အခန်း ၂၅
Vol. 3 Ch. 25
အခန်း ၂၅ ။ သွေးသည် ရေထက် ပျစ်သည်..။
လျူကျင်းသည် ခပ်လှမ်းလှမ်းမှ မြင်နေရသော မြို့တော်ငယ်လေးကို ငုံ့ကြည့်ရင်း ကျေနပ်စွာပြုံးလိုက်မိသည်။
သူသည် လက်ရှိတွင် ဂိုဏ်းခွဲအိမ်တော်၏ အမြင့်ဆုံးသော အမိုးခုံးပေါ်၌ ခပ်အေးအေးလေး ထိုင်နေခြင်း ဖြစ်သည်။ ဤနေရာတွင် ရက်ပေါင်းများစွာ နေပြီးနောက် လျူကျင်းအနေဖြင့် စပ်စုတတ်သော အိမ်စေများနှင့် ဂိုဏ်းသားများ၏ ရန်မှ ကင်းဝေးရန်အတွက် ဤအမိုးခုံးထက်ကသာ အကောင်းဆုံးသော ပုန်းကွယ်ရာအရပ် ဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍သာ ဤနေရာသည် အရှေ့ဘက် ဆိပ်ကမ်းမြို့တော် ဖြစ်ခဲ့မည်ဆိုပါက သူ၏ ရှေ့မှောက်တွင် မိုင်ပေါင်းများစွာ ကျယ်ပြောလှသော မိုးကုပ်စက်ဝိုင်းကြီးကို လှမ်းမျှော်မြင်တွေ့နေရပေလိမ့်မည်။ သို့သော် လဆန်း မြို့ငယ် တွင်မူ လေတိုးသံတောအုပ် အတွင်းရှိ သစ်ပင်အမြောက်အမြားက ထိုမြင်ကွင်းကို ဆီးကြိုပိတ်ဆို့ထား၏။ ထိုသို့ဆိုသော်လည်း ဤနေရာမှ မြင်ရသော ရှုခင်းက ဆိုးဝါးလှသည်တော့ မဟုတ်ချေ။ လုံးဝကို မဆိုးလှဟု ဆိုရမည်။
လျူကျင်းက စိတ်ထဲမှ သဘောကျလျက် ခပ်တိုးတိုး အသံပြုလိုက်မိ၏။ မိမိဘာသာ ဆန်းစစ်ကြည့်လျှင်မူ ဤအရပ်ကလည်း သူ့နည်းသူ့ဟန်ဖြင့် အလွန် ဆွဲဆောင်မှုရှိလှပေသည်။
အေးမြသော လေညင်းတစ်ချက်က သူ၏ ပါးပြင်ကို အသာအယာ ပွတ်သပ်တိုက်ခတ်သွားသည်။ ယနေ့တွင်မူ နေရောင်ခြည်နှင့် လေထုက အရမ်း မျှတကောင်းမွန်လှပေ၏။ အကယ်၍သာ ဖြစ်နိုင်မည်ဆိုပါက လျူကျင်းအနေဖြင့် ဤအမိုးပေါ်တွင် နာရီပေါင်းများစွာကြာအောင် လှဲလျောင်းရင်း ဤတိတ်ဆိတ်အေးချမ်းမှုကို အပြည့်အဝ ခံစားပစ်ချင်မိသည်။
"သခင်လေး..."
လျူကျင်း၏ မျက်ခုံးတစ်ဖက်က ရုတ်ချည်း တုန်ခါသွား၏။ သူသည် နောက်သို့ လှည့်ကြည့်စရာပင်မလိုဘဲ ရှောင်ဟန်တစ်ယောက် ဤအမိုးပေါ်သို့ ကုပ်ကတ်တက်လာနေပြီဖြစ်ကြောင်း ချက်ချင်းပင် ရိပ်မိလိုက်သည်။ သို့သော်လည်း ရှောင်ဟန်တစ်ယောက် ခြေချော်လက်ချော်ဖြစ်ပြီး အောက်သို့ ပြုတ်ကျသွားမည်ကို စိုးရိမ်သောကြောင့် စောင့်ကြည့်ပေးသည့်အနေဖြင့် နောက်သို့ လှည့်ကြည့်လိုက်မိ၏။ မည်သို့ပင်ဖြစ်စေ ရှောင်ဟန်ကာ ယခုအချိန်အထိ အခြေခံအုတ်မြစ်အဆင့် ၌သာ ရှိနေသေးသည် မဟုတ်ပါလား။ ဤမျှလောက် မြင့်မားသောအမြင့်မှ ပြုတ်ကျလျှင် သေလောက်သည့် ဒဏ်ရာမရနိုင်သော်လည်း အပြင်းအထန် နာကျင်ရမည်မှာတော့ သေချာလှပေသည်။
"ကျွန်တော် သခင်လေးအတွက် လက်ဖက်ရည်ကြမ်း ယူလာခဲ့ပါတယ်ဗျာ..."
ရှောင်ဟန်က လက်ဖက်ရည်ကရားနှင့် ခွက်တစ်ခု တင်ထားသော လင်ဗန်းကို ဝမ်းသာအားရ မြှောက်ပြရင်း ဆိုလာသည်။
"သခင်လေး အကြိုက်ဆုံး လက်ဖက်ရည်အမျိုးအစားပါပဲ..."
"မင်း အခုလိုမျိုးတွေအထိ တကူးတက လုပ်ပေးနေဖို့ မလိုပါဘူး..."
"မဟုတ်တာပဲ သခင်လေးရယ်... သခင်လေး ဒီဂိုဏ်းခွဲမှာ နေထိုင်ရတဲ့ အချိန်တောအတွင်း ပိုပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိစေမယ့်အရာမျိုးဆိုရင်... ကျွန်တော် ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပါပဲဗျာ..."
ရှောင်ဟန်သည် လျူကျင်း၏အရှေ့၌ ခန္ဓာကိုယ်ကို နှိမ့်ချကာ ဒူးထောက်ဦးချလိုက်ရင်း၊ လက်ဖက်ရည်လင်ဗန်းကို ရိုသေစွာဖြင့် လှမ်း၍ ဆက်သလာ၏။
"ရှောင်ဟန်... ခေါင်းမော့လိုက်စမ်း..."
လျူကျင်းက သက်ပြင်းချချင်စိတ်ကို မနည်းအောင့်အီးထိန်းချုပ်ရင်း ဆိုလိုက်ရသည်။
"ဟုတ်ကဲ့ပါ သခင်လေး..."
ရှောင်ဟန်က သူညွှန်ကြားသည့်အတိုင်း ချက်ချင်းပင် ခေါင်းမော့ကြည့်လာ၏။
"လင်ဗန်းကို အောက်မှာ အရင်ချထားလိုက်..."
လျူကျင်းက မိမိ၏ ဘေးနားရှိ နေရာလွတ်ကို ခပ်ဖွဖွ ပုတ်ပြရင်း ဆိုလိုက်သည်။
"ပြီးရင်... ဒီမှာ လာထိုင်ဦး..."
"ဟုတ်ကဲ့ပါ သခင်လေး..."
လျူကျင်းတစ်ယောက် စိတ်ပျက်လွန်းသဖြင့် မိမိ၏နဖူးကို လက်ဝါးဖြင့်ပင် ရိုက်ပစ်ချင်စိတ် ပေါက်လာမိတော့သည်။ ရှောင်ဟန်ကမူ ထိုနေရာတွင် ဝင်ထိုင်လိုက်ပြီးနောက်၊ သူ့အတွက် လက်ဖက်ရည်တစ်ခွက်ကို အလွန်တရာ အလိုက်သိစွာဖြင့် ငှဲ့ပေးနေပြန်၏။
သူ့အလိုကျ အောက်ကျို့ဆက်ဆံပေးရန်မလိုကြောင်း ရှောင်ဟန်အား မည်မျှပင် ပြောဆိုခဲ့ပါစေ ရှောင်ဟန်သည် နားဝင်ပုံမရပေ။ လျူကျင်း ပြောသမျှသော စကားလုံးများသည် ရှောင်ဟန်၏ နားတစ်ဖက်မှ ဝင်၍ အခြားနားတစ်ဖက်မှ ပြန်ထွက်သွားကြပြီး... သူ၏ ဦးနှောက်ထဲသို့ တစ်ခွန်းမျှ ဝင်ရောက်စွဲထင်သွားပုံ မရချေ။
"သခင်လေးကတော့... ကျွန်တော့်ရဲ့ အရှင်သခင်ပါပဲ..."
ဟု ထိုလူငယ်လေးက တစ်ခါက ရင်ထဲမှ လှိုက်လှဲစွာဖြင့် ပြောခဲ့ဖူးသည်။
"သခင်လေးက ကျွန်တော့်ကို ဘဝသစ်တစ်ခု ပြန်ပေးခဲ့တာမို့... ကျွန်တော့်အသက်က သခင်လေးအပိုင် ဖြစ်သွားခဲ့ပါပြီ..."
အမှန်တရားကို အရှိကိုအရှိအတိုင်း ပြောရလျှင် လျူကျင်းအနေဖြင့် မိမိပြုမူခဲ့သောအရာကို ထူးထူးခြားခြား ကြီးကျယ်လှသည်ဟု မသတ်မှတ်ခဲ့ချေ။ ရှောင်ဟန်၏ ရောဂါဝေဒနာကို မိမိ၏ လက်ဖြင့်ပင် ပျောက်ကင်းအောင် ကုသပေးခဲ့သည်မှာ မှန်သော်လည်း၊ ထိုသို့ ကုသပေးရခြင်းမှာ အလွန်တရာ ခက်ခဲနက်နဲလှသည့် ကိစ္စမျိုးတော့ မဟုတ်ခဲ့ပါ။
သူ၏ ရောဂါအခြေအနေကို ကောင်းစွာ ရိပ်မိနားလည်ပြီး လိုအပ်သည့် ဆေးလုံးကို ဖော်စပ်ပေးနိုင်သူ မည်သူမဆို ဤသို့ ကုသပေးနိုင်မည်သာ ဖြစ်ပေသည်။ မိမိ၏ ဖခင်ဖြစ်သူသာဆိုလျှင် ချီစွမ်းအင် ကို အသုံးမပြုနိုင်လင့်ကစား ရှောင်ဟန်ကို အလွယ်တကူ ကုသပေးနိုင်လိမ့်မည် ဖြစ်သလို၊ သူ့ ဆရာဖြစ်သူသာဆိုလျှင်လည်း ရှောင်ဟန်၏ ခန္ဓာကိုယ်ကို လက်ဖျားနှင့်ပင် တို့ထိရန်မလိုဘဲ ဝေဒနာကို အမြစ်ပြတ်အောင် ပျောက်ကင်းစေနိုင်မည်မှာ ဧကန်မလွဲပေ။ ထိုအချက်နှစ်ခုစလုံးနှင့် ပတ်သက်၍မူ လျူကျင်း၌ အပြည့်အဝ ယုံကြည်ချက် ရှိလှပေသည်။
ရှောင်ဟန်က သူ့အတွက် လက်ဖက်ရည်ကြမ်းကို ရိုသေစွာဖြင့် ငှဲ့၍ ကမ်းလှမ်းလာရာ လျူကျင်းကလည်း အလိုက်သင့်လေး လက်ခံလိုက်၏。 ဤသို့သော မြင်ကွင်းမျိုးမှာ ယခုရက်ပိုင်းအတွင်း အကြိမ်ကြိမ် ဖြစ်ပွားခဲ့ဖူးပြီ ဖြစ်သဖြင့် လျူကျင်းအနေဖြင့် ငြင်းဆန်ပယ်ရှားရန်ပင် အားထုတ်မနေတော့ချေ。
သူသည် လက်ဖက်ရည်ခွက်ကို နှုတ်ခမ်းဝသို့ အသာအယာ ဆောင်ယူလိုက်ရင်း၊ ရှောင်ဟန်၏ ခန္ဓာကိုယ်အတွင်းမှ မိမိ အတင်းး ထုတ်ယူလိုက်ရသော ထိုထူးဆန်းသည့် အနက်ရောင်အခဲကြီး၏ သဘာဝအကြောင်းကို စတင်၍ အတွေးဝင်နေမိတော့သည်。
ရှောင်ဟန်သည် မွေးရာပါ သူ၏ ဘယ်ဘက်အဆုတ်အတွင်း၌ ဖြစ်ခဲလှသော စွမ်းအင်လမ်းကြောင်း ပိတ်ဆို့မှုတစ်ခု စွဲကပ်လာခဲ့ခြင်း ဖြစ်၏。 ၎င်းက သူ၏ ထွက်သက်ဝင်သက် ရှူရှိုက်မှုကို သာမန်နှင့် လွဲချော်စေပြီး ခန္ဓာကိုယ်အတွင်း ချီစွမ်းအင် များ လှည့်ပတ်စီးဆင်းမှုကို ကြီးကြီးမားမား အဟန့်အတား ဖြစ်စေခဲ့သည်。 အကယ်၍သာ ရှောင်ဟန်သည် ထိုထက်ပိုမိုမြင့်မားသော ကျင့်ကြံခြင်းနယ်ပယ်တစ်ခုသို့ ရောက်ရှိနေခဲ့မည်ဆိုပါက ဤကဲ့သို့သော အသေးအဖွဲ ချို့ယွင်းချက်မျိုးက သူ့ကို မည်သို့မျှ ဒုက္ခပေးနိုင်မည် မဟုတ်ချေ။ သူကိုယ်တိုင်ပင်လျှင် ထိုအရာကို ခန္ဓာကိုယ်အတွင်းမှ အလိုအလျောက် မောင်းထုတ်ပစ်နိုင်လောက်ပေသည်。 သို့သော်လည်း အခြေခံအုတ်မြစ်အဆင့် မျှသာ ရှိသေးချိန်တွင်မူ လူသားတစ်ဦး၏ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများနှင့် စွမ်းအင်ကြောများ ကြားမှ ဆက်နွှယ်မှုမှာ အလွန်တရာ ခိုင်မြဲလွန်းနေသေးသဖြင့် ဤသို့ ဝေဒနာခံစားခဲ့ရခြင်း ဖြစ်၏。
ထိုအချက်နှင့် ပတ်သက်၍ သူ၏ ဆေးပညာဆိုင်ရာ ဆန်းစစ်ချက်မှာ လုံးဝဥဿုံ မှန်ကန်ခဲ့ပေသည်。 သို့သော် လျူကျင်းအနေဖြင့် မူလက ထိုးထွင်းမသိမြင်နိုင်ခဲ့ဘဲ လွဲချော်ခဲ့သည့် အချက်တစ်ခုမှာ... ထို အဆုတ်တွင်ပိတ်ဆို့နေသော သွေးမဲခဲ၏ ဇစ်မြစ် ဖြစ်သည်။
"ရှောင်ဟန်... မင်းရဲ့ ရောဂါဝေဒနာ ပျောက်ကင်းသွားပြီး ကျင့်ကြံခြင်းအဆင့် တက်လာတဲ့အကြောင်းကို တခြားသူတစ်ယောက်ယောက်ကို ပြောပြမိသေးလား..."
လျူကျင်းက လေးနက်စွာ လှမ်းမေးလိုက်၏။ သို့သော် သူ အံ့ဩသွားရသည်မှာ ရှောင်ဟန်က ချက်ချင်းပင် ခေါင်းကို ခါယမ်းပြလိုက်ခြင်း ဖြစ်ပေတော့သည်。
"မပြောရသေးပါဘူး သခင်လေး... အစ်ကို့ရဲ့ မင်္ဂလာပွဲကြီး ပြီးဆုံးသွားတဲ့အထိ စောင့်ဆိုင်းတာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော် စဉ်းစားမိလို့ပါ။ တကယ်လို့ အခုချက်ချင်းသာ လူသိရှင်ကြား ချပြလိုက်ရင် အစ်ကို့ရဲ့ မင်္ဂလာပွဲအပေါ် ရောက်နေမယ့် အာရုံတွေကို ကျွန်တော့်ဘက်က ကြားဖြတ်လုယူသလို ဖြစ်သွားပြီး... မလိုအပ်ဘဲ ပြဿနာတွေ ထပ်ဖြစ်လာနိုင်လို့ပါ..."
ဟု ရှောင်ဟန်က ကောင်းမွန်သောအကြောင်းပြချက်ဖြင့် ရှင်းပြလာ၏။
"ဒါဆိုရင်လည်း ပြီးတာပဲ..."
လျူကျင်းက ထိုသို့ပြောလိုက်သော်လည်း အတွင်းစိတ်ထဲတွင်မူ ဤသို့ဖြစ်သွားခြင်းက ပို၍ပင် ကောင်းမွန်သည်ဟု တွေးတောမိလိုက်သည်။ ကုသမှုခံယူပြီးနောက် ရှောင်ဟန်၏ ကျင့်ကြံခြင်းအဆင့် တစ်ဆင့်တက်လှမ်းသွားခဲ့သည်မှာ မှန်သော်လည်း၊ ထိုအရာက စိတ်အာရုံကို အနည်းငယ် ထိန်းချုပ်လိုက်ရုံမျှဖြင့် အလွယ်တကူ ကွယ်ဝှက်ထားနိုင်သည့် အရာမျိုး ဖြစ်ပေသည်။ ဤနည်းဖြင့် လျူကျင်းအနေဖြင့်လည်း ရှောင်ဟန်၏ ရောဂါဝေဒနာ တကယ့်အခြေအနေမှန်နှင့် ပတ်သက်၍ အခြားသူများ၏ မရိုးနိုင်သော မေးခွန်းထုတ်စစ်မေးမှုဒဏ်များကို ဆက်လက်ရင်ဆိုင်နေရတော့မည် မဟုတ်ချေ။
အမှန်တကယ်တော့ ထိုပိတ်ဆို့နေသော သွေးအမဲရောင်တုံးကြီးသည် လျူကျင်း တွေးထင်ထားခဲ့သည့် အမျိုးအစားမျိုး လုံးဝမဟုတ်ခဲ့ပေ။ မူလက သူသည် အရုပ်ဆိုးအကျည်းတန်လှသော သွေးအကျိတ် သို့မဟုတ် ထိုကဲ့သို့သော အသားပိုခဲတစ်ခုခု ဖြစ်လိမ့်မည်ဟုသာ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရှောင်ဟန်၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသော ထိုအနက်ရောင်အခဲကြီးသည် သူ့အတွက် အရမ်းထူးခြားဆန်းပြားလှသော အံ့ဩစရာ လျှို့ဝှက်ချက်တစ်ခုကို သယ်ဆောင်ထားခဲ့လေသည်။
ထိုအနက်ရောင်အခဲကြီးသည် ချီစွမ်းအင်များနှင့်အတူ ဖြည်းညှင်းစွာ... အားနည်းစွာ... သို့သော် ငြင်းပယ်၍မရနိုင်လောက်အောင် တလှုပ်လှုပ် ဖြစ်နေခဲ့သည် ။ အစကမူ လျူကျင်းသည် ထိုအခဲကြီးကို အဝေးသို့ လွှင့်ပစ်ရန် သို့မဟုတ် မီးရှို့ဖျက်ဆီးပစ်ရန်သာ ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသေးငယ်လှသော ချီစွမ်းအင် အကြွင်းအကျန် အာရုံခံစားမှုကို မိမိလက်ဖြင့် ထိမိလိုက်သည့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် လျူကျင်းသည် ၎င်း၏ သဘာဝကို သေသေချာချာ သုတေသနပြု စူးစိုက်လေ့လာရန်အတွက် ဆက်လက်သိမ်းဆည်းထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။ ယခုအချိန်အထိပင် ထိုအနက်ရောင်အခဲကြီးကို သူ၏အခန်းတွင်း၌ သေသပ်စွာ ကွယ်ဝှက်သိမ်းဆည်းထားဆဲ ဖြစ်၏။ လျူကျင်းသည် ထိုအရာကို ဖန်အိုးတစ်လုံးအတွင်းသို့ ထည့်သွင်းထားပြီး ၎င်း၏အပေါ်တွင် အချိန်ရပ်တန့်ခြင်း အစီအရင် တစ်ခုကို ရိုက်နှိပ်ကာ ချိတ်ပိတ်သိမ်းဆည်းထားခဲ့သည်။ ဤနည်းစနစ်မှာ သူ၏ ဆရာဖြစ်သူ အသုံးပြုလေ့ရှိသည့် ဆန်းကြယ်လှသော သိုလှောင်အိတ်ကဲ့သို့ ခန့်ညားထည်ဝါမှု မရှိသော်လည်း လက်ရှိအချိန်၌ သူ၏အခြေအနေအတွက်မူ ဤမျှလောက်နှင့်တင် အတော်လေး လုံလောက်လှပေပြီ ဖြစ်သည်။
လျူကျင်းသည် ထိုအတွေးစများကို မောင်းထုတ်ပစ်ရန်အတွက် ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်၏။ ယခုအချိန်အထိမူ ထိုအနက်ရောင်အခဲကြီးကို စူးစိုက်လေ့လာရန် ကြိုးစားခဲ့သမျှ သဲထဲရေသွန်ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူသည် အရှေ့ဘက် ဆိပ်ကမ်းမြို့တော် သို့ ပြန်ရောက်မှသာ ဆရာဖြစ်သူကို သေသေချာချာ မေးမြန်းရတော့မည် ဖြစ်၏။ ထိုသို့ ပြန်ရမည့်ရက်ကလည်း သိပ်ပြီး ဝေးဝေးလံလံ ရှိတော့သည် မဟုတ်ချေ။ နောက်ထပ် ရက်အနည်းငယ်အတွင်းမှာပင် မင်္ဂလာပွဲကြီးက ပြီးဆုံးသွားတော့မည် ဖြစ်ပြီး၊ ထိုပွဲပြီးပါက ၎င်းတို့ အရှေ့ဘက် ဆိပ်ကမ်းမြို့တော်သို့ ပြန်လည်ခြေချရန် ရက်ပိုင်းမျှသာ လိုတော့ပေသည်။
လျူကျင်းအနေဖြင့် ထိုမျှလောက်သော အချိန်အတိုင်းအတာကို စောင့်ဆိုင်းရန် ဘာမှပြဿနာမရှိပေ။ လဆန်း မြို့ငယ် တွင် ကုန်ဆုံးခဲ့ရသော အချိန်များကို သူ သဘောမကျခဲ့ဟု မဆိုနိုင်သော်လည်း၊ လျူကျင်းသည် မိမိ၏ အိမ်အပြန်ခရီးကိုသာ ပို၍ မျှော်လင့်တောင့်တနေမိသည်မှာ အမှန်ပင် ဖြစ်၏။
"ညီနောင် လျူ... ငါ မင်းကို လိုက်ရှာနေတာ တော်တော်ကြာပြီ..."
ထိုအသံကို ကြားလိုက်ရချိန်တွင် လျူကျင်း၏ တစ်ကိုယ်လုံး ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းငြိမ်သက်သွားခဲ့သည်။ သူ၏ ဘေးနားရှိ ရှောင်ဟန်သည်လည်း ထပ်တူပင် ဆွံ့အသွားရှာ၏။ ၎င်းမှာ သဘာဝကျလှပေသည်။ လျူကျင်းအနေဖြင့် ဤအသံပိုင်ရှင်ကို မမှတ်မိစရာ အကြောင်းမရှိသလို၊ ရှောင်ဟန်အတွက်လည်း ထိုနည်းတူပင် ဖြစ်လိမ့်မည်။ အမှန်ပင်... သူ နောက်သို့ လှည့်ကြည့်လိုက်သည့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် လျူကျင်းသည် သူ မျှော်လင့်ထားသည့်အတိုင်း ထိုသူကို ကွက်တိ မြင်တွေ့လိုက်ရတော့သည်။
သူကား... ရှောင်ဒုန်း ပေတည်း။
"အစ်ကိုဘရှောင်ဒုန်း..." လျူကျင်းက ခေါင်းကို အသာစောင်းရင်း ဂါရဝပြု နှုတ်ဆက်လိုက်၏။ "ကျွန်တော်တို့ မဆုံဖြစ်တာ တော်တော်လေး ကြာသွားပြီနော်..."
လျူကျင်းသည် လဆန်း မြို့ငယ်တွင် သောင်တင်နေခဲ့သည့် ကာလတစ်လျှောက်လုံး၌ ရှောင်ဒုန်းနှင့် နှစ်ကြိမ်မျှသာ ထိပ်တိုက်တွေ့ဆုံ ပတ်သက်ဖူးခဲ့ခြင်း ဖြစ်သည်။ ပထမဆုံးအကြိမ်မှာ သူ ဤဂိုဏ်းခွဲသို့ ရောက်ရှိလာသည့် ပထမဆုံးညက ဖြစ်ပွားခဲ့သော စိတ်မကောင်းစရာ တိုက်ခိုက်မှုကြီးတွင် ဖြစ်ပြီး၊ ဒုတိယအကြိမ်မှာမူ ဟူမေလီ လာရောက်လည်ပတ်ခဲ့သည့် အချိန်က ဖြစ်သည်။ သို့သော် ထိုဒုတိယအကြိမ်တွင်မူ ရှောင်ဒုန်းသည် သူ၏ သတို့သမီးလောင်းအပေါ်၌သာ အာရုံရောက် နေသဖြင့် လျူကျင်းရှိရာဘက်သို့ မျက်လုံးတစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။ ထို့ကြောင့် ၎င်းကို ဆုံတွေ့ခဲ့သည်ဟုပင် ရေတွက်ရန် ခဲယဉ်းလှပေသည်။
ထိုမျှထက်ပို၍ သူတို့နှစ်ဦးကြားတွင် တစ်ကြိမ်တစ်ခါမျှပင် စကားပြောဆို ပတ်သက်ဖူးခြင်း မရှိခဲ့ချေ။ လျူကျင်းကိုယ်တိုင်ကလည်း အခြားသူများနှင့် သိပ်ပြီး ရောရောနှောနှော ပေါင်းသင်းဆက်ဆံတတ်သူ မဟုတ်ကြောင်း အရင်ဆုံး ဝန်ခံရမည်ဖြစ်သော်လည်း၊ သူတို့ကြားတွင် အဆက်အသွယ်မရှိရခြင်းမှာ ထိုအချက်တစ်ခုတည်းကြောင့်တော့ မဟုတ်ပေ။ လွန်ခဲ့သည့် ရက်ပိုင်းက အိမ်စေအချို့ တိုးတိုးတိတ်တိတ် အတင်းပြောနေကြသည်ကို သူ ကြားလိုက်မိသေး၏။ သူနားထောင်ကြည့်ရသလောက် ရှောင်ဒုန်းသည် ယခုရက်ပိုင်းအတွင်း တံခါးပိတ်ကျင့်ကြံခြင်း ဝင်နေခဲ့ပုံရသည်။ ထိုသို့သော အခြေအနေမျိုးတွင်မှ ရှောင်ဒုန်းက သူ့ကို ရည်ရွယ်ချက်ရှိရှိ တကူးတက လိုက်ရှာနေသည်ဆိုပါက လျူကျင်းအနေဖြင့် မည်သို့မျှ ကောင်းသောကိစ္စ ဖြစ်လိမ့်မည်ဟု မတွေးမိတော့ချေ။
သူက အရင်ရက်က ရှုံးနိမ့်ခဲ့တဲ့ အာဃာတအတွက် အကြွေးပြန်ဆပ်ဖို့ လာတာများလား...။ တကယ်လို့ အဲဒီလိုသာဆိုရင်တော့ အရမ်း စိတ်အနှောင့်အယှက်ဖြစ်စရာ ခေါင်းခဲစရာ ကိစ္စတစ်ခုဖြစ်ပေလိမ့်မည်။
"မင်းပြောတာ မှန်ပါတယ်... ငါတို့က တွေ့သင့်သလောက် မတွေ့ဖြစ်ခဲ့ကြဘူးပဲ။ ကြည့်ရတာ အိမ်ရှင်တစ်ယောက်အနေနဲ့ ငါ့ဘက်က ဧည့်ဝတ်ကျေပွန်မှု အများကြီး လိုအပ်ခဲ့တာ ထင်တယ်..."
ဟု ရှောင်ဒုန်းက ဆိုလာသည်။
"ငါ မရှိတဲ့အတောအတွင်း ငါ့ရဲ့ ညီငယ်လေးကပဲ ငါ့ကိုယ်စား တာဝန်ကျေပွန်အောင် ဖြည့်ဆည်းပေးနေခဲ့ပုံရတယ်..."
"ရှောင်ဟန်က ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော့်အတွက် အတော်လေး အဖော်ရခဲ့ပါတယ်..." လျူကျင်းက သဘောတူသည့်ဟန်ဖြင့် ဆိုလိုက်ရင်း၊ လက်ထဲမှ လက်ဖက်ရည်ကြမ်းကို နောက်ထပ်တစ်ငုံ အသာအယာ မော့လိုက်၏။
"သူအချိန်ကုန်ခံပီး ကျွန်တော်နဲ့ ရှိနေပေးလို့လည်း တကယ်ပဲ အားနာရပါတယ်..."လျူကျင်းသည် မိမိ၏စကားကြောင့် ဘေးနားရှိ ရှောင်ဟန်တစ်ယောက် ရင်ထဲ၌ ဒီရေအလား ဝမ်းသာပီတိဖြစ်ကာ တောက်ပသွားသည်ကို အတိုင်းသား အာရုံခံမိလိုက်သည်။ ဤအခိုက်အတန့်ပြီးကတည်းက ရှောင်ဟန်တယောက် သူ့အပေါ်အလွန်အမင်း ရိုသေကိုင်းရှိုင်းနေမှုကို လျှော့ချခိုင်းရန် မည်သို့မျှ ဖြစ်နိုင်တော့မည် မဟုတ်ချေ။
သို့သော်လည်း လျူကျင်းအနေဖြင့် ရှောင်ဟန်အပေါ် ထိုမျှလောက်သော အသိအမှတ်ပြုမှုကိုမူ မဖြစ်မနေ ထုတ်ဖော်ပြောဆိုပေးရန် လိုအပ်လှပေသည်။ သို့မှသာ ရှောင်ဒုန်းတစ်ယောက် ဤစကားဝိုင်းအပြီးတွင် မိမိအပေါ် ရှိထားသည့် ဒေါသအာဃာတများကို ရှောင်ဟန်အပေါ်၌ လာရောက်ပုံချ၍ နိုင်ထက်စီးနင်း ပြုမူခြင်းမျိုး မလုပ်ရဲတော့မည် မဟုတ်ပါလား။
"အဲဒီလို ကြားရတာ တကယ်ဝမ်းသာပါတယ်ကွာ.." ဟုရှောင်ဒုန်းက ပြန်လည်ဖြေကြားပြီးနောက် ခေတ္တမျှ နှုတ်ဆိတ်သွား၏။ သူ၏ မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များ ရှိမနေဘဲ တစ်စုံတစ်ခုကို တုံ့ဆိုင်းဝေခွဲမရ ဖြစ်နေသည့်ဟန် ပေါက်နေသဖြင့် လျူကျင်းပင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားမိသည်။
"ညီနောင် လျူကျင်း..." သူက နောက်ဆုံးတွင်မူ လေးနက်သော လေသံဖြင့် စကားဆိုလာတော့သည်။
"မင်း နဲ့ငါ သိုင်းပညာချင်း ဖလှယ်ကြည့်ဖို့ စိတ်ဝင်စားလား..."
ထိုစကားကြောင့် လျူကျင်း မျက်တောင်တဖျတ်ဖျတ် ခတ်သွားမိတော့သည်။
“ရားးး”
တင်းကျပ်စွာ ဆုပ်ထားသော လက်သီးတစ်ဖက်သည် တစ်ဖက်လူကို မထိမှန်ဘဲ၊ ဟာလာဟင်းလင်း လေထုကိုသာ ပြင်းထန်စွာ ရိုက်ခတ်မိသွားတော့သည်။ ထိုစက္ကန့်ပိုင်းအတွင်းမှာပင် ကျောဘက် ဒူးခေါက်ကွေးဆီသို့ လျှပ်စီးလက်သည့်အလား တိုက်ခိုက်မှုတစ်ခု ရောက်ရှိလာသဖြင့်၊ ရှောင်ဒုန်းသည် မခုခံနိုင်ဘဲ ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ဒူးထောက်ကျသွားရရှာ၏။
"အစ်ကိုရှောင်ဒုန်းက တိုက်ကွက်ဖော်တဲ့အခါ အားအရမ်းသုံးတာပဲ ..."
လျူကျင်းက ကျောဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရင်း အေးဆေးစွာပင် ထောက်ပြလိုက်သည်။
လက်ရှိတွင် သူတို့နှစ်ဦးသည် ရှောင်ဟန်တစ်ဦးတည်းကိုသာ သက်သေအဖြစ်ထား၍ တံခါးပိတ် သိုင်းပညာချင်း ဖလှယ်နေကြခြင်း ဖြစ်၏။ မူလက ရှောင်ဒုန်းက အလယ်ဗဟိုရင်ပြင်တွင် ယှဉ်ပြိုင်ရန် အကြံပြုခဲ့သော်လည်း လျူကျင်းက ငြင်းပယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌သာ ပြိုင်ပွဲလုပ်ပါက ဤဂိုဏ်းခွဲတစ်ခုလုံးရှိ ဂိုဏ်းသားများက သူတို့၏ ပရိသတ် ဖြစ်လာကြမည် မဟုတ်ပါလား။
ထိုသို့ တံခါးပိတ်ထားသည့်တိုင်အောင် ယခုအချိန်အထိ ကွယ်ရာမှ တိတ်တဆိတ် ချောင်းမြောင်းကြည့်ရှုရန် ကြိုးစားနေသူများ ရှိနေဆဲဖြစ်ကြောင်း လျူကျင်း လုံးဝ သံသယမရှိပေ။
"အကို့အနေနဲ့ တိုက်ကွက်တွေကို နဲနဲ လျှော့ချပြီး ထိန်းချုပ်နိုင်မယ်ဆိုရင်... တိုက်စစ်ကနေ ခံစစ်ကို ပြောင်းလဲဖို့အတွက် ပိုပြီး အချိန်ရလာလိမ့်မယ်..."
ရှောင်ဒုန်းက ထိုလမ်းညွှန်ချက်အပေါ် ဒေါသထွက်ခြင်းမရှိဘဲ မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားနေမိသည်။
"ငါတို့ဂိုဏ်းရဲ့ သိုင်းကွက်အနှစ်သာရက အင်အားအလုံးအရင်းနဲ့ ရန်သူကို ဖိနှိပ်ခြေမှုန်းပစ်ဖို့လို့ ငါ ထင်ထားခဲ့တာ..."
"မှန်ပါတယ်..." လျူကျင်းက ခေါင်းညိတ်ပြလိုက်၏။
"ဒါပေမဲ့... ကိုယ့်မှာရှိသမျှ စွမ်းအားအားလုံးကို တစ်ကြိမ်တည်းနဲ့ ပုံအောသုံးပစ်လိုက်တာနဲ့... ရန်သူ့ခံစစ်ကို ဖျက်ဆီးနိုင်ဖို့တင် လုံလောက်တဲ့ အင်အားလောက်ပဲ ချိန်ဆပြီး သုံးစွဲတာက... အများကြီး ကွာခြားတယ်ဗျ..."
၎င်းမှာ တစ်ခါက သူ၏ အစ်ကိုကြီး ရှောင်နန် သူ့ကို သွန်သင်ပြသခဲ့ဖူးသည့် သိုင်းအယူအဆတစ်ခုပင် ဖြစ်၏။
"ငါ နားလည်ဘီ...သေချာမှတ်ထားလိုက်မယ် " ရှောင်ဒုန်းသည် လျူကျင်း၏ စကားကို အမှန်တကယ်ပင် ရင်ထဲ၌ မှတ်သားလိုက်ပုံရသည်။ သူက နေရာမှ ပြန်လည်ထရပ်လိုက်ပြီး သိုင်းကွက်အသွင်အပြင် ကို ထပ်မံပြင်ဆင်လိုက်၏။
"ဒါဆိုရင်... နောက်ထပ်တစ်ကြိမ်လောက် ထပ်ပြီး လက်ရည်စမ်းခွင့် ပြုပါဦး ညီနောင်လျူ..."
လျူကျင်းကလည်း ခေါင်းညိတ်ပြလိုက်ရင်း မိမိ၏ သိုင်းကွက်အနေအထားကို အသင့်ပြင်လိုက်တော့သည်။
"လာခဲ့လေဗျ..."
သိုင်းပြိုင်ပွဲက ဒုတိယအကြိမ်အဖြစ် ပြန်လည်စတင်ခဲ့ပြန်သည်။ အရှိကိုအရှိအတိုင်း ပြောရလျှင် ရှောင်ဒုန်းသည် လျူကျင်းထက် ပိုမိုသန်မာပြီး ပို၍လည်း လျင်မြန်လှပေသည်။ အတွင်းအားစုစည်းခြင်း ပထမအဆင့်နှင့် တတိယအဆင့် ကြားမှ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလွန်းနေသည်မျိုး မဟုတ်သော်လည်း တိုက်ပွဲတစ်ခုအတွင်း၌မူ ထိုအဆင့်ကွာဟမှုကို အထင်အရှား ခံစားသိရှိနိုင်ပေသည်။ သို့သော်လည်း ထိုသို့သော အခြေအနေမျိုးတွင် လျူကျင်းတစ်ယောက်တည်းကသာ တိုက်ပွဲတိုင်း၌ ဆက်တိုက်အနိုင်ရရှိနေခဲ့၏။
လျူကျင်း၏ ဤကဲ့သို့ သာလွန်နေမှုနောက်ကွယ်တွင် အဓိကအချက်ကြီး သုံးချက် ရှိနေပေသည်။
ပထမဆုံးအချက်မှာ ကိုယ်ခန္ဓာနှင့် စွမ်းအင် ထိန်းချုပ်နိုင်စွမ်း ပင် ဖြစ်သည်။ လျူကျင်းသည် သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ကိုးခေါင်းမြွေနဂါးနတ်ဘုရား၏ အဆိပ်အတောက် ' ဒဏ်ကို တစ်နှစ်ထက်မက ကာလကြာရှည်စွာ အလူးအလဲ ရင်ဆိုင်ကျော်ဖြတ်လာခဲ့ရသူ ဖြစ်သည်။ ယခုအခါတွင်မူ ထိုအဆိပ်များကို ခန္ဓာကိုယ်ပြင်ပသို့ မောင်းထုတ်ပစ်သည့် အတတ်ပညာမှာ သူ့အတွက် အသက်ရှူသလိုမျိုးပင် အလိုအလျောက် သဘာဝကျနေခဲ့ပြီ ဖြစ်၏။ သို့သော်လည်း လွန်ခဲ့သော လအနည်းငယ်ကမူ လျူကျင်းသည် မိမိ၏ သေးငယ်သော လှုပ်ရှားမှုတိုင်းက ခန္ဓာကိုယ်အခြေအနေကို မည်မျှအထိ ဘေးဥပဒ်ဖြစ်စေနိုင်ကြောင်း ငရဲကဲ့သို့ ပြင်းထန်လှသော ဝေဒနာများနှင့်အတူ နာကျင်စွာ သင်ယူခဲ့ရဖူးသည်။ ထိုလများအတွင်း သူသည် မိမိကိုယ်ကို သေခြင်းတရားနှင့် ဝေးရာသို့ ရုန်းကန်ရန်အတွက် အသုံးမဝင်သော ခန္ဓာကိုယ်လှုပ်ရှားမှုမှန်သမျှကို တစ်ခုမကျန် ညှစ်ထုတ်ဖယ်ရှားပစ်ခဲ့သည်။ ထို့ကြောင့် မိမိတို့၏ ကိုယ်ခန္ဓာကို ပြန်လည်ထိန်းချုပ်နိုင်စွမ်းနှင့် ပတ်သက်၍မူ ရှောင်ဒုန်းနှင့် လျူကျင်းကြားတွင် ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးပမာ ကြီးမားလွန်းလှပေသည်။
ဒုတိယအချက်မှာ သိုင်းပညာ နည်းစနစ်ချင်း ကွာခြားခြင်း ဖြစ်၏။ လျူကျင်းသည် အဓိကဂိုဏ်းချုပ်ကြီး အတွင်း၌ သေသေချာချာ ဆရာကောင်းသမားကောင်းထံတွင် သင်ယူလေ့လာခွင့် ရရှိခဲ့သူဖြစ်ပြီး၊ ရှောင်ဒုန်းမှာမူ လူသူအရောက်အပေါက်နည်းသော တောမြို့လေးတစ်မြို့ရှိ ဂိုဏ်းခွဲငယ်လေး ၌သာ ကြီးပြင်းခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် လျူကျင်း၏ သိုင်းဗျူဟာစွမ်းရည်က ပိုမိုမြင့်မားနေခြင်းမှာ အရှိကိုအရှိအတိုင်း သဘာဝကျလှပေသည်။ လျူကျင်း အကဲခတ်မိသလောက်ဆိုလျှင် ရှောင်ဒုန်းသည် ရှောင်ဂိုဏ်း၏ အဆင့်မြင့် လျှို့ဝှက်သိုင်းကွက်ဆန်းများကိုပင် တစ်ကွက်မျှ တတ်ကျွမ်းထားပုံမရချေ။
တတိယအချက်မှာမူ ရှောင်ဒုန်း၏ အကျင့်ဆိုးများ ကြောင့် ဖြစ်သည်။ ၎င်းကို လျူကျင်းအနေဖြင့် အကြိမ်ကြိမ် သိုင်းပြိုင်ပြီးနောက်မှသာ သတိပြုမိခဲ့ခြင်း ဖြစ်၏။ ရှောင်ဒုန်းသည် ပတ်ဝန်းကျင်တွင် သူကသာ အမြဲတမ်း အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်နေသည့် အခြေအနေကို ကျင့်သားရနေခဲ့သည်။ လဆန်း မြို့ငယ်ရှိ သက်တူရွယ်တူ ကျင့်ကြံသူများ၏ နိမ့်ကျလှသောအဆင့်ကို ကြည့်မည်ဆိုလျှင်မူ သူ ဤသို့ ဖြစ်နေခြင်းက သဘာဝကျလှပေသည်။ ထို့ကြောင့်ပင် ရှောင်ဒုန်းသည် ရန်သူကို ပါးနပ်သော သိုင်းကွက်ဖြင့် မတိုက်ခိုက်ဘဲ မိမိ၏ အင်အားအလုံးအရင်းဖြင့်သာ အတင်းအဓမ္မ ဖိနှိပ်ခြေမှုန်းတတ်သည့် အကျင့်ဆိုးကြီး စွဲကပ်နေခဲ့ခြင်း ဖြစ်၏။ တစ်ဖက်တွင်မူ လျူကျင်း၌ ထိုကဲ့သို့သော အပေါ်စီးရသည့် အခြေအနေမျိုး တစ်ခါမျှ မရှိခဲ့ဖူးသောကြောင့် ဤကဲ့သို့သော အကျင့်ဆိုးများ ဖြစ်တည်လာစရာ အကြောင်းမရှိခဲ့ပေ။
စတုတ္ထမြောက်နှင့် နောက်ဆုံး ကွာခြားချက်မှာမူ... လျူကျင်းကိုယ်တိုင်လည်း ဤအချက်ကို သိပ်ပြီး မတွေးတောချင်လှပေ။ ၎င်းမှာ လတ်တလောရက်ပိုင်းအတွင်း သူ၏ ခန္ဓာကိုယ်သည် တိုက်ပွဲအလယ်၌ စီးဆင်းနေသော ရေလှိုင်းအလား လွန်စွာ လိုက်လျောညီထွေဖြစ်ပြီး ဆန်းကြယ်စွာ လှုပ်ရှားလာနိုင်သည့် ထိုထူးဆန်းသော အခိုက်အတန့်လေးများကြောင့် ဖြစ်၏။ ဤသို့ ဖြစ်ပျက်လာသည်မှာ ယခုရက်ပိုင်းအတွင်း ပို၍ ပို၍ စိတ်ချမ်းသာစရာ ကောင်းလာသည်ဟု ဆိုနိုင်သော်လည်း လျူကျင်းကမူ ထိုအခြေအနေကို အမှန်တကယ်ပင် သဘောမကျလှချေ။
ထိုဆန်းကြယ်လှသော လှုပ်ရှားမှုစွမ်းရည်ကြောင့်ပင် သူသည် ရှောင်ဒုန်း၏ အပြင်းအထန် တိုက်စစ်ဆင်မှုများကို အလွန်တရာ ရဲတင်းလှသော သိုင်းကွက်အလှည့်အပြောင်းများဖြင့် အသာအယာ ရှောင်တိမ်းကာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဘုန်း...
ရှောင်ဒုန်းသည် ကြမ်းပြင်ပေါ်သို့ နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ ကျရောက်သွားရပြန်သဖြင့် လည်ချောင်းသံဖြင့် ညည်းညူလိုက်မိရှာသည်။ ဘေးဘက်တွင် ထိုင်ကြည့်နေသော ရှောင်ဟန်မှာမူ လျူကျင်း၏ ပြောင်မြောက်လှသော သိုင်းစွမ်းရည်ကြောင့် ဝမ်းသာအားရ လက်ခုပ်တီးပစ်ချင်နေမိသော်လည်း သူ့အကိုဒေါသထွက်သွားမည်ကို အလွန်အမင်း စိုးရိမ်သဖြင့် မနည်းပင် အောင့်အီးထိန်းချုပ်ထားရ၏။ သို့သော် လျူကျင်းကို အံ့ဩသွားစေသည်မှာ... ရှောင်ဒုန်းသည် ကြမ်းပြင်ပေါ်မှ ထရပ်ရင်း ဒေါသထွက်မည့်အစား တဟားဟားဖြင့် အော်ရယ်လိုက်ခြင်းပင်။
"ထင်ထားတဲ့အတိုင်း... ညီနောင်လျူရဲ့ သိုင်းစွမ်းရည်က အရမ်း ထူးခြားဆန်းပြားပြီး အံ့ဩဖို့ကောင်းတာပဲကိုး..." ဟု သူက ဆိုလာသည်။
ရှောင်ဒုန်းက ခပ်ဖွဖွ ထပ်မံရယ်မောလိုက်ပြန်ရာ လျူကျင်း စိတ်ထဲတွင်မူ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရ၏။ သူသည် ပထမဆုံးညက ဖြစ်ပွားခဲ့သော သိုင်းပြိုင်ပွဲအဆုံးသတ်ကြောင့် ရှောင်ဒုန်းသည် မိမိအပေါ် နက်နက်ရှိုင်းရှိုင်း အာဃာတအတေး ရှိနေလိမ့်မည်ဟု သေချာပေါက် တွေးထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခြေအနေက ထိုသို့မဟုတ်သည်မှာ အထင်အရှားပင်။ ပို၍ တိတိကျကျ ပြောရလျှင် သူ၏မျက်မှောက်ောက်ရှိ ရှောင်ဒုန်းသည် ထိုပထမဆုံးညက တွေ့ခဲ့ရသော မောက်မာရိုင်းစိုင်းပြီး သွေးကြွတတ်သည့် သခင်လေးနှင့်မတူဘဲ အဆပေါင်းများစွာ ပိုမိုတည်ငြိမ်ရင့်ကျက်လာသယောင် ရှိနေတော့သည်။
"ညီနောင်လျူ့အပေါ် ဘာဖြစ်လို့ ရန်ငြိုးမထားရတာလဲဆိုတာကို တွေးပြီး ဇဝေဇဝါ ဖြစ်နေတာ မဟုတ်လား..." ရှောင်ဒုန်းက လျူကျင်း၏ စိတ်ထဲမှ အတွေးကို ကွက်တိပင် ထိုးထွင်းရိပ်မိကာ လှမ်းမေးလိုက်၏။
"အင်း... အဲဒီလို အတွေးမျိုး ကျွန်တော့်ခေါင်းထဲ တွေးမိတာတော့ အမှန်ပါပဲ..." ဟု လျူကျင်းကလည်း ပွင့်လင်းစွာပင် ဝန်ခံလိုက်သည်။ ထိုအခါ ရှောင်ဒုန်း၏ မျက်နှာထက်တွင် သဘောကျနှစ်ခြိုက်လှသော အပြုံးကြီးတစ်ခု ထင်ဟပ်လာတော့၏။
"ညီနောင်လျူလက်ထဲမှာ ရှုံးခဲ့တုန်းက ငါ အရမ်းအရှက်ရသွားတာတော့ မငြင်းပါဘူး။ ဒါပေမဲ့ အဲဒီရှုံးနိမ့်မှုကို စိတ်ထဲမှာ သေချာပြန်တွေးကြည့်လေလေ... ဂိုဏ်းမကြီးက လူတွေရှေ့မှာ သိုင်းကွက်ကြွားပြီး လေလုံးထွားချင်ခဲ့တဲ့ ငါ့ရဲ့မိုက်မဲမှုကြောင့်ပဲဆိုတာ ပိုပြီး သဘောပေါက်လာလေလေပဲ"
ရှောင်ဒုန်းက ကြမ်းပြင်ပေါ်မှ ပြန်လည်ထရပ်ရင်း သူ၏ ဆံနွယ်များကို လက်ဖြင့် အသာသပ်တင်လိုက်၏။
"ဒီတောမြို့လေးမှာပဲ ကြီးပြင်းလာခဲ့ရတော့... ငါက အမြဲတမ်း ကိုယ်ဖြစ်ချင်တာကိုပဲ ဇွတ်လုပ်ပြီး နေသားကျနေခဲ့တာကွ သက်တူရွယ်တူတွေထဲမှာလည်း ငါကပဲ အမြဲတမ်း အင်အားအကြီးဆုံး ဖြစ်နေခဲ့တာလေ... အခုလို ညီနောင်လျူဆီမှာ... မဟုတ်ပါဘူး... သခင်လေစလျူရဲ့ လက်ထဲမှာ ဒူးထောက်ခဲ့ရတာက..."
"အကို ကျွန်တော့်ကို အဲဒီလိုမျိုး အဆင့်အတန်းမြင့်တဲ့ အခေါ်အဝေါ်နဲ့ခေါ်ဖို့ မလိုပါဘူး..."
လျူကျင်းက လေသံအေးအေးဖြင့် စကားဖြတ်ပြောလိုက်မိသည်။ သူ၏ ဘေးနားက ညီဖြစ်သူ ရှောင်ဟန်ကဲ့သို့ပင် ဤအစ်ကိုဖြစ်သူသည်လည်း မိမိ၏ စကားကို နားဝင်မည့်အမျိုးအစား မဟုတ်ကြောင်း အစောကတည်းက သေချာပေါက် ရိပ်မိနေခဲ့သောကြောင့် ဖြစ်၏။
"အာ ..ကိုယ့်ထက်တော်လို့ သခင် လေးလို့ခေါ်တာပဲ စကားဆက်ရရင် အဲ့နေ့ကရှုံးသွားလို့လဲ ငါ့အားနည်းချက်တွေကို ကွင်းကွင်းကွက်ကွက် မြင်သွားစေတာပဲ ဖြစ်ရမယ်။ တကယ်လို့ ငါ အစ်ကိုကြီးလျူရဲ့ လက်ချက်နဲ့ မရှုံးခဲ့ဘူးဆိုရင်... နောင်တစ်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်ပြီး မောက်မာဝင့်ကြွားနေမယ့် ကျင့်ကြံသူတစ်ဦး ဖြစ်လာမှာ သေချာတယ်။ ဒါကြောင့် ငါ အာဃာတထားပြီး ဒေါသထွက်မယ့်အစား... ဒီအခွင့်အရေးကို သုံးပြီး အစ်ကိုကြီးလျူဆီကနေ သိုင်းပညာအနှစ်သာရတွေကို အစွမ်းကုန် လေ့လာသင်ယူချင်ပါတယ်ဗျာ..."
လျူကျင်းက မျက်လုံးများကို တင်းကျပ်စွာ မှိတ်လိုက်ရင်း စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်မိတော့သည်။ ထိုစဉ် ဘေးဘက်မှ လက်ခုပ်တီးသံကို ခပ်ဖွဖွ ကြားလိုက်ရ၏။ ကြည့်ရတာ ရှောင်ဟန်တစ်ယောက် မိမိအစ်ကိုဖြစ်သူ၏ ရင့်ကျက်တည်ငြိမ်လာမှုအပေါ် သဘောကျပြီး လက်ခုပ်တီးပေးနေခြင်း ဖြစ်ပေလိမ့်မည်။ 'တကယ်ပဲ... ဒီညီအစ်ကိုနှစ်ယောက်က ဘယ်လိုဟာတွေပါလိမ့်...”ဟု လျူကျင်း စိတ်ထဲမှပင် ရေရွတ်မိလိုက်သေးသည်။
သို့သော်လည်း... မည်သူက ကြိုတင်တွေးဆထားနိုင်ပါမည်နည်း။
အပြင်ပန်းကြည့်လျှင် လူမိုက်သခင်လေးဟု ထင်ရသော ရှောင်ဒုန်းသည် အတွင်းစိတ်ထဲတွင်မူ လူဆိုးတစ်ယောက် မဟုတ်သည်မှာ အမှန်ပင်ဖြစ်နေသည်။
"အကို ကျွန်တော့်အပေါ် အထင်ကြီးလွန်းနေဘီဗျ.." လျူကျင်းက တည်ငြိမ်စွာပင် ဆိုလိုက်၏။
ရှောင်ဒုန်းဘက်မှ ကန့်ကွက်စကားများ ထပ်မံဆိုလာတော့မည့် အမူအရာကို မြင်တွေ့လိုက်ရသဖြင့် သူက စကားကို ချက်ချင်းပင် ဖြည့်စွက်လိုက်သည်။
"ဒါပေမဲ့လည်း... အစ်ကို ကျွန်တော့်ရဲ့ လမ်းညွှန်မှုကို အမှန်တကယ် လိုလားတယ်ဆိုရင်တော့... ကျွန်တော် ဒီဂိုဏ်းခွဲမှာ ရှိနေဦးမယ့် ကျန်တဲ့ရက်ပိုင်းအတွင်း အစ်ကို့ကို တတ်နိုင်သမျှ ကူညီသင်ပြပေးဖို့ အသင့်ပါပဲ..."
မည်သို့ပင်ဖြစ်စေ... သူ ဤမြို့တော်ငယ်လေးတွင် ရှိနေစဉ်အတောအတွင်း၌ ထူးထူးခြားခြား လုပ်စရာ ကိုယ်ပိုင်ကိစ္စကြီးကြီးမားမား ရှိနေသည်လည်း မဟုတ်ပါလား။
"ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး လျူ..."
လျူကျင်းတစ်ယောက် အူကြောင်ကြောင်ဖြင့် အရှက်သည်းသွားရလောက်အောင်ပင်၊ ရှောင်ဒုန်းသည် သူ့အား သခင် လေး ဟုခေါ်ကာ သူ့ကိုယ်သူလည်း ကျွန်တော်ဟု နာမ်စားသုံးနေသည်။ သူ့ရှေ့၌ ခေါင်းကို အနိမ့်ဆုံးအထိ ညွှတ်ကာ အရိုအသေပေးလိုက်သေးသည်။
"စင်စစ်တော့... ကျွန်တော့်ဘက်က သခင်လေး လျူကို အကူအညီတစ်ခုလောက် တောင်းဆိုချင်တာ ရှိလို့ပါ..."
"ဘာကိစ္စများလဲဗျ..."
"ကျွန်တော်တို့ လဆန်းမြို့ငယ်မှာ ထူးခြားတဲ့ ရှေးရိုးရာဓလေ့တစ်ခု ရှိပါတယ်။ အမျိုးသားတစ်ယောက်က မင်္ဂလာဆောင်တော့မယ်ဆိုရင်... သူဟာ သူယောင်မယ် တောအုပ်' ထဲကို မဖြစ်မနေ သွားရလေ့ရှိတယ်..."
" သူယောင်မယ် တောအုပ်' ' ဟုတ်လား..."
လျူကျင်းက စိတ်ဝင်စားသွားကာ ကြားဖြတ်မေးလိုက်၏။
"အဲဒါက ဒီအရပ်ကလူတွေ လေတိုးသံ တောအုပ်ကြီးကို ဒေသန္တရအခေါ်အဝေါ်အရ သုံးနှုန်းကြတာပါ..."
ဟု ရှောင်ဒုန်းက ရှင်းပြလာသည်။
"အစ်ကိုကြီးလျူလည်း သိထားပြီးဖြစ်တဲ့အတိုင်း အဲဒီတောအုပ်ထဲမှာ 'သံမဏိခွံသစ်ပင်' တွေ အမြောက်အမြား ပေါက်ရောက်နေတာလေ။ ဒါပေမဲ့ တစ်ခါတရံမှာတော့ အဲဒီအပင်တွေကြားထဲမှာ အလွန်တရာ ရှားပါးလှတဲ့ 'ရွှေခွံသစ်ပင်' တစ်ပင်က ထူးထူးခြားခြား ပေါက်ဖွားလာတတ်တယ်။ သတို့သားလောင်းက အဲဒီတောအုပ်ထဲကို သွားပြီး ရွှေခွံသစ်ပင်ရဲ့ သစ်ကိုင်းတစ်ကိုင်းကို သူ့ရဲ့ သတို့သမီးလောင်းဆီ ယူဆောင်လာပေးရတာက အစဉ်အလာတစ်ခုပဲ ဖြစ်လာခဲ့တာ။ အဲဒီလိုမျိုး လုပ်ပေးနိုင်တဲ့ မင်္ဂလာပွဲဟာ နောင်တစ်ချိန်မှာ အရမ်း ကံကောင်းခြင်းတွေနဲ့ ပြည့်စုံလာလိမ့်မယ်လို့ အယူရှိကြလို့ပါ။ အဲဒါကြောင့်... မနက်ဖြန်ကျရင် အစ်ကိုကြီးလျူအနေနဲ့ ကျွန်တော်နဲ့အတူ အဲဒီတောအုပ်ထဲကို လိုက်ခဲ့ပေးဖို့ စိတ်ကူးရှိရဲ့လားဗျာ..."
လျူကျင်းက ထိုတောင်းဆိုချက်ကို ခေတ္တမျှ အလေးအနက် စဉ်းစားလိုက်၏။ သူသည် ရှောင်ဒုန်း၏ မျက်နှာထက်တွင် တစ်စုံတစ်ရာ လိမ်ညာလှည့်ဖြားမည့် အရိပ်အယောင်များ ကွယ်ဝှက်နေခြင်း ရှိမရှိ စူးစိုက်ကြည့်ရှုခဲ့သော်လည်း ဘာမျှ ရှာမတွေ့ခဲ့ချေ။ သူ မြင်တွေ့ရသည်မှာ မိမိ၏ သတို့သမီးလောင်းကို အထင်ကြီးလေးစားအောင် လုပ်ဆောင်ပေးချင်နေသည့် စစ်မှန်သော သားကောင်းရတနာတစ်ဦး၏ မျက်နှာမျိုးသာ ဖြစ်ပေသည်။ ထို့နောက် သူသည် ဘေးမှ ရှောင်ဟန်ကို လှမ်းကြည့်လိုက်ရာ ထိုလူငယ်လေး၏ မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်စိတ် တစ်စက်မျှ ရှိမနေသည်ကို တွေ့ရသဖြင့် အကြည့်ကို ရှောင်ဒုန်းထံသို့ ပြန်လည်ရွှေ့လိုက်တော့သည်။
"ကောင်းပြီလေ... ကျွန်တော် အကိုနဲ့အတူ လိုက်ခဲ့ပေးမယ်..."
လျူကျင်း၏ စကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရှောင်ဒုန်း၏ မျက်နှာထက်တွင် ဝမ်းမြောက်လှသော အပြုံးကြီးတစ်ခု ဆင်မြန်းသွားတော့၏။
"တကယ်ပဲ ကျေးဇူးတင်ပါတယ်... အစ်ကိုကြီးလျူ... သေချာပေါက်အတွေ့အကြုံလဲရ ပျော်လဲ ပျော်ရမှာပါဗျာ ..."