အခန်း ၂၃
Vol. 3 Ch. 23
အခန်း ၂၃။ ရှောင်ဟန်အား အကဲခတ်လေ့လာခြင်း..။
“မင်းတို့အိမ်က စားဖိုမှူးတွေရဲ့ လက်ရာက တော်တော်လေး ကောင်းတာပဲ”
လျူကျင်းသည် ပေါက်စီကို တစ်ငုံချင်း ကိုက်ဝါးရင်း စကားစမြွက်ဟလိုက်သည်။
သူ၏ အပြင်ပန်း အမူအရာမှာ တည်ငြိမ်အေးဆေးလှသည်ဟု ထင်ရသော်လည်း၊ အတွင်းစိတ်၌မူ လျူကျင်း အနည်းငယ် တုန်လှုပ်ခြောက်ချားနေမိသည်မှာ အမှန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိမိ၏ဘဝတွင် လူတစ်ဦးအား မိမိနောက်သို့ လိုက်ခဲ့ရန် အာဏာသုံး၍ ပထမဆုံးအကြိမ် စေခိုင်းမိခြင်း ဖြစ်လေသည်။ထို့ပြင် လွတ်လပ်ပေါ့ပါးသော လူမှုရေး စကားစမြည် ပြောဆိုခြင်းမျိုး၌လည်း လျူကျင်းတစ်ယောက် အတွေ့အကြုံ များများစားစား မရှိခဲ့ဖူးချေ။ သူ့အနေဖြင့် ရင်းရင်းနှီးနှီး စကားပြောဆိုဖူးသည်ဟူ၍ ရှောင်နန်တစ်ဦးသာ ရှိခဲ့ပြီး၊ ထိုသို့ ပြောဆိုသည့်တိုင်အောင် လျူကျင်းသည် ရှောင်နန်အပေါ် ရိုသေလေးစားစွာ အစဉ်အမြဲ ဆက်ဆံခဲ့ပေသည်။
သို့သော်ငြား... ယခုအချိန်တွင် လျူကျင်းတစ်ယောက် မည်မျှပင် စိတ်လှုပ်ရှားနေပါစေ၊ ထိုခံစားချက်မှာ ရှောင်ဟန် ရင်ဆိုင်နေရသော သောကပွေလီမှုနှင့် ယှဉ်လျှင် စိုးစဉ်းမျှ နှိုင်းယှဉ်၍ ရနိုင်မည်မဟုတ်ချေ။ ဂိုဏ်းခွဲသခင်၏ သားငယ်ဖြစ်သူသည် သူ၏ရှေ့မှောက်တွင် ရိုသေစွာ ထိုင်နေလျက် ရှိသည်။ သူ၏ မျက်နှာထက်မှ အပြုံးမှာ တောင့်တောင့်ကြီး ဖြစ်နေပြီး ထိုအပြုံးကို အတင်းအဓမ္မ ဆွဲဆန့်ထားရသဖြင့် ကြာလျှင် မျက်နှာကြွက်သားများပင် နာကျင်လာမည့်အလား ထင်မှတ်ရပေသည်။ သူ၏ မျက်ဝန်းတို့မှာ ထိတ်လန့်တကြားဖြင့် ကျယ်ပြန့်လွန်းနေသလို၊ ကျောပြင်မှာလည်း မတ်လွန်းလှသဖြင့် တုတ်တုတ်မျှ မလှုပ်ဝံ့ရှာပေ။ သူ၏ အသားအရောင်မှာလည်း ဖြူဖျော့နေပြီး ကြည့်ရသည်မှာ ဖျားနာနေသူတစ်ဦးကဲ့သို့ပင် သွေးဆုတ်လျက် ရှိနေတော့သည်။
“ ချီးမွမ်းစကားအတွက် ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ” ရှောင်ဟန်က ခေါင်းကို အနည်းငယ် ညွတ်၍ ရိုသေစွာ ဆိုလိုက်သည်။ သို့သော် ထိုလှုပ်ရှားမှုမှာ သဘာဝမကျဘဲ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ အလွန်အမင်း တောင့်တင်းလွန်းလှပေသည်။
"ဒါပေမဲ့လည်း... အဓိကဂိုဏ်းမကြီးမှာဆိုရင် ဒီထက်အဆပေါင်းများစွာ သာလွန်ထူးကဲတဲ့ လက်ရာရှင် စားဖိုမှူးကြီးတွေ ရှိနေမှာ သေချာပါတယ် ညီနောင်လျူ"
"ဒါတော့ ငါလဲ မသိဘူးလေ"
လျူကျင်းက ပုခုံးတစ်ချက် တွန့်လိုက်ရင်း၊ ခွက်ထဲမှ လက်ဖက်ရည်ကြမ်းကို တစ်ငုံ သောက်လိုက်ပြီးမှ စကားကို ဆက်ပြောလေသည်။
"ငါ့အိမ်မှာတုန်းကတော့ ဒီလို စိတ်အေးလက်အေး နားနားနေနေ နေဖို့ဆိုတာ အချိန် သိပ်မရဘူး။ အခုလို အခိုက်အတန့်မျိုးက ငါ့အတွက် ရှားပါတယ်"
'စိတ်အေးလက်အေး နားနေတယ်' ဆိုသည့် စကားလုံးကမူ တကယ်တမ်းကျတော့ သိပ်ပြီး အပ်စပ်လှသည်မဟုတ်ကြောင်း လျူကျင်း မိမိဘာသာ တွေးတောမိပြန်သည်။ လူနာတွေကို ဆေးကုသပေးနေရခြင်းက ယခုလို အခြေအနေမျိုးထက်စာလျှင် စိတ်အေးချမ်းသာဖို့ ပို၍ပင် ကောင်းဦးမည် မဟုတ်ပါလား။
"အော်... အဲလိုလား ခင်ဗျာ"
ရှောင်ဟန်သည် ပေါက်စီကို တစ်ကိုက် ကိုက်လိုက်၏။ သို့သော် ထိုအကိုက်မှာ အလွန်တရာ သေးငယ်လွန်းလှပြီး မသိမသာမျှသာ ရှိချေသည်။ အသက်ငယ်သော်လည်း ကျင့်ကြံဆင့်မြင့်သည့် လျူကျင်းက စိတ်ပြောင်းသွားပြီး စားစရာအားလုံးကို ပြန်သိမ်းသွားမည်ကို စိုးရိမ်သဖြင့်၊ သူ၏ရှေ့မှောက်တွင် အများကြီး မစားဝံ့ရှာသည့်အလား ထင်မှတ်ရပေသည်။
လျူကျင်းအနေဖြင့် ထိုသို့သော အမူအရာကို မြင်ရသည်မှာ အရမ်း စိတ်ပျက်ငြီးငွေ့စရာ ကောင်းလှသည်ဟု ခံစားရသော်လည်း၊ သူ့အား စိတ်အေးအေးထားရန် ပြောနေခြင်းက ဘာမျှ အကျိုးထူးလိမ့်မည်မဟုတ်ကြောင်း ကောင်းကောင်းကြီး သိလှပေသည်။ လူတို့၏ သဘာဝအရ 'စိတ်အေးအေးထားပါ' ဟု အမိန့်ပေးစေခိုင်းသည့်အခါ တကယ်တမ်း စိတ်အေးသွားတတ်ကြသူဟူ၍ အလွန်ပင် ရှားပါးလှသည် မဟုတ်ပါလား။ သူ့ကို 'အသက်ရှူရပ်လိုက်စမ်း' ဟု အမိန့်ပေးလိုက်လျှင်ပင် ယခုထက် ပို၍ အောင်မြင်နိုင်ချေ ရှိပေဦးမည်။
"ဒါဆိုရင်တော့... ညီနောင်လျူ ဒီမှာ တည်းခိုနေတဲ့ အချိန်အတွင်းမှာ စိတ်ချမ်းမြေ့မှု အတိုင်းအတာတစ်ခုအထိ ရရှိနေတာကို သိရလို့ ကျွန်တော့်အနေနဲ့ ဝမ်းသာရပါတယ်ဗျာ"
လျူကျင်းက ဘာမှမပြောဘဲ ခေါင်းကိုသာ ခပ်ဆိတ်ဆိတ်ညိတ်ပြလိုက်ပြီး လက်ထဲမှ လက်ဖက်ရည်ကြမ်းကို ဆက်၍ သောက်နေမိသည်။ သို့သော် သူ၏ တုံ့ပြန်မှုက မှားယွင်းသွားကြောင်းကို ချက်ချင်းပင် ရိပ်မိလိုက်၏။ အကြောင်းမှာ တစ်ဖက်မှ ရှောင်ဟန်တစ်ယောက် နဖူးမှ ချွေးစေးများ ပျပျထွက်လာပြီး 'ငါ ဘယ်နေရာမှာများ အမှားလုပ်မိလို့ သူစိတ်ခုသွားပါလိမ့်' ဟု ရင်တထိတ်ထိတ်ဖြင့် တွေးတောပူပန်နေပုံရသောကြောင့် ဖြစ်သည်။ လျူကျင်းအနေဖြင့် 'ဘာမှမဖြစ်ဘူး၊ ငါ စိတ်မဆိုးပါဘူး' ဟု ပြောကာ အခြေအနေကို လျှော့ချပေးချင်သော်လည်း ဤသို့ပြောလိုက်ခြင်းက အခြေအနေကို ပို၍ဆိုးဝါးသွားစေနိုင်ကြောင်း သူ ကောင်းကောင်းသိသည်။
သူများကို လွှမ်းမိုးနိူင်မှု ရှိလွန်းခြင်းကလည်း အမှန်တကယ်ပင် ခေါင်းခဲစရာ ကိစ္စတစ်ခုပါတကား။
စားပွဲဝိုင်းတစ်ခုလုံး ဆွံ့အလျက် လေးလံသော တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားသည်။ ရှောင်ဟန်မှာမူ ပျာယာခတ်နေသည့် စိတ်ကြောင့် စားစရာများကို အသံကျယ်ကျယ်ဖြင့်ပင် ကပျာကယာ ဝါးမျိုနေမိ၏။ သူကိုယ်တိုင်လည်း စိုးရိမ်စိတ်လွန်ကဲနေသဖြင့် ထိုသို့ပြုမူမိနေသည်ကို သတိထားမိပုံမပေါ်ပေ။ သတိမထားမိခြင်းကပင် တော်သေးသည်ဟု ဆိုရမည်။ သို့မဟုတ်ပါက ရှောင်ဟန်တစ်ယောက် မည်မျှအထိ တုန်လှုပ်ခြောက်ခြားသွားမည်ကို လျူကျင်းပင် မတွေးရဲတော့ပေ။
နောက်ဆုံးတွင်မူ လျူကျင်းက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ အသာအယာ ချလိုက်ရင်း လေးနက်သော လေသံဖြင့် စကားစလိုက်သည်။
"ရှောင်ဟန်..."
လျူကျင်း၏ အသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရှောင်ဟန်၏ ခန္ဓာကိုယ်မှာ တုန်ခနဲ ဖြစ်သွားပြီး ချက်ချင်းပင် မတ်တတ်ထရပ်ရမလို၊ ဦးညွှတ်ရမလိုဖြင့် ချွေးစေးများပြန်ကာ ပျာယာခတ်သွားတော့သည်။ တစ်ခဏမျှမူ သူ ခြေဖျားလက်ဖျားများ အေးစက်ပြီး လဲကျတော့မည့်အတိုင်းပင်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုသို့ ဖြစ်မသွားခဲ့ချေ။
"ဟု-ဟုတ်ကဲ့... ကျွန်တော့်ကို တစ်ခုခု ခိုင်းစရာ ရှိလို့ပါလား ညီနောင်လျူ... အာ... သခင်လေး.."
'သခင်လေး...'
လျူကျင်း မျက်တောင်တဖျတ်ဖျတ်ခတ်သွားမိသော်လည်း၊ ထိုအခေါ်အဝေါ်ကို လောလောဆယ် ဘေးဖယ်ထားရန်သာ ဆုံးဖြတ်လိုက်သည်။ ပြဿနာများကို တစ်ခုချင်းစီသာ စိတ်အေးအေးထားပြီး ဖြေရှင်းရမည် မဟုတ်ပါလား။
"ငါ မင်းကို ဘာမေးချင်လဲဆိုတာ အစောကြီးကတည်းက ပြောပြီးသားလို့ ထင်တယ်... မင်းအဖေက ဘာဖြစ်လို့ မင်းကို ငါတို့နဲ့ဝေးဝေးမှာ ထားရတာလဲ... အခုလို လာရောက်လည်ပတ်တဲ့ ခရီးစဉ်မျိုးမှာ ဂိုဏ်းခွဲချုပ်ရဲ့ သားသမီးတွေနဲ့ မိတ်ဆက်ပေးတာက ထုံးစံပဲလေ... ဒါပေမဲ့ မင်းအကို ရှောင်ဒုန်းတစ်ယောက်တည်းကိုပဲ ငါတို့နဲ့ မိတ်ဆက်ပေးခဲ့တယ်..."
"အား... ဟု-ဟုတ်ကဲ့... အဲဒါက... ကျွန်တော့်အဖေက ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာမျိုးတော့ မဟုတ်ပါဘူး ညီနောင်လျူ..."
လျူကျင်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်၏။
ရှောင်ဟန်ကမူ သူနှင့် မျက်လုံးချင်းမဆုံရဲတော့ဘဲ အကြည့်ကို လွှဲဖယ်သွားသည်။
သို့သော် လျူကျင်းက စူးစိုက်သော အကြည့်ကို မရုပ်သိမ်းဘဲ ဆက်၍သာ စိုက်ကြည့်နေမိ၏။
"ကျွန်တော့်အဖေက ကျွန်တော့်ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး..." ဟု ရှောင်ဟန်က ခံစားချက်မဲ့စွာဖြင့် ဝန်ခံလာသည်။
"အစ်ကိုတော် ရှောင်ဒုန်းနဲ့ ကျွန်တော်က ညီအစ်ကိုအရင်းတွေဆိုပေမဲ့... အဖေက အစ်ကို့ကိုပဲ အမြဲတမ်း မျက်နှာသာပေးခဲ့တာပါ။ အခုလို အစ်ကိုနဲ့အတူ ကျွန်တော့်ကို တွဲပြီး မိတ်မဆက်ပေးခဲ့တာကလည်း... အစ်ကို့ကို ပိုပြီး လူသိများထင်ရှားစေချင်လို့ နေမှာပါ..."
"မင်းက မင်းအစ်ကိုထက် သာလွန်တောက်ပပြီး သူ့အရိပ်ကို ဖုံးလွှမ်းသွားမှာ စိုးရိမ်လို့ပေါ့... ဟုတ်လား"
လျူကျင်းက ခေါင်းကို အသာစောင်းကာ မေးလိုက်သည်။ ထိုစကားကြောင့် ရှောင်ဟန်ထံမှ ခါးသီးလှသော ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ ဤလူငယ်လေး လျူကျင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာချိန်မှစ၍ လုပ်ယူထားခြင်းမရှိဘဲ ရင်ထဲမှ အမှန်တကယ် ထွက်ပေါ်လာသည့် တစ်ခုတည်းသော အမူအရာပင် ဖြစ်သည်။
"ကောင်းတဲ့ဘက်က သာလွန်တာမျိုး မဟုတ်ပါဘူး သခင်လေးလျူရယ်... ကျွန်တော် အာမခံရဲပါတယ်။ ကျွန်တော်က မွေးရာပါ အားနည်းတဲ့ ရောဂါအခံ ရှိလာခဲ့တာ... ဒီဒဏ်ကြောင့်ပဲ ကျွန်တော့်ခန္ဓာကိုယ်က ကျင့်ကြံခြင်းလမ်းစဉ်နဲ့ မထိုက်တန်ခဲ့ဘူး။ ညီနောင်လျူကို ကျွန်တော် ပြပါရစေ..."
ရှောင်ဟန်က မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်ကို စုစည်းလိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်အတွင်းမှ ကျင့်ကြံခြင်း ချီစွမ်းအင် များက ဖြည်းညှင်းစွာ စီးဆင်းလာပြီး အပြင်သို့ သိသိသာသာ ထွက်ပေါ်လာတော့၏။
"ညီနောင်လျူ... ခံစားမိရဲ့လား ခင်ဗျာ..."
"ငါ ခံစားမိပါတယ်"
လျူကျင်းက တည်ငြိမ်စွာပင် ပြန်ဆိုလိုက်၏။
"သေချာလေးကို အာရုံရလိုက်ပါတယ် ..."
အခြေခံအုတ်မြစ်အဆင့် ၊ ပဉ္စမအဆင့် မျှသာဖြစ်သည်။
လွန်ခဲ့သည့်ရက်က လျူကျင်း ရင်ဆိုင်ခဲ့ရသော တောပုန်းဓားပြများထဲတွင် အားနည်းဆုံးသူပင် အခြေခံအုတ်မြစ်အဆင့်တွင် ရှိသည်။ ထို့အတူ လဆန်း မြို့ငယ် အတွင်း၌လည်း ရှောင်ဟန်ထက် အသက်ကြီးသော်လည်း အခြေခံအုတ်မြစ်အဆင့်မှ မတက်လှမ်းနိုင်သေးသူ အများအပြားကို သူ အာရုံခံမိခဲ့ဖူးသည်။ သို့သော် တောပုန်းဆိုသည်မှာ တောပုန်းမျှသာ ဖြစ်ပြီး၊ လဆန်း မြို့ငယ်မှ သာမန်လူများမှာလည်း သာမန်လူများသာ ဖြစ်ကြပေသည်။
ရှောင်ဟန်ကမူ ထိုသူများနှင့်မတူဘဲ ဂိုဏ်းခွဲချုပ်၏ သားအရင်းတစ်ယောက် မဟုတ်ပါလား။
လွန်ခဲ့သည့်ရက်က ရှောင်ဒုန်း တိုက်ခိုက်ခဲ့သော တပည့်များထဲတွင် အခြေခံအုတ်မြစ်အဆင့် အဋ္ဌမအဆင့် အောက် ရောက်နေသူ တစ်ယောက်မျှ မရှိခဲ့ချေ။ ရှောင်ဟန်ထက် အသက်တစ်နှစ်ခန့်သာ ကြီးနိုင်မည့် ရှောင်ဒုန်းဆိုလျှင်မူ အတွင်းအား စုစည်းမှုအဆင့် သို့ပင် ခြေချထားနိုင်ခဲ့ပြီ ဖြစ်သည်။ ဂိုဏ်းခွဲချုပ်၏ သားတစ်ယောက်အနေဖြင့် ရှောင်ဟန်သည် ဤဂိုဏ်းခွဲတစ်ခုလုံးတွင် အကောင်းဆုံးသော ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် ဆေးဝါးများကို ရရှိခံစားနိုင်ခွင့် ရှိရမည်။ ထိုသို့သော အခြေအနေမျိုးတွင် သူ၏အသက်အရွယ်၌ အခြေခံအုတ်မြစ်အဆင့် ပဉ္စမအဆင့်မျှသာ ရှိနေခြင်းမှာ ဂိုဏ်းခွဲချုပ်အတွက်မူ အရှက်ရစရာ သိက္ခာကျစရာ ကိစ္စတစ်ခုထက် မပိုပေ။
သေချာသည် မှာ ဂိုဏ်းခွဲချုပ် ရှောင်ဒင် က သူ့ဒုတိယသားကို ဂိုဏ်းခွဲ၏ အရှက်သိက္ခာကြောင့် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်နိူင်ပေသည်။
"ညီနောင်လျူ နားလည်သွားပြီ ထင်ပါတယ်..."
ဟု ရှောင်ဟန်က ညှိုးငယ်စွာ ဆိုလာသည်။
"တကယ်လို့ အဲဒီပထမဆုံးညက ညီနောင်လျူက ကျွန်တော့်ကိုသာ သတိထားမိခဲ့ရင်... 'ဒီလို အသုံးမကျတဲ့ကောင်မျိုး ဘယ်လိုလုပ် ရှိနေရတာလဲ' ဆိုပြီး တစ်ချိန်လုံး တွေးနေမိမှာ သေချာတယ်။ အစ်ကိုတော့်ရဲ့ သိုင်းစွမ်းရည် ပြသမှုကိုလည်း အာရုံစိုက်မိတော့မှာ မဟုတ်ဘူး... ကျွန်တော် ရှိနေတာကိုကပဲ ကျွန်တော့်အဖေကို သားသမီးတစ်ယောက်ကိုတောင် သန်မာအောင် မပျိုးထောင်ပေးနိုင်တဲ့ ရှုံးနိမ့်သူတစ်ဦးလို ဖြစ်စေတာလေ။ အဖေအရှက်ရနေတာက သဘာဝကျပါတယ်..."
လျူကျင်းက မျက်မှောင်ကြုတ်လိုက်သည်ကို မြင်သောအခါ ရှောင်ဟန်က လက်နှစ်ဖက်ကို ကပျာကယာ ယမ်းခါရင်း ဖြည့်စွက်ပြောဆိုလာ၏။
"ဒါ….ဒါပေမယ်ညီနောင် လျူ အဖေ့ကို အထင်မလွဲပါနဲ့ဦး ... ကျွန်တော့်အဖေက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားပေးခဲ့တာပါ။ ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့် ကျင့်ကြံခြင်းအဆင့် တက်လာအောင် နည်းလမ်းမျိုးစုံ သုံးခဲ့ဖူးတယ်။ ဒါပေမဲ့ အားလုံးက အလကား ဖြစ်ခဲ့ရတာပဲ... နှစ်ပေါင်းများစွာ အားသွန်ခွန်စိုက် ကြိုးစားခဲ့ပြီးမှပဲ အခြေခံအုတ်မြစ်အဆင့် ပဉ္စမအဆင့်ကို မနည်း ကုတ်ကတ်တက်လှမ်းနိုင်ခဲ့တာ။ ဒါက ကျွန်တော် ကံပဲ ထင်ပါရဲ့ဗျာ..."
"အဲဒီလို ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းလာရတာ မင်းအတွက် တော်တော်လေး ခက်ခဲခဲ့မှာပဲ..."
လျူကျင်းက လေသံအေးအေးဖြင့် မှတ်ချက်ချလိုက်ရင်း လက်ဖက်ရည်ခွက်ကိုသာ စူးစိုက်ကြည့်နေမိသည်။ လက်ဖက်ရည်ပြင်ပေါ်တွင် သူ၏ ငယ်ဘဝပုံရိပ်များ ပြန်လည်ထင်ဟပ်လာသယောင် ခံစားလိုက်ရ၏။ ရှောင်ဟန်၏ အခြေအနေက သူ၏ ငယ်ဘဝနှင့် ထပ်တူမကျသော်လည်း ဆင်တူယိုးမှား ဖြစ်နေသည့် အချက်များက လျူကျင်းကို စိတ်မသက်မသာ ဖြစ်စေသည်။
"အဲဒီလောက်ကြီးလည်း မဆိုးပါဘူး ညီနောင်လျူရယ်..."
ရှောင်ဟန်က ခေါင်းကို ဆက်၍ ငုံ့ထားရင်း ဆိုရှာသည်။
"နောက်ပိုင်းကျတော့ လူအများစုက ကျွန်တော့်ကို မမြင်ချင်ယောင်ဆောင်ပြီး လျစ်လျူရှုလာကြတယ်။ ကျွန်တော်လည်း အဲဒီအခြေအနေကို ကျင့်သားရသွားပါပြီ..."
လျူကျင်း၏ မျက်ဝန်းအစုံက စက္ကန့်ပိုင်းမျှ ကျဉ်းမြောင်းသွားသည်။ ၎င်း စကားမှာ လိမ်ညာမှုတစ်ခု ဖြစ်ကြောင်း လျူကျင်း ချက်ချင်းပင် ရိပ်မိလိုက်သည်။ လူသားဆိုသည်မှာ ထိုမျှလောက်နှင့် လျစ်လျူရှုရုံဖြင့် ပြီးသွားတတ်သည့် အမျိုးများ မဟုတ်ပေ။ ကွယ်ရာတွင် အတင်းဖျင်းပြောကြမည်၊ လှောင်ပြောင် သရော်ကြမည်၊ နှိမ့်ချဆက်ဆံကြမည်၊ ထို့ပြင် နိုင်ထက်စီးနင်းပင် ပြုမူကြပေလိမ့်မည်။ ထိုသို့သော အခြေအနေမျိုးတွင် လူအများစု တုံ့ပြန်တတ်ကြသည့် သဘာဝမှာ ဤသို့သာ ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင်မူ ဂိုဏ်းခွဲချုပ်၏ သားတစ်ယောက် ဖြစ်ခြင်းက ရှောင်ဟန်အတွက် အရိပ်အာဝါသတစ်ခုကဲ့သို့ အကာအကွယ် ပေးနိုင်ရမည် ဖြစ်သော်လည်း၊ ဖခင်ဖြစ်သူကိုယ်တိုင်ကပင် သူ့ကို အရှက်ရစရာတစ်ခုလို သဘောထားနေသည်။
ထိုအချက်ကို တွေးမိရင်း လျူကျင်းအနေဖြင့် မိမိကိုယ်ကို နည်းလမ်းပေါင်းစုံဖြင့် ကံကောင်းလှသည်ဟု ခံစားလိုက်ရသည်။ အကြောင်းမှာ သူ၏ဘေးတွင် ရှောင်နန် ကဲ့သို့ သူ့အပေါ် အမြဲတမ်း ငဲ့ညှာစောင့်ရှောက်ပေးခဲ့သူ ရှိနေခဲ့သောကြောင့် ဖြစ်၏။
လျူကျင်းက ဆေးပညာရှင်တစ်ဦးပီပီ ရှောင်ဟန်၏ ရောဂါကို စမ်းသပ်ရန် တည်ငြိမ်ပြတ်သားစွာ ပြောဆိုလိုက်သော်လည်း၊ မျှော်လင့်ချက်မဲ့နေသော ရှောင်ဟန်က အားနာစွာဖြင့် ငြင်းပယ်ရန် ကြိုးစားသည့် အခိုက်အတန့် ဖြစ်သည်။
"ဟေ့ မတ်တတ်ထလိုက်..."
လျူကျင်းက ရုတ်တရက်ပင် အမိန့်ဆန်စွာ ဆိုလိုက်သည်။
"ဗျာ..."
ရှောင်ဟန်မှာ ဘာကိုဆိုလိုမှန်းမသိဘဲ ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်နေမိ၏။
"မင်းခုနကပြောတော့ မင်းခန္ဓာကိုယ်မှာ ရောဂါ တစ်ခုခု စွဲကပ်နေတာဆို... ငါက ဆေးပညာဘက်မှာ မတောက်တခေါက် နားလည်ထားတာ ရှိတယ်... ဒါကြောင့် မင်း အခြေအနေကို သေသေချာချာ စစ်ဆေးကြည့်လို့မလို့......"
"အား... ညီနောင်လျူရယ်... ကျွန်တော့်အပေါ် အခုလို ဂရုစိုက်ပေးတာကို အရမ်း ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရောဂါအခြေအနေက တကယ်ကို ရှုပ်ထွေးလွန်းလို့ပါ... အစောကတည်းက နာမည်ကြီး ဆေးဆရာအများကြီး လာကြည့်ပေးဖူးပေမဲ့ သူတို့လည်း-"
"မတ်တတ် ရပ် လို့ "
လျူကျင်း၏ စကားသံက တစ်လုံးချင်းစီဖြင့် ပြတ်သားလွန်းလှသဖြင့် ရှောင်ဟန်မှာ တွေဝေမနေရဲတော့ဘဲ ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ရတော့သည်။
"အေး ...ကောင်းတယ် အဲ့လိုနေ"
လျူကျင်းကလည်း နေရာမှ ထရပ်လိုက်ပြီး ရှောင်ဟန်၏ ကျောဘက်သို့ လျှောက်လှမ်းသွားလိုက်၏။
"မလှုပ်နဲ့။ ဖြစ်နိုင်ရင် စကားလည်း မပြောနဲ့တော့။"
ရှောင်ဟန်က ခေါင်းကိုသာ ခပ်သွက်သွက် ညိတ်ပြရှာသည်။
'ဒီလိုမှ တော်သေးတယ်...' ဟု လျူကျင်းက စိတ်ထဲမှ ကျေနပ်မိ၏။ လူသားတစ်ယောက်အနေဖြင့် ပေါင်းသင်းဆက်ဆံရသည်ထက် လူနာတစ်ဦးကဲ့သို့ သဘောထားကာ ကုသပေးရခြင်းက သူ့အတွက် ပို၍ စိတ်လက်ပေါ့ပါးပြီး အသားကျလှပေသည်။
လျူကျင်းက မျက်လုံးများကို မှိတ်လိုက်ရင်း ရှောင်ဟန်၏ ကျောပြင်ပေါ်သို့ လက်တစ်ဖက် အသာအယာ တင်လိုက်သည်။ ထိုသို့ တင်လိုက်သည်နှင့် ပထမဆုံး သတိပြုမိသည်မှာ ရှောင်ဟန်၏ ထွက်သက်ဝင်သက် ရှူရှိုက်သံများက စည်းချက်မမှန်ဘဲ ထစ်ငေါ့နေခြင်းပင် ဖြစ်သည်။ သာမန်လူဆိုလျှင်မူ ဤအခြေအနေကို စိုးရိမ်ထိတ်လန့်နေ၍ဟုသာ ကောက်ချက်ချမိကြပေလိမ့်မည်။ သို့သော် ဆေးပညာကျင့်ကြံသူ လျူကျင်းကမူ ထိုထက်မက ပို၍ သိမြင်နားလည်သည်။ လျူကျင်းက စိတ်အာရုံကို စူးစိုက်လိုက်ပြီး သူ၏ နုပျိုသော ချီစွမ်းအင် လှိုင်းခပ်ပျော့ပျော့တစ်ခုကို ရှောင်ဟန်၏ ခန္ဓာကိုယ်အတွင်းသို့ စမ်းသပ်သည့်အနေဖြင့် စီးဆင်းစေလိုက်၏။
"အား... ညီနောင် လျူ..."
"တိတ်တိတ်နေစမ်း..." လျူကျင်းက ပြတ်သားစွာ ဟန့်လိုက်၏။ အခန်းတစ်ခုလုံး တိတ်ဆိတ်လွန်းနေသဖြင့် လျူကျင်း၏ စကား မှာ အကျယ်ကြီးထွက်ပေါ်လာသည်။ လျူကျင်းက မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး သူ့ချီစွမ်းအင်များ ရှောင်ဟန်၏ ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ် စီးဆင်းနေပုံကိုသာ အာရုံစိုက်ထားလိုက်တော့၏။ ၎င်းမှာ ဆရာကြီး ကျန်းထံမှ သင်ယူခဲ့ရသည့် လျှို့ဝှက်ဆေးပညာ ချီစွမ်းအင် အာရုံခံအတတ်တစ်ခုပင် ဖြစ်သည်။ တကယ်၍ ရှောင်ဟန်သာ ကျင့်ကြံခြင်းအဆင့် ပိုမြင့်နေပါက ဤအတတ်သည် ဤမျှ ထိရောက်လိမ့်မည် မဟုတ်ပေ။ သို့သော် အခြေခံအုတ်မြစ်အဆင့် ပဉ္စမအဆင့်မျှသာ ရှိသောကြောင့် ရှောင်ဟန်၏ ခန္ဓာကိုယ်မှ ပြန်လည်တွန်းလှန်နိုင်သည့် ခုခံမှုစွမ်းအားမှာ အလွန်တရာ အားနည်းလှပေသည်။ လျူကျင်း၏ ချီစွမ်းအင်များသည် ရှောင်ဟန်၏ ခန္ဓာကိုယ်ကို ဘေးဥပဒ်တစ်စုံတစ်ရာ မဖြစ်စေဘဲ စီးဆင်းသွားပြီး သူ၏ စွမ်းအင်ကြောများ ၊ ကြွက်သားများနှင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း အားလုံး၏ အခြေအနေကို ကွင်းကွင်းကွက်ကွက် မြင်သာအောင် ဖော်ပြပေးလိုက်တော့၏။
ထိုသို့ စစ်ဆေးပြီးသည်နှင့်တစ်ပြိုင်နက် ရှောင်ဟန်၏ ခန္ဓာကိုယ်တွင် မည်သည့်နေရာ၌ ချို့ယွင်းချက် ရှိနေသည်ကို လျူကျင်း ချက်ချင်းပင် ထိုးထွင်းသိမြင်သွားခဲ့သည်။
"ဒါကြောင့်ကိုး..." လျူကျင်းက ရေရွတ်လိုက်ရင်း ကျောဘက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။
"မင်း ပြဿနာက မင်းအဆုတ်ထဲမှာ ရှိနေတာပဲ..."
"ဗျာ... ညီနောင်လျူ..."
"အခု ထိုင်လို့ရပြီ..." လျူကျင်းက ထိုသို့ပြောရင်း အခန်းတွင်း၌ ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းနေမိသည်။ သူ၏ မျက်ဝန်းများကို ဖွင့်ထားသော်လည်း အကြည့်တို့ကမူ အတွေးကမ္ဘာဆီသို့ စူးစိုက်နေ၏။ သူ ဖတ်ရှုဖူးသမျှသော ဆေးကျမ်းအမြောက်အမြားနှင့် ဆရာကြီး ကျန်း ၊ ထို့ပြင် သူ၏ဖခင်ထံမှ သင်ယူခဲ့ရသော ဆေးပညာသင်ခန်းစာများကို ခေါင်းထဲ၌ ပြန်လည်ပုံဖော်နေခြင်း ဖြစ်ပေသည်။
"မင်းက မွေးရာပါ အဆုတ်ထဲမှာ စွမ်းအင်လမ်းကြောင်း ပိတ်ဆို့မှုတစ်ခု ရှိနေတာပဲ... ဒါပေမဲ့ အဲဒီချို့ယွင်းချက်က ချက်ချင်းကြီး သိသာထင်ရှားနေတဲ့ အမျိုးအစားတော့ မဟုတ်ဘူး။ ပိုပြီး တိတိကျကျ ပြောရရင် မင်းရဲ့ အဆုတ်ဖွဲ့စည်းပုံ ချို့ယွင်းချက်က မင်းရဲ့ ထွက်သက်ဝင်သက် ရှူရှိုက်မှုကို သာမန်နဲ့မတူအောင် လွဲချော်စေတယ်။ အဲဒီလွဲချော်မှုကြောင့်ပဲ မင်း ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းတဲ့အခါ ခန္ဓာကိုယ်အတွင်း ချီစွမ်းအင် တွေ လှည့်ပတ်စီးဆင်းမှုကို ကြီးကြီးမားမား အဟန့်အတား ဖြစ်စေတာပဲ။ အချို့သော ကျင့်ကြံသူတွေဆိုရင် အားထုတ်မှု နှစ်ဆလုပ်မှ ရလဒ်တစ်ဝက်ပဲ ရတတ်ကြတယ်... မင်းရဲ့ အခြေအနေမှာတော့ အားထုတ်မှု ဆယ်ဆလောက် လုပ်မှ ရလဒ် တစ်ပုံပဲ ရနိုင်မယ့် အနေအထားမျိုးပဲ..."
လျူကျင်းသည် သူ့ဆေးပညာဆိုင်ရာ ကောက်ချက်အပေါ် ကျေနပ်သွားသဖြင့် သူ အခန်းထဲလျှောက် နေရာမှ ရပ်တန့်လိုက်ရင်း သူ့ ဘာသာအတွေးပေါက်ပြီး ခေါင်းညိတ်လိုက်၏။
"ဒါ... ဒါကြောင့်ကိုး..." ဟု ရှောင်ဟန်က ရေရွတ်ရှာသည်။ သူ၏ မျက်နှာထက်တွင် နက်ရှိုင်းသော ဝမ်းနည်းရိပ်များ အထိုင်းအမှိုင်း လွှမ်းမိုးသွားပြီး အကြည့်တို့ကို အောက်သို့သာ ချလိုက်တော့၏။
"ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ အတိအကျ ဘာဖြစ်နေတာလဲဆိုတာ အမြဲတမ်း သိချင်ခဲ့တာ... ကျွန်.. ကျွန်တော် ထင်ခဲ့တာက ဘာဖြစ်နေမှန်း သိရင် ပြင်ဆင်လို့ ရလိမ့်မယ်ပေါ့... အခုတော့ တကယ်ပဲ သိလိုက်ရပြီပဲ... ဆယ်ဆ ကြိုးစားမှ တစ်ပုံပဲ ရတာပေါ့ ဟုတ်လား... ဒါဆိုရင်လည်း ကျွန်တော် ဒီကံကြမ္မာနဲ့ပဲ ကျင့်သားရအောင် နေထိုင်သွားရတော့မှာပေါ့..."
"မလိုပါဘူး... မင်း အဲဒီလို ကံကြမ္မာမျိုးနဲ့ နေထိုင်သွားဖို့ မလိုပါဘူး..."
"ဗျာ..."
"မင်း ရောဂါအခြေအနေကို ကုသလို့မရဘူးလို့ ငါ တစ်ခွန်းမှ မပြောခဲ့ပါဘူး..." ဟု လျူကျင်းက ရင်ဘတ်ပေါ် လက်ပိုက်လိုက်ရင်း ရှောင်ဟန်ကို ကြည့်ကာ ဆိုလိုက်၏။
"ဒါက ကြီးကြီးမားမား ပြဿနာမျိုးတောင် မဟုတ်ပါဘူး..."
အနည်းဆုံးတော့ အဖိုးအိုကျန်း သူ့ကို သွန်သင်ပြသခဲ့ဖူးသည့် ခက်ခဲနက်နဲလှသော ကုထုံးများနှင့် နှိုင်းယှဉ်လျှင်မူ ဤအရာက အသေးအဖွဲမျှသာ ဖြစ်ပေသည်။
လျူကျင်း၏ စကားကို ကြားလိုက်ရသည်နှင့် ရှောင်ဟန်၏ မျက်နှာအမူအရာမှာ ရုတ်ချည်းပင် ပြောင်းလဲသွားတော့သည်။ တစ်ခဏမျှမူ မျှော်လင့်ချက်ရောင်ခြည်တို့က သူ၏မျက်နှာထက်တွင် အတိုင်းသား လွှမ်းမိုးသွားသော်လည်း၊ ထို့နောက်တွင်မူ စိုးရိမ်ပူပန်စိတ်တို့က ထိုမျှော်လင့်ချက်ကို ပြန်လည်ဖိနှိပ်ရန် အပြင်းအထန် ကြိုးစားလာပြန်သည်။ ခံစားချက်နှစ်ခုမှာ သူ၏မျက်နှာထက်တွင် စစ်ခင်းနေကြသယောင် ရှိသည်။
၎င်းမှာ မျှော်လင့်ချက်အလင်းရောင်ကို မြင်တွေ့လိုက်ရသော်လည်း အမှန်တကယ် မယုံကြည်ရဲသေးသည့် လူတစ်ယောက်၏ မျက်နှာမျိုးပင် ဖြစ်ပေသည်။ သူသည် နောက်ထပ်တစ်ကြိမ် စိတ်ပျက်အားငယ်ရမည့် ဒဏ်ကို မခံစားချင်တော့ပေ။ အမြင့်သို့ မြှောက်တင်ခံရပြီးမှ ယခင်ကထက် ပို၍ ပြင်းထန်စွာ မြေခရမည့် အခြေအနေမျိုးကို သူ အကြောက်လွန်နေမိသည်။
သို့သော် ထိုသို့ဖြစ်နေခြင်းက လျူကျင်းအတွက်တော့ ဘာမှပြဿနာမရှိပေ။
"ဒါ... ဒါက... တကယ်ပဲ အတည်ပြောနေတာလား ညီနောင် လျူ ... ကျွန်တော့်ရဲ့ ဒီရောဂါအမြစ်ကို တကယ်ပဲ ကုသပေးနိုင်တာလား ခင်ဗျာ..."
လျူကျင်းအနေဖြင့်မူ လူနာတစ်ဦးအား မရေရာသော မျှော်လင့်ချက်အတုများ ပေးရန် မည်သည့်အခါမျှ ရည်ရွယ်ချက်မရှိပေ။
"သေချာတာပေါ့ ... မင်းတို့ ဆေးဘက်ဝင် ပစ္စည်းတွေနဲ့ ဆေးဖက်ဝင် အပင်တွေ သိုလှောင်ထားတဲ့နေရာကိုသာ ငါ့ကို အခုချက်ချင်း ခေါ်သွားပေးတော့..."
"ညီနောင်လျူ... တကယ်ပဲ ကုပေးနိုင်တာ သေချာရဲ့လား ခင်ဗျာ... တကယ်လား..."
"သေချာပါတယ်ဆို..." ဟု လျူကျင်းက အကြိမ်တစ်ရာမက ရှိနေပြီဖြစ်သော အဖြေကို ထပ်မံဖြေကြားလိုက်၏။
ရှောင်ဟန်တစ်ယောက် ဤမျှလောက်အထိ မျှော်လင့်ချက်ကြီးစွာဖြင့် စိတ်အားထက်သန်နေခြင်းကို သူ အပြစ်မဆိုလိုသော်လည်း တစ်မိနစ်လောက်ဖြစ်ဖြစ် နှုတ်ဆိတ်ပေးစေချင်မိသည်မှာ အမှန်ပင် ဖြစ်သည်။ ဤနေရာတွင် သိုလှောင်ထားသမျှသော ဆေးဝါးများနှင့် ဆေးဖက်ဝင်အပင်များကို တစ်ခုချင်းစီ လိုက်လံစစ်ဆေးရသည်မှာ အချိန်အတော်လေး ကုန်လှပေသည်။
လက်ရှိတွင် သူတို့နှစ်ဦးမှာ ဂိုဏ်းခွဲ၏ ဆေးပစ္စည်းသိုလှောင်ခန်း အတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ဤနေရာကား နှစ်ပေါင်းများစွာအတွင်း စုဆောင်းထားသမျှသော ထူးခြားဆန်းပြားသည့် ဆေးလုံး များနှင့် ကာလကြာရှည် အားဖြည့်ဆေးပင်များကို စနစ်တကျ သိမ်းဆည်းထားရာ အရပ်ပင် ဖြစ်၏။ သဘာဝကျစွာပင် သိုလှောင်ခန်းတံခါးဝ၌ အစောင့်အကြပ်များ ထားရှိသော်လည်း၊ ၎င်းတို့သည် လျူကျင်းကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် လမ်းဖယ်ပေးခဲ့ကြသဖြင့် သူတို့နှစ်ဦး အလွယ်တကူပင် အတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
"ညီနောင်လျူ ... အရှေ့ဘက် ဆိပ်ကမ်းမြို့တော် မှာ ရနိုင်တဲ့ ဆေးပစ္စည်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ ကျွန်တော်တို့ ဂိုဏ်းခွဲရဲ့ သိုလှောင်ခန်းက အများကြီး နိမ့်ကျနေမှာ သေချာပါတယ်... ဒါကြောင့်-"
"ရပါတယ်... ဘာမှမဖြစ်ဘူး..." လျူကျင်းက စကားဖြတ်ပြောလိုက်၏။ ရှောင်ဟန်စကားကို ကြားပြီး မျက်လုံးအထက်သို့ ပင့်ကြည့်ကာ စိတ်ပျက်မိကြောင်း မပြသမိခြင်းမှာ သူ၏ မျက်ဝန်းအစုံက ဆေးဖက်ဝင်အပင်များကို တစ်ခုချင်းစီ အာရုံစိုက် စစ်ဆေးခွဲခြားနေရသဖြင့် အလုပ်ရှုပ်နေသောကြောင့်သာ ဖြစ်ပေသည်။
လဆန်း မြို့ငယ် ဂိုဏ်းခွဲ၏ ဆေးပစ္စည်း သိုလှောင်မှုမှာ အတော်အတန် စုံလင်သည်ဟု ဆိုရမည်။ လျူကျင်း၏ ဆေးခန်းတွင် ရှိနေသည့် ပစ္စည်းများနှင့် နှိုင်းယှဉ်လျှင်မူ သိပ်မစုံဟု ဆိုနိုင်သော်လည်း ဤအရပ်မှ လူများသည် အဆိပ်စွယ်ချိုင့်ဝှမ်း ကဲ့သို့သော နေရာမျိုးသို့ သွားရောက်ရှာဖွေနိုင်ခွင့် မရှိကြချေ။ ထိုအချက်ကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုလျှင်မူ ဤနေရာတွင် သိုလှောင်ထားသော ပစ္စည်းအမျိုးအမည် စုံလင်မှုကပင် ဤဂိုဏ်းခွဲ၏ စည်းစိမ်ဥစ္စာ ဓနအင်အား မည်မျှကြီးမားကြောင်းကို ကောင်းစွာ သက်သေပြနေပေတော့သည်။
ကြယ်လေးပွင့် မဟူရာပန်း ။
သွေးမှို ။
အဆိပ်ဝံပုလွေ စွယ်။
"လိုတာတွေ စုံပြီ..." လျူကျင်းက လိုအပ်သည့် ဆေးဖက်ဝင်ပစ္စည်းများကို ကောက်ယူရင်း ဆိုလိုက်၏။
"တကယ်ပဲ စုံပြီလား ခင်ဗျာ..." ရှောင်ဟန်က ဘေးမှနေ၍ ရင်တမမဖြင့် မေးရှာသည်။ သူ၏ မျက်ဝန်းများထဲတွင် အတိုင်းထက်အလွန် တောက်ပနေသော မျှော်လင့်ချက်ရောင်ခြည်တို့က ဘေးမှကြည့်နေသူကိုပင် စိတ်မကောင်းဖြစ်စေရလောက်သည်အထိပင် ဖြစ်သည်။
"ဒါဆိုရင်... ကျွန်တော်ကို... ညီနောင်လျူက ကုပေးတော့မှာလား ခင်ဗျာ..."
"ငါ့အခန်းထဲမှာ ဆေးဖော်ရဦးမယ် ..." လျူကျင်းက ပြတ်သားစွာ ဆိုလိုက်၏။
"မင်း လိုက်ချင်ရင် လိုက်ခဲ့လို့ရတယ်... ဒါပေမဲ့ တစ်ခုတော့ ကတိပေးရမယ်... လမ်းတစ်လျှောက်လုံး တိတ်တိတ်ဆိတ်ဆိတ် နေရမယ်..."
"စိတ်ချပါ ညီနောင်လျူ... သေချာပေါက် တိတ်တိတ်နေပါ့မယ် ခင်ဗျာ..."
သူတို့နှစ်ဦး ဆေးပစ္စည်းသိုလှောင်ခန်းထဲမှ အပြင်သို့ လှမ်းထွက်လိုက်ချိန်တွင် ဂိုဏ်းခွဲချုပ်အိမ်တော်အတွင်း၌ အိမ်စေများနှင့် အစေခံအမြောက်အမြားမှာ ပျာပျာသလဲဖြင့် ဟိုဟိုဒီဒီ ကပျာကယာ သွားလာလှုပ်ရှားနေကြသည်ကို လျူကျင်း ရုတ်တရက် သတိပြုမိလိုက်၏။
"ဒီနေ့ အိမ်တော်ထဲမှာ ထူးထူးခြားခြား ဖြစ်စရာ ကိစ္စတစ်ခုခု ရှိလို့လား..." ဟု သူက လှမ်းမေးလိုက်သည်။
"ကျွန်တော် သိသလောက်တော့ ဘာမှမရှိပါဘူး... ဒါပေမဲ့..." ရှောင်ဟန်က စကားစကို ခဏဖြတ်လိုက်ပြီးနောက် မျက်နှာတွင် တစ်စုံတစ်ခုကို ရိပ်မိသွားသည့်ဟန်ဖြင့်
"ဩော်... သိပြီ... သူ လာလည်တာ ဖြစ်ရမယ်..."
"ဘယ်သူလဲ..."
"အစ်ကိုနဲ့ စေ့စပ်ထားတဲ့ သတို့သမီးလောင်းပေါ့ ညီနောင် လျူရာ... နာမည်က ဟူမေလီ တဲ့... အခုလို အိမ်တော်တစ်ခုလုံး ပျာယာခတ်ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတယ်ဆိုရင်တော့ သေချာပေါက် သူ အိမ်တော်ကို ရောက်လာလို့ပဲ ဖြစ်ရမယ်..."