပင်မဂိုဏ်းမှ လာရောက်သည့် ၎င်းတို့နှစ်ဦးတည်းအတွက်သာ ရည်ရွယ်၍ အဖိုးတန်ရတနာသဖွယ် အထူးသီးသန့် ထုတ်ယူတည်ခင်းပေးထားခြင်း ဖြစ်၏။

ထိုသို့ လူကြီးချင်း စကားဖောင်ဖွဲ့နေကြစဉ်... လက်ရှိအချိန်တွင် လျူကျင်းနှင့် ရှောင်ဒုန်းတို့မှာမူ အလှပြရုပ်သေးရုပ်များသဖွယ် အနေခက်စွာ ဖြစ်နေရရှာသည်။ ထိုလူငယ်နှစ်ဦးသည် လူကြီးများဘေးဘက် ခပ်လှမ်းလှမ်းတွင် ကပ်လျက် စကားတစ်လုံးမျှ ဝင်မပြောဝံ့ဘဲ ငြိမ်သက်စွာ ထိုင်နေကြသည်။

“အဲ့ဒီဓားပြတွေက ကျွန်တော် တို့အတွက်တော့ လမ်းခရီးမှာ အပျင်းပြေ စိတ်အပန်းဖြေစရာ ပါဗျာ ...ဂိုဏ်းခွဲသခင်ကြီးသာ သူတို့ကို ကြိုတင်ပြီး သုတ်သင်ရှင်းလင်းပစ်လိုက်ရင် ကျွန်တော်တို့ပျင်းနေမှာပေါ့ ဟားဟား..”

ရှောင်နန်က စူးရှသော မျက်လုံးများဖြင့် စကားကို ဆက်လက်ပြောကြားလိုက်သည်။

“ဒါပေမဲ့လည်း... ဂိုဏ်းခွဲသခင်ကြီးဘက်က အလိုရှိတယ်ဆိုရင်တော့ အဲ့ဒီဝက်ဝံနက်ဂိုဏ်းကို မြေလှန်ရှင်းလင်းတဲ့နေရာမှာ ကူညီပေးဖို့ အဆင်သင့်ပါပဲ...”

“ဟင် ...တကယ်ကြီးလားဗျာ ...”

ရှောင်ဒင်တစ်ယောက် မမျှော်လင့်ဘဲ ပင်မဂိုဏ်းမကြီး၏ အကူအညီကို ရရှိမည်ဖြစ်သဖြင့် ဝမ်းသာအားရဖြစ်လွန်း၍ အသံကပင် သိသိသာသာ မြင့်တက် တုန်ရင်သွားရတော့သည်။ သို့သော်ငြားလည်း သူ၏လက်ထဲမှ ဆေးအရက်ခွက် လွတ်ကျမသွားစေရန်မူ ကျင့်ကြံသူတစ်ယောက်ပီပီ သတိထားကာ စွမ်းအားဖြင့် အမြန်ထိန်းလိုက်နိုင်သေး၏။

“သခင်လေးက ကျုပ် တို့ဂိုဏ်းခွဲအတွက် ဒီလိုအောက်ခြေကိစ္စမျိုးအထိ ကိုယ်တိုင်ကိုယ်ကျ ကူညီပေးမယ်ပေါ့... ဟုတ်လား...”

“ဟုတ်တာပေါ့ ဂိုဏ်းခွဲသခင်ကြီးရဲ့ ...၊ သာမန်ကျင့်ကြံသူ ဓားပြတစ်စုကြောင့် ပင်မဂိုဏ်းမကြီးနဲ့ ဆက်စပ်နေတဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ အနှောင့်အယှက်ဖြစ်တာမျိုးကို ခွင့်ပြုလို့မရဘူးလေ။ ဒါက ပင်မဂိုဏ်းရဲ့ ဂုဏ်သိက္ခာကိုပါ လာပြီး ထိပါးတာပဲ။ ဒီလောက်ကတော့ ကျွန်တော့် ဘက်က လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စအသေးအမွှားလေးပါဗျာ”

ရှောင်နန်က ဘာမှမဟုတ်သည့်အလား လက်ဖျစ်တစ်ချက်တီးကာ ခပ်ပေါ့ပေါ့ပင် ပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက် မျက်နှာအမူအရာကို ရုတ်ချည်း တည်တံ့လေးနက်အောင် ပြောင်းလဲလိုက်ပြီး...

“ဒါပေမဲ့လည်း... အခုအချိန်မှာ ဒီဓားပြကိစ္စထက်မက ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေတယ် မဟုတ်လား...”

အခန်းတွင်း၌ မည်သည့်အရာမျှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိချေ။ ရှောင်နန်၏ လေသံရော မျက်နှာအမူအရာပါ ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်နေဆဲပင် ဖြစ်သည်။

သို့သော်ငြားလည်း... လျူကျင်းတစ်ယောက် မိမိတို့၏ ပတ်ဝန်းကျင်လေထုအပေါ်သို့ အမှားအယွင်းမရှိ ပြင်းထန်လွန်းလှသော ဖိအားတစ်ခု ရုတ်ချည်း သက်ရောက်လာခြင်းကိုမူ အတိုင်းသား ခံစားလိုက်ရတော့သည်။ ၎င်းဖိအားကား ခန္ဓာကိုယ်အတွင်းမှ ထုတ်ဖော်လိုက်သည့် ချီစွမ်းအင် လှိုင်းမျိုး မဟုတ်ချေ။

၎င်းကား... ရှောင်နန်ဟူသော ထက်မြက်လှသည့် လူသားကိုယ်တိုင်ထံမှ သဘာဝအတိုင်း ထွက်ပေါ်လာသည့် လေးနက်ခန့်ညားသော အရှိန်အဝါ ဖိအားသက်သက်သာ ဖြစ်သည်။

ထိုအရှိန်အဝါကြောင့် ဂိုဏ်းခွဲသခင် ရှောင်ဒင်တစ်ယောက် ဆတ်ခနဲ ငြိမ်သက်သွားရသလို... ဘေး၌ရှိသော ရှောင်ဒုန်းမှာမူ ရင်ဆိုင်ရခက်လှသော ဖိအားကြောင့် တစ်ကိုယ်လုံး ချွေးစေးများပင် ပျစ်ခနဲ ထွက်ကျလာရရှာတော့သည်။

တစ်စက္ကန့်မျှသာ ကြာမြင့်သော အချိန်အပိုင်းအခြားဖြစ်သော်လည်း ၎င်းတို့အတွက်မူ အရမ်း ရှည်လျားလွန်းလှသည်ဟု ခံစားရပြီးနောက်မှ... ရှောင်ဒင်သည် အားတင်းကာ ခြောက်ကပ်ကပ် တစ်ချက် ရယ်မောလိုက်ရင်း စကားစရှာနိုင်တော့သည်။

“သခင်လေးရဲ့ မျက်စိအောက်ကနေ ဘယ်အရာကိုမှ ဖုံးကွယ်လို့ မရနိုင်ဘူးပဲ ကျုပ်ဘက်ကလည်း ဒါကို တမင်သက်သက် ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် စိုးစဉ်းမျှ မရှိခဲ့တာကိုတော့ နားလည်ပေးစေချင်ပါတယ်။ စင်စစ်မူ ချက်ချင်း အသိပေးဖို့ စိတ်ကူးထားတာပါ။ ဒီအကြောင်းအရာ အသိပေးခွင့်ရတာနဲ့တင် ကျုပ်အတွက်တော့ ဂုဏ်ယူစရာ ကောင်းနေပါဘီ ...”

“ကဲ ...ပြောပါဦးဗျာ ...”

ရှောင်နန်က ဆက်လက်ပြောကြားရန် တည်ငြိမ်သော လက်ဟန်ပြရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။

“သခင်လေးလည်း ကောင်းကောင်းကြီး သိထားပြီးသား ဖြစ်မှာပါ... ကျုပ်တို့ရှောင်ဂိုဏ်းခွဲက ဒီလဆန်းမြို့ငယ်ထဲကို မဝင်လာခင်တုန်းက ‘ဟူမျိုးနွယ်စု’ နဲ့ ‘လွန်မျိုးနွယ်စု’ ဆိုပြီးတော့ အင်အားကြီးအုပ်စု နှစ်ခု ရှိခဲ့ဖူးတယ်။ ဒါပေမဲ့... သူတို့ ကျုပ်တို့ ရှောင်ဂိုဏ်းကိုယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒီလိုနဲ့ ရှောင်ဂိုဏ်းက တစ်စစနဲ့ အရှိန်အဝါ လွှမ်းမိုးမှုတွေ ရလာပီး အင်အားတောင့်တင်းလာတဲ့အချိန်မှာ သူတို့ကတော့ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်ကျဆင်းသွားခဲ့ကြတယ်”

ရှောင်ဒင်က အရက်တစ်ငုံ ဂျိုက်ခနဲ သောက်လိုက်ပြီးနောက် ဆက်ပြောပြသည်။

“ဒါပေမဲ့လည်း... ‘‌ချောင်ပိတ်မိနေတဲ့ ခွေးတောင်မှ ပြန်ကိုက်တတ်တယ်’ ဆိုတဲ့အတိုင်း အန္တရာယ်ကတော့ ရှိတာပေါ့လေ...၊ ကျုပ် အစိုးရိမ်ဆုံးအချက်တစ်ခုက အဲ့ဒီမျိုးနွယ်စုနှစ်စု ပူးပေါင်းသွားပြီး ကျုပ်တို့ ရှောင်ဂိုဏ်းအပေါ် မိုက်ရူးရဲဆန်ဆန် တုံ့ပြန် လာမှာကိုပဲ။ ဒါပေမဲ့လည်း အခုတော့... ကျုပ်ဘက်က အဲဒီလို ဖြစ်လာနိုင်ချေရှိတဲ့ အန္တရာယ်လမ်းကြောင်းကို အောင်အောင်မြင်မြင်နဲ့ တားလိုက်နိူင်ပါဘီ ...”

“အိုး...”

ရှောင်နန်က စိတ်ဝင်တစားရှိဟန်ဖြင့် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ခပ်အေးအေး မေးလိုက်၏။

“ဂိုဏ်းခွဲသခင်ကြီးက ဘယ်လိုနည်းလမ်းနဲ့ များ တား လိုက်တာလဲဗျာ...”

စင်စစ်မူ ရှောင်နန်သည် အခြေအနေအရပ်ရပ်ကို ဘာမှမသိနားမလည်သည့်အလား တည်ငြိမ်စွာ ဟန်ဆောင်ကာ မေးမြန်းနေခြင်းသာ ဖြစ်သည်။ စားသောက်ဆိုင်အတွင်း ဖြစ်ပွားခဲ့သော ရန်စကားများကို နားထောင်ခဲ့သဖြင့် အကြောင်းအရာများကို ဆက်စပ်ကြည့်ရုံမျှဖြင့်တင် ဇာတ်ကြောင်းတစ်ခုလုံးကို သိရှိရန် လုံလောက်လှပေသည်။

လျူကျင်းပင်လျှင် နောက်ကွယ်က လျှို့ဝှက်ချက်ကို ရိပ်မိနေခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ဉာဏ်ပညာထက်မြက်လှသော ရှောင်နန်တစ်ယောက် ဤဇာတ်ကြောင်းအပြည့်အစုံကို မသိပါဟု ပြောလျှင် သူအပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ ယုံကြည်လိမ့်မည်မဟုတ်ကြောင်းလည်း လျူကျင်း ကောင်းကောင်းကြီး သိနေသည်။ သို့သော်ငြားလည်း ဂိုဏ်းခွဲသခင် ရှောင်ဒင်သည် သူ့ဇာတ်လမ်းအတိုင်း ဆက်လက်သရုပ်ဆောင်ကာ ဖြေကြားရုံမှတစ်ပါး... အခြားရွေးချယ်စရာ လုံးဝမရှိရှာပေ။

“ဟူမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ သဲသဲလှုပ်ချစ်ရတဲ့ သမီးတစ်ယောက် ရှိတယ်လေ”

ရှောင်ဒင်က ရှောင်နန်၏ အရက်ခွက်ထဲသို့ အဖိုးတန်သစ်မွှေးအရက်ကို ပြန်လည်ရိုသေစွာ ထပ်မံဖြည့်လောင်းပေးရင်း ဆိုလိုက်သည်။

“တကယ်လို့ ကျုပ်ဘက်က နေ သူ့သမီးရဲ့ အနာဂတ်အတွက် စိတ်ချရပြီး ဘေးကင်းမယ့် အရာတစ်ခုကို ကမ်းလှမ်းပေးနိုင်မယ်ဆိုရင်... ချက်ချင်းပဲ အားကိုးတကြီးနဲ့ လက်ခံ လာလိမ့်မယ်ဆိုတာ ကျုပ် တွက်ချက်မိခဲ့တယ်”

ရှောင်နန်၏ စူးရှလှသော မျက်ဝန်းအစုံသည် စူးခနဲ ကျဉ်းမြောင်းသွားတော့သည်။ သူက အခြေအနေကို ချက်ချင်း ထိုးထွင်းသိမြင်လိုက်ပုံရကာ တည်ငြိမ်စွာ ဆိုလိုက်၏။

“အော် ဒါဆို... မဟာမိတ် လက်ထပ်ထိမ်းမြားမှု နှောင်ကြိုးနဲ့ ချုပ်ကိုင်တဲ့ ဗျူဟာပေါ့လေ ဟုတ်လား...”

“အိုး ...သ..သခင်လေးက အတော်ဉာဏ်ထက်တာပဲဗျာ ...”

ရှောင်ဒင်က လျင်မြန်စွာ ရှောင်နန်အား လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်လိုက်ရင်း အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။

“မှန်..မှန်ပါတယ် ကျုပ်သား ရှောင်ဒုန်းက ဟူမျိုးနွယ်စု ခေါင်းဆောင်ကြီးရဲ့ သမီးနဲ့ လက်ထပ်ထိမ်းမြားမှာ ဖြစ်ပါတယ်ဗျာ...”

သူက ခေါင်းငုံ့နေသော ရှောင်ဒုန်းဘက်သို့ လက်ဟန်ပြလိုက်ရာ၊ ရှောင်ဒုန်းကလည်း ပျာပျာသလဲ ထပ်မံဦးညွှတ်လိုက်တော့သည်။

“ဒါက... ဟူမျိုးနွယ်စုတစ်ခုလုံးကို ကျုပ်တို့ ဂိုဏ်းခွဲရဲ့ လက်အောက်ခံ သစ္စာခံဖြစ်လာစေဖို့ အသေအချာ အာမခံချက် ပေးနိုင်ပါလိမ့်မယ်။ အချိန်တန်လို့ အင်အားစုတွေ အားနည်းသွားရင်တော့ သူတို့တွေအပေါ် ကျုပ်တို့ ရှောင်ဂိုဏ်းရဲ့ အာဏာက အပြည့်အဝရသွားမှာပါ ... လွန်မျိုးနွယ်စုကတော့ ဘာမဟာမိတ်အင်အားမှ မရှိတော့တဲ့အတွက် မကြာခင်မှာပဲ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပါလိမ့်မယ်ခင်ဗျာ ..”

“ဒါဆိုရင်တော့ လဆန်းမြို့မှာ ရှိတဲ့ ကျုပ်တို့ဂိုဏ်းခွဲရဲ့ အခြေချမှုက အခိုင်အမာ ဖြစ်သွားပါပြီ။ နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာပဲ ကျုပ်တို့ဟာ ဒီအရပ်ဒေသရဲ့ တစ်ဦးတည်းသော အရှင်သခင် အင်အားကြီးအုပ်စု ဖြစ်လာမှာ ဖြစ်သလို... ‘လေတိုးသံ တောအုပ် ထဲက ရတနာဆေးဖက်ဝင်အပင်တွေနဲ့ ကျင့်ကြံခြင်းဆိုင်ရာ ရတနာအရင်းအမြစ်အားလုံးကိုလည်း ချုပ်ကိုင်နိုင်တော့မှာ ပါခင်ဗျာ ..”

ရှောင်နန်က စဉ်းစားဟန်ပြုရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဂိုဏ်းခွဲသခင်ကြီးကတော့ ဒီကိစ္စအတွက် တကယ်ကို သေသေချာချာ အကွက်ချ စဉ်းစားထားပုံရတာပဲ။ ကောင်းပြီလေ... ကျွန်တော်လည်း ဒီနည်းလမ်းကို သဘောကျပါတယ် ”

“အလို ....သခင်လေးရဲ့ ခွင့်ပြုချက်စကားက ကျုပ်အတွက်တော့ အရမ်း ဂုဏ်ယူစရာ—”

“ဒါပေမဲ့... ”

ရှောင်နန်က ရှောင်ဒင်၏စကားကို လေသံအေးအေးဖြင့် ဖြတ်ပြောလိုက်ရင်း…

“ဒီကိစ္စမှာ ဗျူဟာသက်သက်ပဲ ပါတာ သေချာရဲ့လားဗျ”

“ဟင် ...ဘာကို ဆိုလိုတာပါလဲ... သခင်လေး”

“ဟေ့ ရှောင်ဒုန်း အကို့ကို တစ်ခုလောက် ဖြေစမ်းပါဦး”

ရှောင်နန်သည် မျှော်လင့်မထားသော အလှည့်အပြောင်းအဖြစ် စကားဝိုင်းထဲတွင် ငြိမ်သက်နေသော ရှောင်ဒုန်းဘက်သို့ တည့်တည့်မတ်မတ် အကြည့်လွှဲကာ မေးမြန်းလိုက်ရာ၊ ရှောင်ဒုန်းတစ်ယောက် ၎င်း၏စူးရှသောမျက်လုံးများကြောင့် ဆတ်ခနဲ လန့်ဖျန့်သွားရရှာသည်။

“အဲဒီဟူမျိုးနွယ်စုက ကောင်မလေးက...ချောလားကွ ..”

“ဟို ...ကျွန်တော်... ”

ရှောင်ဒုန်းတစ်ယောက် ရှောင်နန်၏ အမေးကြောင့် တံတွေးတစ်ချက်ကို အနိုင်နိုင် မျိုချလိုက်ရသည်။

“ဟုတ်ကဲ့ပါ သခင်လေး... သူက လဆန်းမြို့ရဲ့ အလှဆုံး မိန်းကလေးအဖြစ် လူသိများပါတယ် ခင်ဗျာ ..”

ရှောင်ဒုန်းသည် တုန်လှုပ်ချောက်ချားနေသည်။ ထို့အပြင် စိတ်ထဲတွင် ထိတ်လန့်တုန်ရင်နေသည် ။ သူတင်မဟုတ် ..သူ့ဖခင် ဂိုဏ်းခွဲသခင် ရှောင်ဒင်၏ အခြေအနေမှာလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ရှောင်ဒင် ၏ ဖျော့တော့သွားသော မျက်နှာထက်၌ ချွေးစေးများ ပြန်နေသည် ။

လျူကျင်းတစ်ယောက် သူတို့ သားအဖနှစ်ဦး အဘယ်ကြောင့် ကြောက်နေရသနည်းဟူသော အမှန်တရားကို ရိပ်မိနားလည်သွားရန်အတွက် ခဏမျှ အချိန်ယူကာ စဉ်းစားလိုက်ရသည်။

နောက်ဆုံးတွင်တော့ သူ အဖြေရသွားသည် ။ စင်စစ်မူ... သူတို့သည် အရှိန်အဝါကြီးမားလှသော ရှောင်နန်တစ်ယောက် ထိုလဆန်းမြို့၏ အလှဆုံး သတို့သမီးလောင်းကို သူ့အတွက်သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်မည်ကို အသည်းအသန် စိုးရိမ်ပူပန်နေကြခြင်း ဖြစ်ပေသည်။

ရှောင်နန် နှင့် ရှောင်ဒုန်းတို့၏ မိုးနဲ့မြေပမာ ကွာဟလှသော ရာထူးဂုဏ်ရှိန်နှင့် အဆင့်အတန်းများအရ ဤမြို့မှ မိန်းကလေးကို သိမ်းပိုက်သည့်ကိစ္စမျိုးကို လုပ်ဆောင်ရန် ရှောင်နန်အတွက် မခက်လှပေ။ ရှောင်နန်အနေဖြင့် နှုတ်မှ တစ်ခွန်းမျှ တောင်းဆိုလိုက်ရုံမျှဖြင့်... သူတို့ဘက်က မဖြစ်မနေ 'ဟုတ်ကဲ့ပါ သခင်လေး' ဟုသာ ဦးညွှတ်နာခံဖြေကြားကြရပေလိမ့်မည်။

အဆုံးစွန်ပြောရလျှင်... ရှောင်နန်မှ သူ့ အရက်ခွက်ကို ဂိုဏ်းခွဲသခင် ရှောင်ဒင်၏ မျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်လျှင်ပင်... ရှောင်ဒင်အနေဖြင့် မျက်နှာမှ အရက်စက်များကို သုတ်ကာ 'သခင်လေးရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်' ဟုသာ ပြန်လည် ဦးညွှတ်ရပေလိမ့်မည်။

သူတို့အကြားရှိ အာဏာစက်နှင့် အဆင့်အတန်း ကွာဟချက်က ဤမျှအထိကို ကွာခြားသည် ။ သို့သော်... သူတို့ စိုးရိမ်နေသော အခြေအနေမျိုး တကယ်တမ်း ဖြစ်ပျက်လာလိမ့်မည် မဟုတ်ချေ။

အကြောင်းမူ ... ရှောင်နန်သည် သူတို့ စိုးရိမ်ပူပန်နေကြသကဲ့သို့ အာဏာပြပြီး ကောင်မလေးကို လုယူမည့် လူစားမျိုး လုံးဝမဟုတ်ပေ။

“ဟားးးဟားးးဟားးး”

ရှောင်နန်သည် သားအဖနှစ်ဦး၏ ကြောက်လန့်နေသော ရုပ်ပျက်ဆင်းပျက် အမူအရာများကို ကြည့်ကာ အားရပါးရ အော်ဟစ်ရယ်မောလိုက်တော့သည်။

“ဒီလိုကိုး... ဒါဆိုရင်တော့ ဝမ်းသာစရာ ကောင်းတာပေါ့။ ကဲပါ... ဂိုဏ်းခွဲသခင်ကြီးရာ၊ ခင်ဗျားသားအတွက် မိန်းမချောချောလေး ရှာတာ ကို ကျွန်တော့်ကို ဖုံးကွယ်ထားစရာမှ မလိုတာဗျာ ...၊ ကျွန်တော်က ဒီလိုမေတ္တာရေးကိစ္စမျိုးတွေကို အပြစ်မမြင်တတ်ပါဘူးဗျာ၊ သခင်ကြီးလဲ ကျွန်တော့်စရိုက်ကို သိသားပဲ မဟုတ်လား။ တကယ်တော့ အိမ်ထောင်ဖက်ရွေးချယ်တဲ့အခါ ဒီလိုအလှလေး တွေရှာတတ်ဖို့ကလဲ အရေးကြီးတာပဲလေ။ တချို့လူတွေဆိုရင် ဒါကို အရေးအကြီးဆုံးအချက်လို့တောင် သတ်မှတ်ကြတာ”

ရှောင်နန်၏ စကားကြောင့် ရှောင်ဒင်သည် ရင်ထဲမှ အလုံးကြီးကျသွားသော်လည်း၊ စိုးရိမ်စိတ်မပြယ်သေးဘဲ ခြောက်ကပ်ကပ် တစ်ချက် ထပ်မံရယ်မောလိုက်၏။

“ဟဲဟဲ ...ဟုတ်ကဲ့ပါ... သခင်လေး။ နားလည်ပေးတာကျေးဇူးတင်ပါတယ်ဗှာ ။ ဖခင်တစ်ယောက်အနေနဲ့ကတော့ ကိုယ့်သားအတွက် အကောင်းဆုံးအရာကိုပဲ ရစေချင်တာ လူ့သဘာဝပါပဲခင်ဗျာ”

“ဒါနဲ့... မိသားစုနှစ်ခု ပူးပေါင်းမယ့် အဲ့ဒီမင်္ဂလာပွဲကြီးကို ဘယ်တော့လောက် ကျင်းပဖို့ စိတ်ကူးထားလဲ”

“မင်္ဂလာပွဲအတွက် ပြင်ဆင်မှုတွေကတော့ နောက်ထပ် နှစ်ပတ်နေရင် အပြီးသတ် ပြီးစီးပါပြီခင်ဗျာ။ အကယ်လို့ သခင်လေးသာ မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ပေးမယ်ဆိုရင်တော့ ကျုပ်တို့ဂိုဏ်းခွဲတစ်ခုလုံးအတွက် အတိုင်းမသိ မဟာဂုဏ်ယူစရာ ဖြစ်ရမှာပါ”

ရှောင်နန်က သဘောကျစွာ ပြုံးလိုက်ရင်း ဘေး၌ငြိမ်သက်နေသော လျူကျင်းဘက်သို့ လှည့်ကြည့်ကာ ညင်သာစွာ ဆိုလိုက်သည်။

“မင်းကော ဘယ်လိုထင်လဲ ညီလေး... ငါတို့ ဒီမင်္ဂလာပွဲအထိ စောင့်ပြီးမှ ဂိုဏ်းချုပ်ကို ပြန်ကြမလား”

“ရပါတယ် ...အစ်ကိုကြီး သဘောအတိုင်းပါဗျ”

လျူကျင်းက ရှောင်နန်၏ အဆုံးအဖြတ်ကို လေးစားစွာဖြင့် လျင်မြန်စွာ ပြန်လည်ဖြေကြားလိုက်တော့သည်။

“ကိုင်း ..ကျွန်တော့်ညီ ကလဲ ဘာမှ ကန့်ကွက်စရာမရှိဘူးဆိုတော့... မင်္ဂလာပွဲပြီးတဲ့အထိ ဒီလဆန်းမြို့မှာပဲ ခေတ္တတည်းခိုသွားကြတာပေါ့။ ဂိုဏ်းခွဲသခင်ကြီး... သူ့ကိုလည်း အသေအချာ ကျေးဇူးတင်စကား ပြောလိုက်ဦးဗျာ ”

ရှောင်နန်က ထိုသို့ ဆိုလိုက်ရာ၊ စိုးရိမ်စိတ်အကုန်ပြယ်သွားသည့် ၎င်းတို့ သားအဖနှစ်ဦးလည်း ရှောင်နန်ပြောသည့်အတိုင်း အလျင်အမြန်ပင် ပျာပျာသလဲ ကျေးဇူးတင်စကား ဆိုကြတော့သည်။

ဤသို့ဖြင့် ခရီးစဉ်အတွက် ဆုံးဖြတ်ချက်က ခိုင်မာသွားခဲ့ချေပြီ။ ရှောင်နန်နှင့် လျူကျင်းတို့ နှစ်ဦးသည် မင်္ဂလာပွဲကြီး ပြီးဆုံးသည်အထိ ဤလဆန်းမြို့တွင် ဆက်လက်နေထိုင်သွားကြတော့မည် ဖြစ်သည်။

All Chapters