အခန်း ၂၆
Vol. 3 Ch. 26
အခန်း ၂၆ ။ တောအုပ်ထဲက သူယောင်မယ်
မိုးသောက်အလင်းရောင် ရလာ သောအခါ ရှောင်ဒုန်းနှင့် လျူကျင်းတို့သည် 'လေတိုးသံ တောအုပ် တနည်းအားဖြင့် သူယောင်မယ် တောအုပ်' ဟု ဒေသခံများ ခေါ်ကြသော တောအုပ် ဆီသို့ ခရီးစတင်ခဲ့ကြသည်။
၎င်းတို့နှင့်အတူ လိုက်ပါခြံရံလာသည့် ဂိုဏ်သားနှစ်ဦးမှာမူ ဘေးအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ရန်ထက် ဂိုဏ်း၏ဂုဏ်သိက္ခာအရှိန်အဝါအရ ဝန်းရံလိုက်ပါလာခြင်းမျှသာ ဖြစ်၏။ ထိုအစောင့်များသည် အသက်အရွယ် ကြီးသော်လည်း ကျင့်ကြံခြင်းအဆင့်အတန်းမှာ သိပ်မမြင့်ပေ။
ရှောင်ဒုန်း၏ အဆိုအရ ထိုတောနက်အတွင်း၌ သူတို့အား ယှဥ်တိုက်ခိုက်နိူင်သည့် မိစ္ဆာသားရဲဟူ၍ မရှိဟု သိရသည်။ သို့သော်လည်း ဒေသခံဂိုဏ်းခွဲ၏ 'သခင်လေး' တစ်ဦးဖြစ်သည့်အားလျော်စွာ မြို့ပြင်သို့ ထွက်ခွာသည့်အခါတိုင်း ယခုကဲ့သို့ အခြံအရံဝန်းရံရခြင်းမှာ ရှောင်လွှဲမရသည့် ဝတ္တရားတစ်ခု ဖြစ်နေပေသည်။
လျူကျင်းလည်း ထိုအချက်ကို သံသယပွားခြင်းမရှိပါ။ အကယ်၍ အန္တရာယ်ရှိခဲ့လျှင် မနေ့ညက ရှောင်ဒုန်းနှင့်အတူ တောအုပ်ထဲသို့ သွားမည့်အကြောင်း ပြောပြစဉ်ကတည်းက ရှောင်နန်တစ်ယောက် သတိပေးတားမြစ်ခဲ့ပေလိမ့်မည်။ သို့သော် ရှောင်နန်က တားမြစ်ပိတ်ပင်မည့်အစား အေး ပျော်ခဲ့ကွာ ဟုသာ ခပ်အေးအေးပြောခဲ့သည်။
“အစ်ကိုဒုန်း…”
စိတ်ထဲ၌ သံသယတစ်ခု ပေါ်လာသဖြင့် လျူကျင်းက စကားပလ္လင်ခံလိုက်သည်။
“သခင်လေး လျူရာ … ကျွန်တော့်ကို အဲဒီလို လေးလေးစားစား ခေါ်စရာမလိုပါဘူးဗျာ။ အဲဒီ ဂုဏ်ပုဒ်က ကျွန်တော်နဲ့ဘယ်လိုမှ မထိုက်တန်ပါဘူး”
ရှောင်ဒုန်းက လန့်ဖျန့်သွားဟန်ဖြင့် ချက်ချင်းပင် လက်ခါပြလျက် အထက်ပါအတိုင်းငြင်းဆိုလေသည်။
ဘေးမှ ပါလာသော ဂိုဏ်းသားနှစ်ဦးမှာမူ ဂိုဏ်းခွဲသခင်လေး၏ အပြုအမူကြောင့် အံ့အားသင့်ကာ အချင်းချင်း စောင်းငဲ့ကြည့်မိကြ၏။ အဘယ်ကြောင့်ဆိုသော် အဆင့်မြင့်ကျင့်ကြံသူတစ်ဦးက အဆင့်နိမ့်ကျင့်ကြံသူတစ်ဦးအပေါ် ယခုကဲ့သို့ အောက်ကျို့ရိုသေပြနေခြင်းမှာ သိုင်းလောက၏ ထုံးတမ်းစဉ်လာနှင့် လုံးဝ သွေဖည်နေသောကြောင့် ဖြစ်သည်။
လျူကျင်း စိတ်ပျက်လက်ပျက် သက်ပြင်းချမိသည်။ သူသည် ရှောင်ဒုန်း၏ စကားကို သဘောမတူသော်လည်း ဆက်လက်ငြင်းခုံနေလျှင် အချိန်ကုန်လူပင်ပန်းရုံသာရှိမည်ကို သိ၏။ ဂုဏ်ရှိန်ကြီးမားလှသော ရှောင်ဟန်နှင့် ဆက်ဆံခဲ့ရသည့် အတွေ့အကြုံအရ ဤကဲ့သို့သော ကျင့်ကြံသူတို့၏ ခေါင်းမာတတ်သည့် သဘာဝကို သူ ကောင်းကောင်းနားလည်ထားပြီး ဖြစ်ပေသည်။
ဂိုဏ်းအတွင်း၌ ရာထူးအဆင့်အတန်းချင်း ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသော်လည်း ဤညီအစ်ကိုနှစ်ဦး၏ ခေါင်းမာပုံမှာမူ တစ်ပုံစံတည်း တူညီနေကြ၏။
“ဒါနဲ့… ဒီတောအုပ်ကို ဘာဖြစ်လို့ ‘သူယောင်မယ် တောအုပ်’ လို့ ခေါ်ကြတာလဲဗျ..”
ထိုသို့မေးလိုက်စဉ် အခိုက်အတန့်၌ လျူကျင်းသည် မိမိ၏ ဘေးဘီဝဲယာသို့ လှည့်လည်စူးစမ်းချင်စိတ် တဖွားဖွား ပေါ်ပေါက်လာသည်။ သို့သော် ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည့်အခါ ထူးခြားမှုတစ်စုံတစ်ရာကိုမျှ မတွေ့ရဘဲ အပ်ကျသံပင်ကြားရလောက်အောင် ဆိတ်ငြိမ်နေသော တောအုပ်ကြီးကိုသာ မြင်တွေ့ရလေသည်။
“အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း သေချာမသိဘူး အစ်ကိုကြီးလျူ”
ရှောင်ဒုန်းက ကိုယ်ကို အနည်းငယ်ရို့ လျက်ပြန်ဖြေလိုက်သည်။
“ကျွန်တော် လူမှန်းသိတတ်စအရွယ်ကတည်းက ဒီနာမည် ဖြစ်နေတာ။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာကိုတော့ တစ်ခါမှ စူးစမ်းမကြည့်မိဘူး။ ဒီနာမည်က နဲနဲတမျိုးကြီး ခံစားရလို့ ဂိုဏ်းချုပ်ရုံးဆီ အစီရင်ခံစာတင်ရင်တော့ ကျွန်တော်တို့က ‘လေတိုးသံ တောအုပ်’ လို့ပဲ သုံးလေ့ရှိတယ်ဗျ”
ထို့နောက် သူက သခင်တစ်ဦး၏ အရှိန်အဝါဖြင့် ဘေးမှ အစောင့်ဂိုဏ်းသားတစ်ဦးဘက်သို့ မျက်မှောင်ကုတ်လှည့်ကာ မေးမြန်းလိုက်သည်။
“ဟိတ် မင်း! ဒီတောအုပ်ကို ဘာလို့ သူယောင်မယ်တောအုပ်လို့ ခေါ်လဲဆိုတာ သိလား”
ထိုအစောင့်က ထိတ်လန့်သွားဟန်ဖြင့် ခေါင်းကို အမြန်ပင် ခါယမ်းပြ၏။ ကျန်တစ်ဦးကလည်း ထပ်တူပင် ပျာပျာသလဲ ခေါင်းခါပြလေသည်။ ရှောင်ဒုန်းက မျက်မှောင်ကုတ်လျက် မေးစေ့ကို ပွတ်သပ်ရင်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
“အင်း… မသိရင်လည်း မတတ်နိုင်ဘူးပေါ့…”
ဂိုဏ်းသားတို့၏ မျက်နှာအမူအရာကို ကြည့်ရှုကာ လျူကျင်း၏ နှုတ်ခမ်းအစုံသည် မသိမသာ ကွေးညွတ်သွားရ၏။ ၎င်းတို့သည် မျက်စိရှေ့မှ မြင်ကွင်းကို လုံးဝ ယုံကြည်နိုင်စွမ်း မရှိကြချေ။ ‘သူတို့ သခင် ဟုတ်မှဟုတ်ပါလေစ ဟု ထိုသူတို့၏ မျက်ဝန်းများက စူးစမ်းနေကြပုံရသည်။ သို့သော် ထိုအံ့အားသင့်ရိပ် အပြည့်ရှိသော အကြည့်များက သူ့ထံရောက်ရှိလာသောအခါ လျူကျင်း၏ နှုတ်ခမ်းထက်မှ ရိပ်ခနဲအပြုံးမှာ ချက်ချင်းပင် မှေးမှိန်ကွယ်ပျောက်သွားရတော့သည်။
‘ငါတို့ သခင်လေးကို ဒီလောက်ညင်သာလာအောင် ဒီကောင်လေး ဘယ်လိုလုပ်လိုက်ပါလိမ့်…ဒီလူက ဘာမို့လို့လဲ’ ဟူသော မေးခွန်းရိပ်များက ထိုအစောင့်ဂိုဏ်းသားနှစ်ဦး၏ မျက်နှာတွင် အထင်အရှား ပေါ်နေခြင်း ဖြစ်သည်။
“ခင်ဗျားတို့ ကျုပ်ကို အဲဒီလို ပြူးပြူးကြီး ကြည့်နေလည်း ကျုပ်တော့ ဘာမှ ရှင်းမပြတတ်ဘူး” ဟု လျူကျင်း တစ်ယောက် အော် လိုက်ချင်စိတ်ပင် ပေါက်သွားသည်။ သို့သော် သူ့စိတ်သူ ပြန်လည်ထိန်းချုပ်လိုက်သည်။ အထက်စီးနေရာတွင်ဆက်ဆံခံနေရချိန်တွင် ယခုကဲ့သို့ စကားဆိုလိုက်ခြင်းက အစောင့်များကို တစ်နည်းနည်းဖြင့် ပိုမိုထိတ်လန့်တုန်လှုပ်သွားစေနိုင်သောကြောင့် ဖြစ်သည်။
“အားနာတယ် သခင်လေး လျူရာ …” ဟု ရှောင်ဒုန်းက စိတ်မကောင်းသည့်ဟန်ဖြင့် ဆိုလာသည်။ “ကျွန်တော် ရဲ့ ဗဟုသုတ နည်းပါးမှုကြောင့် သခင်လေး သိချင်တာကို မပြောပြနိူင်ခဲ့ဘူး ..”
သူ၏ အမူအရာနှင့် လေသံမှာ အမှန်တကယ်ပင် အားနာတုန်လှုပ်နေပုံရသဖြင့် လျူကျင်းမှာ ထိုမေးခွန်းကို မေးမြန်းမိသည့်အတွက်ပင် နောင်တပွားမိသွားရသည် ။င
"စိတ်ထဲမထားပါနဲ့ဗျာ ..၊ စိတ်ထဲပေါ်လာတာနဲ့ အမှတ်တမဲ့ မေးမိသွားတာပါ။ တခြားရည်ရွယ်ချက်ရှိလို့တော့ မဟုတ်ရပါဘူး… ကျွန်တော်တို့ သွားကြမယ့် ကျင့်ကြံခြင်းထုံးတမ်းစဉ်လာနဲ့များ တစ်ခုခု ပတ်သက်နေမလားလို့ တွေးမိလိုက်တာပါ"
ထိုအခါမှ ရှောင်ဒုန်း၏ မျက်နှာက ချက်ချင်း ဝင်းပသွားပြီး “အို… အဲဒီထုံးတမ်းစဉ်လာအကြောင်း ဆိုရင်တော့ ကျွန်တော်က သခင်လေး လျူကို အစအဆုံး အကုန် ရှင်းပြနိုင်တာပေါ့” ဟု စိတ်အားထက်သန်စွာ ဆိုလေတော့သည်။
လျူကျင်းသည် ခရီးလမ်း ပျင်းရိငြီးငွေ့ဖွယ် မဖြစ်စေရန် သဘောမျှသာ မေးမြန်းလိုက်ခြင်း ဖြစ်သော်လည်း ယခုအခြေအနေတွင်မူ ငြင်းဆန်ရန် အဆင်မပြေတော့ချေ။ ထို့ကြောင့် သူက ရှောင်ဒုန်းအား ဆက်လက်မြွက်ဟရန် လက်ဟန်ဖြင့် အချက်ပြလိုက်လေသည်။
“သခင်လေး လျူလည်း သိပြီးလောက်မှာပါ။ ဒီတောအုပ်ထဲမှာ ‘သံမဏိခွံသစ်ပင်’ တွေ အမြောက်အမြား ပေါက်ရောက်တယ်လေ။ ဒီအပင်တွေကရတဲ့ သစ်သားက အင်မတန် ခိုင်ခံ့တော့ ကျွန်တော်တို့ဂိုဏ်းခွဲက ဒါတွေကို ရောင်းချပြီး အသက်မွေးကြရတာပေါ့။ ပြီးတော့ ရှောင်ဂိုဏ်းရဲ့ တခြားဂိုဏ်းခွဲတွေကိုလည်း ဖြန့်ဖြူးပေးရသေးတာမို့... ဒါဟာ ကျွန်တော်တို့ဂိုဏ်းခွဲကနေ ပင်မဂိုဏ်းကြီးဆီ ဆက်သရတဲ့ အဓိက အကျိုးဆောင်မှုတစ်ခုပေါ့ဗျာ။”
‘ဒီဂိုဏ်းခွဲရဲ့ အကျိုးဆောင်မှုတွေက ဘာမှအရာမဝင်ပါဘူး’ ဟု ရှောင်နန် ပြောခဲ့ဖူးသည်ကို လျူကျင်း သတိရလိုက်သော်လည်း ဝင်မပြောဘဲ စကားမြိုသိပ်ထားလိုက်သည်။
"ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ‘သံမဏိခွံသစ်ပင်’ တို့ရဲ့ အနှစ်သာရကို ဖောက်ထွက်ပြီး ‘ရွှေရောင်ခွံသစ်ပင်’ အဖြစ် သဘာဝလွန် အသွင်ပြောင်းလဲ ကျင့်ကြံပေါက်မြောက်သွားတာမျိုး ရှိတတ်တယ်ဗျ သံမဏိခွံသစ်ပင်နဲ့ ယှဉ်လိုက်ရင်တော့ ရွှေရောင်ခွံသစ်ပင်ဟာ အစစအရာရာမှာ ကောင်းကင်နဲ့မြေကြီးလို ကွာခြားလွန်းလှပါတယ်။ ရွှေရောင်ခွံသစ်ပင်ရဲ့ သစ်ကိုင်းတစ်ကိုင်းတည်းမှာတင် အဖိုးတန်ကျောက်မျက်ရတနာတွေ ဒါမှမဟုတ် ငွေကြေးအမြောက်အမြားနဲ့ လဲလှယ်နိုင်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတာ လေ။"
ထိုစကားကို ကြားလိုက်ရမှသာ လျူကျင်း၏ စိတ်ထဲ၌ အရာရာအလင်းပွင့်သွားတော့သည်။
“ဪ... ဒါကြောင့်မို့လို့ ဒီထုံးတမ်းစဉ်လာက စတင်ဖြစ်ပေါ်လာခဲ့တာကိုး။”
“ဟုတ်ပါတယ်၊ ကျွန်တော်လည်း အဲဒီလိုပဲ ထင်တာပဲ”
ရှောင်ဒုန်းက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ထောက်ခံလာသည်။
"ဟိုးရှေးရှေးတုန်းက သတို့သားတစ်ယောက် ဒီတောအုပ်ထဲကိုလာရင်း ‘ရွှေရောင်ခွံသစ်ပင်’ ကို မတော်တဆ တွေ့ခဲ့တယ်တဲ့ဗျာ။ ပြီးတော့ အဲဒီအပင်ရဲ့ သစ်ကိုင်းတစ်ကိုင်းကို ဖြတ်ပြီး ရောင်းလိုက်တာပေါ့။ အဲဒီကရတဲ့ ငွေအမြောက်အမြားနဲ့ပဲ သူဟာ သူ့ဇနီးနဲ့ မိသားစုကို ကောင်းကောင်းမွန်မွန် လုပ်ကျွေးနိုင်ခဲ့တယ်။ အဲဒါကို ဘေးလူတွေက အတုယူပြီး လိုက်လုပ်ကြရင်းနဲ့ တဖြည်းဖြည်း ရိုးရာဓလေ့တစ်ခု ဖြစ်လာခဲ့တာ။ နောက်ပိုင်းကျတော့... ‘ရွှေရောင်ခွံသစ်ပင်ကို ရှာတွေ့ပြီး သစ်ကိုင်းတစ်ကိုင်းကို သတို့သမီးဆီ လက်ဆောင်ပေးနိုင်တဲ့ သတို့သားဟာ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရလိမ့်မယ်’ ဆိုတဲ့ အယူအဆက ဓလေ့ထုံးစံတစ်ခု ဖြစ်သွားတော့တာပေါ့။ ဒီရိုးရာက ဒီလိုမျိုး စတင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။"
လူတို့၏ ထုံးတမ်းစဉ်လာဆိုသည်မှာ တစ်ခါတရံ ယခုကဲ့သို့ပင် ဆန်းကြယ်တတ်လှပေသည်။
“ဒါပေမဲ့ အဲဒီလိုဆိုရင်လည်း... ကျွန်တော်တို့အနေနဲ့ ရွှေရောင်ခွံသစ်ပင်ကို အသည်းအသန် လိုက်ရှာနေဖို့ မလိုတော့ဘူး မဟုတ်လား။”
လျူကျင်းက ထောက်ပြလိုက်ရာ ထင်မှတ်မထားဘဲ ရှောင်ဒုန်းကပါ ခေါင်းညိတ်ထောက်ခံလာသည်။
“သခင်လေး လျူ ပြောတာ မှန်ပါတယ်။ ကျွန်တော့်လိုလူမျိုးအတွက် အဲဒါကို လိုက်ရှာနေစရာ မလိုပါဘူး။ ဒီဂိုဏ်းခွဲရဲ့ သခင်လေးတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ လိုလေသေးမရှိအောင် စည်းစိမ်ဥစ္စာတွေ ရှိပြီးသားပဲဥစ္စာ။ ဒါပေမဲ့... ကျွန်တော် မွေးဖွားကြီးပြင်းခဲ့တဲ့ ဒီမြေကမ္ဘာရဲ့ ထုံးတမ်းစဉ်လာတွေကို ရိုသေလေးစားချင်လို့ပါ။ ပြီးတော့ သတို့သမီးကိုလည်း ပျော်ရွှင်စေချင်တယ်... ဒါဟာ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ဆန္ဒပါပဲ။”
ထိုသို့ပြောရင်း ရှောင်ဒုန်း၏မျက်နှာတွင် နူးညံ့သောအပြုံးတစ်ခု ပေါ်လာသည်။ လျူကျင်းမှာမူ ထိုသတို့သမီးဖြစ်သူက ရှောင်ဒုန်းအပေါ် အနည်းငယ်မျှပင် စိတ်မဝင်စားသည်ကို ပြန်တွေးမိပြီး စိတ်မကောင်းဖြစ်သွားရတော့သည်။
‘ငါ သူ့ကို အမှန်အတိုင်း ပြောပြသင့်ရဲ့လား...’
“ဝှစ်”
လျူကျင်းတစ်ယောက် မည်သို့ပြောရမည်ကို ဝေခွဲမရဖြစ်နေစဉ်မှာပင်... လေထုကို ဖြတ်သန်း၍ ပစ်လွှတ်လိုက်သော ဓားမြှောင်တစ်စင်းက ရှောင်ဒုန်း၏ ရင်ဘတ်တည့်တည့်သို့ စိုက်ဝင်သွားတော့သည်။
ထိုအခိုက်အတန့်တွင် နေရာတစ်ခုလုံး ဆိတ်ငြိမ်သွားသည် ။ ဘာဖြစ်သွားသည်ကို သူတို့ နားမလည်နိုင် ဖြစ်ကြရသည်။ ရှောင်ဒုန်းကိုယ်တိုင်ပင် သူ၏ရင်ဘတ်၌ စိုက်ဝင်နေသော ဓားမြှောင်ကို မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ထိုဓားမြှောင် သူ့ခန္ဓာကိုယ်ထဲ စိုက် ဝင် သွားသည်ကို သူ လက်မခံနိုင်သေးပုံရသည်။
အမှန်တော့ ထိုဓားမြှောင်သည် ရှောင်တိမ်းရန် သို့မဟုတ် ကာကွယ်ရန် မမီလောက်အောင် မြန်ဆန်လွန်းလှသည်တော့ မဟုတ်ပေ။ လျူကျင်းကိုယ်တိုင်ပင် လေထဲ၌ ဖြတ်သန်းသွားသော ဓားမြှောင်၏ ရိပ်ခနဲပုံရိပ်ကို အထင်အရှား မြင်လိုက်ရသည်။ ၎င်းမှာ ရှောင်ဒုန်း၏ ခုခံနိုင်စွမ်းထက် ကျော်လွန်လောက်အောင် ဆန်းကြယ်နေခြင်းမျိုး မဟုတ်ချေ။
ရှောင်ဒုန်းအနေဖြင့် ယခုကဲ့သို့သော အခြေအနေမျိုး ကြုံရလိမ့်မည်ဟု အိပ်မက်ပင် မက်ဖူးပုံ မရပေ။ ဤတိုက်ခိုက်မှုသည် ရုတ်တရက်ဆန်လွန်းလှသဖြင့် သူ၏ဦးနှောက်ကပင် လိုက်မမီတော့ခြင်း ဖြစ်သည်။ ဂိုဏ်းခွဲ၏ အမွေခံ သခင်လေးတစ်ဦးကို မည်သူကများ ဝံ့ဝံ့စားစား လုပ်ကြံရဲပါမည်နည်း။ သူ့အတွက်မူ ယခုဖြစ်ရပ်မှာ လုံးဝ မဖြစ်နိုင်ဟု ထင်မှတ်ထားခဲ့သော အရာပင်ဖြစ်နေသည်။
ထိုစဉ်... ဧရာမ လက်သီးချက်ကြီးတစ်ခုက လျူကျင်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
စက္ကန့်ပိုင်းမျှသာ လိုတော့သည့် အချိန်တွင် လျူကျင်းသည် မသိစိတ်၏ စေ့ဆော်မှုအရ သူ၏ ချီစွမ်းအင်ကို အမြန်ဆုံး လှုံ့ဆော်ကာ ထို လက်သီးချက်ကို လက်မတင်လေးပင် ကာကွယ်လိုက်နိုင်သည်။ သို့သော်လည်း ရိုက်ခတ်မှုအရှိန်က ပြင်းထန်လွန်းလှသဖြင့် သူသည် နောက်သို့ မီတာအတော်များများ လွင့်စင်သွားရသည်။ သူ၏ခန္ဓာကိုယ်က သံမဏိခွံသစ်ပင်ကြီးတစ်ပင်နှင့် ပြင်းထန်စွာ ရိုက်မိသွားသည့်အတွက် အပင်ကြီးပင်လျှင် အက်ကွဲသံ မြည်သွားခဲ့၏။
လျူကျင်းသည် မြေပြင်ပေါ်သို့ မကျခင်မှာပင် အသက်ကို လုရှူလိုက်ရပြီး ပြန်လည်ထူမတ်နိုင်ရန် အသည်းအသန် ကြိုးစားနေရသည်။ သူ၏အမြင်အာရုံများက ဝေဝါးလှုပ်ခတ်နေပြီး နားထဲတွင်လည်း တိုက်ခိုက်သံများနှင့် လူတို့၏ အော်ဟစ်ညည်းညူသံများကို သဲသဲကွဲကွဲ ကြားနေရလေသည်။
အားးး
“ဟာ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။
လက်ရှိတွင်... ဘာတွေ ဖြစ်နေပါသနည်း။
“ဟားဟား... ဘယ်ဆိုးလို့လဲကွ ”
သူ ကြားဖူးသော အသံတစ်ခုက ထောင့်တနေရာမှ ထွက်ပေါ်လာသည်။
"တကယ်ကို ကောင်းကင်ဘုံက ငါ့ကို မျက်နှာသာပေးတာပဲ။ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ကလဲ့စားချေခွင့် ရလိမ့်မယ်လို့ ဘယ်သူ ထင်ထားမိမှာလဲ။"
ထိုသို့ ပြောဆိုလိုက်သူမှာ ထူထဲသော မုတ်ဆိတ်မွေးများနှင့် သန်မာထွားကျိုင်းသည့် လူကြီးတစ်ဦး ဖြစ်သည်။ သို့သော် လျူကျင်း၏ မှတ်ဉာဏ်ကို ဆတ်ခနဲ နှိုးဆွပေးလိုက်သည်မှာ ထိုသူ၏ ချီစွမ်းအင်စီးဆင်းမှုပင် ဖြစ်၏။ ထိုလူ၏ ချီစွမ်းအင်သည် နာမ်ဝိညာဉ်သန္ဓေတည်အဆင့် နာမ်ဝိညာဉ်သန္ဓေတည်အဆင့် အဆင့်သို့ ရောက်ရှိနေသည်။
“မင်းက ငါ့လို ဝက်ဝံနက်အဖွဲ့ရဲ့ ပဉ္စမခေါင်းဆောင်ကို အရှက်ခွဲပြီး ဒီအတိုင်း လွတ်လွတ်လပ်လပ် သွားလာနေလို့ ရမယ် ထင်နေတာလား”
ထိုဓားပြက ရက်စက်သော အပြုံးကြီးဖြင့် သူ၏ ကြီးမားလှသော လက်ဆစ်များကို တဖြောက်ဖြောက် မြည်အောင် ချိုးလိုက်ရင်း မေးခွန်းထုတ်လိုက်သည်။
“ဒီတစ်ကြိမ်တော့... မင်းကို ကယ် နိူင်မယ့်သူ မရှိတော့ဘူးကွ ..”
ဘာကြောင့် သည်ကိစ္စများဖြစ်လာရသနည်း ...။
ကံကြမ္မာသည် အဘယ်ကြောင့် သူ့ကိုမှ ဤကဲ့သို့ ကိစ္စမျိုးကြုံစေရသနည်း...။
ဤမေးခွန်းများသည် လျူကျင်း၏ဦးနှောက်ထဲသို့ စက္ကန့်၏ဆယ်ပုံတစ်ပုံမျှသော အချိန်အတွင်း ဖြတ်သန်းသွားခဲ့သည်။ သို့သော် ယခုကဲ့သို့ အသက်လုနေရသည့် အချိန်တွင် ထိုမေးခွန်းများကို တွေးတောနေဖို့ အချိန်မရှိချေ။
လျူကျင်း၏ရှေ့တွင် ရှိနေသည်က နာမ်ဝိညာဉ်သန္ဓေတည်အဆင့် ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ မည်မျှပင် အစွမ်းကုန် ကြိုးစားပါစေ။ ထိုသူကို အနိုင်ယူနိုင်ရန် မျှော်လင့်ချက် မရှိပေ။ သူတို့နှစ်ဦးကြားရှိ ကျင့်ကြံခြင်းအဆင့်အတန်း ကွာခြားချက်က ကြီးမားလွန်းလှသဖြင့် သိုင်းပညာကျွမ်းကျင်မှု သက်သက်ဖြင့် ကျော်လွှားနိုင်သည့် အရာမျိုး မဟုတ်ချေ။
ထို့ကြောင့် လျူကျင်းသည် ချက်ချင်းပင် လှည့်၍ ထွက်ပြေးလေတော့သည်။
ရှောင်ဒုန်းနှင့် အစောင့်နှစ်ဦးကို မရေရာသော ကံကြမ္မာဆိုးအတွင်း ပစ်ထားခဲ့ရခြင်းက သူ့ကို စိတ်ထိခိုက်စေသည်မှာ အမှန်ပင်ဖြစ်သည်။ လေထုထဲ ပျံ့လွင့်လာသည့် တိုက်ခိုက်သံများအရ သူတို့သည်လည်း ရန်သူ့ဘက်တော်သားများဖြင့် ခုခံတိုက်ခိုက်နေပြီဖြစ်ကြောင်း သူသိလိုက်သည်။ သို့သော်လည်း လျူကျင်းအနေဖြင့် သူတို့ကို သွားရောက်ကူညီရန် ကြိုးစားပါက ဓားပြခေါင်းဆောင်က သူ့နောက်သို့ လိုက်လံလုပ်ကြံမည့်အပြင် ထိုနေရာမှ ကျန်ရှိသူအားလုံးကိုလည်း အစုလိုက်အပြုံလိုက် သတ်ပစ်မည်သာ ဖြစ်သည်။ ယခုအချိန်တွင် သူလုပ်နိုင်သည့် အကောင်းဆုံးနှင့် အမှန်ကန်ဆုံးအရာမှာ ထွက်ပြေးခြင်းသာ ဖြစ်သည်။
လျူကျင်းသည် အကွာအဝေး ငါးပေခန့်မျှသာ ပြေးရသေး သည် ။ သူဆက်မပြေးနိူင် ခင်မှာပင် ဓားပြခေါင်းဆောင်က သူ့ကို လျှပ်စီးပမာ ကျော်တက်သွားခဲ့သည်။ ထို့နောက် ပြင်းထန်လှသော လက်သီးချက်တစ်ခုက သူ၏ဝမ်းဗိုက်တည့်တည့်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာတော့သည်။ ရိုက်ခတ်မှုက ပြင်းထန်လွန်းလှသဖြင့် လျူကျင်းမှာ ဝမ်းဗိုက်ကို ဆုပ်ကိုင်ကာ ဒူးထောက်လဲကျသွားပြီး သွေးများ အော့အန်မိတော့သည်။
ထိုအခိုက်အတန့်တွင် လျူကျင်းသည် မိမိအသက်ရှင်နေသေးခြင်းမှာ ထိုလူက အသက်မသေရုံတမယ် အရှိန်ထိန်းပြီး ထိုးလိုက်ခြင်းကြောင့်သာ ဖြစ်ကြောင်း ကောင်းကောင်း သိလိုက်ရ၏။
“မင်းကိုယ်မင်း သိပ်ပြီး တော်တယ်ထင်နေလား”
ဓားပြခေါင်းဆောင်က လျူကျင်း၏ ပါးကို ဖြတ်ရိုက်လိုက်သည်။ ထိုရိုက်ချက်ကြောင့် သူ၏ခန္ဓာကိုယ် မြေပြင်ပေါ်သို့ လွင့်စင်မသွားခြင်းမှာ ဓားပြခေါင်းဆောင်၏ အခြားလက်တစ်ဖက်က သူ၏ ဝတ်ရုံကော်လာစကို စုပ်ကိုင်ဆွဲထားသောကြောင့် ဖြစ်သည်။
“မင်းကိုယ်မင်း သိပ်ဉာဏ်ကောင်းတယ် ထင်နေလား”
ဤတစ်ကြိမ်တွင်မူ သူက လက်ဖမိုးဖြင့် လွှဲရိုက်လိုက်ပြန်သည်။ လျူကျင်းမှာ သူ၏ဦးနှောက်တစ်ခုလုံး ဦးခေါင်းခွံနှင့် အပြင်းအထန် ရိုက်မိသွားသလို ခံစားလိုက်ရပြီး ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားတော့သည်။
"မင်းက ငါ့ကို အရှက်ခွဲပြီး ဘာအကျိုးဆက်မှ မခံရဘဲ လွတ်သွားမယ် ထင်နေလားဟေ့ကောင်!"
ထိုလူက ဒေါသတကြီး ဟိန်းဟောက်လိုက်ရင်း ဤတစ်ကြိမ်တွင်မူ မျက်နှာတည့်တည့်ကို လက်သီးဖြင့် အားကုန် ထိုးချလိုက်တော့သည်။ လျူကျင်းမှာ အရှိန်ဖြင့် မြေပြင်ပေါ်သို့ ခွေခနဲ ပြုတ်ကျသွားခဲ့ရလေသည်။
“ထစမ်း!”
ဓားပြခေါင်းဆောင်က အမိန့်ပေးသံဖြင့် ကြိမ်းဝါးလိုက်သည်။
“ငါတို့ကိစ္စက မပြီးသေးဘူးကွ!”
"ဒါ... ဒါတွေအားလုံးက ငါနဲ့ အကိုကြီးရှောင်နန် အဲဒီဓားပြတွေကို ပေါ့ပေါ့ဆဆလို့ထင်ခဲ့မိလို့ ဖြစ်လာရတာလား။ မဟုတ်သေးပါဘူး... အဲဒီတုန်းက ဓားပြတွေကို မသတ်ပဲ သစ်ပင်မှာ ဒီအတိုင်း ချည်ထားခဲ့ဖို့ ရွေးချယ်ခဲ့တာ ငါကိုယ်တိုင်ပဲ မဟုတ်လား။ ရှောင်နန်သာ ဝိုင်းကူခဲ့ရင် ငါတို့အနေနဲ့ အဲဒီဓားပြတွေကို လဆန်းမြို့ထဲအထိ အသာလေး ခေါ်သွားပြီး အုပ်ချုပ်ရေးဘက်က လူတွေလက်ထဲ အပ်လိုက်လို့ ရတာပဲ။
ငါကိုက ... အဲဒီလိုလုပ်ဖို့အထိ အရေးမပါတဲ့ကောင်တွေလို့ ပေါ့ပေါ့တန်တန် တွေးမိခဲ့တာ။
အခု ဒါတွေအားလုံးက ငါ့ကြောင့်... ငါ့ကြောင့် ဖြစ်ရတာလား။"
လျူကျင်းတစ်ယောက် အားအင်ချည့်နဲ့စွာဖြင့် ပြန်ထရန် ကြိုးစားလိုက်သည်။ ပါးစပ်ထဲတွင် သွေးညှီနံ့များ ပြည့်နှက်နေပြီး ဝရုန်းသုန်းကား ဖြစ်နေသည့် ချီစွမ်းအင်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် အသည်းအသန် ရုန်းကန်နေရ၏။
"ငါ သေလို့မဖြစ်သေးဘူး။
အခု... မသေနိုင်သေးဘူး။
ဒီနေရာမှာ... ဒီလိုမျိုးကြီးတော့ အသေမခံနိုင်ဘူး!"
"ဟေ့လူ... ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ဓားပြခေါင်းဆောင်ကြီးက... အတွင်းအားစုစည်းခြင်း အဆင့်ပဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက်ကို အခုထိ အပြတ်မဖြတ်ရသေးဘူးလို့တော့ မပြောနဲ့နော်။"
စကားသံ အသစ်တစ်ခု ကြားဖြတ်ထွက်ပေါ်လာသည်။ ထိုလူ၏ ချီစွမ်းအင်ကို ခံစားမိလိုက်သည့်အခါ လျူကျင်းတစ်ယောက် လုံးဝ မျှော်လင့်ချက်မဲ့သွားရတော့သည်။ ထိုသူသည်လည်း နာမ်ဝိညာဉ်သန္ဓေတည်အဆင့် ရှိသူ တစ်ဦး ဖြစ်နေပြန်သည်။
“ငါ့ကိစ္စကို လာမရှုပ်နဲ့ စတုတ္ထခေါင်းဆောင် ”
ထိုသို့ ပဉ္စမ ဓားပြခေါင်းဆောင် က အော်ဟစ်ငေါက်ငမ်းလိုက်သည်။
“ဒါ ငါ့အလုပ်ပဲ။ မင်းအလုပ် မင်းသွားလုပ်ချေ။”
“ဟ …ငါ့အပိုင်းက ပြီးသွားပြီကွ”
စတုတ္ထခေါင်းဆောင်က ရက်စက်စွာ လှောင်ရယ်ရင်း ဆိုလာသည်။
"ဟိုကောင်လေးနဲ့ အစောင့်တွေ အကုန် သေကုန်ပြီ။ ဝက်ဝံနက်အဖွဲ့ရဲ့ ခေါင်းဆောင်သုံးယောက်တောင် ဒီကို ရောက်နေတာပဲ... ဒီထက်ပိုပြီး ဘာထူးခြားလာဦးမှာလဲ။ မင်းတစ်ယောက်တည်း ဒီမှာ အချိန်ဖြုန်းနေတာ။"
ထိုသူနှစ်ဦး အပြန်အလှန် စကားများနေကြစဉ် လျူကျင်းအနေဖြင့် စိတ်ကို ပြန်လည်စုစည်းရန် အသက်ရှူချောင်ခွင့် ရသွားခဲ့သည်။ ထိုအခါမှသာ ပဉ္စမ ဓားပြခေါင်းဆောင်နှင့် စတုတ္ထခေါင်းဆောင်တို့အပြင်... နာမ်ဝိညာဉ်သန္ဓေတညအဆင့်ရှိသည့် အခြားလူတစ်ဦးပါ ရှိနေသေးကြောင်း သူ သတိပြုမိတော့သည်။ ထို့အပြင် ၎င်းတို့အနီးအနား၌ အခြားဓားပြများ၏ ချီစွမ်းအင် များကိုလည်း အာရုံခံမိနေရ၏။ ခန့်မှန်းခြေ ဆယ့်ငါးယောက်ခန့်ရှိမည်ထင်ရသည်။
သို့သော်... ထိုချီစွမ်းအင်များထဲတွင် ရှောင်ဒုန်း၏ ချီစွမ်းအင် မပါဝင်တော့ချေ။
ဂိုဏ်းသားနှစ်ဦး၏ ချီစွမ်းအင်များလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
လျူကျင်း၏ မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲတက်လာခဲ့၏။ သူ... သူသည် ထိုအစောင့်များ၏ နာမည်များကိုပင် သိခွင့်မရလိုက်ပေ။
“ဟေ …ဟားဟား ငိုတောင် ငိုနေပြီလားဟ”
ဓားပြခေါင်းဆောင်က လှောင်ပြောင်သရော်လိုက်သည်။ သူက လျူကျင်းအား လက်ညှိုးထိုး အချက်ပြရင်း
"လာစမ်းကွာ။ မင်းကို မသတ်ခင် တိုက်ကွက်တစ်ကွက် ထုတ်ခွင့်ပေးလိုက်မယ်။ အစွမ်းကုန် ကြိုးစားကြည့်စမ်း "
ဟု ဆိုလာသည်။
တိုက်ကွက်တစ်ကွက်။
တိုက်ကွက်တစ်ကွက်တည်းသာ။
ထိုအခိုက်အတန့်တွင် လျူကျင်း၏ စိတ်အစုံသည် ဝရုန်းသုန်းကား ဖြစ်လျက်ရှိသည်။ သူ စိတ်ကူးထားသည့်အစီအစဉ်ကို ကြောက်ရွံ့နေမိသလို အပြစ်ရှိသလိုလည်း ခံစားနေရ၏။ သူ့ကိုယ်သူလည်း ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်း မုန်းတီးမိနေတော့သည်။
သို့သော်လည်း... သူ သေရမည်ကိုမူ လုံးဝ အဖြစ်မခံနိုင်ချေ။
သူ ယခုကဲ့သို့ လက်လျှော့အရှုံးပေး၍ မဖြစ်သေးပေ။
သူ့အပေါ်တွင် မျှော်လင့်ချက်များစွာ ပုံအောထားကြသူများ ရှိနေသည့်အတွက် သူ သေ၍မဖြစ်သေးပေ။ သူ့အသက်သည် ဤကဲ့သို့ မမျှော်လင့်ထားသောဖြစ်ရပ်တခုနှင့် အဆုံးရှုံးခံ ရမည်ကို သူနှမြောတသဖြစ်နေသည်။ အကယ်၍သာ ဤနေရာ၌ သေဆုံးသွားခဲ့ပါက သူ့ကို ကူညီစောင့်ရှောက်ခဲ့ကြသူ အားလုံးအပေါ် သစ္စာဖောက်ရာ ကျပေလိမ့်မည်။
လျူကျင်းသည် နာကျင်မှုကို အံတုရင်း အားအင်ချည်းနဲ့စွာဖြင့် တစ်ရွေ့ရွေ့ ပြန်လည်မတ်တတ်ရပ်လိုက်သည်။ သူ့အတွက် ရွေးချယ်စရာ လမ်းတစ်လမ်းတည်းသာ ကျန်ရှိတော့ကြောင်း သူ ကောင်းကောင်း နားလည်ထား၏။
လျူကျင်း သူ့ထံသို့ ဒယိမ်းဒယိုင် ပြေးဝင်လာသည်ကို မြင်သောအခါ ဓားပြခေါင်းဆောင်က တဟားဟား အော်ရယ်လေတော့သည်။ အတွင်းအားစုစည်းခြင်း အဆင့် မျှသာ ရှိသော ကလေးတဦး၏ တိုက်ကွက်သည် သူ့အား မည်သို့မျှ ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ကြောင်း အပြည့်အဝ ယုံကြည်နေလျက်ရှိသည်။ သို့ဖြစ်ရာ သူသည် လျူကျင်း၏ တိုက်ခိုက်မှုကို ကာကွယ်ရန်မပြင်သည့်အပြင် လက်နှစ်ဖက် ဆန့်တန်းလျက်ပင် စိန်ခေါ်ကြိုဆိုလိုက်၏။
လျူကျင်းသည် သူ၏ချီစွမ်းအင်အားလုံးကို တစ်နေရာတည်းတွင် စုစည်းကာ နောက်ဆုံးခြေလှမ်းကို ရှေ့သို့ ပြတ်သားစွာ လှမ်းလိုက်သည်။ ထိုစဉ်... သူ၏စိတ်ထဲ၌ သိုင်းကွက်တစ်ခု၏ အမည်နာမက ဖျတ်ခနဲ လင်းပွင့်သွားခဲ့တော့သည်။
‘လေလွင့်သူခိုး ကိုယ်ဖော့သိုင်းကွက် ’
ထိုအခိုက်အတန့်... စက္ကန့်ပိုင်းမျှသော အချိန်အတွင်းမှာပင် လျူကျင်းသည် ဓားပြခေါင်းဆောင်၏ မျက်စိရှေ့မှနေ၍ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။ ထိုလူသည် ဆွံ့အမှင်တက်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေစဉ်... သူ၏လက်မောင်းတွင် ဆူးဖြင့်ဆွတ်သကဲ့သို့ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရ၏။ သူသည် ဒေါသတကြီး ဟိန်းဟောက်ကာ နောက်သို့ အမြန်လှည့်ပြီး လျူကျင်း၏လည်ပင်းကို ဖမ်းဆွဲညှစ်လိုက်သည်။ သို့သော် ထိုသို့ ဖမ်းဆွဲလိုက်သည့်တိုင်အောင် သူ၏လက်မောင်းတစ်ခုလုံး တဖြည်းဖြည်း ထုံကျင်အေးစက်လာသည်ကို စတင်ခံစားလိုက်ရပြီ ဖြစ်သည်။
“မင်း... မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ ကောင်စုတ်လေး!”
သူက ဒေါသတကြီး အော်ဟစ်ရင်း လျူကျင်းကို သစ်ပင်တစ်ပင်နှင့် ပြင်းထန်စွာ ဆောင့်ပစ်လိုက်သည်။
“ငါ့ကို ဘာလုပ်လိုက်တာလဲလို့ မေးနေတယ်!”
လျူကျင်းသည် ပါးပြင်ပေါ် မျက်ရည်များ တရဟောစီးကျလျက် ထိုလူကို စိုက်ကြည့်နေမိ၏။
“ကျွန်တော် တောင်းပန်ပါတယ် ...”
လျူကျင်းသည် ဒဏ်ရာများကြားမှ တိုးညှင်းပြတ်တောင်းသော အသံဖြင့် ပြောလိုက်လေသည်။
ဓားပြခေါင်းဆောင်သည် လျူကျင်း၏လည်ပင်းကို ပို၍ ပြင်းထန်စွာ ဖိညှစ်လိုက်သည်။ ထိုအချိန်တွင် သူ၏အခြားလက်မောင်းတစ်ဖက်မှာမူ လုံးဝမလှုပ်ရှားနိုင်တော့ဘဲ ဘေးသို့ အသက်မဲ့စွာ တွဲလောင်းကျနေပြီ ဖြစ်၏။
“တောင်းပန် နေလဲ အပိုပဲ မင်းကို သတ်မှာပဲကွ … မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ အမြန်ပြောစမ်း!”
လျူကျင်းသည် လည်ပင်းညှစ်ခံထားရသည့်ကြားမှ ခေါင်းကို ခက်ခဲစွာ ခါယမ်းလိုက်သည်။ သူ၏မျက်ဝန်းများမှ မျက်ရည်များမှာမူ အဆက်မပြတ် စီးကျနေဆဲ ဖြစ်၏။
"မဟုတ်ဘူး... ကျွန်တော့်ကို မသတ်ပါနဲ့လို့ တောင်းပန်နေတာ မဟုတ်ဘူး။ ကျွန်တော် သိပြီးသား... ဆေးအပ်တစ်ချောင်းတည်းနဲ့ မလုံလောက်ဘူးဆိုတာ။ အမြန်နှုန်းသိုင်းကွက်တစ်ခုတည်းနဲ့လည်း မရဘူးဆိုတာ သိခဲ့တယ်။ ခင်ဗျားတို့ကို တခြားနည်းနဲ့ ဘယ်လိုမှ မနိုင်နိုင်မှန်း သိလို့... အဲဒါကြောင့် ကျွန်တော် အဲဒီအရာကို ချွတ်လိုက်တာ။ တောင်းပန်ပါတယ်..."
ပဉ္စမဓားပြခေါင်းဆောင်၏ မျက်နှာကြီးမှာ စိတ်ရှုပ်ထွေးမှုများဖြင့် တွန့်ရှုံ့သွားခဲ့သည်။
သူ့အမြင်အာရုံများ တဖြည်းဖြည်း ဝေဝါးလာပြီး လျူကျင်း၏လည်ပင်းကို ညှစ်ထားသည့် လက်အရှိန် လျော့နည်းလာသောအခါ သူ အလွန်ဇဝေဇဝါ ဖြစ်သွားရတော့သည်။ သူ၏ ပါးစပ်ထဲမှ သွေးအမည်းရောင်များ ထွက်ကျလာပြီး ရုတ်တရက်လဲကျသေဆုံးသွားသည် ။ သူသေသွားပြီးဖြစ်ကြောင်းကိုပင် သူသိလိုက်မည်မဟုတ်ပေ။
သူ၏နောက်ကွယ်ရှိ စတုတ္ထမြောက်ခေါင်းဆောင်သည်လည်း သူ့နည်းတူပင် ဝေဒနာကို ခံစားလိုက်ရပြီး သွေးအန်ကာ လဲကျသွားသည်။ မဟုတ်သေးပါ... စတုတ္ထမြောက်ခေါင်းဆောင် တစ်ဦးတည်းတင် မကဘဲ ထိုနေရာရှိ ဓားပြအားလုံးသည်လည်း တစ်ယောက်ပြီးတစ်ယောက် လဲပြိုကုန်ကြပြီ ဖြစ်၏။ သူတို့သည် ဘာတွေဖြစ်ပျက်နေသည်ကို မည်သို့မျှ တွေးမရနိုင်ဘဲ ဝိညာဉ်နုတ်ခံလိုက်ရသလို တစ်ဦးပြီးတစ်ဦး မျက်စိပျူး မျက်ဆန်ပြူးဖြင့် အသက်ပျောက်ကုန်ကြတော့သည်။
လျူကျင်း၏ ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများမှာလည်း တဖြည်းဖြည်း မည်းလာပြီး ပုပ်သိုးဆွေးမြည့်လာသည်။
သူ့ခြေဖဝါးအောက်ရှိ မြေပြင်ပင်လျှင် အစိမ်းရောင်ရိပ်များ ကွယ်ပျောက်ကာ မြက်ခြောက်များ အဖြစ်သို့ ချက်ချင်းပြောင်းသွားတော့သည်။ လျူကျင်းသည် သူ၏ လည်ပင်း တွင် ရှိမနေတော့ဘဲ... လက်ထဲသို့ ရောက်ရှိနေသည့် အဆောင် ဆွဲသီးလေးကို ကြည့်ရင်း မျက်ရည်အဝိုင်းသားဖြင့် ငုံ့ကြည့်လိုက်မိသည်။
“ကျွန်တော့်ကို... ခွင့်လွှတ်ကြပါ...”