အခန်း ၂၄
Vol. 3 Ch. 24
အခန်း ၂၄ ။ ဟူမေလီ ဆိုတာဘယ်သူလဲ..။
"ဟူမေလီ...တဲ့လား"
လျူကျင်းက ခေါင်းကို အသာစောင်းလိုက်မိ၏။ 'ဟူ' ဆိုသည့် မျိုးရိုးအမည်ကိုမူ သူ ရင်းနှီးဖူးသော်လည်း ထိုထက်ပို၍ ဘာမျှမသိချေ။
"မင်းအစ်ကိုတော့်ရဲ့ စေ့စပ်ထားတဲ့ သတို့သမီးလောင်းပေါ့..." လျူကျင်းက မေးလိုက်ရာ ရှောင်ဟန်က ခေါင်းညိတ်ပြသည်။
"ထူးဆန်းတာပဲ... အိမ်စေတွေက သူ ဒီနေ့လာလည်မယ့်အကြောင်း ဘာမှမပြောကြဘူး... ဂိုဏ်းခွဲသခင်လေးရဲ့ အနာဂတ်ဇနီးလောင်း ရောက်လာတာကို ဒီထက်ပိုပြီး ခမ်းခမ်းနားနားဧည့်ခံပွဲမျိုး လုပ်လိမ့်မယ်လို့ ငါ ထင်ထားတာ..."
"အာ... အဲလိုမျိုး မဟုတ်ပါဘူး ညီနောင်လျူ..." ရှောင်ဟန်က ကပျာကယာပင် ရှင်းပြလာသည်။
"ဒါက တရားဝင် လာရောက်လည်ပတ်တာမျိုး မဟုတ်ပါဘူး ညီနောင်လျူ... ဟူမေလီနဲ့ ကျွန်တော့်အစ်ကိုတော်က အစောကြီးကတည်းက ရင်းနှီးခဲ့ကြတာလေ။ ဒါကြောင့် သူတို့ စေ့စပ်မထားခင်ကတည်းက အခုလို ဝင်ထွက်သွားလာတာမျိုးက ပုံမှန်လို ဖြစ်နေပါပြီ။ ကျွန်တော့်အဖေကတော့ သူကိုယ်တိုင် စီစဉ်ပေးခဲ့တာလို့ ဂုဏ်ယူနေတတ်ပေမဲ့... ဒီလက်ထပ်ပွဲက အစ်ကိုတော်ကိုယ်တိုင်လည်း အမြဲတမ်း လိုလားခဲ့တဲ့အရာပါ..."
"အော်... အဲဒီလိုလား..."
လျူကျင်းက လေသံပြုလိုက်ပြီးနောက် သက်ပြင်းတစ်ချက် ဖွဖွချလိုက်မိ၏။
"ဒါပေမဲ့လည်း... တရားဝင် လာရောက်လည်ပတ်တာ မဟုတ်ဘူးဆိုရင်တောင်မှ၊ မင်းအစ်ကိုတော့်ရဲ့ သတို့သမီးလောင်းကို သွားပြီး နှုတ်မဆက်တာက ရိုင်းရာကျလိမ့်မယ် မဟုတ်လားကွ..."
လျူကျင်းအနေဖြင့် သူစိမ်းများနှင့်ပြောဆိုရမည်ကို စိတ်မပါသော်လည်း ဝတ္တရားအရ အလိုက်အထိုက်တော့ ပေါင်းတတ်သင်းတတ်လေသည်။ သို့ရာတွင် ဤအိမ်တော်အတွင်းမှလူများကိုတော့ တတ်နိူင်သ၍ ရှောင်လေ့ရှိသည်။ အကြောင်းမူ ဤနေရာရှိ လူတိုင်းက သူ့အပေါ် ဆက်ဆံနေကြသည့် မြင့်မားလှသော ရိုသေလေးစားမှုနှင့် အရှိန်အဝါ ကြီးလွန်းနေခြင်းကသာ သူ့ကို စိတ်မသက်မသာ ဖြစ်စေသောကြောင့် ဖြစ်သည်။
သို့သော် လျူကျင်းအနေဖြင့် ထိုအချက်ကို အကြာကြီး တွေးတောနေခွင့် မရလိုက်ချေ။ အကြောင်းမှာ သူ၏စကားကြောင့် ရှောင်ဟန် ပြသလိုက်သော တုံ့ပြန်မှုက လျစ်လျူရှုထား၍ မရလောက်အောင် ထင်ရှားလွန်းနေသောကြောင့် ဖြစ်၏။ စက္ကန့်ပိုင်းမျှအတွင်း ရှောင်ဟန်၏ မျက်နှာထက်တွင် ခံစားချက်မျိုးစုံ ကယောင်ကတမ်း ဖြတ်ပြေးသွားသည်။ တုံ့ဆိုင်းမှု၊ စိတ်မရှည်မှု၊ စိတ်ပျက်အားမလိုအားမရဖြစ်မှုနှင့် နောက်ဆုံးတွင်မူ... ကံကြမ္မာကို အရှုံးပေးလိုက်ရသည့် အမူအရာမျိုးပင်ဖြစ်သည်။
"ဟုတ်-ဟုတ်ကဲ့ပါ..." ဟု ရှောင်ဟန်က နောက်ဆုံးတွင်မူ အားကိုးရာမဲ့စွာဖြင့် လေသံတိုးတိုးဖြင့် ဆိုလာရှာသည်။
"အဲဒါဆိုလဲ ကျွန်တော် သွားနှုတ်ဆက်လိုက်ပါမယ်..."
လျူကျင်းက နောက်ထပ်တစ်ကြိမ် သက်ပြင်းဖွဖွချလိုက်မိပြန်သည်။ 'ငါကလည်း တကယ်ပဲ... ဘာလို့ ဒီလောက်တောင် အကင်းပါးရမှန်း မသိရတာလဲ' ဟု မိမိကိုယ်ကို ပြန်လည်တွေးတောမိ၏။
"စိတ်မပူပါနဲ့..." သူက ရှောင်ဟန်ကို စိတ်အေးစေရန် ပြောလိုက်သည်။
"မင်းကို ကုသပေးမယ်ဆိုတဲ့ ငါ့ ရည်ရွယ်ချက်က အခုထိ မပြောင်းလဲသေးပါဘူး..."
"အာ... မဟုတ်ပါဘူး ညီနောင်လျူ ရယ်... ကျွန်တော်က ညီနောင်လျူ ကို မ-မယုံကြည်လို့ မဟုတ်..."
"ရပါတယ်... ငါ နားလည်တယ်..."
လျူကျင်းက ပြာပြာသလဲ ငြင်းဆန်နေသော ရှောင်ဟန်၏ စကားကို ဖြတ်ပြောလိုက်၏။
"မင်းက မွေးရာပါ ဝေဒနာကို တစ်သက်လုံး အလူးအလဲ ခံစားလာခဲ့ရတာ... အခုမှ ငါက မင်းကို မျှော်လင့်ချက် ပေးလိုက်တာဆိုတော့ မင်းအနေနဲ့ နည်းနည်း စိတ်လောသွားတာက သဘာဝကျပါတယ်။ ဒါပေမဲ့ တကယ်လို့ ငါ မင်းကို အခုချက်ချင်း ကုသပေးနေမယ်ဆိုရင်... မင်းရဲ့ဖခင်က ငါတို့ ဘာဖြစ်လို့ မင်းအစ်ကိုတော့်ရဲ့ သတို့သမီးလောင်းကို ထွက်မကြိုတာလဲဆိုပြီး သေချာပေါက် သံသယဝင်လာလိမ့်မယ်။ ဒါကြောင့် ဆေးကို နောက်မှ ဖော်စပ်တာက ပိုကောင်းလိမ့်မယ်... မင်းအစ်ကိုတော့်ရဲ့ သတို့သမီးလောင်း ပြန်သွားတာနဲ့ မင်းကို ချက်ချင်း ကုသပေးမယ်... ဒါ ငါ့ရဲ့ ကတိပဲ..."
"တ..တကယ်လား ကျွန်တော်... တကယ်ပဲ ကျေးဇူးတင်ပါတယ် ညီနောင်လျူ..."
ဟု ရှောင်ဟန်က ဆိုကာ လျူကျင်းကို ရိုသေစွာဖြင့် ဦးညွှတ်လိုက်တော့သည်။
ထိုသို့ပြောပြီးနောက် ရှောင်ဟန်က သူ့ကို အဓိက အလယ်ဗဟို ဧည့်ရင်ပြင် ဆီသို့ ခေါ်ဆောင်သွားတော့သည်။ ရှောင်ဟန်၏ ခြေလှမ်းများမှာ မြန်ဆန်သော်လည်း စည်းချက်ညီအောင် ထိန်းထားသည်။ ရှောင်ဟန်အနေဖြင့် ဤ လောကဝတ်ကိစ္စများကို အမြန်ဆုံး ပြီးပြတ်သွားစေချင်သော်လည်း သူ့ကိုယ်သူ အတတ်နိုင်ဆုံး စိတ်အောင့်ထားရရှာကြောင်း လျူကျင်း ရိပ်မိလိုက်သည်။
လျူကျင်းအနေဖြင့် သူ့ကို အပြစ်မဆိုရက်ပေ။ အမှန်အတိုင်းပြောရလျှင် သူသည် ရှောင်ဟန်အပေါ် နက်နက်ရှိုင်းရှိုင်းပင် ကိုယ်ချင်းစာမိပါသည်။ အကယ်၍ သတ်မှတ်ထားသော သုံးနှစ်တာကာလ မပြည့်ခင် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အောက်လမ်းဝေဒနာကို ချက်ချင်းအမြစ်ပြတ်အောင် ကုသနိုင်မည့် နည်းလမ်းသာ ရှိခဲ့လျှင် လျူကျင်းကိုယ်တိုင်လည်း တုံ့ဆိုင်းမနေဘဲ ထိုနည်းလမ်းကို ချက်ချင်း လက်ခံမိမည်မှာ ဧကန်မလွဲပေ။
သူတို့နှစ်ဦး ရင်ပြင်သို့ ရောက်ရှိသွားချိန်တွင် အခြားသောသူများမှာ ထိုနေရာ၌ ရောက်ရှိနှင့်နေကြပြီ ဖြစ်သည်။ လျူကျင်းသည် ရှောင်နန် နှင့် ဂိုဏ်းခွဲချုပ်ရှောင်ဒင် တို့အပြင် အိမ်စေအချို့ကိုပါ လှမ်းမြင်လိုက်ရ၏။ ရှောင်ဒင်မှာမူ ဧည့်သည်တော်နှင့် မိတ်ဆက်ပေးရန်အတွက် အလုပ်ရှုပ်နေပုံရသည်။ ထိုနေရာတွင် ရှောင်ဒုန်း လည်း ရှိနေပြီး သူ၏ ဘေးနားတွင် မိန်းကလေးတစ်ဦး ရပ်နေသည်ကို တွေ့ရ၏။ ထိုမိန်းကလေးမှာ ရှောင်ဟန် ပြောပြခဲ့သည့် ဟူမေလီ ဖြစ်မည်ဟု လျူကျင်း ခန့်မှန်းလိုက်သည်။
သို့သော်... လျူကျင်းအနေဖြင့် သူမကို မြင်တွေ့လိုက်ရချိန်တွင် အထင်ကြီးလေးစားစိတ် တစ်စက်မျှ မရှိခဲ့ချေ။
သူ လဆန်း မြို့ငယ်သို့ ရောက်ရှိလာကတည်းက လူအများစုက ဟူမေလီ၏ အလှအပအကြောင်းကို တသသ ချီးမွမ်းပြောဆိုနေကြသည်ကို ကြားခဲ့ရဖူးသည်။ ထို့ကြောင့် လျူကျင်းအနေဖြင့် တစ်ချက်ကြည့်ရုံမျှဖြင့် အမျိုးသားတို့၏ နှလုံးသားကို ဖမ်းစားနိုင်လောက်မည့် စွဲမက်ဖွယ်ကောင်းသော မိန်းမလှတစ်ဦး ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်၏။
သို့သော် အရှိကိုအရှိအတိုင်း ပြောရလျှင် ဟူမေလီ၏ ရုပ်ရည်မှာ... သာမန်ရွက်ကြမ်းရေကျို မျှသာ ဖြစ်သည်ဟု သူကောက်ချက်ချလိုက်တော့သည်။ လျူကျင်းသည် မိန်းမပျိုလေးများကို သာယာမောဟစိတ်ဖြင့် ကြည့်တတ်သည့် အသက်အရွယ်အပိုင်းအခြားသို့ မရောက်သေးသော်လည်း မိမိ၏ အမြင်နှင့် ဆုံးဖြတ်ချက်အပေါ်တွင်မူ အပြည့်အဝ ယုံကြည်ချက် ရှိလှပေသည်။
ဟူမေလီ၏ ရုပ်ရည်မှာ အမှန်တကယ်ပင် သာမန်မျှသာ ဖြစ်ပေသည်။
သူမ၏ အသားအရေမှာ ကျန်းမာစိုပြည်သည့် အသွင်ရှိသော်လည်း ထိုမျှထက် မပိုချေ။ ရုပ်ရည်အဆင်းကလည်း အသင့်အတင့်ရှိရုံမျှသာ ဖြစ်ပြီး ထူးခြားမှု မရှိလှပေ။ ထို့ပြင် သူမ၏ မျက်ဝန်းအစုံမှာ တစ်ခုနှင့်တစ်ခု အနည်းငယ် ကွာဟလွန်းနေသေးသည်။ ကိုယ်လုံးကိုယ်ပေါက်နှင့် ပတ်သက်၍မူ... လျူကျင်းအနေဖြင့် ရှောင်ဂိုဏ်း မှ ဂိုဏ်းသားအကိုကြီးများ ကွယ်ရာတွင် မို့မောက်နေသော တောင် တန်း ၊တောင်ကုန်း အစရှိသဖြင့် ကဗျာဆန်ဆန် တင်စားပြောဆိုတတ်ကြသည်ကို မကြာခဏ ကြားဖူးခဲ့သော်လည်း ဟူမေလီ၏ ရင်ဘတ်ပေါ်တွင်မူ တောင်ကုန်းနှင့် တူသည့်အရာ တစ်ခုမျှ မရှိချေ။ ပို၍ တိတိကျကျ ပြောရလျှင် ထိုနေရာကား လှမ်းမျှော်ကြည့်ရသည့် မြေပြင် ကန္တာရလွင်ပြင် အလားပင် ပြားချပ်လှပေသည်။
အကယ်၍ အရှေ့ဘက် ဆိပ်ကမ်းမြို့တော် တွင် သူ မြင်တွေ့ဖူးခဲ့သည့် မိန်းမပျိုများနှင့် နှိုင်းယှဉ်မည်ဆိုပါက ဟူမေလီမှာ အဘက်ဘက်မှ နိမ့်ကျလွန်းနေသည်မှာ အမှန်ပင်ဖြစ်သည်။
'ဒါပေမဲ့လည်း... အဲဒါက အရှေ့ဘက် ဆိပ်ကမ်းမြို့တော်မှာမို့လို့ပါလေ...' ဟု လျူကျင်း ပြန်လည်တွေးတောမိလိုက်သည်။ အကယ်၍ ဤလဆန်း မြို့ငယ် အတွင်း၌သာ သူ မြင်တွေ့ဖူးသမျှသော အမျိုးသမီးချင်း နှိုင်းယှဉ်မည်ဆိုလျှင်မူ ဟူမေလီအား ပြိုင်ဘက်ကင်း မိန်းမလှတစ်ဦးအဖြစ် သတ်မှတ်ချင်က သတ်မှတ်နိုင်ပေလိမ့်မည်။
ဤသည်ကတော့... ဖြစ်နိုင်ချေ ရှိပါသည်။
ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။
"အာ... လျူကျင်းလေး ရောက်လာပြီကိုး..." ဂိုဏ်းခွဲ ချုပ် ရှောင်ဒင် က လျူကျင်းကို လှမ်းမြင်လိုက်ရသည်နှင့် ချက်ချင်းပင် လက်ပြကာ လှမ်းခေါ်လိုက်၏။
"အတော်ပဲ... မင်းဆီကို အိမ်စေတစ်ယောက် လွှတ်ပြီး အခေါ်လွှတ်ခိုင်းမလို့ ကွက်တိပဲ... ကျုပ်ရဲ့အနာဂတ် ချွေးမလောင်းလေးနဲ့ မင်းကို မိတ်ဆက်ပေးရမှာ အရမ်း ဝမ်းမြောက်စရာပဲကွယ်... ဒါနဲ့... ချွေးမလောင်းလေးအပေါ် မြင်မြင်ချင်း အချစ်စိတ်တွေ ဝင်မသွားစေနဲ့ဦးနော်... ဟားဟား..."
ဂိုဏ်းခွဲချုပ် ရှောင်ဒင်က သူ၏ ပေါ့ပျက်ပျက် ပြက်လုံးကို သဘောကျကာ ကိုယ်တိုင်ပင် ဟက်ဟက်ပက်ပက် ရယ်မောနေမိသည်။ လျူကျင်းအတွက်မူ ဤလူကြီးတစ်ယောက် ၎င်း၏ သားငယ်လေး ရှောင်ဟန် တစ်ကိုယ်လုံး ရှိနေသည်ကို အရေးမလုပ်ဘဲ မျက်ကွယ်ပြုထားနိုင်သည့်အပေါ်တွင်သာ ပို၍ အံ့ဩမိတော့၏။
" တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ..." လျူကျင်းက ဟူမေလီအား ခေါင်းကို အသာအယာ ညိတ်ပြရင်း ယဉ်ကျေးစွာ ဆိုလိုက်သည်။
"အို... မဟုတ်တာ... မဟုတ်တာရှင်..." ဟု ဟူမေလီက ကပျာကယာ ဆိုလာရင်း လျူကျင်းထက်ပင် ပို၍ နိမ့်ဆင်းအောင် ဦးညွှတ်လိုက်ရှာ၏။
"ဘယ်လိုလုပ် အဲဒီလို ဖြစ်ရမှာလဲရှင်... ကျွန်မရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ ပင်မဂိုဏ်းချုပ်ကြီး ဆီက လူတစ်ဦးနဲ့ အခုလို ဆုံတွေ့ခွင့်ရတာဟာ... ကျွန်မအတွက် အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူစရာပါရှင်..."
သူမ၏ လေသံမှာ အလွန်တရာ ယဉ်ကျေးလွန်းလှပြီး မျက်နှာထက်မှ အပြုံးမှာလည်း အနုစိတ် ဖန်တီးယူထားကာ အကြိမ်ကြိမ် လေ့ကျင့်ထားသည့် ဟန်ပန်မျိုး ပေါက်နေသည်။ အထူးသဖြင့် ဂျောက်ဂျက်ကျပြီး စိတ်အနှောင့်အယှက် ပေးတတ်သော လူနာများကို ဆက်ဆံရန်အတွက် ကိုယ်တိုင်လည်း ထိုကဲ့သို့ အပြုံးမျိုးကို မကြာခဏ လုပ်ယူလေ့ကျင့်ခဲ့ရဖူးသည့် သမားတော် လျူကျင်းအတွက်မူ သူမ၏ မျက်နှာဖုံးကို အလွယ်တကူပင် အကဲခတ်မိလိုက်ခြင်း ဖြစ်ပေသည်။
"ကဲ... ကဲ... အခုဆို လူလည်း စုံသွားပြီပဲ... အပြင်မှာ ဒီအတိုင်း မတ်တတ်ရပ်နေကြဖို့ မလိုတော့ဘူး..." ဟု ဂိုဏ်းခွဲချုပ် ရှောင်ဒင်က ဝင်ပြောလာသည်။
"အတွင်းကို ကြွကြပါဦး... နေလည်း မွန်းတည့်တော့မယ်ဆိုတော့ နေ့လယ်စာ စားချိန်နီးပြီပဲ... အိမ်စေတွေကို တစ်ခုခု ပြင်ဆင်ချက်ပြုတ်ခိုင်းလိုက်မယ်..."
ထိုစကားကြောင့် လျူကျင်းက မျက်ခုံးတစ်ဖက်ကို အသာပင့်လိုက်မိ၏။
နေ့လယ်စာ စားချိန် ဟုတ်လား...။
တကယ်ပင်... နေမင်းက ကောင်းကင်အလယ်တည့်တည့်သို့ မြင့်တက်နေပြီ ဖြစ်သည်။ ထိုမြင်ကွင်းကြောင့် လျူကျင်း အနည်းငယ် ဝေခွဲမရ ဖြစ်သွားမိ၏။ သူသည် နံနက်အစောကြီးကတည်းက နိုးထခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဆေးပစ္စည်းသိုလှောင်ခန်းအတွင်း ဆေးပင်များကို လိုက်လံစစ်ဆေးရင်း သူ ထင်ထားသည်ထက် အချိန်ပို၍ ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း ထိုနေရာတွင် ရှိနေစဉ်တစ်လျှောက်လုံး ရှောင်ဟန်တစ်ယောက် အဘယ်ကြောင့် ဤမျှလောက်အထိ စိတ်မရှည်ဖြစ်ကာ ပျာယာခတ်နေခဲ့သည်ကို အခုမှ နားလည်သွားတော့သည်။ ရှောင်ဟန်ခမျာ ထို နေရာတွင် နာရီပေါင်းများစွာကြာအောင် မတ်တတ်ရပ် စောင့်ဆိုင်းနေခဲ့ရရှာသည် မဟုတ်ပါလား။
ဂိုဏ်းခွဲချုပ် ရှောင်ဒင်က သူတို့ကို အိမ်တော်အတွင်းသို့ ဦးဆောင်ခေါ်သွားချိန်တွင် လျူကျင်းက ရှောင်ဟန်ဘက်သို့ အားနာစိတ်ဖြင့် လှမ်းကြည့်လိုက်မိသော်လည်း ရှောင်ဟန် ကမူ ခေါင်းငုံ့ထားဆဲဖြစ်သည် ။ သူက မည်သူ့ကိုမျှ မကြည့်သကဲ့သို့ မည်သူကမျှလည်း သူ့ကို လှည့်၍ မကြည့်ကြချေ။
သူ့ဖခင်ကလည်း မကြည့်။ သူ့အစ်ကိုတော်ကလည်း မကြည့်။ ဟူမေလီကလည်း လှည့်မကြည့်သလို အိမ်စေများကပင် သူ့ကို မျက်ကွယ်ပြုထားကြသည်။ ထိုစဉ် ရှောင်နန် တစ်ယောက်သာ ရှောင်ဟန်ထံသို့ စက္ကန့်ပိုင်းမျှ လှမ်းကြည့်လိုက်ပြီးနောက်၊ လျူကျင်းဘက်သို့ အကြည့်လွှဲကာ သဘောကျနှစ်ခြိုက်သည့်ဟန်ဖြင့် ခေါင်းကို ဆိတ်ဆိတ်ညိတ်ပြလိုက်၏။
"ကျုပ်လည်း တစ်ခုတော့ ပြောရဦးမယ်..."
လူတိုင်း နေရာတကျ ထိုင်မိပြီး အခြေအနေ အနည်းငယ် သက်တောင့်သက်သာ ရှိသွားချိန်တွင် ရှောင်နန်က စကားစလိုက်သည်။
"ကျုပ် ရှောင်ဒုန်းရဲ့ဇနီးလောင်း ကို တော်တော်တွေ့ဖူးချင် နေတာဗျ..."
ရှောင်နန်အနေဖြင့် စကားအနည်းငယ်မျှဖြင့်တင် ထိုနေရာတွင် ရှိနေသော လူတိုင်းကို မလှုပ်မယှက် ဆွံ့အ တောင့်တင်းသွားအောင် ပြုလုပ်နိုင်သည့် စွမ်းပကားအပေါ် လျူကျင်း အမြဲတမ်း အံ့ဩမိရဆဲပင်။ သူ၏ ဤအစ်ကိုကြီး ရှောင်နန် ကမူ မိမိ၏ စကားကြောင့် တစ်ဖက်လူများ မည်မျှအထိ စိတ်မသက်မသာ ဖြစ်သွားသည်ကို မသိလေဟန်ဖြင့် သဘာဝကျကျပင် ပြုံးနေမိသည်။ သို့သော် လျူကျင်းကမူ ထိုထက်မက ပို၍ သိမြင်နားလည်ထား၏။
ယခုအချိန်အထိ ဟူမေလီတစ်ယောက်တည်းကိုသာ စူးစိုက်ကြည့်နေခဲ့သော ရှောင်ဒုန်းသည် ရှောင်နန်၏ စကားကို ကြားလိုက်ရချိန်တွင် ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းသွားပြီး ဖြည်းဖြည်းချင်း လှည့်ကာ ရှောင်နန်ကို လှမ်းကြည့်လိုက်တော့သည်။ သူ၏ မျက်နှာထက်တွင် သတိကြီးစွာ ထားနေသည့် အရိပ်အယောင်များ လွှမ်းမိုးသွားပြီး နဖူးမှ ချွေးစေးတစ်ပွင့်ပင် ပျပျထွက်လာ၏။ သို့သော်လည်း ထိုနေရာတွင် ပထမဆုံး စတင်၍ စကားပြောလာသူမှာမူ သူ မဟုတ်ခဲ့ချေ။
"အာ... ဟုတ်လား သခင်လေးရဲ့......" ဂိုဏ်းခွဲချုပ် ရှောင်ဒင်က ကြားဖြတ်၍ သံယောင်လိုက် ပြောလိုက်၏။ ဖခင်ဖြစ်သူမှာမူ ၎င်း၏သားဖြစ်သူထက်စာလျှင် ရုတ်တရက် ကျရောက်လာသော စွမ်းအားကြီးမားသည့် ဖိအားကို အများကြီး ပို၍ တည်ငြိမ်ရင့်ကျက်စွာ တောင့်ခံထားနိုင်ပေသည်။ သို့သော် လျူကျင်းအနေဖြင့် သူ၏ တည်ငြိမ်လှသော အပြုံးနောက်ကွယ်တွင် ကွယ်ဝှက်နေသည့် စိုးရိမ်ထိတ်လန့်မှု မြင်လိုက်သည်။ ထိုအချက်ကို မြင်ရန်မူ သူ မနည်းပင် အကဲခတ်ကြည့်လိုက်ရ၏။
"အော် ... ဘာရယ်တော့မဟုတ်ပါဘူး... ဒါပေမဲ့ အရင်ရက်ပိုင်းက အရမ်း စိတ်ဝင်စားဖို့ကောင်းတဲ့ ကောလာဟလတစ်ခုကို ကျုပ်ကြားလိုက်မိလို့ပါ..."
ရှောင်နန်က ခပ်ဖွဖွ ရယ်မောရင်း ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရုံမျှဖြင့် ဤကိစ္စ မည်သည့်ဘက်သို့ ဦးတည်သွားတော့မည်ကို လျူကျင်း ချက်ချင်းပင် ရိပ်မိလိုက်တော့သည်။ အမှန်ပင်... ရှောင်နန်၏ ထက်မြက်လှသော အကြည့်တို့က ဟူမေလီထံသို့ လှည့်သွားခဲ့ပြီ ဖြစ်၏။
"ကျုပ် ကြားမိတာကတော့... အရင် ရက်ပိုင်းအထိ မိန်းကလေးက ကျုပ်တို့ရဲ့ သခင်လေး ရှောင်ဒုန်းနဲ့ လက်ထပ်ရမှာ မဟုတ်ဘဲ... လွန်မျိုးနွယ်စုရဲ့ အမွေခံသခင်လေးနဲ့ လက်ထပ်ဖို့ သတ်မှတ်ထားတာလို့ ကြားခဲ့ရတယ်..ဟုတ်လားဗျ..."
ဟူမေလီ၏ ခံနိုင်ရည်ကိုမူ အသိအမှတ်ပြုရပေမည်။ သူမသည် ရှောင်နန်၏ စူးစိုက်သော အကြည့်ဒဏ်ကို ရှောင်ဒုန်း ခံနိုင်ခဲ့သည်ထက် ပို၍ ရင့်ကျက်တည်ငြိမ်စွာ ရင်ဆိုင်နေမိသည်။ သို့သော်လည်း သူမအနေဖြင့် ရှောင်နန်၏ မျက်ဝန်းများကိုမူ တည့်တည့်မတ်မတ် ပြန်၍ မကြည့်ရဲရှာပေ။
တစ်ခဏမျှ အခန်းတွင်း၌ အသက်ရှူရပင် ကျပ်တည်းလောက်မည့် တင်းမာလှသော တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားတော့သည်။ ရှောင်ဒုန်းမှာမူ မိမိကိုယ်ကို မည်သို့ ပြုမူရမည်မှန်း မသိတော့ဘဲ ပျာယာခတ်နေသည့် မျက်ဝန်းအစုံက ရှောင်နန်နှင့် ဟူမေလီတို့ နှစ်ဦး သို့ တလှည့်စီ ကြည့်နေမိသည်။
ရှောင်ဟန်ကမူ မြေပြင်ပေါ်သို့သာ မျက်လုံးအစုံ စိုက်ချထားဆဲ ဖြစ်ပြီး၊ ၎င်း၏ ဘဝသက်တမ်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် မိမိကို မည်သူကမျှ အာရုံမစိုက်၊ လျစ်လျူရှုထားကြခြင်းအပေါ် လှိုက်လှိုက်လှဲလှဲပင် ကျေးဇူးတင်နေမိပုံရသည်။
ထိုအခြေအနေတွင် ဂိုဏ်းခွဲချုပ် ရှောင်ဒင်တစ်ယောက်သာ တည်ငြိမ်မှုကို အတတ်နိုင်ဆုံး ထိန်းထားနိုင်ဆဲ ဖြစ်သော်လည်း၊ သူ၏ မျက်နှာကြွက်သားများ တင်းမာတောင့်တင်းနေမှုကိုမူ အထင်အရှား မြင်တွေ့နေရပေတော့သည်။
နောက်ဆုံးတွင်မူ ဟူမေလီတစ်ယောက် တုန်ရီနေသောအသံကို မနည်းထိန်းရင်း စကားဆိုနိုင်သွားတော့သည်။
"ကျွန်မအနေနဲ့တော့... အခုလိုမျိုး ကောလာဟလတွေ ဘယ်ကနေ ဘယ်လို စတင်ထွက်ပေါ်လာသလဲဆိုတာ တကယ်ပဲ စဉ်းစားလို့ မရပါဘူးရှင်... လွန်ခိုင်နဲ့ ကျွန်မက ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ပတ်သက်မှုက ဟိုးအရင်ကတည်းက သာမန်သူငယ်ချင်း သံယောဇဉ်မျှသာ ဖြစ်ခဲ့တာပါ။ ကျွန်မအနေနဲ့ လွန်မျိုးနွယ်စုရဲ့ အမွေခံသခင်လေးအပေါ် အခြားစိတ်မျိုးဝင်အောင် ဘယ်တုန်းကမှ အခွင့်အရေး မပေးခဲ့ဖူးသလို... ကျွန်မရဲ့ လေးစားရတဲ့ ဖခင်ကြီးကလည်း သူတို့ဘက်နဲ့ လက်ထပ်ထိမ်းမြားဖို့ စီစဉ်ခဲ့တာမျိုး လုံးဝမရှိခဲ့ပါဘူး။ ကျွန်မရဲ့ နှလုံးသားကတော့... အမြဲတမ်း ရှောင်ဒုန်းတစ်ယောက်တည်းအတွက်ပဲ ရှိခဲ့တာပါ..."
သူမသည် စကားကို ခဏရပ်လိုက်ပြီး အသက်ကို ဝဝရှူလိုက်ရရှာ၏။ ရှောင်နန်၏ လွှမ်းမိုးချုပ်ကိုင်ထားသော အရှိန်အဝါအောက်တွင် ဤမျှလောက်အထိ တည်တည်ငြိမ်ငြိမ် စကားပြောဆိုနိုင်ခြင်းကပင် အတော်လေးကို ချီးကျူးရမည့်အချက် ဖြစ်ပေသည်။
"ကျွန်မ အရဲစွန့်ပီးပြောရမယ်ဆိုရင် တော့... အခုလို ကောလာဟလတွေဟာ ကျွန်မတို့နှစ်ဦးရဲ့ လက်ထပ်ပွဲကို ပျက်စီးစေချင်တဲ့ မသမာသူတွေရဲ့ မဟုတ်မတရား တိုက်ခိုက်မှုတွေပဲ ဖြစ်ရပါမယ်ရှင်..."
သူမက ထိုသို့ပြောရင်း ရှောင်ဒုန်းထံမှ ခွန်အားတစ်ခုခုကို ရယူလိုသည့်အလား သူမ၏ လက်ကလေးကို ဆန့်ထုတ်ကာ ရှောင်ဒုန်း၏ လက်ကို လှမ်းကိုင်လိုက်၏။ အပြင်ပန်းကြည့်လျှင်တော့ ချစ်သူဆီကနေ အားကိုးရာ ရှာဖွေနေသည့် ပုံစံမျိုး ပေါက်နေပေလိမ့်မည်။ သို့သော် ကံဆိုးစွာဖြင့် ရှောင်ဒုန်းကမူ သူမ၏ လက်ကို ပြန်လည်ဆုပ်ကိုင်ပြီး အားပေးနှစ်သိမ့်ရန်ပင် သတိမရနိုင်တော့ချေ။ ထိုသခင်လေးခမျာ ရှောင်နန်၏ ဖိအားကြောင့် တစ်ကိုယ်လုံး တောင့်တင်းဆွံ့အ နေရှာသည် မဟုတ်ပါလား။
ရှောင်နန်က ထိုသူနှစ်ဦးကို စက္ကန့်ပိုင်းမျှ စူးစိုက်ကြည့်နေပြီးနောက် အဓိပ္ပာယ်ဖော်ရခက်သော အပြုံးတစ်ခုကို ပြုံးလိုက်တော့သည်။
"အော်... အခြေအနေက ဒီလိုမျိုးဖြစ်နေတာပဲ... ဒါဆိုရင်တော့ ဘာပြဿနာမှ မရှိတော့ဘူး... ကျုပ်တို့လည်း အဲဒီလို မဟုတ်မတရား ကောလာဟလတွေကို စိတ်ထဲ ထည့်မနေကြစတမ်းပေါ့..."
ရှောင်နန်၏ စကားအဆုံးတွင် အခန်းတွင်း၌ လွှမ်းမိုးနေသော တင်းမာမှုများမှာ နှင်းခဲများ အရည်ပျော်သွားသည့်အလား ရုတ်ချည်းပင် ပျောက်ကွယ်သွားတော့သည်။ ရှောင်ဒုန်းမှာမူ စိတ်သက်သာရာရသွားလွန်းသဖြင့် ကြမ်းပြင်ပေါ်သို့ပင် ပုံရက်လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် ဟူမေလီက အလိုက်သင့်လေး ဆွဲထိန်းပေးထားသဖြင့် တော်သေးသည်ဟု ဆိုရမည်။
ထိုအခြေအနေကို မြင်သည်နှင့် ဂိုဏ်းခွဲချုပ် ရှောင်ဒင်က စကားဝိုင်းကို ချက်ချင်းပင် ပိုမိုဘေးကင်းစိတ်ချရသော အကြောင်းအရာများဘက်သို့ စကားလမ်းကြောင်းလွှဲပေးလိုက်တော့သည်။ ထိုလူကြီးသည် အရေးမပါသော သာမန်ကာလျှံကာ ကိစ္စရပ်များကို အချိန်ဆွဲ၍ အာဝဇ္ဇန်းရွှင်ရွှင် ပြောဆိုရာတွင် အတော်လေးပင် ကျွမ်းကျင်လှပေသည်။ လျူကျင်းအနေဖြင့် ၎င်းကို အသုံးမဝင်သော အရည်အချင်းတစ်ခုဟုသာ သတ်မှတ်ချင်သော်လည်း မိမိကိုယ်တိုင်က လူမှုဆက်ဆံရေးတွင် အလွန်တရာ အားနည်းလွန်းလှသဖြင့် ထိုအရည်အချင်းအပေါ် မနာလိုဖြစ်မိသည်ကတော့ အမှန်ပင် ဖြစ်သည်။
ထိုနောက်တွင်မူ ကြီးကြီးမားမား တင်းမာမှုမျိုး ထပ်မံမဖြစ်ပွားတော့ဘဲ နေ့လယ်စာ စားပွဲဝိုင်းသည် အေးအေးချမ်းချမ်းဖြင့်သာ ပြီးဆုံးသွားခဲ့သည်။ သို့သော်လည်း ရှောင်ဒုန်းမှာမူ ရှောင်နန်ဘက်သို့ မကြာခဏဆိုသလို သံသယမျက်လုံးများဖြင့် ခိုးခိုးကြည့်နေဆဲ ဖြစ်၏။ ရှောင်နန်က စိတ်ပြောင်းသွားပြီး ၎င်း၏ သတို့သမီးလောင်းကို အတင်းအဓမ္မ လုယူသွားမည်ကို အခုထိ ကြောက်လန့်နေပုံရသည်။ ထိုအပြုအမူကို ကြည့်ရင်း လျူကျင်းတစ်ယောက် တဟားဟားဖြင့် အော်ရယ်ပစ်ချင်စိတ်ပင် ပေါက်လာမိ၏။
သူ့ အကိုကြီးရှောင်နန်သာ အလိုရှိမည်ဆိုပါက ဟူမေလီထက် အဆပေါင်းရာချီ၍ ပိုမိုလှပချောမောသော မိန်းမလှများကို အလွယ်တကူပင် ရရှိနိုင်သည် မဟုတ်ပါလား။
ဧည့်ခံပွဲကြီး ပြီးဆုံးခါနီးအချိန်သို့ ရောက်သောအခါ လျူကျင်းသည် အရမ်း စိတ်ဝင်စားဖို့ကောင်းသော အလှည့်အပြောင်းတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။ ၎င်းမှာ စက္ကန့်ပိုင်းမျှအတွင်း ဖြတ်ပြေးသွားသော အခြေအနေမျိုး ဖြစ်သော်လည်း လျူကျင်း၏ မျက်စိကိုမူ လှည့်စားနိုင်ခြင်း မရှိခဲ့ချေ။ အကြောင်းမှာ ဤအခန်းတစ်ခုလုံးတွင် ရှောင်ဟန်တစ်ယောက်တည်းကိုသာ အမြဲတမ်း စောင့်ကြည့်အကဲခတ်ပေးနေသည့် တစ်ဦးတည်းသောသူမှာ သူသာ ဖြစ်နေသောကြောင့်တည်း။ ထို့ကြောင့်လည်း သူသည် ထိုထူးခြားချက်ကို ကွင်းကွင်းကွက်ကွက် မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
ထိုခဏ၌ ရှောင်ဟန်သည် ဟူမေလီထံသို့ ပြင်းပြလှသော တောင့်တမှုများ လွှမ်းမိုးနေသည့် မျက်ဝန်းအစုံဖြင့် စူးစိုက်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။
လျူကျင်းက မမျှော်လင့်ထားသောအဖြစ်ကြောင့် “ဟင်...” ဟုပင် နှုတ်မှ ခပ်တိုးတိုး ထွက်သွားသည်ထို့နောက် သူ၏ အကြည့်တို့က ရှောင်ဟန်ထံမှတစ်ဆင့် ဂိုဏ်းခွဲချုပ် ရှောင်ဒင်နှင့် ဟူမေလီတို့ထံသို့ တရွေ့ရွေ့ ကူးပြောင်းသွားသည်။
စိတ်ဝင်စားဖို့ ကောင်းသားပဲ..။
အခန်းပို။ တဖတ်သက်အချစ်နှင့် သိမ်ငယ်မှု
"အဟက် မင်းက မရီးလောင်းအပေါ် စိတ်ကစားနေတာပဲ..."
ဟူမေလီ အိမ်တော်မှ ပြန်လည်ထွက်ခွာသွားပြီးနောက် လျူကျင်းက ရှောင်ဟန်ကို ပထမဆုံး စတင်၍ ပြောလိုက်သည့် စကားမှာ ဤမျှပင် တည့်တိုးဆန်လှပေသည်။ ထိုစဉ်က သူတို့နှစ်ဦးမှာ ဆေးဖော်စပ်ရန်အတွက် လျူကျင်း၏ အခန်းဆီသို့ ပြန်လည်လျှောက်လှမ်းလာကြခြင်း ဖြစ်၏။ လျူကျင်း၏ စကားကို ကြားလိုက်ရသည်နှင့် ရှောင်ဟန်မှာ တံတွေးသီးသွားသလိုမျိုး ချောင်းဆိုးသွားရှာပြီး လက်နှစ်ဖက်ကို အရှေ့၌ ပျာပျာသလဲ ယမ်းခါရင်း ငြင်းဆန်တော့သည်။
"မ-မဟုတ်ပါဘူး...... ညီနောင် လျူ ကျွန်တော့်ကို တော်တော်လေး အထင်လွဲသွားပါပြီ... ဟူမေလီက ကျွန်တော့်အစ်ကိုတော့်ရဲ့ သတို့သမီးလောင်းပဲလေ... ဒီရှောင်ဟန်အနေနဲ့ သူ့အပေါ်မှာ အဲဒီလိုမျိုး အောက်တန်းကျတဲ့ စိတ်အာရုံတွေ ဘယ်လိုလုပ် ထားရှိနိုင်ပါ့မလဲ ခင်ဗျာ..."
လျူကျင်းက သူ့ကို တစ်ချက် စိုက်ကြည့်လိုက်၏။
ရှောင်ဟန်ကမူ ချက်ချင်းပင် အကြည့်ကို လွှဲဖယ်သွားပြန်သည်။
"ညီနောင်လျူ ရာ ... ဖြစ်နိုင်မယ်ဆိုရင်တော့... ကျွန်တော် ဒီအကြောင်းအရာကို ဆက်ပြီး မပြောချင်တော့ပါဘူး..."
လျူကျင်းက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီလေ... မင်း မပြောချင်ရင်လည်း ထားလိုက်ပါတော့..."
"တ-တကယ်ပဲလား ခင်ဗျာ..." ဟု ရှောင်ဟန်က အံ့ဩတကြီးဖြင့် မေးရှာသည်။ လျူကျင်းအနေဖြင့် ထိုလျှို့ဝှက်ချက်ကို အတင်းအဓမ္မ ဖော်ထုတ်လိမ့်မည်ဟု သူက သေချာပေါက် တွေးထင်ထားပုံရ၏။ 'ငါ ဘာများလုပ်မိလို့ ဒီကောင် ငါ့အပေါ် ဒီလောက်တောင် ကြောက်နေရတာလဲ..”ဟု လျူကျင်း စိတ်ထဲမှပင် တွေးတောမိလိုက်သေးသည်။
"ဒါက ငါနဲ့ဆိုင်တဲ့ ကိစ္စမှ မဟုတ်တာ..." လျူကျင်းက ပခုံးအသာတွန့်ပြရင်း ဆိုလိုက်၏။
"မင်း ဒီအကြောင်းအရာကို ပြောရတာ စိတ်အနှောင့်အယှက်ဖြစ်နေတာ ထင်ရှားနေတာပဲ... မင်းမပြောချင်ပဲ အတင်းမေးဖို့ ငါ့မှာ ဆန္ဒမရှိပါဘူး..."
လျူကျင်းက မိမိပြောလိုက်သော စကား၏ အဓိပ္ပာယ် ညီညွတ်မှုကို ကိုယ်တိုင်ကျေနပ်သွားသဖြင့် စကားအဆုံးတွင် သူ့ဘာသာ ခေါင်းညိတ်လိုက်မိသည်။ သူတို့နှစ်ဦးသည် လျူကျင်းအခန်းရှိရာဆီသို့ ဆက်လက်လျှောက်လှမ်းနေခဲ့၏။ ရှောင်ဟန်ကမူ သူ၏ နောက်ဘက်မှ ခပ်ကွာကွာလေး လိုက်ပါလာသည်။
တစ်အောင့်မျှကြာအောင် သူတို့နှစ်ဦးကြားတွင် တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေခဲ့၏။
"ကျွန်တော် ဟူမေလီနဲ့ ပထမဆုံး စတွေ့တုန်းက... ဒီလောကကြီးမှာ အလှဆုံး မိန်းကလေးလို့ ထင်ခဲ့မိတာ..."
ရှောင်ဟန်က အရှေ့တည့်တည့်သို့သာ စိုက်ကြည့်ရင်း ရုတ်တရက် ရင်ဖွင့်လာရှာသည်။
"အရွယ်ရောက်လာပီး သူ တဖြည်းဖြည်းပိုလှလာလေလေ ..... သူ့အပေါ် ကျွန်တော်ပိုမြတ်နိူးလာလေလေပဲ ..၊ ဒါပေမဲ့ သူ က တော့ကျွန်တော့်ကို ဘယ်တုန်းကမှ အရေးမစိုက်ခဲ့ပါဘူး ... ကျွန်တော့်အကို ကိုပဲ သူ့ခေါင်းထဲထည့်တာ ..၊ အကိုကလဲ သူ့ကို စိတ်ဝင်စားနေတာဆိုတော့ သူတို့နှစ်ယောက် အပြန်အလှန်ကြည်နူးစရာဘဝတခုကိုပိုင်ဆိုင်သွားတာပေါ့ ... ကျွန်တော်လို အသုံးမကျတဲ့လူမျိုးအတွက် သူ့ ခေါင်းထဲ နေရာ မရှိခဲ့ပါဘူး..."
လျူကျင်းက ရှောင်ဟန်၏ အတိတ်ဇာတ်လမ်းကို နားထောင်ရင်း ခေါင်းတဆိတ်ဆိတ် ညိတ်နေမိသည်။ သူ၏ စိတ်တစ်ပိုင်းက 'ဒီအကြောင်းကို မပြောချင်ဘူးလို့ အစောကတင် ငြင်းထားပြီးမှ ဘာဖြစ်လို့ အခုကျမှ အလိုအလျောက် ရင်ဖွင့်နေရတာလဲ' ဟု မေးခွန်းထုတ်ချင်နေမိ၏။ ထို့ပြင် အခြားစိတ်တစ်ပိုင်းကမူ 'ဒီဟူမေလီဆိုတဲ့ မိန်းကလေးမှာ ဘာဆွဲဆောင်မှု ရှိနေလို့ ဒီလောက်တောင် ရူးသွပ်နေကြရတာလဲ' ဆိုသည်ကို အခုထိ နားမလည်နိုင်ဘဲ ဝေခွဲမရ ဖြစ်နေသည်။
နောက်ဆုံးတွင်မူ လျူကျင်းသည် ထိုအတွေးနှစ်ခုစလုံးကို နှုတ်မှ ထုတ်မပြောရန်သာ ဆုံးဖြတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုထက်ပို၍ အရေးကြီးသော အခြားကိစ္စတစ်ခုက ဦးစားပေးအဖြစ် ရှိနေသောကြောင့်တည်း။ လျူကျင်းအနေဖြင့် ဤအကြောင်းအရာကို တစ်ဖက်လူ စိတ်မထိခိုက်စေမည့် အကင်းပါးသော စကားလုံးမျိုးဖြင့် မည်သို့ပြောရမည်နည်းဟု စဉ်းစားလိုက်သော်လည်း အဖြေရှာမရသဖြင့် တည့်တိုးပင် ဆိုလိုက်တော့သည်။
"အဲဒီမိန်းကလေးက မင်းအစ်ကိုကို မချစ်ဘူးကွ..."
လျူကျင်းက လေးနက်စွာ ဆိုလိုက်၏။
"ငါ ဆိုလိုတာက ဟူမေလီရဲ့ ရင်ထဲမှာ မင်းအစ်ကိုအပေါ် ထားတဲ့ အချစ်စိတ် လုံးဝမရှိဘူး..."
ရှောင်ဟန်သည် ခြေလှမ်းများ ရုတ်ချည်းရပ်တန့်သွားပြီး သူ့ကို ပြူးပြူးပြဲပြဲ စိုက်ကြည့်လာမိတော့သည်။
"ညီနောင်လျူ... ကျွန်တော်မရိုမသေပြန်ပြောတာတော့ မဟုတ်ပါဘူး ... အစောက သူတို့နှစ်ယောက်ရဲ့ ပုံစံကို ညီနောင်လျူ တကယ်ပဲ မမြင်မိလို့လား ခင်ဗျာ..."
ရှောင်ဟန်၏ အသံမှာ အစပိုင်းတွင် အနည်းငယ် မြင့်တက်သွားသော်လည်း၊ မိမိ မည်သူ့ကို စကားပြောနေသည်ကို သတိရသွားကာ လေသံကို ချက်ချင်း ပြန်နှိမ့်ချလိုက်ရှာသည်။
"ကျွန်တော့်အနေနဲ့ ညီနောင်လျူရဲ့ အမြင်ကို မလေးမစား လုပ်လိုစိတ် မရှိပါဘူး... ဒါပေမဲ့ ညီနောင်လျူက အသက်အရွယ် ငယ်လွန်းသေးတော့ အထင်အရှား မြင်နေရတဲ့ အခြေအနေကို သတိမပြုမိတာလည်း ဖြစ်နိုင်ပါတယ်။ ဟူမေလီက တစ်ချိန်လုံး ကျွန်တော့်အစ်ကို ဘေးနားမှာပဲ ရှိနေခဲ့တာလေ... သူမရဲ့ အပြုံးတွေ၊ ရယ်မောသံတွေနဲ့ ချီးမွမ်းစကားတွေ အားလုံးက အစ်ကို့တစ်ယောက်တည်းအတွက်ပဲ မဟုတ်လား..."
"မှန်တယ်... အဲဒါတွေ ငါလည်း မြင်ပါတယ်... အဲဒီမိန်းကလေးက မင်းအစ်ကိုရဲ့ ပြက်လုံးတိုင်းကို လိုက်ရယ်ပေးတယ်... သူ့ရဲ့ သိုင်းစွမ်းရည် အောင်မြင်မှုတိုင်းကိုလည်း အမွှမ်းတင် ချီးကျူးတယ်... ပြီးတော့ သူ့ဘေးနားကနေ တစ်ဖဝါးမှ မခွာဘဲ နေခဲ့တယ်..."
လျူကျင်းက မျက်လုံးများကို အသာမှိတ်လိုက်ရင်း ဆိုလိုက်၏။
"အဲဒီလိုမျိုး လုပ်ပြနေလို့ပဲ... ဒါတွေအားလုံးက လုပ်ယူထားတဲ့ အတုအယောင်တွေဆိုတာ ငါ ပိုပြီး သေချာသွားတာပေါ့..."
ထိုမြင်ကွင်းတစ်ခုလုံးမှာ ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားသည့်အလား လွန်စွာ သဘာဝမကျလှပေ။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဟန်ဆောင်ယဉ်ကျေးမှု အရှိန်အဝါကို ရိပ်မိရန်မှာ လျူကျင်းအတွက်မူ အလွန်တရာ လွယ်ကူလှသည်။ လွန်ခဲ့သည့်ရက်က စားသောက်ဆိုင်အတွင်း၌ 'ဟူ' မျိုးနွယ်စုနှင့် 'လွန်' မျိုးနွယ်စုဝင်များ အပြင်းအထန် အခြေအတင် ဖြစ်ပွားခဲ့ကြသည့် ပြဿနာကိုလည်း သူ ပြန်လည်မှတ်မိနေသေး၏။ ထိုအချက်အားလုံးကို ပေါင်းစပ်စဉ်းစားကြည့်မည်ဆိုလျှင်မူ...
"ကျွန်တော် တောင်းပန်ပါတယ် ညီနောင်လျူ... ဒါပေမဲ့ ညီနောင်လျူ ဆိုလိုတာကို ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်တော့ဘူး..."
"ရပါတယ်... ဘာမှမဖြစ်ဘူး..."
လျူကျင်းက တည်ငြိမ်စွာပင် ဆိုလိုက်သည်။
"မင်း ဒီအကြောင်းကို ဆက်ပြီး စိတ်ပူမနေပါနဲ့တော့..."
ကြားဖြတ်အခန်း။ ရှောင်ဟန် ၏ အတွေးအမြင် ....။
ရှောင်ဟန်အနေဖြင့် လျူကျင်းဟူသော ကလေးငယ်ကို အမှန်တကယ်ပင် နားမလည်နိုင်တော့ချေ။
ထိုကလေးငယ်မှာ မိမိထက် အသက်အရွယ် အဆမတန် ငယ်ရွယ်သော်လည်း လဆန်း မြို့ငယ်၏ ပြိုင်ဘက်ကင်း ထိပ်သီးပါရမီရှင်ဟု လူအများက ဝိုင်းဝန်းချီးမွမ်းနေကြသည့် မိမိ၏ အစ်ကိုတော်ထက်ပင် စွမ်းအားများစွာ ပိုမိုသာလွန်နေခဲ့ပြီ ဖြစ်သည်။ လျူကျင်းသည် ဤမျှလောက်အထိ အစွမ်းထက်နေသည်ဆိုမှတော့ အဓိကဂိုဏ်းချုပ်ကြီး မှ ဆင်းသက်လာသည့် အံ့ဖွယ်ပါရမီရှင် ကလေးငယ်တစ်ဦး ဖြစ်ရမည်မှာ ရှောင်ဟန်အတွက်တော့ သံသယဖြစ်စရာ လုံးဝမလိုပေ။ ထိုကလေးငယ်က မိမိ၏ အစ်ကိုတော်ကို လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ အောင်နိုင်သွားသည်ကို မြင်တွေ့ပြီးကတည်းက ရှောင်ဟန်တစ်ယောက် မိမိကဲ့သို့သော အသုံးမကျသည့် ရှုံးနိမ့်သူတစ်ဦးအတွက် လျူကျင်း၏ လမ်းကြောင်းပေါ်မှ ဝေးဝေးရှောင်နေခြင်းကသာ အန္တရာယ်အကင်းဆုံး ဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်... သူသည် လျူကျင်းနှင့် ထိပ်တိုက် တိုးမိလိမ့်မည်ဟု တစ်ခါမျှ တွေးမထားခဲ့ဖူးချေ။
ထို့ပြင် လျူကျင်းက သူ့အား ဘေးနားတွင် အမြဲရှိနေရန် အမိန့်ပေးလိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့မိပေ။
ပို၍ မယုံနိုင်စရာ ကောင်းသည်မှာ... လျူကျင်းက မိမိ၏ မွေးရာပါ ရောဂါကို အမြစ်ပြတ်အောင် ကုသပေးမည်ဟု ကမ်းလှမ်းလာခြင်းပင်ဖြစ်သည်။
ရှောင်ဟန်အတွက်မူ ဤအခြေအနေသည် တစ်ဘဝလုံးတွင် တစ်ကြိမ်တစ်ခါမျှသာ ကြုံရခဲသည့် နတ်ကောင်းနတ်မြတ်တို့၏ မစမှု ၊တနည်းအားဖြင့် တစ်သက်တာ အခွင့်အရေးကြီးပင် ဖြစ်ပေတော့သည်။ အကယ်၍ ဤရောဂါပျောက်ကင်းမည့် ဆေးနည်းနှင့်လဲလှယ်ရန်အတွက် လျူကျင်းက သူ့ကို တစ်ဘဝလုံး "ဆရာကြီး" ဟု ခေါ်ဆိုရန် အမိန့်ပေးမည်ဆိုလျှင်ပင် ရှောင်ဟန်အနေဖြင့် ဘာမှတွေဝေမနေဘဲ ချက်ချင်းပင် ခေါ်ဆိုမိမည်မှာ သေချာသည်။ တကယ်၍ လျူကျင်းက သူ့ကို အဝတ်အစားများ အကုန်ချွတ်၍ သူ့ရှေ့၌ ဒူးထောက်ဦးချ ခိုင်းမည်ဆိုလျှင်ပင် သူ ချက်ချင်းပင် ပြုလုပ်မိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤကုထုံးသည် သူ၏ တစ်ဘဝလုံးစာ ကံကြမ္မာကို ပြောင်းလဲပေးနိုင်လောက်သည်အထိ အသက်တမျှ အရေးကြီးနေသောကြောင့် ဖြစ်၏။
သူ့ဘဝတစ်လျှောက်လုံးတွင်... လူပေါင်းမြောက်မြားစွာ၏ လှောင်ပြောင် သရော်ခြင်းကို သူ မည်မျှအထိ ခါးသီးစွာ ခံစားခဲ့ရဖူးပြီနည်း...။
သူ့ကွယ်ရာတွင် သာမန်အိမ်စေ၊ အစေခံများကပင် မဟုတ်မတရား တိုးတိုးတိတ်တိတ် အတင်းဖျင်းပြောကာ နှိမ့်ချခဲ့ကြသည့် အကြိမ်အရေအတွက်မှာ မည်မျှအထိ ရှိခဲ့ပြီနည်း...။
ဖခင်ဖြစ်သူက သူ့ကို အသုံးမကျသူတစ်ဦးအလား စိတ်ပျက်လက်ပျက်ဖြင့် စိမ်းကားစွာ ကြည့်ခဲ့သည့် အကြည့်ပေါင်းမှာ မည်မျှအထိ များပြားခဲ့ပြီနည်း...။
အကယ်၍ ဤအခြေအနေဆိုးကြီးကို ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေးသာ ရှိမည်ဆိုပါက ထိုအရာအတွက် ရှောင်ဟန်သည် ဘာမဆို ရင်းနှီးပေးဆပ်ရန် အဆင်သင့်ရှိနေပါသည်။ သို့သော်... ၎င်းမှာ လျူကျင်းအနေဖြင့် သူပြောခဲ့သည့်အတိုင်း အမှန်တကယ် ကုသပေးနိုင်မှသာ ဖြစ်ပေလိမ့်မည်။ ရှောင်ဟန်၏ ရင်ထဲ၌မူ ယခုအချိန်အထိ ရာနှုန်းပြည့် မရေရာသေးဘဲ သံသယစိတ်တို့က အနည်းငယ် ကြီးစိုးနေဆဲ ဖြစ်၏။
သို့သော်လည်း သူသည် မည်သည့်စကားမျှ မဆိုဘဲ နှုတ်ဆိတ်နေမိသည်။ ထိုအံ့ဖွယ် ပါရမီရှင် ကလေးငယ်က သူ၏ ဆေးဖော်စပ်ခြင်း အလုပ်များကို အာရုံစိုက်လုပ်ဆောင်နေချိန်တွင် ရှောင်ဟန်သည် လျူကျင်း၏ နောက်ဘက်၌ ခပ်ဆိတ်ဆိတ်သာ ထိုင်နေမိ၏။ ၎င်းမှာ လျူကျင်း တောင်းဆိုခဲ့သည့်အတိုင်း ဖြစ်ပြီး၊ ရှောင်ဟန်အနေဖြင့်လည်း ထိုညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာနေခြင်း ဖြစ်သည်။ သံသယစိတ်များ ရှိနေလင့်ကစား ရှောင်ဟန်သည် မိမိကိုယ်ကို နောက်ဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်ရောင်ခြည်ကို ဆုပ်ကိုင် ထားဆဲပင်ဖြစ်သည်။
သူ တုန်လှုပ်ခြောက်ခြားနေမိသည်။ နဖူးမှ ချွေးစေးများမှာလည်း တဒီးဒီး စီးကျနေ၏။ ရှောင်ဟန်အနေဖြင့် လျူကျင်းသည် အဘယ်ကြောင့် ဆေးချက်ဖို ကို အသုံးပြုခြင်းမရှိသနည်းဟု အလွန်တရာ မေးမြန်းချင်နေမိသည်။ သူသည် ဆေးပညာနှင့် ပတ်သက်၍ နက်နက်နဲနဲ မတတ်ကျွမ်းသော်လည်း မိမိတို့ဂိုဏ်းအတွင်းရှိ သမားတော် များသည် ဆေးလုံး များ ဖော်စပ်သည့်အခါ ဆေးချက်ဖိုများကို မဖြစ်မနေ အသုံးပြုကြသည်ကိုမူ သူ ကောင်းစွာ သိရှိထားသည်။ လျူကျင်းက အဘယ်ကြောင့် ထိုသို့ အသုံးမပြုရသနည်းဟု လှမ်းမေးချင်သော်လည်း၊ ကလေးငယ်၏ စိတ်အာရုံ စူးစိုက်မှုကို အနှောင့်အယှက် ဖြစ်သွားစေမည်ကို အလွန်အမင်း စိုးရိမ်သောကြောင့် ထိုစကားကို နှုတ်မှ ထုတ်မပြောရဲရှာပေ။ ထို့ကြောင့် ရှောင်ဟန်သည် လျူကျင်း၏ ဆေးဖော်စပ်မှု စတင်နေချိန်တွင် ကျောက်ရုပ်တစ်ရုပ်အလား ငြိမ်သက်စွာဖြင့် ဘာမှမလှုပ်ရှားဘဲ စောင့်ကြည့်နေမိတော့သည်။
လျူကျင်း၏ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင် များ သိသိသာသာ မြင့်တက်လာသည်ကို ရှောင်ဟန် ခံစားလိုက်ရသည်။
အတွင်းအားစုစည်းခြင်း ပထမအဆင့် ဖြစ်သည်။
သူ ရှင်းရှင်းလင်းလင်းကြီး အာရုံခံမိနေသော်လည်း သူ့မျက်စိရှေ့က မြင်ကွင်းကို ယုံကြည်နိုင်ရန် ခက်ခဲလွန်းနေဆဲပင်ဖြစ်သည်။ ဤကလေးငယ်သည် အသက် (၁၁) နှစ်ပင် ပြည့်သေးရဲ့လား။ အဓိကဂိုဏ်းမကြီးထဲမှာ ဘယ်လိုမျိုး ပါရမီရှင်တွေ ကြီးပြင်းနေကြတာလိမ့်ဟုတွေးရင်း သူအံသြသွားသည်။
လျူကျင်း ကောက်ယူခဲ့သော ဆေးဖက်ဝင်ပစ္စည်းများသည် သူ၏ ချီစွမ်းအင်များနှင့် ဟန်ချက်ညီစွာ တောက်ပလာသည်ကို မြင်လိုက်ရသောအခါ ရှောင်ဟန်၏ မျက်ဝန်းအစုံ ပြူးကျယ်သွားတော့သည်။ ထိုဆေးပစ္စည်းများသည် ခဏမျှ တဖျတ်ဖျတ် တုန်ခါသွားပြီးနောက် ရုတ်ချည်းပင် မှုန့်မှုန့်ညက်ညက် အမှုန့်ဘဝသို့ ပြောင်းလဲသွားရာ ရှောင်ဟန်၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်ခြင်းများ ပြင်းထန်စွာ ဆင့်တက်လာတော့၏။ ဆေးပစ္စည်းများ ပျက်စီးသွားပြီဟု သူ ထင်လိုက်သောကြောင့် ဖြစ်သည်။
သို့သော် လျူကျင်းကမူ စိုးရိမ်ပူပန်ဟန် အနည်းငယ်မျှ မပြဘဲ၊ နှုတ်ခမ်းထက်တွင် ယုံကြည်ချက်ရှိသော အပြုံးတစ်ခု ထင်ဟပ်လာသည်။ ထိုဆေးမှုန့်များသည် ကြမ်းပြင်ပေါ်သို့ ဖိတ်စင်ကျမသွားဘဲ လေထုထဲ၌ပင် အချင်းချင်း လှည့်ပတ် ပေါင်းစပ်သွားကြပြီးနောက်... နောက်ဆုံးတွင် လက်မမပြည့်တပြည့် အရွယ်အစားရှိသော ဆေးလုံးတစ်လုံးအဖြစ် စုစည်းဖြစ်တည်သွားတော့၏။
ထိုအခါမှ လျူကျင်းက မျက်လုံးများကို ပြန်လည်ဖွင့်လိုက်သည်။
"ဟူး..." လျူကျင်းက ဆေးလုံးကို အသေအချာ စစ်ဆေးကြည့်ရှုရင်း ရေရွတ်လိုက်၏။ "အင်း... ဒီလောက်ဆိုရင် အဆင်ပြေပါတယ်..."
ရှောင်ဟန် ရင်ဘတ်ထဲမှ နှလုံးခုန်သံများမှာ လွင့်စင်ထွက်မတတ် တဒိန်းဒိန်း ခုန်နေပြီဖြစ်သည်။
"ဒါ... ဒါက... တကယ်ပဲ..." သူသည် ထိုမေးခွန်းကို ဆုံးအောင် မမေးရဲရှာပေ။ အကယ်၍ 'မဟုတ်ဘူး' ဟု အငြင်းခံရမည်ကို သူ အလွန်အမင်း ကြောက်လန့်နေမိသည်။ လျူကျင်းက သူ့ကို လှောင်ပြောင်ရင်း 'ဒါတွေအားလုံးက မင်းကို တမင်နောက်နေတဲ့ ပြက်လုံးတစ်ခုပဲ' ဟု ပြောလာမည်ကို သူ သေလုမတတ် ကြောက်ရွံ့နေမိခြင်း ဖြစ်၏။
"ရော့ ...၊ ဒါက မင်းရဲ့ ရောဂါကို အမြစ်ပြတ် ကုသပေးနိုင်လိမ့်မယ်..." လျူကျင်းက ဆေးလုံးကို ရှောင်ဟန်၏ လက်ထဲသို့ ထည့်ပေးရင်း လေးနက်စွာ ဆိုလိုက်သည်။
"ဒါပေမဲ့ စိတ်ထဲမှာ တစ်ခုတော့ မှတ်ထားရမယ်... ဒီဆေးလုံးရဲ့ အာနိသင်က မင်းခန္ဓာကိုယ်ကို ပြုပြင်ပြောင်းလဲပေးတဲ့ အခါမှာ အရမ်းပြင်းထန်တဲ့ နာကျင်မှုကို ခံစားရလိမ့်မယ်... ပြီးတော့
ရှောင်ဟန်သည် လျူကျင်း၏ နောက်ဆက်တွဲ စကားများကို ဆက်၍ နားမထောင်နိုင်တော့ချေ။ ဤဆေးလုံးက မိမိ၏ ဝေဒနာကို အမြစ်ပြတ်အောင် ကုသပေးနိုင်မည်ဟု လျူကျင်း ပြောလိုက်သည့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် သူသည် ဆေးလုံးကို ပါးစပ်ထဲသို့ ကပျာကယာ ကောက်ထည့်ကာ မြိုချပစ်လိုက်တော့သည်။ ပထမဆုံး စက္ကန့်ပိုင်းမျှအတွင်း မည်သည့်အရာမျှ ထူးခြားမလာခဲ့ပေ။ 'ငါ ထပ်ပြီး အရူးလုပ်ခံလိုက်ရပြန်ပြီလား၊ နောက်ထပ်တစ်ကြိမ် အရှက်ခွဲခံရပြန်ပြီလား' ဟု သူ ရင်တထိတ်ထိတ်ဖြင့် ကြောက်လန့်သွားမိ၏။
သို့သော်... ခဏအကြာတွင်မူ ငရဲကဲ့သို့ ပြင်းထန်လှသော ဝေဒနာဆိုးကြီး ရုတ်ချည်း သောင်းကျန်းလာတော့သည်။
ရှောင်ဟန်သည် နာကျင်လွန်းသဖြင့် အော်ဟစ်ပစ်ရန် ပါးစပ်ကို ဟလိုက်သော်လည်း လျူကျင်းက အကင်းပါးစွာဖြင့် သူ၏ နှုတ်ခမ်းအစုံပေါ်သို့ လက်ဝါးဖြင့် အုပ်မိုးကာ အသံကို ပိတ်ဆို့ပစ်လိုက်၏။ ဝမ်းဗိုက်တစ်ခုလုံး မီးဟုန်းဟုန်းတောက်သလို ပူလောင်လာပြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများမှာလည်း လိမ်ပြတ်မတတ် ပြင်းထန်စွာ ရစ်ပတ်နာကျင်လာရသဖြင့် ၎င်းတို့ အဘယ်ကြောင့် ကွဲကြေပျက်စီးမသွားသေးသနည်းဟုပင် ရှောင်ဟန် တွေးတောမိတော့သည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူ အသက်ရှူရ ကျပ်တည်းလာခဲ့သည်။ သူ၏ အဆုတ်...။ အဆုတ်အတွင်း၌ တစ်စုံတစ်ခု ကမောက်ကမ ဖြစ်ပျက်နေပြီ။ ဤတစ်ကြိမ်တွင်မူ သူ အမှန်တကယ်ပင် သေလူဖြစ်တော့မည်ဟု ခြောက်ခြားစွာ တွေးမိလိုက်ရှာသည်။
ထို့နောက်တွင်မူ... သူ စတင်၍ အော့အန်တော့၏။
ရှောင်ဟန်သည် အသက်ရှူပင် မဝနိုင်ဘဲ တဟွတ်ဟွတ် ချောင်းဆိုးရင်း ပါးစပ်အတွင်းမှ ကတ္တရာစေးကဲ့သို့ မည်းနက်ညစ်ပတ်လှသော အဆိပ်အတောက် အညစ်အကြေးများ စုပြုံ၍ အန်ထွက်လာတော့သည်။ ထိုစဉ် လျူကျင်း၏ လက်ဝါးမှာ သူ၏ ပါးစပ်ပေါ်တွင် ရှိမနေတော့သည်ကို သူ သတိပြုမိလိုက်၏။ ထိုပါရမီရှင် ကလေးငယ်သည် သူ၏ အန်ဖတ်များနှင့် မပေကျံစေရန် အချိန်ကိုက် နောက်သို့ ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ရှောင်ဟန်အနေဖြင့် ဘာတွေဖြစ်ပျက်နေသနည်းဟု လှမ်းမေးရန် ပြင်လိုက်စဉ်မှာပင်... ကြီးမားပြီး အလွန်တရာ နာကျင်လှသော အရာတစ်ခုက သူ၏ လည်ချောင်းဝဆီသို့ တရွေ့ရွေ့ တိုးဝှေ့တက်လာသည်ကို ခံစားလိုက်ရပြန်သည်။ နာကျင်လိုက်ရသည်မှာ... တကယ်ကို သေလုမတတ် နာကျင်လွန်းလှသဖြင့် စိတ်ကမ္ဘာပင် ပျက်စီးမတတ် ဖြစ်သွားရ၏။
“ဝေ့ါ.....”
လေးလံညစ်ထေးလှသော အရာတစ်ခုက ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသံ ထွက်ပေါ်လာတော့သည်။
ရှောင်ဟန်သည် မိမိကိုယ်တိုင်ပင် မသိလိုက်ဘဲ တင်းကျပ်စွာ ပိတ်ထားမိခဲ့သော မျက်လုံးများကို ပြန်လည်ဖွင့်ကြည့်လိုက်၏။ သူ၏ ထွက်သက်ဝင်သက်များမှာ ပြင်းထန်စွာ ဆာလောင်မွတ်သိပ်လျက် လေကို အတင်းလုရှူနေရသလို ဟောဟဲစိုက်နေဆဲပင်ဖြစ်သည်။ သူ အောက်သို့ ငုံ့ကြည့်လိုက်မိချိန်တွင်မူ ကတ္တရာစေးကဲ့သို့ မည်းနက်လှသော အန်ဖတ်များ၏ အလယ်တွင် အနက်ရောင် အခဲကြီးတစ်ခုကို အထင်အရှား မြင်တွေ့လိုက်ရတော့သည်။ ၎င်းမှာ သူ၏ လက်သီးဆုပ်ထက်ပင် ပို၍ ကြီးမားလှပေရာ ရှောင်ဟန်သည် မသိစိတ်၏ တွန်းပို့မှုကြောင့် ထိုအရာနှင့် ဝေးရာသို့ လန့်ဖျပ်ကာ နောက်သို့ ဆုတ်ခွာမိသွား၏။ သို့သော်လည်း လျူကျင်းကမူ ရှောင်ဟန်ကဲ့သို့ ရွံရှာစက်ဆုပ်သည့် အရိပ်အယောင်မျိုး တစ်စက်မျှ ပြသခြင်း မရှိခဲ့ချေ။ ထိုကလေးငယ်က အသာအယာ ငုံ့ကာ ကြမ်းပြင်ပေါ်မှ ထိုညစ်ထေးလှသောအရာကို လက်ဖြင့် ကောက်ယူလိုက်တော့သည်။
"စိတ်ဝင်စားဖို့ ကောင်းလိုက်တာ..." လျူကျင်းက ထိုအရာ မည်မျှအထိ ရွံရှာဖွယ်ကောင်းနေသည်ကို ဂရုမစိုက်ဘဲ ရေရွတ်လိုက်ရင်း ရှောင်ဟန်ကို လှမ်းကြည့်လာ၏။
"ငါ ဒါကို ယူထားလိုက် လို့ရလား..."
သူက စိတ်ထဲ တစ်မျိုးဖြစ်ရဦးမည်ဟုတ်လား...။ သူ စိတ်ဆိုးရဦးမည်ဟုတ်လား...။ ရှောင်ဟန်၏ အမြင်တွင်မူ လျူကျင်းအနေဖြင့် ထိုအရာဆိုးကြီးကို ယူဆောင်သွားပြီး မီးရှို့ဖျက်ဆီးပစ်မည်ဆိုလျှင်ပင် အတိုင်းထက်အလွန် ဝမ်းမြောက်မိမည် ဖြစ်ပေသည်။
"ယူ... ယူသွားပါ ဗျာ..."
"ဒါဆိုရင် ငါ ဒါကိုပဲ မင်းကို ကုသပေးခအနေနဲ့ ယူလိုက်တော့မယ်... ကြည့်ရတာ ကုထုံးကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပြီ ထင်တယ်..."
ဗျာ... ဟုတ်လား...။
ရှောင်ဟန်သည် သူ၏ အသက်ရှူနှုန်းကို ပုံမှန်ပြန်ဖြစ်အောင် မနည်းထိန်းချုပ်နေရဆဲ ဖြစ်သဖြင့် လျူကျင်းကို ဘာကိုဆိုလိုမှန်း နားမလည်နိုင်စွာဖြင့် ခဏမျှ ကြောင်ကြည့်နေမိသည်။ သို့သော် သူ၏ ထွက်သက်ဝင်သက်များ ငြိမ်သက်သွားသည့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် သူသည် ထူးခြားဆန်းပြားလှသော အပြောင်းအလဲကြီးတစ်ခုကို ရုတ်ချည်း သတိပြုမိလိုက်တော့၏။
၎င်းမှာ... သူ၏ တစ်ဘဝလုံးစာ သက်တမ်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွက်လက်ပြီး အလွန်တရာ နေရထိုင်ရ အဆင်ပြေသွားခြင်းပင် ဖြစ်သည်။
"မင်း ကျင့်ကြံခြင်းအဆင့် တစ်ဆင့် တက်သွားတဲ့ပုံပဲ..." လျူကျင်းက အကဲခတ်ရင်း မှတ်ချက်ချလိုက်၏။
"ဒါက ဟိုအချိန်ကတည်းက ဖြစ်သင့်နေတာ ကြာပါပြီ... အခု မင်းအဆုတ်ထဲက အဟန့်အတား ပိတ်ဆို့မှုကို ဖယ်ရှားပစ်လိုက်နိုင်ပြီဆိုတော့ ခန္ဓာကိုယ်ထဲမှာ ချီစွမ်းအင် တွေ လှည့်ပတ်စီးဆင်းမှုကို နှောင့်ယှက်မယ့်အရာ ဘာတစ်ခုမှ မရှိတော့ဘူး..."
အမှန်ပင်... မိမိ၏ အဆင့်အတန်းက တက်လှမ်းသွားခဲ့ပြီဖြစ်ကြောင်း ရှောင်ဟန် တစ်ပါတည်း ရိပ်မိလိုက်တော့သည်။ စောစောက ပြင်းထန်လှသော ဝေဒနာဆိုးကြီးကြောင့် သတိမထားမိခဲ့သော်လည်း ယခုအခါတွင်မူ သူသည် အခြေခံအုတ်မြစ် ဆဋ္ဌမအဆင့် သို့ တရားဝင် ချဉ်းနင်းဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။ အခြေခံအုတ်မြစ်အဆင့် ပဉ္စမအဆင့်တွင် တစ်နှစ်ထက်မက ကာလကြာရှည်စွာ ပိတ်ဆို့တန့်နေခဲ့ရပြီးနောက်... နောက်ဆုံးတွင်မူ သူသည် ဆဋ္ဌမအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပေသည်။
"ကျွန်တော်... ကျွန်တော်..." ရှောင်ဟန်သည် မျက်မှောက်ောက်က အခြေအနေကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေမိ၏။ သူသည် မိမိ၏ ခန္ဓာကိုယ်ကို အံ့ဩတကြီးဖြင့် ပြန်လည်စစ်ဆေးကြည့်ရှုရင်း မျက်ဝန်းအစုံမှ ဝမ်းသာမျက်ရည်များ တလိမ့်လိမ့် စီးကျလာတော့သည်။
"ကျွန်တော့်ရဲ့ ရောဂါဝေဒနာကြီး အမှန်တကယ်ပဲ ပျောက်ကင်းသွားပြီလား ခင်ဗျာ..."
လျူကျင်းက အသာအယာ ပြုံးလိုက်၏။ "အေးပေါ့... မင်းကို ကုသပေးမယ်လို့ ငါ အစောကတည်းက ပြောခဲ့သားပဲ မဟုတ်လား..."
"ကျွန်တော်... ကျွန်တော်..." ရှောင်ဟန်သည် ရင်ထဲ၌ လှိုက်လှဲလွန်းနေသဖြင့် မည်သည့်စကားလုံးဖြင့် ပြန်လည်ကျေးဇူးတင်ရမည်မှန်း မသိတော့ချေ။ သူ မည်သည့်စကားမျိုး ဆိုနိုင်ပါဦးမည်နည်း။ သူ မည်သည့်အရာမျိုး ပြုလုပ်ပေးနိုင်ပါဦးမည်နည်း။ ယခုအချိန်တွင်မူ သူ ပြုလုပ်နိုင်သည့်အရာမှာ တစ်ခုတည်းသာ ရှိပေတော့သည်။
ဘုန်း...
သူသည် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီးနောက် လျူကျင်း၏ အရှေ့၌ နဖူးနှင့် ကြမ်းပြင် တိုက်မိသည်အထိ ပြင်းထန်စွာ ဦးညွှတ်ဂါရဝပြု လိုက်တော့သည်။
"သခင်လေး... ယခုအချိန်မှစ၍ ကျွန်တော့်ရဲ့ သက်တမ်းကုန်ဆုံးတဲ့ နေ့ရက်တိုင်အောင်... ဒီရှောင်ဟန်က သခင်လေးကိုသာ မိမိရဲ့ တစ်ဦးတည်းသော အရှင်သခင်အဖြစ် အမြဲတမ်း အသိအမှတ်ပြု သစ္စာစောင့်သိသွားပါ့မယ်ဗျာ။ သခင်လေး လိုအပ်သမျှသော အရာမှန်သမျှ... သခင်လေး အလိုရှိသမျှသော ဆန္ဒမှန်သမျှကို... ဒီကျွန်တော်က အသက်နဲ့လဲပြီးတော့ မဖြစ်ဖြစ်အောင် အစွမ်းကုန် ဆောင်ရွက်ပေးသွားပါ့မယ်..."
ရှောင်ဟန်သည် သူ့ နှုတ်မှ ထွက်ဆိုလိုက်သော ကတိစကားလုံးတိုင်းကို ရင်ထဲမှ အမှန်တကယ်ပင် သစ္စာဓိဋ္ဌာန်ပြု၍ ပြောဆိုခဲ့ခြင်း ဖြစ်ပေတော့သည်။
ကြားဖြတ်အခန်း: လွန် မျိုးနွယ်စု ၏ သမိုင်းကြောင်း...။
ဟိုးရှေးရှေးက... ကမ္ဘာဦးအစ ကျင့်ကြံခြင်းလောကတွင် ညီအစ်ကိုအရင်းနှစ်ဦး ရှိခဲ့ဖူးလေသည်။
ညီငယ်ဖြစ်သူ ကမူ လွန်စွာ တည်ငြိမ်ရင့်ကျက်ပြီး ဉာဏ်ပညာ အမြော်အမြင်ကြီးမားသည့်အပြင် သည်းခံနိုင်စွမ်းလည်း မြင့်မားလှပေရာ ဖခင်ဖြစ်သူ မျိုးနွယ်စုခေါင်းဆောင်ကြီး၏ ချစ်ခင်မြတ်နိုးမှုကို အပြည့်အဝ ရရှိထားသူ ဖြစ်သည်။ သို့သော် အစ်ကိုဖြစ်သူ ကမူ ထိုသို့မဟုတ်ဘဲ မောက်မာရိုင်းစိုင်းပြီး သွေးကြွတတ်သည့်အပြင် အဆင်အခြင်မဲ့စွာ ပြုမူတတ်သူ ဖြစ်၏။ သူသည် ဖခင်ဖြစ်သူအတွက်မူ မကုန်ခမ်းနိုင်သော ဒုက္ခ အိုးကြီးတစ်လုံး ဖြစ်ခဲ့ရရှာသည်။
ထိုအစ်ကိုဖြစ်သူသည် မိမိ၏ဆန္ဒအလိုအတိုင်း မတရားပြုမူရခြင်းကို အလွန်တရာ သဘောကျနှစ်ခြိုက်တတ်၏။ လောကီအာဏာစက်၊ မိန်းမလှများနှင့် ရွှေငွေရတနာ စည်းစိမ်ချမ်းသာ... ထိုအရာအားလုံးကို ရယူသုံးဖြန်းကာ အပျော်အပါး လောကီအာရုံများတွင် နစ်မွန်းနေရခြင်းကို သူ လွန်စွာ စွဲမက်ခဲ့သည်။ မိမိ၏ လောဘဇောကို ဖြည့်ဆည်းရန်အတွက် မည်သည့်ထိပ်သီး ပုဂ္ဂိုလ်များကိုပင် ရန်စမိပါစေ၊ သူ တစ်စုံတစ်ရာ ဂရုမစိုက်ခဲ့ချေ။ မိမိပြုမူလိုက်သော ဒုစရိုက်မှုများကြောင့် နောက်ဆက်တွဲ ခံစားရမည့် ကံကြမ္မာဆိုးများကိုလည်း သူ အရေးမစိုက်ခဲ့။ သူ့အတွက်မူ မိမိ၏ ကာမဂုဏ် လောဘတဏှာကို ဖြည့်ဆည်းနိုင်ရန်သာ အဓိက ဖြစ်ခဲ့ပေသည်။
ထိုသို့သော မိုက်မဲမှုများကပင် နောက်ဆုံးတွင် သူ့အား ကတ္တရာစေးကဲ့သို့ နက်မှောင်လှသော ပျက်စီးခြင်းတွင်းနက်ကြီးထဲသို့ တွန်းပို့လိုက်တော့သည်။
တစ်နေ့တွင်မူ... ထိုအစ်ကိုဖြစ်သူသည် မည်သို့မျှ ပြန်လည်ပြင်ဆင်၍မရနိုင်တော့သည့် ကြီးလေးသော အမှားတစ်ခုကို ကျူးလွန်မိခဲ့လေသည်။ သူသည် မိမိ၏ အတိုင်းအဆမရှိသော လောဘဇောနောက်သို့ လိုက်ရင်း ကျင့်ကြံခြင်းလောက၏ စည်းကမ်းချက်များကို အပြင်းအထန် ကျော်လွန်ဖောက်ဖျက်မိခဲ့၏။ ထိုအခါ ဖခင်ဖြစ်သူ မျိုးနွယ်စုခေါင်းဆောင်ကြီးသည် ဒေါသအမျက် ချောင်းချောင်းထွက်သွားကာ သူ့အား မျိုးနွယ်စုအတွင်းမှ အပြီးပိုင် မောင်းထုတ် လိုက်တော့သည်။ သူသည် ဤမြို့တော်ကို စွန့်ခွာသွားရမည်ဖြစ်ပြီး မည်သည့်အခါမျှ ပြန်လည်ခြေချခွင့် မရှိတော့ပေ။
သူ အဝေးသို့ နှင်ထုတ်ခံလိုက်ရပြီးနောက် ဖခင်ဖြစ်သူမှာလည်း အိုမင်းရင့်ရော်လာပြီဖြစ်ရာ... ဤလွန်မျိုးနွယ်စုတစ်ခုလုံး၏ အနာဂတ် ကံကြမ္မာသည် ဉာဏ်ပညာကြီးမားသော ညီငယ်ဖြစ်သူ၏ ပခုံးနှစ်ဖက်ထက်သို့ လေးလံစွာဖြင့် ကျရောက်လာရပါတော့သတည်း။
"မင်းတို့ သေသေချာချာ စုံစမ်းမိတာကော ဟုတ်ရဲ့လား..."
"သေချာပါတယ် မျိုးနွယ်စုခေါင်းဆောင်ကြီး... အဲဒီလူက သူ့ကိုယ်သူ ရှောင်နန် လို့ မိတ်ဆက်ခဲ့ပါတယ်... သူ့ရဲ့ ဝတ်ရုံကလည်း ရှောင်ဂိုဏ်း က တပည့်တွေ ဝတ်ဆင်လေ့ရှိတဲ့ ပုံစံမျိုးပါပဲ... သူက အဲဒီကျိန်စာသင့်နေတဲ့ ဂိုဏ်းနဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေတာကိုတော့ ကျွန်တော်မျိုးတို့ဘက်က သံသယဖြစ်စရာ လုံးဝမလိုပါဘူး ခင်ဗျာ..."
လွန်မျိုးနွယ်စု၏ အကြီးအကဲချုပ်ဖြစ်သူ လွန်ရှုသည် အောက်ခြေနောက်လိုက်များ၏ တင်ပြချက်ကို ကြားလိုက်ရချိန်တွင် မျက်မှောင်အစုံကို ပြင်းထန်စွာ ကြုတ်လိုက်မိ၏။ သူသည် မိမိ၏ ရှေ့မှောက်၌ ဒူးထောက်ဦးချနေသော လူနှစ်ဦးကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
"ဒါနဲ့... မင်းတို့က ရှောင်ဂိုဏ်းကလူနဲ့ ထိပ်တိုက်တိုးတာနဲ့တင် ခွေးမြီးကုတ်ပြီး ပျာပျာသလဲ ထွက်ပြေးခဲ့ကြတာပေါ့ ဟုတ်လား... ငါတို့အပိုင် ဖြစ်သင့်တဲ့ နေရာတစ်ခုကနေ မင်းတို့ကို မောင်းထုတ်သွားတာကို ဒီအတိုင်း ခေါင်းငုံ့ခံခဲ့ကြတယ်ပေါ့... မင်းတို့ဘက်က လူအင်အား အများကြီးရှိပြီး သူ့ဘက်က တစ်ယောက်တည်းပဲ ရှိတာကို တိုက်တောင်မတိုက်ဘဲ ထွက်ပြေးခဲ့ကြတယ်... မင်းတို့နှစ်ယောက်က ငါ့ကို အဲဒီလိုမျိုး အသုံးမကျတဲ့ အကြောင်းပြချက် လာပေးနေတာပေါ့ ဟုတ်လား..."
သူက စကားပြောဆိုရင်း သူ၏ ခန္ဓာကိုယ်ကြီးကို အစွမ်းကုန် မတ်မတ်ရပ်လိုက်၏။ သူသည် သာမန်အမျိုးသားများထက် အဆမတန် အရပ်မြင့်မားပြီး ထွားကျိုင်းတောင့်တင်းလှသော ကြွက်သားအစုံကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့ကြောင့် သူ၏ ရှေ့မှောက်၌ ဒူးထောက်နေရသော နောက်လိုက်နှစ်ဦးအတွက်မူ ၎င်းတို့၏ အရှင်သခင်သည် လွန်စွာ ခြောက်ခြားဖွယ်ကောင်းပြီး ဖိအားကြီးမားလှသော စစ်ဘုရင်တစ်ဦးအလား ထင်မှတ်နေမိတော့သည်။
"ကျွန်တော်မျိုးတို့မှာ တခြားရွေးချယ်စရာ မရှိခဲ့လို့ပါ မျိုးနွယ်စုခေါင်းဆောင်ကြီး..." အခြားနောက်လိုက်တစ်ဦးက မြေပြင်ပေါ်သို့သာ မျက်လုံးအစုံ အသေအချာ စိုက်ချထားရင်း တုန်ရီစွာဖြင့် ရှင်းပြလာရှာသည်။
"ရှောင်နန်ဆိုတဲ့လူက... အသက်အရွယ်အားဖြင့် ငယ်သေးတယ်ဆိုပေမဲ့... သူ၏ ချီစွမ်းအင် က နာမ်ဝိညာဉ်အလင်းပွင့် ခြင်း အဆင့် ကိုတောင် တက်လှမ်းရောက်ရှိနေပြီ ဖြစ်ပါတယ်... တကယ်လို့ ကျွန်တော်မျိုးတို့ဘက်က လူအယောက်နှစ်ဆယ်လောက် ရှိနေခဲ့ရင်တောင်မှ... သူ့ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး ခင်ဗျာ..."
နာမ်ဝိညာဉ်အလင်းပွင့် ခြင်း အဆင့် ဟုတ်လား...။
လွန်ရှုသည် လည်ချောင်းသံဖြင့် ဟိန်းဟောက်လိုက်ရင်း လက်ဝါးကို လက်သီးဆုပ်အဖြစ် တင်းကျပ်စွာ ဆုပ်လိုက်၏။
"ထွက်သွားစမ်း။" သူက ဒေါသတကြီး အမိန့်ပေးလိုက်သည်။ "ပြီးရင် လွန်ခိုင် ကို အခုချက်ချင်း ငါ့ဆီ လွှတ်လိုက်။ ငါ သူ့ကို ချက်ချင်း တွေ့ပြီး စကားပြောရမယ်။"
လွန်မျိုးနွယ်စုဝင် နောက်လိုက်နှစ်ဦးသည် ပျာပျာသလဲ ခေါင်းညိတ်ကာ အခန်းတွင်းမှ ကမန်းကတန်း ထွက်ခွာသွားကြတော့သည်။ ထိုအခါမှ လွန်ရှုသည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို လေးလံစွာ ချလိုက်မိ၏။
ရှောင်ဂိုဏ်း ဘက်မှ နာမ်ဝိညာဉ်အလင်းပွင့် ခြင်း အဆင့် သို့ ရောက်ရှိနေပြီးသား ကျင့်ကြံသူတစ်ဦးကို ဤအရပ်သို့ စေလွှတ်လိမ့်မည်ဟု သူ တစ်ခါမျှ တွေးမထားခဲ့မိချေ။ မူလကတည်းက အခြေအနေများမှာ ဆိုးဝါးနေခဲ့ပြီးသား ဖြစ်သော်လည်း ယခုအခြေအနေကမူ လွန်ရှုအတွက် အဆိုးဝါးဆုံးသော သေရေးရှင်ရေး အကျပ်အတည်းကြီး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ဤလွန်မျိုးနွယ်စုတစ်ခုလုံးတွင် နာမ်ဝိညာဉ်အလင်းပွင့် ခြင်း အဆင့် သို့ တက်လှမ်းနိုင်သူ တစ်ယောက်မျှ မရှိသေးချေ။
မျိုးနွယ်စု၏ အကြီးအကဲချုပ်ဖြစ်သော လွန်ရှုကိုယ်တိုင်ပင်လျှင် ထိုအဆင့်သို့ မရောက်သေးဘဲ နာမ်ဝိညာဥ်သန္ဓေတည်ခြင်း နဝမအဆင့် ၌သာ ရှိနေသေးသည်။ ကံဆိုးစွာဖြင့် သူသည် ထိုအဆင့်တွင် ပိတ်ဆို့နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်၏။
စင်စစ်မူ သူသည် ထိုအဆင့်ကို ကျော်ဖြတ်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
နာမ်ဝိညာဉ်အလင်းပွင့် ခြင်း အဆင့် သို့ ရောက်ရန် အလွန်နီးကပ်နေပြီဖြစ်ကြောင်း လွန်ရှုကိုယ်တိုင် သိသော်လည်း ထိုကျိန်စာသင့်လှသော မင်္ဂလာပွဲကြီး မတိုင်မီ ထိုအဆင့်သို့ တက်လှမ်းနိုင်ရန်မှာမူ စိတ္တဇအိပ်မက်တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
“ဟက် ဟက်…”
သူ၏ နှုတ်ခမ်းထက်မှ ခါးသီးလှသော ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။ တစ်ချိန်က အ့သူသည် လဆန်း မြို့ငယ်တွင် အင်အားအကြီးဆုံး ထိပ်သီးပုဂ္ဂိုလ်အဖြစ် လူအများ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရဖူးသည်။ ထိုစဉ်က 'ဟူ' မျိုးနွယ်စု၏ အကြီးအကဲချုပ်တစ်ဦးတည်းသာ သူနှင့် ရင်ပေါင်တန်းနိုင်သည့် ပြိုင်ဘက် ဖြစ်ခဲ့ဖူး၏။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်ကတည်းက လဆန်း မြို့ငယ်၏ အဓိက အင်အားကြီး အုပ်စုနှစ်စုမှာ လွန်မျိုးနွယ်စုနှင့် ဟူမျိုးနွယ်စုတို့သာ ဖြစ်ကြသည်။ ထိုမျိုးနွယ်စုနှစ်ခုသည် တစ်ခုနှင့်တစ်ခု အမြဲတစေ အားပြိုင်စိန်ခေါ်ခဲ့ကြပြီး မည်သည့်ဘက်ကမျှ အပြတ်အသတ် အသာစီးမရခဲ့ကြချေ။ တစ်ခါတရံတွင် လွန်မျိုးနွယ်စုက အနိုင်ရရှိပြီး၊ တစ်ခါတရံတွင်မူ ဟူမျိုးနွယ်စုက အောင်ပွဲခံတတ်သည်။ ထိုသို့ဖြင့် သူတို့ကြားမှ ရန်ငြိုးသံသရာသည် အဆုံးမသတ်ဘဲ ဆက်လက်လည်ပတ်နေခဲ့၏။ ၎င်းမှာ ဤမြို့တော်၏ သဘာဝနိယာမတစ်ခုလို ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အမှန်အတိုင်း ဝန်ခံရလျှင် လွန်ရှုအနေဖြင့် ၎င်းတို့ကြားမှ ထိုသို့ အပြန်အလှန် ပြိုင်ဆိုင်ရသည့် အခြေအနေကို စိတ်ထဲမှ တိတ်တဆိတ် သဘောကျနှစ်ခြိုက်ခဲ့ဖူးပေသည်။
ထို့နောက်တွင်မူ ရှောင်ဂိုဏ်း က ဤအရပ်သို့ ခြေဆန့်ဝင်ရောက်လာခဲ့တော့သည်။
၎င်းတို့သည် မည်သည့်အရပ်က မှန်းမသိဘဲ ရုတ်တရက် ပေါ်ပေါက်လာပြီး လဆန်း မြို့ငယ်တွင် ဂိုဏ်းခွဲတစ်ခုကို တည်ထောင်ခဲ့ကြ၏။ ထို့နောက် တပည့်များကို စတင်စုဆောင်းလာပြီး လွန်မျိုးနွယ်စု၏ အဓိက စီးပွားရေးဖြစ်သော သံမဏိခွံသစ်ပင်များ အရောင်းအဝယ်လုပ်ငန်းအတွင်းသို့ပါ အတင်းအဓမ္မ ဝင်ရောက်စွက်ဖက် နှောင့်ယှက်လာခဲ့ကြသည်။
ပုံမှန်အားဖြင့်ဆိုလျှင်မူ လွန်မျိုးနွယ်စုသည် ၎င်းတို့၏ စီးပွားရေးကို ဝင်ရောက်နှောင့်ယှက်သူမှန်သမျှကို ဤမြို့တွင်းမှ အပြီးပိုင် မောင်းထုတ်ပစ်လေ့ရှိသည်။ ၎င်းမှာ အတိတ်ကာလကလည်း သူတို့ မကြာခဏ ပြုလုပ်ခဲ့ဖူးသည့် အရာပင်ဖြစ်သည်။ သို့သော်... ရှောင်ဂိုဏ်း၏ အင်အားကမူ အလွန်တရာ ကြီးမားလွန်းလှပေသည်။
အကြောင်းမှာ ရှောင်ဂိုဏ်းတွင် ရှောင်ဒင် ရှိနေသောကြောင့် ဖြစ်၏။
ထိုစိတ်အနှောင့်အယှက်ပေးတတ်သော လူကြီးသည်နာမ်ဝိညာဉ်သန္ဓေတည်အဆင့် ရှိသယောင် ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတတ်သော်လည်း နာမ်ဝိညာဉ်အလင်းပွင့် ခြင်း ဒုတိယအဆင့် သို့ တက်လှမ်းထားနိုင်သူဖြစ်ရာ လဆန်း မြို့ငယ်တစ်ခုလုံးတွင် အင်အားအကြီးဆုံး ထိပ်သီးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် လွန်ရှုဖြစ်စေ၊ ဟူမျိုးနွယ်စု၏ အကြီးအကဲချုပ်ဖြစ်စေ ၎င်းကို မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ကြချေ။ ထိုစဉ်က အကယ်၍ ၎င်းတို့ မျိုးနွယ်စုနှစ်ခုစလုံး အင်အားချင်း ပူးပေါင်းခဲ့မည်ဆိုလျှင်ပင် ရှောင်ဂိုဏ်းကို ဤမြို့ပြင်သို့ မောင်းထုတ်နိုင်လိမ့်မည်ဟု မည်သူမျှ အာမခံနိုင်ခြင်း မရှိခဲ့ပါ။
ထို့ကြောင့် တခြားရွေးချယ်စရာ လုံးဝမရှိတော့သည့်အဆုံး သူတို့ အံတင်းတင်းကြိတ်ကာ ရှောင်ဂိုဏ်း၏ တည်ရှိမှုကိုသာ တိတ်တဆိတ် ရင်စည်းခံခဲ့ကြရတော့သည်။
လွန်ရှုက သက်ပြင်းအရှည်ကြီး တစ်ချက်ကို ထပ်မံချလိုက်မိ၏။
ဤသည်မှာ ... အလွန် ကြီးမားလှသော အမှားတစ်ခု ဖြစ်ခဲ့လေသည်။
မည်သူကမျှ တားဆီးပိတ်ပင်ခြင်း မရှိခဲ့သောကြောင့် ရှောင်ဂိုဏ်းသည် ၎င်းတို့၏ ဩဇာအာဏာစက်ကို လဆန်း မြို့ငယ်တစ်ခုလုံး၌ လျှပ်စီးလက်သည့်အလား အရှိန်အဟုန်ဖြင့် ဖြန့်ကြက်နိုင်ခဲ့သည်။ မူလက ဤမြို့တော်ကို လွန်မျိုးနွယ်စုနှင့် ဟူမျိုးနွယ်စုတို့ကသာ နှစ်ခြမ်းခွဲ၍ အစိုးရခဲ့ကြသော်လည်း၊ ယခုအခါတွင်မူ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့ပိုင်ဆိုင်သမျှသော မြေအမြောက်အမြားကို ထိုတတိယအင်အားစုကြီးက သိမ်းပိုက်လွှမ်းမိုးသွားခဲ့ပြီ ဖြစ်ပေတော့သည်။
လွန်မျိုးနွယ်စုနှင့် ဟူမျိုးနွယ်စုတို့အပေါ် ရန်ငြိုးအတေး ရှိထားကြသူများသည် ရှောင်ဂိုဏ်း ဘက်သို့ အလျင်အမြန်ပင် ဝင်ရောက်ပူးပေါင်းခဲ့ကြသည်။ ထို့ပြင် အခွင့်အရေးရှာလိုသူများသည်လည်း မြို့တော်၏ ကြီးမားသော အင်အားစုနှစ်ခု၏ ဖိနှိပ်ချုပ်ချယ်မှုမှ ကင်းလွတ်ကာ သူတို့ကိုယ်သူတို့ မြှင့်တင်နိုင်ရန်အတွက် ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြ၏။ နောက်ဆုံးတွင်မူ လက်တွေ့ဆန်လှသော အခြေအနေကို ကြည့်တတ်သူများသည် မည်သည့်ဘက်က လေပြင်းတိုက်ခတ်နေသည်ကို ရိပ်မိကြသဖြင့် ရှောင်ဂိုဏ်း၏ အရှေ့၌ ဦးညွှတ်ခေါင်းငုံ့ခဲ့ကြတော့သည်။
ဤသို့ဖြင့် တရွေ့ရွေ့နှင့် တစ်စစချင်းပင် ရှောင်ဂိုဏ်းသည် လဆန်း မြို့ငယ်တစ်ခုလုံးကို သိမ်းပိုက်လွှမ်းမိုးလာခဲ့သည်။
လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားမည်ဆိုပါက လွန်ရှုအနေဖြင့် တစ်စုံတစ်ရာ ထိရောက်စွာ မတုံ့ပြန်နိုင်လျှင် သူ မြေးကလေးများ မရခင်အချိန်မှာပင် လွန်မျိုးနွယ်စု၏ အာဏာစက်အားလုံး ပျောက်ဆုံးပျက်စီးသွားပေလိမ့်မည်။ အခြေအနေများမှာ ထိုမျှလောက်အထိ ဆိုးဝါးနေခြင်း ဖြစ်၏။ အကယ်၍ လွန်ရှုသာ ရှောင်ဂိုဏ်း၏ အရှိန်အဟုန်ကို တားဆီးနိုင်မည့် နည်းလမ်းတစ်ခုခုကို ရှာမတွေ့ခဲ့ပါက လွန်မျိုးနွယ်စုသည် မျိုးဆက်အနည်းငယ်အတွင်းမှာပင် ကျင့်ကြံခြင်းလောကမှ လုံးဝ ဥဿုံ ပျောက်ကွယ်သွားရပေလိမ့်မည်။
မူလကတော့... အကြံအစည်တခုက ဤအခြေအနေဆိုးကို ရပ်တန့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း...
"အဖေ... ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ဗျ..."
လွန်ရှု လှည့်ကြည့်လိုက်သောအခါ သားဖြစ်သူ လွန်ခိုင်သည် အခန်းတွင်းသို့ လှမ်းဝင်လာခဲ့ပြီ ဖြစ်သည်။ လွန်ခိုင်သည် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦး မဟုတ်သေးသော်လည်း၊ ဖခင်ဖြစ်သူကဲ့သို့ပင် ရှည်လျားသော မျက်နှာကျနှင့် ထွားကျိုင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် သူ့အသက်ထက် ပို၍ ရင့်ကျက်တည်ငြိမ်သည့် အသွင်ပေါက်နေ၏။
"ထိုင်ဦး သား..."
လွန်ရှုက ဆိုလိုက်သည်။
"ငါ သတင်းဆိုးတစ်ခု ရထားတယ်..."
သူသည် သားဖြစ်သူ နေရာတကျ ထိုင်သည်ကိုပင် မစောင့်တော့ဘဲ စကားကို ဆက်လိုက်၏။
"ဒီနေ့ပဲ ရှောင်ဂိုဏ်းရဲ့ အဓိကဂိုဏ်းမကြီးဆီက လူတစ်ယောက် ဒီမြို့ကို ရောက်လာခဲ့ပြီ။ သေချာတာကတော့... အဲဒီလူဟာ ဒီမင်္ဂလာပွဲကြီးကို ဘယ်သူကမျှ ကြားဖြတ်နှောင့်ယှက်လို့မရအောင် အကာအကွယ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာတာပဲ ဖြစ်ရမယ်..."
လွန်ရှုအတွက်မူ ဤသို့စဉ်းစားခြင်းကသာ တစ်ခုတည်းသော သဘာဝအကျဆုံး ကောက်ချက်ဖြစ်ပေသည်။ ရှောင်ဒုန်းနှင့် ဟူမေလီတို့၏ မင်္ဂလာပွဲသည် လဆန်းမြို့ငယ်အပေါ် ရှောင်ဂိုဏ်း၏ ချုပ်ကိုင်မှုကို ပိုမိုခိုင်မာတောင့်တင်းသွားစေမည်မှာ မြေကြီးလက်ခတ်မလွဲပေ ဖြစ်သည်။ ထိုအရာ ပြီးမြောက်သွားသည်နှင့် နောက်ကြောင်းပြန်လှည့်ရန် လုံးဝလမ်းမရှိတော့ချေ။ ထို့ကြောင့် ရှောင်နန်ဟု သိကြသည့် ထိုကျင့်ကြံသူသည် မင်္ဂလာပွဲကြီး အောင်မြင်ချောမွေ့စွာ ပြီးဆုံးစေရန်အတွက် လဆန်းမြို့ငယ်သို့ ရောက်ရှိစောင့်ကြပ်နေခြင်း ဖြစ်ရမည်။
"တောက် ...မကောင်းဆိုးဝါး ရှောင်ဂိုဏ်း..."
လွန်ခိုင်က သွားကိုကြိတ်ကာ ဟိန်းဟောက်လိုက်၏။ လွန်ရှုအနေဖြင့် သားဖြစ်သူ၏ ဒေါသတရားကို သဘောကျသော်လည်း၊ ကံဆိုးစွာပင် ထိုဒေါသ၏ နောက်ကွယ်က ရည်ရွယ်ချက်ကိုမူ သဘောမကျနိုင်ခဲ့ချေ။
"ကျွန်တော်တို့ ဘာမှလုပ်လို့မရတော့ဘူးလား အဖေ... ဟူမေလီကို အဲဒီလူရိုင်းတွေလက်ထဲကနေ မဖြစ်ဖြစ်အောင် ကယ်တင်ရမယ်။ သူ့အဖေ က အဲဒီလိုတိရစ္ဆာန်လိုကောင် ရှောင်ဒုန်းနဲ့ အတင်းအဓမ္မ ပေးစားရက်တယ်ဆိုတာ ကျွန်တော် တကယ် မယုံနိုင်ဘူး..."
လွန်ရှုတစ်ယောက် သူ့သားထံမှ ကြားရသည့်စကားကို စိတ်ပျက်နေသည်။ သူသည် မျိုးနွယ်စုခေါင်းဆောင်တစ်ဦးဖြစ်၍ ထိုကဲ့သို့ ကလေးဆန်သော အမူအရာမျိုးကို မလုပ်ချင်သော်လည်း...
အတွင်းစိတ်ထဲတွင်မူ သူ့သားကို ဤမျှ မိန်းမမွှန်ရပါ့မလား ဟု ပြောပစ်ချင်စိတ် ပေါက်နေမိသည်။
ဟူမေလီအပေါ် ထားရှိသည့် သားဖြစ်သူ၏ အချစ်စိတ်များမှာ အမြဲတမ်း အထင်အရှား ရှိနေခဲ့ခြင်း ဖြစ်၏။ လွန်ခိုင် ငယ်ရွယ်စဉ်ကမူ လွန်ရှုအနေဖြင့် ၎င်းကို သာမန်ကလေးကလား သံယောဇဉ်မျှသာဟု သတ်မှတ်ကာ အရေးမစိုက်ခဲ့ချေ။ သို့သော် ထိုအခြေအနေသည် ရှောင်ဂိုဏ်း၏ ဖိအားကြောင့် ၎င်းတို့ မျိုးနွယ်စု ကျဉ်းထဲကျပ်ထဲသို့ မရောက်ရှိမီအချိန်က ဖြစ်သည်။ အကျပ်အတည်းနှင့် ရင်ဆိုင်လိုက်ရချိန်တွင်မူ လွန်ရှုသည် သားဖြစ်သူ၏ ထိုအချစ်စိတ်များက မျိုးနွယ်စု၏ အကျိုးစီးပွားအတွက် မည်မျှအထိ အသုံးဝင်နိုင်ကြောင်းကို ကောင်းစွာ ရိပ်မိသွားခဲ့၏။
အပြင်ပန်းကြည့်လျှင်မူ လွန်ခိုင်နှင့် ဟူမေလီတို့၏ စေ့စပ်ကြောင်းလမ်းမှုသည် စစ်မှန်သော မေတ္တာတရားမှ ပေါက်ဖွားလာခြင်းဟု ထင်ရသော်လည်း၊ အမှန်တရားမှာ ထိုထက်မက ပို၍ နက်နဲလှပေသည်။ လဆန်း မြို့ငယ်အတွင်း၌ ရှောင်ဂိုဏ်း၏ ဩဇာအာဏာ တရိပ်ရိပ် ကြီးထွားလာမှုကို ရင်ဆိုင်ရန်အတွက် လွန်ရှုသည် ဟူမျိုးနွယ်စု၏ အကြီးအကဲချုပ်နှင့် တိတ်တဆိတ် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ဖူး၏။ အပြင်းအထန် ဆွေးနွေးတိုင်ပင်ကြပြီးနောက် ၎င်းတို့နှစ်ဦးသည် ရှောင်ဂိုဏ်းကို ပူးပေါင်းဆန့်ကျင်ရန်အတွက် အင်အားချင်း ဓားသွားချင်း ထပ်ကြရန် သဘောတူညီခဲ့ကြသည်။ ၎င်းတို့၏ သားသမီးချင်း လက်ထပ်ထိမ်းမြားပေးခြင်းက ထိုလျှို့ဝှက်မဟာမိတ်အဖွဲ့ကို ပိုမိုခိုင်မာသွားစေမည့် သက်သေတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုသို့ဖြင့် မျိုးနွယ်စုနှစ်ခုစလုံးသည် တစ်ခုတည်းသော သံလက်သီးအလား အသွင်ပြောင်းလဲသွားကြရမည် ဖြစ်ပေသည်။
ထိုအစီအစဉ်ကား ၎င်းတို့ လျှောက်လှမ်းရန် သတ်မှတ်ထားသော ကံကြမ္မာလမ်းစဉ် ဖြစ်ခဲ့သင့်ပေသည်။
သို့သော်လည်း... ၎င်းတို့သည် သစ္စာဖောက်ခြင်းကို ခံလိုက်ရရှာ၏。
မင်္ဂလာပွဲကြီးကို လူသိရှင်ကြား မကြေညာနိုင်သေးမီမှာပင် 'ဟူ' မျိုးနွယ်စုသည် ၎င်းတို့၏ ကတိသစ္စာကို ဖျက်ပယ်ကာ ကျောခိုင်းသွားခဲ့ကြသည်။ ထိုစေ့စပ်ပွဲကြီးမှာ ရုတ်ချည်း ပျက်စီးသွားခဲ့ရ၏။ ဟူမေလီသည် လွန်ခိုင်နှင့် လက်ထပ်ရမည့်အစား ရှောင်ဂိုဏ်းခွဲချုပ်၏ သားဖြစ်သူ ရှောင်ဒုန်းနှင့် လက်ထပ်ထိမ်းမြားရန် အလှည့်အပြောင်း ဖြစ်သွားခဲ့လေသည်。
၎င်းတို့ထံ ပေးပို့လာသော သတင်းစကားမှာ အလွန်တရာ ရှင်းလင်းလှပေသည်။ ဟူမျိုးနွယ်စုသည် ၎င်းတို့ကို လုံးဝ အောက်ခြေလွတ် စွန့်ပစ်လိုက်ပြီ ဖြစ်၏။ ၎င်းတို့သည် လွန်မျိုးနွယ်စုကို အထီးကျန်စွာဖြင့် တဖြည်းဖြည်း မွဲတေပျက်စီးသွားမည့် လမ်းသို့ တွန်းပို့ကာ၊ ရှောင်ဂိုဏ်း၏ အခြေအောက်၌ ဒူးထောက်ခေါင်းငုံ့ရန် ရွေးချယ်သွားခဲ့ကြခြင်း ဖြစ်ပေသည်။ လွန်မျိုးနွယ်စုအတွင်းရှိ ကျင့်ကြံသူမှန်သမျှ ထိုအချက်ကို ကောင်းစွာ သဘောပေါက် နားလည်ကြ၏။
သို့သော်... သူ၏ မိုက်မဲသော သားဖြစ်သူတစ်ယောက်သာ ထိုအမှန်တရားကို မျက်ကွယ်ပြုနေဆဲ ဖြစ်သည်။
"မင်းရဲ့ ကလေးကလား အချစ်စိတ်တွေထက်... ဒီကိစ္စက မျိုးနွယ်စုတစ်ခုလုံးရဲ့ အသက်သွေးကြောနဲ့ ဆိုင်နေတယ်ဆိုတာ ငါ မင်းကို ဘယ်နှစ်ကြိမ်မြောက်အောင် ထပ်ပြောရဦးမလဲ..."
"ဒါပေမဲ့ အဖေရယ်... သနားစရာကောင်းတဲ့ ဟူမေလီတစ်ယောက် အခုအချိန်မှာ ဘယ်လောက်တောင် ဒုက္ခရောက်နေမလဲဆိုတာ ကျွန်တော် ဘယ်လိုလုပ် မျက်ကွယ်ပြုထားနိုင်မှာလဲဗျာ..."
သားဖြစ်သူက ခေါင်းမာစွာဖြင့် ပြန်လည်ခြေပလာ၏။
၎င်းမှာ ၎င်းတို့ သားအဖနှစ်ဦးကြားတွင် အကြိမ်ကြိမ် အထပ်ထပ် ဖြစ်ပွားနေခဲ့သော စိတ်ပျက်စရာကောင်းသည့် အငြင်းပွားမှုဟောင်းကြီးသာ ဖြစ်ပေသည်။ သူ၏ သားသည် အချစ်စိတ်နောက်သို့သာ မိုက်မိုက်ကန်းကန်း ကန်းကန်းပိတ်လိုက်နေသဖြင့် ထိုထက်ပို၍ အမြော်အမြင်မရှိလှချေ။ သူသည် ရှောင်ဒုန်းကို မိမိ၏ သတို့သမီးလောင်းကို လုယူသွားသည့် လူဆိုးကြီးတစ်ကောင်အလား မြင်နေပြီး၊ ဟူမေလီကိုမူ ကယ်တင်ခြင်းကို စောင့်မျှော်နေရရှာသည့် ဖြူစင်အပြစ်ကင်းသော မိန်းမပျိုလေးတစ်ဦးအဖြစ်သာ စိတ်ကူးယဉ် ပုံဖော်နေမိတော့သည်။
သို့သော် အမှန်တရားမှာမူ ထိုမိန်းကလေးသည် မည်သည့်ဒုက္ခဝေဒနာမျှ ခံစားနေရခြင်း မရှိပေ။ ပို၍ တိတိကျကျ ပြောရလျှင် သူမသည် လက်ရှိအခြေအနေမှတစ်ဆင့် ရရှိလာမည့် လောကီစည်းစိမ်နှင့် အကျိုးအမြတ်များကိုပင် လက်ခုပ်တီး၍ သိမ်းပိုက်ရန် ပြင်ဆင်နေလောက်ပြီ ဖြစ်၏။
"ဒီမင်္ဂလာပွဲကြီး ပျက်စီးသွားအောင် ကျွန်တော်တို့ တစ်ခုခုတော့ မဖြစ်မနေ လုပ်ရမယ် ဖခင်ကြီး။"
"အဲဒီအချက်တစ်ခုမှာတော့ ငါလည်း မင်းနဲ့ သဘောထားချင်း တိုက်ဆိုင်ပါတယ်..." ဟု လွန်ရှုက ဆိုလိုက်၏။
အကယ်၍ 'ဟူ' မျိုးနွယ်စုသာ ရှောင်ဂိုဏ်း ၏ အခြေအောက်သို့ လုံးဝ ဥဿုံ ဒူးထောက်ဝင်ရောက်သွားမည်ဆိုလျှင်... ၎င်းတို့ ပိုင်ဆိုင်သမျှသော အစွမ်းသတ္တိများနှင့် အရင်းအမြစ်အားလုံးကို ရှောင်ဂိုဏ်းထံသို့ ပုံအပ်ရန် တကယ်ပဲ ကြံစည်နေကြသည်ဆိုလျှင်... လွန်ရှုအနေဖြင့် ထိုနောက်ဆက်တွဲ ကံကြမ္မာဆိုးကို တွေးရုံမျှဖြင့်ပင် ရင်လေးမိတော့သည်။
"ဒါပေမဲ့လည်း... ဒီကိစ္စမှာ လက်ရုံးရည် သက်သက်နဲ့ အကြမ်းဖက်တဲ့ နည်းလမ်းကို သုံးဖို့ ကြိုးစားနေတာက ဘာမှအသုံးဝင်မှာ မဟုတ်ဘူး... အခု ရောက်လာတဲ့ ရှောင်နန်ဆိုတဲ့လူက နာမ်ဝိညာဉ်အလင်းပွင့် ခြင်း အဆင့် မှာ ရှိနေတာလေ... ဒါက ဂိုဏ်းခွဲချုပ် ရှောင်ဒင်နဲ့ အဆင့်ချင်း တူတူပဲ... ငါတို့ လွန်မျိုးနွယ်စုမှာ အဲဒီလို အဆင့်မြင့် ကျင့်ကြံသူတွေကို ယှဉ်ပြိုင်နိုင်မယ့် အင်အားမျိုး မရှိသေးဘူး..."
"ဒါဆိုရင် အဖေကျွန်တော်တို့ကို ဒီအတိုင်းပဲ လက်မြှောက်အရှုံးပေးပြီး သေမယ့်ရက် စောင့်နေခိုင်းတာလား... ကျွန်တော်လွန်ခိုင်အနေနဲ့တော့ အဲဒီလိုမျိုး အောက်ကျို့မှုကို လုံးဝ လက်မခံနိုင်ဘူး။"
"ကောင်းပြီလေ..." လွန်ရှု၏ စကားကြောင့် သားဖြစ်သူမှာ အံ့ဩတကြီး ဖြစ်သွားရတော့သည်။
"မင်းအနေနဲ့ အရှုံးမပေးချင်တာ ကောင်းတယ်... ဒါတွေအားလုံးရဲ့ ဆိုလိုရင်းကတော့ ငါတို့အနေနဲ့ အောင်ပွဲကို ဆုပ်ကိုင်နိုင်ဖို့အတွက် ဉာဏ်ရှိရှိနည်းလမ်းတွေကို သုံးရလိမ့်မယ်... ငါတို့ လက်ချက်မှန်းဘယ်သူကမျှ နောက်ကြောင်းလိုက်လို့ မရနိုင်မယ့် နည်းလမ်းမျိုးပေါ့..."
လွန်ခိုင်မှာ ဘာကိုဆိုလိုမှန်း ဝေခွဲမရဘဲ ကြောင်တောင်တောင်ဖြင့် မျက်တောင်ခတ်နေမိ၏။
"ဘယ်လို နည်းလမ်းမျိုးကို ပြောတာလဲ အဖေ..."
လွန်ရှုက မျက်လုံးများကို အသာမှိတ်လိုက်ရင်း အသက်ကို ဝဝရှူလိုက်သည်။
"ပုံမှန်ဆိုရင်တော့... မျိုးနွယ်စုရဲ့ ဒီလျှို့ဝှက်ချက်ကြီးကို မင်းကို ပြောပြဖို့အတွက် နောက်ထပ် နှစ်အနည်းငယ်လောက်အထိ ငါ စောင့်ဦးမှာ... မင်းက ဒီလျှို့ဝှက်ချက်ကို ထိန်းချုပ်နိုင်လောက်အောင်အထိ ရင့်ကျက်မှု မရှိသေးဘူးလို့ ငါ ယုံကြည်ထားလို့ပဲ... ဒါပေမဲ့ အခု လက်ရှိ အကျပ်အတည်း အခြေအနေက ငါ့ကို ဖိအားပေးလာခဲ့ပြီ... မင်းအနေနဲ့လည်း ဒီအမှန်တရားကို ဆက်ပြီး မသိချင်ယောင်ဆောင်နေလို့ မရတော့ဘူး..."
"အဖေ.. ကျွန်တော် တကယ်ပဲ နားမလည်တော့ဘူး... ဒါက... ဟို.သူယောင်..အဲ အဲ့ကိစ္စ.နဲ့ ပတ်သက်နေတာလား ခင်ဗျာ..."
“ဟိတ်ကောင် ...မင်းအပြောအဆိုသတိထားစမ်း ...မင်းပါးစပ်က အဲ့ကိစ္စကို ယောင်လို့တောင် ထုတ်မပြောနဲ့။" လွန်ရှုက လေသံကို နှိမ့်ချရင်း မြွေတစ်ကောင်အလား တရှူးရှူး ဟိန်းဟောက်လိုက်၏။
"နှုတ်ကနေ မဟနဲ့။ တိုးတိုးတိတ်တိတ်တောင် မပြော နဲ့။ ဒီနေရာမှာ ဖြစ်နေရင်တောင်မှ... ငါတို့ မျိုးနွယ်စုဝင်တွေ ကြားထဲမှာပဲ ရှိနေရင်တောင်မှ... မင်းပါးစပ်မင်းလုံအောင်ပိတ်ထား..."
လွန်ခိုင်သည် ဖခင်ဖြစ်သူ၏ ငေါက်ငမ်းမှုကြောင့်လန့်ဖျပ်ကာ ခေါင်းကို ချက်ချင်း ငုံ့ချလိုက်ရှာသည်။
"ကျွန်တော် နားလည်ပါပြီ... အဖေ..."
လွန်ရှုသည် သားဖြစ်သူထံသို့ စူးစိုက်သော အကြည့်ကို မရုပ်သိမ်းဘဲ၊ ထိုလူငယ်လေး မိမိ၏ အမှားကို သိမြင်ကာ သင့်တင့်လျောက်ပတ်စွာ ထိတ်လန့်သွားသည့်အချိန်အထိ ခေတ္တမျှ စိုက်ကြည့်နေမိ၏။
"ကောင်းပြီ..."
ဟု သူက ဆိုလိုက်သည်။
"နောက်တစ်ကြိမ် အခုလိုမျိုး မိုက်မဲတဲ့ အမှားမျိုး ထပ်မံမကျူးလွန်မိစေနဲ့..."
"ဟုတ်ကဲ့ပါ အဖေ..."
"ဒါပေမဲ့လည်း..."
လွန်ရှုက လေသံကို အနည်းငယ် လျှော့ချရင်း ဖြည့်စွက်ပြောဆိုလာ၏။
"မင်း အစောက ပြောမလို့ လုပ်ခဲ့တဲ့ စကားက လုံးဝမှားနေတာတော့ မဟုတ်ဘူး။ အဲဒါကပဲ ငါတို့ အခုလိုမျိုး လှုပ်ရှားမှုတစ်ခုကို မဖြစ်မနေ ပြုလုပ်ရတော့မယ့် အဓိက အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ... တကယ်လို့ ဒီတိုင်း လက်ပိုက်ကြည့်နေဦးမယ်ဆို ငါတို့မျိုးနွယ်စုက ဒီမြို့မှာ ဘုံပျောက်သွားလိမ့်မယ်
အကယ်၍သာ မဟာမိတ်မင်္ဂလာပွဲကြီးသည် သတ်မှတ်ထားသော ရက်ထက် တစ်ရက်မျှ နောက်ကျ၍ ဖြစ်ပွားမည်ဆိုလျှင်ပင်... လွန်ရှုအနေဖြင့် ယခုကဲ့သို့ အကျပ်ရိုက်နေစရာအကြောင်းမရှိပေ။ သို့သော်လည်း... ရှောင်ဂိုဏ်းက ထိုနေ့ရက်ကိုမှ ကွက်တိရွေးချယ်၍ မင်္ဂလာပွဲ ကျင်းပရန် စီစဉ်နေခြင်းမှာလည်း သွေးရိုးသားရိုးတော့မဖြစ်နိူင် ။ဤလျှို့ဝှက်ချက်ကြောင့်ပင် ဖြစ်ရမည်။
"ငါတို့အနေနဲ့ ဒီမင်္ဂလာပွဲကြီး ပျက်စီးသွားအောင် နည်းလမ်းပေါင်းစုံ သုံးပြီး တားဆီးရမယ်..."
လွန်ရှုက ဆိုလိုက်ရာ သူ၏ မျက်နှာထက်တွင် အလွန်တရာ တည်ကြည်လေးနက်ပြီး အေးစက်လှသော အရိပ်အယောင်များ လွှမ်းမိုးသွားတော့သည်။
"ပြောစမ်းပါဦး သား... မင်း ဝံပုလွေနက်အဖွဲ့အကြောင်းကို ဘာတွေ သိထားသလဲ..."
လွန်ခိုင်၏ မျက်နှာသည် ထိုအမည်ကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရွံရှာစက်ဆုပ်မှုများကြောင့် ချက်ချင်းပင် ရှုံ့မဲ့သွားတော့၏။
"သူတို့ကတော့... သူခိုးဓားပြတွေ၊ လူသတ်သမားတွေနဲ့ သွေးကြောင်တဲ့ ကောင်တွေ စုဝေးနေတဲ့ အောက်တန်းစား အစုအဖွဲ့တစ်ခုပဲ မဟုတ်လား ခင်ဗျာ..."
၎င်းမှာ မျှော်လင့်ထားပြီးသား အဖြေတစ်ခုပင်။ သာမန်လူတစ်ယောက်အနေဖြင့် ပေးမည့် ပုံမှန်အဖြေမျိုးလည်း ဖြစ်ပေသည်။ လဆန်း မြို့ငယ်တွင် နေထိုင်ကြသော သာမန်လူမှန်သမျှသည် ထိုအဖွဲ့အကြောင်းကို ဤသို့သာ အဖြေပေးကြမည်မှာ သဘာဝကျလှပေသည်။
"အေး အခု... ငါ မင်းကို အဲဒီအဖွဲ့ရဲ့ နောက်ကွယ်က တကယ့်အမှန်တရားကို ပြောပြမယ်..."
"ဟိုးအရင်က... ညီအစ်ကိုနှစ်ယောက်ရှိတယ်ကွ ... အစ်ကိုဖြစ်သူက မျိုးနွယ်စုအတွင်းကနေ အဝေးကို နှင်ထုတ်ခြင်း ခံခဲ့ရပြီး... ညီငယ်ဖြစ်သူကပဲ မျိုးနွယ်စုရဲ့ တရားဝင် အမွေခံသခင်လေး ဖြစ်လာခဲ့တာပေါ့..."
ထိုအဝေးသို့ နှင်ထုတ်ခံလိုက်ရသော အစ်ကိုဖြစ်သူသည် ကျင့်ကြံခြင်းလောက၏ နယ်ပယ်အသီးသီးသို့ လှည့်လည်သွားလာရင်း ဤမြေကမ္ဘာကြီး မည်မျှအထိ ကျယ်ပြောလှသည်ကို သိမြင်နားလည်ခဲ့ရသည်။ သူသည် လောကကြီးကို ပိုမိုမြင်တွေ့လာရလေလေ... သူတို့မျိုးနွယ်စု၏ တည်ရှိမှုမျိုးမှာ မည်မျှအထိ သေးငယ်လွန်းပြီး သနားစရာကောင်းလှသည်ကို ပို၍ ရိပ်မိလာလေလေ ဖြစ်၏။ သူ့ပါရမီမျိုးဖြင့် ကျင့်ကြံခြင်းလောက၏ အထွတ်အထိပ်သို့ တက်လှမ်းရန်မှာ မည်သို့မျှ မဖြစ်နိုင်သော အရာဟူ၍ ထိုအစ်ကိုဖြစ်သူက အခိုင်အမာ ယုံကြည်သွားခဲ့သည်။
ထို့ကြောင့်ပင်... ထိုအစ်ကိုဖြစ်သူသည် အမှန်တကယ်ပင် အစွမ်းထက်လှသော ထိပ်သီးကျင့်ကြံသူများ စုဝေးရာ အင်အားကြီးနယ်မြေများကို ဝေးဝေးမှ ရှောင်ရှားတတ်ရန် သင်ယူခဲ့ပြီး... မိမိထက် အားနည်းပြီး အကာအကွယ်မဲ့နေသော သာမန်လူများကိုသာ ပစ်မှတ်ထား၍ ရက်စက်စွာ လုယက်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့တော့သည်။ ကာလအတန်ကြာသောအခါ သူ၏ဘေးနားတွင် မိမိနှင့် စိတ်သဘောထားချင်း တိုက်ဆိုင်သော လူဆိုးလူမိုက် အမြောက်အမြား စုဝေးရောက်ရှိလာခဲ့ကြ၏။ အချိန်အနည်းငယ် ထပ်မံကုန်လွန်သွားချိန်တွင်မူ သူသည် မိမိ၏ဖခင်ကြီး ကွယ်လွန်သွားခဲ့ပြီဟူသော သတင်းကို ကြားသိလိုက်ရသဖြင့် မိမိ၏ မွေးရပ်မြေမြို့တော်ဆီသို့ ကွယ်ရာမှ လျှို့ဝှက်စွာဖြင့် ပြန်လည်ခြေချလာခဲ့တော့သည်။
ထိုသို့ဖြင့်... အချိန်အတော်ကြာ ကွဲကွာနေခဲ့ကြသော အစ်ကိုဖြစ်သူနှင့် ညီငယ်ဖြစ်သူတို့သည် နောက်ထပ်တစ်ကြိမ် ပြန်လည်ဆုံတွေ့ခွင့် ရရှိခဲ့ကြလေသည်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီဖြစ်ရာ... ၎င်းတို့နှစ်ဦးစလုံးသည် ယခင်ကနှင့်မတူဘဲ အဘက်ဘက်မှ ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်၏။
သို့သော်လည်း... နှစ်ဦးသားသည် သွေးရင်းညီအစ်ကိုများပီပီ အမုန်းတရားများ ကင်းစင်စွာဖြင့် တစ်ဦးကိုတစ်ဦး လှိုက်လှိုက်လှဲလှဲပင် ပြန်လည်ပွေ့ဖက် နှုတ်ဆက်နိုင်ခဲ့ကြပေသည်။