အခန်း ၂၂
Vol. 3 Ch. 22
အခန်း ၂၂ ။ အထက်စီးဆန်ဆန် နေထိုင်မှု ...။
လဆန်းမြို့ ဂိုဏ်းခွဲအတွင်း၌ နေထိုင်ရခြင်းသည် လျူကျင်းအတွက်တော့ ထူးခြားဆန်းပြားလှသော အတွေ့အကြုံသစ်တစ်ခု ဖြစ်နေသည်။
ဤဂိုဏ်းခွဲ၏ အကျယ်အဝန်း ပမာဏမှာ ဂိုဏ်းချုပ် နှင့်ယှဉ်လျှင် စိုးစဉ်းမျှ နှိုင်းယှဉ်၍ မရနိုင်သော်လည်း လျူကျင်းကိုယ်တိုင်က ထိုဂိုဏ်းချုပ်ဝင်းကြီးထဲတွင် တစ်ခါမျှ မနေထိုင်ခဲ့ဖူးချေ။ သူကဲ့သို့သော သာမန်နောက်ခံရှိသူတစ်ဦးအနေဖြင့် ဂိုဏ်းမကြီး၏ ပင်မအဆောက်အအုံအတွင်းသို့ ခြေချခွင့်ပင် မရှိခဲ့သည် မဟုတ်ပါလား။ လျူကျင်းသည် သူ၏ မိသားစု ဆေးခန်းအပေါ်ထပ် အခန်းကျဉ်းလေးထဲ၌သာ အမြဲတစေ နေထိုင်ကြီးပြင်းခဲ့ရသူ ဖြစ်သည်။
ထို့ကြောင့်ပင် ယခု ဂိုဏ်းခွဲမှ သူ့အား စီစဉ်ပေးထားသော ဧည့်သည်ဆောင် အခန်းမှာ သူ နေသားတကျ ရှိခဲ့ဖူးသည်ထက် အဆပေါင်းများစွာ ပိုမိုခမ်းနားထည်ဝါလွန်းနေခဲ့သည်။ ပရိဘောဂ အသုံးအဆောင်များ၊ အမွမ်းအမံအပြင်အဆင် များ၊ အလှအပများဖြင့် ပြည့်နှက်နေပြီး နူးညံ့အိစက်လှသော အိပ်ယာခင်းများ ခင်းကျင်းထားသည့် ကျယ်ဝန်းလှပသော အခန်းကြီးတစ်ခန်း ဖြစ်သည်။ လျူကျင်းအတွက်မူ ယခုကဲ့သို့ ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိလှသော အိပ်ယာထက်၌ အိပ်စက်ရခြင်းက ပထမဆုံးသော အတွေ့အကြုံသစ် ဖြစ်သလို... ဇိမ်ကျကျ ဖြစ်နေသည် ။
ထို့အပြင် နေ့စဉ်နေ့တိုင်း အိပ်ရာမှနိုး၍ အခန်းပြင်သို့ ထွက်လိုက်သည်နှင့် လျူကျင်းထံသို့ အစေခံများက ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာတတ်ကြသည်။ သူတို့သည် လျူကျင်း အား ဘာများသုံးဆောင်လိုပါသလဲဟု အမြဲလိုလိုမေးမြန်းကြပြီး လိုလေသေးမရှိ ချက်ချင်း ပြင်ဆင်ပေးတတ်ကြ၏။ မကြာမီမှာပင် လျူကျင်းတစ်ယောက် မီးဖိုချောင်ဆီသို့ ကိုယ်တိုင်သွားရောက်နိုင်ကြောင်းနှင့် ထိုနေရာရှိ စားဖိုမှူးများမှာလည်း သူ၏ အမိန့်ညွှန်ကြားချက်များကို နာခံရန်အတွက် ပျာပျာသလဲ အလုအယက် ကြိုးစားကြသည်ကို သတိထားမိလာခဲ့သည်။
သူ စင်္ကြံလမ်းများတစ်လျှောက် လျှောက်လှမ်းသွားသည့်အခါတိုင်း လမ်းတွင်တွေ့သမျှ လူတိုင်းက သူ့အား ရိုသေလေးစားစွာဖြင့် ခေါင်းညိတ်နှုတ်ဆက်ကြ၏။ အချို့ဆိုလျှင် ခါးညွတ်၍ပင် ဂါရဝပြုကြသေးသည်။ လူအများစုမှာမူ သူ၏ မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်ရန်ပင် စိုးစဉ်းမျှ မဝံ့ရဲကြချေ။
တစ်ဖက်တွင်လည်း သူနှင့် ရင်းနှီးမှုရရန် အလွန်အကျွံ အတင်းကြီး ကြိုးစားနေကြသော ဂိုဏ်းသားများလည်း ရှိနေပြန်သည်။
“ညီနောင် လျူကျင်း ... ဒီနေ့ကြည့်ရတာ ခန့်နေပါလားဗျာ ...”
“ညီနောင် လျူကျင်း ... ကျွန်တော့်ကို ကျင့်ကြံခြင်းဆိုင်ရာ အတွေ့အကြုံလေးတွေ နည်းနည်းလောက် လမ်းညွှန်ပေးမယ်ဆိုရင်တော့ ဂုဏ်ယူစရာပါပဲဗျာ”
“ညီနောင် လျူကျင်း... ကျွန်တော့်ဘက်က လုပ်ပေးနိူင်တာ ရှိမလားခင်ဗျာ။ တစ်ခုခု လိုအပ်တာရှိရင်လည်း အားမနာတမ်း ပြောဗျာ ”
ဂိုဏ်းသားတစ်ယောက်ဆိုလျှင် မိန်းကလေးများနှင့် သွားပျော်ပါးနိူင်မည့် နေရာကောင်းတစ်ခုကို သူသိကြောင်းပင် လာရောက်တိုးတိုးတိတ်တိတ် ပြောရှာသေးသည်။ လျူကျင်းဘက်က နှုတ်မှတစ်ချက် ဟလိုက်ရုံဖြင့် ထိုနေရာသို့ လိုက်ပါပို့ဆောင်ပေးမည်ဟုလည်း ဆို၏။ အသက် ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ဤကဲ့သို့သောအရာမျိုး ကမ်းလှမ်းရန် အဘယ်ကြောင့် စိတ်ကူးပေါက်ရသနည်းဟူသည်ကို လျူကျင်းတစ်ယောက် ယခုအထိ စဉ်းစား၍ မရနိုင်သေးသော်လည်း ထိုဂိုဏ်းသားမှာမူ အတည်ပေါက်ကြီး ပြောနေခြင်း ဖြစ်သည်။
လျူကျင်း သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်မိတော့သည်။ အခြေအနေအရပ်ရပ်က ရှောင်နန် ယမန်နေ့က ပြောခဲ့သည့်အတိုင်း တစ်ထေရာတည်း ဖြစ်နေသည်။
ယမန်နေ့က ရှောင်ဒင်နှင့် တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးသွားပြီးနောက်တွင်မူ လျူကျင်းသည် ရှောင်နန်နှင့် သီးသန့် စကားပြောဆိုခဲ့သည်။ သူ ရှောင်နန်အား အဘယ်ကြောင့် လက်ရည်စမ်းပွဲကို ဝင်ပြိုင်စေခဲ့သနည်း ၊ စိန်ခွဲပွဲအပြီးတွင် အဘယ်ကြောင့် သူ့အား အမွှမ်းတင်သော စကားမျိုးများကို ပြောဆိုခဲ့ရသနည်းဟူ၍လည်းကောင်း မေးမြန်းခဲ့သည်။
ရှောင်နန်၏ ပြန်လည်ဖြေကြားချက်သည် အံ့ဩစရာကောင်းလောက်အောင်ပင် ရိုးရှင်းလွန်းလှသည်။
“အော် ...ဒါလား တကယ်လို့သာ မင်းက သူ့သိက္ခာကို ဆယ်ပေးမယ့် စကားပြောလိုက်ရင် သူတို့ကျေနပ်သွားမှာပေါ့ ..၊ ဒါပေမဲ့ ရှောင်ဒင်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးနေဖို့ အကိုတို့က လိုလို့လား ... သူတို့သားအဖ ကိုယ့်အရှက်ကိုယ် ခွဲဖို့ ရွေးချယ်ခဲ့ကြတာပဲလေ... သူတို့လုပ်ရပ်ရဲ့ နောက်ဆက်တွဲ ရလဒ်တွေကို လက်ခံရမှာပဲ ... ငါ့ညီကတော့ အမြဲတမ်း သူများအနေမခက်အောင် ကြိုးစားတတ်မှန်း သိပါတယ်။ ဒါပေမဲ့လည်း တချို့အချိန်တွေမှာ အဲ့နည်းလမ်းက အမြဲမမှန်ဘူးဆိုတာကိုတော့ သတိထားရမယ်... ငါ့ညီငယ်လေးက အမြဲတမ်း သူများကိုနာခံရတဲ့အခြေအနေမျိုးမှာပဲ နေသားတကျ ရှိခဲ့တာကိုး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အကိုတို့က အထက်စီး ကကွ ...၊ အဲဒီလို အထက်စီးအနေအထားက ဘယ်လိုမျိုး လူတွေကုိ သက်ရောက်စေသလဲဆိုတာကိုတော့ လာမယ့် အပတ်တွေမှာ မင်းဘက်က သေသေချာချာလေး လေ့လာကြည့်လိုက် ...”
အထက်စီးအနေအထား...။
ရှောင်နန်က တမင်သက်သက် နောက်ပြောင်ကျီစယ်နေခြင်း မဟုတ်ကြောင်းကို လျူကျန်းသိသည် ။ အကြောင်းမူ ယခု လဆန်းမြို့တွင်မူ သူ့အားဆက်ဆံကြသော လူတိုင်း အား အကဲခတ်ကြည့်ရုံမျှဖြင့် သိသာထင်ရှားလှပေသည်။ သူတို့အမြင်တွင်မူ လျူကျင်းသည် သာမန်သမားတော်တစ်ဦး၏ သားငယ် မဟုတ်တော့ချေ။ 'အတွင်းအားစုစည်းခြင်း အဆင့်' ထဲတွင်တင် သောင်တင်နေသည့် သာမန်ကျင့်ကြံသူတစ်ဦးလည်း မဟုတ်တော့ပေ။ ဤလဆန်းမြို့တွင်မူ လျူကျင်းသည် မိမိထက် အသက် လေးနှစ်ကျော်မျှ ကြီးရင့်သော တပည့်များထက်ပင် ကျင့်ကြံခြင်းအဆင့် သာလွန်မြင့်မားသည့် အဓိကဂိုဏ်းမကြီး၏ တပည့်ရင်းတစ်ဦး ဖြစ်နေခဲ့ပြီဖြစ်သည် ။
၎င်းကား... အရမ်း ထူးဆန်းအံ့ဩဖွယ်ကောင်းလှသော ခံစားချက်ကြီးပင် ဖြစ်သည်။ လျူကျင်းအနေဖြင့် မိမိကိုယ်တိုင်လည်း တစ်ခါတစ်ရံတွင် အာဏာစွမ်းအားနှင့် ရိုသေလေးစားမှုများကို လိုလားတောင့်တခဲ့ဖူးကြောင်း မငြင်းပယ်နိုင်သော်ငြား... ယခုကဲ့သို့ အရာရာက မိမိထံသို့ ရုတ်ချည်း ဝုန်းကနဲ သက်ရောက်လာသည့်အခါတွင်မူ အရမ်း နေရထိုင်ရ ခက်ခဲအကျပ်ရိုက်လှပေသည်။ နောက်ဆုံးတွင်တော့ လျူကျင်းတစ်ယောက် အပြင်ဘက်ရှိ လူအပေါင်းနှင့် ဆက်ဆံရမည့် အခြေအနေများကို ရှောင်လွှဲရန်အတွက် ကျင့်ကြံအားထုတ်နေသည်ဟူသော ဆင်ခြေဖြင့် သူ၏အချိန်အများစုကို အခန်းထဲ၌သာ အောင်းပြီး ကုန်လွန်စေခဲ့တော့သည်။ ထိုသို့လုပ်ခြင်းက အပြင်ဘက်ရှိ လူအမျိုးမျိုး၏ စကားအပြောအဆိုများကို ရင်ဆိုင်ဖြေရှင်းနေရခြင်းထက် အဆပေါင်းများစွာ ပိုမိုသက်သာရာ ရစေသည် မဟုတ်ပါလား။
သူတို့နှစ်ဦးအကြားရှိ ကွာဟချက်ကို သက်သေပြနေသည့်အလား... ရှောင်နန်ကမူ ဤကဲ့သို့သော ကိစ္စရပ်များတွင် စိုးစဉ်းမျှ အခက်အခဲ မရှိချေ။ အာဏာစွမ်းရည်နှင့် လုပ်ပိုင်ခွင့်အရှိန်အဝါများက ရှောင်နန်၏ ကိုယ်ထည်ထက်တွင် ဝတ်ရုံတစ်ထည်သဖွယ် လွှမ်းခြုံရစ်ပတ်ထားလျက် ရှိနေသည်။ သူ နှုတ်မှ စကားတစ်ခွန်း ဆိုလိုက်သည်နှင့် လူတိုင်းက ငြိမ်သက်စွာ နားစွင့်ကြရ၏။ သူ လျှောက်လှမ်းသွားသည်နှင့် လမ်းတွင်ရှိသမျှ လူတိုင်းက ဘေးသို့ ဝှေ့ရှောင်ပေးကြရသည်။
ပထမဆုံးနေ့ ကုန်ဆုံးသွားသည့် အချိန်မှာပင် သူ၏ခြေလှမ်းတိုင်းနောက်သို့ ခြံရံလိုက်ပါကြမည့် လူအုပ်ကြီးတစ်စုက အဆင်သင့် ဖြစ်နေခဲ့ချေပြီ။ သူတို့သည် ရှောင်နန်၏ စကားတစ်ခွန်းချင်းစီကို အသက်ထက်မက တန်ဖိုးထား နားထောင်ကြပြီး သူ၏ စိတ်အလိုဆန္ဒ အသေးအမွှားလေးကအစ လိုလေသေးမရှိ အခိုင်အမာ ဖြည့်ဆည်းပေးကြတော့သည်။ ထိုသို့ ရှောင်နန်၏ နောက်ကွယ်မှ ထက်ကြပ်မကွာ လိုက်ပါဖားယားနေကြသည့် လူအုပ်ကြီးထဲတွင် အမျိုးသမီး ကျင့်ကြံသူ တပည့်အချို့ပင် ပါဝင်နေခဲ့ကြချေသေးသည်။
“အော်... အဲဒီမိန်းကလေးတွေလား”
လျူကျင်းမှ ထိုမိန်းကလေးများအကြောင်း မေးမြန်းလိုက်သောအခါ ရှောင်နန်သည် ဘာမှမဟုတ်သလိုပင် ခပ်အေးအေး ပြန်လည် ဖြေကြားလေသည်။
“သူတို့က ငါ့အနား ကပ်ချင်နေကြတာလေ။ ဘာမှမသိတဲ့ အူတူတူမလေးတွေကတော့ ငါ့မိန်းမ ဖြစ်ရမလားဆိုပြီး အိပ်မက်ယဉ်ကြတာပေါ့။ နည်းနည်းပါးပါး အမြင်ရှိတဲ့ မိန်းကလေးတွေကျတော့လည်း မယားငယ်အဆင့်လောက် ရရင်ပဲ ကျေနပ်ပါပြီဆိုပြီး မျက်စိကျနေကြတာ။ အင်းလေ... မဆန်းပါဘူး။ ဒါပေမဲ့ ငါကတော့ လောလောဆယ်ဆယ် ဘယ်သူ့ကိုမှ စိတ်မဝင်စားသေးပါဘူးကွာ
ဒါနဲ့ စကားမစပ်... ညီငယ်လေးဆီကိုတော့ ဒီလို မိန်းကလေးမျိုးတွေ လာကပ်မှာ မဟုတ်ပေမဲ့ မင်းက ဒါမျိုးတွေနဲ့ ပတ်သက်ဖို့ အရွယ်မတိုင်သေးဘူးဆိုတာတော့ သတိရဦးနော်။ တာဝန်ယူနိုင်လောက်အောင် အသက်လည်းကြီး၊ အခြေအနေလည်း ပေးတဲ့အထိတော့ မိန်းကလေးတွေကို မင်းအခန်းထဲ ပေးမဝင်နဲ့ဦး”
ကံဆိုးချင်တော့ ရှောင်နန် ထိုစကားကို ပြောလိုက်သည့် အချိန်၌ လျူကျင်းသည် အပူရှိန်လေးဖြင့် သောက်၍ကောင်းနေသော လက်ဖက်ရည်ကြမ်းကို တစ်ငုံ ငုံလိုက်မိချိန် ဖြစ်နေသည်။ ရလဒ်ကတော့... သောက်၍ကောင်းနေသော လက်ဖက်ရည်ပူပူမှာ သူ့ အဝတ်အစားပေါ်သို့ ဖိတ်ကျသွားသည်အထိ လျူကျင်း လန့်ဖျန့်သွားသည်။
ထိုအဖြစ်အပျက်များကို ပြန်လည်တွေးတောမိရုံမျှဖြင့် လျူကျင်းသည် ခေါင်းကိုသာ ခါယမ်းမိတော့သည်။ ထို့နောက် သူသည် ပတ်ဝန်းကျင်ကို စိုးရိမ်တရွေ့ သတိကြီးစွာဖြင့် ဝေ့ဝဲကြည့်ရှုလိုက်၏။ အနီးအနားတွင် လူသူကင်းဝေးနေသည်ကို အသေအချာ စိတ်ချရပြီဆိုမှသာ လျူကျင်းသည် သက်ပြင်းတစ်ချက်ချကာ စိတ်အပန်းပြေလျက် ရှေ့သို့ ဆက်လက် လျှောက်လှမ်းလေသည်။ လက်ရှိအချိန်မှာ နံနက်စောစော အချိန်ပိုင်းမျှသာ ရှိသေးသဖြင့် အလုပ်ရှုပ်နေကြသော အစေခံများမှလွဲ၍ လူအများစုမှာ နိုးထခြင်း မရှိကြသေးချေ။ ဤအချိန်သည် မည်သူ့နှောင့်ယှက်မှုမှ မရှိဘဲ တစ်ကိုယ်တည်း လမ်းလျှောက်ရန်အတွက် တစ်နေ့တာလုံးတွင် အကောင်းဆုံးသော အချိန်ပိုင်းပင် ဖြစ်သည်။
ရှောင်နန်နှင့် မတူညီသည့်အချက်မှာ လျူကျင်းသည် လူအများ၏ အာရုံစိုက်မှုကို ခံရသည့် နေရာမျိုးတွင် နေသားတကျ မရှိခြင်းပင် ဖြစ်သည်။ သူ့အတွက်မူ နေ့တာအများစုကို မိမိ၏ အခန်းတွင်း၌သာ တရားမှတ်ရင်း ကုန်လွန်စေပြီး လူသူကင်းရှင်းသည့် အချိန် သို့မဟုတ် မဖြစ်မနေ လိုအပ်သည့် အခြေအနေမျိုးကျမှသာ အပြင်သို့ ထွက်ရခြင်းက ပိုမိုသက်တောင့်သက်သာ ရှိလှပေသည်။ ထိုထက်ပိုသော ပတ်ဝန်းကျင်အခြေအနေမျိုးဟူသည်ကား သူ့အတွက်တော့ အရမ်း အသက်ရှူရ ကြပ်လွန်းလှသည် မဟုတ်ပါလား။
လျူကျင်းသည် လမ်းလျှောက်ရင်း စဉ်းစားနေမိသည်။ ရှောင်နန်နှင့် ရှောင်ဖန်တို့ကဲ့သို့ အထက်တန်းလွှာ လူကုံထံမျိုးနွယ်စုဝင်များမှာ နေ့စဉ်နှင့်အမျှ ဤကဲ့သို့သော လောကုတ္တရာ အရှုပ်အထုပ်၊ လူမှုရေး ပတ်သက်မှု အဝန်းအဝိုင်းများကို မရိုးနိုင်အောင်ပင် ရင်ဆိုင်နေကြရပါကောလား။ တစ်ခါက မိမိအား အသက်ဘေး အန္တရာယ်ပြုလုနီးပါးအထိ ရက်စက်ခဲ့သော ယွန်းဟန်ဆိုသည့် လူငယ်သည်လည်း ထိုနေ့က ဤကဲ့သို့သော စိတ္တဗေဒ ဖိအားမျိုးကို ရင်ဆိုင်နေရ၍ ခက်ထန်ခဲ့ခြင်း ဖြစ်မည်လော။ ထိုသို့သာဆိုလျှင် လျူကျင်းအနေဖြင့် သူတို့အပေါ် စာနာစိတ် အနည်းငယ်ပင် ဖြစ်မိမလို ရှိတော့သည်။ အသေအချာ တွေးဆကြည့်လျှင် ဤကဲ့သို့သော အခွင့်ထူးခံ လူနေမှုဘဝမျိုးဟူသည်ကား အမှန်ပင် ဖြစ်သည်။ ...
“ဟူး ....သူများအထက်စီးက နေရတာလဲ ထင်သလောက်မလွယ်ပါလားဟ..”
လျူကျင်းသည် ထိုအတွေးကို ရှေ့ဆက်၍ မတွေးလိုတော့သဖြင့် စိတ်အာရုံကို ဖြတ်တောက်ကာ ခေါင်းကိုသာ ခါယမ်းလိုက်မိတော့သည်။
သူသည် လက်ရှိ သူသွားမည့်နေရာ ကိုသာ ပြန်လည် အာရုံစိုက်လိုက်၏။ ယခုကဲ့သို့ နံနက်စောစောကြီး အိပ်ရာမှထကာ ထွက်လာရခြင်း၏ အဓိက အကြောင်းရင်းမှာ လူသူကင်းရှင်း၍ အနှောင့်အယှက် ကင်းဝေးလှသော မီးဖိုချောင်ဆီသို့ လျင်မြန်စွာ ဖြတ်သန်းသွားလိုသောကြောင့်ပင် ဖြစ်သည်။ ထိုအိမ်၌ တည်ခင်းဧည့်ခံလေ့ရှိသော လက်ဖက်ရည်ကြမ်း၏ အနံ့အရသာမှာ လျူကျင်းတစ်ယောက် တော်တော်လေး နှစ်သက်စွဲလမ်းမိသော အရာလည်း ဖြစ်ပေသည်။ မိမိအခန်းတွင်း၌သာ ငြိမ်သက်စွာ ထိုင်နေပြီး အစေခံတစ်ဦးဦးအား လက်ဖက်ရည်အိုး လာရောက်ပို့ဆောင်ရန် အမိန့်ပေးခိုင်းစေ၍ ရနိုင်ပါသော်လည်း ထိုသို့ ပြုမူခြင်းက လျူကျင်း၏ စိတ်ကို နေရထိုင်ရ ခက်ခဲစေသည်မှာ အမှန်ပင်။ အမှန်စင်စစ် သူသည် ကိုယ်တိုင်က အမိန့်ပေးစေခိုင်းတတ်သည့် အလေ့အထ မရှိဘဲ၊ သူတစ်ပါး၏ အမိန့်ညွှန်ကြားချက်အောက်တွင်သာ နေသားတကျ ရှိခဲ့ဖူးသည့် သမားတော်သားငယ်တစ်ဦးမျှသာ မဟုတ်ပါလား။
မီးဖိုချောင်အတွင်းသို့ သူ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လူပေါင်းစုံ၏ အကြည့်တို့သည် မျှော်လင့်ထားသည့်အတိုင်း သူ့ထံသို့ ဆတ်ခနဲ ကျရောက်လာကြတော့သည်။
“သခင်လေး... နိုးဘီလားဗျ..”
“သခင်လေးက ဘာလို့ ဒီလို မီးဖိုချောင်အထိ ကိုယ်တိုင်ကိုယ်ကျ ဆင်းလာရတာလဲဗျာ။ အနီးအနားမှာ အစေခံတစ်ယောက်မှ မရှိလို့လား။ သခင်လေးကို သေသေချာချာ မစောင့်ရှောက်ကြဘူးပဲ...၊အဲဒီအစေခံတွေကို ကျွန်တော် ကောင်းကောင်းကြီး ဆုံးမပစ်ပါ့မယ်”
“သခင်လေးခင်ဗျာ... ကျွန်တော် ပူပူနွေးနွေး ပေါက်စီလေးတွေ အခုတင် ပေါင်းလို့ပြီးတာနဲ့ အတော်ပဲ။ သခင်လေး ယူဆောင်သုံးဆောင်ပေးမယ်ဆိုရင်တော့ ကျွန်တော့်အတွက် အရမ်း ဂုဏ်ယူစရာပါပဲဗျာ”
သခင်လေးတဲ့။
သူ့အား ‘သခင်လေး’ ဟု ခေါ်ဝေါ်လိုက်ကြသည်တကား။ လျူကျင်းမှာ စိတ်အနှောင့်အယှက် ဖြစ်ရလွန်းသဖြင့် မျက်ခုံးပင် လှုပ်ခတ်သွားမိတော့သည်။
အခြားတစ်ဖက်မှ ပြန်၍တွေးကြည့်လျှင်လည်း ထိုလူများခမျာတွင်လည်း ဤသို့ခေါ်ရန်မှတစ်ပါး အခြားမရှိရှာဟု သူ စာနာမိပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းခွဲမှ အချို့သော တပည့်ရင်းများပင်လျှင် သူ့အား ဤကဲ့သို့ပင် လိုက်လံခေါ်ဝေါ်နေကြသောကြောင့် ဖြစ်၏။ သူ့အသက်အရွယ်မှာ လူအများသုံးလေ့ရှိသော ရိုသေလေးစားသည့် အသုံးအနှုန်းမျိုးဖြင့် ခေါ်ရန်အတွက် ငယ်ရွယ်လွန်းနေသေးသည်။ ထို့ပြင် ‘အစ်ကိုကြီး’ သို့မဟုတ် ‘ညီလေး’ ဟု သာမန်ကာလျှံကာ ခေါ်ရန်ကျပြန်တော့လည်း လူအများအတွက် အားနာစရာ ဖြစ်နေပုံရသည်။ သူသည် အဓိကဂိုဏ်းမကြီးမှ လာသူတစ်ဦး ဖြစ်နေရုံမျှမက၊ မရှေးမနှောင်းက ရှောင်ဒုန်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့် ဇာတ်လမ်းကလဲရှိသေးသည်။ ကံဆိုးချင်တော့ ထိုရှောင်ဒုန်းနှင့် လက်ရည်စမ်းပွဲအကြောင်းသည် ဂိုဏ်းခွဲတစ်ခုလုံးသို့ တောမီးပမာ ပြန့်နှံ့သွားခဲ့လေပြီ။ အမှန်စင်စစ် ထိုတိုက်ပွဲအကြောင်းမှာ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ပြောဆိုကြရင်း လူတို့၏ သဘာဝအတိုင်း ပို၍ပင် ချဲ့ကားပြောဆိုခြင်း ခံနေရတော့မည်မှာ လျူကျင်းအတွက်တော့ ဧကန်မလွဲ သိသာလှသော အချက်ပင် ဖြစ်တော့သည်။
ဤသို့ဖြင့် လျူကျင်းတစ်ယောက် ရှောင်လွှဲ၍မရနိုင်ဘဲ ‘သခင်လေး’ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရတော့သည်။
မိမိအနေဖြင့် လက်ဖက်ရည်ကြမ်း သောက်လို၍သာ လာခဲ့ခြင်းဖြစ်ကြောင်း စားဖိုမှူးများအား အကြောက်အကန် ရှင်းပြကာ နားချယူရသည်မှာ မိနစ်အတော်ကြာအောင် အချိန်ကုန်သွားခဲ့ရ၏။ ထိုသို့ အားစိုက်ထုတ်ရှင်းပြခဲ့ပါသော်လည်း အဆုံးသတ်တွင်မူ သူသည် အငွေ့တထောင်းထောင်း ထွက်နေသော ပေါက်စီလင်ပန်းကြီးကို ကိုင်မြှောက်လျက် မိမိအခန်းဆီသို့ ပြန်လည်ခြေဦးလှည့်လာခဲ့ရုံသာ ရှိတော့သည်။
မီးဖိုချောင်အတွင်းမှ အောင်မြင်စွာ ရုန်းထွက်လာနိုင်သည်နှင့် တစ်ပြိုင်နက် လျူကျင်းသည် ခြေလှမ်းတို့ကို သွက်သွက်လှမ်းကာ အခန်းသို့ ကပျာကယာ ပြန်လာခဲ့မိသည်။ စိတ်အလောတကြီးဖြင့် လမ်းကွေ့တစ်ခုသို့ အကွေ့တွင်မူ မျက်နှာချင်းဆိုင်မှ လာသော လူတစ်ဦးနှင့် အရှိန်ပြင်းပြင်း ဆောင့်မိလုနီးပါး ဖြစ်သွားခဲ့ရသေး၏။ သူ၏ လျင်မြန်လှသော တုံ့ပြန်နိုင်စွမ်း အာရုံကြောင့်သာ အချိန်မီ နောက်သို့ ချက်ချင်း ဖျတ်ခနဲ ဆုတ်လိုက်နိုင်သဖြင့် ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်ခဲ့ရသည်။ လက်ဖက်ရည်အိုးထဲမှ ရေတစ်စက်မျှပင် ဖိတ်စင်ခြင်းမရှိခဲ့သလို လင်ပန်းပေါ်မှ ပေါက်စီတစ်လုံးမျှလည်း လွင့်စင်ကျခြင်း မရှိခဲ့ချေ။
“အားနာလိုက်တာဗျာ ကျွန်တော့်အမှားပါ” ဟုထိုသူက တောင်းပန်စကား ဆိုလာသည်။
“ဒီလို အချိန်မတော်ကြီးမှာ လူသူရှိလိမ့်မယ်လို့ မထင်ထားမိလို့ပါ... အာ... ညီနောင် လျူကျင်း မဟုတ်လား”
ထိုသူသည် အရွယ်ငယ်သေးသော လူငယ်တစ်ဦး ဖြစ်ပြီး၊ လျူကျင်းထက် အသက်ကြီးသော်လည်း ရှောင်နန် သို့မဟုတ် ရှောင်ဒုန်းတို့လောက်မူ မကြီးရင့်သေးချေ။ လျူကျင်းအနေဖြင့် ထိုလူငယ်၏ မျက်နှာကို တစ်နေရာရာတွင် မြင်ဖူးသလိုလို ရှိသည်ဟု ခံစားလိုက်ရသော်လည်း အမှတ်ရရန်အတွက်မူ ခဏမျှ စဉ်းစားလိုက်ရသေးသည်။ ရှောင်နန်နှင့် လျူကျင်းတို့အား ဂိုဏ်းခွဲမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြစဉ်က ထိုလူငယ်သည်လည်း အခြားသူများနှင့်အတူ ရှိနေခဲ့ဖူးသည်။ ထို့ပြင် တည်ခင်းဧည့်ခံပွဲကြီး ကျင်းပစဉ်ကလည်း စားပွဲ၏ အစွန်းဆုံးတစ်ဖက်တွင် ကပ်၍ ငြိမ်သက်စွာ ထိုင်နေခဲ့သူလည်း ဖြစ်ပေသည်။
ထိုစဉ်က ရှောင်ဒင်သည် လူအများအား မိတ်ဆက်ပေးရန်အတွက် စိတ်အလောတကြီးဖြင့် ကပျာကယာ လုပ်ဆောင်ခဲ့ပါသော်လည်း ထိုလူငယ်၏ အမည်နာမကိုမူ စကားစပ်၍ အနည်းငယ် မြွက်ဟပြောဆိုခဲ့ဖူးသေးသည်။ သူ့နာမည်က ဘယ်လိုပါလိမ့်။
သူ၏ တုံ့ဆိုင်းနေမှုကို ရိပ်မိသွားသည့်အလား ထိုလူငယ်က လျူကျင်းအား ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်ရင်း—
“ကျွန်တော့်နာမည်က ရှောင်ဟန် ပါ ညီနောင် လျူကျင်း” ဟု ဆိုလာသည်။
ရှောင်... ဟုတ်လား။
လျူကျင်းသည် မျက်တောင်တစ်ခတ်မျှ ကြောင်အမ်းသွားပြီးမှ ရှောင်ဟန်အား အကဲခတ်လိုသော မျက်ဝန်းတို့ဖြင့် သေသေချာချာ ထပ်မံကြည့်ရှုမိတော့သည်။ ဤသို့ စေ့စေ့စပ်စပ် ကြည့်ရှုလိုက်မှပင် ရှောင်မျိုးနွယ်ဝင်တို့အကြားရှိ ရုပ်ချင်းဆင်တူမှုကို သတိပြုမိတော့၏။ ရှောင်ဟန်တွင် ရှောင်မျိုးနွယ်စုဝင်များ၌ တွေ့ရလေ့ရှိသော အညိုရောင်ဆံပင်နှင့် မိုးပြာရောင်မျက်ဝန်းများ ရှိနေသည့်အပြင် မေးရိုးပုံစံမှာလည်း ရှောင်နန်နှင့် အတော်ပင် ဆင်တူလှပေသည်။ စင်စစ် ပြောရလျှင် ရှောင်ဒင်၊ ရှောင်ဒုန်း သားအဖနှစ်ဦးနှင့် နှိုင်းယှဉ်ပါက ရှောင်မျိုးနွယ်စုတို့၏ ရုပ်ရည်သွင်ပြင်လက္ခဏာများသည် ထိုသူများထက် ဤရှောင်ဟန်အပေါ်တွင် ပိုမို၍ ထင်ရှားပြတ်သားစွာ သက်ရောက်နေသည်ကို တွေ့ရ၏။ ထိုအချက်ကြောင့်ပင် လျူကျင်းသည် စူးစမ်းလိုစိတ်ဖြင့် ခေါင်းကို ဘေးသို့ အနည်းငယ် စောင်းလိုက်မိတော့သည်။
“မင်းက ဂိုဏ်းခွဲသခင်ကြီး ရှောင်ဒင်ရဲ့ သားလား ...”
လျူကျင်းသည် မိမိဘာသာ တွေးတောသုံးသပ်ချက်ကို အဆုံးသတ်လိုက်ရင်း ဒဲ့တိုးဖွင့်မေးလိုက်သည်။ လွန်ခဲ့သောညက ရှောင်ဒင်သည် ဤအကြောင်းကို စကားစပ်၍ ထည့်သွင်းပြောဆိုခဲ့ဖူးပါသလော။ လျူကျင်း သေသေချာချာ မမှတ်မိတော့ချေ။ သို့သော်ငြား ယခုသူထင်သောအတွေးမှန်ကြောင်းကိုမူ စိုးစဉ်းမျှသံသယမရှိလှပါ။ လျူကျင်းထင်သည့်အတိုင်းပင် ရှောင်ဟန်က ခေါင်းကို ညင်သာစွာ ညိတ်ပြလာသည်။
“ဟုတ်ပါတယ်... ညီနောင် လျူ။ ကျွန်တော်က ဂိုဏ်းခွဲသခင် ရှောင်ဒင်ရဲ့ ဒုတိယမြောက်သားပါခင်ဗျာ။”
ထိုသို့ဆိုလျှင် သူ၏ဖခင်ဖြစ်သူသည် အဘယ်ကြောင့် ဤသားငယ်ကို လူအများရှေ့မှောက်တွင် တစ်ခါမျှထုတ်ဖော်ကြွားဝါခြင်း မပြုခဲ့ပါလိမ့်။ ပြီးခဲ့သည့်တည်ခင်းဧည့်ခံပွဲကြီးကို ပြန်လည်အောက်မေ့ကြည့်လျှင် ထိုပွဲသည် ဤလူငယ်လေးအား လူအများ၏အာရုံစိုက်မှုနှင့် ဝေးနိုင်သမျှဝေးအောင် တမင်တကာဖန်တီးစီမံထားသကဲ့သို့ ရှိနေခဲ့သည်။ ရှောင်ဒင်သည် သားကြီးဖြစ်သူအား လူရာသွင်းကာ ချီးမွမ်းဂုဏ်ပြုစကားများကို ရက်ရက်ရောရောဆိုခဲ့သည့်အပြင် ရှောင်နန်၏ရှေ့မှောက်တွင် အစွမ်းပြခွင့်ရအောင်လည်း အကွက်ချစီစဉ်ပေးခဲ့သေးသည်။ သို့သော်ငြား ဤသားငယ်ကိုမူ မှောင်မိုက်သောထောင့်တစ်နေရာဆီသို့သာ တွန်းပို့ထားခဲ့လေသည်။ ဤသည်မှာ သူ့အား တည်ခင်းဧည့်ခံပွဲသို့ တက်ရောက်ခွင့်လုံးဝပိတ်ပင်လိုက်သည်နှင့်ပင် ဘာမျှမခြားနားလှချေ။
“မင်းအဖေက သူ့မှာ ဒုတိယသားတစ်ယောက်ရှိသေးတယ်လို့ တစ်ခွန်းမှထည့်မပြောသွားခဲ့ဘူးပဲ” ဟု ပြောရင်း လျူကျင်းက ပွင့်ပွင့်လင်းလင်းပင် မေးမြန်းလိုက်သည်။
“အဲဒါ ဘာဖြစ်လို့လဲ...”
ရှောင်ဟန်သည် နေရထိုင်ရခက်ခဲသွားဟန်ဖြင့် အကြည့်တို့ကို လွှဲဖယ်လိုက်၏။
“အာ... ဒါက အရေးကြီးတဲ့ကိစ္စမျိုးမဟုတ်ပါဘူး ညီနောင်လျူ။ အစ်ကိုကြီးရှောင်ဒုန်းကပဲ အဖေ့ရဲ့အချစ်ဆုံးသား အမြဲတမ်းဖြစ်ခဲ့တာမို့ပါ။ ညီနောင်လျူရဲ့အချိန်တွေကို ဖြုန်းတီးပစ်ရလောက်တဲ့ နားထောင်လို့ကောင်းတဲ့ အကြောင်းအရာမျိုးမဟုတ်ပါဘူးခင်ဗျာ။”
လျူကျင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ ဤအခြေအနေအရပ်ရပ်တွင် မိမိကိုစိတ်အနှောင့်အယှက်ဖြစ်စေလောက်အောင်ပင် ရင်းနှီးကျွမ်းဝင်နေသည့် အငွေ့အသက်တစ်ခုခုရှိနေသည်ဟု သူခံစားလိုက်ရ၏။ သို့သော်ငြား ဤကဲ့သို့သောလျှို့ဝှက်ချက်ကို လူမှုရေးအရ မည်သို့ယဉ်ကျေးပျူငှာစွာ စကားစမြည်စကားနာရမည်နည်းဟူသည်ကိုမူ သူသေသေချာချာ မတွေးတတ်ချေ။ အမှန်စင်စစ် လူမှုရေးဆက်ဆံရေးအရည်အချင်းဟူသည်ကား သူဘယ်သောအခါမှ အားသန်ခဲ့သောအရာ မဟုတ်ခဲ့ပေ။
ထိုအချိန်၌ပင် လျူကျင်းသည် ရှောင်နန်ပြောခဲ့ဖူးသောစကားလုံးများကို ပြန်လည်အမှတ်ရသွားပြီး ယခုအချိန်တွင် မိမိအနေဖြင့် ထိုကဲ့သို့သော ယဉ်ကျေးပျူငှာမှုများကို အသုံးပြုနေရန်မလိုအပ်ကြောင်း ရိပ်မိသွားတော့သည်။ သူ့ထံတွင် ထိုထက်ပိုမို၍ အားကိုးထိုက်သောအရာတစ်ခု ရှိနေသည်မဟုတ်ပါလား။
၎င်းကား...လက် ရှိသူရောက်ရှိနေသည့် အထက်စီးအနေအထား ဆိုသည့်အချက်ပင်ဖြစ်တော့သည်။
“ညီနောင် ဟန်... တစ်ခုလောက်ဖြေစမ်းပါ။ ငါက ဒီနေရာမှာ ဂုဏ်သရေရှိဧည့်သည်တော်တစ်ဦး ဟုတ်တယ်မလား။” လျူကျင်းက မိမိကိုယ်ကိုယ် လက်ညှိုးညွှန်ပြရင်း မေးမြန်းလိုက်သည်။
“ညီနောင်လျူပြောတာ မှန်ပါတယ်... ညီနောင်လျူက ဂိုဏ်းမကြီးကနေ ကြွရောက်လာတဲ့ သံတမန်တစ်ဦးဖြစ်သလို၊ ကျင့်ကြံဆင့်မြင့်တဲ့ အထူးဧည့်သည်တော်လည်း ဖြစ်ပါတယ်။ ကျွန်တော်ရှောင်ဟန်အနေနဲ့ ဒီအချက်ကို အပြည့်အဝလေးစား အသိအမှတ်ပြုပါတယ်။”
“ဒါဆို... ငါက မင်းကို ဒီလက်ဖက်ရည်အိုး သယ်ခိုင်းမယ်ဆိုရင်ရော... မင်း လုပ်ပေးရမှာပဲ မဟုတ်လား။”
ရှောင်ဟန်သည် တုန်လှုပ်ချောက်ချားသွားဟန်ရှိသော်လည်း ခေါင်းကိုမူ ညိတ်ပြရှာသည်။
“ဟုတ်ကဲ့ပါ ညီနောင်လျူ... ဒါက တောင်းဆိုချက်သာဆိုရင် ဒီရှောင်ဟန်က ညီနောင်လျူစိတ်တိုင်းကျဖြစ်စေဖို့ ကောင်းကင်နဲ့မြေကြီးကိုပဲ မြေလှန်ရမြေလှန်ရ... မဖြစ်ဖြစ်အောင် ဆောင်ရွက်ပေးပါ့မယ်ဗျာ။”
“ဒါဆိုရင် ငါက မင်းကို မီးဖိုချောင်ဆီသွားပြီး စားစရာတွေ သွားယူခိုင်းမယ်ဆိုရင်လည်း မင်း သွားယူပေးရမှာပဲ ဟုတ်တယ်မလား။”
“လုပ်ပေးပါမယ် ညီနောင်လျူ” ဟု ရှောင်ဟန်က ရိုသေလေးစားစွာပင် ပြန်လည်ဖြေကြားသည်။
“ညီနောင် လျူ ရဲ့အချိန်တွေဟာ တန်ဖိုးရှိလှပါတယ်။ အကယ်လို့ ဒီရှောင်ဟန်အနေနဲ့ လုပ်ပေးနိူင်တာရှိရင် အကုန်လုံး ကိုအဆင်သင့်လုပ်ဆောင်ပေးပါ့မယ်ခင်ဗျာ။”
"ဒါဆိုရင်တော့... ငါက ဒီလောက်အထိ အရေးပါတဲ့လူတစ်ယောက် ဖြစ်နေပါလျက်နဲ့၊ ငါ့ရဲ့အချိန်တွေကို ဖြုန်းတီးဖို့ ထိုက်တန်၊ မထိုက်တန်ဆိုတာကို ညီနောင်ရှောင်ဟန်က ဘာဖြစ်လို့ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ တွေးနေရတာလဲ။"
အခန်းတွင်း၌ ဆိတ်ငြိမ်ခြင်းတို့က ကြီးစိုးသွားတော့သည်။
လျူကျင်းသည် ရှောင်ဟန်ထံမှ အဖြေတစ်ခုကို မျှော်လင့်တောင့်တသည့်အလား စူးစိုက်ကြည့်နေမိသည်။
ရှောင်ဟန်သည်လည်း ဘာပြန်ပြောရမှန်းမသိဘဲ ပါးစပ်အဟောင်းသားဖြင့် လျူကျင်းအား ကြောင်အမ်းကာ ပြန်လည်စိုက်ကြည့်နေရှာ၏။ ဤအခြေအနေကို စိတ်တိုင်းကျသွားမှသာ လျူကျင်းသည် မိမိဘာသာ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ပေါက်စီလင်ပန်းကို သူ့ထံသို့ ကမ်းပေးလိုက်လေသည်။
“ညီနောင် ဟန်... ဒါလေးကို ကူသယ်ပေးပါဦး” လျူကျင်းက ဆိုလိုက်သည်။
ရှောင်ဟန်သည် စိုးစဉ်းမျှ မဆိုင်းမတွဘဲ ချက်ချင်းပင် နာခံသယ်ဆောင်ရှာ၏။
"ငါက လက်ဖက်ရည်ကြမ်းပဲ သောက်ချင်ခဲ့တာ။ စားဖိုဆောင်ကလူတွေက ဒီပေါက်စီတွေကိုပါ အတင်းထည့်ပေးလိုက်လို့လေ... တစ်ယောက်တည်း စားဖို့ကျတော့လည်း များလွန်းနေတယ်"
လျူကျင်းက ဖိအားကို လျှော့ချလိုက်သည့်အလား လေသံပျော့ပျော့ဖြင့် ရှင်းပြလိုက်သော်လည်း ဝတ်ရုံလက်အင်္ကျီအောက်က လက်သီးကတော့ တင်းတင်းဆုပ်လျက် ရှိနေသည်။ သူက စကားကို ဆက်၍ -
"ငါ့အခန်းကို လိုက်ခဲ့ပြီး ဒါတွေကို ကူစားပေးပါဦး။ ပြီးရင် မင်းနဲ့ ဂိုဏ်းခွဲသခင် ရှောင်ဒင်တို့ရဲ့ အကြောင်းကိုလည်း ငါ့ကို တစ်ခါတည်း ပြောပြပါဦး"
ထိုသို့ ဆိုပြီးသည်နှင့် တစ်ပြိုင်နက် လျူကျင်းသည် ရှေ့သို့ စတင်လျှောက်လှမ်းလေတော့သည်။
ရှောင်ဟန်သည်လည်း သူ၏နောက်မှ ငြိမ်သက်စွာ ထက်ကြပ်မကွာ လိုက်ပါလာခဲ့ရုံမျှသာ ရှိတော့သည်။